များပြားသော ဆုံးရှုံးမှု
Vol. 66 Ch. 917
“ ဝူကျိ … ဝမ်ချွမ်းတာအိုကျောင်းတော်ရဲ့ အကြီးအကဲ ကျီယီ ရောက်လာတာက မင်းနဲ့ ပတ်သတ်နေတာ။ နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်ဖွင့်ပွဲပြီးရင် ဝမ်ချွမ်းတာအိုကျောင်းတော်က အခမ်းအနားတစ်ခု ကျင်းပဖို့ ရှိတယ်။ တကယ်လို့ မင်း ဆန္ဒ ရှိတယ်ဆိုရင် သွားပြီး ကူပေးလို့ ရတယ် ” ဖန်းကျဲက ပြုံးကာ ပြောလိုက်ရသည်။
မိုဝူကျိ၏ ပျာယာခတ်သွားသည့်ပုံကို မြင်ကာ လန်အိုက မြန်မြန် ပြောလိုက်သည် “ ဂျုနီယာမောင်လေး ဝူကျိရဲ့ အရည်အချင်းကို မြင်ဖူးပါတယ်။ တကယ်လို့ မင်းသာ ကူညီရင် မင်း ကောင်းကောင်း လုပ်နိုင်လိမ့်မယ်လို့ သေချာတယ် ”
မူလက လန်အိုသည် မိုဝူကျိအား ကောင်းကင်လူသားဂိုဏ်းမှ ထွက်ကာ ဝမ်ချွမ်းတာအိုကျောင်းတော်သို့ ဝင်ရန် အကြံပြုချင်မိသည်။ သူတို့က မကြာခဏဆိုသလို အခမ်းအနားများ ကျင်းပလေ့ ရှိလေရာ မိုဝူကျိသာ သူတို့ဂိုဏ်းကို ဝင်ပါက သူတို့အနေနှင့် သက်သာရာ ရလိမ့်မည်။
သို့သော်လည်း အကြီးအကဲကျီယီက လန်အိုအား နတ်ဘုရားဘုရင်တစ်ယောက်တွင် နတ်ဘုရားဘုရင်၏ မာနရှိကြောင်း ပြောထား၏။ ဖန်းကျဲက နတ်ဘုရားဘုရင် အစောပိုင်းအဆင့်မျှသာ ဖြစ်သော်လည်း မိုဝူကျိအား သူတို့ ဂိုဏ်းမှ ထွက်ခိုင်းပြီး ဝမ်ချွမ်းတာအိုကျောင်းတော်ဆီ ခေါ်သည့် အပြုအမူမှာ ဖန်းကျဲမျက်နှာကို ဖြတ်ရိုက်သလို ဖြစ်ပေမည်။ သို့သော်လည်း မိုဝူကျိအား ဌားရမ်းခြင်းက ခြားနားပေ၏။ အကယ်၍ မိုဝူကျိသာ သူတို့ ဝမ်ချွမ်းတာအိုကျောင်းတော်သို့ ဝင်လိုလျှင် ဖန်းကျဲအနေနှင့် မကျေမနပ် ဖြစ်နိုင်မည် မဟုတ်တော့ပေ။
ဖန်းကျဲက ပြုံးနေသော်လည်း မိုဝူကျိက ဖန်းကျဲ စိတ်နှလုံးသားမှ အမျက်ဒေါသကို ခံစားမိပေသည်။
လက်တွေ့၌ ဖန်းကျဲသည် အမှန်ပင် ဒေါသထွက်နေမိသည်။ သို့သော်လည်း သူက ကူကယ်ရာမဲ့ ဖြစ်နေမိ၏။ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းက သူ့ကောင်းကင်လူသားဂိုဏ်းကို ဆက်တိုက် တိုက်ခိုက်ဖို့ ကြိုးစားနေပြီး နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းအပြင် ကောင်းကင်လူသားဂိုဏ်း၌ အမှောင်ထဲ၌ ပုန်းကွယ်နေသော ရန်သူများလည်း ရှိနေသေးသည်။ အကယ်၍ သူတို့သာ ဝမ်ချွမ်းတာအိုကျောင်းတော်ကိုလည်း စိတ်အနှောင့်အယှက် ပေးမိလိုက်လျှင် နတ်ဘုရားဘုရင်တစ်ယောက်အနေနှင့် အင်အားမှာလည်း သူ့ကောင်းကင်လူသားဂိုဏ်းအတွက် အသုံးမဝင်တော့ချေ။
မိုဝူကျိက အသာပြုံးလိုက်ကာ လက်နှစ်ဖက် ယှက်လိုက်ပြီး ပြန်ဖြေပေးလိုက်၏
“ အကြီးအကဲကျီယီနဲ့ စီနီယာအစ်မ လန်အိုတို့က ကျုပ်ကို အများကြီး တွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ တကယ်လို့ နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်ကြောင့်သာ မဟုတ်ရင် ကျုပ် သေချာပေါက် ကူညီပေးမှာပါ။ ဒါပေမဲ့ အခုက နတ်ဘုရားသိုက်မြုံ အသစ်ထွက်ပေါ်လာပြီဆိုတော့ သာမာန်လူတစ်ယောက်အနေနဲ့ ကျုပ်လည်း ကံစမ်းကြည့်ချင်လို့ပါ။ အဲဒါကြောင့် အခုတလောတော့ ထွက်သွားလို့ ရမှာ မဟုတ်ဘူး ခင်ဗျ ”
မိုဝူကျိ စကားကို ကြားကာ ဖန်းကျဲက သက်ပြင်းချလိုက်မိ၏။ သူက မိုဝူကျိအား စိတ်ပျက်စေခဲ့ကြောင်း ခံစားမိနေသည်။ ထိုနေရာငါးခုလုံးမှာ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းဆီ ပါသွားခဲ့ပြီး သူ့လိုမျိုး နတ်ဘုရားဘုရင်အဆင့် တစ်ယောက်အနေနှင့် သူ့ဂိုဏ်းမှ တပည့်အတွက် နေရာတစ်နေရာစာပင် မရှာပေးနိုင်ခဲ့ပေ။
မည်သို့ မျက်နှာပျက်မှုမျိုးလဲ …
တစ်ဖက်တွင် ကျီယီက မိုဝူကျိ စကားများကို ကြားသည့်အခါ အနည်းငယ် အံ့ဩမိသွား၏။ မိုဝူကျိက ငန်းသားကို စားချင်သည့် ဖားတစ်ကောင် ဖြစ်နေခြင်းက အရေးမပါပေ။ မိုဝူကျိသည် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး ကျင့်ကြံသူတစ်ယောက်အနေနှင့် နတ်ဘုရားသိုက်မြုံနယ်မြေအသစ်ထဲ ရတနာရှာဖို့ သွားချင်ပေမည်။ ထို့ကြောင့် သူက မိုဝူကျိအား တားဆီးရန် အနေအထားတွင် မရှိနေပေ။
တစ်ဖက်လူ၏ ကျင့်ကြံရေး လမ်းကြောင်းအား တားဆီးခြင်းမှာ ရန်ကြွေးဖြစ်နိုင်သည့် အကြီးမားဆုံးလုပ်ရပ် ဖြစ်၏။
“ ဝူကျိ အားနာပါတယ်ကွာ … ငါ နေရာကို အရမယူနိုင်ခဲ့ဘူး ” ဖန်းကျဲက ကူကယ်ရာမဲ့နေသော်လည်း အမှန်အတိုင်း ပြောပြလိုက်သည်။
မိုဝူကျိက မြန်မြန် ပြောလိုက်၏ “ စိတ်မပူပါနဲ့။ ကျွန်တော်ဘာသာ နေရာ ရနိုင်ခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်က နတ်ဘုရားသိုက်မြုံ ထန်းတိရင်ပြင်ကနေ ပြန်လာတာ။ အဲက စည်းမျည်းတွေက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတယ် ”
ဖန်းကျဲပင် နှလုံးခုန်မြန်လာမိ၏။ သူက မိုဝူကျိ၏ နားလည်နိင်စွမ်းမှာ အရမ်းအားကောင်းကြောင်း သေချာသိထားလေရာ မိုဝူကျိသည် ဤနေရာ၌ စည်းမျည်းများအပေါ် အသိဉာဏ်ပွင့်လာနိုင်မည်လားဟု တွေးလာမိ၏။
“ တာအိုရောင်းရင်းကျီ .. ဒီလိုဆိုမှတော့ ဝူကျိကို ကြိုးစားကြည့်ဖို့ အခွင့်အရေး မပေးကြည့်ချင်ဘူးလား ”ဖန်းကျဲက ပြုံးကာ မေးလိုက်သည်။ သူက မေးခွန်းဖြင့် တုံ့ပြန်လိုက်သော်လည်း မိုဝူကျိအား ကြိုးစားခွင့် ပေးရန် ဆုံးဖြတ်ထားပြီးလေပြီ။
ကျီယီက ကောင်းကင်လူသားဂိုဏ်းကို နှိမ်ချကြည့်သော်လည်း သူက နတ်ဘုရားဘုရင် ဖန်းကျဲ၏ အကျိုးအကြောင်းသင့်သော တောင်းဆိုချက်ကို မငြင်းပယ်နိုင်ပေ။ သူက ပြုံးကာ တောင်းဆိုချက်ကို လက်ခံလိုက်လေ၏။
…………..…
နှစ်လတာမှာ မျက်စိမှိတ်တစ်ဖြုတ်အတွင်း ကုန်ဆုံးသွားသည်။ မိုဝူကျိက ထန်းတိရင်ပြင်မှ အသိဉာဏ်ပွင့်ဖို့ သွားရောက် မကြိုးစားကြည့်ခဲ့ပေ။ ထို့အစား သူက အခန်းတွင်းအောင်းကာ အစီအရင်တာအိုကိုသာ လေ့လာနေလေ၏။
သူက ဖန်းကျဲအား ကျောက်စိမ်းပြား ဆယ်ခုစာ ရလာသည့် အကြောင်းအား မပြောရသေးပေ။ သူက ဖန်းကျဲကို မယုံ၍ မဟုတ်ဘဲ ပြောဖို့ အခွင့်မကြုံသေး၍သာ ဖြစ်၏။
ဖန်းကျဲက ဝမ်ချွမ်းတာအိုကျောင်းတော်၏ အကြီးအကဲကို လိုက်ပို့ပြီးနောက် ပြန်ရောက်မလာတော့ပေ။
ယခု နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်ထဲ ဝင်ဖို့ အချိန်ကား ကျရောက်လာလေပြီ။
နှစ်လတာ အခန်းအောင်း လေ့ကျင့်ပြီးနောက် အခန်းမှ ထွက်လာလာချင်း မိုဝူကျိ ပထမဆုံး မြင်လိုက်ရသည့်သူမှာ အကြီးအကဲဝေကျဲသာ ဖြစ်၏။ ဝေကျဲ၏ အသက်ရှုနှုန်းမှာ မတည်မငြိမ် ဖြစ်နေပြီး ဒဏ်ရာရလာသည်မှာ သိသာလှသည်။
“ အကြီးအကဲဝေကျဲ လား ” မိုဝူကျိက အကြီးအကဲဝေကျဲအား မရေမရာ ကြည့်လိုက်ရင်း မေးလိုက်သည်။
ဝေကျဲက သက်ပြင်းချကာ “ ငါ ဉာဏ်နည်းတာကိုပဲ အပြစ်တင်ရမှာပါ။ ငါက နတ်ဘုရားသိုက်မြုံ ဝင်ခွင့် ရဖို့ တိုက်ပွဲစင်မြင့်ဆီ သွားလိုက်တာ။ တကယ်လို့ တည်ထောင်သူဘိုးဘေး ပေးထားတဲ့ အဆောင်ကြောင့်သာ မဟုတ်ရင် ငါတော့ အဲကောင်လက်ချက်နဲ့ သေနေလောက်ပြီ ”
“ ဘယ်သူလဲ ” မိုဝူကျိက မေးလိုက်သည်။ သူက အကြီးအကဲဝေကျဲ အသတ်ခံရလုနီးပါး ဖြစ်လာသည့် တစ်ယောက်ကိုတော့ ရင်ဆိုင်ပေးနိင်မည် မဟုတ်ကြောင်း သိထားသည်။ သို့သော်လည်း အကယ်၍ သူက ထိုလူကို သိလျှင် အကြီးအကဲဝေကျဲအား ကူညီ၍ ပြန်လည် အကြွေးဆပ်ပေးနိုင်လောက်၏။ ဝေကျဲက စိတ်မချရသည့် လူ ဖြစ်ဟန် ပေါ်သော်လည်း လူကောင်းတစ်ယောက် ဖြစ်ပေသည်။
ဝေကျဲက လက်ကာပြကာ “ တိုက်ပွဲစင်မြင့်မှာ သေခြင်းတရားက ရှောင်လွဲလို့ မရတာကို သိပေမဲ့ ငါ ဒီအထိ ရောက်လာတာလည်း ကံကောင်းလို့ပဲ … ဟူး ငါတို့ ကောင်းကင်လူသားဂိုဏ်းတော့ တော်တော် ဆုံးရှုံးသွားတယ်။ ငါတို့ တပည့် ငါးဆယ်ထဲမှာ တိုက်ပွဲစင်မြင့်မှာ ၁၁ ယောက် အသတ်ခံလိုက်ရတယ် ”
“ ဘာ ” မိုဝူကျိက တပည့် ၅၀ အနက် ၁၁ ယောက် အသတ်ခံလိုက်ရခြင်းမှာ ယုတ္တိမရှိဖွယ် ခံစားမိနေသည်။ အကယ်၍ နတ်ဘုရားသိုက်မြုံ တိုက်ပွဲစင်မြင့်ပေါ်၌ သေဆုံးနှုန်း မြင့်မားလျှင်ပင် နတ်ဘုရားသိုက်မြုံ ဖွင့်လိုက်သည့်အကြိမ်တိုင်း လူမည်မျှ သေဆုံးရဦးမည်နည်း။
ဝေကျဲက အလောတကြီး ပြောလိုက်သည် “ ဒီကိစ္စက တမင်သပ်သပ် လုပ်တာ။ ငါတို့ ကောင်းကင်လူသားဂိုဏ်းမှာ သေဆုံးနှုန်း မြင့်နေလို့လေ။ တိုက်ပွဲအတွင်းမှာ ငါတို့ကောင်းကင်လူသားဂိုဏ်းက တပည့်တစ်ယောက်လောက်က ပြိုင်ပွဲတစ်ပွဲကို နိုင်သွားရင် ပါရမီရှင် တစ်ယောက်ပေါ်လာပြီး အနိုင်ယူသွားတာ ”
မိုဝူကျိက အမူအယာ ပျက်လာမိသည်။ ကောင်းကင်လူသားဂိုဏ်းသားများစွာက ဖူယင်အား ထောက်ခံပေးကြသော်လည်း သူတို့က တစ်ဂိုဏ်းတည်းသား ဖြစ်၏။ သူက သူ့ဂိုဏ်းသားများ အနိုင်ကျင့်ခံနေရသည်ကို မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
“ ဒါပေမဲ့ ငါတို့တွေ ဘာမှ မရတာတော့ မဟုတ်ဘူး။ ငါတို့ လူနှစ်ယောက်က ထိပ်တန်း အယောက် တစ်ထောင်ထဲ ဝင်သွားပြီးတော့ နတ်ဘုရားသိုက်မြုံ ဝင်ခွင့်ကို ရသွားတယ်။ တည်ထောင်သူဘိုးဘေး ဖန်းကျဲက အခု မရှိနေဘူးလေ။ တည်ထောင်သူဘိုးဘေးက ဂိုဏ်းရေးရာကို ငါတို့ဆီ လွဲပေးခဲ့တာ … ငါတို့ရဲ့ တပည့်နှစ်ယောက်က နတ်ဘုရားသိုက်မြုံ ဝင်ခွင့် ရလာတာဆိုတော့ သူတို့ကို လွှတ်ရမှာပဲလေ ” ဝေကျဲက ဆက်ပြောလိုက်သည်။
“ အစ်ကိုကြီးမို ” ကူချိုက် အသံမှာ ထွက်ပေါ်လာကာ ကျူးက သူမနောက်တွင် ရပ်နေလေ၏။
မိုဝူကျိက ကျူးလက်မောင်းကို မြင်လိုက်သည်နှင့် ကျူး၏ လက်မောင်း တစ်ဖက်မှာ ပြတ်နေကြောင်း သိလိုက်သည်။ ကျူး လက်မောင်းမှာ ဆေးလုံးကြောင့် ပြန်လည် ပေါက်လာသင့်သော်လည်း အသုံးပြုထားသည့် ဆေးလုံး၏ အဆင့်မမြင့်သောကြောင့် သူ့လက်မောင်း၏ အငွေ့အသက်မှာ အရမ်းကို အားပျော့နေသည်။
မိုဝူကျိက မေးစရာမလိုတော့ဘဲ ကျူး၏ လက်မောင်းမှာ တိုက်ပွဲစင်မြင့်ပေါ်တွင် ပြတ်လာကြောင်း တန်းသိလိုက်သည်။
“ တပည့်တွေ အကုန်လုံးကို ခန်းမမှာ စုထားလိုက် ” တည်ထောင်သူဘိုးဘေး ဖန်းကျဲ မရှိသည့်အတွက် အကြီးအကဲဝေကျဲမှာ တွန့်ဆုတ်နေဟန် ပေါ်သည်။ ထို့ကြောင့် မိုဝူကျိက တုံ့ဆိုင်းနေခြင်းမရှီ ထိုအမိန့်ကို ကျယ်လောင်စွာ ပေးလိုက်သည်။
ဝေကျဲက မိုဝူကျိ၏ အမိန့်ကို ကြားသောအခါ မသင့်တော်ကြောင်း မခံစားမိပေ။ သူက အကြီးအကဲ ဖြစ်နေသည့်အချက်ကို မကြည့်သင့်ပေ။ သူ့စိတ်ထဲ၌ သူ့အနေအထားမှာ မိုဝူကျိနှင့် အတူတူသာ ဖြစ်၏။ သူက ဂိုဏ်းပြင်ပရေးရာ ခန်းမသခင် ဖြစ်သည့် မိုဝူကျိထက် ပို၍ မမြင့်ပေ။
မကြာခင် ကောင်းကင်လူသားဂိုဏ်းသားများမှာ ခန်းမအတွင်း စုစည်းသွားကြ၏။ မိုဝူကျိက သူနှင့် ဝေကျဲကိုပါ ထည့်တွက်လိုက်လျှင် လူအရေအတွက်မှာ ၃၇ ယောက်သာ ရှိတော့၏။
ထို ၃၇ ယောက်အနက် အများစု၏ အသက်ရှုနှုန်းများမှာ မတည်မငြိမ် ဖြစ်နေကြလေရာ ဒဏ်ရာရထားသည်မှာ သိသာလှ၏။ သူတို့အရှိန်အဝါများမှာ စရောက်လာခါစထက် အားနည်းနေကြသည်။
ဝေကျဲက စကားတစ်ခွန်းမှ မပြောဘဲ မိုဝူကျိနောက်သို့ ခြေတစ်လှမ်းပင် ဆုတ်လိုက်သေး၏။
မိုဝူကျိက တပည့်များအားလုံးကို ကြည့်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်
“ ငါတို့ ကောင်းကင်လူသားဂိုဏ်းက အသစ်ဖွင့်ခါစ ဂိုဏ်းတစ်ခုပဲ။ ငါတို့တွေ အခက်အခဲအများကြီးနဲ့ရော တခြားဂိုဏ်းရဲ့ ဖိအားတွေနဲ့ရော ရင်ဆိုင်ရနိုင်တယ်။ ဒါပေမဲ့ ငါတို့ ကောင်းကင်လူသားဂိုဏ်းမှာ နတ်ဘုရားဘုရင် တစ်ယောက်ပဲ ရှိတယ်။ အတိတ်တုန်းက ထိပ်သီးဂိုဏ်း ဖြစ်ခဲ့တယ်။ တစ်ရက်ကျ ငါတို့ဂိုဏ်းက နတ်ဘုရားနယ်မြေမှာ ပြန်လည် ဦးမော့နိုင်လိမ့်မယ် …. ”
မည်သူကမှ ဘာမှမပြောကြဘဲ အားလုံးက မိုဝူကျိ စကားကိုသာ အလေးအနက် နားထောင်နေကြသည်။
“ အခုအကြိမ် ငါတို့ဂိုဏ်းသားတွေက နတ်ဘုရားသိုက်မြုံ ဝင်ခွင့် နေရာရဖို့ တိုက်ပွဲမှာ သေဆုံးသွားခဲ့ကြရတယ် …”
မိုဝူကျိက ဤအထိ ပြောလိုက်ပြီးနောက် ရပ်လိုက်သည် “ ဖူယင်နဲ့ တိပုံထုံတို့ရော ဘယ်မှာလဲ ”
မိုဝူကျိနှင့်အတူ ရောက်လာသည့် တပည့်တချို့အပြင် သူက တပည့်ငါးဆယ်ထဲ၌ တော်တော်များများကို မသိပေ။ သို့သော်လည်း မိုဝူကျိက ဖူယင်ကို သိသေး၏။
သူတို့နှစ်ယောက်ကြား၌ ပဋိပက္ခတချို့ ရှိထားသော်လည်း ဖူယင်ကို တိုက်ပွဲစင်မြင့်၌ မသေဆုံးဖို့ရာ မျှော်လင့်မိဆဲ ဖြစ်သည်။
ယင်လင်းက ရှေ့ထွက်ရပ်ကာ “ စီနီယာအစ်ကိုတိက တိုက်ပွဲစင်မြင့်မှာ အသတ်ခံလိုက်ရပြီ ”
တိပုံထုံ၊ ယင်လင်းနှင့် မိုဝူကျိတို့က ဂိုဏ်းကို အတူတူ ရောက်လာကြသည် ဖြစ်ရာ ယခင်က သူတို့ကို တခြားဂိုဏ်းများမှ လက်မခံသောကြောင့် ကောင်းကင်လူသားဂိုဏ်းဆီ ရောက်လာကြခြင်း ဖြစ်၏။ သူတို့ကို ခေါ်ဆောင်လာသူမှာ အကြီးအကဲဝေကျဲ ဖြစ်၏။ ယခင်က ဖူကျားနှင့် အိုက်တုံ့အာတို့ ပျောက်ဆုံးသွားခဲ့သည်။ ယခုအခါ တိပုံထုံက အသတ်ခံလိုက်ရပြီ ဖြစ်သည်။ ဂိုဏ်းအတူတူ ဝင်လာကြသည့် လူခြောက်ယောက်အနက် မိုဝူကျိ၊ ကူချိုက်နှင့် ယင်လင်းတို့သာ ကျန်ရှိတော့သည်။
ထို့ကြောင့် ယင်လင်းက တိပုံထုံ အသတ်ခံလိုက်ရကြောင်း ပြောသောအခါ သူမ မျက်ဝန်း၌ ဝမ်းနည်းမှုအား ဖုံးကွယ်ထားရန် ခက်ခက်ခဲခဲ ကြိုးစားနေရသည်။
“ တိပုံထုံကို ဘယ်သူက သတ်လိုက်တာလဲ ” မိုဝူကျိ၏ လေသံမှာ ရေခဲတမျှ အေးစက်လာ၏။ သူက တိုက်ပွဲစင်မြင့်တွင် သွားရောက်မပြိုင်သော်လည်း တိပုံထုံ အသတ်ခံလိုက်ရကြောင်း ကြားသောအခါ လက်စားချေလိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာရသည်။
“ အဲဒါက စီနီယာအစ်ကိုသေမင်း ဝူလျန့်ပါ။ မင်း ထွက်သွားတော့ ငါတို့တွေ ဝူလျန့်နဲ့ တွေ့ကြတယ်။ သူက ငါတို့တွေကို ဘယ်ဂိုဏ်းကလဲဆိုပြီး မေးသွားသေးတယ် ” ဝေကျဲက မိုဝူကျိနား တီးတိုး ပြောလိုက်သည်။
မိုဝူကျိက အသက်ကို ဖြည်းဖြည်းချင်း ရှုထုတ်လိုက်သည်။ အကယ်၍ သူ စီနီယာအစ်ကိုသေမင်းကို နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်တွင် တွေ့ပါက သေချာပေါက် ထိုလူကို သတ်ပစ်မည် ဖြစ်၏။
“ အဲဆို ဖူယင်ကရော ” မိုဝူကျိက ယခုအခါ ထုတ်ပြောဖို့ရာ အသုံးမဝင်ကြောင်း သိနေသည်။ သူ နတ်ဘုရားသိုက်မြုံထဲ ဝင်နိုင်မည့်အချိန်အထိ စောင့်ဆိုင်းရမည်။
“ စီနီယာအစ်ကိုဖူယင်က ထိပ်ဆုံး အယောက် တစ်ထောင်ထဲ ပါသွားပြီးတော့ တစ်နေရာစာ ရသွားတယ် ” ယင်လင်းက ပြောလိုက်သည်။
မိုဝူကျိက နည်းနည်း အံ့ဩမိသွားသည် “ ဖူယင်က ထိပ်ဆုံး အယောက်တစ်ထောင်ထဲ ပါသွားတာလား ”
ဝေကျဲက လူနှစ်ယောက် အယောက်တစ်ထောင်ထဲ ဝင်သွားကြောင်း ပြောထားသော်လည်း မိုဝူကျိက ဖူယင် ပါလိမ့်မည်ဟု မထင်မိပေ။
ယင်လင်းက ခေါင်းညိတ်ပြကာ “ ဟုတ်ပါတယ်။ ကျွန်မတို့ဂိုဏ်းက အယောက်တစ်ထောင်ထဲ ပါတာ နှစ်ယောက် ရှိပါတယ်။ စီနီယာအစ်ကို ဖူယင်နဲ့ စီနီယာအစ်ကို ရှီပြန့်တို့ပါ။ စီနီယာအစ်ကိုဖူယင်က နေရာရသွားပြီဆိုတော့ နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်ဆီ ဝင်ဖို့ ပြင်ဆင်နေပြီ ထင်တယ် ”
“ အဲဆို ရှီပြန့်ကရော ” မိုဝူကျိက မေးလိုက်၏။
သာမာန်နှင့် တူသည့် လူငယ်လေးက ရှေ့ထွက်လာကာ လက်နှစ်ဖက် ယှက်လိုက်ရင်း “ ရှီပြန့်က တာ့ရှီရှုန်းကို ဂါရဝပြုပါတယ် ”
မိုဝူကျိက ရှီပြန့်ဟု ခေါ်သည့် တပည့်ကို သေချာကြည့်လိုက်သည်။ သူက ကနဦး နတ်ဘုရားအဆင့် ၈ ဖြစ်၏။ သူ့အသားရောင်မှာ နည်းနည်း ညိုသည့်အတွက် လူအုပ်ကြား ပစ်ချထားလျှင် ထင်းထွက်မနေမည့် လူစားမျိုး ဖြစ်ပေသည်။
မိုဝူကျိက ဘာမှမပြောခင် ရှီပြန့်က ကျောက်စိမ်းပြား ထုတ်ကာ မိုဝူကျိဆီ လှမ်းပေးလိုက်၏ “ ခေါင်းဆောင်အစ်ကိုကြီး … ဒါက ကျုပ် ပြိုင်ပွဲကနေ ရလာတဲ့ နတ်ဘုရားသိုက်မြုံအတွက် ဝင်ခွင့်ပါ။ တာ့ရှီရှုန်းက ပြန်လည် ခွဲဝေပေးဖို့ ပေးအပ်ပါတယ်ခင်ဗျ ”
ရှီပြန့်က မိုဝူကျိအား ကျောက်စိမ်းပြား ပေးမည်ဟု တိုက်ရိုက်မပြောသော်လည်း သူ့အနေနှင့် မိုဝူကျိအား ကျောက်စိမ်းပြား ပြန်လည် ခွဲဝေပေးဖို ပေးသည့် ဆိုသောအချက်ကပင် အံ့ဩဖို့ ကောင်းနေလေပြီ။ အကယ်၍ တခြားတစ်ယောက် ဖြစ်ပါက ဤသို လုပ်ကြမည် မဟုတ်ပေ။
မိုဝူကျိက ရှီပြန့်အား ပုတ်ပေးလိုက်ပြီး “ ဂျုနီယာညီလေး ရှီပြန့် … ဒီကျောက်စိမ်းပြားက မင်းရဲ့ ကိုယ်ပိုင်စွမ်းရည်ကနေ ရလာတာဆိုတော့ နောင်ကျရင် နတ်ဘုရားသိုက်မြုံကို မင်း သွားရမယ်။ အခုတော့ ငါ့နောက်မှာ ရပ်နေလိုက်ဦး ”
“ ဟုတ်ကဲ့ ... တာ့ရှီရှုန်းကို ကျေးဇူးတင်ပါတယ် ” ရှီပြန့်က စိတ်လှုပ်ရှားစွာ ကျောက်စိမ်းပြားအား ပြန်သိမ်းထားလိုက်၏။
ယခင်နှင့် နှိုင်းယှဉ်လျှင် မိုဝူကျိအပေါ် ရှီပြန့်၏ လေးစားမှုမှာ တိုးမြင့်လာလေ၏။ ယခင်က တာ့ရှီရှုန်း မိုဝူကျိသည် ရှန်းမင်၏ ကိစ္စကို ဖြေရှင်းပေးခဲ့စဉ်အခါကလည်း လေးစားမိခဲ့သည်။ မိုဝူကျိနှင့် တာ့ရှီရှုန်း ရာထူးအား ယှဉ်ပြိုင်နေသော ဖူယင်က နတ်ဘုရားသိုက်မြုံအတွင်း ဝင်ဖို့ ပြင်ဆင်နေလေပြီ။ တစ်ဖက်တွင် မိုဝူကျိက ဤနေရာ၌ ရှိနေပေးဆဲ ဖြစ်၏။
ဤသည်မှာ သူတို့နှစ်ယောက်ကြားမှ ကွာခြားချက်သာ ဖြစ်ပေသည်။
***