← Chapters

မီးပြင်းကျောက်တုံး

Vol. 66 Ch. 912

မီးပြင်းကျောက်တုံး

Vol. 66 Ch. 912

မိုဝူကျိ၏ စိတ်စွမ်းအားက ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူများထက် ပိုအားကောင်းပေသည်။ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ ရောက်လာသည်နှင့် မိုဝူကျိက နောက်ထပ် လူတစ်ယောက်လည်း ရောက်ရှိလာကြောင်း သတိထားမိလိုက်သည်။ မိုဝူကျိ၏ မှန်းဆချက်အရ ထိုသူမှာ အနည်းဆုံး ကောင်းကင်နတ်ဘုရားအဆင့် ရှိပေမည်။

မြေအောက်နတ်ကျောက်တုံးက မည်မျှ အဖိုးတန်နေစေကာမူ မိုဝူကျိက ကောင်းကင်နတ်ဘုရားအဆင့်နှင့် ယှဉ်၍ လုမည် မဟုတ်ပေ။ မိုဝူကျိတွင် အဖိုးတန်ရတနာများ ထည့်သိမ်းထားနိုင်သည့် ထာဝရ ကမ္ဘာငယ်လေး ရှိနေသည့်အတွက် မိုဝူကျိအနေနှင့် များစွာ အရေးမထားပေ။ ထို့အပြင် သိုလှောင်အိတ်သည်လည်း အတူတူပင် မဟုတ်ပါလော။

အစပိုင်းတွင် မြေအောက်နတ်ကျောက်တုံးဆီ သွားနေသည့် မိုဝူကျိက ချက်ချင်း တည်နေရာ ပြောင်းလိုက်သည်။

မိုဝူကျိက နောက်ဆုတ်သွားသည်ကို မြင်၍ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူက အေးစက်စွာ ပြုံးလိုက်သည်။ အကယ်၍ မိုဝူကျိသာ မည်သို့ ပြုမူရမည်မှန်း မသိလျှင် သူ့အနေနှင့် မိုဝူကျိအား ဒဏ်ရာအပြင်းအထန် ပေးမိပေလိမ့်မည်။

သို့သော်လည်း ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူက မြေအောက်နတ်ကျောက်တုံးကို ထိကိုင်လိုက်သည်နှင့် အားပြင်းသော သဘာဝစွမ်းအားက သူ့အား လွှမ်းခြုံသွားလေ၏။ သူ မတုံ့ပြန်နိုင်ခင် အလင်းတန်းအဖြူက သူ့နဖူးမှ ထိုးဖောက်ဝင်ရောက်လာသည်။ သူက မြေအောက်နတ်ကျောက်တုံးကို ဆုံးရှုံးလိုက်ရသည်သာမက သူ့သိုလှောင်လက်စွပ်လည်း အလုယူခံရတော့ပေမည်။

မိုဝူကျိက ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူသည် ကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံသူ၏ တစ်ချက်တည်းဖြင့် သေသွားပုံကို သတိပြုမိလိုက်၏။ မည်သူကမှ ထူးဆန်းသည်ဟု မထင်ကြသလို ဖြစ်စဉ်တစ်ခုလုံးကိုလည်း မည်သူကမှ ဂရုစိုက်မနေကြပေ။ မိုဝူကျိက ဤနေရာရှိ ပစ္စည်းများမှာ အားနည်းသူများနှင့် ဆက်နွယ်မှု မရှိကြောင်း နားလည်လိုက်၏။

မိုဝူကျိက ထိုအတွေး တွေးမိနေစဉ် နောက်ထပ် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူက နတ်ဘုရားအုပ်စိုးသူအဆင့် ကျင့်ကြံသူတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်း မြင်လိုက်ရပြန်သည်။

ဝေဟင်ထက်မှ ပျံသန်းရေး ရတနာများကို ကြည့်ကာ မိုဝူကျိက နောက်ဆုတ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ ဤနေရာမှာ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူအတွက် အန္တရာယ်များလွန်းလှသည်။ အကယ်၍ ပစ္စည်းကောင်းကို ကောက်ရလျှင်ပင် နောက်အခိုက်အတန့်လေး၌  အလွယ်တကူ အသတ်ခံရနိုင်၏။ မိုဝူကျိက သာမာန်ပစ္စည်းမျိုးကို စိတ်မဝင်စားပေ။ အကယ်၍ သူက ပစ္စည်းကောင်းကောင်းကို မြင်လျှင် တစ်စုံတစ်ယောက်သည်လည်း သတိပြုမိမည်သာ ဖြစ်၏။

အကယ်၍ မိုဝူကျိက ဘာအတွက်မှ မတိုက်ခိုက်ဘဲ လေလွတ်မြောက်ရေး နည်းစနစ်နှင့် သွားလာနေလျှင် မည်သူကမှ သူ့အား အာရုံစိုက်ကြမည် မဟုတ်ပေ။

နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာသည့်အခါ မြောက်များစွာသော ရတနာများက ကျရောက်လာပြီး တချို့မှာ အဝေးတစ်နေရာသို့ ကျရောက်သွားတတ်သည်။ သို့သော်လည်း ရတနာ အများစုမှာ နတ်ဘုရားသိုက်မြုံ အစွန်း၌ ကျရောက်တတ်၏။

မိုဝူကျိက ဝေးဝေးသွားလေလေ လူနည်းလာလေလေ ဖြစ်၏။ ရတနာ ရလိုကြသည့်သူများမှာ နတ်ဘုရားသိုက်မြုံအစွန်းသို့ သွားနေကြပေ၏။

ရတနာတစ်ခုမှ မရထားသော်လည်း မိုဝူကျိက စိတ်မပျက်မိပေ။ ဤနေရာ၌ သူက အဆုံးမဲ့သော မိုးမြေစည်းမျည်းများကို မြင်တွေ့လိုက်ရပြီး ကနဦး နတ်ဘုရား အဆင့် ၂ သို့ တက်လှမ်းနိုင်ခဲ့သေး၏။ ထို့အပြင် သူက အမှောင်ထုစည်းမျည်း၏ နေရာအကြမ်းဖျင်းကိုလည်း တွေ့လိုက်မိသည်။

ဧရာမကျောက်တုံးကြီးက မိုဝူကျိ ရှိရာဆီ လွှင့်စင်လာသည်။ မိုဝူကျိက ရှောင်ရှားတော့မည့်ဆဲဆဲတွင် သူ့စိတ်စွမ်းအား၌ ထိုမီးခိုးရောင်ကျောက်တုံးအတွင်းမှ သူ တစ်ခါမှ မတွေ့ဖူးသည့် စွမ်းအားမျိုးကို ခံစားမိလိုက်သည်။ ထိုစည်းမျည်း၌  အသက်ဓာတ် တာအိုအငွေ့အသက်များ ပါဝင်နေခြင်း ဖြစ်၏။

မိုဝူကျိတွင် အသက်ဓာတ်လမ်းကြောင်း ရှိသည့်အတွက် အသက်ဓာတ် တာအိုနှင့် ပတ်သတ်၍ အာရုံခံစားမှု  အားကောင်း၏။ သူက ထိုကျောက်တုံးကြီးကို ဖမ်းဆုပ်ထားဖို့ ကြိုးစားလိုက်သည်။ သူက ထိုကျောက်တုံးထဲ  စိတ်စွမ်းအား မပို့လွှတ်ခင် သက်တောင့်သက်သာ ခံစားမိလိုက်သည်။ သူက ကျောက်တုံးတစ်တုံးအစား နတ်ဆေးပင်တမျိုးကို ကိုင်ထားသလို ခံစားနေမိ၏။

မဟုတ်သေးပါဘူး …. ပြောရလျှင် နတ်ဆေးပင်ထဲမှာ စွမ်းအင်ပေါင်း တစ်သန်းလောက် စိမ့်ဝင်နေသည့် ခံစားချက်မျိုး ဖြစ်ပေ၏။

မိုဝူကျိက ထိုကျောက်တုံးကို သူ့ထာဝရ ကမ္ဘာထဲ ပို့လွှတ်တော့မည့်ဆဲဆဲတွင် ခက်ထန်သော အသံတစ်သံကို ကြားလိုက်ရသည်  “ အောက်ချလိုက်စမ်း မဟုတ်ရင် မင်း သေမယ် ”

ထိုအသံတွင် ဖိနှိပ်စွမ်းအားများ ပါဝင်နေပေ၏။ ဤသူက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူသာ ဖြစ်ရမည်။ ဤသို့မျိုး ကျင့်ကြံသူနှင့် ရင်ဆိုင်ရာဝယ် မိုဝူကျိက အဘယ်ကြောင့် တုံ့ဆိုင်းနေရမည်နည်း။

ဆက်တိုက် ရွေ့ပြောင်းစွမ်းရည် ထုတ်သုံးပြီးနောက် မိုဝူကျိက လေလွတ်မြောက်ရေး နည်းစနစ်အား အားအပြည့် ထုတ်သုံးလိုက်သည်။ အကယ်၍ သူသာ ထိုပစ္စည်းက လက်ဝယ်မပိုင်ဆိုင်ထားမိလျှင် မိုဝူကျိက လက်လျော့နိုင်သေး၏။ ယခု သူက ကိုင်ဆောင်ထားပြီးပြီ ဖြစ်ရာ အားလုံးအနေနှင့် လုယူဖို့ရာ မဖြစ်နိုင်တော့သလို သူ့ဆီမှ  အသာတကြည် ပေးအပ်ရန်လည်း မမျှော်လင့်သင့်တော့ပေ။

သူ့လေလွတ်မြောက်ရေး နည်းစနစ်ကို အားအပြည့် ထုတ်သုံးထားလျှင်ပင် မိုဝူကျိက သူ့နောက်မှ အန္တရာယ်ကို ခံစားမိနေဆဲ ဖြစ်သည်။ မိုဝူကျိက သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကို အသုံးပြုလိုက်သောကြောင့် သူ့တစ်ကိုယ်လုံးမှာ လေနှင့် ပေါင်းစပ်နေပြီးသား ဖြစ်၏။ မိုဝူကျိက ထိုမှတဆင့် ထိုလူသည် အင်မတန် အားကောင်းကြောင်း သိလိုက်သည်။

ထိုလူက နတ်ဘုရားသိုက်မြုံမှ တခြားရတနာများကို လက်လျော့ထားသောကြောင့် မိုဝူကျိအနေနှင့် ဤကျောက်တုံးမှာ သေချာပေါက် မရိုးရှင်းကြောင်း ပြောနိင်ပေသည်။

မိုဝူကျိက နတ်ဘုရားသိုက်မြုံ၏ လူသားပိုင်နက်အတွင်း ရောက်သည့်အခါမှ သူ့နောက်မှ အန္တရာယ်ကို ချန်ရစ်ထားခဲ့နိုင်ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် မိုဝူကျိက အရှိန်မလျော့ရဲဘဲ ဆက်လက်၍ သွားလာလိုက်သေး၏။ သူက သိုလှောင်အိတ်နှင့် မျက်နှာဖုံးအား ထာဝရကမ္ဘာငယ်ထဲ ပစ်ထည့်ထားလိုက်သည်။ သူ့မူလသွင်ပြင် ပြန်ပြောင်းလဲပြီးသည့်နောက်တွင် မိုဝူကျိက ကောင်းကင်လူသားဂိုဏ်း နေရာသို့ ပြန်ဝင်သွားလိုက်သည်။

………….…

ကောင်းကင်လူသားဂိုဏ်းမှာ အခါတိုင်းကဲ့သို့ တည်ငြိမ်ကာ ငြိမ်သက်နေလျက် ရှိသည်။ ရှန်းမင်၏ အဖြစ်အပျက်ကြောင့် တပည့်များစွာက အပြင်ထွက်မသွားရဲကြတော့ပေ။

သုံးရက်၊ လေးရက် အခန်းအောင်းပြီး တည်ငြိမ်နေသေးကြောင်း အတည်ပြုပြီးနောက် မိုဝူကျိက နောက်ဆုံးတွင် သက်ပြင်းချလိုက်မိတော့၏။

သူက ထိုမီးခိုးရောင်ကျောက်တုံးကိုပင် မလေ့လာရဲသေးပေ။ သူက ဤအရာမှာ မရိုးရှင်းကြောင်း ခံစားမိနေ၏။ သူက နတ်ဘုရားနယ်မြေ၏ သတ္တုများနှင့် ပစ္စည်းများအကြောင်း မသိသေး၍လည်း ဖြစ်နေနိုင်သည်။

တစ်လတာကြာမြင့်ပြီးနောက် မိုဝူကျိက ကနဦး နတ်ဘုရားအဆင့် ၂ အား အခြေချပြီးသွားလေပြီ။ ထိုအခါ ဝေကျဲက သူ့ကို လာရှာရန် ရောက်လာ၏။

“ ဝူကျိ … မင်း အရင်တစ်ခါက ငါ့ဆီကနေ ဌားသွားတဲ့ မျက်နှာဖုံး ပြန်ပေးလို့ ရပြီလား ” ဝေကျဲ မေးလိုက်သည့် ပထမဆုံးမေးခွန်းမှာ သူ့မျက်နှာဖုံးအကြောင်း ဖြစ်နေသည်။

မိုဝူကျိက နေရခက်စွာ ပြန်ဖြေပေးလိုက်၏  “ အကြီးအကဲဝေကျဲ … ကျွန်တော် ကြိုက်တဲ့ ကျင့်စဉ်လေး တွေ့တာ ကျွန်တော်ဆီမှာ နတ်ဘုရားကျောက် လုံလုံလောက်လောက် မပါလို့  ဈေးကာမိအောင် မျက်နှာဖုံးကို ရောင်းလိုက်ရတယ်။ အဲဒီအခါကျမှ ကျင့်စဉ်ကို ဝယ်လို့ ရလာတာ ”

“ မင်းကွာ …” ဝေကျဲက မိုဝူကျိသည် သူ့မျက်နှာဖုံး ရောင်းချလိုက်ကြောင်း ကြားသောအခါ မိုဝူကျိအား ဒေါသတကြီး လက်ညိုးထိုးထားသော်လည်း ဘာစကားမှ ထွက်မလာပေ။ သူက အကြံများသည်ဟု ယူဆ၍ ရသော်လည်း မိုဝူကျိက သူ့ထက် ပိုဆိုးနေလိမ့်မည်ဟု မထင်ထားပေ။

မိုဝူကျိက အကြီးအကဲဝေကျဲရှေ့သို့ သွားကာ ပုတ်ပေးလိုက်ပြီး  “ အကြီးအကဲဝေကျဲ စိတ်မပူပါနဲ့ … နောင်ကျရင် အလယ်အလတ်အဆင့် မျက်နှာဖုံး ပြန်ပေးပါ့မယ် ”

မိုဝူကျိက ကူကယ်ရာမဲ့သလို ခံစားမိနေသည်မှာ သူ ထွက်ပြေးစဉ်အခါက မျက်နှာဖုံးအကြောင်း ပေါ်သွားလောက်ပေ၏။ အကယ်၍ အကြီးအကဲဝေကျဲဆီ ပြန်ပေးလိုက်လျှင် အကြီးအကဲဝေကျဲပင် ထိခိုက်သွားနိုင်သည်။

“ ထားလိုက်ပါ ...  ငါပဲ ကံမကောင်းတာပါ။ တည်ထောင်သူ ဘိုးဘေး ပြန်ရောက်လာပြီး မင်းကို ခေါ်ခိုင်းလိုက်လို့ ” ဝေကျဲက ဒေါသထွက်နေဆဲ ဖြစ်ကာ မိုဝူကျိအား မျက်နှာဖုံး ဌားရမ်းမိလိုက်သည့်အတွက် နောင်တရနေမိသည်။

မဟုတ်သေးဘူး …

သူက မိုဝူကျိအား ကောင်းကင်လူသားဂိုဏ်းဆီ ခေါ်ခဲ့မိသည့်အတွက် နောင်တရလာမိသည်။

“ အကြီးအကဲဝေကျဲကို ကျေးဇူးတင်ပါတယ် ” မိုဝူကျိက ဖြေလိုက်ရင်း ပြေးထွက်သွားတော့သည်။ သူက အကြီးအကဲဝေကျဲ၏ မကျေမနပ် အမူအယာအား မမြင်လိုပေ။

……….…

“ ဝင်ခဲ့ ” မိုဝူကျိက အဝင်ဝသို့ ရောက်သည်နှင့် ဖန်းကျဲစကားသံကို ကြားလိုက်ရ၏။

မိုဝူကျိက လေးစားသမှုဖြင့် ဦးညွှတ်လိုက်သည်။ ဖန်းကျဲက သူ့အား မြှောက်စားထားပြီး သူ့အပေါ်တွင် အလွန်ပျူဌာသော်လည်း မိုဝူကျိ စိတ်ထဲ၌ နတ်ဘုရားဘုရင် ဖန်းကျဲအား အရမ်းလေးစားမိပေသည်။

“ ဝူကျိ … နတ်ဘုရားသိုက်မြုံက လုံးဝ ပေါ်ထွက်လာပြီ။ လက်ရှိ အစွန်းဖျားကို ကာကွယ်ရေး အစီအရင်တွေနဲ့ ကာကွယ်ထားတော့ ဘဘ်သူမှ အသစ်ပေါ်ထွက်လာတဲ့ နတ်ဘုရားသိုက်မြုံထဲ ဝင်ခွင့် မပြုသေးဘူး ”

မိုဝူကျိက မြန်မြန် ပြောလိုက်လေ၏  “ နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာပြီးရင် အထဲဝင်ဖို့ အစီအစဉ်က ဘယ်လိုများ ရှိလဲ ”

သူက နတ်ဘုရားသိုက်မြုံထဲ ဝင်နိုင်ဖို့ရာ ဂရုအစိုက်ဆုံး ဖြစ်၏။ အမှောင်ထုစည်းမျည်းကို မြင်ပြီးသည့်နောက်တွင် မိုဝူကျိက နတ်ဘုရားသိုက်မြုံထဲ ဝင်ပြီး အမှောင်ထုစည်းမျည်းကို ကျင့်ကြံဖို့ရာ စိတ်အားထက်သန်နေသည်။

ဖန်းကျဲက သက်ပြင်းချကာ  “ အသစ်ပေါ်ထွက်လာတဲ့ နတ်ဘုရားသိုက်မြုံက ကြီးမားတယ်ဆိုပေမဲ့ ငါတို့ ကောင်းကင်လူသားဂိုဏ်းက တပည့်တွေနဲ့ ဆက်နွယ်မှု သိပ်မရှိဘူး ”

“ ဘာလို့လဲ ” မိုဝူကျိက ဖန်းကျဲအား နားမလည်နိုင်စွာ ကြည့်လိုက်သည်။

ဖန်းကျဲက ရှင်းပြလိုက်လေ၏

“ အသစ်ထွက်ပေါ်လာတဲ့ နတ်ဘုရားသိုက်မြုံအတွက် နတ်ဘုရားဘုရင် တစ်ယောက်ရှိတဲ့ ဂိုဏ်းက လူငါးယောက် ဝင်ခွင့် ရှိတယ်။ နတ်ဘုရားဘုရင် နှစ်ယောက် ရှိနေရင် လူဆယ်ယောက် ဝင်ခွင့် ရတယ်။ အဲဒါက ဘာအခြေအနေမှ မပါဘဲ ဝင်နိုင်တဲ့ လူအရေအတွက် …

ဒီတစ်ခါ ထွက်ပေါ်လာတဲ့ နေရာက ကြီးမားလို့ လူတွေ ပိုဝင်နိုင်လိမ့်မယ်။ ကျန်ရှိနေတဲ့ နေရာတွေကိုတော့ တိုက်ပွဲတွေ၊ ပြိုင်ပွဲတွေကနေ ဆုံးဖြတ်ကြတယ်။ ငါတို့ ကောင်းကင်လူသားဂိုဏ်းမှာ ထူးချွန်တဲ့ တပည့် မရှိဘူးဆိုတော့ ငါတို့ ဂိုဏ်းအတွက် ပြိုင်ပွဲကနေ နေရာ ရလာဖို့က သိပ်မဖြစ်နိုင်ဘူး ”

ဖန်းကျဲ မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။ ပြိုင်ပွဲများမှ အနိုင်ရလာကာ ရလာနိုင်သည့် နေရာအရေအတွက် များသော်လည်း ကောင်းကင်လူသားဂိုဏ်းအတွက် ပိစိလေးမျှသာ ဖြစ်သည့် နေရာငါးနေရာစာသာ ရထား၏။

မိုဝူကျိလည်း တိတ်ဆိတ်မိသွားသည်။ သူက ကနဦး နတ်ဘုရားအဆင့် ၂ တွင် ဖြစ်ကာ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူများကို မကြောက်ပေ။ သို့သော်လည်း သူက မည်သည့် ပြိုင်ပွဲကို ဝင်ပြိုင်နိုင်မည်နည်း။ သူ့လျို့ဝှက်တိုက်ကွက်များမှာ မိုးမြေစည်းမျည်းအသစ်ကို ထိတွေ့ထားသည့့် ကြီးမားသော လျို့ဝှက်တိုက်ကွက်များသာ ဖြစ်နေ၏။

သူ့လျို့ဝှက်တိုက်ကွက်များ ထုတ်ဖော်လိုက်ရမည့် ကိစ္စကို စိုးရိမ်နေမိသည့်အပြင် မိုဝူကျိက သူ တိုက်ခိုက်လိုက်သည့်အခါ နတ်ဘုရားဘုရင်များက သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ် မရှိနေသလို ဝိညာဉ်လမ်းကြောင်းများ ရှိမနေကြောင်းအား ပြောနိုင်မည်ကို ပိုစိုးရိမ်မိသည်။

သူက ကြောက်ရွံ့မိသည်မှာ သူ့ကျင့်ကြံဆင့်နှင့် နတ်ဘုရားဘုရင်အဆင့်မှာ နှိုင်းမရလောက်အောင် ကွာခြားလွန်းနေသောကြောင့် ဖြစ်၏။

“ မင်း စိုးရိမ်နေဖို့ မလိုဘူး။ ငါတို့ ရလာတဲ့ နေရာငါးနေရာစာမှာ မင်းအတွက် သေချာပေါက် တစ်နေရာ ရလိမ့်မယ်။ ကျန်တဲ့ လေးနေရာကိုတော့ မင်းက ပြန်ခွဲပေးလိုက်ပေါ့။ ဝူကျိ … မင်းရဲ့ နားလည်နိုင်စွမ်းက အရမ်းမြင့်မားတယ်။

အဲဒါကြောင့် မင်း ဘယ်တပည့်ကို ခေါ်သွားခေါ်သွား မင်း သေချာပေါက် သတိကြီးကြီး ထားရမယ်။ ငါတို့တွေ အသက်တစ်ချောင်းကို ဆုံးရှုံးမဲ့အစား ရတနာတွေကိုပဲ လက်လွှတ်ခံလိုက်မယ် … နားလည်ရဲ့လား ” ဖန်းကျဲက မိုဝူကျိက တိတ်ဆိတ်နေသောကြောင့် နှစ်သိမ့်ပေးလိုက်သည်။

“ တပည့် နားလည်ပါပြီ။ ဒါပေမဲ့ အဆင့်မတူတဲ့ ကျင့်ကြံသူတွေ အကုန်လုံးကို ဝင်ခွင့် ပြုထားတာလား” မိုဝူကျိက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများလည်း ဝင်လာမည်ကို စိုးရိမ်မိနေသည်။ သူက မည်မျှ အားကောင်းစေကာမူ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူရှေ့၌ ပုရွတ်ဆိတ်မျှသာ ဖြစ်၏။

“ အဓိက ကနဦး နတ်ဘုရားအဆင့်နဲ့ ကောင်းကင်နတ်ဘုရားအဆင့်ပဲ ဝင်ကြမှာ … အဲဒါကြောင့် အစိုးရိမ်လွန်နေဖို့ မလိုဘူး။ အသစ်ထွက်ပေါ်လာတဲ့ နတ်ဘုရားသိုက်မြုံက ရတနာတော်တော်များတယ်။ ပထမနှစ်အတွင်းတော့ ဘယ်သူမှ ရတနာအတွက် လုယက်တိုက်ခိုက်နေမှာ မဟုတ်ဘူး။ နေရာတိုင်းမှာ ပစ္စည်းကောင်းတွေ အများကြီးပဲ ” ဖန်းကျဲက ရှင်းပြလိုက်လေ၏။

တိုက်ခိုက်မှုအကြောင်း ပြောလိုက်သည့်အခါ ဖန်းကျဲက တစ်ခုခုကို တွေးမိသွားဟန်ဖြင့်  “ နတ်ဘုရားသိုက်မြုံထဲ မဝင်ခင် မင်းအနေနဲ့ တပည့်တွေကို အရောင်းအဝယ် နယ်မြေထဲ မသွားခိုင်းတာ အကောင်းဆုံးပဲ။ နတ်ဘုရားသိုက်မြုံ ပေါ်လာတဲ့အခါ ထူးခြားတဲ့ ထိပ်တန်းအဆင့် ရတနာတွေ ပေါ်လာတတ်ကြတယ်။ အဲဒါကို မီးပြင်းကျောက်တုံးလို့ ခေါ်တယ် ”

“မီးပြင်းကျောက်တုံးလား ” မိုဝူကျိက အသက်ဓာတ်ပြည့်နေသည့် မီးခိုးရောင် ကျောက်တုံးကို သတိရမိသွားသည်။

ထိုအရာက  မီးပြင်း ကျောက်တုံးများ ဖြစ်နေသည်လား … သူက ကံကောင်းနေသည်လား

ဖန်းကျဲက ခေါင်းညိတ်ပြကာ

“ ဟုတ်တယ် … မီးပြင်းကျောက်တုံးက မိုးမြေအသက်ဓာတ်နဲ့ သက်ရှိတွေရဲ့ တာအိုအငွေ့အသက်တွေ ပြည့်နေတဲ့ ကျောက်တုံးမျိုးပဲ။ အဲဒီကျောက်တုံးက ဆေးမီးဖိုအတွက် အကောင်းဆုံး ပစ္စည်းပဲ။ ပြီးတော့ ရှန်းထျန်း ရတနာလို့လဲ ယူဆလို့ ရတယ်။ အဲဒီပစ္စည်းက အဖိုးမဖြတ်နိုင်ဘူး။ ရဖို့လည်း အရမ်းကို ခက်တယ်။ မိုးမြေကြားက ထိပ်တန်းအဆင့် မီးပြင်းဖိုက ဒီကျောက်တုံးကို အသုံးပြုပြီး လုပ်ထားတာ … ပြီးတော့ မီးပြင်းကျောက်နဲ့ လုပ်ထားတဲ့ မီးပြင်းဖိုက ကျင့်ကြံသူတွေ အမြဲအိပ်မက်မက်နေရတဲ့ နောက်တဆင့် တက်လှမ်းစေနိုင်တဲ့  ထူးခြားချက် ရှိတယ်

ရုပ်ဖျက်ထားတဲ့ ကျင့်ကြံသူတစ်ယောက်က နတ်ဘုရားသိုက်မြုံထဲ ဝင်လာပြီးတော့ မီးပြင်းကျောက်တုံးကို  လုယူသွားတယ်။ နတ်ဘုရားဘုရင်တွေလည်း နတ်ဘုရားသိုက်မြုံတစ်ခုလုံးကို ရှာနေတုန်းပဲ … အဲဒါကြောင့် ငါတို့ ကောင်းကင်လူသားဂိုဏ်းက တပည့်တွေ အပြင်မထွက်တာ အကောင်းဆုံးပဲ။ နတ်ဘုရားသိုက်မြုံမှာ ပစ္စည်းအတွက် မတိုက်ခိုက်ဘူးဆိုရင်တောင် မင်းတို့တွေ အခုလိုအချိန်မျိုးမှာ လူလုံးထွက်မပြသင့်ဘူး ”

“ ဟုတ်ကဲ့ပါ ” မိုဝူကျိက ဦးညွှတ်လိုက်ရင်း သူ့စိတ်ထဲ၌ ဗလောင်ဆူနေမိသည်။ သူက ထိုကျောက်တုံးမှာ မီးပြင်းကျောက် ဖြစ်ကြောင်း သိလိုက်သည်။

ယခု သူ့တွင် မီးပြင်းကျောက်တုံး ရလာပြီ ဖြစ်ရာ တည်ထောင်သူဘိုးဘေး ဖန်းကျဲက သတိမပေးလျှင်ပင် မလိုလားအပ်ဘဲ စွန့်စား၍ အပြင်မထွက်သင့်ပေ။ မီးပြင်းကျောက်ကိုတော့ သူက တခြားသူများကို သန့်စင်ဖို့ရာ ပေးမည် မဟုတ်ပေ။ သူက သူ့ကိုယ်ပိုင် ဆေးမီးပြင်းဖို တစ်ခု ဖန်တီးရန် ဆုံးဖြတ်လိုက်သည်။

***

All Chapters