ကောင်းကင်လူသားဂိုဏ်း၏ ကွမ်ဟွမ်း
Vol. 66 Ch. 909
ဖန်းကျဲက ခေါင်းညိတ်ပြကာ
“ ဟုတ်တယ် … နတ်ဘုရားနယ်မြေရဲ့ ပါရမီအဆင့်ကိုလည်း ကြယ်ကိုးလုံးအထိ ခွဲခြားလို့ ရတယ်။ ဒါပေမဲ့ ငါတို့ ကြယ်ကိုးလုံးက အဆင့်နိမ့်အလွှာက ကြယ်ကိုးလုံးနဲ့ မတူဘူး။ ဝိညာဉ်ကြောတွေ အသွင်ပြောင်းသွားတာနဲ့ ဆက်ပြီး ပြောင်းလဲလို့ မရတော့ဘူး။ နတ်ဘုရားနယ်မြေမှာ ကြယ်တစ်လုံး ကျင့်ကြံသူတွေက ကနဦး နတ်ဘုရားအဆင့်အနားမှာ ရပ်တန့်သွားလိမ့်မယ်။ ကြယ်နှစ်လုံးအဆင့်ဆိုရင်တော့ ကောင်းကင်နတ်ဘုရားအဆင့်ဝန်းကျင်ပေါ့။
ငါက ကြယ်သုံးလုံး ကျင့်ကြံသူလေ။ အဲလိုအဆိုအရဆိုရင် ငါက နတ်ဘုရားအုပ်စိုးသူအဆင့်ထိပဲ ရောက်နိုင်မှာ … ဒါပေမဲ့ ငါက နတ်ဘုရားအုပ်စိုးသူအဆင့်ကို ကျော်ရုံတင်မကဘူး။ လောက နတ်ဘုရားအဆင့်ကိုတောင် ကျော်ပြီး နတ်ဘုရားဘုရင်အဆင့်ကို ရောက်လာတယ် … ”
မိုဝူကျိ ပထမဆုံး တွေးမိလိုက်သည့် အရာမှာ ဖန်းကျဲက ကြယ်သုံးလုံးအဆင့်တည်းဖြင့် နတ်ဘုရားဘုရင်အဆင့်ကို ဝင်ရောက်နိုင်သည့် အကြောင်းအရင်း မဟုတ်ပေ။ သူ တွေးမိလိုက်သည်က နတ်ဘုရားနယ်မြေ၏ ပါရမီအဆင့်ကို ကြယ်ကိုးလုံးအဆင့်အဖြစ် မည်သို့ ခွဲခြားထားကြောင်း ဖြစ်၏။ အဆင့်အရ ကြယ်ငါးလုံး ကျင့်ကြံသူသည် နတ်ဘုရားဘုရင်အဆင့်နှင့် ညီမျှနေသည်။
အဲဆို ကြယ်ခြောက်လုံး၊ ခုနှစ်လုံး၊ ရှစ်လုံးနဲ့ ကိုးလုံး ပါရမီရှင်တွေကရော …..
“ ငါ့ဆီမှာ ကြယ်သုံးလုံးအဆင့် ပါရမီပဲ ရှိပေမဲ့ နတ်ဘုရားဘုရင်အဆင့်ထိ ဘယ်လိုလုပ် တက်လှမ်းနိုင်ခဲ့တာလဲဆိုတာ သိလား ” ဖန်းကျဲက မိုဝူကျိအား ပါရမီအဆင့်နှင့် ကျင့်ကြံဆင့်ကြားမှ ဆက်နွယ်မှုအကြောင်း ပြောပြီးနောက် မေးလိုက်သည်။
မိုဝူကျိက မြန်မြန် ဖြေလိုက်သည် “တပည့် မသိပါဘူး ”
အမှန်တော့ သူက စိတ်မဝင်စားပေ။ သူ ကိုယ်တိုင်ကပင် ဝိညာဉ်ကြော မရှိဘဲ ပါရမီအလွန်နိမ့်သည့် သေမျိုးတစ်ယောက် မဟုတ်ပါလော။ သူသည်လည်း နတ်ဘုရားနယ်မြေသို့ တက်လှမ်းလာနိုင်သည် မဟုတ်ပါလော။
ဖန်းကျဲက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်
“ ငါတို့ ကောင်းကင်လူသားဂိုဏ်းမှာ တမူထူးတဲ့ ကျင့်ကြံရေး လျို့ဝှက်ချက် ရှိတယ်။ အဲဒါက သာမာန်ကျင့်ကြံသူကိုတောင် သူတို့ပါရမီအဆင့် ကန့်သတ်ချက်ကို ကျော်လွန်သွားစေနိုင်တယ်။ နတ်ဘုရားဘုရင် ယန်ထင်းက အဲဒီအကြောင်းကို သိထားလို့ ဝိညာဉ်သန့်စင်ရေး တာအိုအသီးကို အကြောင်းပြပြီး ငါတို့ ကောင်းကင်လူသားဂိုဏ်းရဲ့ လျို့ဝှက်ချက်ကို သိချင်နေတာ … ”
မိုဝူကျိ မေးသည့်အထိ မစောင့်တော့ဘဲ ဖန်းကျဲက ဆက်ရှင်းပြလိုက်သည်
“ ဝိညာဉ်သန့်စင်ရေး တာအိုအသီးကို စားထားတဲ့ ဘယ်သူမဆို သူတို့ ဝိညာဉ်လမ်းကြောင်း အပြောင်းအလဲ ဖြစ်လာလိမ့်မယ်။ သူတို့ရဲ့ ပင်ကိုယ်ပါရမီနဲ့ အသိစိတ်ပင်လယ်က နောက်တဆင့် ရောက်သွားလိမ့်မယ်။ ငါသာ နတ်ဘုရားဘုရင် ယန်ထင်းနဲ့ ရှန်းမင်ရဲ့ ဝိညာဉ်ကြောကို အတူတူ စစ်ဆေးကြည့်လိုက်တာနဲ့ သူက ငါ့ကျင့်ကြံရေးအကြောင်း ရိပ်မိသွားလိမ့်မယ် … ပြီးတော့ ဝိညာဉ်လမ်းကြောင်းမှာ ရှိနေတဲ့ တာအိုအငွေ့အသက် လှည့်ပတ်မှုအားလုံးကိုလည်း အာရုံခံမိသွားလိမ့်မယ်။
နတ်ဘုရားဘုရင် ယန်ထင်းက ငါတို့ရဲ့ လျို့ဝှက်ချက်ကို နည်းနည်းလေး သိရုံနဲ့ သူက ငါ အဆင့်မတက်လှမ်းခင် စားခဲ့တဲ့ တာအိုအသီးကို ရှာတွေ့သွားပြီးတော့ အဲလို တာအိုအသီးကို ဘယ်လို သန့်စင်ရမယ်ဆိုတာလဲ သိသွားလိမ့်မယ်။ သူသာ အဲဒီလျို့ဝှက်ချက်တွေကို သိသွားတာနဲ့ ငါတို့ ကောင်းကင်လူသားဂိုဏ်းရဲ့ ကောင်းကင်လူသားဂိုဏ်းရဲ့ ကျင့်စဉ်က လျို့ဝှက်ချက်အဖြစ် ဆက်လက် ရှိနေမှာ မဟုတ်တော့ဘူး ”
“ တည်ထောင်သူဘိုးဘေး …. အဲလိုဆို ကျွန်တော်တို့ ကောင်းကင်လူသားဂိုဏ်းရဲ့ နတ်ဘုရားဘုရင် တစ်ယောက်ယောက်ကို ဖမ်းမိသွားတာနဲ့ လျို့ဝှက်ချက်တွေ အကုန်ပေါ်သွားမှာလား ” မိုဝူကျိက မေးလိုက်သည်။ သူက တခြားသူများ သာမာန်ကာလျှံကာ ဖော်ထုတ်နိုင်သော လျို့ဝှက်ချက်အကြောင်းကို စဉ်းစားနေမိသည်။
ဖန်းကျဲက ပြုံးကာ “ မဟုတ်ဘူး …. ငါ့တာအိုအသီးရဲ့ တာအိုအငွေ့အသက်တွေ ပျောက်ကွယ်သွားပြီး နတ်ဘုရားဘုရင်အဆင့် အခြေတည်သွားပြီဆိုရင် သူ့အနေနဲ့ ဘာလျို့ဝှက်ချက်မှ သိနိုင်မှာ မဟုတ်တော့ဘူး။ သူက ဒီအကြံအဖန်ကို လုပ်တာက အခုမှ ငါက နတ်ဘုရားဘုရင်အဆင့်ကို တက်ပြီးတော့ အခြေမတည်သေးဘူးဆိုတာကို သိနေလို့ပဲ … ”
မိုဝူကျိက အတွေးလွန်နေသည်ကို သတိထားမိ၍ ဖန်းကျဲက ဝင်ဖြတ်ပြောလိုက်သည်
“ ဝူကျိ … မင်း အတွေးလွန်နေဖို့ မလိုဘူး။ မင်းရဲ့ ပါရမီက သာမာန်ဆိုပေမဲ့ ငါတို့ ကောင်းကင်လူသားဂိုဏ်းကလည်း ပါရမီကောင်းကောင်းကို အများကြီး တွေးကြတဲ့ ဂိုဏ်းမျိုး မဟုတ်ဘူး။ တကယ်လို့ ငါတို့သာ လာမဲ့ နတ်ဘုရားသိုက်မြုံမှာ မင်းရဲ့ ဝိညာဉ်ကြောကို သန့်စင်ပေးနိုင်တဲ့ ရတနာမျိုး ရှာတွေ့နိုင်ခဲ့ရင် အကောင်းဆုံးပဲ။ တကယ်လို့ ငါတို့ ရှာမတွေ့ရင်လည်း မင်းအနေနဲ့ ငါ့ရဲ့ ကောင်းကင်လူသားကျင့်စဉ်နဲ့ ကောင်းကင်လူသားဂိုဏ်းရဲ့ လျို့ဝှက်နည်းလမ်းကို တွဲပြီးတော့ ကျင့်ကြံရုံပဲ …
မင်းရဲ့ နားလည်နိုင်စွမ်းနဲ့ဆိုရင် နတ်ဘုရားဘုရင်အဆင့် ရောက်ဖို့က မဖြစ်နိုင်တာမျိုး မဟုတ်ဘူး။ စိုးရိမ်စရာ တစ်ခုက မင်းမှာ လျှပ်စီးဝိညာဉ်ကြော ရှိနေတာပဲ။ ငါ့ကောင်းကင်လူသားကျင့်စဉ်အပြင် ငါ့ဆီမှာ မင်းကို ကူညီပေးနိုင်တဲ့ လျှပ်စီးနဲ့ ပတ်သတ်တဲ့ ကျင့်စဉ်မျိုး မရှိဘူး … ”
မိုဝူကျိက ဖန်းကျဲသည် သူ့အား ပြုစုပျိုးထောင်ပေးဖို့ရာ စိတ်အားထက်သန်နေကြောင်း သိလိုက်၏။ ထိုစဉ် သူက ဖန်းကျဲကို အမှန်အတိုင်း ပြောပြသင့်သည်ဟု ခံစားမိလာကာ မတ်တတ်ရပ်လိုက်ပြီး ဦးညွှတ်လိုက်ရင်း
“ တည်ထောင်သူဘိုးဘေးကို ဆရာအဖြစ် လက်မခံတာက လျှပ်စီးကျင့်စဉ်ကြောင့် မဟုတ်ပါဘူး။ ကျွန်တော်က အင်မော်တယ်လောကမှာ ဖင်းဖန်လို့ ခေါ်တဲ့ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ။ နောင်ကျရင် ကျွန်တော်က ကိုယ့်ပိုင်ဂိုဏ်း တည်ထောင်မိတာမျိုး ဖြစ်နိုင်တယ်လေ။ အဲဒါကြောင့် တည်ထောင်သူဘိုးဘေးကို ဆရာအဖြစ် လက်ခံဖို့ရော၊ ကောင်းကင်လူသားကျင့်စဉ်ကို ကျင့်ကြံနိုင်ဖို့ပါ မဖြစ်နိုင်တာပါ ”
ဖန်းကျဲက အနည်းငယ် အံ့အားသင့်မိသွားလေ၏။ အကယ်၍ တခြားကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူက နောင်အခါတွင် ဂိုဏ်းတည်ထောင်မည့်အကြောင်း ပြောလာလျှင် ဖန်းကျဲအနေနှင့် ဝေးဝေးကို ကန်ထုတ်မိပေလိမ့်မည်။ သို့သော်လည်း မိုဝူကျိက ဂိုဏ်းတည်ထောင်လိုကြောင်း ပြောလာသောအခါ ဖန်းကျဲက မဖြစ်နိုင်ကြောင်း မထင်မိပေ။
ဖန်းကျဲက သက်ပြင်းချကာ မိုဝူကျိ ထဖို့ရာ ကူပေးလိုက်ပြီး
“ ဝူကျိ … မင်းရဲ့ အနာဂတ်က ကန့်သတ်ချက်မဲ့တာ အသေအချာပဲ။ မင်း ထန်ဝူကျန်းကို ဘယ်လို ဖြောင့်ဖြခဲ့လဲဆိုတာတော့ မမေးတော့ဘူး။ မင်းဆီမှာလည်း ကိုယ်ပိုင်အတွေး ရှိနေမှတော့ ငါ့ကို တည်ထောင်သူ ဘိုးဘေးလို့ ဆက်မခေါ်နဲ့တော့ … ငါ့ကို စီနီယာအစ်ကိုကြီးလို့ပဲ ခေါ်လေ။ မင်းက ဂိုဏ်းတည်ထောင်ချင်တဲ့ကိစ္စက နောင်ကြာလာမှ ဖြစ်လာမဲ့ ကိစ္စလေ။ အဲဒီမတိုင်ခင်အထိ ကောင်းကင်လူသားဂိုဏ်းက မင်းရဲ့အိမ် ဖြစ်နေဦးမှာပဲ … ”
“ ကျွန်တော် ဘယ်လိုလုပ် လုပ်နိုင်မှာလဲ ” မိုဝူကျိက နတ်ဘုရားဘုရင်တစ်ယောက်အား စီနီယာအစ်ကိုဟု ခေါ်ဆိုရန် သတ္တိမရှိသောကြောင့် ကြောင်အမ်းကာ အံ့ဩမိသွားသည်။ သူက ဖန်းကျဲအား ထန်ဝူကျန်းကို မည်သို့ ဖြောင့်ဖြလိုက်လဲ မမေးသည့်အတွက် ကျေးဇူးတင်မိသည်။ ဖန်းကျဲက သူ့တွင်လည်း ကိုယ်ပိုင်လျို့ဝှက်ချက်များ ရှိနေလိမ့်မည်ဟု သေချာသိနေသည်။ မိုဝူကျိက နောင်တွင် ကိုယ်ပိုင်ဂိုဏ်း တည်ထောင်လိုသောကြောင့် ဖန်းကျဲက ထိုသို့မေးခွန်းမျိုး မမေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။ မိုဝူကျိက ဖန်းကျဲအား လေးစားသွားမိစေသည့်အချက်မှာ မိုဝူကျိက ကောင်းကင်လူသားဂိုဏ်းမှ ထွက်သွားမည့်အကြောင်း သိထားသော်လည်း ဖန်းကျဲ၏ မပြောင်းမလဲ သဘောထားကို ဖြစ်၏။ ဖန်းကျဲ၏ တုံ့ပြန်မှုမှာ မိုဝူကျိ၏ လေးစားမှုနှင့် ယုံကြည်အားကိုးမှုကို ရရှိသွားစေ၏။
ဖန်းကျဲက မိုဝူကျိအား ထိုင်ခိုင်းလိုက်ပြီး ပြောလိုက်သည်
“ ဝူကျိ … မင်း အခု ပြောလိုက်တာက တခြားသူတွေအနေနဲ့ဆိုရင် လေလုံးကြီးနေတယ်လို့ ထင်ကြလိမ့်မယ်။ ဒါပေမဲ့ ငါက မင်းကို ယုံကြည်တယ်။ ငါ့ကောင်းကင်လူသားဂိုဏ်းကို ဘယ်လိုတည်ထောင်ခဲ့လဲဆိုတာ သိလား။
အရင်တုန်းက ငါ့တို့ ကောင်းကင်လူသားဂိုဏ်းရဲ့ တည်ထောင်သူဘိုးဘေး နာမည်က ကွမ်ဟွမ်းတဲ့ … သူက ပါရမီ ကြယ်တစ်လုံး အဆင့်ပဲ ရှိတယ်။ နတ်ဘုရားနယ်မြေမှာ ကြယ်တစ်လုံး ပါရမီဆိုတာက သေမျိုးတွေနဲ့ သိပ်မကွာခြားဘူးလေ။ တည်ထောင်သူဘိုးဘေး ကွမ်ဟွမ်းမှာ ပါရမီနိမ့်တော့ ဘယ်နေရာကို သွားသွား အားလုံးရဲ့ အထင်သေးအမြင်သေး အကြည့်ခံခဲ့ရတယ်။ ပြီးတော့ သူ့ရဲ့ ခပ်ဝဝ သွင်ပြင်ကြောင့် သူ လူကြားထဲ ပေါ်လာတဲ့အခါတိုင်း လူပြက်တစ်ယောက်လိုမျိုး ဆက်ဆံခဲ့ရတယ် ….. ”
ဖန်းကျဲက တည်ထောင်သူဘိုးဘေးကို စာနာမိသွားကာ သက်ပြင်းချလိုက်ပြီး
“ ဒါပေမဲ့ တည်ထောင်သူဘိုးဘေး ကွမ်ဟွမ်းက ဘယ်သူတွေ ဟာသလုပ်လုပ်၊ ပြက်ရယ်မောနေပါစေ အပြုံးမပျက်ခဲ့ဘူး။ တည်ထောင်သူဘိုးဘေး ကွမ်ဟွမ်းက အနိုင်ကျင့်ခဲ့ရတဲ့အခါတိုင်း အပြုံးရှိနေတုန်းပဲ … တခြားသူတွေ မလိုချင်တဲ့ ကျင့်စဉ်တွေ၊ မပြီးပြည့်စုံတဲ့ ကျင့်စဉ်တွေက တည်ထောင်သူဘိုးဘေး ကွမ်ဟွမ်းဆီ ရောက်လာတယ် …
ဒါပေမဲ့ တည်ထောင်သူဘိုးဘေး ကွမ်ဟွမ်းရဲ့ နားလည်နိုင်စွမ်းက အရမ်းကို အံ့အားသင့်ဖို့ ကောင်းတယ်။ သူက သူ စုဆောင်းထားတဲ့ ကျင့်စဉ်တွေအားလုံးကို နှစ်ပေါင်း ကိုးသိန်းလောက် အသုံးချပြီးတော့ ပေါင်းစပ်နိုင်ခဲ့တယ်။ အဲဒါက သူ ကောင်းကင်လူသားကျင့်စဉ်ကို ဖန်တီးနိုင်ခဲ့တာပဲ … နှစ်ပေါင်းကိုးသိန်းတစ်လျှောက်လုံး သူက ကနဦး နတ်ဘုရားအဆင့်မှာပဲ ရပ်တန့်နေခဲ့တယ်။ ကောင်းကင်လူသားကျင့်စဉ်ကို ဖန်တီးပြီးတော့ တည်ထောင်သူဘိုးဘေး ကွမ်ဟွမ်းရဲ့ ကျင့်ကြံဆင့်က အဆများစွာ မြင့်တက်လာတယ်။ ဖြည်းဖြည်းချင်းနဲ့ သူက နေရာတစ်နေရာစာ ရလာပြီးတော့ ကောင်းကင်လူသားဂိုဏ်းကို တည်ထောင်နိုင်ခဲ့တာပဲ … ”
“ အဲဆို ကျွန်တော်တို့ ကောင်းကင်လူသားဂိုဏ်းရဲ့ တည်ထောင်သူ ကွမ်ဟွမ်းက မရှိတော့ဘူးလား ” မိုဝူကျိက တည်ထောင်သူ ကွမ်ဟွမ်းအား ရုတ်တရက် နက်နက်ရှိုင်းရှိုင်း လေးစားမိသွားသည်။
ကွမ်ဟွမ်းနှင့် ယှဉ်လျှင် သူ့အတွေ့အကြုံများက ပို၍ ကောင်းနေသေး၏။ သူက ကမ္ဘာမြေပေါ်တွင် သစ္စာဖောက်ခံခဲ့ရလျှင်ပင် တခြားသူများ မော့ကြည့်ရသည့် တည်ရှိမှုမျိုး ဖြစ်ခဲ့၏။ သူက ချန်းယွီနိုင်ငံတွင် မွေးဖွားလာလျှင်ပင် သူ့ဘဝမှာ တခြား ဆင်းရဲနေသူများထက် ပိုကောင်းနေသေး၏။
အားလုံး၏ လှောင်ပြောင်ခံခဲ့ရသည့် လူတစ်ဦးအနေနှင့် သူ့သဘောထားကို ဆက်လက် ထိန်းသိမ်းထားနိုင်သေး၏။ ဤလူက ဘယ်လောက်များ စိတ်ထားကြီးကျယ်နေသနည်း။ ကွမ်ဟွမ်း၏ နားလည်နိုင်စွမ်းနှင့် ကောင်းကင်လူသားကျင့်စဉ်ကို ဖန်တီးနိုင်မှုအရ သူက သေချာပေါက် အရူး တစ်ယောက် မဟုတ်ပေ။
ဖန်းကျဲက ခေါင်းခါလိုက်ပြီး မိုဝူကျိ၏ မေးခွန်းကို မဖြေဘဲနှင့်သာ နေလိုက်သည်။
မိုဝူကျိက နောင်တွင် ကောင်းကင်လူသားဂိုဏ်းမှ ထွက်သွားကောင်း ထွက်သွားနိုင်သောကြောင့် ဖန်းကျဲအနေနှင့် ဆက်လက်၍ မရှင်းပြတော့ပေ။ သူက မိုဝူကျိအား ပြောလိုက်၏
“ မင်း အခုပြန်ပြီးတော့ အနားယူသင့်တယ်။ နတ်ဘုရားသိုက်မြုံထဲက အင်အားစုတွေက ရောနှောနေတာ … နတ်ဘုရားဘုရင်အဆင့် ရောက်ရုံလေးနဲ့ ငါက ဝင်ပြောဖို့ အရည်အချင်း မပြည့်မှီသေးဘူး ”
“ ဟုတ်ကဲ့ပါ တည်ထောင်သူဘိုးဘေး ” မိုဝူကျိက အစပိုင်းတွင် ကြယ်ငါးလုံး ပါရမီရှင်များအနေနှင့် နတ်ဘုရားဘုရင်အဆင့်ကို ဝင်ရောက်ရန် ပိုလွယ်ကူလားဟု မေးချင်သော်လည်း ဖန်းကျဲက ဆက်လက် စကားဆက်ပြောချင်စိတ် မရှိတော့မှန်း သိ၍ ထပ်မမေးရန် ရွေးချယ်လိုက်သည်။ သူက တခြားတစ်ယောက်အား မေးကြည့်သင့်သည်က ပို၍ကောင်းမည် ဖြစ်ကြောင်း ခံစားမိလိုက်၏။
ဖန်းကျဲက ပြုံးကာ “ နောင်ကျ ငါ့ကို မင်းရဲ့ စီနီယာအစ်ကိုလို့ပဲ ခေါ်ပေါ့…”
ဖန်းကျဲ၏ ဇာတ်ကြောင်းမှ ကွမ်ဟွမ်းအကြောင်းကို ကြားပြီးနောက် မိုဝူကျိက ဖန်းကျဲသည် သူ့အား အကြောင်းပြချက် မရှိဘဲ စီနီယာအစ်ကိုကြီးဟု ခေါ်ဝေါ်ခွင့် ပြုထားမည် မဟုတ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက တည့်တိုးသာ ဖြေလိုက်သည် “ ဟုတ်ကဲ့ စီနီယာအစ်ကိုကြီး .. ”
…………….…
ဝိညာဉ်သန့်စင်ရေး တာအိုအသီး ကိစ္စနှင့် ပတ်သတ်ပြီး မတော်တဆ ဖြစ်ရပ်အပြီးတွင် ကောင်းကင်လူသားဂိုဏ်း၏ တပည့်များက ရောက်ခါစကဲ့သို့ စိတ်လှုပ်ရှားနေခြင်း မရှိတော့ပေ။ သွားလာလှုပ်ရှားမှုလည်း နည်းပါးသွားတော့သည်။ အနည်းဆုံးတော့ သူတို့က သူတို့၏ ကောင်းကင်လူသားဂိုဏ်းတွင် နတ်ဘုရားဘုရင်တစ်ယောက်အား တည်ထောင်သူဘိုးဘေးအဖြစ် ရှိထားသော်လည်း သေးငယ်သည့် တည်ရှိမှုမျိုး ဖြစ်နေသည့်အချက်မှာ မပြောင်းလဲသွားပေ။
မိုဝူကျိက တစ်ခါမှ အပြင်မထွက်ပေ။ သူက ဇာမဏီနတ်ဝိညာဉ်ပရဝဏ် အဖွဲ့သားများက သူ့အကြောင်း သေချာပေါက် တွေးနေမည် ဖြစ်ကြောင်း သိထားသည်။ သူက ကနဦး နတ်ဘုရားအဆင့် ၁ မျှသာ ရှိထားပြီး ထန်ဝူကျန်းသည် သူ့နှင့် ရင်ဆိုင်လိုလျှင်ပင် သူ့အနေနှင့် ကောင်းကင်နတ်ဘုရားအဆင့် တစ်ယောက်လောက်ကို ခေါ်ရုံသာ လိုအပ်၏။ မိုဝူကျိက အရူး မဟုတ်ပေ။ ဤသို့အချိန်မျိုး၌ ဘာကြောင့် အပြင်ထွက်ရမည်နည်း။ ထို့အပြင် သူက အင်မတန် ဆင်းရဲလှသည့်အတွက် အပြင်ဘက်၌ လုပ်စရာလည်း မရှိချေ။ အသိစိတ်ကျောက် အနည်းငယ်အပြင် မိုဝူကျိတွင် အဖိုးတန်သည့်အရာ တစ်ခုတစ်လေမျှ မရှိပေ။
မျက်စိတစ်မှိတ်အတွင်း လေးလတာ ကုန်ဆုံးသွားကာ မိုဝူကျိက ကနဦး နတ်ဘုရားအဆင့် ၁ မှ အဆင့်တက်ဖို့ရာ တွေးမိနေသော်လည်း သနားစရာကောင်းသည့်အချက်မှာ သူ့တွင် နတ်ဘုရားကျောက် မရှိနေပေ။ သူ့တွင် နတ်ဘုရားကျောက်များ ရှိနေပါက ကျင့်ကြံရေးသည် ပိုမို တိုးတက်သိသာလာမည် ဖြစ်ကြောင်း သေချာနေ၏။
သူ့တိုးတက်နှုန်းက အရမ်းနှေးကွေးနေလျှင်ပင် မိုဝူကျိက ကျင့်ကြံရေးအား လျစ်လျူရှုမထားပေ။ နတ်ဘုရားသိုက်မြုံ၌ သူ့ကျင့်ကြံဆင့်မှာ အနိမ့်ဆုံး ဖြစ်ကြောင်း သိထား၏။
မိုဝူကျိ တံခါးပိတ် ကျင့်ကြံနေစဉ်အတွင်း တစ်ယောက်က သူ့ဆီ ရောက်လာသည်။
ဝိညာဉ်သန့်စင်ရေး တာအိုအသီး ကိစ္စ အပြီးတွင် နတ်ဘုရားသိုက်မြုံ၏ ကောင်းကင်လူသားဂိုဏ်း နေရာအတွင်း မိုဝူကျိက ဖန်းကျဲအပြင် ဒုတိယ တည်ရှိမှုမျိုး ဖြစ်လာသည်။ ဝေကျဲပင် မိုဝူကျိအား သာမာန်ကာလျှံကာ အမိန့် မပေးနိုင်တော့ပေ။ ထို့ကြောင့် မိုဝူကျိအား နေ့စဉ် လုပ်ငန်းအတွက် စွက်ဖက်ကြသူများ မရှိတော့ပေ။
ပထမဆုံးအရာမှာ မိုဝူကျိ၏ အဆင့်အတန်း အပြောင်းအလဲကြောင့် ဖြစ်ပြီး ဒုတိယအနေနှင့် နတ်ဘုရားသိုက်မြုံသို့ ရောက်လာကြသည့် တပည့်များတွင် မိုဝူကျိနှင့် အဆင်ပြေသည့်သူက နည်းပါး၏။ တည်ထောင်သူဘိုးဘေးက မိုဝူကျိအား သူတို့၏ တာ့ရှီရှုန်းအဖြစ် သတ်မှတ်ထားပြီးပြီ ဖြစ်သော်လည်း အများစုက သူတို့စိတ်ထဲ၌ ဖူယင်ကိုသာ ထောက်ခံပေးနေကြသည်။ အကြောင်းမှာ ဖူယင်သည် တပည့်များအနက် ကျင့်ကြံဆင့်အရ အားအကောင်းဆုံး ဖြစ်နေ၍ ဖြစ်သည်။
မိုဝူကျိက တံခါးအပြင်ဘက်တွင် ရပ်နေသူမှာ ကူချိုက် ဖြစ်ကြောင်း တွေ့လိုက်၍ ချက်ချင်း ဖွင့်ပေးလိုက်သည်။
“ ကူချိုက် … ကနဦးနတ်ဘုရားအဆင့် ၂ ရောက်သွားတာ ဂုဏ်ပြုပါတယ် ” မိုဝူကျိက တစ်ချက်ကြည့်ရုံဖြင့် သူမ အဆင့်တက်သွားကြောင်း တန်းသိလိုက်သည်။
“ အစ်ကိုကြီး … ညီမက အခုမှ ကနဦး နတ်ဘုရားအဆင့် ၂ ပဲ ရောက်သေးတာပါ ” ကူချိုက်က သူမ ကျင့်ကြံဆင့်မှာ ယခင်လို မဟုတ်တော့သည့်အတွက် စိတ်သက်သာရာ ရနေမိသည်။ ထိုသည်က သူမအနေနှင့် အစ်ကိုကြီးနောက်ကို လိုက်ဖို့ရာ စိတ်ပြတ်သားသွားစေသည်။ သူမ လက်ရှိကျင့်စဉ်မှာ အစ်ကိုကြီး ပေးထားခြင်း မဟုတ်ပါလော။ ယခင် သူမ ကျင့်စဉ်ထက် အဆများစွာ ပိုမြန်နေသေးသည်။
“ ကျင့်ကြံနေမဲ့အစား ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ ” မိုဝူကျိက ပြုံးရင်း မေးလိုက်သည်။ ကူချိုက်သည် ကျင့်ကြံရေးကို စွဲလမ်းသူ တစ်ဦး ဖြစ်ကြောင်း သိထားလေရာ သူမတွင် အားလပ်ချိန် ရှိသည်နှင့် အမြဲတမ်းလိုလို ကျင့်ကြံနေလျက် ရှိတတ်သည်။
ကူချိုက်က မြန်မြန် ပြန်ဖြေလိုက်သည် “ မမလှလှ တစ်ယောက်က အစ်ကိုကြီးကို တွေ့ချင်လို့ဆိုပြီး ရောက်လာတယ် …”
***