← Chapters

နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်အတွင်းသို့ ဝင်ရောက်ခြင်း

Vol. 66 Ch. 918

နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်အတွင်းသို့ ဝင်ရောက်ခြင်း

Vol. 66 Ch. 918

မိုဝူကျိက ရှီပြန့် နေရာယူပြီးသည့်အထိ စောင့်ပြီးနောက် ဆက်ပြောလိုက်သည်  “ ဒီတစ်ခါ တည်ထောင်သူဘိုးဘေး ဖန်းကျဲက မရှိနေဘူးဆိုတော့ အကြီးအကဲဝေကျဲနဲ့ ငါက နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်ဆီ လူတချို့ ခေါ်သွားမယ်။ ဒီစခန်းက ဘေးကင်းတယ်ဆိုပေမဲ့လည်း တစ်ယောက်ယောက်က စောင့်ရှောက်ပေးထားဖို့ လိုအပ်သေးတယ်။ ဂျုနီယာ ညီလေး၊ ညီမလေးတို့ထဲက ဘယ်သူများ တာဝန်ယူပေးချင်ကြလဲ ”

ကျန်ရှိနေသော တပည့်များက အချင်းချင်း ကြည့်လိုက်ကြ၏။ အသက်ဆယ်ရှိုက်စာ ကုန်ဆုံးသွားသော်လည်း မည်သူကမှ ရှေ့ထွက်မလာကြပေ။

မိုဝူကျိက သက်ပြင်းချလိုက်ပြီး ပြောခါနီးလေးတွင် ကျင့်ကြံသူနှစ်ယောက်က တစ်ပြိုင်နက် ရှေ့တက်လာလေ၏။

“ ကျန့်ချုံက တာဝန်ယူပေးဖို့ လိုလားပါတယ် ”

“ ယူမင်ယီက လိုလားပါတယ် ”

ကျန့်ချုံသည် ခန္ဓာကိုယ် တည်ဆောက်ပုံ အသင့်တင့် ရှိပြီး ဆံပင်က ပခုံးလောက်ရှိကာ ကနဦး နတ်ဘုရားအဆင့် ၈ ကျင့်ကြံသူ အမျိုးသားတစ်ဦး ဖြစ်ပေသည်။ တစ်ဖက်တွင် ယူမင်ယီသည် ကနဦး နတ်ဘုရားအဆင့် ၈ ရှိသည့် အမျိုးသမီး ကျင့်ကြံသူတစ်ဦး ဖြစ်၏။

ထိုလူနှစ်ယောက် ထွက်လာသည့်အကြောင်းအရင်းမှာ သူတို့ကျင့်ကြံဆင့်က အတော်လေး အားကောင်းနေ၍မှန်း သိသာလှသည်။ တစ်ချိန်တည်းဆိုသလို သူတို့က မိုဝူကျိသည် ဖူယင်ထက်စာလျှင် တပည့်ခေါင်းဆောင် ဖြစ်ဖို့ရာ ပို၍ သင့်တော်ကြောင်း ခံစားမိကြ၏။

မိုဝူကျိက ကျန့်ချုံနှင့် ယူမင်ယီတို့ထံ  ကျောက်စိမ်းပြား နှစ်ခု ထုတ်ပေးလိုက်ရင်း “ ဒီကျောက်စိမ်းပြားကို သိမ်းထားကြ။ တည်ထောင်သူဘိုးဘေး ပြန်ရောက်လာတဲ့အခါကျ မင်းတို့နှစ်ယောက်က နတ်ဘုရားသိုက်မြုံထဲ ဝင်ပြီးတော့ ကံစမ်းကြည့်လို့ ရတယ် ”

“ ဒါက နတ်ဘုရားသိုက်မြုံထဲ ဝင်ဖို့ ကျောက်စိမ်းပြားလား ” ကျန့်ချုံက ကျောက်စိမ်းပြားကို စိတ်လှုပ်ရှားစွာ လက်ခံထားလိုက်ပြီး သူ့လေသံပင် အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်နေမိသည်။

သူက ကျောက်စိမ်းပြားအတွက် တိုက်ပွဲစင်မြင့်၌ ပါဝင်ခဲ့သော်လည်း ကံကောင်းမှုကြောင့်သာ မဟုတ်လျှင် သေနေလောက်လေပြီ။

“ တာ့ရှီရှုန်း … ဒါက ….” ယူမင်ယီလည်း အရမ်းစိတ်လှုပ်ရှားမိနေသည်။ သူမက ကျောက်စိမ်းပြား ရလိမ့်မည်ဟု မထင်ထားပေ။ သူမက တိုက်ပွဲစင်မြင့်တွင် ဝင်မပြိုင်ခဲ့သော်လည်း နတ်ဘုရားသိုက်မြုံပင်လယ်နှင့် ဉာဏ်အလင်းပွင့် နေရာများ၌ သွားရောက် ကံစမ်းခဲ့သေး၏။ သို့သော်လည်း သူမ အားထုတ်မှုမှာ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

မိုဝူကျိက ခေါင်းညိတ်ကာ  “ ဟုတ်တယ် … အဲဒါက နတ်ဘုရားသိုက်မြုံ ဝင်ဖို့ ကျောက်စိမ်းပြားတွေပဲ။ ဒါပေမဲ့ မင်းတို့နှစ်ယောက်က အထဲမဝင်ခင် တည်ထောင်သူ ဖန်းကျဲ ပြန်ရောက်လာတာကို စောင့်ရမယ်”

“ ဟုတ်ကဲ့ ကျုပ်တို့ တည်ထောင်သူ ဘိုးဘေး ဖန်းကျဲ ပြန်လာတာကို သေချာပေါက် စောင့်ပါ့မယ် ” ကျန့်ချုံ၏ စကားများက အနည်းငယ် ဗလုံးဗထွေး ဖြစ်နေသည်။

နတ်ဘုရားသိုက်မြုံ ဝင်ခွင့် အရေအတွက်မှာ သောင်းဂဏန်း ဖြစ်နေနိုင်သော်လည်း အရေအတွက်ကိုသာ မကြည့်သင့်ပေ။ နတ်ဘုရားနယ်မြေ တစ်ခုလုံး၌ ကနဦး နတ်ဘုရားအဆင့်နှင့် ကောင်းကင်နတ်ဘုရားအဆင့်မှာ မည်မျှ ရှိမည်နည်း။ ကျင့်ကြံသူအများစုမှာ ထိုအခွင့်အရေးကို မရရှိကြပေ။ ယခု ဤအခွင့်အရေးက သူတို့အားလုံးရှေ့ ရောက်နေပြီ ဖြစ်၏။

“ စီနီယာအစ်ကိုကြီး … ကျုပ်လည်း လိုလားပါတယ် ….” မိုဝူကျိက ကျောက်စိမ်းပြား ထုတ်ပေးသည်ကို မြင်၍ တပည့်တော်တော်များများက ရှေ့ထွက်လာကြသည်။

မိုဝူကျိက လက်ဝေ့ပြကာ  “ ငါတို့တွေ ဒီလိုပဲ သတ်မှတ်ကြမယ်။ အခု အကြီးအကဲ ဝေကျဲ၊ ကူချိုက်၊ ယင်လင်း၊ ကျူး၊ ဝေရု၊ ချန်းယီကျစ်နဲ့ ရှီပြန့်တို့က ငါ့နဲ့အတူတူ နတ်ဘုရားသိုက်မြုံဆီ သွားကြမယ်။ ဂိုဏ်းမှာ ကျန်ခဲ့မဲ့ တပည့်တွေ အားလုံးက ကျန့်ချုံနဲ့ ယူမင်ယီတို့ စကားကို နားထောင်ကြ ”

တခြားတပည့်များကို မဆိုထားနှင့်။ အကြီးအကဲဝေကျဲပင် စကားပြောခွင့် မရလိုက်ပေ။ အများစုက နောင်တရမိနေကြသည်။ အကြီးအကဲဝေကျဲနှင့် ရှီပြန့်အပြင် ကျောက်စိမ်းပြား ရရှိသူများမှာ အစကတည်းက မိုဝူကျိနောက် လိုက်ဖို့ ရွေးချယ်ထားသော တပည့်များ ဖြစ်ကြ၏။

မိုဝူကျိတွင် ဝင်ခွင့် ဆယ်နေရာ ရှိကာ သူနောက်သို့ အစကတည်းက လိုက်လာသည့် တပည့်များအပြင် သူက အကြီးအကဲ ဝေကျဲကို တစ်နေရာစာ နှင့် ယူမင်ယီနှင့် ကျန့်ချုံတို့အား နှစ်နေရာစာ ပေးလိုက်၍ တစ်ခုသာ ကျန်ရှိတော့သည်။

သို့သော်လည်း မိုဝူကျိက သူ့ကျောက်စိမ်းပြားအား ပေးဖို့ရာ ရည်ရွယ်ချက် မရှိပေ။ သူက ထိုလူများသည် သူ့အား တာ့ရှီရှုန်း အဖြစ် မထောက်ခံပေးကြသည့် အဖြစ်ကို လျစ်လျူရှုပေးနိုင်သော်လည်း ယခုအခါ သူတို့က သူနှင့် အကြီးအကဲဝေကျဲတို့ မရှိစဉ် ဂိုဏ်းကို ကြည့်ရှုစောင့်ရှောက်ရေး တာဝန်ကိုပင် လိုလိုလားလား မလုပ်ဆောင်ချင်ကြပေ။ ဤသိုမျိုး တပည့်များက ကျောက်စိမ်းပြား ရလိမ့်မည်ဟု ထင်နေလျှင် အိပ်မက်မက်နေသည်သာ ဖြစ်ပေမည်။

…………….…

သူတို့တွေ ဂိုဏ်းတည်နေရာမှ ထွက်လာပြီးနောက်တွင် ဝေကျဲက သူ့အနေနှင့် နတ်ဘုရားသိုက်မြုံ ဝင်ခွင့် ရထားကြောင်း မယုံနိုင် ဖြစ်နေမိသေးသည်။

“ ဝူကျိ … ဒါတွေ မင်း ဘယ်လိုလုပ် ရလာတာလဲ ” ဝေကျဲက ကျောက်စိမ်းပြားကို အနီးကပ် စစ်ဆေးကြည့်ရှလိုက်ရင်း ပြောလိုက်သည်။

မိုဝူကျိက အသာရယ်မောကာ  “ ကျုပ်က ဂိုဏ်းကြီး တပည့်တစ်ယောက်နဲ့ သိထားတယ်လေ။ သူက ကျုပ်ကို ကျောက်စိမ်းပြားတချို့ ပေးထားတာ ”

မိုဝူကျိက ကျောက်စိမ်းပြားအကြောင်း များများ မပြောပြလိုပေ။ ထို့ကြောင့် သူက ရိုးရိုးရှင်းရှင်း အဖြေပေးပြီးနောက် အဖွဲ့ဘက်လှည့်ကာ ပြောလိုက်သည်

“ ဂျူနီယာညီလေး၊ ညီမလေးတို့ … ငါတို့တွေ ဆက်သွယ်ရေး ပုတီးစေ့တွေ လဲထားတယ်ဆိုပေမဲ့ နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်က အရမ်းကျယ်တယ်။ ငါတို့ ဝင်ပြီးသွားရင် တစ်နေရာတည်းကို ဦးတည်သွားဖို့ ကြိုးစားကြည့်သင့်တယ် ”

“ ငါတို့ သိပါတယ်။ ဝူကျိ ကျေးဇူးပဲ …” ဝေကျဲက ကျောက်စိမ်းပြားကို ဂရုတစိုက် သိမ်းထားလိုက်သည်။ မိုဝူကျိ သူ့အပေါ် အကြွေးတင်နေသော မျက်နှာဖုံး ကိစ္စကိုတော့ သူက ဘေးဖယ်ထားလိုက်ပြီးသား ဖြစ်၏။

မျက်နှာဖုံးက နတ်ဘုရားသိုက်မြုံ နယ်မြေအသစ် ဝင်ခွင့်နှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။

နေ့ဝက်တာအတွင်း မိုဝူကျိ၊ ဝေကျဲတို့က နတ်ဘုရားသိုက်မြုံ အစွန်းသို့ ရောက်ရှိလာကြသည်။ ယခင်အတိုင်း အပိုအလျှံ ဖြစ်နေဆဲ ဖြစ်၏။ တစ်ခုတည်းသော ခြားနားချက်မှာ အဝင်ဝ၌ အစီအရင်ကို ခင်းကျင်းထားပြီး အစီအရင်ဂိတ်တစ်ခုလည်း ရှိနေသည်။

“ တည်ထောင်သူ ဖန်းကျဲလည်း ရှိနေတယ် ” ယင်လင်းက အဝေးတစ်နေရာမှ တည်ထောင်သူ ဖန်းကျဲအား လှမ်း၍ သတိပြုမိလိုက်သည်။

တည်ထောင်သူ ဖန်းကျဲနှင့် အခြားသော နတ်ဘုရားဘုရင်များက နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်အား အစီအစဉ်တကျ စီမံပေးရန်အတွက် ရောက်ရှိနေကြခြင်း ဖြစ်၏။ မိုဝူကျိက သက်ပြင်းချမိလိုက်သည်။ ကောင်းကင်လူသားဂိုဏ်းက နေရာတစ်နေရာမှ မရခဲ့သော်လည်း နတ်ဘုရားဘုရင်က တာဝန်ယူမှုတော့ လုပ်ပေးနေရသေး၏။ အင်အားမရှိလျှင် ဘာဆိုဘာမှမဟုတ်တော့ချေ။

လူများစွာ ရှိနေသော်လည်း ဖန်းကျဲက သူတို့ ရောက်လာသည့်အခါ သတိပြုမိလိုက်သည်။ သူ့မျက်နှာ၌ အားနာသည့် အရိပ်အယောင်များ ရှိနေပြီး မိုဝူကျိအား ခေါင်းညိတ်ပြလိုက်သည်။

မိုဝူကျိက စကားပြောတော့မည့်ဆဲဆဲတွင် ရင်းနှီးနေသော ပုံရိပ်ဖြစ်သည့် ယူကျန်းနာအား မြင်လိုက်ရ၏။ သူက ယူကျန်းနာကို မြင်လိုက်သည်နှင့် စိတ်ထဲ အေးခဲသွားတော့သည်။ သူက ထိုအမျိုးသမီးကို သေချာပေါက် မေ့မည် မဟုတ်ပေ။ ယခင်က သူတွေ့ခဲ့သော ပုံရိပ်မှာလည်း ထိုအမျိုးသမီးသာ ဖြစ်ပေမည်။

ထိုစဉ် မိုဝူကျိက သူမ ကျင့်ကြံဆင့်ကို အကဲခတ်ဖို့ ဘာမှမလုပ်ရဲတော့ဘဲ နောက်တစ်လှမ်းသာ ဆုတ်လိုက်သည်။

ကတုံးပြောင်ပြောင် မျက်ခုံးမွေးမရှိသည့် အမျိုးသားက လေထဲ ရှေ့တိုးလာကာ ကျယ်ကျယ်လောင်လောင် ပြောလိုက်၏  “ နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်ကို ဖွင့်လှစ်လိုက်ပါပြီ။ ကျောက်စိမ်းပြား ရှိတဲ့ ကျင့်ကြံသူတိုင်းက အစီအစဉ်တကျ ဝင်နိုင်ပါပြီ။ ကနဦး နတ်ဘုရားအဆင့်နဲ့ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတွေပဲ ဆိုတော့ အားလုံး ရုတ်ရုတ်သည်းသည်းတွေ မဖြစ်စေဘဲနဲ့  အတူတကွ ပူးပေါင်းလုပ်ကိုင်မယ်လို့ မျှော်လင့်ပါတယ် ”

သာမာန်အခြေအနေများအောက် နတ်ဘုရားသိုက်မြုံ ဖွင့်လှစ်သည့် နှစ်တွင် အငြင်းပွားဖွယ်ရာတချို့ ရှိတတ်ကြသည်။ ဤစကားကြောင့် မဟုတ်ဘဲ နတ်ဘုရားသိုက်မြုံနယ်မြေမှာ အရမ်းကို ကျယ်ဝန်းလွန်းသည့်အတွက် အားလုံးအနေနှင့် ပစ္စည်းကောင်းများ ရှာတွေ့နိုင်ပေသည်။ ထို့ကြောင့် တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်နေစရာ မလိုအပ်ပေ။

“ အဲဒါက နတ်ဘုရားဘုရင် ဝူကျဲလေ” မိုဝူကျိက ခေါင်းငုံ့ထားသည်ကို မြင်၍ အကြီးအကဲဝေကျဲက မိုဝူကျိအား စိတ်ဖြင့် ဆက်သွယ်ကာ ပြောလိုက်သည်။

မိုဝူကျိက အသိအမှတ်ပြုလိုက်သော်လည်း စကားပြန်မဖြေပေ။

“ ဟိုအကောင်စုတ် ဖူယင်က တော်တော် အရှက်မဲ့တာပဲ။ သူက ဇာမဏီနတ်ဝိညာဉ်ပရဝဏ်က လူတွေနဲ့တောင် အတူတူ ရပ်နေလိုက်သေးတယ် ” ယင်လင်း အမြင်က စူးရှလှလေရာ နတ်ဘုရားဘုရင် ဝူကျဲ စကားပြောနေစဉ် သူမက ဖူယင်အား ရှာလိုက်နိုင်သေး၏။

“သူ့ကို ဂရုမစိုက်နေနဲ့။ အားလုံး စိတ်စွမ်းအားတွေ လျှောက်ပြီး ထုတ်လွှင့်မထားကြနဲ့ဦး ” မိုဝူကျိက အလောတကြီးဖြင့် မြန်မြန် သတိပေးလိုက်သည်။

သူက စည်းမျည်းများကို ကြောက်၍ မဟုတ်ဘဲ ယူကျန်းနာကို စိုးရိမ်မိနေ၍ ဖြစ်သည်။ ယခုအချိန်အထိ သူက ထိုအမျိုးသမီး၏ ဇာစ်မြစ်ကို မသိသေးပေ။ သို့သော်လည်း သူမက ရှေ့ဆုံးနားတွင် ရပ်နေသောကြောင့် သူမဇာစ်မြစ်မှာ သာမာန်မဟုတ်ကြောင်း ပြနေပေ၏။

နတ်ဘုရားဘုရင် ဝူကျဲ စကားအဆုံးတွင် လက်ဝှေ့ပြလိုက်ပြီး ပြောလိုက်လေ၏  “ အားလုံး နတ်ဘုရားသိုက်မြုံထဲ ဝင်လို့ ရပါပြီ ”

အစီအရင်ဂိတ်တံခါးမှာ ပွင့်လာပြီး လမ်းကြောင်း ပေါ်လာကာ အလင်းတန်းတစ်ခုက နတ်ဘုရားသိုက်မြုံ အနက်ပိုင်းသို့ ဦးတည်ထားလေ၏။

မိုဝူကျိက တမင် နောက်တွင် ရပ်နေသည့်အတွက် ယူကျန်းနာနှင့် မနီးပေ။

“ မိုဝူကျိ …. ရှင် ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ ” စိုးရိမ်တကြီး အသံတစ်သံကို ကြားလိုက်ရသည်။

မိုဝူကျိက လှည့်ကြည့်လိုက်သောအခါ ရှီနန်မော့အား မြင်လိုက်ရ၏။ ရှီနန်မော့က မိုဝူကျိအား စိုးရိမ်တကြီး ကြည့်နေသည်။ သူမ မျက်ဝန်း၌ မိုဝူကျိသည် စိတ်ချို့ယွင်းနေသည့် လူတစ်ယောက် ဖြစ်သောကြောင့် မိုဝူကျိ တစ်ယောက် ဤနေရာသို့ မည်သို့ မည်ပုံ ရောက်လာသည်ကို နားလည်ရန် ခက်ခဲနေသည်။

ရှီနန်မော့ မျက်ဝန်းမှ စိုးရိမ်မှုကို မြင်ကာ မိုဝူကျိက သူမသည် သူ့အတွက် အမှန်တကယ် စိတ်ပူနေကြောင်း သိလိုက်သည်။ လျူရုတင်းနှင့် ယှဉ်လျှင် ရှီနန်မော့က အဆတစ်ရာမက ပိုမို စစ်မှန်သေး၏။

ထိုစဉ် ရှီနန်မော့က သူ့အား စိုးရိမ်တကြီး ကြည့်နေသောကြောင့် သူ့အနေနှင့် ဤသို့သာ ပြန်ပြောလိုက်ရတော့သည် “ ကျုပ် အခြေအနေက တိုးတက်လာပါပြီ။ ဒီတစ်ခါ ကျုပ်က ဒီပွဲကို လာကြည့်တာလေ။ ခင်ဗျားရော အထဲ ဝင်မလို့လား ”

မိုဝူကျိ စကားသည် ယခင်ထက် ပို၍ အဆီအငေါ်တည့်လာသည်ကို ကြားကာ ရှီနန်မော့က စိတ်သက်သာရာ သက်ပြင်းချလိုက်၏

“ ဒါက ရှင် ရှိနေရမဲ့ နေရာ မဟုတ်ဘူးလေ။ ရှင် ပြန်သွားသင့်တယ်နော်။ ကျွန်မက ဂိုဏ်းနဲ့ အတူတူ ရောက်လာတာလေ။ ဒါပေမဲ့ ကျောက်စိမ်းပြား မရှိတော့ ပွဲကြည့်ရုံ ရောက်နေတာပေါ့ ”

“ ကျောက်စိမ်းပြားလား … ခဏ ကျုပ်ဆီမှာ တစ်ခု ရှိတယ် ” မိုဝူကျိက ရှီနန်မော့အား ကျောက်စိမ်းပြား တစ်ခု မြန်မြန် ပေးလိုက်သည်။

“ ရှင့်ဆီမှာ တကယ်ကြီး ရှိနေတာလား ” ရှီနန်မော့က ကျောက်စိမ်းပြားကို လက်ခံလိုက်ရင်း မိုဝူကျိအား တအံ့တဩ ကြည့်လိုက်မိသည်။

“ ခင်ဗျားလည်း မြန်မြန် အထဲဝင်သင့်တယ်နော်။ ကျုပ်က ကျုပ်မိတ်ဆွေတွေ လာတာ ” မိုဝူကျိက ရှီနန်မော့အား တံတောင်ဖြင့် အသာတွန်းရင်း ပြောလိုက်၏။

ရှီနန်မော့က အလွန်စိတ်လှုပ်ရှားနေမိပြီး သူမ လက်များပင် တုန်ယင်နေမိ၏။ သူမက လက်စားချေမှုအကြီးကြီးကို သယ်ဆောင်ထားပြီး နတ်ဘုရားသိုက်မြုံကို ဝင်နိုင်ရန် အိပ်မက်သာ မက်နိင်ပေသည်။ သို့သော်လည်း ဤသို့ အခွင့်အရေးမျိုး မရရှိခဲ့ပေ။ သူမ အရည်အချင်းမှာ လက်ခံနိုင်သော်လည်း သူမက ဂိုဏ်းကို ဝင်ခါစ ဖြစ်၍ ကျောက်စိမ်းပြား ရဖို့ရာ မည်သို့ အခွင့်အရေး ရှိမည်နည်း။

“ အစ်ကိုကြီးမို ကျေးဇူးပါ။ ကိုယ့်ဘာသာလည်း ဂရုစိုက်ပါနော်။ တကယ်လို့ ဖြစ်နိုင်ရင် ကျွန်မကို နတ်ဘုရားသိုက်မြုံမှာ စောင့်နေနော်။ ကျွန်မ ပြန်ရောက်လာရင် ကျွန်မတို့ ဂိုဏ်းဆီ ခေါ်သွားပေးမယ် ” ရှီနန်မော့က အစီအရင်ဂိတ်ထဲ ဝင်သွားလိုက်သည်။

သူမက မိုဝူကျိသည် ဤကျောက်စိမ်းပြားအား မည်သို့ ရလာသည်ကို မေးဖို့ရာ အချိန်မရလိုက်ပေ။ သူမက သူ့အား ကျေးဇူးတင်မိ၏။ ယခင်က သူမက မိုဝူကျိအား အနည်းငယ်မျှသာ ကူညီပေးခဲ့သော်လည်း အပြန်အလှန်အနေဖြင့် သူမက အခွင့်အရေးကြီး တစ်ခု ရရှိလိုက်သည်။ သူမက ကျင့်ကြံဆင့် မြင့်ဖို့ရာ လိုအပ်နေသောကြောင့် အလွန်အရေးပါနေပေသည်။

“ ငါတို့လည်း သွားရအောင် ” နောက်ဆုံးတွင် သူက ယူကျန်းနာ အစီအရင်ဂိတ်ထဲ ဝင်သွားသည်ကို မြင်ကာ  မိုဝူကျိက ဝေကျဲနှင့် အဖွဲ့အား ပြောလိုက်၏။

“ ဝေကျဲ ... မင်းတို့အားလုံး ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ ” အစီအရင်ဂိတ်နှင့် မနီးမဝေးနေရာသို့ ရောက်သောအခါ ဝေကျဲက တည်ထောင်သူဘိုးဘေး ဖန်းကျဲဆီမှ ဆက်သွယ်မှုကို လက်ခံရလိုက်သည်။

ဝေကျဲက မြန်မြန် ဆက်သွယ်လိုက်ပြီး “ အဲဒီကျောက်စိမ်းပြား အားလုံးက မိုဝူကျိဆီကပါ။ သူက ကျုပ်တို့အားလုံးကို သူနဲ့ အတူတူ ခေါ်သွားပေးတာ။ ဂိုဏ်းစခန်းမှာ ကျောက်စိမ်းပြား နှစ်ခု ကျန်ခဲ့သေးတယ်။ တည်ထောင်သူ ဘိုးဘေး ပြန်ရောက်သွားတဲ့အခါ လူနှစ်ယောက် ထပ်ဝင်လာလို့ ရတယ် ”

“ ကောင်းတယ် ကောင်းတယ် ” ဖန်းကျဲက မိုဝူကျိကို ကြည့်ရင်း စိတ်ပေါ့ပါးသွားမိသည်။ မိုဝူကျိက သူ့အား အမှန်တကယ်ပင် စိတ်မပျက်စေခဲ့ပေ။ မိုဝူကျိက သူ့အတွက်သူ နေရာ ရနိုင်စေခဲ့ရုံသာမက တခြားတပည့်ရှစ်ယောက်လည်း သူနှင့် အတူတူ ခေါ်သွားနိုင်သေး၏။

တစ်ယောက်တည်း ဝင်သွားသည့် ဖူယင်နှင့် ယှဉ်ကြည့်လျှင် မိုဝူကျိ၏ အပြုအမူမှာ တပည့်ခေါင်းဆောင် ဖြစ်ဖို့ရာ ပို၍ ထိုက်တန်ပေသည်။

***

All Chapters