ရွှေလက်မှတ်
Vol. 60 Ch. 830
ဝမ်ပေါင်လဲ့ ထို မီးတောက်လူရိပ်ကြီး၏ စကားကိုကြားလိုက်ရသည်နှင့် ကြောက်ရွံ့တုန်လှုပ်ကာ စိုးရိမ်တကြီးဖြစ်နေသလို ကျေးဇူးတင်နေသည့် ပုံလည်း ပေါက်နေသည့် အမူအရာတစ်ခုမှာ သူ၏မျက်နှာပေါ်၌ ပေါ်ပေါက်လာ၏။ ၎င်းမှာ ခံစားချက်မျိုးစုံ ရောထွေးနေသော မျက်နှာအမူအရာတစ်မျိုး ဖြစ်ပေသည်။ သာမန်လူများမှာဆိုလျှင် ထိုကဲ့သို့သော မျက်နှာအမူအရာမျိုး လုပ်နိုင်မည် မဟုတ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ငယ်စဉ်ဘဝကတည်းက အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို ဖတ်ရှုထားခဲ့သည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ထိုကဲ့သို့သော မျက်နှာအမူအရာများကို အချိန်ပေး၍ လေ့ကျင့်ထားခဲ့သောကြောင့် ယခုတွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်နေပြီဖြစ်သည်။
သို့သော် သူသည် စိတ်ထဲတွင်မူ ထိုအဘိုးကြီးမှာ အားကိုး၍ မရကြောင်း ရေရွတ်မိနေ၏။ အကယ်၍ ထိုအဘိုးကြီးမှာ တပည့်တစ်ယောက် အလိုရှိပါက တပည့်အဖြစ် လက်ခံလိုက်ရုံပင်။ အဘယ်ကြောင့် သူ့အား အမည်ခံတပည့်တစ်ယောက်အဖြစ်သာ သတ်မှတ်နေရပါသနည်း....
" သူက ဘာမှ အပင်ပန်းမခံချင်ဘဲ ငါ့ရဲ့ဆရာ ဖြစ်တယ်ဆိုတဲ့ ဂုဏ်ကိုပဲ လိုချင်နေတာ။ ငါ့ကို ငအကြီးများ မှတ်နေလားကွ " ဝမ်ပေါင်လဲ့မှာ ထိုသို့ သုံးသပ်လိုက်ပြီးနောက် မီးတောက်ခေါင်းဆောင်ကြီး၏ ကမ်းလှမ်းချက်အား ငြင်းဆန်ရန် ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သည်။ သူ၏ ဆရာဖြစ်သူမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါသော်လည်း သူ၏ ဂုဏ်သတင်းမှာ ယနေ့အထိတိုင် ပျောက်ပျက်သွားခြင်း မရှိသေးဘဲ တည်မြဲနေသေးသည်မဟုတ်ပါလော။ ထို့အပြင် သူ့ဆီတွင် ဘယ်သောအခါမှ ကူညီရန် အဆင်သင့် ရှိမနေတတ်သည့် ဂိုဏ်းတူအစ်ကိုကြီးတစ်ယောက်လည်း ရှိနေသေးသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မီးတောက်ခေါင်းဆောင်ကြီးအား အပြစ်မလုပ်မိအောင် ငြင်းဆန်နိုင်မည့် နည်းလမ်းများကို တစ်ခေါင်းလုံး ထူပူသွားအောင် စဉ်းစားတွေးတောနေလိုက်တော့သည်။
သူသည် ထိုကဲ့သို့ အတွေးများထဲတွင် နစ်မျောနေသည့်တိုင်အောင် သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခြင်းမရှိပေ။ ထို့ကြောင့် မီးတောက်ခေါင်းဆောင်ကြီးမှာ မည်သည့်အရာကိုမှ သတိထားမိသည့်ပုံ မပေါ်ပေ။ အမှန်တွင် သူ၏ စိတ်ထဲ၌ သဘောကျနှစ်သက်နေသည့် အတွေးများဖြင့်သာ ပြည့်နှက်နေသည်။ သူ၏ရှေ့တွင်ရှိနေသည့် လူငယ်လေးမှာ ဂြိုဟ်ကောင်တစ်ကောင် ဖြစ်ပါသော်လည်း သူသည် စဉ်စားဆင်ခြင်ဉာဏ်ရှိပြီး ကိုယ့်အဆင့်ကိုယ် သိသည့် လူတစ်ယောက် ဖြစ်သည်ဟု သူက မှတ်ယူထား၏။
" ကြီးမြတ်လှပါသော လူကြီးမင်းခဗျား... " ဝမ်ပေါင်လဲ့မှာ အချိန်အကြာကြီး စဉ်းစားတွေးတောနေခြင်းမရှိဘဲ ကျေးဇူးတင်နေသည့် မျက်နှာအမူအရာဖြင့် ခေါင်းမော့လာ၏။ သူသည် သူ၏မျက်ဝန်းများထဲရှိ နာကျင်မှုများကို လျစ်လျူရှုကာ မျက်ရည်များဝဲလာသည့်ပုံစံ ဟန်ဆောင်လိုက်သည်။ ထို့နောက် သူသည် ကောင်းကင်ကြီးအား မော့ကြည့်ကာ တရိုတသေ ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။
" ဒါက အရေးကြီး ကိစ္စတစ်ခုပါ။ အဲတာမလို့ ကျွန်တော်... "
" ချန်ရှင်းနဲ့ ဆွေးနွေးဖို့ လိုတယ်လို့ ပြောမလို့မလား " ဝမ်ပေါင်လဲ့တစ်ယောက် စကားမဆုံနိုင်ခင်မှာပင် မီးတောက်ခေါင်းဆောင်ကြီးမှာ ပြုံးကာ ကြားဖြတ်ဝင်ပြောလိုက်၏။
ဝမ်ပေါင်လဲ့မှာ သူ၏စကားကို ကြားလိုက်ရသောအခါ ကြက်သီးမွေးညင်းများ ထသွားရ၏။ ထို့နောက် သူသည် ဇဝေဇဝါဖြစ်နေသည့် မျက်ဝန်းများဖြင့် မီးတောက်ခေါင်းဆောင်ကြီးအား စိုက်ကြည့်နေလိုက်တော့သည်။
" မင်းက ဒီကိစ္စကို စဉ်းစားဖို့ အချိန်လိုတယ်လို့ ငါ့ကိုပြောမလို့ ကြံနေတာမလား။ ပြီးရင် ငါက မင်းကို တပည့်ရင်း အစစ်တစ်ယောက်ရဲ့ အကျိုးကျေးဇူးတွေနဲ့ အခွင့်အရေးတွေကို ခံစားခွင့် မပေးချင်လို့ မင်းကို အမည်ခံ ဂိုဏ်းသားတစ်ယောက်အဖြစ်ပဲ လက်ခံတာလို့လည်း မင်းက ထင်နေလောက်သေးတယ် " မီးတောက်ခေါင်းဆောင်ကြီးမှာ စနောက်လိုသည့် အကြည့်ဖြင့်ကြည့်ကာ တည်ကြည်စွာ ဆိုလိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာ နဖူးပေါ်တွင် ဇောချွေးများ ပြန်လာရတော့သည်။ သူသည် စကားပြောရန် ပြင်လိုက်ပါသော်လည်း ထိုအဘိုးကြီးမှာ သူ၏လက်ကို ဝှေ့ယမ်းကာ ဟန့်တားလိုက်၏။
" ရှိပါစေတော့လေ။ မင်း ဒီကိစ္စကို အချိန်ပေးပြီးတော့ စဉ်းစားလိုက်ပေါ့။ တကယ်လို့ မင်း ချန်ရှင်းနဲ့ ကြုံဖြစ်မယ်ဆိုရင်လည်း သူ့ဆီက အကြံဉာဏ်တောင်းပေါ့ကွာ။ မီးတောက်ခေါင်းဆောင်ကြီးက မင်းကို တပည့်အဖြစ် လက်ခံချင်တဲ့ကိစ္စကို သူ သဘောတူနိုင်မလား ဒါမှမဟုတ် လက်ခံနိုင်မလားလို့ မေးခဲ့လိုက် "
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားရပြီး စိတ်ထဲတွေကျိတ်၍ ရေရွတ်နေမိတော့သည်။ " သဘောတူနိုင်မလား " နှင့် " လက်ခံနိုင်မလား " ဆိုသည့် စကားလုံး နှစ်လုံး၏ အဓိပ္ပါယ်မှာ အတူတူ ဖြစ်နေသည်မဟုတ်ပါလော။ သို့သော် မီးတောက်ခေါင်းဆောင်ကြီးမှာ သူ၏အကြောင်းကို ခေါင်းအစ ခြေအဆုံး သိရှိထားပြီးသားဖြစ်ကြောင်း ဝမ်ပေါင်လဲ့က မှတ်ယူထား၏။ သူ၏ ပုံရိပ်ယောင်ပညာရပ်၏ ပိုင်ရှင်အစစ်မှာ သူ၏ဂိုဏ်းတူအစ်ကို ဖြစ်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ချန်ရှင်းအကြောင်း သိကြသည့် အစွမ်းထက်ကျင့်ကြံသူများမှာ ဝမ်ပေါင်လဲ့မှာ မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းမိသွားကြမည်သာ ဖြစ်သည်။
သူ ဝမ်ပေါင်လဲ့အား မည်သူမည်ဝါဖြစ်ကြောင်း သိရှိထားခြင်းနှင့် ဝမ်ပေါင်လဲ့တစ်ယောက် ထိုအချက်အား သူကိုယ်တိုင် ဝန်ခံခြင်းမှာ မတူပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါဖြစ်နေသည့် အမူအရာဖြင့် မီးတောက်ခေါင်းဆောင်ကြီး၏ ပြောစကားများကို နားမလည်သည့်ပုံစံ ဟန်ဆောင်နေလိုက်၏။ ထို့နောက် သူသည် ပါးစပ်ဟကာ စကားပြောရန် ပြင်လိုက်ပါသော်လည်း အမေးအမြန်း ထူနေသလို ဖြစ်သွားမည်ကို စိုးရိမ်နေသည့်ပုံဖြင့် ပါးစပ်ပြန်ပိတ်သွားသည်။ နောက်ဆုံးတွင် သူသည် ခေါင်းငုံ့ကာ လေသံတိုးတိုးနှင့် ပြန်ပြောလိုက်တော့သည်။
" ကျေးဇူးတင်ပါတယ် လူကြီးမင်းခဗျား။ ကျွန်တော် အမြန်ဆုံး အဖြေပြန်ပေးနိုင်အောင် ကြိုးစားပါ့မယ်။ နောက်ထပ် ကိစ္စတစ်ခုလည်း ရှိသေးတယ်ဗျ။ ကျွန်တော် ဆုံးဖြတ်ချက်ချပြီးရင် လူကြီးမင်းကို ဘယ်လိုပြန်ပြီးတော့ ဆက်သွယ်ရမလဲ မသိဘူး ဖြစ်နေတာ။ အဲတာမလို့... ကျွန်တော် လူကြီးမင်းကို အလွယ်တကူ ဆက်သွယ်နိုင်အောင်လို့ ဒီမျက်နှာဖုံးကို ကျွန်တော့်ဆီ ပေးထားလိုက်ပါလား " ဝမ်ပေါင်လဲ့မှာ စိတ်အားထက်သန်နေသည့် မျက်နှာအမူအရာဖြင့် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ မီးတောက်ခေါင်းဆောင်ကြီးအား ထပ်၍ ဦးညွှတ် အရိုအသေပေးလိုက်ပြန်သည်။
" ဟုတ်ပြီလေ။ မင်းက မျက်နှာဖုံးထဲက ကျိန်စာကို သုံးပြီးသွားပြီဆိုတော့ ငါ့အတွက် အဲဒီမျက်နှာဖုံးက သိပ်ပြီးတော့ အသုံးမလိုတော့ပါဘူး " မီးတောက်ခေါင်းဆောင်ကြီးမှာ ရယ်မောကာ ပြန်ပြောလိုက်၏။ သူ၏ အကြည့်မှာ အဓိပ္ပါယ်လေးနက်နေသည်။ သို့ဖြစ်ရာ သူသည် ဝမ်ပေါင်လဲ့၏ အကြံအစည်များအားလုံးကို သိနေသည့်ပုံ ပေါက်နေတော့သည်။
သို့သော် ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ အကြည့်ခံနေရသည့်တိုင်အောင် အရှက်ရသွားခြင်း မရှိသည့်အပြင် မသိချင်ယောင် ဟန်ဆောင်ကာ စကားဆက်ပြောလိုက်ပြန်သည်။
" ဪ။ အဲတာဆိုရင်လည်း ဒီမျက်နှာဖုံးထဲမှာ နောက်ထပ် ကျိန်စာ ဆယ့်နှစ်ခုနောက် ထပ်ပြီးတော့ ထည့်လိုက်ပါလားဗျ။ အဲတာဆို ကျွန်တော် ဒီမျက်နှာဖုံးကို ပြင်ပကမ္ဘာကြီးထဲ ယူသွားတဲ့အချိန်ကျရင် လူကြီးမင်းရဲ့ ဂုဏ်သတင်းကို လူတိုင်းသိသွားအောင် ဖြန့်နိုင်မှာပေါ့ "
" မျက်နှာဖုံးအကြောင်း ဘာမှ ဆက်တွေးမနေနဲ့တော့။ ငါက မင်းကို ယူသွားခွင့်ပေးမှာ မဟုတ်ဘူး " မီးတောက်ခေါင်းဆောင်ကြီးမှာ ဝမ်ပေါင်လဲ့၏ တောင်းဆိုမှုအား ကြားလိုက်ရသောအခါ တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် ပြန်ပြောလိုက်၏။
" ကပ်စေးနှဲလိုက်တဲ့ အဘိုးကြီး " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ ကျိန်ဆဲမိလိုက်၏။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် နောက်ထပ်တစ်ကြိမ်ထပ်၍ ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်ပြန်သည်။ သူသည် လွယ်လွယ်နှင့် လက်မလျှော့လိုပေ။
" ကြီးမြတ်လှပါသော လူကြီးမင်းခဗျား။ လူကြီးမင်းက ကျွန်တော်တို့နှစ်ယောက် အခုလိုဆုံတွေ့တဲ့ အထိမ်းမှတ်အနေနဲ့ ဒီမျက်နှာဖုံးထဲ ကျိန်စာထည့်တဲ့ နည်းလမ်းကို ကျွန်တော့်ကို သင်ပေးဖို့ စဉ်းစားနေတာပဲဖြစ်ရမယ်။ အဲတာကြောင့်မလို့ ကျွန်တော့်ကို ဒီမျက်နှာဖုံး မပေးတာမလား။ ကျေးဇူးအများကြီး တင်ပါတယ်ဗျာ " ဝမ်ပေါင်လဲ့မှာ ထိုသို့အော်ပြောလိုက်ပြီးနောက် မီးတောက်ခေါင်းဆောင်ကြီးအား နောက်ထပ်တစ်ကြိမ်ထပ်၍ ဦးညွှတ်အရိုအသေပေးလိုက်ပြန်သည်။
" မင်းက ချန်ရှင်းလိုမျိုး အရှက်မရှိတဲ့ကောင်ပဲကွ " မီးတောက်ခေါင်းဆောင်ကြီးမှာ မျက်နှာရှုံ့မဲ့မဲ့နှင့် ရေရွတ်မိလိုက်တော့သည်။ သို့သော် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် သူသည် အမှန်တကယ်ပင် ကပ်စေးနှဲသလို ဖြစ်နေကြောင်း ခံစားလိုက်ရ၏။ သူသည် ဝမ်ပေါင်လဲ့အား မည်သည့် အကျိုးခံစားခွင့်မှ မပေးရန် စိတ်ကူးထားပါသော်လည်း ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရပြီးနောက် စိတ်ပြောင်းသွားရ၏။ ထို့ကြောင့် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် သူ၏ ညာဘက်လက်အား မြှောက်လိုက်သည်။ ထို့နောက် သူသည် ၎င်းအား လေထဲတွင် ဝှေ့ယမ်းလိုက်ပြီး သူတို့၏ပတ်ပတ်လည်ရှိ အပျက်အစီးများထဲမှ ပုတီးစေ့များနှင့် တူသည့် ပစ္စည်းများကို ဆင့်ခေါ်လိုက်သည်။ ထိုအခါ ၎င်းတို့မှာ လေထုကြီးအား ထိုးခွင်းကာ သူ၏လက်ဖဝါးပေါ်၌ စုဝေးသွားကြပြီနောက် မီးခိုးရောင် ကျောက်စိမ်းပေလွှာတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
မီးတောက်ခေါင်းဆောင်ကြီးမှာ ထို ကျောက်စိမ်းပေလွှာအား လေဖြင့် မှုတ်လိုက်သောအခါ ၎င်းမှာ အနက်ရောင်ပြောင်းသွား၏။ ထို့နောက် သူသည် ၎င်းအား လေထဲသို့ လှမ်းပစ်လိုက်သည်။ ထိုအခါ ထိုကျောက်စိမ်းပေလွှာလေးမှာ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။
" ငါ ကျိန်စာကို ဒီကျောက်စိမ်းပေလွှာထဲမှာ ထည့်ပြီးသွားပြီ။ မင်း အဲဒီကျိန်စာကို တစ်ကြိမ် အသုံးပြုခွင့်ရှိမယ်။ ပြီးရင် အဲဒီကျောက်စိမ်းပေလွှာကို သုံးပြီးတော့ ငါ့ကို ဆက်သွယ်လို့ရတယ်။ ဒါပေမဲ့ အဲတာလည်း တစ်ကြိမ်ပဲရမှာ။ တကယ်လို့ ငါတို့နှစ်ယောက် ဆရာတပည့်ဖြစ်ဖို့ ကံအကြောင်းဖန်လာခဲ့မယ်ဆိုရင် ငါတို့တွေ ပြန်လည်ဆုံတွေ့မှာပါ။ ဒါပေမဲ့ အခုလောလောဆယ်တော့ မင်း သွားလိုက်တော့ " မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါကြည့်လိုက်၏။ သူသည် ဝမ်ပေါင်လဲ့အား သူ၏ တပည့်အဖြစ် အမှန်တကယ် သတ်မှတ်ချင်နေခြင်း ဖြစ်သည်။
သူသည် အမည်ခံ တပည့်တစ်ယောက်သာ ဖြစ်သွားမည် ဖြစ်ပါသော်လည်း မီးတောက်ခေါင်းဆောင်ကြီးဆီ၌ တပည့်မရှိသည်မှာ အလွန်အင်မတန်မှ ကြာမြင့်နေပြီဖြစ်သည်။
မီးတောက်ခေါင်းဆောင်ကြီးမှာ ထို အကြောင်းများကို ပြန်တွေးမိလိုက်သဖြင့် အတိတ်မှ ဝမ်းနည်းစရာ ကိစ္စများကို ပြန်သတိရသွားသည်ပုံပင်။ ထို့ကြောင့် သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။ သူ အဝေးသို့ ထွက်ခွာသွားနေသည့်ပုံမှာ အထီးကျန်အဘိုးကြီးတစ်ယောက် ကဲ့သို့ပင်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ မှုန်ဝါးဝါး ဖြစ်လာ၏။ သူသည် ပါးစပ်ဟကာ စကားပြောရန် ပြင်လိုက်ပါသော်လည်း နောက်ဆုံးတွင်မူ နှုတ်ဆိတ်နေလိုက်သည်။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ အပျက်အစီးများ၏ကြားမှ ပျောက်ကွယ်သွားပြီး သူ၏ ဝက်ခေါင်းမျက်နှာဖုံးလေးမှာလည်း ကျန်ရစ်ခဲ့တော့သည်။ ထို မျက်နှာဖုံးမှာ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး မီးတောက်ခေါင်းဆောင်ကြီးဆီသို့ ဦးတည်သွား၏။ ၎င်းမှာ အခြား မျက်နှာဖုံးများကဲ့သို့ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခြင်းမဟုတ်ဘဲ သူ၏ လက်ဖဝါးပေါ်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
" ကံပါလာရင် ငါ့ဆီရောက်လာလိမ့်မယ်။ ကံမပါတော့လည်း... ဘယ်တတ်နိုင်ပါ့မလဲကွာ " မီးတောက်ခေါင်းဆောင်ကြီး၏ ရေရွတ်သံများမှာ ကောင်းကင်ယံထဲ၌ ပဲ့တင်ထပ်သွားသည်။
တစ်အောင့်ခန့် အကြာတွင် တည်းခိုခန်းထဲရှိ ဝမ်ပေါင်လဲ့၏ အခန်းထဲ၌ ဝင်းလက်တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့မှာ သူ၏အခန်းထဲ၌ ပြန်လည်ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် သူ၏နတ်ဘုရားအာရုံဖြင့် ဘေးပတ်ဝန်းကျင်အား အကဲခတ်လိုက်သည်။ သူသည် ဈေးသို့ ပြန်ရောက်လာပြီဖြစ်ပြီး ဘေးကင်းလုံခြုံနေဆဲဖြစ်ကြောင်း သိလိုက်ရသောအခါမှ စိတ်အေးသွားရ၏။ ထို့နောက် သူ၏ မျက်ဝန်းများထဲ၌ ဝာာဝန်ထမ်းဆောင်နေခဲ့စဉ်တုန်းက ကြုံတွေ့ခဲ့ရသည့် ပုံရိပ်အမျိုးမျိုး ပြန်လည်ပေါ်ပေါက်လာပြီးနောက် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။ နောက်ဆုံးတွင် မီးတောက်ခေါင်းဆောင်ကြီး သူ့အား ကျောပေးထားသည့် အထီးကျန်ပုံရိပ်ကြီးသာလျှင် သူ၏ မှတ်ဉာဏ်ထဲ၌ စွဲထင်ကျန်ရစ်နေခဲ့၏။
" ဒီလူကြီးလည်း သူ့ဘဝအကြောင်း ဇာတ်လမ်းလုပ်ပြောလို့ ရလောက်တယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှူကာ စိတ်ကိုတည်ငြိမ်အောင်ထားလိုက်၏။ ထို့နောက် သူသည် သူ၏ ထိခိုက်နစ်နာဆုံးရှုံးမှုများကို စတင်စစ်ဆေးကြည့်ရှုလိုက်တော့သည်။ ပထမဦးဆုံးအနေနှင့် သူ၏ နတ်ဘုရားဧကရာဇ်ချပ်ဝတ်တန်ဆာကြီးမှာ ကိုးဆယ်ရာခိုင်နှုန်းခန့် ပျက်စီးသွားပြီဖြစ်သည်။ ထို့နောက် ဓမ္မစစ်သင်္ဘောကြီးမှာလည်း ကိုးဆယ်ရာခိုင်နှုန်းနီးပါး ပျက်စီးသွားပြီဖြစ်ပြီး ၎င်း၏ အဓိက အစိတ်အပိုင်းများပင်လျှင် အလုပ်မလုပ်ချင်တော့ပေ။
သူ၏ အခြား အဆောင်ပစ္စည်းများမှာလည်း ထိုနည်းတူပင်။ ထို့အပြင် သူသည် ပစ္စည်းအချို့အား လက်လွှတ်ဆုံးရှုံးခဲ့ရသေးသည်။ ထိုမျှသာမက တိုက်ပွဲကြီးထဲ၌ ဖောက်ခွဲပစ်ခဲ့ရသည့် စစ်သင်္ဘောကြီးများကိုလည်း မေ့ထား၍ မရပေ။ ဤတာဝန်ကြီးကြောင့် ဝမ်ပေါင်လဲ့မှာ သူ ပင်ပန်းဆင်းရဲကြီးစွာ စုဆောင်းထားခဲ့ရသည့် အရာများအားလုံးနီးပါးကို ပေးဆပ်ခဲ့ရ၏။
သို့သော် သူပြန်လည်ရရှိလိုက်သည့် အကျိုးအမြတ်များမှာလည်း အလွန်အင်မတန်မှ များပြားပေသည်။ သူသည် ကျင့်ကြံခြင်းအဆင့် တိုးတက်သွားခဲ့သလို သူ၏ သိုလှောင်အိတ်ထဲတွင်လည်း ပစ္စည်းများဖြင့် ပြည့်လျှံနေပြီ ဖြစ်သည်။ ၎င်းတို့ထဲတွင် အဆုံးမဲ့မျိုးနွယ်စု စစ်တပ်၏ ဂိုဒေါင်ထဲမှ ပစ္စည်းများအားလုံး ရှိနေ၏။ သို့ဖြစ်ရာ ထို ဆေးလုံးများ၊ ဓမ္မအဆောင်ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများကို မြင်လိုက်ရသည့် လူတိုင်းမှာ လောဘတက်လာရမည်သာ ဖြစ်သည်။
သူသည် သူဆုံးရှုံးခဲ့ရသမျှ အရာအားလုံးကို ဂိုဒေါင်ထဲမှ ပစ္စည်းများဖြင့် သေချာပေါက် ပြန်လည်ဖြည့်တင်းနိုင်ပေသည်။ ထို့အပြင် ယခုတွင် သူသည် သလင်းကျောက်နီ အတုံးတစ်သောင်းသုံးထောင်ခန့် ပိုင်ဆိုင်ထားပြီ မဟုတ်ပါလော။ သူ ရှဲ့ဟေးရန်ဆီမှ ဝယ်ယူမည့် ပစ္စည်းများ၏ ကုန်ကျစရိတ်မှာ အတုံးသုံးရာခန့်သာ ရှိပေသည်။ သို့ဖြစ်ရာ ထို သလင်းကျောက်နီ အတုံးတစ်သောင်းသုံးထောင်ဖြင့် သူဝယ်ယူနိုင်မည့် ပစ္စည်းများ၏ ပမာဏမှာ ကြောက်ခမန်းလိလိ ကြီးမားနေမည်သာ ဖြစ်သည်။
ထို့အပြင် သူသည် သက်တံ့အမြုတေ တစ်ခုကိုလည်း ရရှိခဲ့သေးသည်။ လက်ရှိတွင် သူသည် ၎င်း၏ အသုံးပြုပုံအား မသိသေးပါသော်လည်း ၎င်းမှာ သက်တံ့ရောင်ဂြိုဟ်နှင့် ဆက်နွယ်နေရမည်ဖြစ်ကြောင်း သူက ယုံကြည်နေ၏။ သို့ဖြစ်ရာ ၎င်းမှာလည်း အလွန်အင်မတန်မှ အဖိုးတန်ရပေမည်။
ထို့အပြင်.. သူသည် အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီး၏ လက်ဖဝါးတစ်ဝက်ကိုလည်း ရရှိခဲ့သေးသည်။ ၎င်းအား သန့်စင်ခြင်း လုပ်ငန်းများထဲ၌ အသုံးပြုနိုင်ပေသည်။ ၎င်း၏ လက်ညှိုးပေါ်ရှိ သိုလှောင်လက်ကောက်ထဲတွင်လည်း အဖိုးတန်ပစ္စည်းများ ရှိနေလိမ့်မည်ဟု ဝမ်ပေါင်လဲ့က ယုံကြည်ထား၏။
" ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးတစ်ယောက်ရဲ့ သိုလှောင်လက်စွပ်တစ်ကွင်း... " ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားနေ၏။ သူသည် သူရှာဖွေစုဆောင်းမိခဲ့သမျှ ပစ္စည်းများအားလုံးကို စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် လက်ပြတ်ကြီးပေါ်မှ လက်စွပ်အား ဆွဲချွတ်လိုက်ပြီး သူ၏ နတ်ဘုရားအာရုံဖြင့် ကြည့်ရှုစစ်ဆေးလိုက်သည်။ ခဏအကြာတွင် သူသည် မျက်မှောင်ကြုတ်သွားရ၏။ ဂြိုဟ်အဆင့် ကျင့်ကြံသူကြီး ထိုလက်စွပ်ပေါ်၌ ချန်ရစ်ထားခဲ့သည့် အချုပ်အနှောင်ကြီးမှာ ရှိနေဆဲပင်။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ မည်မျှပင်ကြိုးစားစေကမူ ထိုလက်စွပ်အား မဖွင့်နိုင်ဘဲဖြစ်နေရ၏။
" ထားလိုက်ပါတော့လေ။ ငါ ထာဝရဝိညာဉ်အဆင့်အထိ ရောက်တဲ့အချိန်အထိ စောင့်ရမှာပဲ။ အဲဒီအချိန်ရောက်ရင် ဒီ အချုပ်အနှောင်ကို ဖြည်းဖြည်းချင်း ဖွင့်နိုင်လောက်ပါတယ် " ဝမ်ပေါင်လဲ့မှာ စိတ်မပါလက်မပါနှင့် ရေရွတ်လိုက်၏။ သူသည် အခြားရွေးချယ်စရာမရှိပေ။ ထို့အပြင် သူသည် သူ ဆင်းသက်သူတစ်ယောက် ဖြစ်နေသည့် အချက်အား အခြားသူများ သိရှိသွားမည် စိုးသောကြောင့် မည်သူ့ကိုမှလည်း အကူအညီ မတောင်းရဲပေ။
ဝမ်ပေါင်လဲ့တစ်ယောက် သူ စုဆောင်းရရှိမိခဲ့သည့် ပစ္စည်းများကို ရေတွက်ကာ ထိုလက်စွပ်အားလေ့လာနေစဉ် သူနှင့် အလွန်အင်မတန်မှ ဝေးကွာသည့် နေရာတစ်ခုတွင် ပင်လယ်ကြီးတစ်စင်းကဲ့သို့ ဖြစ်နေသည့် အပြာရောင်ဂြိုဟ်များ ရှိနေ၏။ ထို ဂြိုဟ်ပင်လယ်ကြီးထဲတွင်မူ အဆုံးမဲ့မျိုးနွယ်စု၏ နံပါတ်ဆယ့်ကိုးစစ်တပ် အုပ်ချုပ်နေသော နယ်မြေတစ်ခု ရှိနေသည်။
ထို ဟင်းလင်းပြင်ကြီးထဲတွင် ဂြိုဟ်ပေါင်းမြောက်မြားစွာ ရှိနေသည်ကို မြင်နိုင်ပေသည်။ ထို ဂြိုဟ်များထဲမှ တစ်လုံးပေါ်တွင် နန်းတော်ဟောင်းကြီးတစ်ခု ရှိနေ၏။ ထိုအချိန်တွင် တည်နေရာပြောင်းရွှေ့ခြင်း အလင်းရောင်များမှာ ထိုနန်းတော်ကြီး၏ ကြမ်းပြင်အား ဖုံးလွှမ်းသွား၏။ ထို့နောက် တည်နေရာပြောင်းရွှေ့ခြင်း အပေါက်ထဲမှ တစ်ဝက်တိတိ ပြတ်နေသည့် ဦးခေါင်းတစ်လုံး ပျံထွက်လာတော့သည်။ ၎င်းမှာ ကြမ်းပြင်ပေါ်သို့ ကျလာပြီးနောက် ထောင့်တစ်ထောင့်သို့ လိမ့်သွားပြီး စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းနေ၏။
၎င်းမှာ ဝမ်ပေါင်လဲ့နှင့် တိုက်ခိုက်ခဲ့ပြီးနောက် သေမင်းခံတွင်းဝမှ သီသီကလေး လွတ်မြောက်သွားခဲ့သည့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူကြီး၏ ဦးခေါင်း ဖြစ်ပေသည်။ သူသည် နာကျင်မှုများကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့မဲ့ ဖြစ်နေရသည်။ သူသည် ယခုလောက် ဒဏ်ရာအပြင်းအထန် မရဖူးသောကြောင့် အမျက်ချောင်းချောင်းထွက်နေရပြီး သူ၏ သိုလှောင်လက်စွပ်အား ဆုံးရှုံးလိုက်ရသဖြင့် ရူးသွပ်လုမတတ် ခံစားနေရတော့သည်။
ထို သိုလှောင်လက်စွပ်ထဲတွင် သူ မည်သူ့ကိုမှ အသိမပေးဘဲ သိမ်းထားခဲ့သည့် ရတနာတစ်ခု ရှိနေ၏။ ၎င်းမှာ အစွမ်းထက်လက်နက်တစ်ခု မဟုတ်ပါသော်လည်း အဆုံးမဲ့တာအို နယ်မြေထဲ၌ ရွှေလက်မှတ် ကျင့်ကြံခြင်း အထောက်အပံ့ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်၍ရပေသည်။
သူသည် ကျင့်ကြံခြင်းပညာရပ်တွင် ပါရမီ လုံးဝမပါပေ။ ထိုရဝာနာကြောင့်သာ သူ့လို သာမန်လူတစ်ယောက်မှာ ဂြိုဟ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်၏။ ထိုရတနာနှင့်သာ ဆိုပါက သူသည် ထာဝရကြယ်အဆင့်သို့ပင် ဖောက်ထွက်နိုင်လောက်ပေသည်။ အကယ်၍ တစ်ယောက်ယောက်ကသာ ထိုရတနာအကြောင်းကို သိရှိသွားမည်ဆိုပါက မျိုးနွယ်စုများနှင့် လူမျိုးစုပေါင်း မြောက်မြားများစွာမှာ ၎င်းအတွက် စစ်ခင်းကြမည်မှာ မလွဲဧကန်ပင်။ ယခုတွင်မူ သူသည် ထိုရွှေလက်မှတ်အား ထာဝရ ဆုံးရှုံးလိုက်ရတော့မည် မဟုတ်ပါလော။
" မျိုးမစစ် ဝက်ခေါင်းကွာ။ မင်း ဘယ်နေရာရောက်ရောက် ငါ မင်းကို မတွေ့တွေ့အောင် ရှာပြမယ် "