ကောင်းကင်လူသားဂိုဏ်း၏ လျို့ဝှက်ချက်
Vol. 66 Ch. 908
နတ်ဘုရားဘုရင် ယန်ထင်းက အတော်လေး အံ့ဩမိနေသည်။ သူက ထန်ဝူကျန်းသည် မိုဝူကျိအား စက္ကန့်ပိုင်းလေးအတွင်း အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေစဉ် အလုံပိတ် တိုက်ခိုက်ပွဲအား တောင်းဆိုသော မိုဝူကျိကြောင့် အနည်းငယ် မသက်မသာ ဖြစ်နေမိ၏။ အကယ်၍ သူသာ နတ်ဘုရားဘုရင် မဟုတ်ဘဲ သူ့ကိုယ်ပိုင်ဂုဏ်မာနကို ထည့်တွက်မနေရလျှင် မိုဝူကျိအား နှစ်ပိုင်း ဖြတ်ပစ်၍ သူ့တောင်းဆိုချက်အား လျစ်လျူရှုလိုက်မည်သာ ဖြစ်သည်။
ဖန်းကျဲသည်လည်း စိတ်ပျက်နေသည့် အရိပ်အယောင် ထွက်ပေါ်နေသည်။ သူက မိုဝူကျိ အနိုင်ရနိုင်ချေမှာ နည်းပါးမှန်း သိထားသော်လည်း မိုဝူကျိက သူ့အား တအံ့တဩ ဖြစ်စေကာ အနိုင်ရလျက် ပေါ်ထွက်လာရန် မျှော်လင့်မိနေသေး၏။
ယခု မိုဝူကျိက သူ့အသက်ဆုံးရှုံးသွားပြီ ဖြစ်ရာ ဖန်းကျဲအနေနှင့် သူတို့ ကောင်းကင်လူသားဂိုဏ်း၏ အကြီးမားဆုံး လျို့ဝှက်ချက်ကို ပြသရန်သာ လိုအပ်တော့သည်။
“ သူ့ကို ဒီနေရာမှာ ရှုံးနိမ့်သွားလိမ့်မယ်လို့ မထင်ထားမိဘူး …” လန်အိုက စိတ်ပျက်လက်ပျက် ခေါင်းခါလျက် ပြောလိုက်သည်။ သူမက မိုဝူကျိအား ဝမ်ချွမ်းတာအိုကျောင်းတော်သို့ ခေါ်နိုင်မည့် နည်းလမ်းကို စဉ်းစားနေဆဲ ဖြစ်သောကြောင့် မယုံကြည်နိုင်သေးပေ။
“ သူ မသေသေးဘူး ” စီနီယာအစ်မ ချူက အေးစက်စက် အမူအယာဖြင့် ပြောလိုက်သည်။
လန်အိုက အံ့ဩသွားပြီး ဘာမှမပြောနိုင်လိုက်ခင် မိုဝူကျိက ထွက်လာပြီ ဖြစ်၏။ မိုဝူကျိက မသေသည်သာမက သူခန္ဓာအပေါ်တွင် ဒဏ်ရာတစ်ခုတစ်လေမျှ မရှိနေပေ။ အမြင်နှင့်တင် မိုဝူကျိက အခါးရည်တစ်ခွက် သောက်ပြီး ပြန်ထွက်လာသည့်နှယ် ပုံပေါ်နေသည်။
“ စီနီယာအစ်ကိုကြီးထန်က ကောင်းကင်လူသားဂိုဏ်းရဲ့ မိုဝူကျိကို တကယ် မသတ်လိုက်ဘူးပဲ ” လူအုပ်ထဲမှ တစ်ယောက်ယောက်က ရေရွတ်လိုက်၏။
လက်ရှိ အားလုံးက မိုဝူကျိအား စိုက်ကြည့်နေကြသည်။ ထန်ဝူကျန်းက သူတို့ ခန်းမအထဲ မဝင်ခင် သေခြင်းရှင်ခြင်းမှာ ကံတရားအပေါ်တွင်သာ မူတည်ကြောင်း ပြောခဲ့သေး၏။ မိုဝူကျိက အသက်ရှင်လျက် ထွက်လာနိုင်သည်မှာ တစ်ခုခုတော့ မဟုတ်သေးချေ။
“ စီနီယာအစ်ကိုကြီးထန်က သဘောထားကြီးပြီးတော့ မိုဝူကျိရဲ့ အသက်ကို သက်ညှာပေးလိုက်တာပဲ နေမယ် ”
“ ဒါပေါ့ … ဇာမဏီနတ်ဝိညာဉ် ပရဝဏ်က ထိပ်သီးဂိုဏ်းလေ …. အဲဒီ ဇာမဏီ နတ်ဝိညာဉ်ပရဝဏ် သခင်လည်း အတော်လေး သဘောထားကြီးတယ်ဆိုတာကို မင်းတို့ မသိကြဘူးမလား။ ဒီလို သဘောထားကြီးမှုမျိုးက ငါတို့လူတိုင်းဆီကနေ မျှော်လင့်ထားလို့ ရတာ မဟုတ်ဘူး ”
………….…
နတ်ဘုရားဘုရင် ယန်ထင်းလည်း လူအုပ်ကြားမှ ဆွေးနွေးမှုများကို ကြားကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်မိ၏။ ထန်ဝူကျန်းသည် ကောင်းကောင်း လုပ်ခဲ့ကြောင်း ခံစားနေရသည်။ အကြောင်းမှာ မိုဝူကျိကို မသတ်ဘဲ ထားလိုက်ခြင်းက ပို၍ ရလဒ်ကောင်းလာစေ၏။
“ အစ်ကိုချန်း …. ခင်ဗျားရဲ့ ဇာမဏီနတ်ဝိညာဉ် ပရဝဏ်ရဲ့ တပည့်က တကယ်ကို ထူးချွန်တာပဲ။ သူက အရမ်းကို စိတ်သဘောထားကြီးတယ် ” နတ်ဘုရားဘုရင် ယီမင်က ထန်ဝူကျန်းအား ချီးမွမ်းလိုက်လေ၏။
နတ်ဘုရားဘုရင် ယန်ထင်းက ရယ်မောကာ “ ဟုတ်တယ် … သူက ကျုပ်ကို တကယ်စိတ်မပျက်စေဘူးပဲ။ တစ်ခါတစ်ရံကျ သတ်ဖြတ်ခြင်းက အနိုင်ယူတဲ့ နည်းလမ်း မဟုတ်ဘူးလေ ”
ခပ်ဝဝသူတော်စင် နတ်ဘုရားဘုရင် ယန်တုက ရယ်ရယ်မောမောဖြင့် “ ကျုပ်တော့ အဲဒီကိစ္စကို သိပ်မသေချာဘူး ”
ထန်ဝူကျန်းသည် အထဲမဝင်ခင် ပြသသွားသည့် အမူအယာနှင့် ထွက်လာပြီးနောက် အမူအယာ ကွာခြားနေပုံပေါ် မူတည်၍ နတ်ဘုရားဘုရင် ယန်တုက ထန်ဝူကျန်းသည် မိုဝူကျိအား လွတ်ပေးလိုက်သည်ဟု မထင်ပေ။ ထန်ဝူကျန်းက မိုဝူကျိကို လွတ်မပေးသည့်အတွက် လူနှစ်ယောက်လုံးက အဘယ်ကြောင့် ထိခိုက်ဒဏ်ရာမရှိ ထွက်လာနိုင်သနည်း။ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ မိုဝူကျိကသာ ထန်ဝူကျန်းကို လွှတ်ပေးလိုက်ခြင်း ဖြစ်ပေမည်။
ဖန်းကျဲက မိုဝူကျိ ထွက်လာသည်ကို မြင်သောအခါ အံ့အားသင့်သွားလေ၏။ သို့သော်လည်း သူက ဖြစ်လာတော့မည့်အရေးကို တွေးမိလိုက်သောအခါ သူ့အံ့အားသင့်နေသည့် အမူအယာမှာ အစအနမရှိ ပျောက်ကွယ်သွားတော့သည်။
“ နတ်ဘုရားဘုရင်တို့ကို ဂါရဝပြုပါတယ်ခင်ဗျ …” ခန်းမမှ ထွက်လာပြီးနောက် မိုဝူကျိက ထန်ဝူကျန်းထက် မြန်မြန် လျှောက်လှမ်းလာသည်။ ထန်ဝူကျန်းအား ကျော်ပြီး မိုဝူကျိက နတ်ဘုရားဘုရင် လေးယောက်ရှေ့တွင် လက်နှစ်ဖက် ယှက်ကာ ပြောလိုက်၏။
နတ်ဘုရားဘုရင် ယန်ထင်းက ခေါင်းညိတ်ပြကာ “ ငါတို့တွေ မင်းနဲ့ ဝူကျန်းတို့ရဲ့ တိုက်ပွဲကို မမြင်လိုက်ရပေမဲ့ ပြီးပြတ်သွားပြီမလား ”
ထို့နောက် မိုဝူကျိက ကြောက်ကြောက်လန့်လန့်ဖြင့် ဖြေကြားလိုက်၏ “ နတ်ဘုရားဘုရင် စီနီယာက မေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဂျုနီယာညီလေးထန်နဲ့ ကျွန်တော်တို့က တွေ့တွေ့ချင်း ရင်းနှီးသွားပြီးတော့ စကားကောင်းကောင်း ပြောခဲ့ပါတယ်။ စီနီယာနတ်ဘုရားဘုရင်တို့က အပြင်ဘက်မှာ စောင့်နေရတာမလို့ မြန်မြန် ပြန်ထွက်လာကြတာပါ ”
နတ်ဘုရားဘုရင် ယန်ထင်းက မိုဝူကျိ၏ လေသံမှာ ထန်ဝူကျန်း၏ ပညာပေးခြင်းကို ခံလာရသည့်သူနှင့် တူမနေသောကြောင့် မျက်မှောင်ကျုတ်လိုက်မိသည်။
မိုဝူကျိက ဆက်ရှင်းပြလိုက်၏ “ ဂျုနီယာညီလေးထန်နဲ့ ကျွန်တော်တို့ ဆွေးနွေးပြီးတဲ့နောက်မှာ နှစ်ဖက်လုံးရဲ့ ငြိမ်းချမ်းရေးကို မပျက်စီးစေဖို့ သဘောတူခဲ့ပါတယ်။ အဲကြောင့် ဒီကိစ္စကို ကျွန်တော်တို့တွေ ဒီလိုပဲ ဖြေရှင်းမယ်ဆိုပြီး အဆုံးသတ်ခဲ့ပါတယ် ”
နတ်ဘုရားဘုရင် ယန်တုက ရယ်မောကာ “ မိုဝူကျိ … မင်းတို့ ဆွေးနွေးမှု အဆုံးသတ်က အဲဒါများလား ”
မိုဝူကျိက ရယ်မောကာ “ နတ်ဘုရားဘုရင် စီနီယာယန်တု ပြောတာ အမှန်ပါပဲ … ”
နတ်ဘုရားဘုရင် ယန်တုပင် မိုဝူကျိအား ထူးထူးဆန်းဆန်း ကြည့်လိုက်ရင်း အားရပါးရ ရယ်မောလိုက်၏။
နတ်ဘုရားဘုရင် ယန်တင်းက စိတ်အတွင်း၌ ဒေါသထွက်နေသော်လည်း တည်တည်ငြိမ်ငြိမ် မျက်နှာထားဖြင့် ထန်ဝူကျန်းအား ကြည့်ကာ “ ဝူကျန်း …. ဝိညာဉ်သန့်စင်ရေး တာအိုသစ်သီးနဲ့ ပတ်သတ်ပြီးတော့ ဖြေရှင်းပြီးသွားပြီလား။ တကယ်လို့ ဒီလိုကိစ္စလေးမျိုးနဲ့ လာပြီး အလန့်တကြား လာလုပ်ရင် မင်း အပြစ်ပေးခံရမယ် ”
အကယ်၍ မိုဝူကျိသာ ရေသလင်းကျောက်ကို သုံး၍ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မှတ်သားမထားလျှင် ထန်ဝူကျန်းက မဖြေရှင်းရသေးကြောင်း ပြောမိလိမ့်မည်။ သူက နိဂုန်းချုပ်အနေနှင့် ရှန်းမင်၏ ဝိညာဉ်လမ်းကြောင်းများကို စစ်ဆေးကြည့်ဖို့ရာ ပြောမိပေလိမ့်မည်။
လက်ရှိ သူက ထိုသို့အရာများ ထုတ်မပြောရဲတော့ပေ။ မိုဝူကျိတွင် သက်သေ ရှိနေပြီး သူသာ ထုတ်ပြောလိုက်သည်နှင့် ရေသလင်းကျောက်မှာ လူသိရှင်ကြား သိသွားပေမည်။
နတ်ဘုရားဘုရင် ယန်ထင်းဆီမှ မေးခွန်းများကို ကြောက်ရွံ့သော်လည်း ထန်ဝူကျန်းက တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေပေးလိုက်သည်
“ တည်ထောင်သူ ဘိုးဘေးကို ပြန်ဖြေကြားပါတယ်။ ဂျုနီယာညီလေးမို ပြောသလို အမှန်ပါပဲ။ ဂျုနီယာညီလေးမိုက အသက်ရှင်ရက် ထားတာထက် ရန်ကြွေးကို ပယ်ဖျောက်လိုက်တာက ပိုကောင်းတယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်လည်း သေချာစဉ်းစားကြည့်ပြီးတော့ ကျွန်တော်တို့ ဇာမဏီနတ်ဝိညာဉ်ပရဝဏ်အနေနဲ့ ဒီလောက်နှစ်အများကြီး ခြေကုပ်ရထားနိုင်တာက ကျွန်တော်တို့ရဲ့ သဘောထားကြီးမှုနဲ့ ချစ်ခင်မြတ်နိုးမှုကြောင့် မဟုတ်ဘူးလား။
ကျွန်တော်တို့က ဝိညာဉ်သန့်စင်ရေး တာအိုအသီး တစ်လုံးလောက်နဲ့ နှစ်ဖက်လုံးရဲ့ ဆက်ဆံရေး ပျက်စီးသွားစေမယ်ဆိုရင် နတ်ဘုရားနယ်မြေရဲ့ ငြိမ်းချမ်းရေးကို ဖျက်စီးသလို ဖြစ်နေမယ် ထင်လို့ပါ … တပည့်က တည်ထောင်သူ ဘိုးဘေး သင်ကြားပေးတာတွေကို တွေးတောပြီးတော့ ဂျုနီယာညီလေးမိုရဲ့ အကြံပြုချက်ကို သဘောတူခဲ့တာပါ။ ဒီကိစ္စက ဒီလို နိဂုန်းချုပ်လိုက်ပါတယ် … ”
မိုဝူကျိက ထန်ဝူကျန်း၏ ဂိုဏ်းကို အညွှန်းတင်နေသည့် စကားများကို စိတ်ထဲ မထားပေ။ တည်ထောင်သူ ဘိုးဘေးဖန်ကျဲသာ ရှန်းမင်၏ ဝိညာဉ်လမ်းကြောင်းကို စစ်ဆေးဖို့ မလိုအပ်သရွေ့ ထန်ဝူကျန်းက သူ ပြောချင်တာ ပြောနိုင်ပေသည်။
နတ်ဘုရားဘုရင် ယန်ထင်းက ရယ်မောလိုက်ပြီး “ မဆိုးဘူး … ဝူကျန်း မင်းက ငါတို့ ဇာမဏီနတ်ဝိညာဉ်ပရဝဏ်မှာ နေဖို့ သင့်တော်တယ်။ ဒါက ကိစ္စတွေကို ဖြေရှင်းဖို့ မှန်ကန်တဲ့ နည်းလမ်းပဲ။ ကြည့်ရတာ ရိုးတယ်လို့ ထင်ရပေမဲ့ ဖြေရှင်းဖို့တော့ တကယ်တမ်းကျ မလွယ်ကူဘူး။ မင်းအတွက် ဒီနေ့ ကောင်းကောင်း ဖြေရှင်းနိင်ခဲ့တာ ခက်ခဲခဲ့မှာပဲ … ”
နတ်ဘုရားဘုရင် ယန်ထင်းက ဖန်းကျဲတို့ဘက် လှည့်ကာ အကြံပြုလိုက်သည် “ ဒီလိုအဆုံးသတ်သွားမှတော့ ကျုပ်တို့တွေ တစ်ခွက်လောက် သွားသောက်ရအောင်လား ”
ထန်ဝူကျန်း၏ စကားများအရ နတ်ဘုရားဘုရင် ယန်ထင်းသည် မိုဝူကျိတွင် ထန်ဝူကျန်းအား ခြိမ်းခြောက်နိုင်သည့် တစ်ခုခု ရှိထားကြောင်း သိလိုက်၏။ ဤသို့အချိန်မျိုး၌ သူက သူ့တပည့်သူ မေးခွန်း မထုတ်လိုပေ။ သူက မေးဖို့ လိုအပ်လျှင်ပင် အားလုံးကိုယ်စီ ယာယီစခန်းဆီ ပြန်ရောက်ပြီးသည့်အထိ စောင့်နိုင်ပေသည်။
ဖန်းကျဲက ပို၍ အံ့အားသင့်နေမိသည်။ သူက မိုဝူကျိသည် ခန်းမထဲ ဝင်ပြီးပြီးချင်း ဤကိစ္စကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု မထင်ထားပေ။ နတ်ဘုရားဘုရင် ယန်ထင်းက သူ့အား သောက်ဖို့ရာ ဖိတ်ကြားသောအခါ သူက လက်နှစ်ဖက် ယှက်၍ “ အစ်ကိုယန်ထင်းရဲ့ တပည့်က ဒီတစ်ခါ သဘောထားကြီးပေးခဲ့ပေမဲ့ ကျုပ်တပည့်တွေက အရင်ဦးဆုံး မှားယွင်းခဲ့တာပါ။ ကျုပ် ပြန်သွားလိုက်ပါဦးမယ် … ”
နတ်ဘုရားဘုရင်ယန်ထင်း၏ မူလနာမည်မှာ ယန်ချန်း ဖြစ်၏။ နတ်ဘုရားဘုရင် ယီမင်နှင့် နတ်ဘုရားဘုရင် ယန်ထင်းတို့ကြားမှ နီးကပ်လွန်းသည့် ဆက်ဆံရေးကြောင့် နတ်ဘုရားဘုရင် ယီမင်က နတ်ဘုရားယန်ထင်းအား “အစ်ကိုချန်း” ဟုသာ တိုက်ရိုက် ခေါ်လေ့ ရှိ၏။ ကောင်းကင်လူသားဂိုဏ်း၏ ဖန်းကျဲမှာ နတ်ဘုရားဘုရင် ယန်ထင်း၏ အသိသဘောမျိုးသာ ဖြစ်ပြီး နတ်ဘုရားဘုရင် ယန်ထင်းက နတ်ဘုရားဘုရင် ယီမင်နှင့် ပူးပေါင်း၍ ကောင်းကင်လူသားဂိုဏ်း၏ အမွေအနှစ်ကို ခိုးယူဖို့ရာ ကြိုးစားခဲ့သေး၏။ သူက နတ်ဘုရားဘုရင် ယန်ထင်းကို ယဉ်ကျေးသမှုဖြင့် “အစ်ကိုယန်ထင်း” ဟု ခေါ်ဆိုလိုက်ခြင်းသာ ဖြစ်၏။
“ ဒီလိုဆိုမှတော့ တာအိုရောင်းရင်းဖန်းကို ဆက်အချိန်ဆွဲမထားတော့ပါဘူး …” နတ်ဘုရားဘုရင် ယန်ထင်းက ပြောလိုက်ရင်း နတ်ဘုရားဘုရင် ယီမင်နှင့် နတ်ဘုရားဘုရင် ယန်တုတို့အား အချက်ပြလိုက်သည်။
နတ်ဘုရားဘုရင် သုံးယောက်ထွက်သွားသည်နှင့် ဖန်းကျဲက အေးစက်စက် ပြောလိုက်သည် “ ကောင်းကင်လူသားဂိုဏ်းရဲ့တပည့်တွေ အားလုံး အခုချက်ချင်း ငါတို့နေရာကို ပြန်မယ် ”
………………
“ ငါ သူ့ကို မှားပြီး ကောက်ချက်မချမိခဲ့ဘူးပဲ … ဒီလူက ငါ ထင်ထားတာထက် ပိုပြီး လုပ်ရည်ကိုင်ရည် ရှိတာပဲ။ သူ ဘယ်လိုများ …” လန်အိုက နတ်ဘုရားဘုရင် ဖန်းကျဲက သူဂိုဏ်းသားများနှင့် ထွက်သွားသည်ကို ကြည့်ရင်း ရေရွတ်လိုက်လေ၏။
“ မမလန်အို … မိုဝူကျိက ထန်ဝူကျန်းထက် အားကောင်းတယ်လို့ ထင်တာလား ” လန်အို ဘေးနားတွင် ရှိနေသည့် အစိမ်းဝတ် အမျိုးသမီးက မေးလိုက်သည်။
လန်အိုက ခေါင်းခါကာ “ မဟုတ်သေးဘူး။ အဲလိုတော့ မဟုတ်လောက်ဘူး။ သူက ထန်ဝူကျန်းနဲ့ မတိုက်ခိုက်ခဲ့လောက်ဘူး။ သူက စကားနဲ့တင် ဖြေရှင်းခဲ့တာ ….. ထန်ဝူကျန်းက သူ့စကားတွေကို လွယ်လွယ်လေး လက်ခံသွားလိမ့်မယ်လို့ မထင်ထားဘူး။ အဲဒါကြောင့် သူ ဘာများ ပြောလိုက်လဲလို့ သိချင်နေတာ …. ပြီးတော့ အဲဒီလူက ဖြေရှင်းတဲ့နေရာမှာ ငါတို့ထက် ပိုသာတယ်။ နှမြောစရာကောင်းတာက သူ့ကျင့်ကြံဆင့် လိုအပ်နေတာပဲ ”
“မမလန်အို …. အဲလိုဆို သူ့ကို ကျွန်မတို့ ဝမ်ချွမ်းတာအိုကျောင်းတော်ဆီ ခေါ်ဖို့ ခက်ခဲနေမှာ မဟုတ်ဘူးလား ” နောက်ထပ် အမျိုးသမီးတစ်ဦးက ဝင်ပြောလိုက်သည်။
လန်အိုက ပြုံးကာ တိတ်တဆိတ်သာ နေလိုက်သည်။ သူမ အမြင်၌ မိုဝူကျိက ပို၍ လုပ်ရည်ကိုင်ရည် ရှိလာလေလေ သူ့အနေနှင့် ဝမ်ချွမ်းတာအိုကျောင်းတော်ဆီ ရောက်လာဖို့ အခွင့်အရေး များလေလေ ဖြစ်ကြောင်း ယုံကြည်ထား၏။ မိုဝူကျိက အမှန်တကယ် လုပ်နိုင်စွမ်း ရှိသည့်အခါမှ သူမအနေနှင့် သူမတို့ ဝမ်ချွမ်းတာအိုကျောင်းတော်မှ အကြီးအကဲများကို ဖန်းကျဲဆီ သွားရောက်တွေ့ဆုံ စကားစမြည်ပြောဖို့ နားချနိုင်မည် မဟုတ်ပါလော။
………………...
နတ်ဘုရားသိုက်မြုံအတွင်း ကောင်းကင်လူသားဂိုဏ်း၏ ယာယီစခန်း
ခန်းမအလယ်၌ ဖန်းကျဲသည် ဂိုဏ်းချုပ်နေရာတွင် အမူအယာပျက်ကာ ထိုင်နေလေ၏။
“ ရှန်းမင် …” အသက်ရှိုက်စာ အတော်ကြာပြီးနောက် ဖန်းကျဲက သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းကာ ရှန်းမင်အား ခေါ်လိုက်သည်။
“ တပည့်က တည်ထောင်သူ ဘိုးဘေးကို ဂါရဝပြုပါတယ် ” ရှန်းမင်က ကြောက်ရွံ့စွာဖြင့် ဦးညွှတ်လိုက်သည်။
ဖန်းကျဲက ရှန်းမင်အား ကြည့်ကာ “ ဒီနေ့က စပြီးတော့ မင်းက ငါတို့ ကောင်းကင်လူသားဂိုဏ်းရဲ့ တပည့် မဟုတ်တော့ဘူး။ ဒါက နတ်ဘုရားသိုက်မြုံဆိုတော့ မင်း သွားချင်တာ သွားလို့ ရတယ် ”
ရှန်းမင် မျက်နှာမှာ ဖြူဖျော့သွားလေ၏။ သူက မိုဝူကျိ ဖြေရှင်းပြီးပြီ ဖြစ်၍ အများဆုံး အပြစ်ပေးခံရမည် ဟုသာ တွေးထားလေသည်။ သူက ဂိုဏ်းမှ ဤသို့ ထုတ်ပယ်ခံရလိမ့်မည်ဟု မထင်ထားပေ။
ကံကောင်းစွာဖြင့် သူက အရူး မဟုတ်ပေ။ တည်ထောင်သူ ဘိုးဘေးက သူ့ဒေါသကို ချုပ်ထိန်းထားကြောင်း ကောင်းကောင်း သိနေသည်။ မဟုတ်လျှင် တည်ထောင်သူဘိုးဘေးက လက်ဝါးတစ်ချက်ဖြင့် ရှန်းမင်အား တစစီ ဖြစ်သွားစေလိမ့်မည်။
“ ဟုတ်ကဲ့ တပည့် နားလည်ပါပြီ ” ရှန်းမင်က ဖြေကြားလိုက်ပြီးနောက် အကြီးအကဲဝေကျဲက သူ့အား ခေါ်ထုတ်သွားလေသည်။
ရှန်းမင်ကို ဂိုဏ်းမှ မောင်းထုတ်ပြီးနောက် ဖန်းကျဲက ကျန်လူများအားလုံးကို ပြောလိုက်သည် “ဒီနေ့ကစပြီးတော့ မိုဝူကျိက ငါတို့ မျိုးဆက်သစ်ရဲ့ တပည့်ခေါင်းဆောင်ကြီးပဲ … နောင် ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ ငြင်းတာခုန်တာ မကြားချင်ဘူး။ နားလည်လား ”
“ ဟုတ်ကဲ့ ” တပည့်များအားလုံးက ညီတူညီမျှ ဦးညွှတ်လိုက်ကြသည်။
ဖူယင်က မိုဝူကျိနှင့် ပတ်သတ်၍ မကျေနပ်သော်လည်း ဘာမှမပြောရဲပေ။ တပည့်တစ်ယောက် ပြဿနာ ဖြစ်စဉ် သူက သွားရောက်ညှိနှိုင်းခဲ့သော်လည်း တစ်ဖက်လူဆီမှ လက်ဝါးနှစ်ချက်သာ ခံလိုက်ရသည်။ သူက ဂိုဏ်းများ၏ နတ်ဘုရားဘုရင်များအထိ သိကြားစေခဲ့သေး၏။
မိုဝူကျိက အားမကောင်းသော်လည်း မည်သို့ ပြောဆိုရမည်ကို ကောင်းကောင်း သိထား၏။ သူက ဂိုဏ်းပြန်လည်ဖွင့်လှစ်ရေးပွဲ၌ ကောင်းကောင်း အကျိုးဆောင်နိုင်ခဲ့ရုံသလိုမျိုး ယနေ့တွင်လည်း ကောင်းကောင်းမွန်မွန် လုပ်နိုင်ခဲ့သည်။ ပြောရမည်ဆိုလျှင် ဤသည်က မိုဝူကျိ၏ ကံကောင်းမှုသာ ဖြစ်၏။
ယခု တည်ထောင်သူဘိုးဘေးက အမိန့်ချမှတ်ပေးနေပြီ ဖြစ်ရာ အားလုံးက ဤအချက်မှာ ထပ်၍ မပြောင်းလဲနိုင်တော့ကြောင်း သိလိုက်ကြ၏။ မိုဝူကျိသည် သူတို့၏ တာ့ရှီရှုန်း ဖြစ်လာလိမ့်မည်။
ကောင်းသည့်အချက်က သူတို့တာ့ရှီရှုန်းတွင် သာမာန်ကျင့်ကြံဆင့်မျှသာ ရှိပြီး စီနီယာအစ်ကိုဖူယင်၏ စိမ်ခေါ်မှုကို လက်မခံရဲသော်လည်း သူက ထန်ဝူကျန်းအား ဖြောင့်ဖြနိုင်သည့်အထိ အံ့ဩဖို့ ကောင်းပေသည်။
“ ကောင်းပြီ … မိုဝူကျိကလွဲရင် အားလုံး သွားလို့ရပြီ ” အားလုံးက မိုဝူကျိအား သူတို့၏ တာ့ရှီရှုန်းအဖြစ် အသိအမှတ်ပြုသည်ကို မြင်၍ သူက ကျန်လူများကို သတိပေးနေစရာ မလိုတော့ပေ။
ကျန်တပည့်များ ထွက်သွားပြီးနောက် ဖန်းကျဲက မိုဝူကျိအား ထိုင်ဖို့ ပြောလိုက်သည် “ ဝူကျိ … မင်းလည်း ဒီကိစ္စက တမင်ကြံစည်ထားမှန်း သိတယ်မလား ”
မိုဝူကျိက ခေါင်းညိတ်ပြလိုက်ပြီး ထိုအကြံအစည်မှာ ဘာကို အရယူဖို့ရာ ကြိုးစားနေမှန်း မသိသော်လည်း ကြံစည်မှု တစ်ခု ဖြစ်ကြောင်း သိထား၏။
ဖန်းကျဲက ကျေနပ်စွာ ရှင်းပြလိုက်လေ၏ “ ဝူကျိ … ငါ မရောက်လာခင်ကရော၊ ငါ ရောက်လာပြီးတော့ရော မင်းက ကောင်းကောင်း ဖြေရှင်းပေးခဲ့တယ်။ နတ်ဘုရားဘုရင် ယန်ထင်းက ငါနဲ့ ရှန်းမင်ရဲ့ ဝိညာဉ်လမ်းကြောင်းကို စစ်ဆေးချင်နေတဲ့ အကြောင်းအရင်းကို မင်း သိလား ”
“ တည်ထောင်သူဘိုးဘေးက သင်ပြပေးပါ ” မိုဝူကျိက ဦးညွှတ်လိုက်သည်။
ဖန်းကျဲက သက်ပြင်းချကာ “ ငါတို့ ကောင်းကင်လူသားဂိုဏ်းက လျို့ဝှက်ချက်ကြီး ရှိနေလို့ နာမည်ကျော်ကြားတယ်။ အဲဒါက ငါတို့အနေနဲ့ သာမာန်အဖြစ်ဆုံး ကျင့်ကြံသူကိုတောင် နတ်ဘုရားဘုရင်အဆင့် ဝင်နိုင်တဲ့ အခွင့်အရေး ရအောင် လုပ်ပေးနိုင်တာပဲ။ နတ်ဘုရားနယ်မြေမှာ ကြယ်ငါးလုံးအောက် ကျင့်ကြံသူတွေက နတ်ဘုရားဘုရင် ဖြစ်လာဖို့ ကံမဆက်ဘူးဆိုပြီး ဆိုလေ့ရှိတယ် ”
“ နတ်ဘုရားနယ်မြေရဲ့ ပါရမီအဆင့်ကိုလည်း ကြယ်ကိုးလုံးနဲ့ အဆင့်ခွဲထားတာပဲလား ” မိုဝူကျိက အင်မော်တယ်လောက၌ ကျင့်ကြံသူများ၏ ပါရမီကို အများဆုံး ကြယ်ကိုးလုံးအထိ သတ်မှတ်ထားမှန်း သိ၍ မေးလိုက်ခြင်း ဖြစ်၏။
***