ငါ့ကို ဒေါသလာမဆွဖို့ မှတ်ထားလိုက်
Vol. 65 Ch. 907
ထန်ဝူကျန်း၏ စွမ်းအားစက်ကွင်းက မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းနှင့် ထိပ်တိုက်တွေ့မိချိန်တွင် မိုဝူကျိ၏ ဝဲကတော့စွမ်းအားစက်ကွင်းအပေါ် သက်ရောက်မှု လုံးဝရှိပုံ မပေါ်ပေ။ ဤအချိန်မှသာ ထန်ဝူကျန်းသည် မိုဝူကျိမှာ ကနဦး နတ်ဘုရား အစောပိုင်း ကျင့်ကြံဆင့် မဟုတ်ကြောင်းကို သေချာသိသွားကာ သူ့ရင်ထဲ လေးလံသွားသည်။ လက်တွေ့၌ မိုဝူကျိသည် ကနဦးနတ်ဘုရား နောက်ပိုင်းအဆင့် သို့မဟုတ် ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိနေလောက်ပေသည်။
အစောပိုင်း၌ မိုဝူကျိအား အထင်သေးနေသော ထန်ဝူကျန်းမှာ ဆက်လက် အထင်မသေးရဲတော့ပေ။ သူ့လက်ထဲရှိ ဘဲဥပုံ မှော်ရတနာက ပေါက်ကွဲထွက်သွားပြီး ဘဲဥပုံ ကြယ်တာရာ အစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အစီအရင်အတွင်း ကြယ်များက တစ်လုံးပြီးတစ်လုံး စတင် လှည့်ပတ်လာကာ အဆုံးအစမရှိ ကျယ်ပြောလှသော ကြယ်တာရာကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ၎င်း၏ အလယ်ဗဟိုတွင် မိုဝူကျိအား ပိတ်လှောင်ပစ်လိုက်သည်။
မိုဝူကျိ၏ စိတ်စွမ်းအားက စတင် ဝေပါးလာသည့်အခိုက် သူ၏ စိတ်စွမ်းအင် မြားသုံးစင်းသည် ထန်ဝူကျန်း၏ စွမ်းအားစက်ကွင်းကို ထိုးဖောက်ဝင်ရောက်သွားသည်။ လက်ရှိ၌ ထန်ဝူကျန်းရှေ့တွင် မည်သည့် ခုခံရေး အကာအကွယ်မျှ ရှိမနေချေ။
သေစေလောက်သည့် အန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်ကာ ထန်ဝူကျန်းက အထိတ်ထိတ်အပျာပျာ ဖြစ်သွားသည်။ သူ၏ ကြယ်တာရာအစီအရင်ဖြင့် မိုဝူကျိအား ချောင်ပိတ် တိုက်ခိုက်နိုင်တော့မည်ကို ဂရုစိုက် မနေနိုင်တော့ပေ။ သူ၏ ကြယ်အရိပ်များထဲမှ သုံးခုကို သူ့ကိုယ်အား ဖုံးလွှမ်းစေလိုက်ရ၏။
“ဘုန်း ဘုန်း ဘုန်း”
ထန်ဝူကျန်း ပြန်ခေါ်လိုက်သည့် ကြယ်များက တစ်ခုပြီး တစ်ခု ပေါက်ကွဲထွက်သွားသဖြင့် ဆက်တိုက် ပေါက်ကွဲသံကြီးများကို ကြားလိုက်ရသည်။ နောက်ဆုံးတွင်ကား ပျက်ဆီးလာသော သဘာဝစွမ်းအားများမှာ အစိတ်စိတ် အမြွှာမြွာ စုတ်ဖြဲခံလိုက်ရသည်။
ထန်ဝူကျန်းက သွေးတစ်ပွက် အန်လိုက်ရင်း သူ့အသိစိတ်ပင်လယ်မှာ အပိုင်းပိုင်း ဆုတ်ဖြဲခံရတော့မည်ဟု ခံစားလိုက်ရသည်။ သူက သက်ပြင်းမောကြီးကို ချလိုက်သည့်အခါတွင်မှ သူ့အသိစိတ်ပင်လယ်၏ ပင်ပန်းနွမ်းနယ်မှုကို ခံစားမိလိုက်သည်။
မိုဝူကျိ၏ စိတ်စွမ်းအင်မြားများကို တားဆီးရန် သူ့ကြယ်တာရာအစီအရင်၏ ကြယ်အရိပ်သုံးခုအား အသုံးပြုလိုက်ရသည်။
သူ့ကြယ်တာရာ အစီအရင်ထဲမှ ကြယ်များသည် မပြည့်စုံသေးသော်လည်း ကြယ်တိုင်းကို မြောက်များစွာသော စွမ်းအင်နှင့် ယဇ်ကောင်များမှ ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်သည်။ မိုဝူကျိ၏ တိုက်ကွက် တစ်ကွက်တည်းနှင့် သူက သူ့ကြယ်သုံးလုံးအား သုံးပစ်လိုက်ရသည်။ ဤသည်က ရင်နာစရာ တကယ် ကောင်းပေသည်။
ဤသည်မှာ ပထမဦးဆုံးအကြိမ်အဖြစ် အဆင့်တူ ကျင့်ကြံသူတစ်ယောက်က မိုဝူကျိ၏ စိတ်စွမ်းအင်မြားကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ခြင်း ဖြစ်သည်။ ဘဲဥပုံ မှော်ရတနာ၏ ထိုကြယ်တာရာ အစီအရင်သည် သူ့အသိစိတ်ပင်လယ်ကိုပင် အမိဖမ်းနိုင်တော့လုနီးပါး ဖြစ်ခဲ့သည်။ ကံကောင်းစွာပင် သူ လှုပ်ရှားလိုက်သည်မှာ မြန်သွား၍ သူ့စိတ်စွမ်းအင် မြားသုံးစင်းက တစ်ဖက်လူ၏ စွမ်းအားစက်ကွင်းကို အလျင်အမြန် ထိုးဖောက် ဝင်ရောက်နိုင်လိုက်သည်။ ဤသည်ကား သူ့အသိစိတ်ပင်လယ် နောက်တစ်ကြိမ် ပြန်လည် ကြည်လင်သန့်စင်လာပုံ ဖြစ်သည်။
ဤလိုအချိန်မျိုး၌ ထန်ဝူကျန်း၏ မှော်ရတနာသည် မည်မျှအစွမ်းထက်ကြောင်းကို မိုဝူကျိက အပြည့်အ၀ သတိထားမိ၏။ ဤဘဲဥပုံ ကြယ်တာရာမှာ ပုံသဏ္ဌာန်ရှင် မှော်ရတနာတစ်ခု ဖြစ်ပေလိမ့်မည်။ ဤမှော်ရတနာအတွင်းရှိ ကြယ်များမှာ ထန်ဝူကျန်း၏ စိတ်ကူးနှင့် လျို့ဝှက်ပညာရပ်များပေါ် မူတည်၍ နေရာယူထားခြင်း ဖြစ်ပေမည်။ အလားတူပင် ထန်ဝူကျန်း တစ်ယောက်တည်း ပိုင်ဆိုင်သည့် နည်းလမ်းတစ်ခုကို သုံး၍ ကြယ်တိုင်းကို ပုံဖော်သိပ်သည်းစေကာ ဖွဲ့စည်းထားခြင်း ဖြစ်ပေမည်။ ကြယ်တာရာ အစီအရင်ထဲမှ ကြယ်များက ပို၍ ပုံပေါ်ခိုင်မာသိပ်သည်းလာလေ ဤမှော်ရတနာက မလွဲဧကန် ပို၍ အစွမ်းထက်လာလေပင် ဖြစ်လိမ့်မည်။
စောစောတုန်းက မိုဝူကျိ၏ စိတ်စွမ်းအင် မြားသုံးစင်းက ကြယ်သုံးလုံးကို ဖျက်ဆီးလိုက်နိုင်သည်မှာ ထန်ဝူကျန်း၏ ဘဲဥပုံ ကြယ်တာရာအစီအရင်က မစွမ်းသောကြောင့် မဟုတ်ပေ။ ကြယ်တာရာ အစီအရင်အတွင်းရှိ ကြယ်များက အပြည့်အစုံ ပုံမပေါ်သေးသောကြောင့်သာ ဖြစ်သည်။ အမှန်တကယ်တွင် ၎င်းတို့မှာ ပုံသဏ္ဌာန်ဖြစ်တည်ခြင်း အနေအထားပင် မရောက်ကြသေးချေ။
အကယ်၍ ထန်ဝူကျန်း၏ ဘဲဥပုံ ကြယ်တာရာအစီအရင်ထဲမှ ကြယ်များသည်သာ ပို၍ ပြည့်စုံပုံပေါ်နေခဲ့ပါက မိုဝူကျိသည် ပြန်မတိုက်နိုင်ခင်ကတည်းက ရှုံးနိမ့်နေနှင့်မည်မှာ သေချာလှ၏။
မိုဝူကျိ၏ အသိစိတ်ပင်လယ်က သန့်စင်ကြည်လင်သွားပြီးသည့်နောက် ထန်ဝူကျန်း၏ ဘဲဥပုံ ကြယ်တာရာအစီအရင် အတွင်းရှိ အက်ကြောင်းက ကျယ်လာသည်နှင့်အမျှ မိုဝူကျိသည် သူ့စိတ်ကူးကို ပြောင်းလိုက်တော့သည်။ ထန်ဝူကျိကား အင်းအားကောင်း၏။ ထို့ပြင် အလွန်အစွမ်းထက်သော ဘဲဥပုံ ကြယ်တာရာအစီအရင်ကိုလည်း ပိုင်ဆိုင်ထား၏။ ကြယ်တာရာ အစီအရင်သည် ကျယ်ပြောကာ ရှုပ်ထွေးသည့် သဘောသဘာ၀ ရှိသည်။ ထို့ကြောင့် ၎င်းနှင့် ရင်ဆိုင်တိုက်ခိုက်နေရသော်လည်း ထိုထဲ၌ ကြယ် ဘယ်လောက်များများ ရှိနေသည်ကို မိုဝူကျိအနေနှင့် မမှန်းဆတတ်ချေ။
သူ၏ သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းအား ယခုအချိန် ထုတ်သုံးလိုက်ခြင်းဖြင့် တစ်ဖက်လူကို ထိန်းချုပ်နိုင်လိမ့်မည်ဟု သူ သေချာမပြောနိုင်ပေ။ အလွန်ဆုံးတော့ ထန်ဝူကျန်း၏ ကြယ်များမှ နောက်ထပ် အနည်းငယ်လောက်ကိုသာ ဖျက်ဆီးနိုင်ပေလိမ့်မည်။
မိုဝူကျိက သူ့ လခြမ်းကွေး ပုဆိန်လှံရှည်အား ဆွဲထုတ်လိုက်ကာ လေဟုန်ဆန် မြစ်တစ်စင်းကလည်း ဆင်းသက်လာသည်။
“ဝုန်း”
ကောင်းကင်မှ မိုးကြိုးလျှပ်စီးများ အတားအဆီးမရှိ ဆင်းသက်လာသကဲ့သို့ ငွေရောင်အလင်းတန်း သတ်ဖြတ်ငွေ့များအတွင်းမှ ဘဲဥပုံ ကြယ်တာရာအစီအရင်အား နောက်ဆုံးတွင်တော့ မိုဝူကျိက ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သွားလေ၏။
ကြယ်တာရာထဲတွင် ကြယ်ဆယ်လုံးက လွင့်မြောနေသည်။ မိုဝူကျိက ကြယ်သုံးလုံးကို ဖျက်ဆီးပစ်လိုက်သောကြောင့် ထန်ဝူကျန်း၏ ကြယ်တာရာအစီအရင်မှာ မိုဝူကျိ၏ အသိစိတ်ပင်လယ်အား ဆက်လက် ပိတ်လှောင် ထိန်းချုပ်မထားနိုင်တော့ချေ။
“ဘုန်း”
ကောင်းကင်ကို ခွဲထွက်လာသည့်အလား အနည်းငယ် ပို၍ ပုံပေါ်သိပ်သည်းသော ကြယ်တစ်လုံးက ထွက်ပေါ်လာသည်။ မိုဝူကျိ၏ လေဟုန်ဆန်မြစ်က အပြည့်အစုံ မဆင်းသက်ရသေးခင် ကြယ်က မြစ်အတွင်းသို့ ထိုးဆင်းသွားသည်။
ပြင်းထန်သော သဘာဝစွမ်းအားက လွှမ်းခြုံသွားပြီး မိုဝူကျိ၏ ရင်ထဲ စိုးထိတ်သွားသည်။ ထန်ဝူကျန်းမှာ တိုက်ခိုက်ရာ၌ အလွန်အတွေ့အကြုံ ရှိပေသည်။ ထို့ကြောင့် သူသည် မိုဝူကျိ ထပ်မံ လှုပ်ရှားသည်ကို စောင့်မနေဘဲ နောက်ထပ် ကြယ်တစ်လုံးအား တွန်းပို့လိုက်သည်။ ဤကြယ်သည်ကား မိုဝူကျိဆီသို့ တန်းတန်းမတ်မတ် ထိုးဆင်းသွားလေ၏။
သို့သော် ဤအခြေအနေ၌ပင် မိုဝူကျိက နောက်ဆုတ်ဖို့ လုံး၀ မတွေးမိပေ။ သူက နောက်မဆုတ်ရုံ သာမက သူက သူ့ဘယ်ဘက်လက်ဖြင့် စွမ်းအားစက်ကွင်း ချေဖျက် လက်သီး တစ်လုံးကို ပစ်ခွင်းလိုက်သည်။ မိုဝူကျိက လေဟုန်ဆန်မြစ်အား ပြန်လည် မရုတ်သိမ်းပေ။ ပုဆိန်လှံရှည် အလင်းတန်းမှ သတ်ဖြတ်ငွေ့များကလည်း ပို၍ ပြင်းထန် စူးရှလာလေသည်။ စောစောက အားနည်းနေသော ပုဆိန်အလင်းတန်းမှာ နောက်တစ်ကြိမ် ပြန်လည် အားကောင်းလာလေသည်။
“ဘုန်း … ဝုန်း”
ကြယ်နှင့်လက်သီးတို့ ထိပ်တိုက်တွေ့ဆုံပြီးနောက် ထန်ဝူကျန်း၏ လေးလုံးမြောက်ကြယ်သည် ပေါက်ကွဲထွက်သွား၏။
အလွန်ပြင်းထန်လှသော နတ်ဘုရားစွမ်းအား၏ တန်ပြန် တွန်းအားအောက်တွင် မိုဝူကျိက ပါးစပ်အပြည့် သွေးတစ်လုတ်ကို အတင်း မြိုချလိုက်ရသည်။ သို့ထိတိုင် သူက ခြေတစ်လှမ်းမှ နောက်မဆုတ်ဘဲ ထန်ဝူကျန်း၏ ဘဲဥပုံ ကြယ်တာရာ အစီအရင်ဆီသို့ ဆက်သွားလိုက်သည်။ သူက ယင်ယန်လက်ဝါး သင်္ကေတတစ်ခုကို သူ့ညာဘက်လက်ဖြင့် ရိုက်ထုတ်လိုက်သည်။
သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်း လျို့ဝှက်တိုက်ကွက်…
ထန်ဝူကျန်း၏ ကြယ်တာရာဖြင့် ဖုံးလွှမ်းနေသော အာကာပြင်သည် ရုတ်တရက် နှစ်ပိုင်း ကွဲသွားလေသည်။ အာကာပြင်သည် သေခြင်းတစ်ဖက် ရှင်ခြင်းတစ်ဖက် ဤအစွန်းရောက် သဘောတရား နှစ်ရပ်အဖြစ် နှစ်ပိုင်းကွဲသွားကြောင်းကို ထန်ဝူကျန်းက ခံစားမိလိုက်သည်။ မရဏ စွမ်းအားက သူ့အသက်ဓာတ် အကုန်လုံးကို လွှမ်းခြုံသွားကာ သူ၏ ကမ္ဘာဦးစိတ်ဝိညာဉ်မှာလည်း ဖြည်းဖြည်းချင်း ပိတ်မိခံနေရ၏။
သူ့ပတ်ဝန်းကျင် အာကာပြင်တစ်ခွင်လုံး၌ မရဏစွမ်းအားတို့ ပြည့်လျှံနေလေသည်။ ထန်ဝူကျန်း၏ ရင်ထဲ၌ တုန်လှုပ်ခြောက်ခြားသွားသည်။ မိုဝူကျိ၏ စိတ်ဝိညာဉ်နှင့် အသိစိတ်ပင်လယ်တို့က အဘယ်ကြောင့် ဤမျှ အားကောင်းနေမှန်း သူ တကယ် မစဉ်းစားတတ်ပေ။ သူ့စိတ်ဝိညာဉ်သည် အားကောင်းသည်ဟု သတ်မှတ်၍ ရသည်။ သို့တိုင် မိုဝူကျိနှင့် ယှဉ်လိုက်ပါက သူ့လျို့ဝှက်တိုက်ကွက်များကို ထုတ်သုံးရာတွင် ဤမျှလောက် ပြင်းထန်အောင် မစွမ်းဆောင်နိုင်ချေ။
“ရပ်လိုက် ”
ထန်ဝူကျန်းက ခပ်ပြင်းပြင်း အော်လိုက်သည်။ သူသည် မိုဝူကျိနှင့် အချိန်ခဏလေးသာ ရင်ဆိုင်တိုက်ခိုက်ပြီး တိုက်ကွက်အနည်းငယ်သာ ဖလှယ်ရသေးသည်။ ဤရင်ဆိုင်မှုမှ မိုဝူကျိသည် သူ့ထက် လုံး၀ အားမနည်းကြောင်းကို သူက ကောက်ချက်ချနိုင်လိုက်သည်။
မဟုတ်သေးပေ။
မိုဝူကျိသည် သူ့ထက်ပင် ပို၍အားကောင်းနေသေးသည်။ ဤကဲ့သို့ မရဏစကြာဘီးဖိရာတစ်ခု၏ ခြိမ်းခြောက်မှုအောက်တွင် ထန်ဝူကျန်းမှာ သူ့အသက်ကို ထိပါးနိုင်သည့် ဘေးအန္တရာယ်အား ခံစားမိလိုက်သည်။
မရဏစွမ်းအားတို့ အားကောင်းလာသည်နှင့်အမျှ သူ့ကိုယ်သူ ကာကွယ်ရန် ကြယ်တာရာထဲမှ ကြယ်အရေအတွက်တစ်ဝက်ကို အကုန်ခံဖို့ လိုအပ်ပေလိမ့်မည်။
နှစ်များစွာနှင့် မရေတွက်နိုင်သော ယဇ်ကောင်များဖြင့် ဤခက်ခက်ခဲခဲ ပုံဖော်ဖွဲ့စည်းထားရသော ကြယ်လေးလုံးမှာ အဖျက်ဆီးခံရပြီးလေပြီ။ အကယ်၍ နောက်ထပ်ပိုပြီး အဖျက်စီးခံရမည်ဆိုပါက သူ့မှော်ရတနာမှာ လုံး၀ ပျက်စီးသွားပေလိမ့်မည်။ ဤမှော်ရတနာသည် သူ၏ ဂုဏ်အယူရဆုံးနှင့် တန်ဖိုးအရှိဆုံး ရတနာ ဖြစ်၏။ ကနဦး နတ်ဘုရားအဆင့်မှာ ရှိနေစဉ် သူ ကျော်ကြားမှု ရရှိခဲ့သည့် အဓိက အကြောင်းအရင်းမှာလည်း ဤမှော်ရတနာကြောင့် ဖြစ်၏။ မည်သည့်အကြောင်းကြောင့်မှ သူက သူ့ကြယ်တာရာ အစီအရင်အား အလွယ်တကူ ဖျက်ဆီးခွင့် ပေးမည်မဟုတ်ပေ။
မိုဝူကျိက ရပ်ဖို့ စိတ်ကူးမရှိချေ။ သူက မရပ်ရုံသာမက စက်ဝန်း၏ ရှင်ခြင်း သေခြင်း အမှတ်အသားများသည် ပို၍ ပို၍ ထင်ရှားလာလေ၏။
“မိုဝူကျိ… မင်းက အားကောင်းတယ်ဆိုတာ ငါသိပြီ။ ဒါပေမဲ့ ငါသာ ဘာပဲပေးဆပ်ရ ပေးဆပ်ရ၊ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် နောက်မဆုတ်တန်း တိုက်မယ်ဆိုရင် မင်းလည်း ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ ကောင်းကင်လူသားဂိုဏ်းနဲ့ ငါ့ရဲ့ဇာမဏီနတ်ဝိညာဉ်ပရဝဏ်ကြားက ရန်ငြိုးကိုပဲ ပိုပြီး နက်ရှိုင်းလာစေလိမ့်မယ်…”
ထန်ဝူကျန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထို့အပြင် အကယ်၍ မိုဝူကျိကသာ မရပ်သေးပါက သူသည် ချက်ချင်း သူ့အစွမ်းရှိသမျှ ထုတ်သုံးကာ တိုက်ပစ်မည် ဖြစ်သည်။ သူ၏မှော်ရတနာအား ဖျက်ဆီးပစ်ရမည်ဆိုလျှင်ပင် သူက ဤနေရာတွင် အသက် အဆုံးရှုံးမခံလိုပေ။
“ထန်ဝူကျန်း… ငါသာ မင်းကို သတ်ချင်ရင် မင်းဘယ်လို ကြိုးစားကြိုးစား ငါ သတ်နိုင်တယ်။ သတ္တိရှိရင် စမ်းကြည့်လိုက်လေ။ ဒါပေါ့… ငါ့တိုက်ကွက်ကို ရပ်ပေးလို့ရတယ်။ ဒါပေမဲ့ မင်းဟာက စိတ်ရင်းနဲ့ အရှုံးကို ဝန်ခံတာကော ဟုတ်လို့လား။ ငါ ရပ်လိုက်ပြီးမှ မင်းက ငါ့ကို ထပ်တိုက်မယ်ဆိုရင် ငါ့ကြိုးစားမှုတွေ အလကား ဖြစ်သွားမှာပေါ့ကွ”
မိုဝူကျိက ငေါ့တော့တော့ ပြောလိုက်သည်။
သူက ထန်ဝူကျိ စကားအပြောအဆို ကောင်းပုံအား ချီးကျူးမိ၏။ ထန်ဝူကျန်းသည် သူကိုယ်တိုင်နှင့် မိုဝူကျိ၏ ရန်ငြိုး နက်ရှိုင်းလာမည်ဟု မပြောဘဲ ကောင်းကင်လူသားဂိုဏ်းနှင့် ဇာမဏီနတ်ဝိညာဉ်ပရဝဏ်ကြား ဟု ပြောလိုက်သည်။
အမှန်တကယ်တွင် ထန်ဝူကျန်းအား သတ်ရန် မိုဝူကျိတွင် စိတ်ကူးမရှိပေ။ ထိုသို့ဆိုလျှင်ပင် ထန်ဝူကျန်းက သူ၏ ဝှက်ဖဲကို ထုတ်သုံးမည်ဆိုပါက မိုဝူကျိသည် သတ္တကမ္ဘာလက်ချောင်းကို သုံး၍ ထန်ဝူကျန်းအား သတ်ပစ်နိုင်သည်ဟု ယုံကြည်ချက် ရှိသည်။ သို့သော် ထန်ဝူကျန်းအား သတ်လိုက်ခြင်းက ကောင်းကင်လူသားဂိုဏ်းနှင့် ဇာမဏီနတ်ဝိညာဉ်ပရဝဏ်ကြားတွင် တစ်သက်တာ ရန်ငြိုးတစ်ခုကို မလွဲမသွေ ဖြစ်ပေါ်စေမည် ဖြစ်၏။ ဤသည်က မိုဝူကျိအတွက်လည်း ကောင်းကျိုး မရှိပေ။
သူက ထွက်ပြေးနိုင်သောကြောင့် မကြောက်ပေ။ သို့သော် ကောင်းကင်လူသားဂိုဏ်းအတွက် မလိုအပ်သည့် ဖိအားများနှင့် ရန်ငြိုးများကို သူက မဖိတ်ခေါ်လိုပေ။
“မိုဝူကျိ… ငါ အရှုံးကို ဝန်ခံတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး ရပ်ပေးပါတော့”
ထန်ဝူကျန်းက ထိုစကားများကို အင်တင်တင်ဖြင့် ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ဘေးပတ်လည်ရှိ မရဏစွမ်းအား၏ ဖိအားများ တိုးလာခြင်း မရှိတော့ချေ။ စွမ်းအားက ဆက်လက် ကျန်ရှိနေသေးသော်လည်း ယခု သူ့ရင်ထဲတွင် အနည်းငယ် ပို၍ တည်ငြိမ်သွားသည်။
“ငါ လိုချင်တာ တစ်ခုပဲ ရှိတယ်။ ဒီနေရာက ထွက်ပြီးရင် ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးနဲ့ ပတ်သက်တဲ့ ပြဿနာကို တစ်ချက်တည်းနဲ့ သင်ပုန်းချေကြမယ်။ ပြီးရင် နှစ်ဖက်စလုံးက ဘယ်သူက ဘယ်သူ့ကိုမှ အကြွေးတင်နေတာ မရှိတော့ဘူး။ အကြောင်းပြချက်ကိုတော့ ဒီလိုပြောလိုက်ပေါ့။ ငါတို့တွေ သေချာ စကားပြောကြည့်ပြီးတဲ့နောက် မင်းက အမုန်းဆက်ပွားနေတာထက် ရန်ငြိုးကို ကြေအေးလိုက်တာ ကောင်းမယ်လို့ ခံစားမိတယ်ဆိုပြီး ပြောလိုက်”
မိုဝူကျိက တည်ငြိမ်စွာ ပြောလိုက်သည်။
“အဲ့လိုဆို ငါ နတ်ဘုရားဘုရင် ယန်ထင်းကို ဖြေရှင်းလို့ မရတော့ဘဲ နေမှာပေါ့”
ခိုကိုးရာမဲ့သယောင် ခံစားချက်က ထန်ဝူကျန်းအား လွှမ်းမိုးသွားသည်။
“အဲ့ဒါက မင်းရဲ့ ပြဿနာလေ”
မိုဝူကျိက အေးစက်စက် တုံ့ပြန်လိုက်သည်။
“ကောင်းပြီ။ ငါ သဘောတူတယ်”
ထန်ဝူကျန်းက အံကိုကျိတ်ကာ သဘောတူလိုက်သည်။
မိုဝူကျိက သေခြင်း ရှင်ခြင်း ကံကြမ္မာ စက်ဝန်းကို ရုတ်သိမ်းလိုက်သည်။ အကယ်၍ လွန်ခဲ့သော နှစ်များစွာတုန်းကသာ ဆိုလျှင် သူ သေခြင်း ရှင်ခြင်း ကံကြမ္မာ စက်ဝန်းကို ထုတ်သုံးလိုက်သည်နှင့် ထိုလူမှာ ချက်ချင်း သေသွားမည်ဖြစ်၏။ သို့သော် ယခုတွင်မူ သူ့စိတ်ကြိုက် ထိန်းချုပ်နိုင်သွားပြီ ဖြစ်သည်။
သူ၏ ကြယ်တာရာ အစီအရင်အား ပြန်ခေါ်ပြီးသည့်နောက်တွင် ထန်ဝူကျန်း၏ ကျောပြင်တစ်ခုလုံး၌ ချွေးစေးများဖြင့် စိုရွှဲနေသည်။ သူက မိုဝူကျိအား ငုံ့ကြည့်ကာ ပြောလိုက်သည်။
“မင်းက တကယ့်ကို ဟန်ဆောင်ကောင်းတာပဲ။ ကနဦးနတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်မှာ ရှိနေတဲ့ ပညာရှင်ဖြစ်ရက်နဲ့ မင်းကိုယ်မင်း ကနဦးနတ်ဘုရား အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်အနေနဲ့ ဟန်ဆောင်ထားတယ်။ နတ်ဝိညာဉ် အရှိန်အဝါကို အပြည့်အဝ နီးပါး ဖုံးကွယ်ထားသေးတယ်။ ငါက သူတော်ကောင်း ယောင်ဆောင်တယ်ဆို မင်းက ငါ့ထက် အများကြီးပိုတယ်”
“ထန်ဝူကျန်း… ငါ့ကို ဝေဖန်ဖို့ အဆင့် မင်းမှာမရှိဘူး။ နောင်ကျရင် ငါ့ကို ဘယ်တော့မှ ရန်လာမဆွဖို့ မှတ်ထားလိုက်။ မဟုတ်ရင် ဘယ်သူမှမရှိတဲ့အချိန် ငါ မင်းအတွက် သူတော်ကောင်း ယောင်ဆောင်ပေးနိုင်တယ်”
[မိုဝူကျိက သူတော်ကောင်း ဆိုပါက လူမသတ်ပေ။ သူတော်ကောင်း ယောင်ဆောင်သူဆိုပါက လူသတ်ပေလိမ့်မည်။]
ထန်ဝူကျန်း သူ့အကြောင်း ဘာတွေပြောမည်ဆိုသည်အား မိုဝူကျိက စိတ်ရှုပ်ခံမနေပေ။
“သိပ်ကောင်းတယ်။ ကျုပ် ထန်ဝူကျန်း ဒါကို မှတ်ထားလိုက်မယ်”
ထန်ဝူကျန်းက နှာခေါင်းရှုံ့ အံကျိတ်ပြောကာ အပြင်ထွက်ရန် ပြင်လိုက်သည်။
မိုဝူကျိက ရေသလင်းကျောက် တစ်ခုကို ထုတ်ယူကာ ပြောလိုက်သည်။
“ထန်ဝူကျန်း… ငါ့ဆီမှာ စောစောက မင်း ပြောခဲ့သမျှကော ဖြစ်ပျက်ခဲ့သမျှကော အကုန်မှတ်သားထားတဲ့ ရေသလင်းကျောက် ရှိတယ်။ မင်း ဒီခန်းမထဲက ထွက်သွားပြီးတဲ့နောက် မင်း ပြောချင်တာ ပြောလို့ရတယ်။ မင်း ပြောတဲ့ထဲ ငါ မကြိုက်တာ ပါလာရင်တော့ လူတိုင်း ဒီရေသလင်းကျောက်ရဲ့ ပုံပွားကို ရသွားလိမ့်မယ်။ ပြီးတော့ အဲ့လို လိုက်ဝေပြီးသွားရင် တိုက်ခိုက်ပွဲ စင်မြင့်မှာ တိုက်ဖို့ ငါ မင်းကို စိန်ခေါ်မယ်။ အဲ့ဒီအခါကျ အခု မင်းနဲ့ စကားပြောနေသလိုမျိုး ငါက ဖော်ရွေနေမှာ မဟုတ်ဘူးနော်”
“မင်း…”
ထန်ဝူကျန်းသည် မိုဝူကျိ၏ လက်ထဲရှိ ရေသလင်းကျောက်အား အံ့သြတကြီး ကြည့်လိုက်သည်။ မိုဝူကျိကဲ့သို့ ဉာဏ်များသော ကောင် ရှိလိမ့်မည်ဟု မထင်ထားမိပေ။
ဤသည်မှာ မိုဝူကျိကဲ့သို့ ကလိန်ကျ ဉာဏ်များသောသူကို သူက ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ အမှန်တရားမှာ အကယ်၍ သူက မိုဝူကျိအား နိုင်ခဲ့လျှင်ပင် ရေသလင်းကျောက်ကို သုံးပြီး အကုန်လုံးကို မှတ်ထားဖို့ စဉ်းစားမိမည် မဟုတ်ချေ။
မိုဝူကျိက ရေသလင်းကျောက်ကို ကိုင်ထားရင်း ဆက်ပြောလိုက်သည်။
“မင်းဘာတွေးနေလဲ ငါသိတယ်။ မင်းက မင်း နိုင်ခဲ့ရင်တောင် ရေသလင်းကျောက်ကို သုံးမှာ မဟုတ်ဘူးဆိုပြီး တွေးနေတာမလား။ ဘာလို့လဲဆိုတော့ မင်းက ငါ့ကို တစ်ခါတည်း အသေသတ်မှာမလို့လေ။ ငါက မင်းထက်စာရင် ပိုပြီး ကြင်နာတတ်တယ်။
ကြည့်လေ… ငါက မင်းကို သတ်ဖို့ မပြောနဲ့… မင်းရဲ့ ဆံပင်တစ်မွှေးကိုတောင် မထိဘူး။ ဒါကြောင့်မို့ ငါ့ကို ဒေါသလာမဆွဖို့ မှတ်ထားပါ။ လူဆိုရင် အကောင်းအဆိုး နားလည်ပြီး သူများကျေးဇူးကိုလည်း သိတတ်ရတယ်”
“သိပ်ကောင်းတယ်”
ထန်ဝူကျန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ဟောပြောခန်းမမှ ထွက်သွားလေသည်။
…………………
“စိတ်ဝင်စားစရာပဲ”
နတ်ဘုရားဘုရင် ယန်တုက အသာရယ်လိုက်သည်။ သူက မိုဝူကျိသည် အတွင်းမှ နောက်ထပ် ကာကွယ်ရေး အစီအရင်တစ်ခုအား ခင်းကျင်းလိမ့်မည်ဟု လုံး၀ မမျှော်လင့်ထားပေ။
မိုဝူကျိ၏ ခန့်မှန်းချက်အတိုင်း နတ်ဘုရားဘုရင် ယန်တုသည် မိုဝူကျိအား အပြင်ဘက်မှ အစီအရင် တစ်ထပ် ကူညီခင်းကျင်းပေးပြီးသည့်တိုင် သူက ခန်းမထဲကို အမှန်ပင် ထိုးဖောက် မြင်နိုင်ပေ၏။ တကယ်လည်း သူက သူတို့တွေ ခန်းမထဲ ဝင်ဝင်ချင်း ထန်ဝူကျန်းက ပြောလိုက်သည့် စကားများကို ကြားလိုက်ရသည်။ ဤသည်မှာ သူက ချောင်းနားထောင်ချင်၍ မဟုတ်ဘဲ အစီအရင် ခင်းကျင်းထားသူမှာ သူဖြစ်နေသောကြောင့် သူ့အတွေး တစ်ချက်ဖြင့် အားလုံးကို မြင်နိုင် ကြားနိုင်မည် ဖြစ်လေသည်။
မိုဝူကျိ၏ နောက်ထပ် ထပ်တိုး ကာကွယ်ရေး အစီအရင်မှာ နတ်ဘုရားဘုရင် ယန်တု၏ မျက်စိထဲတွင် ဟာကွက်များ အပြည့်နှင့် ဖြစ်နေသည်။ သို့သော် နတ်ဘုရားဘုရင် ဖြစ်သည့်သူက ကနဦး နတ်ဘုရားအဆင့်သာ ရှိသည့် ကျင့်ကြံသူတစ်ယောက်၏ အဆင့်ထိ မနိမ့်ကျချင်သောကြောင့် သူက ထိုအစီအရင်ကို မထိလိုပေ။
သို့သော် နတ်ဘုရားဘုရင် ယန်တုသည် မိုဝူကျိက ထန်ဝူကျန်းကို အနိုင်တိုက်ရန် မည်သို့ စီစဉ်နေကြောင်းအားလည်း အလွန် သိချင်နေမိသည်။
“ဇာမဏီနတ်ဝိညာဉ်ပရဝဏ်ရဲ့ ထန်ဝူကျန်း ထွက်လာပြီ။ အနိုင်ရသူက ထန်ဝူကျန်းပဲ။ ငါ မင်းကို မပြောဘူးလား ….”
လူအုပ်ထဲမှ တစ်ယောက်က ရုတ်တရက် ထအော်လိုက်သည်။
“ဒါက နည်းနည်းလေး မြန်လွန်းမနေဘူးလား” သို့သော် နောက်တစ်ယောက်က မှတ်ချက်ပေးလိုက်သည်။
***