← Chapters

ပြန်လည်မွေးဖွားခြင်း

Vol. 1 Ch. 1

ပြန်လည်မွေးဖွားခြင်း

Vol. 1 Ch. 1

အခန်း (၁) ပြန်လည်မွေးဖွားခြင်း

“စမ်းသပ်ခံနံပါတ် ၂၄... ဗယ်ခရီဆေးထိုးပြီး ၂မိနစ်နဲ့ ၄၅စက္ကန့်သာ ခံနိုင်သည်။”

“သေဆုံးချိန် ။ ။ မနက် ၄း၂၂”

‘အိမ်မှာ ငါတစ်ယောက်တည်း မဟုတ်ဘူးလား။ ဘယ်သူစကားပြောနေတာလဲ’

ဟန်ရှောင်း မျက်လုံးဖွင့်ကြည့်ပြီးနောက် အလင်းရောင်ကြောင့် မျက်လုံးစူးသွား၏။ တပ်ထားနေကျ VR ခေါင်းစွပ်ကလည်း ရှိမနေခဲ့ - ထိုအစား မျက်နှာကြက်ဖြူဖြူကို တွေ့ရသည်။ ဝန်းရံထားသောနံရံများကလည်း အဖြူရောင်ဖြစ်ကာ မာကျောအေးစက်သော သတ္တုဓာတ်ကိုလည်း ခံစားရ၏။ သိပ္ပံဇာတ်ကားတွေထဲကလိုပင်။ အထူးကြပ်မတ်ကုသဆောင် (ICU) ကဲ့သို့ အခန်းတစ်ခုထဲတွင် အပေါ်ပိုင်းအဝတ်အစားများမပါဘဲ ဝါယာကြိုးများနှင့် ချိတ်ဆက်ထားသော ဟန်ရှောင်းသည် အေးစက်နေသော သတ္တုကုတင်ပေါ်တွင် လဲလျောင်းလျက်သား ရှိနေပါသည်။

သူ့ကို သရဲတစ်ကောင် မြင်ရသကဲ့သို့ ကြည့်နေကြသည့် ကုတ်အင်္ကျီအဖြူနှင့် လူတစ်စုကိုလည်း သတိပြုမိ၏။

‘ငါအခုတင်ပဲ Level လာတင်ခိုင်းတာကို လက်ခံလိုက်တာလေ။ ငါဘယ်ရောက်နေတာလဲ’

ရုတ်တရက်ဆိုသလိုပင် ဟန်ရှောင်းသည် သူ့စိတ်ထဲမှာ အချက်အလက်ပေါင်းများစွာ ဝင်လာသလို ခံစားလိုက်ရပြီး သူ၏ခေါင်းသည်လည်း တဆတ်ဆတ်တုန်အောင် နာကျင်နေခဲ့ပါသည်။

သူနောက်ဆုံးမှတ်မိသည်က Level လာတင်ခိုင်းသည်ကို လက်ခံလိုက်ခြင်းပင်။ ဇာတ်ကောင်အသစ်တစ်ခုကို “Galaxy” ဂိမ်းထဲတွင် ဖန်တီးနေစဉ် ညှော်နံ့ရလိုက်ပြီး.....

“မြန်မြန်၊ မစ္စဟီလာကို အကြောင်းကြားလိုက်။ စမ်းသပ်ခံ အသက်ပြန်ရှင်လာပြီလို့...”

“အစောင့်တွေကို ခေါ်ကြဦး...”

ဆရာဝန်တွေ ရုတ်ရုတ်သဲသဲ ဖြစ်နေစဉ်တွင်၊ သူတို့ပြောနေသော ဘာသာစကားကို တစ်ခါမျှမကြားဖူးသော်လည်း နားလည်နိုင်သည်ကို ဟန်ရှောင်းသတိပြုမိလိုက်၏။ ‘စမ်းသပ်ခံ’ ၊ ‘ပြန်ရှင်လာပြီ’ ၊ ‘အစောင့်တွေ’ -ထိုစကားလုံးများက သူ့ကို ချောက်ခြားစေသည်။ သိပ်မကြာခင်တွင် အခန်းအပြင်ဘက်မှ အပြေးလာနေသော ခြေသံများကို ကြားလိုက်ရသည်။

‘ထပြေးရမလား၊ ဆက်အိပ်နေရမလား’

စက္ကန့်ပိုင်းအတွင်းပင် ပြေးရန်ဆုံးဖြတ်လိုက်သည်။ သူက ငြိမ်ငြိမ်လေးအိပ်ပြီး စောင့်နေမည့်သူ မဟုတ်ပေ။ ဆတ်ခနဲထလိုက်ပြီး၊ ကိုယ်ပေါ်ရှိကြိုးများကို ဆွဲဖြုတ်ကာ တံခါးပေါက်ဆီသို့ ကတိုက်ကရိုက် ပြေးသွားလိုက်သည်။ ဆရာဝန်များက တားမည့်ပုံမပေါ်သည့်အပြင် တိုက်မိမည်စိုး၍ထင်သည်၊ အပြေးအလွှား ရှောင်ကြကုန်၏။

ခရက်...

အခန်းတွင်းမှ အဖြူရောင်ကော်ရစ်တာသို့ ရောက်လာပြီးနောက် တစ်ဒါဇင်ခန့်ရှိသော အစောင့်များက လျပ်စစ်တုတ်တံများကိုင်ကာ စောင့်ကြိုနေလေသည်။

ထိုသူတို့၏ ယူနီဖောင်းပေါ်မှ တံဆိပ်ကို ဖျတ်ခနဲတွေ့လိုက်၏။

သစ်ပင်တစ်ပိုင်းပုံစံ ဖော်ထား၏။

‌’ဗားရှင်း (၁) ထဲမှာပါတဲ့ ရေပင်လယ်ဂြိုလ်က ဂျာမီနယ် အဖွဲ့အစည်းလား’

‘သူတို့က သုတ်သင်ခံလိုက်ရပြီးပြီ မဟုတ်လား’

အစောင့်တပ်သားတစ်ယောက်က လျပ်စစ်တုတ်တံကို ရုတ်တရက်လွှဲရိုက်လိုက်ရာတွင် ဟန်ရှောင်းလည်း ယောင်ယမ်း၍ လက်ကိုမြှောက်ကာ ကာလိုက်မိသည်။ လျပ်စီးကြောင်းက တစ်ကိုယ်လုံးကို နာကျင်သွားစေပြီး အရိုးများကွဲထွက်သွားမတတ် ခံစားရကာ တစ်ကိုယ်လုံး ထုံကျင်နေသည်။

‘နာကျင်မှုထိန်းညှိထားတာက ၁၀၀% ဖြစ်နေတာများလား’

“Galaxy” ဂိမ်း၏ နာကျင်မှုထိန်းညှိခြင်းသည် ၄၀% အထိသာ ခွင့်ပြုထားသည်။

အဘယ်ကြောင့်ဆိုသော် ထိုထက်ပိုမြင့်ပါက ကစားသူအား အာရုံကြောထိခိုက်မှု ဖြစ်စေနိုင်သည်။ VR ခေါင်းစွပ်သည်လည်း ခန္ဓာကိုယ်၏ လက္ခဏာများကို စောင့်ကြည့်ရမည်ဖြစ်ပြီး ယခုတွင်တော့ ချွတ်ယွင်းနေသည်ထင်သည်။

‘ခုမှ ၇နှစ်ပဲရှိသေးတယ် ဒီခေါင်းစွပ်က ပြဿနာတက်နေပြီလား၊ သေစမ်း… စက်ပြင်တဲ့ကောင်ကို ဒေါ်လာ၃၀၀ပေးထားတာ ရက်ပိုင်းပဲရှိသေးတယ်၊ အဲ့ကောင်ပြောတော့ နောက်၆လအထိ အေးဆေးပါဆို၊ ပိုက်ဆံပြန်တောင်းမှရမယ်။’

အစောင့်တွေက ဟန်ရှောင်းကို အခန်းကျဉ်းလေးထဲ ဆွဲခေါ်သွားပြီး မှောင်မည်းနေတဲ့ထိုအခန်းထဲမှာ ပိတ်ထားလိုက်ကြပါသည်။

ဟန်ရှောင်းတစ်ယောက် လက်ကောက်ဝတ်ကို နှိပ်နေရင်း အချက်အလက်များ ထပ်ဝင်လာ၍ ရှုံမဲ့သွားရ၏။

တစ်ခဏကြာပြီးနောက် ဖြစ်ပျက်ခဲ့သည်များကို နားလည်သွားတော့သည်။

‘ငါက.... ဒီ “Galaxy” ဂိမ်းထဲကို ဘဝကူးပြောင်းလာတာလား’

အံ့အားသင့်လွန်း၍ မျက်လုံးများပင် ပြူးထွက်လာ၏။

“Galaxy” သည် ကမ္ဘာတစ်ဝှမ်းရှိ ဆာဗာများကို ချိတ်ဆက်ပြီး ကစားသူဦးရေ သန်း 60 နီးပါးအထိ တစ်ပြိုင်နက်ကစားနိုင်သော Virtual Reality ဂိမ်းတစ်ခုဖြစ်သည်။

ဂိမ်းကို ကွမ်တမ်ကွန်ပျူတာများကို အသုံးပြ၍ တည်ဆောက်ထားပြီး ကမ္ဘာ့မြေပုံများသာမက စကြဝဠာပေါင်းများစွာ ပါဝင်ပေသည်။ ကမ္ဘာတစ်ခုလုံးသည် ကျယ်ဝန်းလှပြီး ကစားသမားပေါင်း သန်းရာနှင့်ချီ၍ အဆင်ပြေချောမွေ့စွာ ကစားနိုင်၏။ အဖွဲ့အစည်းများနှင့် ကုမ္ပဏီပေါင်းများစွာတို့က ပူးပေါင်းဆောင်ရွက်ထားကြပြီး ဂိမ်းအတွက်အသုံးပြုသော ပစ္စည်းကိရိယာများ၏ဈေးနှုန်းမှာ US ဒေါ်လာ သန်းချီ၍ပင် တန်ဖိုးရှိနိုင်သည်။

အလွန်လူကြိုက်များသောဂိမ်းဖြစ်သည်နှင့်အညီ ဟန်ချက်ညီမှုရှိရန်သည်လည်း အလွန်ပင် အရေးကြီးလှ၏။ ငွေကြေးသုံးဖြုန်းနိုင်သူများတွင် အားသာချက်များ ရှိကြသော်လည်း၊ သာမန်ကစားသမားများ မကျေနပ်သည်အထိတော့ မမျှတမှုများ ရှိမနေပေ။ ပြိုင်ဆိုင်မှုများရှိအောင် ထိန်းသိမ်းထားခြင်းနှင့် စကေးများတိုးတက်လာနိုင်ခြင်းသည် ဟန်ချက်ညီမှုအတွက် အရေးကြီးသော အချက်များဖြစ်ကြသည်။ “Galaxy”သည် ထိုနေရာများတွင် သေသေချာချာ အာရုံစိုက်ထားပြီး ကစားသမားများကို e-sport တစ်ခုအဖြစ် ခိုင်ခိုင်မာမာဆွဲဆောင်ထားနိုင်သည်။

ဟန်ရှောင်းသည် ဂိမ်းကစားခြင်းဖြင့် ပိုက်ဆံရှာနေသော်လည်း ပရော်ဖက်ရှင်နယ်တစ်ယောက်အဖြစ် ယူဆ၍မရပေ။ သူသည် အခြားသူများအတွက် အခကြေးငွေယူ၍ Level တင်ပေးလေ့ရှိသော တစ်ယောက်တည်း လုပ်ကိုင်တတ်သူတစ်ယောက်သာဖြစ်သည်။

ဂိမ်းစပေါ်ကတည်းက ကစားခဲ့သည့် ဟန်ရှောင်းသည် နံမည်တစ်ခု ရထားပြီးသူလည်းဖြစ်ကာ ယခင်နှစ်က ထိပ်ဆုံးအယောက်၁၀၀တွင် ၄၇ချိတ်ခဲ့၏။

‘ဂျာမီနယ် အဖွဲ့အစည်းဆိုတာ “Galaxy” ဗားရှင်း (၁) : ‌ရေပင်လယ်ဂြိုလ်မှာ ဂြိုလ်တစ်ခုပေါ်ကို ဇာတ်ကောင်အသစ်တွေ စပြီးလွှတ်တဲ့အချိန်က စခဲ့တာပဲ’ ဟန်ရှောင်းတိုးတိုးလေး ရေရွတ်လိုက်သည်။

ဘဝမကူးပြောင်းမီက “Galaxy”ဂိမ်းပေါ်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပြီဖြစ်ပြီး ဗားရှင်း (၁)သည် သမိုင်းတစ်ခုပင် ဖြစ်နေပြီဖြစ်သည်။

‘ငါ အချိန်ကိုလည်း နောက်ပြန်ခုန်ကျော်လာခဲ့တာလား’

ဟန်ရှောင်းမျက်နှာပျက်သွားသည်။

‘ဒါဆို ငါ့ရဲ့ ဒေါ်လာ၃၀၀ ပြန်မရတော့ဘူးပေါ့’

‘တုံးလိုက်တာ၊ အဲ့ဒါက နောက်ဆုံးမှစိတ်ပူရမှာဟ’

မျက်နှာကို ရိုက်ရင်း ပြောလိုက်သည်။

သူ၏မှတ်ဉာဏ်များသည် ရှုပ်ယှက်ခတ်လျက်ရှိပြီး ယခုဘဝနှင့် ပက်သက်၍ သူ၏နာမည်မှအစ မည်သည့်အရာကိုမျှ မမှတ်မိနေချေ။ ယခုကာလသည် တကယ့်အချိန်ကာလနောက် ၁နှစ်နောက်ကျနေသော “Gaalxy”ပြက္ခဒိန်၏ ၆၈၇နှစ်မြောက်ဖြစ်သည်ဟူသော ဤကမ္ဘာ၏ အကြောင်းအရာများမှလွဲ၍ ကျန်သည့်အရာများကို မှတ်ဉာဏ်ပြန်မရသေးပေ။

ဗားရှင်း (၁)တွင် အဖွဲ့အစည်းကြီး ၃ခုက အာဏာအလုံးစုံ ချုပ်ကိုင်ထားကာ ငြိမ်းချမ်းနေခဲ့သည်မှာ စူးစမ်းရှာဖွေမှုများ စခဲ့သည့်အချိန်မှ နှစ်ပေါင်းတစ်သောင်းခန့် ရှိနေပြီဖြစ်သည်။ ၎င်းတို့မှာ ဓနသဟာယအလင်းအဖွဲ့ ကြက်သွေး‌ရောင်မင်းဆက် နှင့်လျှို့ဝှက်ဆန်းကြယ်ဘုရားကျောင်းတို့ ဖြစ်ကြသည်။ ငွေရောင်တော်လှန်ရေးတပ်မတော်က မဖွဲ့စည်းရသေးချေ။

သဘာဝထက်ကျော်လွန်သော ဘေးအန္တရာယ်ဆိုးကြီးအတွက် တာဝန်ရှိသူမှာလည်း စွန့်ပစ်ဂြိုလ်များတွင် တိုက်ပွဲဝင်နေဆဲ၊ အလင်းကမ္ဘာကြီး ပေါ်ပေါက်မလာသေးသလို၊ ကမ္ဘာ့သစ်ပင်၏ ယဉ်ကျေးမှုများသည်လည်း မကျူးကျော်မဝင်ရောက်သေးချေ။ ‌ရေပင်လယ်ဂြိုလ်၏ အရေးပါသောနယ်မြေတို့သည်လည်း ဖွံ့ဖြိုးနေဆဲသာ ဖြစ်နေသေးသည်။

ဤဂိမ်းကို အမြဲတစေ ဆွဲဆောင်မှုရှိနေစေရန် “Galaxy” သည် “WoW” အစရှိသည့်ဂိမ်းများမှ အကြံဉာဏ်များ ရယူအသုံးပြုခဲ့သည်။ ဟန်ရှောင်းတစ်ယောက် ဂိမ်းကို ကျေကျေနပ်နပ်ကြီး ကစားနေစဉ်မှာပဲ ယခုလို ဘဝကူးပြောင်းလာခဲ့ခြင်း ဖြစ်၏။

“ငါ့ကိုလွှတ်ပေး…”

ဂျာမီနယ် အဖွဲ့အစည်းသည် ဂိမ်းUpdateအသစ်များ ထွက်ရာတွင်ပါရှိလာမည့် အာကာသကိုလွှမ်းမိုးနိုင်သည့် အဖွဲ့များနှင့်ယှဉ်လျှင် အသေးအဖွဲမျှသာ ဖြစ်သော်လည်း ယခုအားနည်းလှသည့်ဟန်ရှောင်းက မယှဉ်သာသေးပေ။

‌’ရေပင်လယ်ဂြိုလ်က ကမ္ဘာဂြိုလ်ပြီးတော့ ဖြစ်လာတာ၊ ဂျာမီနယ် အဖွဲ့အစည်းက ဒီဂြိုလ်ကို အုပ်စိုးချင်တာ၊ ငါမှတ်တာမမှားရင်တော့ ဗယ်ခရီစမ်းသပ်ခံတွေဆိုတာ ဦးနှောက်ဆေးပစ်ပြီး အမြှောက်စာလုပ်ပစ်တာပဲ’

ဟန်ရှောင်းယခုပိုင်ဆိုင်ထားသော ခန္ဓာကိုယ်သည် မှတ်ဉာဏ်များ ဖျက်ဆီးခံထားရ၏။ ယေဘူယျအချက်အလက်များမှလွဲ၍ ကျန်ရှိသည်များက ဖမ်းဆီးခံခြင်းနှင့် စမ်းသပ်ခံထားရသော မှတ်ဉာဏ်အပိုင်းအစများသာ...။

ယခုခန္ဓာကိုယ်သည် အသက်၂၀ခန့်ရှိနေပြီး အရင်ဘဝက ခန္ဓာကိုယ်နှင့် အနည်းငယ်ဆင်တူသည်။ သို့ပေမဲ့ ကျန်းမာရေးအခြေအနေမှာ ထိုသို့မဟုတ်ပေ။ ဂျာမီနယ် အဖွဲ့အစည်း၏ မျိုးရိုးဗီဇပြောင်းလဲစေသည့် ဆေးတစ်မျိုးဖြစ်သည့် ဗယ်ခရီဆေး အထိုးခံခဲ့ရကြောင်း ဟန်ရှောင်းနိုးနိုးချင်းတုန်းက ကြားခဲ့ရသည်။ ထိုဆေးသည် ဦးနှောက်အားကောင်းစေသော်လည်း အသက်ရှင်နိုင်ခြေက ၃၀%သာ ရှိသည်။ သို့သော် ဟန်ရှောင်း၏ခန္ဓာကိုယ်က ကောင်းကောင်းတုံ့ပြန်သည့်ပုံပင်။

ရုတ်တရက် အပြာရောင်စာသားများ မျက်စိရှေ့၌ ပေါ်လာသည်။

------------------------------------

သင့်ကို ဗယ်ခရီဆေး ထိုးသွင်းခဲ့သည်။

+၁ ခံနိုင်ရည်

စွမ်းရည်အသစ် - အာရုံစူးစိုက်မှုကို သင်ယူပြီးပါပြီ။

စွမ်းရည်အသစ် - အဆင့်နိမ့် စိတ်ဓာတ်စွမ်းအားကို သင်ယူပြီးပါပြီ။

----------------------------------

“Virtual Interface ပဲ...” (TL Note : ဂိမ်းဆော့ရာတွင် မြင်ရသော မျက်နှာပြင်)

ဟန်ရှောင်း ထခုန်မတတ် ပျော်ရွှင်သွားသည်။

----------------------------------

နာမည် - Han Xiao

လူမျိုး - လူသား/ ကာဗွန်အခြေခံ (အဝါရောင်)

မော်ဒယ်- NPC (ဗားရှင်း 1.0 သို့ ရေတွက်ခြင်း- 358 ရက် 11 နာရီ 03 မိနစ်)

အဆင့် - ၁

အတွေ့အကြုံ - 0

အဓိကအတန်းအစား - N.A.

အတန်းခွဲ - အရပ်သား Lv. ၁ (၀/၅၀)၊

ပင်ကိုယ်အရည်အသွေးများ - ခွန်အား ၂၊ လက်စွမ်း ၂၊ ခံနိုင်ရည် ၃၊ ဉာဏ်ရည် ၃၊ လျှို့ဝှက်ဆန်းကြယ်မှု ၁၊ ကျက်သရေ ၂၊ ကံကောင်းခြင်း ၁။

မသတ်မှတ်ထားသော Stats များ - 0

စွမ်းအင် - 0 (Lv. 0)

စွမ်းအင်အဆင့် - 1~2

အဆင့် : F (သေမျိုး)

[တိုက်ခိုက်ရေးအင်အား 5 ရှိသော အမှိုက်တစ်စ၊ ကြိုက်တဲ့ NPC တစ်ယောက်ကို လမ်းပေါ်ကရွေးလိုက်ရင် ထိုသူက သင့်ကို ကြမ်းပြင်ပေါ် အကြိမ်တစ်ရာ အမှောက်သိပ်လိမ့်မည်။ အကြိမ်တစ်ရာ...]

ကျန်းမာရေး - ၂၃/၃၀ (ဒဏ်ရာရ)၊

သက်လုံ- ၃၆/၃၆

စွမ်းရည်များ

- အာရုံစူးစိုက်မှု - သင်ယူမှုနှင့် ဖန်တီးမှုအမြန်နှုန်းအတွက် +10%

- အဆင့်နိမ့် စိတ်ဓာတ်စွမ်းအား- +3 ခုခံမှု

အရည်အချင်းများ - မရှိပါ။

စွမ်းရည်အမှတ်များ- 0

အတန်းအစားစွမ်းရည်များ - မရှိပါ။

လွှမ်းမိုးမှု : 0

ဂုဏ်သတင်း 0

ကိရိယာ - မရှိပါ။

----------------------

‘ဘုရားမလို့ ငါ့မှာ Interface (မျက်နှာပြင်) ရှိသေးတာပဲ’

ဟန်ရှောင်သည် စိတ်လှုပ်ရှားနေသော်လည်း ပုံမှန်မဟုတ်သည်များကို သတိထားမိ၏။

NPC လား၊ ကစားသမားမဟုတ်ဘူးလား ? နောက်ပြန်ရေတွက်တဲ့ နာရီကြီးနဲ့ (Countdown timer)

မျက်မှောင်ကြီးကျုံ့ရင်း ဟန်ရှောင်းစဉ်းစားနေသည်။

ပထမဆုံးအနေဖြင့်၊ ဒီ Interface ကြီးက ကူးပြောင်းရင်း သူ့ဆီဘယ်လိုပါလာမှန်း မသိသော်လည်း၊ အခုရောက်နေသည့် ကမ္ဘာကို အစစ်အမှန်အဖြစ် ယူဆရပေတော့မည်။ သဘောက သူသေသွားခဲ့လျှင် ဂိမ်းထဲမှာကဲ့သို့ နောက်တစ်ကြိမ် ပြန်မရှင်လာနိုင်ချေ။

ဒုတိယမှာ၊ NPC ဖြစ်နေသော်ငြားလည်း Interface ရှိနေသေးသည့်အတွက် ပုံမှန်ကစားသမားများကဲ့သို့ Level တက်နိုင်လိမ့်မည်။ ဤသည်မှာ သတင်းကောင်းတစ်ခုပင်။

တတိယ၊ ဤသို့နာရီကြီး ပါလာတဲ့သဘောမှာ သူတကယ်ကြီးကို အချိန်ခုန်ကျော်ပြီး နောက်ပြန်သွားခဲ့သည်ကို သက်သေပြနေပြီး မကြာခင် တကယ့်ကစားသမားများ ပေါ်လာတော့မည်ကို ဆိုလိုပေသည်။

နောက်ဆုံးနှင့် အရေးအကြီးဆုံးမှာ၊ သူသည် လက်ရှိတွင် အလွန် အန္တရာယ်ရှိနေပြီဖြစ်သည်။

ဟန်ရှောင်း မကျေမနပ်ခံစားနေရသည်။

‘ဒီလိုဘဝကူးပြောင်းရင် ပုံမှန်အားဖြင့် အကျိုးခံစားခွင့်တွေ ရှိတယ်မဟုတ်လား၊ အရင်းအမြစ်တွေ၊ အပေါင်းအဖော်တွေ၊... အနည်းဆုံးတော့ ရည်းစားဟောင်းလေးပဲဖြစ်ဖြစ်ပေါ့။ နောက်ဆုံး ကုန်ကုန်ပြောရရင် လုံခြုံတဲ့နေရာလေးက စသင့်တယ်လေ။’

စစ်ပွဲက မစတင်သေးသော်လည်း သူက ရန်သူ့တပ်အတွင်းရောက်နေပြီး အဖော်မရှိသည့် သူရဲကောင်းတစ်ယောက်လိုဖြစ်နေသည်။ အမှားအယွင်း သေးသေးလေးကပင် သေသွားနိုင်ပေ၏။ ဟန်ရှောင်းတွင် အသက်တစ်သက်သာ ရှိနေပြီး သေဆုံးသွားပါက သနားစရာအဆုံးသတ် ဖြစ်သွားပေလိမ့်မည်။

မှန်၏။ ဟန်ရှောင်းသည် “သနားစရာကောင်းသည်” ဟု ခံစားနေရသည်။ “ငါအသက်ရှင် ကျန်ရစ်ချင်တယ်” က ပို၍ သာမန်ဆန်သည့် အတွေးတစ်ခု ဖြစ်လိမ့်မည်။

ဒါတွေက အမှန်တကယ် ဖြစ်နေကြောင်း သေချာသွားပြီးသည့်နောက်

‘အတိအကျ ပြောရရင် အခုငါက ဘာလဲ၊ တကယ့် ခန္ဓာအစစ်အမှန်လား၊ ဒေတာတွေပဲလား? ငါ့ဝိညာဉ်ရော ကူးပြောင်းလာတာလား၊ ဒါက သီးသီးသန့်သန့်ကြီး ဖြစ်နေတာလား?’

ဟန်ရှောင်း သက်ပြင်းချလိုက်ပြီးနောက် ‘အကောင်းဆုံးဖြစ်အောင်လုပ်ပြီး တစ်လှမ်းခြင်း သွားရတော့မှာပဲ’ ဟု ရေရွတ်လိုက်မိသည်။

မရှိမဖြစ်လိုအပ်သောအရာမှာ အသက်ရှင်ရပ်တည်ရန်ဖြစ်သည်။

ဂိမ်းမစမီ တစ်နှစ်လိုသေးသောကြောင့် ဟန်ရှောင်းတွင် ပြင်ဆင်ရန် အချိန်အလုံအလောက် ရှိနေသည်။ ဤသည်မှာ သူဖက်တွယ်ထားနိုင်သော တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်၏။

ကလစ်

တံခါးရုတ်တရက်ပွင့်သွားပြီး လူများဝင်လာ၏။ အခန်းပြင်မှ အလင်းရောင်ကြောင့် မျက်နှာများကို သဲသဲကွဲကွဲ မမြင်ရပေ။ သို့သော် ကောက်ကြောင်းများမှတစ်ဆင့် တစ်ယောက်မှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိလိုက်ရသည်။

“စမ်းသပ်ခံရဲ့ အခြေအနေ ?”

ချိုသာသော်လည်း ကော်ဖီအရသာ ခပ်ပါးပါးလေးရောနေသော အသံဖြင့် ထိုအမျိုးသမီးက မေးလိုက်၏။

“စမ်းသပ်ခံက တည်ငြိမ်သွားတဲ့ ပုံပါပဲ”

သုတေသနခေါင်းဆောင်ဖြစ်သူ လင်ဝေရှန်းက ဖြေလိုက်ရင်း ဟန်ရှောင်းကို သူ၏ ဆုလာဘ်တစ်ခုကဲ့သို့ စူးစူးစိုက်စိုက်ကြည့်နေသည်။

“မင်းတို့က ဘယ်သူတွေလဲ” ဟန်ရှောင်က ခပ်တိုးတိုးမေးလိုက်သည်။

“ဟမ်... အတိတ်မေ့တာလား ?” အမျိုးသမီး မျက်လုံးပြူးသွားသည်။

“ဗယ်ခရီဆေးက ဦးနှောက်ကို လှုံ့ဆော်တာဆိုတော့ မှတ်ဉာဏ်ဆုံးရှုံးတာက မျှော်လင့်ထားတဲ့အတိုင်းပါပဲ” လင်ဝေရှန်းက ပြန်ဖြေသည်။

ဟန်ရှောင်းက အလင်းရောင်နှင့် အသားကျသွားသောအခါ အမျိုးသမီး၏ပုံစံကြောင့် မှင်သက်သွားသည်။

မျက်နှာ၏ တစ်စိတ်တစ်ပိုင်းကို ဖုံးလွှမ်းထားသော မွှေးပျံ့သည့် ခရမ်းနီရင့်ရောင် ဆံပင်များနှင့် အနက်ရောင်ကိုယ်ကြပ်ဝတ်စုံကို တင်းတင်းကြပ်ကြပ် ဝတ်ဆင်ထားသည်မှာ လုံးကြီးပေါက်လှခန္ဓာကိုယ်က အချိန်မရွေး ခုန်ပေါက်ထွက်လာတော့မည့် အလားပင်။

သူမ၏ ပုံပန်သဏ္ဍာန်က အနောက်တိုင်းဆန်ဆန်ဖြစ်သော်လည်း အရှေ့တိုင်းမိန်းမပျိုများ၏ နူးညံ့မှုတို့ ရောစပ်ထားရာ အလှအပနှင့် ကျက်သရေရှိမှုအပေါ် ကောင်းချီးပေးထားသလိုပင်။ တစ်နည်းပြောရရင် သူမသည် လှပသော မြွေမင်းသမီးတစ်ယောက်အလား အလွယ်တကူ အထင်မှားစေနိုင်သည်။

“ငါ့နာမည်က ဟီလာ၊ တပ်မှူးတစ်ယောက်ပဲ။” ထိုဆံပင်နီနှင့် အမျိုးသမီးက ဟန်ရှောင်းကို ကြည့်ရင်း ပြောလိုက်သည်။

တစ်ဆက်တည်း လက်ကိုဝှေ့ယမ်းရင်း “သွေးစစ်ကြည့်စမ်း၊ ရီပို့အမြန်ဆုံး လိုချင်တယ်။”

မျက်နှာထားတည်တည်နှင့် အစောင့်၂ယောက် ဟန်ရှောင်းကို ဆွဲခေါ်သွားရန် လျှောက်လာသည်။ သူတို့၏ ကိုယ်ခန္ဓာကြီးများနှင့် သေနတ်များကြောင့် ဟန်ရှောင်းတစ်ယောက် ငြင်းဆန်ရန် မကြိုးစားတော့ပေ။

ဟန်ရှောင်းက “ကြက်သွေးရောင်မြွေဆိုး ဟီလာ” ကို သိသည်။

‌ရေပင်လယ်ဂြိုလ်ပေါ်ရှိ ဂျာမီနယ် အဖွဲ့အစည်း၏ အဓိကစခန်းမှ ဗယ်ခရီစမ်းသပ်ခန်းတွင် သူမသည် ကစားနိုင်သော အခြေအနေများထဲမှ တစ်ခုဖြစ်သည်။

ဗားရှင်း (၁)တွင်၊ ဟီလာသည် စတင်ကစားသူများကို အကြီးအကျယ် ဝမ်းနည်းစေခဲ့သော ဘော့စ်တစ်ယောက်ဖြစ်သည်။ နာမည်ပြောင်များလည်း အများအပြားရှိ၍ ထိုထဲမှ တစ်ခုမှာ “သေမင်းနတ်ဘုရားမ” ဖြစ်သည်။ သူမသည် နတ်ဘုရားအဆင့်ခွန်အား ရရှိခဲ့သည်သာမက Cotton Cluster တွင် ကျော်ကြားလာခဲ့သည်။

ဟန်ရှောင်း ခါးသက်စွာ ကြိတ်ရယ်လိုက်သည်။ အခြေအနေက တော်တော်ဆိုးနေပြီပဲ။

အခန်း(၁) ပြီး၏။

လင်းဆက်

All Chapters