အမည်ခံတပည့်
Vol. 60 Ch. 829
ထို တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်မှာ အချိန်သိပ်မကြာပေ။ သို့သော် တည်နေရာပြောင်းရွှေ့ခံနေရသည့် လူတိုင်းမှာမူ ထိုလုပ်ငန်းစဉ်ကြီးအား မေ့ပျောက်နိုင်ကြမည် မဟုတ်ပေ။ အချိန်နှင့် အာကာသကြီး တွန့်လိမ်ပုံပျက်ကာ ဆန့်တန်းသွားပြီး မိမိတို့၏ ခန္ဓာကိုယ်များ အမှုန်အမွှားလေးများအဖြစ် ပြောင်းလဲသွားကာ နောက်ဆုံးတွင် ပြန်လည် စုဝေးသွားကြသည့် ခံစားချက်ကြီးမှာ အလွန်အင်မတန်မှ ထူးဆန်းနေသည် မဟုတ်ပါလော။ သူတို့မှာ ထိုလုပ်ငန်းစဉ်အတွင်း မတော်တဆမှုတစ်ခုခုနှင့် ကြုံလိုက်ရမည်ဆိုပါက ပြန်လည်ပေါ်ပေါက်လာချိန်တွင် ခန္ဓာကိုယ် အစိတ်အပိုင်းများ ဆုံးရှုံးသွားရမည်ကို စိုးရိမ်နေကြ၏...
ကံကောင်းသည်မှာ မီးတောက်ခေါင်းဆောင်ကြီး သူတို့အား ပေးထားသည့် မျက်နှာဖုံးများထဲရှိ တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအားများမှာ အလွန်အင်မတန်မှ အားကောင်းသောကြောင့် ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံရမည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာမူ ထိုကိစ္စနှင့်ပတ်သက်၍ အထူးတလည် စိုးရိမ်နေစရာမလိုပေ။ သူ၏ ခန္ဓာကိုယ်အား သူ၏ဝိညာဉ်စွမ်းအင်ဖြင့် ဖန်တီးထားသည်ဖြစ်ရာ အစိတ်အပိုင်းများအားလုံးမှာ အတူတူဖြစ်နေ၏။ သို့ဖြစ်ရာ သူ၏ခြေလက်များ ပြောင်းပြန်ဖြစ်သွားလျှင်တောင် သူသည် နောက်ထပ်တစ်ကြိမ် ပြန်၍ အသွင်ပြောင်းလဲလိုက်ရုံသာ လိုအပ်ပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အခြားသူများကဲ့သို့ စိတ်ဖိစီးမှုများ ခံစားနေရခြင်းမရှိပေ။ သူသည် သူရရှိနိုင်မည့် သလင်းကျောက်နီ အရေအတွက်ကိုသာ စိတ်ကူးထဲ၌ တွက်ချက်မှန်းဆနေ၏။
သူ သတ်ဖြတ်ခဲ့သည့် အဆုံးမဲ့မျိုးနွယ်စုဝင် အရေအတွက်မှာ အလွန်အင်မတန်မှ များပြားလွန်းနေသည် မဟုတ်ပါလော။ ထို့အပြင် သူသည် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုလည်း သတ်ဖြတ်နိုင်ခဲ့သေးသည်။ သို့သော် ဝမ်ပေါင်လဲ့မှာ နောက်ဆုံးတွင် ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည့် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးကြောင့် အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေရ၏။
" ငါ့ကို ထိုက်ထိုက်တန်တန် ဆုချသင့်ပါတယ်။ ငါက အများကြီးကြိုးစားခဲ့ရတာကို " ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ်နှင့် တွေးလိုက်၏။ သူ၏ခန္ဓာကိုယ်ကြီး တည်နေရာပြောင်းရွှေ့ခံလိုက်ရပြီး ပြန်လည်ပေါ်ပေါက်လာသောအခါ သူသည် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်သည်။ သူသည် သူတို့အားလုံး ဂြိုဟ်ကြီးပေါ်သို့ တည်နေရာပြောင်းရွှေ့မသွားခင်တုန်းက ဆင့်ခေါ်ခံခဲ့ရသည့် နေရာသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်၏။ သူတို့နှင့် စိမ်းနေသလို တစ်မျိုးတစ်ဖုံ ရင်းနှီးနေသည့်ပုံလည်း ပေါက်နေသည့် ထို နယ်မြေထဲတွင် အကျိုးအပဲ့ အပိုင်းအစများမှာ လေထဲ၌ မျောလွင့်နေကြသည်။
ထို အကျိုးအပဲ့ အပိုင်းအစများဖြင့် ပြည့်နှက်နေသည့် ကမ္ဘာကြီးမှာ အဆုံးအစမဲ့လောက်အောင် ကျယ်ပြောပြီး ရှေးဆန်သည့် အငွေ့အသက်လှိုင်းများကို ထုတ်လွှတ်နေသည်။ ထို့အပြင် ထို အကျိုးအပဲ့ အပိုင်းအစများပေါ်တွင် အချိန်များ ကုန်ဆုံးသွားနေသည့် အရိပ်အယောင်များကို အထင်အရှားမြင်နေရ၏။
စကြဝဠာကြီးမှာ မိုးကောင်းကင်ကြီး ဖြစ်နေပြီး ဟင်းလင်းပြင်ကြီးမှာမူ မြေပြင်ကြီးဖြစ်နေ၏။ ထိုအချိန်တွင် ထို စကြဝဠာကြီးနှင့် ဟင်းလင်းပြင်ကြီးထဲ၌ မျောလွင့်နေကြသည့် အကျိုးအပဲ့ အပိုင်းအစများပေါ်တွင် မျက်နှာဖုံးများ တပ်ထားကြသည့် လူရိပ်များ ပြန်လည်ပေါ်ပေါက်လာကြပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့ ထိုနေရာ၌ ပေါ်ပေါက်လာသည့်အချိန်တွင် အခြားသူများမှာ သူ၏မျက်နှာပေါ်မှ ဝက်ခေါင်းမျက်နှာဖုံးအား မြင်လိုက်ရသဖြင့် ပင့်သက်ရှိုက်သံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။
" ဟို ပြဿနာကောင်ပါလား "
" ငါကိုယ်တိုင် သေသေချာချာ မြင်ခဲ့တာကွ။ သူက နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့တာ "
" ဒီတာဝန်ကြီးတစ်ခုလုံးကို ပရမ်းပတာဖြစ်သွားအောင် လုပ်ခဲ့တာ... သူကိုးကွ "
" နောက်ဆုံး ဂြိုဟ်ကြီး ပျက်စီးသွားရတဲ့ ကိစ္စကလည်း သူနဲ့ ပတ်သက်နေလောက်တယ်။ ဒီကောင်က တကယ့်ကို အဖျက်သမားပဲကွ။ သူ့ကို ဝေးဝေးကရှောင်တာ အကောင်းဆုံးပဲ "
ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများမှာ ပင့်သက်များရှိုက်ကာ တစ်ယောက်ကိုတစ်ယောက် အသံလွှင့်အကြောင်းကြားစာများ ပေးပို့နေကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့အား ဘုံရန်သူအဖြစ် သတ်မှတ်ထားကြသောကြောင့် ပိုမို ရင်းနှီးလာကြသည့်ပုံပင်။
သို့သော် ဝမ်ပေါင်လဲ့ သူတို့အား လှမ်းကြည့်လိုက်သည့်အချိန်တွင် သူတို့အားလုံးမှာ အသံလွှင့်အကြောင်းကြားစာများ မပေးပို့ရဲတော့ဘဲ ရပ်တန့်သွားကြ၏။ ထို့နောက် သူတို့၏ မျက်ဝန်းများထဲတွင် ကြောက်ရွံမှုများနှင့် ရိုသေလေးစားမှု အရိပ်အယောင်များ ပေါ်ပေါက်လာကြတော့သည်။ ဂြိုဟ်ကြီးပေါ်၌ တွေ့မြင်ခဲ့ရသည့် ဝမ်ပေါင်လဲ့၏ အပြုအမူများနှင့် သတ်ဖြတ်မှုများကြောင့် သူတို့အားလုံးမှာ စိတ်ဝိညာဉ်ထဲမှနေ၍ တုန်လှုပ်ချောက်ချားနေကြရပြီဖြစ်ကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။
ထိုလူအုပ်ကြီးထဲရှိ အစောပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူ သုံးယောက်ပင်လျှင် ထိုကဲ့သို့ ခံစားနေကြရသည်။ သူတို့မှာ ထာဝရဝိညာဉ်အဆင့်တွင် ရှိနေကြသည့်တိုင်အောင် ဝမ်ပေါင်လဲ့အား မလေးစားဘဲ မနေနိုင်ကြပေ။ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်နိုင်ခဲ့သည့် လူတစ်ယောက်မှာ အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာ ကောင်းနေလိမ့်မည်ဟု သူတို့က မှတ်ယူထားကြ၏။ ထို့အပြင် သူတို့မှာ သူနှင့် ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုပါက သေချာပေါက် အနိုင်ရရှိနိုင်လိမ့်မည်ဟု သူတို့ကိုယ်သူတို့ ယုံကြည်မှုမရှိကြပေ။
" ဒီကောင်က... ရန်သူတွေကို သတ်နိုင်ရုံတင်မကဘူး သူ့ရဲ့ အဖွဲ့သားတွေကိုပါ ပြဿနာရှာနိုင်တဲ့ ကောင်ပဲကွ " ထို ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူသုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဝမ်ပေါင်လဲ့အား အရိုအသေ ပေးလိုက်ကြတော့သည်။
ဝမ်ပေါင်လဲ့မှာ ဝေ့ဝိုက်ကြည့်ရှုလိုက်သောအခါ နဂိုတုန်းက အယောက်တစ်ရာကျော်ရှိသော ဆင်းသက်သူများထဲမှ အယောက် လေးဆယ်ကျော်လောက်သာ ကျန်ရစ်တော့သည်ဖြစ်ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူသည် မျက်စိပေကလပ်ပေကလပ် ဖြစ်သွားပြီး ဤတာဝန်ကြီးမှာ အလွန်အင်မတန်မှ အန္တရာယ်များသည်ဟု ခံစားလိုက်ရတော့သည်။ သူသည် ကံကောင်းနေခဲ့သောကြောင့်သာ တော်သေးပေသည်။ ထိုသို့သာမဟုတ်ပါက သူသည်လည်း အသက်အန္တရာယ်နှင့် ကြုံခဲ့ရလောက်ပေသည်။
သူသည် သူ့ကိုယ်သူ နှစ်သိမ့်ကာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူသုံးယောက်အား ပြန်၍ အရိုအသေပေးလိုက်ပြီးနောက် နွားခေါင်းမျက်နှာဖုံးနှင့် လူသန်ကြီးအား မြင်လိုက်ရသဖြင့် ရယ်မောကာ ဆိုလိုက်၏။
" မင်းက အသက်ရှင်နေသေးတာကိုး "
ထိုအခါ ထို လူသန်ကြီးမှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး ငိုမဲ့မဲ့ ဖြစ်လာရတော့သည်။ သူသည် ကတုန်ကယင်နှင့် ဝမ်ပေါင်လဲ့အား တရိုတသေ ဂါရဝပြုလိုက်ပြီနောက် အော်ပြောလိုက်၏ " ကြိုဆိုပါတယ် တာအိုရောင်းရင်း။ တာအိုရောင်းရင်း ကူညီပေးခဲ့လို့သာ ကျွန်တော် အသက်ရှင်နေသေးတာပါ။ ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။ ကျွန်တော် အရိုအသေ ပေးပါရစေ "
ထို လူသန်ကြီးမှာ အရှက်မရှိသော စကားများကို ဆိုနေသည်ဖြစ်ရာ အခြားသူများမှာလည်း သူ့အား စိတ်ထဲတွင်ကျိတ်၍ ကျိန်ဆဲလိုက်ကြ၏။ သို့သော် အပြင်ပန်းတွင်မူ သူတို့မှာလည်း ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ သူပြောသည့်အတိုင်း လိုက်ပြောလိုက်ကြရသည်သာ ဖြစ်သည်။
သူတို့အားလုံးမှာ သူတို့၏ ဇာတိမြေများဆီသို့ ပြန်မရောက်သေးကြသောကြောင့် အခြား ရွေးချယ်စရာမရှိပေ။ အကယ်၍ သူတို့မှာ ထိုပြဿနာကောင်အား အပြစ်လုပ်မိသွားမည်ဆိုပါက သူတို့၏ ဇာတိမြေများဆီသို့ အသက်ရှင်လျက် မပြန်နိုင်ဘဲ ဖြစ်သွားရမည်ကို စိုးရိမ်နေကြရ၏။ သို့ဖြစ်ရာ ထို ဝက်ခေါင်းမျက်နှာဖုံးနှင့် လူကြီးအား တရိုတသေ ဆက်ဆံနေခြင်းမှာ အကျိုးမယုတ်နိုင်ပေ။
ဝမ်ပေါင်လဲ့မှာ ရှိသမျှလူတိုင်း သူ့အား ကြိုဆိုနေကြသည်ကို မြင်လိုက်ရသဖြင့် ပျော်ရွှင်ကျေနပ်သွား၏။ ထို့ကြောင့် သူသည် အော်ဟစ်ရယ်မောကာ ဘေးပတ်ပတ်လည်ရှိ လူအုပ်ကြီးအား ခေါင်းညိတ်ပြလိုက်ပြီး သူတို့နှင့် စကားစမြည်များ ပြောနေလိုက်တော့သည်။ သူ စကားတစ်ခွန်းပြောလိုက်တိုင်း လူများမှာ သဘောတူထောက်ခံကြောင်း ချက်ချင်း လိုက်ပြောလိုက်ကြသည်သာဖြစ်သည်။ ထို့ကြောင့် သူတို့၏ စကားဝိုင်းမှာ အလွန်အင်မတန်မှ အတိုင်အဖောက် ညီနေကြ၏။
ထိုသို့ဖြင့် ပြန်ရောက်လာသည့် လူအုပ်ကြီးတစ်ခုလုံး ဝမ်ပေါင်လဲ့အား ဖားယားနေကြစဉ် သူတို့ ဆင်းသက်သွားခဲ့ပြီးနောက် ပြန်လည်ထွက်ခွာလာခဲ့သည့် ဂြိုဟ်ကြီးမှာ ဆက်လက်ပေါက်ကွဲပျက်စီးနေဆဲပင်။ ထိုဂြိုဟ်ကြီး၏ တစ်ဝက်တိတိမှာ ဖုန်မှုန့်လေးများအဖြစ်သို့ ပြောင်းလဲသွားပြီး စကြဝဠာကြီးထဲသို့ ပျံ့လွင့်သွားပြီ ဖြစ်သည်။ ထို့ကြောင့် အဝေးမှ ကြည့်လိုက်မည်ဆိုပါက ထိုဂြိုဟ်ကြီးမှာ လခြမ်းကွေးတစ်ခုနှင့် တူနေ၏။ ၎င်းမှာ တစ်စတစ်စ ပေါက်ကွဲပျက်စီးသွားနေဆဲပင်...
အချိန် အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ ထိုဂြိုဟ်ကြီးမှာ အပြီးတိုင် ပျက်စီးသွားမည်ပုံပင်။ ထိုအချိန်သို့ရောက်လျှင် ထိုဂြိုဟ်ကြီးမှာ စကြဝဠာကြီးထဲ၌ ရှိနေတော့မည် မဟုတ်ပေ။
ထိုကဲ့သို့သောကိစ္စမျိုးမှာ အင်အားကြီး အဆုံးမဲ့မျိုးနွယ်စုအတွက်ပင် အသေးအဖွဲ ကိစ္စတစ်ခု မဟုတ်ပေ။ ၎င်းမှာ လူတိုင်းအား ပျာယာခတ်သွားစေမည့် ကိစ္စမျိုး မဟုတ်ပါသော်လည်း ရာထူးအကြီးပိုင်းထဲမှ လူအချို့မှာ သတိထားမိသွားကြမည်သာ ဖြစ်သည်။ သူတို့မှာ စစ်တပ်တစ်ခုအား ဆုံးရှုံးလိုက်ရသည့်အပြင် သူတို့၏ ဂြိုဟ်အဆင့် စစ်တပ်ခေါင်းဆောင်ကြီးမှာလည်း အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ပြီး ခေါင်းတစ်ဝက်သာ ကျန်တော့သည်မဟုတ်ပါလော။ တစ်ချိန်ထဲမှာပင် သူတို့သိမ်းပိုက်ခဲ့သည့် ဂြိုဟ်ကြီးမှာလည်း တစ်စစီ ကြေမွပျက်စီးသွားပြီ ဖြစ်သည်။
ထို့ကြောင့် သူတို့မှာ စုံစမ်းစစ်ဆေးမှုများ ချက်ချင်းဆိုသလို ဆောင်ရွက်လိုက်ကြသဖြင့် လူအများမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။ တစ်ချိန်ထဲမှာပင် ထိုဖြစ်စဉ်ကြီးအား အစမှအဆုံးအထိ မြင်ခဲ့ရသည့် မီးတောက်ခေါင်းဆောင်ကြီးမှာ ယခင်တုန်းက သူ ကြည့်ရှုခဲ့သည့် တာဝန်များအားလုံး ပေါင်းလျှင်တောင် ဝမ်ပေါင်လဲ့၏ စွမ်းဆောင်ရည်များလောက် စိတ်ကျေနပ်မှု ပေးစွမ်းနိုင်လိမ့်မည် မဟုတ်ဟု လက်ခံလိုက်ရတော့သည်။
" ဒီကောင်လေးက အရည်အချင်း ရှိသားပဲ " မီးတောက်ခေါင်းဆောင်ကြီးမှာ သူ၏ ပါးစပ်ထဲမှ သစ်သီးအူတိုင်အား ထွေးထုတ်လိုက်ပြီးနောက် သူ၏ရှေ့တွင်ရှိနေသည့် ဖန်သားပြင်ကြီးအား စိုက်ကြည့်ရင်း မျက်လုံးများ မှေးသွား၏။ ထို ဖန်သားပြင်ကြီးမှာ ဝမ်ပေါင်လဲ့နှင့် အခြားသူများရှိနေသည့် အကျိုးအပဲ့ အပိုင်းအစများဖြင့် ပြည့်နှက်နေသော ကမ္ဘာကြီးအား ပြသနေသည်။
သူသည် တစ်ခဏမျှ တွေးတောသုံးသပ်လိုက်ပြီးနောက် သူ၏ညာဘက်လက်ကိုမြှောက်ကာ မန္တန်လက်ကွက်များ ဖော်လိုက်ပြီး သူ၏ရှေ့တွင်ရှိနေသည့် ဖန်သားပြင်ကြီးအား လက်ညှိုးထိုးလိုက်၏။ ထိုအခါ ထို ဖန်သားပြင်ပေါ်တွင် လှိုင်းတွန့်များ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာတော့သည်။ ထိုလှိုင်းတွန့်များ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားချိန်တွင် မီးတောက်ခေါင်းဆောင်ကြီး၏ နတ်ဘုရားအာရုံ အမျှင်အတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုလှိုင်းတွန့်များနှင့် ပေါင်းစည်းသွား၏။
တစ်အောင်ခန့်အကြာတွင် အကျိုးအပဲ့ အပိုင်းအစများဖြင့် ပြည့်နှက်နေသော ကမ္ဘာကြီးထဲ၌ ပျော်ရွှင်မြူထူးစွာ စကားစမြည် ပြောဆိုနေကြသည့် လူအုပ်ကြီးမှာ သူတို့၏ ဝိညာဉ်များ ဆတ်ခနဲ တုန်ရီသွားသည်ကို ခံစားလိုက်ရသည်။ ဝမ်ပေါင်လဲ့ပင်လျှင် အလွန်အင်မတန်မှအားကောင်းသော စွမ်းအင်လှိုင်းကြီးတစ်ခု ဆင်းသက်လာသည်ကို အာရုံခံမိလိုက်၏။
ဝမ်ပေါင်လဲ့အပါအဝင် အခြားသူများအားလုံး မော့ကြည့်လိုက်ကြသောအခါ သူတို့မှာ ကောင်းကင်ယံထဲမှနေ၍ မီးတောက်အလင်းတန်းတစ်ခု ဆင်းသက်လာပြီး လေထဲ၌ ရပ်တန့်သွားသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ မီးတောက်လူရိပ်တစ်ခုအဖြစ် စုစည်းသွား၏။ ထိုလူရိပ်ကြီး၏ ပုံပန်းသွင်ပြင်များကို ရှင်းလင်းပြတ်သားစွာ မမြင်ရပါသော်လည်း ၎င်းမှာ အလွန်အင်မတန်မှ အားကောင်းသော ဖိနှိပ်ချုပ်တည်းအားတစ်မျိုးကို ပိုင်ဆိုင်ထားသည်။ သို့ဖြစ်ရာ ၎င်းအား တစ်ချက်မျှ ကြည့်လိုက်ရုံနှင့် မျက်လုံးများ တဆစ်ဆစ်နာကျင်ကိုက်ခဲသွားပြီး စိတ်ဝိညာဉ်များ တုန်ရီသွားရမည်သာဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာရပြီး ချက်ချင်း ခေါင်းငုံ့သွား၏။ ထို့နောက် သူသည် ကောင်းကင်ယံထဲရှိ မီးတောက်လူရိပ်ကြီးဆီမှ ထွက်ပေါ်လာသည့် ရှေးဆန်သော စကားသံကြီးတစ်သံအား ကြားလိုက်ရတော့သည်။
" မင်းတို့တွေ အကုန်လုံး ဘယ်ဆိုးလို့လဲကွ။ အခု ငါ မင်းတို့ရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီးတော့ သလင်းကျောက်နီတွေ ဆုချမယ် "
မီးတောက်လူရိပ်ကြီး၏ စကားသံကြီး ထွက်ပေါ်လာသည်နှင့် ထိုကမ္ဘာကြီးထဲတွင် ရှိနေသည့် လူအယောက်လေးဆယ်ကျော်၏ မျက်နှာဖုံးများပေါ်တွင် ကိန်းဂဏန်းများ ပေါ်ပေါက်လာတော့သည်။ ထို မျက်နှာဖုံးများမှာ သူတို့အား ချီးမြှင့်ရမည့် ဆုလာဘ်ပမာဏအား တွက်ချက်နိုင်စွမ်းရှိနေသည်။ ဝမ်ပေါင်လဲ့မှာလည်း သူ၏မျက်နှာဖုံးပေါ်ရှိ ကိန်းဂဏန်းအား ချက်ချင်းပင် အာရုံခံမိလိုက်၏။
" သလင်းကျောက်နီ အတုံးတစ်သောင်းသုံးထောင် ဆိုပါလား " ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားရပြီးနောက် ထိုပမာဏမှ အနည်းငယ်ခန့် နိမ့်နေကြောင်း ခံစားလိုက်ရ၏။ သူသည် ရှဲ့ဟေးရန်ဆီမှ ပစ္စည်းအားလုံးကို ဝယ်ယူရန် သလင်းကျောက်နီ အတုံးသုံးရာလောက်သာ လိုပါသော်လည်း သူတစ်ယောက်တည်း စစ်တပ်တစ်ခုလုံးအား ဖျက်ဆီးခဲ့သည်ဟု ဆိုနိုင်သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူ၏အမြင်တွင် ထိုပမာဏမှာ သူ၏ ကြိုးစားအားထုတ်မှုနှင့် လျော်ညီမှု မရှိပေ။
သို့သော် ဝမ်ပေါင်လဲ့မှာ အခြားသူများ၏ မျက်နှာဖုံးများကို မြင်လိုက်ရသောအခါ အနည်းငယ်ခန့် စိတ်ကျေနပ်သွားတော့သည်။
အခြားသူများ၏ မျက်နှာဖုံးများပေါ်တွင် အကြီးဆုံးသော ကိန်းဂဏန်းမှာ နှစ်ရာကျော်သာ ရှိနေ၏။ ၎င်းတို့မှာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီး သုံးယောက်၏ မျက်နှာဖုံးများပေါ်ရှိ ကိန်းဂဏန်းများ ဖြစ်ပေသည်။ အခြားသူများ၏ ကိန်းဂဏန်းများထဲမှ အကြီးဆုံး ကိန်းဂဏန်းများမှာမူ ခုနစ်ဆယ်၊ ရှစ်ဆယ်လောက်သာ ရှိကြပြီး အငယ်ဆုံး ကိန်းဂဏန်းများမှာဆိုလျှင် တစ်ဆယ်ပင် မပြည့်ကြပေ...
သို့ဖြစ်ရာ သူတို့အားလုံး ပေါင်းလျှင်တောင် သူ့အား ယှဉ်နိုင်ကြမည် မဟုတ်ပေ။
" သနားစရာလေးတွေပါလား " ဝမ်ပေါင်လဲ့မှာ မနေနိုင်တော့သဖြင့် ချောင်းဟန့်မိလိုက်၏။ အခြားကျင့်ကြံသူများမှာ သူ၏ ကိန်းဂဏန်းအား မြင်လိုက်ရသောအခါ အော်ငိုပစ်ချင်စိတ်များ ပေါက်လာကြပါသော်လည်း မဝံ့ရဲကြပေ။ သူတို့ထဲမှ အချို့မှာဆိုလျှင် ယခင်တုန်းက သလင်းကျောက်နီ အတုံးရေပေါင်း ရာပေါင်းများစွာ ရရှိဖူးခဲ့သည့်တိုင်အောင် ယခုအကြိမ်တွင်မူ ဆယ်တုံးပင် မပြည့်တော့ပေ...
" သလင်းကျောက်နီတွေ ယူပြီးသွားရင် ပြန်လို့ရပြီ " ကောင်းကင်ယံထဲရှိ မီးတောက်လူရိပ်ကြီးမှာ ထိုသို့ဆိုလိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ သလင်းကျောက်နီများမှာ သူတို့အားလုံးဆီသို့ မျောလွင့်လာကြ၏။ သူတို့မှာလည်း ထိုကျောက်တုံးများကို သိမ်းဆည်းလိုက်ကြပြီးနောက် ရှုံ့မဲ့မဲ့ဖြစ်နေသည့် မျက်နှာအမူအရာများဖြင့် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ကောင်းကင်ယံထဲရှိ မီးတောက်လူရိပ်ကြီးအား အရိုအသေပေးလိုက်ကြတော့သည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များမှာ တစ်ခုပြီးတစ်ခု မှုန်ဝါးဝါးဖြစ်သွားကြ၏။ သူတို့အားလုံး ပျောက်ကွယ်သွားကြချိန်တွင် သူတို့ဆီမှ ကျန်ရစ်ခဲ့သည် မျက်နှာဖုံးများမှာ ကောင်းကင်ယံထဲရှိ လူရိပ်ကြီးဆီသို့ မျောလွင့်သွားကြပြီးနောက် သူ၏ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစည်းသွားကြသည်။
" ဟင် " ဝမ်ပေါင်လဲ့မှာမူ တစ်ခုခုလွဲနေပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။ အခြားသူများအားလုံးမှာ ပျောက်ကွယ်သွားပြီ ဖြစ်ပါသော်လည်း သူသည် ထိုနေရာတွင် ရှိနေဆဲပင် မဟုတ်ပါလော။ သူ စိတ်ထဲ၌ ထိုသို့ရေရွတ်မိလိုက်စဉ်မှာပင် မီးတောက်လူရိပ်ကြီး၏ အေးဆေးတည်ငြိမ်သော စကားသံကြီးမှာ သူ၏နားထဲ၌ ပေါ်ပေါက်လာတော့သည်။
" ကောင်လေး။ မင်း ငါ့ရဲ့ အမည်ခံတပည့် ဖြစ်ချင်လား "