ကောင်းကင်လူသားဂိုဏ်း၏ အရှက်ကွဲမှု
Vol. 66 Ch. 913
မိုဝူကျိက သူ့အခန်းဆီ ပြန်ရောက်လာပြီးနောက် စိတ်စွမ်းအားဖြင့် အပြင်ဘက်ကို အာရုံခံကြည့်လိုက်သည်။ နတ်ဘုရားသိုက်မြုံတစ်ခုလုံး၌ အလိုရှိဝရမ်းများနှင့်သာ ပြည့်နေသည်။ အလိုရှိ ဝရမ်းပေါ်မှ လူကို သေချာရေးဆွဲထားပြီး အသားညိုညို မျက်လုံးမှေးမှေးနှင့် အမျိုးသားပုံ ဖြစ်သည်။
မိုဝူကျိက အသားညိုညို မျက်လုံးမှေးမှေး အမျိုးသားကို မြင်လိုက်သည်နှင့် ထခုန်လုမတတ် လန့်ဖြတ်မိသွားသည်။ ဤပုံစံမှာ သူကိုယ်သူ အသွင်ပြောင်းဆေးလုံး သောက်သုံးပြီးနောက် ပြောင်းလဲလိုက်သော ပုံစံ ဖြစ်၏။ သူက ထိုသွင်ပြင်အပေါ်မှ ဝေကျဲဆီမှ ဌားထားသော မျက်နှာဖုံးကို သုံးကာ နောက်ထပ် သွင်ပြင်တစ်ခု ထပ်ပြောင်းထားသေးသည်။
တခြားနည်းဖြင့်ဆိုရလျှင် အကယ်၍ သူသာ အသွင်ပြောင်းဆေးလုံးကို မသောက်ဘဲ မျက်နှာဖုံးကို တိုက်ရိုက်စွပ်ထားလျှင် ယခုအခါ ပေါ်နေလောက်လေပြီ။ အကယ်၍ သူ့နောက်လိုက်လာသော သူမှာ နတ်ဘုရားအုပ်စိုးသူအဆင့်လောက်သာ ဖြစ်နေလျှင် အသွင်ပြောင်းဆေးလုံးပင် သူ့နဂိုသွင်ပြင်အား ဖုံးထားပေးနိုင်မည် မဟုတ်ပေ။
ကံကောင်းသွားသည်က သူက သတိကြီးကြီး ထားခဲ့၍ ဖြစ်သည်။ သူက အလိုရှိဝရမ်းပေါ် ရောက်လုနီးပါး ဖြစ်သွားရ၏။
မိုဝူကျိက စိတ်စွမ်းအားကို မြန်မြန် ရုတ်သိမ်းလိုက်သည်။ အကယ်၍ ပေါ်ပေါက်သွားပါက ကောင်းကင်လူသားဂိုဏ်း တစ်ခုလုံးကို ဆွဲသွင်းမိသလို ဖြစ်မည်မှန်း ကောင်းကောင်း သိထားသည်။
မိုဝူကျိက အပြင်မထွက်သရွေ့ မည်သူကမှ မီးပြင်းကျောက်တုံး ယူသွားသည့်သူအား ဖမ်းဆီးနိုင်ကြမည် မဟုတ်ပေ။ နှစ်လတာ ကုန်ဆုံးသွားလေ၏။ မိုဝူကျိ၏ ကျင့်ကြံဆင့်မှာလည်း ကနဦး နတ်ဘုရားအဆင့် ၂ ၌ အခြေတည်သွားလေပြီ။ ထိုစဉ် ဝေကျဲက နောက်တစ်ခါ ရောက်ရှိလာလေ၏။
“အကြီးအကဲဝေကျဲ … ကျုပ် ခင်ဗျားရဲ့ မျက်နှာဖုံးကို နောင်ကျရင် သေချာပေါက် ပြန်ပေးပါ့မယ်ဆိုနေ… နေ့တိုင်း လာရှာရင်လည်း ကျုပ် လုပ်ပေးနိုင်တာ ဘာမှမရှိဘူး” အကြီးအကဲဝေကျဲက ဘာမှမပြောခင် မိုဝူကျိက တန်းပြောလိုက်လေ၏။
ဝေကျဲက မိုဝူကျိအား စိုက်ကြည့်နေပြီးနောက် “ သိပ်မကြာသေးခင်က အားလုံးက နတ်ဘုရားသိုက်မြုံဆီ သွားပြီး မီးပြင်းကျောက် ယူသွားတဲ့သူကို ရှာနေကြတယ်။ အဲလူက မင်းတော့ မဟုတ်ဘူးမလား ”
မိုဝူကျိ စိတ်ထဲ အေးခဲလာမိကာ စိတ်အတွင်း၌ ဝေကျဲ၏ ထက်မြက်မှုအတွက် ချီးကျူးမိလိုက်သည်။ ထို့နောက် သူက အလေးမထားဟန်ဖြင့် “ ဟုတ်တယ်လေ … ကျုပ်က နတ်ဘုရားအုပ်စိုးသူအဆင့် ကျင့်ကြံသူတွေကိုတောင် သတ်ခဲ့သေးတယ် ”
မိုဝူကျိ၏ စကားများကို ကြားပြီးနောက် ဝေကျဲက အားရပါးရ ရယ်မောလိုက်လေ၏။ မိုဝူကျိက သူ့ဆီမှ မျက်နှာဖုံး ဌားသွားသော်လည်း ကောလဟာလများအရ မီးပြင်းကျောက် ယူသွားသောသူ နောက်မှ လိုက်ဖမ်းသည့်သူမှာ အင်မတန် အားကောင်းသော ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူဖြစ်ကြောင်း ထွက်နေသည်။ တချို့ဂိုဏ်းကြီးများ၏ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူပင် သူ့ပြိုင်ဖက် မဖြစ်နိုင်ချေ။
အကယ်၍ မိုဝူကျိ ဖြစ်နေပါက သူက အသက်ရှင်လျက် လွှတ်မြောက်လာပြီး ဝေကျဲနှင့် စကားစမြည် ပြောနေနိုင်မည် မဟုတ်ပေ။
“ အဲဆို ပြောပါဦး … ကျုပ်ကို ဘာလို့ ထပ်လာရှာနေတာလဲ။ ကျုပ်က ခင်ဗျားရဲ့ မျက်နှာဖုံးကို အလျော်ပေးဖို့ အခု ဘာမှ မရှိဘူးနော်။ ခင်ဗျား ပြန်ရဖို့ တော်တော်လေး စောင့်ရဦးမှာ ” မိုဝူကျိက ဝေကျဲကို ခြောက်လန့်ပြီးနောက် ပြောလိုက်သည်။
ဝေကျဲက ရယ်မောကာ “ အဲကိစ္စက အလျှင်မလိုပါဘူး။ အခု နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာမှုအတွက် ပြိုင်ပွဲဝင် နေရာတွေ စနေပြီ။ မင်းရော ဝင်ပြိုင်မလားလို့ လာမေးတာ ”
မိုဝူကျိက ခေါင်းခါကာ “ ကျုပ်က အခုထိ စာရင်း မပေးရသေးဘူး။ ပြီးတော့ ကျုပ်လိုမျိုး ကျင့်ကြံဆင့် နိမ့်နိမ့်လေးက သွားတာနဲ့ မသွားတာနဲ့ ဘာမှမကွာပါဘူး ”
“ စာရင်းသွင်းဖို့ လိုတယ်လို့ ဘယ်သူက ပြောလဲ။ မင်းကို ပြောပြရဦးမယ် … နတ်ဘုရားသိုက်မြုံက ကျင့်ကြံသူတိုင်း ဝင်ပြိုင်လို့ ရတယ်ကွ။ ပြိုင်ပွဲကို ကနဦး နတ်ဘုရားအဆင့်နဲ့ ကောင်းကင်နတ်ဘုရားအဆင့်ဆိုပြီး ခွဲထားတယ်။ ပြီးတော့ ဒီတစ်ခါ ပြိုင်ပွဲတွေက အားကောင်းတိုင်း အနိုင်ရတာ မဟုတ်ဘူးနော်။ တကယ်လို့ မင်းကံကောင်းနေရင်လည်း ဂိုဏ်းအတွက် နေရာ ရလာဖို့က မင်းကျင့်ကြံဆင့်နဲ့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး ” ဝေကျဲက မိုဝူကျိအား မကျေမနပ် ကြည့်လိုက်သည်။
ဝေကျဲက အကြီးအကဲ တစ်ယောက် ဖြစ်သော်လည်း ကောင်းကင်လူသားဂိုဏ်း၌ မိုဝူကျိ၏ အဆင့်အတန်းမှာ သူ့ထက် မနိမ့်ကျပေ။ ထို့ကြောင့် သူတို့ကြား၌ စီနီယာ၊ ဂျုနီယာ ဝါစဉ်ခွဲနေစရာ မလိုပေ။ အကယ်၍ ဝါစဉ်အကြီး လုပ်ရမည်ဆိုလျှင်ပင် ဝေကျဲက ခွဲခြားနိုင်မည် မဟုတ်ပေ။
ဤကောင်လေး မိုဝူကျိက သူ့အဆင့်နိမ့် မျက်နှာဖုံးကိုပင် လိမ်ယူသွားခဲ့သည် မဟုတ်ပါလော။
“ အဲလိုလည်း ရှိသေးတာလား ” မိုဝူကျိက ကျင့်ကြံဆင့် အနိမ့်လေးဖြင့် နေရာရနိုင်ကြောင်း ကြားသောအခါ ချက်ချင်း စိတ်ဝင်စားလာမိသည်။ သို့သော်လည်း သူက ထိုအတွေးကို ဖယ်လိုက်၏။ သူ့တွင် နေရာတစ်နေရာစာ ရှိထားပြီးသား မဟုတ်ပါလော။ ဝင်မပြိုင်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။
“ ဟုတ်တာပေါ့ ... အဲကြောင့် မင်းကို လာခေါ်တာ ” ဝေကျဲက မိုဝူကျိ ပခုံးကို ပုတ်ပေးကာ “ အရင်က ဖြစ်ခဲ့တာတွေ မေ့ပစ်ပေးမယ် ”
မိုဝူကျိက ပြုံးကာ “ ကျုပ် မသွားတော့ပါဘူး။ ကျုပ် ကျင့်ကြံဖို့ လိုနေသေးတယ် ”
ဝေကျဲက အသံတိုးကာ မိုဝူကျိနား ကပ်၍ ပြောလိုက်သည် “ ဝူကျိ … ငါတို့ နေရာငါးခုလုံး လက်လွှတ်လိုက်ရပြီဆိုတာ သိလား ”
“ ဘယ်လို ” မိုဝူကျိက ဝေကျဲအား တအံ့တဩ ကြည့်လိုက်သည်။ ဖန်းကျဲက ကောင်းကင်လူသားဂိုဏ်းတွင် နေရာငါးနေရာစာ ရထားကြောင်း ပြောထားပြီးသား ဖြစ်ရာ မိုဝူကျိအနေနှင့် ဖန်းကျဲသည် မလိမ်ညာကြောင်း ယုံကြည်မိသည်။ ထိုနေရာ ငါးနေရာစာလုံး ပါသွားလျှင်ပင် ဖန်းကျဲက သူ့အား အရင်ဦးစွာ အကြောင်းကြားပေလိမ့်မည်။ ဝေကျဲမှတဆင့် ပြောခိုင်းမည် မဟုတ်ပေ။
ဝေကျဲက မိုဝူကျိအား သနားစွာ ကြည့်လိုက်ပြီး ရေသလင်းကျောက်တစ်ခု ထုတ်ပေးကာ “တည်ထောင်သူဘိုးဘေးက အခု ဒီနေရာမှာ မရှိတော့ဘူး။ အကြောင်းအရင်းက ရေသလင်းကျောက်ထဲမှာ ရှိတယ်။ မင်းဘာသာ ကြည့်ကြည့်လိုက် ”
မိုဝူကျိက ရေသလင်းကျောက်ကို အသက်သွင်းလိုက်သည်နှင့် တည်ထောင်သူဘိုးဘေး ဖန်းကျဲ၏ ပုံရိပ်က ပေါ်လာသည်။ သူက မိုဝူကျိအား အားနာစွာ ပြောလိုက်သည်
“ ဝူကျိ … ငါ အခု နတ်ဘုရားသိုက်မြုံရဲ့ နတ်ဘုရားဘုရင်ခန်းမဆီ ရောက်နေတယ်။ ငါတို့ ကောင်းကင်လူသားဂိုဏ်းမှာ တည်ထောင်သူ ဘိုးဘေး ကွမ်ဟွမ်း ရေးထွင်းထားတဲ့ “ကောင်းကင်လူသားဂိုဏ်း” ဆိုတဲ့ ကျောက်ပြား ရှိတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ငါ အဲဒါကို အရပြန်ယူရမယ်။
နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းရဲ့ အခြေအနေတွေထဲမှာ ငါတို့ နတ်ဘုရားသိုက်မြုံ ဝင်ခွင့် ရတဲ့ နေရာငါးခုလုံးကို လက်လျော့ခိုင်းထားတယ်။ ဝူကျိရေ … ငါ မင်းအတွက် နေရာတစ်နေရာစာတော့ ရအောင် အကောင်းဆုံး ကြိုးစားပေးမယ် ”
မိုဝူကျိက တည်ထောင်သူဘိုးဘေး ဖန်းကျဲ၏ ပျောက်ကွယ်သွားသည့် ပုံရိပ်အား ကြည့်ကာ သူ့စိတ်ထဲ၌ အတွန့်တက်ငြင်းဆိုစရာ မရှိတော့ပေ။ အကယ်၍ ရှိပါကလည်း ကူကယ်ရာမဲ့မှုနှင့် အရှက်ကွဲမှုသာ ဖြစ်၏။
ထိုအရှက်ကွဲမှုမှာ သူသာလျှင်မကဘဲ ကောင်းကင်လူသားဂိုဏ်းနှင့် တည်ထောင်သူဘိုးဘေး ဖန်းကျဲအတွက်လည်း ဖြစ်ပေသည်။
တည်ထောင်သူဘိုးဘေး ကွမ်ဟွမ်း “ ကောင်းကင်လူသားဂိုဏ်း” ဟု ရေးထွင်းထားသော ကျောက်ပြားချပ်မှာ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း၌ ပေါ်လာလေ၏။ ပြောရမည်ဆိုလျှင် လွန်ခဲ့သည့်နှစ်များစွာက နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းမှ ခိုးယူသွားခဲ့ခြင်းသာ ဖြစ်ပေမည်။
နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းသည် ကောင်းကင်လူသားဂိုဏ်း၏ တည်ထောင်သူဘိုးဘေး ကျောက်ပြားအား ခိုးယူကာ ကောင်းကင်လူသားဂိုဏ်းအား ထိုအရာအတွက် နေရာငါး နေရာစာနှင့် လဲဖို့ရာ ချမှတ်နေသေး၏။ မိုဝူကျိက ထိုနေရာငါးခုစာမှာ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းအနေနှင့် ကောင်းကင်လူသားဂိုဏ်းအား အနိုင်ပိုင်းလိုက်ခြင်းသာ ဖြစ်မှန်း သိလိုက်သည်။ ကောင်းကင်လူသားဂိုဏ်း ပြန်လည် ဦးမော့မလာစေရန် ပိတ်ပင်တားဆီးလိုက်ခြင်း ဖြစ်သည်။ အကယ်၍ ကောင်းကင်လူသားဂိုဏ်း၏ တပည့် တစ်ယောက်ယောက်က အခွင့်အရေးကောင်းနှင့် ကြုံတွေ့လာခဲ့လျှင် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းအတွက် အားကောင်းသော ရန်သူ ထပ်တိုးလာသလိုသာ ဖြစ်ပေမည်။
မိုဝူကျိက တည်ထောင်သူဘိုးဘေး ဖန်းကျဲ ထိုစကားများ ပြောနေရင်း ခံစားရမည့် အရှက်ကွဲမှုနှင့် ကူကယ်ရာမဲ့မှုအား တွေးကြည့်၍ ရပေသည်။
လုံလုံလောက်လောက် အားမကောင်းသည့်အတွက် ခိုးကိုးရာမဲ့ခြင်း ဖြစ်၏။
မဟုတ်လျှင် သူ့လိုမျိုး နတ်ဘုရားဘုရင်တစ်ယောက်က တပည့်တစ်ယောက်အပေါ် ထားထားသည့် ကတိစကားကို မည်သို့ ဖျက်မည်နည်း။
မိုဝူကျိက ရေသလင်းကျောက်အား ဦးညွှတ်ကာ “ စီနီယာအစ်ကိုကြီး ကျွန်တော်အတွက် ဘာမှမစိုးရိမ်ပါနဲ့။ ကျွန်တော်ဘာသာ နတ်ဘုရားသိုက်မြုံ ဝင်ခွင့် ရလာဖို့ နည်းလမ်း ရှိပါတယ် ”
ထိုသို့ပြောပြီးနောက် မိုဝူကျိက ကြောင်အမ်းနေသည့် ဝေကျဲဘက် လှည့်ကာ “ အကြီးအကဲဝေကျဲ … ပြိုင်ပွဲနည်းလမ်းတွေက ဘာတွေလဲဆိုတာ ပြောပြပေးပါဦး။ ကျုပ် ဝင်ပြိုင်ချင်တယ် ”
“ ဝူကျိ … တည်ထောင်သူဘိုးဘေးကို ဘယ်လို ခေါ်လိုက်တာလဲ ” ဝေကျဲက မိုဝူကျိအား မယုံနိုင်ဖွယ် ကြည့်လိုက်သည်။
“ အဲကိစ္စကို အာရုံမစိုက်နေနဲ့။ အဓိကအကြောင်းကိုသာ မြန်မြန် ရှင်းပြပေးစမ်းပါဗျာ ” မိုဝူကျိက အသက်ဝဝ ရှုလိုက်သည်။ အကယ်၍ သူ့အကြောင်း သိသွားတော့လည်း ဘာအရေးလဲ။ ယခင်က အင်မော်တယ် ဧကရာဇ် သုံးယောက်အဝိုင်းခံရပြီး ဂိုဏ်းကြီးများမှလည်း လိုက်လံဖမ်းဆီးခံဖူးလေရာ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့သည် မဟုတ်ပါလော။
မိုဝူကျိက ထိုအတွေးဖြင့် သူ့စိတ်နှလုံးသားထဲမှ ဂိတ်တံခါးချပ်ကြီး ဖွင့်ဟသွားသည်ကို ခံစားမိလိုက်သည်။ သူက ရုတ်ချည်းဆိုသလို ယုံကြည်ချက် အပြည့် ဖြစ်လာ၏။
“ ဝူကျိ …. မင်း ဘာလို့ စောစောကနဲ့ မတူတော့တာလဲ ” ဝေကျဲကလည်း မိုဝူကျိဆီမှ အပြောင်းအလဲကို သတိပြုမိဟန် ပေါ်သည်။
မိုဝူကျိက ရယ်မောကာ “ အရင်တုန်းက ကျုပ် အတွေးလွန်နေလို့ပါ။ အဲတုန်းက အရာအားလုံးကို ကြောက်ရွံ့ပြီးတော့ စိတ်လှုပ်ရှားမိနေတယ်။ ကံကောင်းတာက ကျုပ်ဆီမှာ ကံကောင်းမှုတွေ ကျန်နေသေးတာပဲ ”
ကံတရားအကြောင်း ထည့်ပြောသည့်အခါ မိုဝူကျိက ရပ်တန့်သွားလေ၏။ သူက နတ်ဘုရားသိုက်မြုံဆီ သွားရင်း မီးပြင်းကျောက် ရှာတွေ့သည့် ကိစ္စကို ပြန်လည် တွေးမိသွားသည်။
ဤသည်က ကံကောင်းမှုလား ….
မိုဝူကျိက ထိုအရာကို တွေးလိုက်ရင်း အင်မော်တယ်လောက၏ ကံကြမ္မာကို ဖုံးအုပ်ထားသော အစီအရင်ကြီးကို ဖျက်စီးခဲ့စဉ်က အကြောင်းအား ပြန်တွေးမိသွားသည်။
ထိုစဉ်အခါက အစီအရင်ကို ချိုးဖျက်ရင်း သူက အင်မော်တယ်လောက၏ ကံတရားတချို့ ရရှိလာသည်များလား…
ဤသည်က သေချာပေါက် ဖြစ်နိုင်ပေသည်။ မဟုတ်လျှင် သူ ရှေ့တည့်တည့်၌ မီးပြင်းကျောက်က မည်သို့ ပေါ်လာမည်နည်း။
ကံတရားဆိုသည့်အရာမှာ ကန့်သတ်ချက် ရှိပြီး အသုံးပြုလေလေ နည်းသွားလေလေ ဖြစ်၏။ မိုဝူကျိက ကံတရားကို မည်သို့ အသုံးပြုရမည်မှန်း မထိန်းချုပ်တတ်သေးသော်လည်း နတ်ဘုရားနယ်မြေသို့ ထွက်ပြေးလွတ်မြောက်လာပြီး မီးပြင်းကျောက်ကို တွေ့ခဲ့သည်က ကံကောင်းမှုဆိုလျှင် သူ့အနေနှင့် တစ်ဘဝလုံးစာ ထိုက်တန်သည့် ကံကောင်းမှုများကို အသုံးပြုပြီးလောက်လေပြီ။
“ အစ်ကိုကြီးမိုရော ပြိုင်ပွဲ ဝင်ပြိုင်မလို့လား ” ကူချိုက်က မြန်မြန် ရောက်လာသည်။ သူမက မည်သည့်နေရာမှ ကြားလာသည်ကို မိုဝူကျိပင် မသိပေ။
မိုဝူကျိက အတွေးများကို ပြန်စုစည်းလိုက်ရင်း ဖြေလိုက်၏ “ ကူချိုက် .. မင်း ဆက်ကျင့်ကြံနေပြီးတော့ ငါ ပြန်လာတာကို စောင့်နေလေ ”
ကူချိုက်က ပြိုင်ပွဲများ၌ ဝင်ပြိုင်ဖို့ရာ အားမကောင်းသေးသောကြောင့် သူက ဝင်ပြိုင်မည် ဖြစ်ရာ နေရာတစ်နေရာစာတည်းဖြင့် ပြန်လာ၍ မရပေ။ သူက ကူချိုက်အတွက်လည်း နေရာ ယူပေးရန် ဆုံးဖြတ်ထား၏။
ကူချိုက်ကို အထဲဝင်ခိုင်းပြီးနောက် မိုဝူကျိက ထပ်မေးလိုက်သည် “ အကြီးအကဲဝေကျဲ … ကောင်းကင်လူသားဂိုဏ်းကနေ ပြိုင်ပွဲဝင်မှာက ကျုပ် တစ်ယောက်တည်းလား ”
ဝေကျဲက မိုဝူကျိအား ဆွံ့အစွာ ကြည့်လိုက်ရင်း “ ဝူကျိ မင်းက ယုံကြည်ချက်တွေ ပြင်းထန်နေတာပဲ။ မင်းကလွဲပြီး ကောင်းကင်လူသားဂိုဏ်း တစ်ခုလုံး ဝင်ပြိုင်မှာ …. ကူချိုက်လည်း ဝင်ပြိုင်မှာ ”
သူက ဝင်မပြိုင်သည့် တစ်ဦးတည်းသော ဆိုသည့်အကြောင်းကို ကြားကာ မိုဝူကျိက နေရခက်လာမိ၏။ သူက အကြီးအကဲဝေကျဲသည် သူ့အား တည်ထောင်သူဖန်းကျဲဆီမှ စကားလာပါးပြီး ပြိုင်ပွဲဝင်မည်လား လာမေးခြင်းသာ ဖြစ်ပေမည်။
မိုဝူကျိက နေရခက်သွားသည်ကို သတိပြုမိသွားပြီး ဝေကျဲက ဆက်လက်၍ အနာမဆွတော့ဘဲ ရှင်းပြပေးလိုက်သည်
“ ဒီတစ်ခါ ပြိုင်ပွဲဝင်တာက ကနဦး နတ်ဘုရားအဆင့်နဲ့ ကောင်းကင်နတ်ဘုရားအဆင့်က လူတွေပဲ ဝင်ပြိုင်လို့ ရတာ။ ပြီးတော့ ပြိုင်ပွဲတချို့ ရှိမယ်။ ပထမဆုံးအမျိုးအစားက နတ်ဘုရားသိုက်မြုံရဲ့ ထန်းတိရင်ပြင်ဆီ သွားပြီးတော့ စည်းမျည်းတွေအပေါ် အသိဉာဏ်ပွင့်မှု အရယူရမယ်။ ဆယ်ရက်အတွင်းမှာ မင်း အသိဉာဏ်အလင်း ပွင့်လာတဲ့ မိုးမြေစည်းမျည်း အရေအတွက်ပေါ် မူတည်ပြီးတော့ နေရာ ရမယ်။ ဒုတိယနည်းလမ်းက နတ်ဘုရားသိုက်မြုံပင်လယ်ကို သွားပြီးတော့ သဘာဝဓာတ်ငါးမျိုး သဲ ဒါမှမဟုတ် မြေကြီးကို သွားစုဆောင်းပေးရမယ်။ ပြီးပြည့်စုံတဲ့ သဘာဝဓာတ်ငါးမျိုး သဲ အစုံတိုင်းအတွက် နေရာတစ်နေရာစာ ရမယ် … ”
“ ခဏ …. အကြီးအကဲဝေကျဲ နတ်ဘုရားသိုက်မြုံ ပင်လယ်က ဘယ်နေရာမှာလဲ။ ကျုပ်က ဘာလို့ မသိတာလဲ ” မိုဝူကျိက မြန်မြန် မေးလိုက်သည်။
သူက သဘာဝဓာတ်ငါးမျိုး သဲအကြောင်း သိထားပြီး သူ့တွင်လည်း တစိတ်တပိုင်း ရှိပေသည်။ သဘာဝဓာတ်ငါးမျိုး မြေကြီးမှာ သဘာဝဓာတ်ငါးမျိုး သဲမှ ဖြစ်တည်လာခြင်း ဖြစ်၏။
သဘာဝဓာတ်ငါးမျိုး သဲက သဘာဝဓာတ်ငါးမျိုး မြေကြီး ဖွဲ့စည်းပေးသောကြောင့် သဘာဝဓာတ်ငါးမျိုး သဲမှာ သဘာဝဓာတ်ငါးမျိုး မြေကြီးထက် တန်ဖိုးနည်းသည်ဟု မဆိုလိုပေ။ သဘာဝဓာတ်ငါးမျိုး မြေကြီးတွင် သဘာဝဓာတ်ငါးမျိုး ပါဝင်နေသည့် မြေကြီး အမျိုးအစား ဖြစ်ပြီး သဘာဝဓာတ်ငါးမျိုး သဲမှာ သဲအမျိုးအစား ငါးမျိုး ဖြစ်၏။ သဲအမျိုးအစား ရောနှောသွားသည့်အခါ သဘာဝဓာတ်ငါးမျိုး မြေကြီးထက်ပင် အဖိုးတန်သေးသည်။
“ နတ်ဘုရား သိုက်မြုံမှာ မင်း မသိသေးတဲ့ နေရာတွေအများကြီလေ။ နတ်ဘုရားသိုက်မြုံရဲ့ ကန္တာရကိုရော သိလား။ နတ်ဘုရားသိုက်မြုံ ဓားရေကန်ရော ..” အကြီးအကဲဝေကျဲက မိုဝူကျိအား အထင်သေးစွာ ကြည့်လိုက်ပြီး
“ နတ်ဘုရားသိုက်မြုံ ပင်လယ်က တစ်နှစ်လုံး မြူတွေတောက်လျှောက် ဖုံးလွှမ်းနေတဲ့ ပင်လယ်ကြီးပဲ။ ပင်လယ်က ကျယ်ပြောလွန်းလို့ လူတွေ ရေငုပ်ဖို့ ခက်တယ်။ မင်းအနေနဲ့ အဲဒီနေရာကို ရောက်သွားရင် စိတ်စွမ်းအားကို ထုတ်သုံးနိုင်မှာ မဟုတ်တော့ဘူး။ ပြီးတော မင်းရဲ့ နတ်ဝိညာဉ်စွမ်းအားတွေလည်း ကန့်သတ်ခံထားရမယ်။ သဘာဝဓာတ်ငါးမျိုး သဲက နတ်ဘုရားသိုက်မြုံပင်လယ် ကြမ်းပြင်မှာ ပုန်းအောင်းနေတာ ”
မိုဝူကျိက သူ့အပေါ် မျက်နှာဖုံးကို လိမ်လည်သွားသည့်အတွက် ဝေကျဲက မိုဝူကျိအား အထင်သေးစွာ စနောက်ပြီးနောက် ကျေနပ်သွားလေ၏။
မိုဝူကျိက ဝေကျဲ၏ အပြုအမူကို စိတ်ထဲ မထားဘဲ မေးလိုက်သည် “ အကြီးအကဲဝေကျဲ … အဲလိုဆိုရင် သဘာဝဓာတ်ငါးမျိုး သဲရဲ့ အပြည့်အဝ တစ်စုံလုံးက ရှာတွေ့ဖို အရမ်းခက်မှာပေါ့ ”
ဝေကျဲက ပြန်လည် ချေပလိုက်လေ၏
“ ရင်ပြင်ပေါ်မှာ စည်းမျည်းအကြောင်း ဉာဏ်အလင်းပွင့်ဖို့ကရော လွယ်တယ် ထင်နေလို့လား။ ထန်းတိရင်ပြင်မှာ စည်းမျည်းပေါင်း သန်းချီနေတာ တစ်နှစ်အတွင်းမှာတောင် မင်းအနေနဲ့ စည်းမျည်းတစ်ခုကို နားလည်ပြီး ဉာဏ်အလင်းပွင့်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပြီးတော့ ရိုးရှင်းတဲ့ စည်းမျည်းတွေက တခြားသူတွေဆီ ပါသွားပြီဆိုတော့ တခြားသူတွေက စည်းမျည်းတွေ ဉာဏ်အလင်းပွင့်သွားတာနဲ့ အရေအတွက် လျော့နည်းသွားမှာပဲ ”
***