← Chapters

အမှောင်ထု ဇာစ်မြစ်

Vol. 66 Ch. 919

အမှောင်ထု ဇာစ်မြစ်

Vol. 66 Ch. 919

သူတို့တွေ နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်ထဲ ဝင်သွားလိုက်သည်နှင့် မိုဝူကျိတို့က မိုးမြေစည်းမျည်းများ ရှုပ်ထွေးနေသည်ကို ခံစားမိလိုက်သည်။ အပြင်ဘက်နှင့် နှိုင်းယှဉ်ကြည့်လျှင် နယ်မြေအသစ်ရှိ စည်းမျည်းများမှာ အစီအစဉ်မကျဘဲ ဖရိုဖရဲ ဖြစ်နေလေ၏။ သို့သော်လည်း ထိုစည်းမျည်းများက သူ့အလိုလို အစီအရီ ပြန်ဖြစ်သွားဟန် ပေါ်သည်။ ထို့နောက် သူတို့က အတူတကွ စည်းချက်ကျကျ ပေါင်းစပ်သွားကြသည်။

“ ကူချိုက်က ငါ့နောက်လိုက်လာလိမ့်မယ်။ အားလုံးလည်း ကိုယ့်လမ်းကို သွားကြပါ။ နတ်ဘုရားသိုက်မြုံမှာ ရတနာတွေ အများကြီး ရှိတယ်ဆိုတော့ မလိုအပ်ဘဲနဲ့ တခြားသူတွေနဲ့ မတိုက်ခိုက်ကြပါနဲံ။ တကယ်လို့ အန္တရာယ်တစ်ခုခု ကြုံတွေ့ခဲ့ရင် ဆက်သွယ်ရေး ပုတီးစေ့တွေနဲ့ ဆက်သွယ်လိုက်ပါ ” အားလုံးက နတ်ဘုရားသိုက်မြုံထဲ ဝင်လာပြီးနောက် ကိုယ့်လမ်းကို သွားဖို့ရာ လောနေကြသည်။ သူတို့ ကိုယ့်လမ်းကို မသွားခင် မိုဝူကျိက အားလုံးကို နောက်တစ်ဖန် သတိပေးလိုက်သည်။

သူက ကနဦး နတ်ဘုရားအဆင့် ၂ မျှသာ ရှိသေး၏။ နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်၌ သူက အားလုံးအတွက် ဘာမှလုပ်ပေးနိုင်မည် မဟုတ်ပေ။ အားလုံးက ကိုယ့်ကံကောင်းမှုအပေါ်သာ မှီခိုကြရမည် ဖြစ်၏။

အဖွဲက နှုတ်ဆက်စကားဆိုပြီးနောက် ထွက်သွားကြသည်။ မိုဝူကျိလည်း ကူချိုက်နှင့်အတူတူ ထွက်လာကြသည်။

လူအများစုက နတ်ဘုရားသိုက်မြုံအနက်ပိုင်းသို့ ဦးတည်သွားဖို့ရာသာ သိကြသည်။ သို့သော်လည်း သူတို့နှင့် မတူညီစွာ မိုဝူကျိက မည်သည့်နေရာသို့ သွားရမည်ကို သေချာသိထား၏။ အမှောင်ထုစည်းမျည်း ရှိရာဆီ ဖြစ်၏။

သူက ကူချိုက်ကို ခေါ်လာသည့် အကြောင်းအရင်းမှာ ကူချိုက်သည်လည်း အမှောင်ထု စည်းမျည်းကို ကျင့်ကြံ၍ ဖြစ်သည်။ နတ်ဘုရားနယ်မြေတွင် ကူချိုက်က ကျင့်ကြံဖို့ရာအတွက် အခြေအနေများစွာ မရှိခဲ့ပေ။ ယခု သူက အမှောင်ထု စည်းမျည်း တည်ရှိရာ နေရာအား တွေ့ထားလေရာ ကူချိုက်ကိုပါ ခေါ်ဆောင်လာသည်က ပုံမှန် ဖြစ်၏။

ယခင် မိုဝူကျိက အမှောင်ထုစည်းမျည်းကို ခံစားမိသောအခါ တည်နေရာကိုသာ သိလိုက်၏။ ယခု သူက အမှန်တကယ် သွားလာနေပြီ ဖြစ်ရာ အတော်အတန် ကွာဝေးကြောင်း သိလိုက်မိသည်။ တစ်ချိန်တည်းဆိုသလို သူက နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်မှာ အတော်လေး ကျယ်ဝန်းကြောင်း ဂရုပြုမိလိုက်သည်။

ထို့အပြင် မိုဝူကျိက ဤနေရာတွင် ရှိနေသော ရတနာများကို ကြည့်ကာ အမှန်ပင် အံ့အားသင့်မိသည်။

သူနှင့် ကူချိုက်တို့က ဦးတည်ရာ ရှိနေသည့်အတွက် နတ်ဘုရားအဆင့် ဆေးပင်များကိုလည်း သီးသန့် ရှာမနေကြပေ။ သို့သော်လည်း သူတို့က နတ်ဝိညာဉ်ဆေးပင်များ အမျိုးအစား တစ်ရာကျော်လောက်ကို မြင်တွေ့ခဲ့ရသည်။ ထို့အပြင် မိုဝူကျိက သူတို့သည် အဆင့် ၃ နှင့်အထက် ဖြစ်ကြောင်း ပြောနိုင်ပေသည်။ အဆင့်မြင့် နတ်ဝိညာဉ်ဆေးပင်များ မဟုတ်သော်လည်း မိုဝူကျိက အဆင့် ၄ နှင့် အဆင့် ၅ ဆေးပင်များကိုလည်း ရှာတွေ့ခဲ့သည်။

အဆင့် ၃ မှ အဆင့် ၅ ကြားရှိ နတ်ဝိညာဉ်ဆေးပင်များကို အထင်မသေးသင့်ပေ။ နတ်ဘုရားနယ်မြေမှာ အင်မတန် ကျယ်ပြောလွန်းသော်လည်း အဆင့်မြင့် ဆေးပင်များစွာ ရှိမနေချေ။ အဆင့် ၅ နှင့်အထက် ဆေးပင်များမှာ ဖီးနစ်ဌက်မွေး၊ ချီလင် ဦးချိုကဲ့သို့ ရှားပါးလှပေသည်။ ဆေးပင်အများစုမှာ အဆင့် ၁ နှင့် အဆင့် ၂ ဖြစ်ပြီး အဆင့် ၃ ဆေးပင်များမှာ နတ်ဘုရားနယ်မြေ၌ အဖိုးတန်အဖြစ် ယူဆနိုင်ပေ၏။

သူတို့ သွားလာနေစဉ်အတွင်း သူတို့က သတ္တုများကိုလည်း တွေ့ခဲ့သည်။ ထို့အပြင် ဤအချိန်က  မိုဝူကျိအနေနှင့် နတ်ဝိညာဉ်စွမ်းအားများ သိပ်သည်းနေသည့် နေရာသို့ သွားလာနေခြင်း မဟုတ်သေးပေ။

မိုဝူကျိနှင့် ကူချိုက်တို့ အနက်ပိုင်းသို့ ရောက်လာသည့်အခါ သူတို့ဘေးပတ်လည်ရှိ စည်းမျည်းများမှာ ပို၍ ရုတ်ရင်းဆန်ခတ် ဖြစ်လာသည်။ သို့သော်လည်း စည်းမျည်းရှိ စွမ်းအားများမှာ ယခင်ထက် နည်းပါးသွားသောကြောင့် သူတို့က ဆေးပင်တချို့ကိုသာ တွေ့ပြီး သတ္တုများကိုပင် ရှာမတွေ့တော့ချေ။

တစ်လကြာပြီးနောက် မိုဝူကျိက ကန္တာရ အစွန်း၌ ရပ်လိုက်သည်။ ပရမ်းပတာ ဖြစ်နေသည့် စည်းမျည်းများကြောင့် ကန္တာရမှာ ဖုန်နှင့် သဲများသာ ပြည့်နေပြီး ရှင်းရှင်းလင်းလင်း မမြင်ရပေ။

နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်၌ ကန္တာရနှင့် ပင်လယ်များ ရှာတွေ့ခြင်းမှာ ပုံမှန်မဟုတ်ခြင်း မဟုတ်ပေ။ နတ်ဘုရားသိုက်မြုံတွင် အသစ်ထပ်တိုးလာသော နယ်မြေပေါ်လာသောကြောင့် မြေပြင်အနေအထား အမျိုးမျိုး ဖြစ်နေနိုင်သည်။ ယခင်ထွက်ပေါ်လာသည့် နတ်ဘုရားသိုက်မြုံ အပြည့်အဝ ထွက်ပေါ်လာပြီး နတ်ဘုရားသိုက်မြုံ ပင်လယ်မှာ ကျန်ရှိခဲ့သော ပင်လယ် ဖြစ်၏။

“ အစ်ကိုကြီး … ဒီနေရာက နတ်ဝိညာဉ်စွမ်းအားတွေက နည်းပါးပြီးတော့ ရတနာတွေလည်း ရှိတဲ့ပုံ မပေါ်ဘူးနော် ” ကူချိုက်က  မိုဝူကျိသည် ကန္တာရရှေ့ ရပ်လိုက်သည်ကို မြင်ကာ နားမလည်စွာ ရေရွတ်လိုက်လေသည်။

မိုဝူကျိက ကျယ်ဝန်းလှသော ကန္တာရကို လက်ညိုးထိုးပြကာ

“ ကူချိုက် … ဒီကန္တာရမှာ အမှောင်ထုစည်းမျည်း ရှိလိမ့်မယ်။ ဒီအမှောင်ထုစည်းမျည်းက အရမ်းကို ရှင်းလင်းပြတ်သားနေတယ်။ ဒါပေမဲ့ ငါက အဲဒီအမှောင်ထုစည်းမျည်းက ဒီကန္တာရထဲမှာ ရှိတယ်ဆိုတာကိုပဲ သိတယ်။ နေရာအတိအကျကို မသိထားဘူး။

ငါတို့ နှစ်ယောက်လုံးက အမှောင်ထု အမျိုးအစား ကျင့်စဉ်ကို သိထားတယ်။ နတ်ဘုရားနယ်မြေမှာ အမှောင်ထုစည်းမျည်း လစ်ဟာနေတယ်။ ငါတို့ ကျင့်ကြံဖို့ဆိုရင် ဒီကန္တာရထဲမှာ အမှောင်ထုစည်းမျည်းကို ရှာတွေ့ဖို့ လိုတယ် ”

နတ်ဘုရားသိုက်မြုံ၌ အမှန်တကယ် ရတနာအများအပြား ရှိပေသည်။ သို့သော်လည်း မိုဝူကျိအတွက် မည်သည့်ရတနာကမှ သူ့ကျင့်ကြံရေးနှင့် ယှဉ်၍ မရပေ။

“ အစ်ကိုကြီး စကားကို နားထောင်ပါ့မယ် ” ကူချိုက်အတွက် မိုဝူကျိ ပြောသမျှ အရာအားလုံးမှာ အမှန် ဖြစ်၏။

“ ကောင်းပြီ … ငါတို့ အထဲဝင်ရအောင် ” ထိုသို့ပြောပြီးနောက် မိုဝူကျိက ကန္တာရထဲ ဝင်လိုက်သည်။ သဲလေပြင်းက အပြင်းအထန် တိုက်ခတ်နေသော်လည်း သူ့အတွက် ထိခိုက်မှု မရှိပေ။ ကူချိုက်က ကနဦး နတ်ဘုရားအဆင့် ၂ ဖြစ်သောကြောင့် သူမသည်လည်း မည်သည့်ထိခိုက်မှုမှ မရှိပေ။

သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကို အသုံးပြု၍ ခံစားမိသော အမှောင်ထုစည်းမျည်း တည်နေရာမှာ  ပျောက်ကွယ်သွားပြီ ဖြစ်၏။ ဤကန္တာရမှာ အလွန်ကျယ်ပြောလွန်းပေသည်။ မိုဝူကျိပင် နေရာအတိအကျကို မခန့်မှန်းနိုင်တော့ပေ။

“ အစ်ကိုကြီး ... ညီမ အမှောင်ထုစည်းမျည်းကို ခံစားမိလိုက်တယ် ” မိုဝူကျိက မည်သည့်နေရာသို့ ဦးတည်သွားရမည် ဖြစ်ကြောင်း စဉ်းစားနေစဉ် ကူချိုက်က အလောတကြီး အော်ပြောလိုက်သည်။

သူက ကူချိုက်စကားကို ကြားသောအခါ စိတ်လှုပ်ရှားမိသွားသည်  “ အဲဆို မြန်မြန် သွားကြစို့။ ငါ မင်း နောက်ကနေ လိုက်ခဲ့မယ် ”

သူက ကူချိုက်သည် အမှောင်ထုကျင့်စဉ်ကို ကျင့်ကြံနေသည့် အကြောင်းအရင်းအား နည်းနည်း သဘောပေါက်လာမိသည်။ နတ်ဘုရားနယ်မြေရှိ အမှောင်ထုစည်းမျည်းများမှာ အတော်လေး နည်းပါးလွန်းနေသည်။ ထို့အကြောင်းအရင်းကြောင့် ကူချိုက်သည် အမှောင်ထုစည်းမျည်းအပေါ် ပို၍ အာရုံခံစားနိုင်စွမ်း ကောင်းလေသည်။ ထို့ကြောင့် သူမက အမှောင်ထုစည်းမျည်း ရှိနေသည့် တည်နေရာအား အာရုံခံမိခြင်း ဖြစ်သည်။

“ ဟုတ် ” ကူချိုက်က ပြန်ဖြေလိုက်ရင်း ကန္တာရအတွင်းသို့ ဝင်ရောက်သွားလိုက်သည်။

မိုဝူကျိက ကူချိုက်နောက်မှ အနီးကပ် လိုက်လာလိုက်သည်။ သူက အတော်လေး စိတ်လှုပ်ရှားမိနေသည်။ သူက အမှောင်ထုစည်းမျည်း နေရာကို မြန်မြန် တွေ့လာလေလေ နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်၌ ပို၍ အကျိုးများလာလေ‌လေ ဖြစ်သည်။

…………….…

နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်၏ အစီအရင်ဂိတ်

မုတ်ဆိတ်မွေးနှင့် အမျိုးသားက လုပ်ပြုံးဖြင့် ဖန်းကျဲအား ရယ်ပြလိုက်ပြီး ပြောလိုက်သည်  “ တာအိုရောင်းရင်းဖန်းရဲ့ နည်းလမ်းတွေက မဆိုးဘူးပဲ ”

ဖန်းကျဲက အေးအေးဆေးဆေး ပြောလိုက်သည်  “ ကျုပ် ဖန်းကျဲက တုံးအလို့ နတ်ဘုရားဘုရင် ဗောဓိနက် ပြောတာကို နားမလည်ပါဘူး ”

ထိုမုတ်ဆိတ်မွေးနှင့် အမျိုးသားမှာ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း၏ တစ်ဦးတည်းသော နတ်ဘုရားဘုရင်ဖြစ်သည့် နတ်ဘုရားဘုရင် ဗောဓိနက် ဖြစ်သည်။ ဤလူက နတ်ဘုရားအဆင့် ၃ သို့ ရောက်နေပြီး အင်မတန် ရက်စက်ကာ လောဘကြီး‌သော သူတစ်ဦးလည်း ဖြစ်ပေသည်။ ကောင်းကင်လူသားဂိုဏ်း၏ ဝင်ခွင့် ငါးခုလုံးကို လုယူသွားခဲ့သူလည်း ဖြစ်ပေသည်။ ထိုမျှတင် မကသေးဘဲ သူက ဖန်းကျဲဆီမှ ထိပ်တန်း နတ်ဝိညာဉ်သွေးကြောနှင့် ထိပ်တန်းအဆင့် ရတနာတချို့ကိုလည်း ယူသွားခဲ့သေး၏။

နတ်ဘုရားဘုရင် ဗောဓိနက်က အားရပါးရ ရယ်မောလိုက်သောကြောင့် တခြားနတ်ဘုရားဘုရင်များ၏ အာရုံစိုက်မှုလည်း ရလာသည်

“ အရင်တုန်းက တာအိုရောင်းရင်းဖန်းက ခင်ဗျားရဲ့ တပည့်တစ်ယောက်ကို ကတိပေးထားလို့ ဆိုပြီး ကျုပ်ဆီမှာ  ဝင်ခွင့် တစ်နေရာစာလောက် ပေးပါဆိုပြီး တောင်းဆိုခဲ့တယ် မဟုတ်ဘူးလား။ အခု ခင်ဗျားတို့ ကောင်းကင်လူသားဂိုဏ်းက တပည့်တွေ ခုနှစ်ယောက်၊ ရှစ်ယောက်လောက် ဝင်သွားတာကို မြင်လိုက်ရသလားလို့ … ကျုပ် ရှန်းစစ်ချန်းက အိုပေမဲ့ မျက်လုံးက အကောင်းကြီး ရှိနေသေးတယ်။ ညီလေးဖန်းက နေရာအများကြီး ရဖို့ ဒီလိုနည်းလမ်းမျိုး သုံးခဲ့တာကိုး …. လေးစားပါတယ်။ လေးစားပါတယ်ဗျာ ”

ဖန်းကျဲ အမူအယာမှာ တန်းပြောင်းလဲသွား၏။ သူက စိတ်ထဲမှ ဒေါသမီးကို ချိုးနှိမ်ကာ ပြောလိုက်သည် “ ဂိုဏ်းရဲ့ တည်ထောင်သူ ဘိုးဘေးအနေနဲ့ ကျုပ်က အရမ်း အသုံးမဝင်ဘူး။ ကံကောင်းလို့ ကျုပ်တပည့်လေးတွေက သူတို့နေရာသူ ရအောင် လုပ်နိုင်ခဲ့တယ်လေ ”

“ တာအိုရောင်းရင်းဖန်းရဲ့ စကားက တယ်မှန်သကိုး။ ကောင်းကင်လူသားဂိုဏ်းမှာ တကယ် ထူးချွန်တဲ့ တပည့်တစ်ယောက် ရှိတယ်လေ။ အနည်းဆုံးတော့ ကျုပ်တို့ ဇာမဏီနတ်ဝိညာဉ် ပရဝဏ်က ထန်ဝူကျန်းတောင် မယှဉ်နိုင်ဘူးလေ ”

အဖွဲ့၏ အကြည့်များက သူ့ဆီ ရောက်လာသည့်အခါ နတ်ဘုရားဘုရင် ယန်ထင်းက ဆက်ပြောလိုက်လေ၏

“ ကောင်းကင်လူသားဂိုဏ်းရဲ့ ဖုံးကွယ်ရေး နည်းလမ်းက အရမ်းအားကောင်းတာပဲ။ ကျုပ်တောင် သူက ကနဦး နတ်ဘုရားအဆင့် ၉ မှန်း မသိခဲ့ရဘူးလေ။ ကျုပ်တို့ ဇာမဏီ နတ်ဝိညာဉ်ပရဝဏ်ရဲ့ ဘာမှကောင်းကွက်မရှိတဲ့ တပည့်အတွက်ဆို ပိုဆိုးတာပေါ့ ”

အခြားသူများက ထန်ဝူကျန်း ဖြောင့်ဖြခံလိုက်ရသည့် အကြောင်းအရင်းကို မသိကောင်း မသိနိုင်ကြသော်လည်း နတ်ဘုရားဘုရင် ယန်ထင်းက ရှင်းရှင်းလင်းလင်း သိထား၏။

ထန်ဝူကျန်းက ဖုံးကွယ်ထားချင်သော်လည်း နတ်ဘုရားဘုရင် ယန်ထင်းဆီမှ ဖုံးကွယ်မထားရဲပေ။ သူက မိုဝူကျိသည် ကနဦး နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိနေကြောင်း မသိထားခဲ့ပေ။ တကယ်တော့ မိုဝူကျိနှင့် တိုက်ခိုက်ခဲ့စဉ်အခါက မိုဝူကျိသည် ကနဦး နတ်ဘုရားအဆင့် ၁ တွင် ရှိသေးပေ၏။ ထိုမျှတင် မကသေးဘဲ မိုဝူကျိက သူ့အားကောင်းလှသော သတ္တကမ္ဘာလက်ချောင်း ပညာရပ်ကိုပင် မထုတ်ဖော်ခဲ့သေးပေ။

နတ်ဘုရားဘုရင် ဖန်းကျဲက ပြန်လည် မချေပတော့ပေ။ သူက ကောင်းကင်လူသားဂိုဏ်းသည် အခက်ခဲဆုံးအချိန်များနှင့် ကြုံတွေ့နေရကြောင်း သိထား၏။ ဤလူများက သူ့အား ရှင်းထုတ်ဖို့ရာ အကြောင်းပြချက် ရှာနေကြခြင်းသာ ဖြစ်သည်။ အကယ်၍ သူသာ အသတ်ခံလိုက်ရလျှင် သူ့ကောင်းကင်လူသားဂိုဏ်းမှာ အငွေ့သဖွယ် ပျောက်ကွယ်သွားပေလိမ့်မည်။

ဖန်းကျဲ တိတ်ဆိတ်နေသည်ကို မြင်ကာ နတ်ဘုရားဘုရင် ဗောဓိနက်နှင့် နတ်ဘုရားဘုရင် ယန်ထင်းတို့က နှာခေါင်းရှုံ့လိုက်ကြ၏။ နတ်ဘုရားဘုရင် ယန်ထင်းသည် သူ့ဇာမဏီနတ်ဝိညာဉ် ပရဝဏ်ဂိုဏ်းသားများအား မိုဝူကျိအား ရှင်းထုတ်ပစ်ရန် မှာကြားထားပြီးသား ဖြစ်သည်။

နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း၏ နတ်ဘုရားဘုရင် ဗောဓိစိမ်းက ပို၍ ရက်စက်သေး၏။ သူက သူ့ဂိုဏ်းသားများအား နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်တွင် တွေ့သမျှ ကောင်းကင်လူသားဂိုဏ်းသားများအား သတ်ဖို့ရာ ညွှန်ကြားထားသည်။

…………....

နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်၏ ကန္တာရအတွင်း ကူချိုက်က ရပ်တန့်လိုက်သည်။

“ ကူချိုက် ငါတို့ ဘာလို့ ရပ်လိုက်တာလဲ ” မိုဝူကျိက နားမလည်စွာ မေးလိုက်သည်။

ကူချိုက်က သူမ ခြေထောက်အောက်နားမှ သဲကတော့ကို ညွှန်ပြကာ  “ အစ်ကိုကြီး … ညီမတို့ ရှာနေတဲ့ အမှောင်ထုစည်းမျည်းက ညီမတို့ အောက်မှာ ရှိနေတယ် ”

“ အဲဆို ငါတို့ ဆင်းပြီး သွားကြည့်ကြမယ်။ ငါ့ နောက်လိုက်ခဲ့ ”မိုဝူကျိက မြေကြီးထဲ တွင်းတူးလိုက်တော့သည်။

မိုင်ရာချီကာ တူးပြီးနောက် မိုဝူကျိလည်း အမှောင်ထုစည်းမျည်းကို ရှင်းရှင်းလင်းလင်း ခံစားမိလာသည်။ သူက အမှောင်ထုအမျိုးအစား ကျင့်စဉ် မရှိသော်လည်း ဤအမှောင်ထုစည်းမျည်းမှ စွမ်းအင်များမှာ ရှင်းလင်းလွန်းလှသည်။

နေ့တစ်ဝက်တာအတွင်း မိုဝူကျိနှင့် ကူချိုက်တို့က နေရာကျယ်တစ်ခုဆီ ရောက်သွားကြသည်။

ထိုနေရာမှာ မင်နှင့် တူပြီး မိုဝူကျိ ဝင်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံးနှင့် ဝိညာဉ်တို့မှာ အမှောင်ထုထဲ ကျရောက်သွားသလို ခံစားမိလိုက်သည်။ သူ့သွေးပင် ဖြစ်စေ၊ အရိုးပင် ဖြစ်စေ အရာအားလုံးကို ထိုအမှောင်ထုက ကျုးကျော်ဝင်ရောက်လာသည်။ အမှောင်ထုမှ ဖိအားကြောင့် သူ့ခန္ဓာကိုယ်ကို မသက်မသာ ခံစားမိနေစေသည်။

သူ့စိတ်စွမ်းအားမှာလည်း ရပ်တန့်နေလေ၏။ သူ့တွင် စိတ်ဝိညာဉ်မျက်လုံး ရှိသည်က ကံကောင်းလှပေသည်။ ထို့ကြောင့် သူ့အနေနှင့် မိုင်ဆယ်ချီလောက်ကို မြင်ရသေး၏။ သူ့ဘေးပတ်လည်တွင် စည်းမျည်းအမျိုးအစား တစ်ခုသာ ရှိပြီး ထိုအရာမှာ အမှောင်ထုစည်းမျည်းနှင့် အမှောင်ထု၏ အကြမ်းဖျင်း စည်းမျည်းတို့ ဖြစ်သည်။

ဆယ်မိုင်ပတ်လည်အတွင်း မည်းနက်နေသည့် အမြုတေ တစ်လုံး လွှင့်မျှောနေသည်။ အမှောင်ထုစည်းမျည်းမှာ ထိုအမြုတေအတွင်း လှည့်ပတ်နေကြ၏။ မိုဝူကျိက လျှပ်စီး သဘာဝ အမြုတေ ရှိပြီးပြီ ဖြစ်ရာ တစ်ချက်တည်းကြည့်ရုံဖြင့် ထိုအရာမှာ အမှောင်ထု အမြုတေ ဖြစ်ကြောင်း တန်းသိလိုက်သည်။

အမှာင်ထု အမြုတေပတ်လည်တွင် အနက်ရောင် သလင်းကျောက် ဆယ်ခုကျော် အတန်းလိုက် ရှိနေသည်။

မိုဝူကျိက ရှေးဦးမူလကျောက်များကို မြင်တွေ့ဖူးထားသည့်အတွက် ထိုကျောက်အနက်များကို မြင်လိုက်သည့်အခါ ရှေးဦးမူလ အမှောင်ထုကျောက် ဖြစ်ကြောင်း သိလိုက်၏။

“ အစ်ကိုကြီး ဒီမှာ ကျောက်တွေ အများကြီးပဲ ” ကူချိုက်က ပြေးကာ ရှေးဦးမူလ အမှောင်ထုကျောက်နှစ်ခုကို ကောက်ယူလိုက်သည်။

“ ကူချိုက် .. မင်း စိတ်စွမ်းအားနဲ့ ဒီထဲက အရာတွေကို မြင်နိုင်လား ” မိုဝူကျိက မေးလိုက်၏။

ကူချိုက်က ခေါင်းညိတ်ပြကာ  “ ဟုတ်တယ်။ ညီမရဲ့ စိတ်စွမ်းအားက ရေအိုင်ထဲက ငါးတစ်ကောင်လိုပဲ သွက်လက်နေတယ်။ ဒီကျောက်တွေအပေါ်မှာ အနက်ရောင် အမြုတေ တစ်လုံးတောင် ရှိနေသေးတယ် ”

“ အဲဒါက အမှောင်ထု အမြုတေ ဖြစ်လိမ့်မယ် ” မိုဝူကျိက ပြန်ဖြေပေးလိုက်သည်။

“ အစ်ကိုကြီးက အဲဒီ အမှောင်ထုအမြုတေနဲ့ ကျောက်တွေကို သိမ်းထားလိုက်လေ။ ညီမတော့ ဒီမှာကျင့်ကြံရင် အမြန်နှုန်း တိုးတက်လာလိမ့်မယ်လို့ ခံစားမိနေတယ် ” ကူချိုက် အသံမှာ စိတ်လှုပ်ရှားမိနေသည်။ ထိုအရာမှာ သူမ စိတ်ထဲမှ လိုချင်တပ်မက်မှု ဆန္ဒ တစ်ခု ဖြစ်သည်။

မိုဝူကျိက အမှောင်ထု အမြုတေနှင့် ကျောက်တချို့ကို သိမ်းထားပြီးနောက် ကူချိုက်အား ပြောလိုက်သည်

“ ကူချိုက် … အဲဒီကျောက်တွေက ရှေးဦးမူလ အမှောင်ထုကျောက်တွေပဲ။ မင်းလည်း ကျန်တာကို သိမ်းထားလိုက်၊ အဲပစ္စည်းတွေက မင်းအတွက်လည်း အရမ်းအသုံးဝင်လာလိမ့်မယ်။ ငါက အမြုတေကို သိမ်းထားလိုက်မယ်။ ငါ့အတွက် သုံးစရာလေး ရှိနေလို့ ”

မိုဝူကျိ၏ ထာဝရကမ္ဘာငယ်လေးမှာ မပြီးပြည့်စုံပေ။ သူ့ထာဝရကမ္ဘာငယ်လေးတွင် အမှောင်ထု အမြုတေ လိုအပ်လား မသိသေးသောကြောင့် အရင်ဦးစွာ သိမ်းထားဖို့ စဉ်းစားလိုက်ခြင်း ဖြစ်သည်။

***

All Chapters