← Chapters

နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာခြင်း

Vol. 66 Ch. 910

နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာခြင်း

Vol. 66 Ch. 910

မမ လှလှတဲ့လား ….

မိုဝူကျိက တွေးလိုက်သော်လည်း နတ်ဘုရားနယ်မြေ၌ မိန်းမလှလေးဟု ယူဆလောက်ရသည့်သူနှင့် တွေ့ကြောင်း မတွေးမိပေ။ သူ တွေ့ဖူးသည့်အထဲ ရုပ်ရည်အဆင်ပြေဆုံး မိန်းကလေးမှာ လျူရုတင်းသာ ဖြစ်၏။ သူမသည်လည်း ကြည့်ကောင်းရုံမျှသာ ဖြစ်ပြီး တင့်တယ်လှပသည့် ပုံစံမျိုး မဟုတ်ပေ။

မိုဝူကျိက စိတ်စွမ်းအားဖြင့် အပြင်ဘက်ကို အာရုံခံကြည့်လိုက်သည့်အခါ ကောင်းကင်လူသားဂိုဏ်း နေရာပြင်ပ၌ အစိမ်းဖျော့ဝတ်စုံနှင့် မိန်းကလေး တစ်ယောက်ကို မြင်လိုက်ရသည်။ သူမ ဝတ်စုံမှာ လေနှင့် လွှင့်နေသည့်အတွက် လေနှင့်ပါသွားတော့မည့်အလား ထင်မှတ်စေ၏။

လေပြေလေးက တိုက်ခတ်နေသောကြောင့် အမြင်လွဲဖို့ရာ ခက်သည့် သူမ ကောက်ကြောင်းတို့အား ပို၍ ထင်သာမြင်သာ ဖြစ်လာစေသည်။ ထိုအမျိုးသမီးတွင် ပန်းပုရုပ်တု မျက်နှာသွင်ပြင်မျိုး ရှိကာ ပြီးပြည့်စုံလွန်းနေသောကြောင့် ပုံရိပ်ယောင်တစ်ခုအလား ခံစားရစေသည်။

ထိုအမျိုးသမီးက မိုဝူကျိအား ချိန်စုယင်ကို ပြန်လည် အမှတ်ရသွားစေ၏။ အကယ်၍ ချိန်စုယင်သာ သူမဘေးတွင် ရပ်နေလျှင် သူမအနေနှင့် ထိုအစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးအား ရှုံးမည် မဟုတ်ပေ။ ထိုအမျိုးသမီးဘေးတွင် ရပ်ဖို့ရာ ကြိုးစားသည့် တခြားအမျိုးသမီးတိုင်းက ထိုအမျိုးသမီးအား ပိုမို လှပနေစေရန် ပံ့ပိုးမှုတစ်ခုမျှသာ ဖြစ်သွားပေမည်။ ဤအမျိုးသမီးက “မမလှလှ” ဟု ခေါ်ဆိုရန် တကယ် ထိုက်တန်ပေ၏။

“ ငါ တစ်ချက် သွားကြည့်လိုက်ဦးမယ် ” မိုဝူကျိက ထိုအမျိုးသမီးကို မသိရာ သူမက သူ့အား လာရှာသည့် အကြောင်းအရင်းကိုလည်း နားမလည်ပေ။

“ ချူယို့က စီနီယာအစ်ကိုကြီးကို ဂါရဝပြုပါတယ် ” မိုဝူကျိက ကောင်းကင်လူသားဂိုဏ်း နေရာ အစွန်းအဖျားသို့ ရောက်လာသည့်အခါ သူ ဘာမှမပြောခင် ထိုမိန်းမလှလေးက အရင်ဦးစွာ မိတ်ဆက်လိုက်၏။

“ မင်းက… ... ” မိုဝူကျိက ထိုမိန်းမလှလေးအား ကြည့်လိုက်သော်လည်း  တကယ်ကို မမှတ်မိပေ။ သူက ထိုအမျိုးသမီး သူ့အား လာရှာသည့် အကြောင်းအရင်းကိုလည်း စဉ်းစားနေမိသည်။

ချူယို့က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်  “ စီနီယာအစ်ကိုကြီးမိုနဲ့ စကားနည်းနည်းလောက် ပြောလို့ ရမလား ”

ကောင်းကင်လူသားဂိုဏ်း၏ တည်နေရာ ဖြစ်သောကြောင့် တည်ထောင်သူဘိုးဘေး ဖန်းကျဲနှင့် အကြီးအကဲဝေကျဲအပြင် တခြားသူများက အကြောင်းပြချက်မရှိဘဲ တစ်စုံတစ်ယောက်အား သူတို့နေရာသို့ ခေါ်လာခွင့် မရှိပေ။ မိုဝူကျိက တာ့ရှီရှုန်း ဖြစ်သောကြောင့် သူ့အနေနှင့် လူများကို ခေါ်လာနိုင်သည့် အာဏာ ရှိပေ၏။ မိုဝူကျိက ထိုမိန်းမလှလေးမှာ ကနဦး နတ်ဘုရားအဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေကြောင်း ပြောနိုင်ပေသည်။

သို့သော်လည်း မိုဝူကျိက သူမ ကျင့်ကြံဆင့်ကို အာရုံမစိုက်ဘဲ ခေါင်းညိတ်ပြကာ  “ ရပါတယ် … ကျုပ်နဲ့ အတူတူ လိုက်ခဲ့ပါ ”

“ အစ်ကိုကြီး … ညီမ သွားပြီးတော့ ကျင့်ကြံလိုက်ဦးမယ် ” မိုဝူကျိက ချူယို့အား ခေါ်လာသည်ကို မြင်ကာ မိုဝူကျိနောက် လိုက်လာသည့် ကူချိုက်က အသိပေးလိုက်၏။

ချူယို့က မိုဝူကျိကို လာရှာစဉ်က သူမက ကျူးနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့သည်။ ကျူးက တာ့ရှီရှုန်း မိုဝူကျိအား မနှောင့်ယှက်ရဲသောကြောင့် သူက ကူချိုက်အား မိုဝူကျိကို အသိပေးရန် ခေါ်လိုက်ခြင်း ဖြစ်၏။

မိုဝူကျိက ကူချိုက် ပခုံးကို ပုတ်ပေးကာ  “ ကြိုးကြိုးစားစားနဲ့ ကျင့်ကြံနော် … နောင်ကျ မင်းလည်း နတ်ဘုရားသိုက်မြုံကို ဝင်ခွင့် ရမှာပါ ”

ကူချိုက်က မိုဝူကျိ စကားများကို သံသယ မရှိပေ။ သူမက တက်တက်ကြွကြွ ပြန်ဖြေလိုက်ပြီးနောက် မြန်မြန် ထွက်သွားတော့သည်။

………………

မိုဝူကျိက ချူယို့အား သူ့အခန်းဆီ ခေါ်လာပြီးသည့်နောက်တွင် အတားအဆီးများ ပြန်ချလိုက်ပြီး အင်မော်တယ် အခါးရည်ဖြင့် ဧည့်ခံလိုက်သည်။ ထို့နောက် သူက မေးလိုက်၏  “ တာအိုရောင်းရင်း ချူယို့ ပြောချင်တာ ပြောပါ ”

မိုဝူကျိက သူမအား အင်မော်တယ်အခါးရည် တစ်ခွက် တိုက်ပုံနှင့် သူ့သိုလှောင်အိတ်တို့ကို ကြည့်ကာ သူမက မိုဝူကျိသည် အလွန်ဆင်းရဲကြောင်း မှန်းဆမိလိုက်၏။ သူမက မတ်တတ်ရပ်ကာ ဦးညွှတ်လိုက်ပြီး  “ စီနီယာအစ်ကိုကြီးမို … တကယ်တော့ ကျွန်မက ဝမ်ချွမ်းတာအိုကျောင်းတော်ရဲ့ ပင်မတပည့် တစ်ယောက်ပါ ”

မိုဝူကျိက ယခင်ကလို ဘာမှမသိသည့် အခြေအနေ မဟုတ်တာကြောင့် အံ့အားသင့်မိသွားသည်။ သူက ဝမ်ချွမ်းတာအိုကျောင်းတော်သည် နတ်ဘုရားနယ်မြေ၌ ထိပ်သီးဂိုဏ်းတစ်ဂိုဏ်း ဖြစ်ကြောင်း ကြားထား၏။ ကောလဟာလများအရ သူတို့ဂိုဏ်းတွင် နတ်ဘုရားဘုရင် နှစ်ယောက်ပင် ရှိနေသေး၏။ သူက မဟာနတ်ဘုရားဘုရင် ဆယ်ဦးထဲမှ တစ်ဦး ဖြစ်သည့် နတ်ဘုရားဘုရင် မော့ဟိုင်သည်လည်း ဝမ်ချွမ်းတာအိုကျောင်းတော်မှ ဖြစ်ကြောင်း ကြားထားဖူးသည်။

ယခင်က ဝမ်ချွမ်းတာအိုကျောင်းတော်မှ ကနဦး နတ်ဘုရားအဆင့် တပည့်တစ်ယောက်သာ နတ်ဘုရားဘုရင်၏ နတ်ဘုရားဘုရင် ရိုးရာအခမ်းအနားကို တက်ရောက်ခဲ့သော်လည်း ကောင်းကင်လူသားဂိုဏ်းအနေနှင့် သူမအား အဆင့်မြင့် ပုဂ္ဂိုလ်များအဖြစ် ဆက်ဆံပေးခဲ့ရသည်။ ဤသည်က ဝမ်ချွမ်းတာအိုကျောင်းတော်သည် မည်မျှ အင်အားကောင်းကြောင်း သိသာစေသည့်အချက် ဖြစ်၏။

“ တာအိုရောင်းရင်း ချူ ကျုပ်ကို ဘာလို့ ရှာတာလဲ ” မိုဝူကျိက ဂိုဏ်းကြီးများမှ တပည့်များနှင့် ပတ်သတ်ဆက်နွယ်ဖို့ရာ မလိုလားပေ။ ထို့ကြောင့် သူက ဝမ်ချွမ်းတာအိုကျောင်းတော်၏ တပည့်နှင့် ဖြစ်ပျက်ခဲ့သည့် ကိစ္စကို ပြန်မတွေးမိစေဖို့ သူ့ကိုယ်သူ  ပြန်လည် အသိပေးနေရသည်။

ချူယို့က မိုဝူကျိ တွေးနေသည်ကို ခံစားမိသည့်အလား သက်ပြင်းချကာ ဆက်ပြောလေ၏  “ ကျွန်မ ဒီကို လာတာက စီနီယာအစ်ကိုကြီးမိုရဲ့ အကူအညီကို လာတောင်းတာပါ ”

မိုဝူကျိက ရယ်မောလိုက်ပြီး  “ တာအိုရောင်းရင်းချူ … တကယ်လို့ ခင်ဗျားလိုမျိုး ဝမ်ချွမ်းတာအိုကျောင်းတော်ရဲ့ ပင်မတပည့်မှာ ကိုယ်တိုင် မဖြေရှင်းနိုင်တဲ့ ပြဿနာ ရှိတယ်ဆိုရင် ကျုပ် မိုဝူကျိလည်း တတ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး ”

ချူယို့က တောင်းဆိုချက်ကို မပြောခင် မိုဝူကျိက တန်းငြင်းပယ်လိုက်သောကြောင့် ချူယို့အနေနှင့် ကူကယ်ရာမဲ့စွာ ပြောလိုက်ရသည်

“ စီနီယာအစ်ကိုကြီးမို … အဲဒါက ကျွန်မတို့ဂိုဏ်းနဲ့ မဆိုင်ပါဘူး။ ဒါပေမဲ့ မနက်ဖြန်ကျရင်  နတ်ဘုရားသိုက်မြုံမှာ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူတွေကြား ပစ္စည်းဖလှယ်ပွဲ လုပ်မှာ။ အဲဒီမှာ ကျွန်မ လိုချင်တာလေးကို တွေ့ထားလို့ပါ။

ဒါပေမဲ့ တခြားသူတွေကလည်း အဲဒါကို မျက်စိကျနေကြတယ်။ အားလုံးက အလဲအလှယ်ပွဲဆီ သွားကြတဲ့အခါ သူတို့က သူတို့ပစ္စည်းတွေ ကောင်းကျိုး၊ ဆိုးကျိုးတွေကိုပါ ပြောမှာဆိုတော့လေ … ကျွန်မရဲ့ ပစ္စည်းက ကောင်းပေမဲ့ စကားကောင်းကောင်း မပြောတတ်တော့ စီနီယာအစ်ကိုကြီးမိုများ ကျွန်မနဲ့အတူတူ လိုက်ပေးနိုင်မလားလို့ပါ … ”

နောက်ဆုံးတွင် မိုဝူကျိက သူမ ရောက်လာသည့် အကြောင်းအရင်းကို နားလည်သွားပေသည်။ သူမက သူ့အား သူမအတွက် ကြော်ငြာပေးခိုင်းနေခြင်း ဖြစ်၏။ ကြည့်ရသည်မှာ ထန်ဝူကျန်းအား ဖြောင့်ဖြလိုက်သည့် အဖြစ်အပျက်မှာ ပြန့်နှံသွားပုံ ပေါ်သည်။

မိုဝူကျိက အနည်းငယ် ဆွံ့အမိနေသည်။ သူ မည်သည့်နေရာသို့ သွားစေကာမူ သူတွင် လုပ်ရည်ကိုင်ရည် ရှိသရွေ့ သူ့အတွက် ဈေးကွက်လည်း ရှိပေသည်။ ယခုတွင်မူ သူက စကားပြောကောင်းသည့် ပါရမီရှင်အဖြစ် အထင်မှားခံနေရပြီး တစ်ယောက်ယောက်က သူ့အား လာဖိတ်ကြားနေသေး၏။ ချူယို့ ကိုယ်တိုင် သူ့အား လာရှာသည့် အကြောင်းအရင်းမှာ ထိုပစ္စည်းက သူမအတွက် အလွန်အရေးကြီးသည့်အရာ ဖြစ်နေမှန်း သိသာလှသည်။

“ အားနာပါတယ် … ကျုပ်က မကူညီပေးနိုင်လောက်ဘူး။ အားလုံးက ဂျုနီယာညီလေး ထန်ဝူကျန်းလိုမျိုး တရားမျှတပြီး အကျိုးအကြောင်းသင့်တာ မဟုတ်ဘူးလေ ” မိုဝူကျိက ငြင်းဆန်ဖို့ရာ တုံ့ဆိုင်းမနေပေ။

ချူယို့က နှုတ်ခမ်းကို ကိုက်ထားပြီး သနားစဖွယ် အမူအယာကို ထုတ်ဖော်နေလေ၏

“ စီနီယာအစ်ကိုကြီးမို … အဲဒီပစ္စည်းက ကျွန်မအတွက် အရမ်းအရေးကြီးလို့ပါ။ စီနီယာအစ်ကိုကြီးမိုက နတ်ဘုရားသိုက်မြုံအကြောင်း ပြောဖူးတယ်မလား။ တကယ်လို့ စီနီယာအစ်ကိုကြီးမိုသာ ဒီတစ်ခါ ကူညီပေးမယ်ဆိုရင် စီနီယာအစ်ကိုကြီးမိုအတွက် နတ်ဘုရားသိုက်မြုံ တစ်နေရာ ရဖို့ အာမခံပေးနိုင်ပါတယ် ”

မိုဝူကျိက ဆက်လက်၍သာ ခေါင်းခါလိုက်လေ၏။ ချူယို့၏ သနားစဖွယ် အမူအယာက ယောက်ျားထုကြီးအား ငြင်းဆန်ဖို့ရာ ခက်ခဲစေ၏။ သို့သော်လည်း မိုဝူကျိကမူ ချွင်းချက် ဖြစ်ပေသည်။

မိုဝူကျိက သူကိုယ်တိုင် ဝင်ခွင့်ကို အရယူနိုင်မည် ဖြစ်ကြောင်း ယုံကြည်ချက် ရှိပေသည်။ အကယ်၍ သူ မလုပ်နိုင်လျှင်ပင် မိုဝူကျိက ထိုသို့ ဦးနှောက်မဲ့သည့် အပြုအမူမျိုး ကျူးလွန်မည် မဟုတ်ပေ။

သူက ချူယို့ အလိုရှိနေသည့်အရာမှာ ထူးခြားကြောင်း‌ သေချာသိနေ၏။ ချူယို့နှင့် ပြိုင်ဆိုင်ကြသော သူများမှာလည်း နောက်ခံအဆင့်အတန်း မြင့်ပေလိမ့်မည်။ သူသာ ကူညီပေးဖို့ သဘောတူလိုက်သည်နှင့် သူက ချူယို့အား ရတနာကို အရယူနိုင်ဖို့ ကူညီပေးနိုင်သည် ဖြစ်စေ၊ မဖြစ်စေ တခြားသူများအတွက် စိတ်အနှောင့်အယှက် ဖြစ်လာပေမည်။ မိုဝူကျိက ထိုသို့အရာမျိုးကို မလုပ်ပေ။

ရုပ်ရည်လှပတာက မင်းအသက်ကို ကာကွယ်ပေးနိုင်တယ်လား  ...

ချူယို့ ချောမောလှပတာက မိုဝူကျိနဲ့ ဘာများဆိုင်နေလို့လဲ …

ချူယို့က မိုဝူကျိသည် ချက်ချင်း တန်းငြင်းလိမ့်မည်ဟု မထင်ထားပေ။ တိုက်ရိုက် ငြင်းဆန်လိုက်ခြင်းက သူမအား အနည်းငယ် အံ့အားသင့်သွားစေ၏။ သူမက တစ်စုံတစ်ယောက်ကို တောင်းဆိုရသည်ကို မနှစ်သက်သော်လည်း ဤပစ္စည်းက သူမအတွက် အရမ်းအရေးကြီးနေသည့် အချက်ကြောင့်သာ မဟုတ်လျှင် သူမအနေနှင့် မိုဝူကျိလို သူစိမ်းတစ်ယောက်ထံ အသနားခံမည် မဟုတ်ပေ။

သူမက မိုဝူကျိကို လာတွေ့သည့် အကြောင်းအရင်းမှာ သူမက မိုဝူကျိအနေနှင့် ထန်ဝူကျန်းအား ဖြောင့်ဖြလိုက်သည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသောကြောင့် ဖြစ်သလို လန်အိုကလည်း မိုဝူကျိအား ဆက်တိုက် ချီးကျူးနေ၍ ဖြစ်သည်။

ချူယို့က နှုတ်ရေးရာ မကြွယ်ဝလေရာ သူမက မိုဝူကျိအား ပြောပြီးသားစကားကိုသာ ထပ်ခါ ထပ်ခါ ပြောနေမိ၏။ ယခု မိုဝူကျိက သူမအား ငြင်းဆန်လိုက်ပြီ ဖြစ်ရာ သူမအနေနှင့် ထပ်ပြောဖို့ရာ စကားလုံး ရှာမတွေ့တော့ပေ။

သူမက မိုဝူကျိအား တစ်ခွန်းသာ တုံ့ပြန်လိုက်တော့၏  “ စီနီယာအစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်။ ချုယို့ သွားလိုက်ပါဦးမယ် ”

သူမက ကျေးဇူးတင်ကြောင်း ပြောဆိုနေသော်လည်း သူမစိတ်ထဲ၌ စကားနှင့် မဆိုနိုင်လောက်သည့်အထိ စိတ်ပျက်မိနေဆဲ ဖြစ်သည်။

မိုဝူကျိက မတ်တတ်ရပ်ကာ ဘာမှပြန်မပြောလိုက်ပေ။ ဤကိစ္စမှာ သူ မကူညီလိုသော ကိစ္စရပ်မျိုး ဖြစ်နေ၏။

………………

မိုဝူကျိက ချူယို့အား ပို့ဆောင်ပြီးနောက် တည်ထောင်သူဘိုးဘေးက မိုဝူကျိအခန်းထဲ ရုတ်တရက် ရောက်လာသည်။

မိုဝူကျိက မြန်မြန် ဦးညွှတ်လိုက်၏။

ဖန်းကျဲက ခေါင်းညိတ်ပြရင်း မိုဝူကျိအား ပြောလိုက်သည်  “ အဲဒီအမျိုးသမီးက မင်းဆီ ဘာအကူအညီ လာတောင်းတာလဲ ”

“ သူမက  နတ်ဘုရားသိုက်မြုံ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူတွေကြားက လဲလှယ်ပွဲကို ပြောခဲ့တာပါ။ ပြီးတော့ သူမ ကြိုက်တာလေး ရှိလို့ ကျွန်တော်ကို ကူပေးနိုင်မလား လာမေးတာပါ။ ကျွန်တော်က ငြင်းဆိုလိုက်ပါတယ် ” မိုဝူကျိက ဘာကိုမှ ဖုံးကွယ်မထားပေ။

ဖန်းကျဲက ခေါင်းညိတ်ကာ  “ မင်း ငြင်းလိုက်တာ မှန်တယ်။ အဲဒီပစ္စည်းက မရိုးရှင်းဘူး။ ဘယ်သူတွေ ဘယ်လိုပဲ လဲလှယ်ပွဲကို သွားသွား ငါတို့ ကောင်းကင်လူသားဂိုဏ်းက ဝင်မပါသင့်ဘူး ”

“ တန်ဖိုးကြီးတယ်ဆိုတော့ ဘာကြောင့် လဲလှယ်ပွဲမှာ ထုတ်လာရတာလဲ ” မိုဝူကျိက မေးလိုက်၏။

ဖန်းကျဲ ပြန်ဖြေကာ ရှင်းပြလိုက်သည်

“ အဲဒီပစ်စည်းက တစ်ယောက်ယောက်က အလဲအလှယ်အတွက် ထုတ်လာတာ မဟုတ်ဘဲနဲ့ နတ်ဘုရားသိုက်မြုံရဲ့ နတ်ဘုရားဘုရင် ၁၁ ယောက်က တွေ့ထားလို့ပဲ … ပစ္စည်းက တစ်ခုတည်း ရှိတာဆိုတော့ နတ်ဘုရားဘုရင်တွေက ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူတွေကြား အလဲအလှယ် လုပ်ပေးဖို့ သဘောတူလိုက်ကြတာ။ ပြီးတော့ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူအဆင့် ကျင့်ကြံသူတွေ ထုတ်လာမဲ့ ပစ္စည်းတွေက ထိပ်သီး ကနဦး နတ်ဘုရားအဆင့် ဖြစ်ရမယ်။ ပစ္စည်းက အဖိုးတန်ဆုံး ပစ္စည်း ထုတ်ပေးတဲ့သူ အပိုင်ရသွားမှာ  … ”

နောက်ဆုံးတွင် မိုဝူကျိက ချူယို့သည် သူ့အား လာရှာသည့် အကြောင်းအရင်းကို သဘောပေါက်သွားတော့သည်။ ကြည့်ရသည်မှာ အားလုံးက အဆင့်တူအတွင်း ထုတ်ယူလာကြမည် ဖြစ်ရာ အနိုင်ရသူမှာ သူတို့ပစ္စည်းအကြောင်း အမွန်းတင်တတ်သူ ဖြစ်ဖို့ရာ လိုအပ်နေပေ၏။

မည်သူကများ သူတို့ပစ္စည်းကို အနိုင်ရသူအဖြစ် ထွက်လာအောင် ပြောဆိုနိုင်မှာလဲ …

“ အဲဒီပစ္စည်းက ဘာများလဲ ” မိုဝူကျိက သိချင်စွာ မေးလိုက်၏။

“ အဲဒါက သဘာဝဓာတ် ငါးမျိုး အမြုတေပဲ ” ဖန်းကျဲ စကားတစ်ဝက်အထိသာ ပြောလိုက်ပြီးနောက်တွင် အပြင်ဘက်မှ ပေါက်ကွဲသံများကို ကြားလိုက်ရသည်။ နတ်ဘုရားသိုက်မြုံ တစ်ခုလုံးမှာလည်း ထိုပေါက်ကွဲမှုများကြောင့် တုန်ခါနေလေ၏။

“ နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာမှု စတင်ပြီ။ ဝေကျဲနဲ့ တခြားတပည့်တွေကို ကောင်းကင်လူသားဂိုဏ်းထဲမှာပဲ နေဖို့ အသိပေးလိုက်ဦး။ ဘယ်သူမှ အလောတကြီး မလုပ်စေနဲ့ ” ထိုစကားနှစ်ခွန်း ပြောပြီးသည်နှင့် ဖန်းကျဲက မိုဝူကျိရှေ့မှ ပျောက်ကွယ်သွားပြီ ဖြစ်၏။

မိုဝူကျိက သဘာဝဓာတ် အမြုတေအကြောင်း ကြားမိစဉ် သူ့နှလုံးသားမှာ လှုပ်ရှားလာမိသည်။ သူ့ထာဝရကမ္ဘာမှာ မပြီးပြည့်စုံသည့် အဓိကအကြောင်းအရင်းမှာ သဘာဝဓာတ် အမြုတေအစုံ မရှိ၍ ဖြစ်သည်။ သူ မျှော်လင့်မထားသည်က နတ်ဘုရားသိုက်မြုံ၏ နယ်မြေအသစ် ရုတ်တရက် ပေါ်ထွက်လာမှု ဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် သဘာဝဓာတ် အမြုတေအကြောင်းကိုပင် သေချာမမေးလိုက်ရတော့ပေ။

“ တည်ထောင်သူဘိုးဘေးရော ” ဖန်းကျဲ ထွက်သွားသည်နှင့် ဝေကျဲက စိုးရိမ်တကြီး ရောက်လာသည်။

“ နတ်ဘုရားသိုက်မြုံ စတင်ပေါ်ထွက်လာပြီတဲ့ … တည်ထောင်သူဘိုးဘေးက သွားပြီး စစ်ဆေးကြည့်တယ်။ အကြီးအကဲဝေကျဲ နတ်ဘုရားသိုက်မြုံ စပေါ်လာပြီဆိုရင် ကျုပ်တို့တွေ ဝင်ဖို့ရာ ပြင်ဆင်ထားရတော့မှာ မဟုတ်ဘူးလား ” မိုဝူကျိက အလွန်စိတ်လှုပ်ရှားမိနေသည်။ အင်မော်တယ်လောကတွင် ရှိစဉ်ကတည်းက သူက ကျင့်ကြံဆင့်အမြန်ဆုံးနှင့် တိုးတက်မှု အမြန်ဆုံး ဖြစ်ခဲ့ရာ ယခုကဲ့သို့ ခရုနှုန်းနှင့် ကျင့်ကြံနေရသည့် အဖြစ်မျိုးနှင့် မကြုံဖူးပေ။

ယခု နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာပြီ ဖြစ်ရာ ဤသည်မှာ သူ့ကံတရားနှင့် အခွင့်အရေး ဖြစ်၏။

ဝေကျဲက ခေါင်းခါကာ  “ မဟုတ်သေးဘူး အရမ်းစောသေးတယ်။ နတ်ဘုရားသိုက်မြုံ ပေါက်ကွဲမှုတွေက ပေါ်ထွက်လာမှုရဲ့ လက္ခဏာရပ်တချို့ပဲ။ ပြီးတော့ နတ်ဘုရားသိုက်မြုံ ပြီးစီးဖို့ နှစ်ဝက်ကနေ သုံးနှစ်လောက်အထိ လိုသေးတယ်။

ပြီးတော့ ငါတို့တွေက ဘယ်သူတွေ ဝင်ရမလဲဆိုတဲ့ နာမည်စာရင်းကို ဆုံးဖြတ်ဖို့လည်း လိုသေးတယ်လေ။ ပေါ်ထွက်လာတဲ့အချိန်တိုင်း နာမည်စာရင်းနဲ့ သွားရမှာ … နေရာတစ်ခုချင်းစီကို ပြိုင်ပွဲတွေကနေ အနိုင်ရသူကနေ တဆင့် ရွေးချယ်ကြမှာလေ ”

“ ဒါပေမဲ့ … အခု နတ်ဘုရားသိုက်မြုံအစွန်းဆီ အပြေးအလွှား သွားနေကြတဲ့ လူတွေအများကြီးပဲ။ သူတို့က ပေါ်ထွက်လာတဲ့ နေရာဆီ ဦးတည်နေကြတာလား ”  မိုဝူကျိက အပြင်ဘက်ရှိ အခြေအနေကို အာရုံခံမိကာ အားလုံးက ထိုပေါက်ကွဲမှုများဆီ အပြေးအလွှား သွားနေသည်ကို မြင်လိုက်ရ၏။

ဝေကျဲက ရယ်မောလိုက်ပြီး  “ နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာတဲ့အခါကျ အစွန်းနေရာတွေက တာအိုအရှိန်အဝါ အဆီအနှစ်တွေကို ထုတ်ပေးတယ်လေ။ တချို့ ရတနာတွေလည်း ရတတ်ကြတယ်။ အဲလူတွေက အဲဒီပစ္စည်းတွေကြောင့် တိုက်ပွဲတွေ ကျော်ဖြတ်ရတော့မှာ … သေဆုံးနှုန်းက နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာတဲ့အကြိမ်တိုင်း ပိုပို တိုးလာကြတယ် … ”

မိုဝူကျိက နှလုံးခုန်မြန်လာမိကာ အလောတကြီး မေးလိုက်မိ၏ “ အကြီးအကဲဝေကျဲဆီမှာ ရုပ်ဖျက်ဖို့ ကောင်းတဲ့ ဆေးလုံးလေး၊ ဘာလေးများ မရှိဘူးလား ”

***

All Chapters