အလည် ရောက်လာသူများ
Vol. 66 Ch. 916
နတ်ဘုရားသိုက်မြုံ ဝင်ခွင့် ကျောက်စိမ်းပြားဆယ်ခု ရလာပြီ ဖြစ်၍ မိုဝူကျိက ထန်းတိရင်ပြင်မှ မြန်မြန် ထွက်ခွာကာ သူ့နေရာဆီ ပြန်လာခဲ့သည်။ သူက တိုက်ပွဲစင်မြင့်ပေါ်၌ သူ့ကောင်းကင်လူသားဂိုဏ်းသားများ၏ တိုက်ပွဲစွမ်းရည်ကို မြင်တွေ့ချင်သော်လည်း သူက မီးပြင်းကျောက်အကြောင်း တွေးမိလိုက်သည့်အခါ အာရုံမရှိတော့ပေ။
သူ့လက်ရှိ ပါးမွှားအဆင့်အတန်းလေးဖြင့် ဖန်းကျဲပင် သူ့အား ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။ အကယ်၍ တစ်ယောက်ယောက်က သူ့လမ်းကြောင်းသာ နောက်ယောင်ခံမိသွားလျှင် သူ့အနေနှင့် အဆုံးသတ်သွားနိုင်သည်။
………..…
နတ်ဘုရားသိုက်မြုံ ပင်လယ်ဘက်ပိုင်း မိုဝူကျိနှင့် မိုင်ပေါင်းသောင်းချီ ဝေးကွာသည့်နေရာတွင် သွေးသံရဲရဲ ကျင့်ကြံသူတစ်ဦးက ရုန်းကန်လှုပ်ရှားနေလေ၏။
သူ့အရှိန်အဝါမှာ ဖိနှိပ်ခံထားရသော်လည်း သူ့မျက်ဝန်း၌ အမုန်းတရားများနှင့် ပြည့်နှက်နေသည်။ သူ တာအိုလမ်းစဉ်ပေါ် လျှောက်လှမ်းစဉ်ကတည်းက သူ သဲ့ကျန်းက ဤသို့အရှုံးမျိုး မခံစားဖူးပေ။ သူက တစ်စုံတစ်ယောက်၏ မမြင်ရသည့် ဓားအသိဖြင့် ဒဏ်ရာအပြင်းအထန် ရသွားလေ၏။ အကယ်၍ သူ့၏ သုံးထောင် ရေဝတ်စုံကြောင့်သာ မဟုတ်လျှင် သေနေလောက်လေပြီ။
ကံမကောင်းစွာဖြင့် သူ့သုံးထောင်ရေဝတ်စုံမှာ အပြည့်အဝ မသန့်စင်ရသေးပေ။ မဟုတ်ပါက သူ့အနေနှင့် ဒဏ်ရာ ရလာမည် မဟုတ်ပေ။
သဲ့ကျန်းအမြင်အရ ထိုလူကို ရှာတွေ့ဖို့ရာ မခက်ခဲလှပေ။ သူ့လိုမျိုး နတ်ဘုရားသိုက်မြုံပင်လယ် ကြမ်းပြင်၌ တိုက်ကွက် ထုတ်သုံးနိုင်သည့်သူ များများစားစား ရှိမည် မဟုတ်ပေ။ ပြောရမည်ဆိုလျှင် တတိယလူပင် မရှိနိုင်ချေ။
သူ လုပ်နိုင်သည်က သုံးထောင်ရေဝတ်စုံကြောင့် ဖြစ်၏။ ရေဝတ်စုံက ရှန်းထျန်းအဆင့်သို့ နီးကပ်နေပြီ ဖြစ်ရာ ရှန်းထျန်း တပိုင်း ရတနာအဖြစ် ယူဆ၍ ရ၏။ ရှန်းထျန်း တပိုင်း ရတနာ ဖြစ်နေသည့်အကြောင်းအရင်းမှာ ဤရေဝတ်စုံကား သဘာဝအတိုင်း ဖြစ်တည်လာခြင်း မဟုတ်ဘဲ ဟို့ထျန်းအဆင့်မှ သန့်စင်ထားခြင်း ဖြစ်၏။ ဤရေဝတ်စုံတွင်လည်း ကိုယ်ပိုင် စည်းမျည်းများ ရှိပေရာ သူက အပြည့်အဝ မသန့်စင်ရသေးသော်လည်း ထိုစွမ်းအားကို ဌားယူ၍ နတ်ဘုရားသိုက်မြုံပင်လယ်၌ စိတ်စွမ်းအားကို ဖြန့်ကျက်နိုင်ခြင်း ဖြစ်၏။
သူက ချူယို့အား လုပ်ကြံရသည့် အကြောင်းအရင်းလည်း ရှိပေသည်။ အကယ်၍ သူတို့သာ နတ်ဘုရားသိုက်မြုံ ပင်လယ်၌ ကျန်ရှိနေလျှင် ချူယို့သည် သူ့လက်ထဲတွင် သေဆုံးရမည် ဖြစ်၏။ သို့သော်လည်း သူ့အကြံအစည်အား ဝင်နှောင့်ယှက်သည့်သူ ပေါ်လာကာ ချူယို့အား ကယ်သွားလိမ့်မည်ဟု မထင်မိပေ။
သူ့အား ဒဏ်ရာရစေသည့်အရာမှာ စိတ်စွမ်းအင်မြှားသာ ဖြစ်ပေမည်။ သူ့သုံးထောင်ရေဝတ်စုံက စိတ်စွမ်းအင်မြှားမှ သတ်ဖြတ်ငွေ့ကို ကာကွယ်ပေးထားသောကြောင့် ကံကောင်းသွားတော့သည်။ မဟုတ်ပါက သူ့အသိစိတ်ပင်လယ်မှာ ထိုမြှားကြောင့် ပျက်စီးနေလောက်လေပြီ။
ဤလူက နတ်ဘုရားသိုက်မြုံပင်လယ်၌ စိတ်စွမ်းအားကို အသုံးပြုနိုင်သောကြောင့် ဤလူသည် သဘာဝဓာတ်ငါးမျိုး သဲအား အများကြီး ရှာတွေ့လောက်၏။ ထိုလူကို ရှာလိုလျှင် မည်သူက သဘာဝဓာတ်ငါးမျိုး သဲ အများကြီးနှင့် အလဲအလှယ်လုပ်လဲဆိုသည့်အချက်ကို စောင့်ကြည့်ရုံသာ ဖြစ်၏။ ယခု မည်သူမှ မရှိလျှင်ပင် သူ့အနေနှင့် သဘာဝဓာတ်ငါးမျိုး သဲအများကြီး လာလဲလှယ်သူအကြောင်း မှတ်သားခိုင်းလိုက်လျှင် ဖြစ်၏။
သဲ့ကျန်းက ရေဝတ်စုံကို သိမ်းထားလိုက်ပြီး ကုသဆေးလုံးများကို မျိုချလိုက်သည်။ ထို့နောက် သူက အဝတ်အသစ် လဲလှယ်ဝတ်ဆင်လိုက်၏။
နေ့တစ်ဝက်တာ ကြာမြင့်ပြီးနောက် ယခင် ရေသရဲနှင့် တူသည့် သဲ့ကျန်းက ခပ်တောင့်တောင့် အမျိုးသားပုံစံအဖြစ် ပြောင်းလဲသွားသည်။ သူ့တွင် လေးထောင်ကျသော မျက်နှာအချိုးအစား ရှိပြီး မျက်လုံးဝိုင်းဝိုင်းနှင့်အတူ မုတ်ဆိတ်မွေးက မျက်နှာတစ်ဝက်လောက်ကို ဖုံးလွှမ်းနေသောကြောင့် ဖြောင့်မတ်သည့် ကျင့်ကြံသူဟန် ပေးစွမ်းနေသည်။
သဲ့ကျန်း၏ လက်ရှိသွင်ပြင်ဖြင့် မည်သူကမှ သူသည် ချုယို့အား လုပ်ကြံရန် နတ်ဘုရားသိုက်မြုံပင်လယ်ထဲ ပုန်းအောင်း နေသည်ဟု ထင်ကြမည် မဟုတ်ပေ။
……………
နတ်ဘုရားသိုက်မြုံ၏ တာဝန်ရေးရာ ခန်းမ
မိုဝူကျိ ထွက်သွားပြီး သိပ်မကြာခင်တွင် ချူယို့ ပေါ်လာသည်။ သူမက ကောင်တာတစ်ခုဆီ တာဝန်တစ်ခု ဆွေးနွေးရန် သွားလိုက်လေသည်။ ဤတာဝန်မှာ သဘာဝဓာတ်ငါးမျိုး သဲကို တောင်းဆိုသည့် တာဝန် ဖြစ်၏။ မရှိမဖြစ် အခြေအနေမှာ ညှိနှိုင်းမှုများကို မျက်နှာချင်းဆိုင် လာရောက်တွေ့ဆုံရမည် ဖြစ်ပြီး သဘာဝဓာတ်ငါးမျိုး သဲနှင့် ရောက်လာသူအတွက် အရေးနိမ့်မည့် အခြေအနေ မဟုတ်ပေ။
ချူယို့၏ ရည်ရွယ်ချက်မှာ မိုဝူကျိကို ရှာရန် ဖြစ်၏။ သူမက သဲ့ကျန်းကဲ့သို့ အတွေးအတူတူ ရှိပြီး သူမ၏ ကယ်တင်ရှင်က နတ်ဘုရားသိုက်မြုံ၌ စိတ်စွမ်းအင် တိုက်ခိုက်မှုမျိုးကို ထုတ်သုံးသွားသည့်အတွက် ဆိုလိုသည်မှာ ကယ်တင်ရှင်သည် သဘာဝဓာတ်ငါးမျိုး သဲများ အများကြီး ရလာနိုင်ပေမည်။ သူမနှင့် သဲ့ကျန်းတို့ကြားမှ တစ်ခုတည်းသော ကွာခြားချက်မှာ သူမက သူမကို ကယ်ပေးသည့်အတွက် ကျေးဇူးတင်လို၍ ဖြစ်သလို တစ်ချိန်တည်းတွင် ထိုသူအား ကာကွယ်ပေးလိုသည့် စိတ်ဆန္ဒလည်း ရှိပေသည်။
သူမ ကျင့်ကြံဆင့်မှာ သိပ်မမြင့်မားသေးသော်လည်း သူမသည် နတ်ဘုရားနယ်မြေ၏ ထိပ်သီးဂိုဏ်း ဖြစ်သည့် ဝမ်ချွမ်းတာအိုကျောင်းတော်မှ ဖြစ်ပေသည်။ တစ်စုံတစ်ယောက်က သူမအား လုပ်ကြံဖို့ ကြိုးစားခဲ့လေရာ သူမတို့ ဝမ်ချွမ်းတာအိုကျောင်းတော်က လွှတ်ပေးထားမည်လား။ သူမက မိုဝူကျိသည် နတ်ဘုရားသိုက်မြုံပင်လယ်မှ ထွက်ထွက်လာချင်း သဘာဝဓာတ်ငါးမျိုး သဲနှင့် လဲလှယ်ပြီးသွားလိမ့်မည်ဟု မထင်ထားမိပေ။ အကယ်၍ သူမသာ တွေးမိပါက ထိုတာဝန် ချမှတ်မည့်အစား ကောင်တာကိုသာ မေးကြည့်ရုံ ဖြစ်၏။
“ ဂျုနီယာညီမလေး ချူ … တိုက်ဆိုင်လိုက်တာ။ ဒီကို ဆွေးနွေးဖို့ ရောက်လာတာလား ” သဲ့ကျန်းက တာဝန်ရေးရာ ခန်းမကို ဖြတ်လျှောက်လာသည့်အခါ ချူယို့အား မြင်လိုက်ရသည်။
ချူယို့က သဲ့ကျန်းအကြောင်း သိထား၏။ သဲ့ကျန်းသည် နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်း၏ ပင်မတပည့် တစ်ဦး ဖြစ်သလို ဂိုဏ်း အနာဂတ်အဖြစ်လည်း ယူဆ၍ ရပေသည်။ ထို့အပြင် သဲ့ကျန်း၏ အကျင့်စရိုက်မှာ သူ့နာမည်အတိုင်း ဖြောင့်မတ်ပေသည်။ သူက ဖြောင့်ဖြောင့်မတ်မတ် ပြုမူသည်သာမက တခြားသူများအပေါ် ကြံစည်လုပ်ကြံမှုများကိုလည်း စက်ဆုပ်ရွံရှာသူ ဖြစ်၏။
“ စီနီယာအစ်ကိုသဲ့ကို နှုတ်ဆက်ပါတယ်။ ကျွန်မက သဘာဝဓာတ်ငါးမျိုး သဲကို လာရှာတာပါ။ အဲကြောင့် တာဝန်အပ်မလို့ပါ ” ချူယို့က မြန်မြန် နှုတ်ဆက်လိုက်သည်။ သူမက သဲ့ကျန်း၏ အရှိန်အဝါမှာ ဒဏ်ရာရထားသည့်အလား မတည်မငြိမ် ဖြစ်နေသည်ကို သတိပြုမိလိုက်၏။
သို့သော်လည်း သဲ့ကျန်းက အင်မတန် အားကောင်းလှပေသည်။ သူ့ဂုဏ်သတင်းမှာ ကြီးကျယ်ပြီး နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်းမှ ပင်မတပည့်လည်း ဖြစ်နေသေး၏။ နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာမှုအတွင်း ဖြစ်စေ သို့မဟုတ် နတ်ဘုရားသိုက်မြုံ၏ ထန်းတိရင်ပြင်ပေါ်ရှိ တိုက်ပွဲစင်မြင့်ပေါ်တွင် ဖြစ်စေ မည်သူက သူ့အား ဒဏ်ရာပေးရဲမည်နည်း။
“ သဘာဝဓာတ်ငါးမျိုး သဲကို ရှာဖို့ မလွယ်ဘူးနော် … ကျုပ်က ကျုပ်ရဲ့ ဂျုနီယာညီလေးကို လာရှာတာပါ ” သဲ့ကျန်းက ပြုံးကာ ပြောလိုက်သည်။
“ ဟုတ် .. အဲဆို အရင်သွားလိုက်ပါဦးမယ် ” ချူယို့က သဲ့ကျန်းအား လေးစားမိပေ၏။ သို့သော်လည်း သူမက သူနှင့် မရင်းနှီးပေ။ သူတို့က အသိအကျွမ်းအဆင့်မျှသာ ဖြစ်၏။
ချူယို့ ထွက်သွားပြီးနောက် သဲ့ကျန်းက မျက်မှောင်ကျုတ်လိုက်သည်။ သူက ယခင်အတွေးမှာ မှားယွင်းနေကြောင်း စတင်စဉ်းစားမိလာ၏။
ချူယို့က သဘာဝဓာတ်ငါးမျိုး သဲကို ရှာနေသလို သူမအား ကယ်တင်ပေးသည့်သူကို ရှာနေသည်မှာလည်း သေချာလှသည်။ သူ သဲ့ကျန်း ရှာချင်သည့်သူနှင့် အတူတူ ဖြစ်၏။ အကယ်၍ ချူယို့သာ သူသည်လည်း သဘာဝဓာတ်ငါးမျိုး သဲနှင့် လူအား ရှာနေကြောင်း သိသွားခဲ့လျှင် သူမအနေနှင့် သံသယဝင် လာမိနိင်သည်။ အကယ်၍ သူမသာ သူ ဒဏ်ရာရထားကြောင်း ပြောနိုင်လျှင် ထိုသံသယက ပို၍ အားကောင်းလာပေမည်။
သူက ချူယို့ကို မကြောက်ပေ။ သို့သော်လည်း သူမ နောက်ကွယ်မှ ဂိုဏ်းသည် သူ့နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်းအနေနှင့် ရန်မစရဲသော ဂိုဏ်း ဖြစ်၏။
ထို့အပြင် သူ့အား တိတ်တဆိတ် တိုက်ခိုက်ခဲ့သော ဤလူက နတ်ဘုရားသိုက်မြုံ ပင်လယ်ကြမ်းပြင်၌ စိတ်စွမ်းအားကို သေချာပေါက် အသုံးပြုနိင်လိမ့်မည်။ ထိုလူက မည်သို့ ရိုးရိုးရှင်းရှင်း ဖြစ်နိုင်မည်နည်း။ အကယ်၍ ထိုလူသာ ဝမ်ချွမ်းတာအိုကျောင်းတော်လိုမျိုးက ဖြစ်နေခဲ့လျှင် သူ သဲ့ကျန်း ပေါ်ပေါက်သွားသည့်အခါ အခြေအနေ ကောင်းမည် မဟုတ်ပေ။
သူက ထိုအတွေးဖြင့် ချွေးအေးများ ထွက်လာမိ၏။ အကယ်၍ ဤကိစ္စသာ ပေါက်ကြားသွားလျှင် သူ့ဂုဏ်သတင်း ပျက်စီးသွားရုံသာမက သူ့နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်းသည်လည်း ကျဆင်းသွားလိမ့်မည်။
သဲ့ကျန်းက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူက တစ်ယောက်ယောက်ကို ရှာသည့်အလား ဟန်ဆောင်ပြီးနောက် တစ်ပတ် ပတ်ကြည့်လိုက်သည်။ အထဲတစ်ဝိုက် သွားလာပြီးနောက် သူက လှည့်ထွက်သွားတော့သည်။
သဲ့ကျန်း လှည့်ထွက်သွားသည်နှင့် ချူယို့က ခန်းမနှင့် မျက်နှာချင်းဆိုင်မှ ထွက်လာလေ၏။ သူမက သေချာမြင်လိုက်ရသည်။ သဲ့ကျင်းသည် လူတစ်ယောက် ရှာနေခြင်းမှာ အမှန် ဖြစ်၏။
သူမက ခေါင်းကို ခါလိုက်တော့သည်။ သဲ့ကျင်းက မည်သို့ လူစားမျိုးလဲ။ သူက သူမကို လုပ်ကြံဖို့အတွက် နတ်ဘုရားသိုက်မြုံ ပင်လယ်မှာ အဘယ်ကြောင့် ပုန်းအောင်းနေမည်နည်း။ သဲ့ကျင်းက ဒဏ်ရာရထားလျှင်ပင် နတ်ဘုရားသိုက်မြုံပင်လယ်အတွင်း၌ ရလာခြင်း မဟုတ်လောက်ပေ။
………………
“ မိုဝူကျိလား ” မိုဝူကျိက ဂိုဏ်းများစုဝေးရာ နေရာသို့ လျှောက်လှမ်းလာစဉ် အသံတစ်သံကို ကြားလိုက်ရသည်။
မိုဝူကျိက လှည့်ကြည့်လိုက်သည့်အခါ ရင်းနှီးသည့် မျက်နှာ လျူရုတင်း ကို မြင်တွေ့လိုက်ရသည်။ ထိုအမျိုးသမီးက ပြန်လည် ကောင်းမွန်လာပြီမှန်း သိသာလှသည်။ ထို့အပြင် သူမ မျက်နှာမှာ မက်မွန်ပွင့်လေးအလား ရင့်ကျက်သည့် အမျိုးသမီးတစ်ယောက်၏ ဆွဲဆောင်မှုအဖြာဖြာ ထွက်ပေါ်နေသည်။
“ စီနီယာအစ်မလျူကို နှုတ်ဆက်ပါတယ် ” မိုဝူကျိက လျူရုတင်းသည် ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်နေကာ သူ့ထက် များစွာ အားကောင်းကြောင်း ပြောနိုင်ပေသည်။ သူက လျူရုတင်းအား များများစားစား ကူညီမပေးခဲ့သော်လည်း ထိုအမျိုးသမီးက ပို၍ ရင်းနှီးလာဟန် ပေါ်ကြောင်း ခံစားမိလိုက်သည်။ အကယ်၍ သူသာ သူမနှင့် တွေ့ဆုံမည်မှန်း သိခဲ့လျှင် အပြင်ဘက်၌ ကြာကြာနေခဲ့မိလောက်၏။ သူက နေ့တစ်ဝက်တာ ပုန်းအောင်းနေပြီးပြီ ဖြစ်၏။ အကြောင်းမှာ သူက ယူကျန်းနာနှင့် တူသည့် ပုံရိပ်ကို မြင်မိလိုက်၍ ဖြစ်ပေသည်။
“ ဘယ်လိုလုပ် နတ်ဘုရားသိုက်မြုံဆီ ရောက်နေတာလဲ။ မင်းက အပြင်စည်းတပည့် မဟုတ်ဘူးလား။ လာကူညီပေးတာလား ” လျူရုတင်းက ဆက်တိုက် မေးလိုက်သည်။
မိုဝူကျိက ထိုမေးခွန်းများကို ကြားလိုက်သည့်အခါ ထိုအမျိုးသမီးသည် ရှီနန်မော့နှင့် သူ့အကြောင်း ပြန်မမေးထားသည်ကို သိထားမိသည်။ သူ မိုဝူကျိက သူမကို များစွာ မကူညီပေးခဲ့ပေ။ တစ်ဖက်တွင် လျူရုတင်းအား များစွာ ကူညီပေးခဲ့သူမှာ ရှီနန်မော့ ဖြစ်၏။ အနည်းဆုံးတော့ လျူရုတင်းတစ်ယောက် သူမ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းဆီ ပြန်ရောက်လာဖို့ လမ်းစရိတ်အားလုံးကို ရှီနန်မော့က စိုက်ထုတ်ပေးထားခြင်း ဖြစ်သည်။
“ ဪ .. အဲဒီ လုရှင်းထန်က ကျုပ်နဲ့ ရှီနန်မော့ နာမည်ပဲ မေးသွားပြီး ထွက်သွားတာပဲ ” မိုဝူကျိက မထူးမခြားနား ပြန်ဖြေလိုက်သည်။
လျူရုတင်း၏ မျက်နှာ၌ ဒေါသရိပ်များ ဖြတ်ပြေးသွားပြီး “ အဲဒီ လုရှင်းထန်က အဲလိုမျိုး တကယ်လုပ်ခဲ့တာပဲ။ တကယ်လို့ စီစဉ်မပေးချင်ရင်လည်း ငါ့ကို ပြောရုံပဲလေ။ ငါ့ကိုယ်တိုင် လုပ်ပေးမှာပေါ့ ”
မိုဝူကျိက စိတ်ထဲ၌ သရော်မိလိုက်သည်။ သူက ဆက်မပြောတော့ပေ။ အကယ်၍ ဤအမျိုးသမီးသာ သူမဘာသာ စီစဉ်ပေးဖို့ရာ ဆန္ဒရှိမည်ဆိုလျှင် သူတို့သည် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း၌ မရှိတော့ကြောင်းကို သတိပြုမိပေမည်။
လျူရုတင်းက ထပ်ပြောလိုက်လေ၏ “ ဒါနဲ့ မင်းက ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ။ ဒါက နတ်ဘုရားသိုက်မြုံရဲ့ ဂိုဏ်းစုစည်းရာ နယ်မြေလေ ”
မိုဝူကျိက အေးအေးဆေးဆေး ပြန်ဖြေပေးလိုက်သည် “ ကျုပ်က ကောင်းကင်လူသားဂိုဏ်းကို ဝင်ထားတာ။ ကောင်းကင်လူသားဂိုဏ်းရဲ့ အကြီးအကဲဝေကျဲက ကျုပ် အရိုးတည်ဆောက်ပုံက ပြီးပြည့်စုံပြီးတော့ အရည်အချင်းကလည်း ထူးခြားတယ်လို့ ပြောတယ်။ အဲဒါကြောင့်မလို့ သူက ကျုပ်ကို ဂိုဏ်းရဲ့ ပြင်ပရေးရာ ကိစ္စတွေ စီစဉ်ပေးနိင်လို့ တပည့်ခေါင်းဆောင်အဖြစ် လက်ခံထားတာ ”
“ ဖူး ” မိုဝူကျိက ဂိုဏ်းရေးရာ ကိစ္စများကို တာဝန်ယူထားကြောင်း ကြားကာ လျူရုတင်းက မနေနိုင်တော့ဘဲ ရယ်မောမိလိုက်သည်။ ထို့နောက် သူမက သူမ ရယ်မောမှုမှာ မသင့်တော်ကြောင်း ခံစားမိ၍ မြန်မြန် ထပ်ပြောလိုက်သည် “ ငါ အဲလို မရည်ရွယ်ပါဘူး ”
မိုဝူကျိက ရယ်မောကာ “ ကိစ္စမရှိပါဘူး။ တစ်ယောက်ယောက် အဲလို လုပ်တာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ နှုတ်ဆက်ခဲ့ပါတယ် ”
ထိုသို့ပြောပြီးနောက် မိုဝူကျိက လျူရုတင်းကို အာရုံမစိုက်တော့ဘဲ ကောင်းကင်လူသားဂိုဏ်း စခန်းအတွင်း ဝင်သွားလိုက်တော့သည်။
“ မိုဝူကျိ … တကယ်လို့ မင်း တစ်ခုခု လိုရင် ငါ့ကို လာပြောနော် ” မိုဝူကျိ ထွက်သွားပြီးနောက် လျူရုတင်းက သူ့သဘောထားကို သတိမထားမိသည့်အလား လှမ်းအော်ပြောလိုက်သေး၏။
“ သူက မိုဝူကျိလား ” ညင်ညင်သာသာ အသံတစ်သံ ထွက်လာလေ၏။ လျူရုတင်းက လှည့်ကြည့်လိုက်သည့်အခါ သဲ့ကျန်းကို မြင်လိုက်ရသည်။
“ ဂျူနီယာမောင်လေးသဲ့ပါ့လား … ဟုတ်တယ်လေ။ သူက မိုဝူကျိတဲ့။ သူက တော်တော် ကံကောင်းတဲ့ ကောင်လေးပဲ ” လျူရုတင်းက ကျိတ်ရယ်မောလိုက်၏။
“ ကံအတော်ကောင်းတဲ့ ကောင်လေးတဲ့လား ” သဲ့ကျန်းက ကောင်းကင်လူသားဂိုဏ်းအား မျက်မှောင်အနည်းငယ်ကျုတ်ကာ ကြည့်လိုက်သည်။ သူက မိုဝူကျိ၏ နောက်ကျောပုံရိပ်ကို ကြည့်ကာ မိုဝူကျိကို ယခင်က မြင်ဖူးသည့်အလား ခံစားမိနေသည်။ သို့သော်လည်း သူက မိုဝူကျိနှင့် မည်သည့်နေရာတွင် တွေ့ခဲ့ကြောင်း သတိပြန်မရပေ။
……………..…
“ ဝူကျိ … ဒီကို ခဏလာပါဦး ” မိုဝူကျိက ကောင်းကင်လူသားဂိုဏ်းထဲ ဝင်လာသည်နှင့် တည်ထောင်သူဘိုးဘေး ဖန်းကျဲက လှမ်းခေါ်လိုက်လေ၏။
“ ဟုတ်ကဲ့ ” တည်ထောင်သူဘိုးဘေး ဖန်းကျဲက သူ ကတိပေးထားသော နေရာကို ရုတ်သိမ်းသွားခဲ့သော်လည်း မိုဝူကျိ၏ လေးစားမှုမှာ မပြောင်းလဲသွားပေ။ သူက မြန်မြန် တုံ့ပြန်ကာ ဖန်းကျဲ၏ နေထိုင်ရာသို့ သွားလိုက်သည်။
“စီနီယာအစ်ကိုကို ဂါရဝပြုပါတယ် ” မိုဝူကျိက အခန်းထဲ ဝင်ဝင်လိုက်ချင်း ဦးညွှတ်လိုက်သည်။
ဖန်းကျဲအခန်းအတွင်း လူနှစ်ယောက် ရှိနေလေ၏။ မိုဝူကျိက တစ်ယောက်ကို မှတ်မိပေသည်။ ထိုသူမှာ ဝမ်ချွမ်းတာအိုကျောင်းတော်၏ လန်အို ဖြစ်၏။ နောက်ထပ်လူမှာ လူလတ်အရွယ် အမျိုးသား တစ်ဦး ဖြစ်ပြီး သူ့အရှိန်အဝါအရ သူသည် ထိပ်တန်းအဆင့် ကျင့်ကြံသူ ဖြစ်ကြောင်း သိသာလှသည်။
“ စီနီယာအစ်ကိုတဲ့လား ” လူလတ်အရွယ် အမျိုးသားက မိုဝူကျိအား တအံ့တဩ ကြည့်လိုက်သည်။
ဖန်းကျဲက ရယ်မောကာ “ တာအိုရောင်းရင်းကျီ … ကျုပ် မိုဝူကျိကို စတွေ့လိုက်ကတည်းက မိတ်ဆွေဟောင်းနဲ့ ပြန်ဆုံလိုက်ရသလို ခံစားမိလိုက်တယ်။ အဲဒါကြောင့် သူ့ကို အဲလို ခေါ်ဖို့ ပြောထားတာပါ ”
ထိုသို့ပြောပြီးနောက် ဖန်းကျဲက မိုဝူကျိအား ပြောလိုက်သည် “ ဝူကျိ … မင်းရဲ့ စီနီယာအစ်မ လန်အိုကိုတော့ သိမှာဆိုတော့ မိတ်ဆက်မပေးတော့ဘူး။ ဒါက ဝမ်ချွမ်းတာအိုကျောင်းတော်ရဲ့ အကြီးအကဲ ကျီယီပဲ … မြန်မြန် ဂါရဝပြုလိုက်ဦး ”
မိုဝူကျိက လက်နှစ်ဖက်ယှက်ကာ “ ကောင်းကင်လူသားဂိုဏ်းရဲ့ တပည့် မိုဝူကျိက အကြီးအကဲ ကျီယီကို ဂါရဝပြုပါတယ် ”
သူက စိတ်ထဲ၌ ကူကယ်ရာမဲ့မှုအား ခံစားမိနေသည်။ ထိုသည်မှာ သူ့အတွက် မဟုတ်ဘဲ တည်ထောင်သူဖန်းကျဲအတွက် ဖြစ်၏။ ဖန်းကျဲက နတ်ဘုရားဘုရင်အဆင့် ဖြစ်ကာ အကြီးအကဲ ကျီယီသည် သေချာပေါက် ထိုအဆင့် မရောက်သေးပေ။ သို့သော်လည်း တည်ထောင်သူ ဖန်းကျဲက သူ့အား ပျူပျူဌာဌာ ယဉ်ယဉ်ကျေးကျေး ဆက်ဆံပေးနေရသည်။ ဤသည်မှာ အမှန်တကယ် ခိုကိုးရာမဲ့မှု ဖြစ်၏။ ကောင်းကင်လူသားဂိုဏ်းမှာ အရမ်းအားနည်းနေသောကြောင့် ဖြစ်သည်။ တစ်ဖက်တွင် ဝမ်ချွမ်းတာအိုကျောင်းတော်၏ လောကနတ်ဘုရားအဆင့် အကြီးအကဲတစ်ယောက်ကို ဖန်းကျဲက ကိုယ်တိုင်ကိုယ်ကျ ဧည့်ဝတ်ပြုပေးနေရသည်။
***