အကောက်ကြံခြင်း
Vol. 66 Ch. 920
ကူချိုက်က စတင် ကျင့်ကြံလိုက်တော့သည်။ သူ့မျက်လုံးများမှာ မှိတ်ထားသော်လည်း မိုဝူကျိက ကူချိုက်၏ ကျင့်ကြံနှုန်းကို ခံစားမိနေသည်။ ဤနေရာလေး၌ ကူချိုက်သည် အိမ်မှာ ရှိနေသကဲ့သို့ ဖြစ်သည်။ ဤနေရာရှိ နတ်ဝိညာဉ်စွမ်းအားများက မသန့်စင်သော်လည်း ကူချိုက်က ထိုအထဲမှ နတ်ဝိညာဉ်စွမ်းအားများကို နှုတ်ယူနိုင်ပေသည်။
မိုဝူကျိက ကူချိုက်၏ ကျင့်ကြံရေး တိုးတက်လာပုံကို သူ့မျက်လုံးနှင့်ပင် မြင်တွေ့လာနိုင်သောကြောင့် အမြင်မှားနေသည်ဟုပင် ခံစားလာရသည်။
ဤသည်မှာ အတော်လေး အံ့ဩဖို့ ကောင်းလှ၏။ မိုဝူကျိပင် လေအေးများ မှုတ်ထုတ်မိလိုက်သည်။ သူ့ကျင့်ကြံနှုန်းမှာ အမြန်ဆုံးထဲမှ တစ်ယောက် ဖြစ်သော်လည်း သူက ကူချိုက်လောက် မမြန်သေးပေ။
မိုဝူကျိက အမှောင်ထု စည်းမျည်းအတွင်း ကာကွယ်ရေး အစီအရင်များ မြန်မြန် ခင်းကျင်းထားလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက အမှောင်ထု ကျင့်စဉ်သလင်းကျောက်ကို ထုတ်ကာ စိတ်စွမ်းအားဖြင့် အာရုံခံလိုက်သည်။
အသက်ဆယ်ရှိုက်စာအတွင်း မိုဝူကျိက ကျင့်ကြံရေး၌ လုံးဝ စိတ်နှစ်မျှောသွားတော့သည်။
အမှောင်ထုစည်းမျည်းများကို မိုဝူကျိက ဆက်တိုက် စုပ်ယူနေလေ၏။ လှည့်ပတ်ရေး လမ်းကြောင်းအတွင်း ထိုစည်းမျည်းများက သူ့တာအို အသိဉာဏ်ပွင့် လမ်းကြောင်းဆီ ဝင်ရောက်သွားကြသည်။
အမှောင်ထုစည်းမျည်းများ သလင်းကျောက်အတွင်းမှ တာအိုစွမ်းအားများသည် ဘေးပတ်ဝန်းကျင်ရှိ အမှောင်ထုစည်းမျည်းနှင့် ပေါင်းစပ်သွားလေ၏။ မိုဝူကျိ၏ ထိုးထွင်းသိမြင်နိုင်စွမ်းကြောင့် သူ့ဘေးနားတွင် တာအို စာလုံးများ စတင် ဖြစ်တည်လာသည်။
…………….…
နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်သည် အခြေကျသွားပြီ ဖြစ်ရာ အစီအရင်ဂိတ်တံခါးမှ သင်္တေကများသည်လည်း ဖြစ်တည်လာပြီးပြီ ဖြစ်၏။ သူတို့၏ ဝင်ခွင့် ကျောက်စိမ်းပြားဖြင့် ဖွင့်နိုင်သော သူများမှ လွဲ၍ နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်အတွင်း အတင်းဝင်ရောက်ရန် ကြိုးစားကြသူများမှာ အသတ်ခံရမည် ဖြစ်သည်။
ဖန်းကျဲက စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။ မိုဝူကျိ၏ ဦးဆောင်မှုအောက်တွင် သူ့ကောင်းကင်လူသားဂိုဏ်းသားများလည်း ဝင်ခွင့် ရလိုက်ကြသည်။ နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်၌ ထိပ်တန်း ရတနာတချို့ တွေ့လာနိုင်သည်။ သူတို့သာ အသက်ရှင်လျက် ပြန်လာနိုင်ပါက တကယ့် အစစ်အမှန် ပညာရှင် ဖြစ်လာဖို့ အခွင့်အရေး သေချာပေါက် ရပေမည်။
သူ ဖန်းကျဲက အပြင်စည်းတပည့် တစ်ယောက်မျှသာ ဖြစ်၏။ ယခင်နှစ်များတုန်းက ဂိုဏ်း၏ မြှောက်စားမှုကြောင့် သူ့အနေနှင့် နတ်ဘုရားသိုက်မြုံအတွင်း ဝင်ရောက်ဖို့ အခွင့်အရေး ချီးမြင့်ခံခဲ့ရသည်။
သူက နတ်ဘုရားဘုရင်အဆင့်အထိ တက်လှမ်းလာနိုင်ခြင်းမှာ ကောင်းကင်လူသား ကျင့်စဉ်နှင့် ပတ်သတ်နေသည်မှာ အမှန် ဖြစ်၏။ သို့သော်လည်း ဖန်းကျဲက သူ နတ်ဘုရားသိုက်မြုံအတွင်း ရရှိခဲ့သော ရတနာများသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍာအနေနှင့် ပါဝင်နေကြောင်း သိပေသည်။
“ တာအိုရောင်းရင်းတို့ … ကျုပ် ဖန်းကျဲက ဖြေရှင်းစရာ ကိစ္စလေးတွေ ရှိသေးလို့ ဂိုဏ်းကို အရင်ပြန်နှင့်ပါ့မယ်။ နှုတ်ဆက်ပါတယ် ” ဖန်းကျဲက နတ်ဘုရားသိုက်မြုံ နယ်မြေအသစ် ဖွင့်လှစ်မှုကြောင့် နှစ်အနည်းငယ် ကြာသည့်အထိ မည်သူမှ ပြန်ရောက်လာဦးမည် မဟုတ်ကြောင်း သိထားသည်။ သူက ထိုအချိန်လေးအတွင်း ဂိုဏ်းစခန်းသို့ ပြန်ပြီး ကျင့်ကြံဆင့် အခြေတည်အောင် ကြိုးစားရမည်။
“ ဟားဟား … တာအိုရောင်းရင်းဖန်း ကျုပ်တို့လည်း ဂိုဏ်းဆီ ပြန်တော့မလို့ပါပဲ။ ဒီလိုဆိုမှတော့ အတူတူ သွားကြရအောင် ” နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း၏ နတ်ဘုရားဘုရင် ဗောဓိနက်က ရယ်မောရင်း ပြောလိုက်သည်။
“ ဟုတ်တယ် ဟုတ်တယ် … ကျုပ်တို့တွေ အတူတူ သွားကြတာပေါ့ ” နတ်ဘုရားဘုရင် ယန်ထင်းလည်း မတ်တတ်ရပ်လိုက်သည်။ ထို့နောက် သူက နတ်ဘုရားဘုရင် ယီမင်နှင့် နတ်ဘုရားဘုရင် ယန်တုတို့ကို ကြည့်ကာ “ ခင်ဗျားတို့လည်း လိုက်လာမယ် မလား ”
နတ်ဘုရားယီမင်က သဘောတူစွာ ခေါင်းညိတ်ပြလိုက်သည်။ တဖက်တွင် နတ်ဘုရားဘုရင် ယန်တုက “ ကျုပ်က လူစုလူဝေးကို ကြိုက်တယ်။ အခု မသွားသေးဘူး ”
နတ်ဘုရားယီမင်နှင့် နတ်ဘုရားဘုရင် ယန်ထင်းတို့က နတ်ဘုရားဘုရင် ယန်တု စကားများကို ကြားသောအခါ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။ နတ်ဘုရားသိုက်မြုံ နယ်မြေအသစ် ပေါ်ထွက်လာပြီးသည့်နောက်တွင် သူတို့က ကောင်းကင်လူသားဂိုဏ်း၏ ဖန်းကျဲ၏ လျို့ဝှက်ချက်အား အတင်းထုတ်ဖော်ရန် စီစဉ်ထားမှု ရှိပေ၏။ သူတို့ စခန်းသို့ ပြန်သွားခြင်းမှာလည်း ထိုကိစ္စကြောင့် အတိအကျ ဖြစ်၏။ နတ်ဘုရားဘုရင် ယန်တုသည်လည်း သိထားပေသည်။ သူက ယခုအချိန်မှ အဘယ်ကြောင့် နောက်ဆုတ်နေရသနည်း။
“ သူတော်စင် … ဒီမှာ ဘာလုပ်စရာ ရှိလို့ ကျုပ်တို့နဲ့ အတူတူ မလိုက်တာလဲ ” နတ်ဘုရားဘုရင် ယီမင်က မျက်မှောင်ကျုတ်ကာ ပြောလိုက်သည်။
နတ်ဘုရားဘုရင် ယန်တုက သူ့ခပ်ဖောင်းဖောင်း ဗိုက်ကို တဖတ်ဖတ် ရိုက်ရင်း
“ ဟားဟား … နတ်ဘုရားသိုက်မြုံက အခုမှ ဖွင့်ကာစဆိုတော့ ကျုပ် လိုချင်တဲ့ စည်းမျည်းလေးတွေ ရှိနေသေးတယ်။ အဲကြောင့် ကျုပ် မထွက်သွားခင် ဉာဏ်အလင်းပွင့်ဖို့ ကြိုးစားကြည့်ချင်ရုံပါ။ ခင်ဗျားတို့ ကျုပ်ကို စောင့်ဖို့ မလိုဘူးနော် ”
နတ်ဘုရားသိုက်မြုံ နယ်မြေအသစ် ဖွင့်လှစ်ပြီးနောက်တွင် အနီးအနား၌ စည်းမျည်းများ ရှိနေသေး၏။ သို့သော်လည်း လေ့လာဖို့ရာ အင်မတန် အားပျော့နေပေသည်။ နတ်ဘုရားဘုရင် ယန်တုလိုမျိုး ပညာရှင်တစ်ယောက်အနေနှင့် ဤသို့ စည်းမျည်းများအပေါ် ဉာဏ်အလင်းပွင့်ဖို့ မလိုပေ။ ထိုစကားများမှာ သူတို့နှင့် မလိုက်ချင်လို့ အကြောင်းပြချက်မျှသာ ဖြစ်၏။
နတ်ဘုရားဘုရင် ယီမင်၏ အမူအယာမှာ မလိုလားဟန် ပြောင်းလဲသွားပြီး “ အစ်ကိုယန်တုက မလိုက်ချင်မှတော့ ကျုပ်တို့ပဲ အရင်သွားကြတာပေါ့ ”
နတ်ဘုရားဘုရင် ယီမင်၊ နတ်ဘုရားဘုရင် ယန်ထင်းနှင့် နတ်ဘုရားဘုရင် ဗောဓိနက်တို့ ဖန်းကျဲနှင့်အတူ ထွက်သွားတာကို ကြည့်ရင်း နတ်ဘုရားယန်တုက နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူ့ပုံရိပ်မှာ ဖြတ်ခနဲ ပျောက်ကွယ်သွားလေ၏။ သို့သော်လည်း သူက နတ်ဘုရားသိုက်မြုံဆီ ပြန်သွားခြင်း မဟုတ်ဘဲ တခြားဘက်သို့ ထွက်သွားခြင်း ဖြစ်သည်။
သူက နတ်ဘုရားဘုရင် ယီမင်တို့နောက် လိုက်မသွားသည့် အကြောင်းအရင်းမှာ သူတို့က ဖန်းကျဲအပေါ် လက်ပါတော့မည်မှန်း သိနေ၍ ဖြစ်သည်။
ယခင် နတ်ဘုရားသိုက်မြုံ နယ်မြေအသစ် မဖွင့်ခင်က နတ်ဘုရားဘုရင် ယီမင်တို့သည် ရုတ်ရုတ်သည်းသည်း မဖြစ်စေရဲသည်မှာ သူတို့အနေနှင့် မဟာနတ်ဘုရားဘုရင် ဆယ်ယောက်၏ အမျက်ဒေါသနှင့် ရင်မဆိုင်လို၍ ဖြစ်သည်။
ယခု နတ်ဘုရားသိုက်မြုံ နယ်မြေအသစ် ဖွင့်လိုက်ပြီ ဖြစ်ရာ သူတို့အနေနှင့် ဖန်းကျဲကို အပြတ်ရှင်းဖို့ရာ အကြောင်းပြချက် ရှာရုံမျှ လိုတော့၏။ အကယ်၍ မဟာနတ်ဘုရားဘုရင် ဆယ်ယောက်က ထိုအကြောင်း သိသွားကြလျှင် သူတို့အနေနှင့် အများဆုံး နှုတ်ဖြင့်သာ သတိပေးခံရမည် ဖြစ်သည်။
အကယ်၍ ယခင်ကလို ဖြစ်ပါက နတ်ဘုရားဘုရင် ယန်တုသည် သူတို့နောက် သေချာပေါက် လိုက်မိပေလိမ့်မည်။ သူ ယန်တုသည်လည်း ကောင်းကင်လူသားဂိုဏ်း၏ လျို့ဝှက်ချက်ကို သိချင်မိ၏။
သို့သော် ယခုတွင် ယန်တုက ဤသို့ မလုပ်ရဲတော့ချေ။
တစ်ခုတည်းသော အကြောင်းအရင်းမှာ မိုဝူကျိကြောင့် ဖြစ်၏။
ထန်ဝူကျန်းအား မိုဝူကျိက စကားလေးဖြင့်သာ ဖြောင့်ဖြလိုက်မည် မဟုတ်ကြောင်း သေချာသိနေသည်။ ထို့အစား ထန်ဝူကျန်းသည် ရှုံးနိမ့်လာရခြင်းသာ ဖြစ်ပေမည်။ ထို့အပြင် ယန်တုက မိုဝူကျိသည် ကနဦး နတ်ဘုရားအဆင့် ၁ မှန်းလည်း သေချာသိနေ၏။ နတ်ဘုရားဘုရင် ယန်တင်းက မိုဝူကျိအား ကနဦး နတ်ဘုရားအဆင့် ၉ ဟု ထင်ရသည့် အကြောင်းအရင်းမှာ ယန်ထင်းက ထန်ဝူကျန်း စကားများကြောင့် အကဲခတ်မှားသွားခြင်းသာ ဖြစ်သည်။ ယန်တင်းက သူ့လိုမျိုး ထိုးထွင်းအမြင် မရှိပေ။
ကနဦး နတ်ဘုရားအဆင့် ၁ ကျင့်ကြံသူလေးက ထန်ဝူကျန်းလိုမျိုး ကနဦး နတ်ဘုရား နောက်ပိုင်းအဆင့်အား အလွယ်လေး အနိုင်ယူနိုင်လေရာ မည်သည့် အဓိပ္ပါယ် ဖြစ်မည်နည်း။
ဆိုလိုသည်မှာ မိုဝူကျိသာ မသေခဲ့လျှင် သူ့အနာဂတ်မှာ ကန့်သတ်ချက် ကင်းမဲ့နေမည် ဖြစ်၏။ အလားအလာ ကောင်းလွန်းသည့် လူတစ်ယောက်အနေနှင့် နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်ထဲ ဝင်သွားလေရာ သူ ယန်တုက ဤသို့လူမျိုးအား ရန်စဖို့ရာ မလိုလားပေ။
အစပိုင်းတွင် သူသည်လည်း မိုဝူကျိအား သတ်ဖို့ရာ စဉ်းစားခဲ့သေး၏။ နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်က ဖွင့်သွားပြီ ဖြစ်ရာ ထိုသို လုပ်နိုင်မည့် အခွင့်အရေး မရှိတော့ပေ။ ယခု မိုဝူကျိက နတ်ဘုရားသိုက်မြုံထဲ ဝင်သွားပြီ ဖြစ်၍ ထိုသို့ပင် မလုပ်နိုင်တော့ပေ။ သူက မိုဝူကျိကို မသတ်နိုင်သည့်အတွက် သူ့ကိုယ်သူ အရှုပ်ထုတ်ကြား အဘယ်ကြောင့် ဝင်ပါရမည်နည်း။
…………..…
ဖန်းကျဲက ဂိုဏ်းဆီ ပြန်ရောက်လာသည်နှင့် သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ဒေါသထွက်သွားရသည်။ ကောင်းကင်လူသားဂိုဏ်း ခန်းမတစ်လွှာလုံးတွင် အလောင်းများနှင့် ပြည့်နေ၏။ အနည်းဆုံး အယောက် နှစ်ဆယ်လောက် ရှိနေပြီး နေရာတစ်ခုလုံးမှာ သွေးနံ့များ လှိုင်လှိုင် ထနေသည်။
“ ဘယ်သူလဲ။ ငါ့ကောင်းကင်လူသားဂိုဏ်းနေရာမှာ လာသတ်ရဲတယ်လား ” ဖန်းကျဲက ဒေါသတကြီး အော်ဟစ်ပြောလိုက်သည်။ သူက လက်အား ဆန့်ထုတ်ကာ ကောင်းကင်နတ်ဘုရားအဆင့် နှစ်ယောက်အား လေထဲ မြှောက်ထားလေသည်။
“ တည်ထောင်သူဘိုးဘေး … အဲဒီလူနှစ်ယောက်က ကျွန်မတို့ ကောင်းကင်လူသားဂိုဏ်းမှာ ဝင်ခွင့် နှစ်ခု ရှိသေးတဲ့အကြောင်း ကြားပြီး ရောက်လာတာပါ။ အစတုန်းက လုယက်ဖို့ ရောက်လာကြပေမဲ့ ကျွန်မတို့ တပည့်တွေကို စတင် သတ်ဖြတ်ကုန်ကြတယ် …” သနားစဖွယ် အမျိုးသမီးလေးက မြေပြင်ပေါ်တွင် ဒူးထောက်ရင်း ငိုကြွေးကာ ပြောလိုက်သည်။
ဖန်းကျဲက ထိုတပည့်ကို မှတ်မိပေသည်။ သူမက တန့်ယာ ဖြစ်၏။ သူက သတ်ဖြတ်ငွေ့များအား ချုပ်ထိန်းကာ ဖြည်းဖြည်းချင်း ပြောလိုက်သည် “ ဘာတွေ ဖြစ်ခဲ့တာလဲ ”
တန့်ယာက ငိုကြွေးရင်း ပြောလိုက်သည်
“ စီနီယာအစ်ကိုမိုက ယူမင်ယီနဲ ကျန့်ချုံအတွက် နေရာ နှစ်နေရာစာ ချန်ထားပေးခဲ့ပါတယ်။စီနီယာအစ်ကိုကျန့်ချုံနဲ့ စီနီယာအစ်မ ယူမင်ယီတို့က သူတို့ နတ်ဘုရားသိုက်မြုံထဲ မဝင်ခင် တည်ထောင်သူဘိုးဘေး စောင့်ဖို့ တာဝန်ယူထားတာပါ။
အဲဒီ ကောင်းကင်နတ်ဘုရားအဆင့် နှစ်ယောက်က ဒီကိစ္စကို ဘယ်လိုသိတာလဲ မသိဘူး။ သူတို့က ကျွန်မတို့ဆီ ရောက်လာပြီးတော့ စတင် သတ်ဖြတ်ပစ်ပြီး ကျွန်မတို့ နေရာကို ခိုးဖို့ ကြိုးစားကြတယ်။ တကယ်လို့ တည်ထောင်သူဘိုးဘေးသာ အချိန်မီ ပြန်မရောက်လာခဲ့ရင် ကျွန်မတို့ တပည့်တွေ အားလုံး အသတ်ခံနေရလောက်ပါပြီ ”
တန့်ယာက ပြောနေစဉ် အရပ်ပုပု ခပ်ဝဝ အမျိုးသားတစ်ယောက်က ပြေးလာကာ မြေပြင်ပေါ် ဒူးထောက်ထားရင်း “ တည်ထောင်သူဘိုးဘေး ကယ်ပါဦး ”
ထိုတပည့်မှာ ကျောင်းရှန်းချီ ဖြစ်၏။ ဖန်းကျဲက သူ့ကိုလည်း အမှတ်ရပေသည်။ ထိုစဉ် ဖန်းကျဲ၏ မျက်နှာမှာ အမူအယာပျက်ယွင်းလာလေ၏။ နတ်ဘုရားသိုက်မြုံ၏ ဂိုဏ်းစခန်းမှာ ရန်ပွဲများ တားမြစ်ထားသော နေရာ ဖြစ်ကာ ဤကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူနှစ်ယောက်က မည်သို့ လူလာသတ်ရဲသနည်း။
သူက ဤလူနှစ်ယောက်အား အမှုန့်အဖြစ် ပြောင်းလဲလိုက်ချင်သော်လည်း ဖန်းကျဲက ဒေါသကို ချုပ်ထိန်းထားဆဲ ဖြစ်သည်။ သူက လက်ဝါးကို ဖြန့်ကာ ထိုလူနှစ်ယောက်အား မြေပြင်ပေါ် ပြန်ပစ်ချလိုက်သည်။
သူက ဤကိစ္စမှာ ကောင်းကင်နတ်ဘုရားအဆင့် နှစ်ယောက်၏ ကြံစည်မှု မဟုတ်ကြောင်း သိထား၏။ နောက်ကွယ်မှ အဓိက ကြံစည်သူ ရှိကို ရှိရပေမည်။ အကယ်၍ ဤကောင်းကင်နတ်ဘုရားအဆင့် နှစ်ယောက်က သတ္တိပေါင်း အဆတစ်ထောင်လောက် ရှိနေလျင်ပင် ဤနေရာသို့ ရောက်လာကာ ကောင်းကင်လူသားဂိုဏ်း၏ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူများအား သတ်ပစ်ရဲဦးမည် မဟုတ်ပေ။
ကောင်းကင်နတ်ဘုရားအဆင့် နှစ်ယောက် မြေပြင်ပေါ်သို့ ရောက်လာသည့်အခါ သူတို့က သက်ပြင်းချလိုက်ကြသည်။ သူတို့သာ လူတိုင်းကို သတ်ပြီးသည်နှင့် ချက်ချင်း ထွက်သွားလျှင် ဘေးကင်းမည်ဟူသော နတ်ဘုရားဘုရင်၏ အာမခံမှု ရထားသော်လည်း နတ်ဘုရားဘုရင် ဖန်းကျဲက အချိန်မီ ပြန်ရောက်လာလိမ့်မည်ဟု မထင်ထားပေ။ ကံကောင်းစွာဖြင့် နတ်ဘုရားဘုရင် ဖန်းကျဲက အကျိုးအကြောင်း ချင့်ချိန်နိုင်စွမ်း ရှိနေသေးပြီး သူတို့ကို မသတ်ပေ။ သူသာ သူတို့ကို မသတ်သရွေ့ သူတို့အနေနှင့် အသက်ဆက်ရှင်ရန် မျှော်လင့်ချက် ရှိနေသေး၏။
“ ဝုန်း ဝုန်း ” ကောင်းကင်နတ်ဘုရားအဆင့် နှစ်ယောက် မြေပြင်ပေါ်သို့ ရောက်လာသည်နှင့် သူတို့ ဦးနှောက်များမှာ ပေါက်ကွဲထွက်သွားသည်။ ကြောက်မက်ဖွယ် သဘာဝစွမ်းအားက သူတို့၏ ဝိညာဉ်လမ်းကြောင်းများနှင့် အသိစိတ်ပင်လယ်များကို အပိုင်းပိုင်း အစစ ဖြစ်သွားစေသည်။ ကမ္ဘာဦး စိတ်ဝိညာဉ်များပင် ချက်ချင်း ဖျက်စီးခံလိုက်ရ၏။
သူတို့ မသေခင် သူတို့ မျက်ဝန်း၌ အံ့ဩမှုများ၊ တုန်လှုပ်များ၊ အမုန်းတရားနှင့် နောင်တတရားတို့သာ ကျန်ရှိနေသည်။
ဖန်းကျဲက ထိုသူနှစ်ဦး၏ ပေါက်ကွဲထွက်သွားသည်ကို မြင်သောအခါ သူလည်း အံ့အားသင့်သွားလေ၏။ သူက ထိုလူနှစ်ယောက်အား သတ်ဖို့ရာ တွေးပင် မတွေးထားပေ။ သူက အကျိုးသင့် အကြောင်းသင့် ဆင်ခြင်နိုင်သေး၏။ သူ့အနေနှင် ဤနေရာတွင် လူသတ်၍ မဖြစ်ပေ။ သူက ထိုလူနှစ်ယောက်အား အထက်ကို တင်ပြလိုက်ပါက သူတို့သည် ဂိုဏ်းကြီးများ၏ တပည့်ဖြစ်နေလျှင်ပင် သေမိန့် ချမှတ်ခံရမည် ဖြစ်၏။
“ တာအိုရောင်းရင်းဖုန်း ဘာတွေ ဖြစ်နေတာလဲ ” ရင်းနှီးသည့် အသံတစ်သံ အပြင်ဘက်မှ ထွက်ပေါ်လာသည်။ ဖန်းကျဲ စိတ်ထဲ လေးလံမိသွားသည်။ ဤသူမှာ နတ်ဘုရားဘုရင် ဗောဓိနက် ဖြစ်ကြောင်း ပြောနိုင်ပေသည်။
ဖန်းကျဲက နတ်ဘုရားဘုရင်အဆင့်အထိ ကျင့်ကြံနိုင်လေရာ မည်သို့များ သိသာနေသည့် ကြံစည်မှုအား မသိဘဲ နေမည်နည်း။
“တာအိုရောင်းရင်းဖုန်းက လူအများကြီး သတ်ခဲ့တာပဲ ” နတ်ဘုရားဘုရင် ယန်ထင်း အသံက နောက်မှ ကပ်ပါလာသည်။ သူ့နောက်တွင် နတ်ဘုရားဘုရင် ယီမင် ဖြစ်၏။
ဖန်းကျဲက အသက်ပြင်းပြင်း ရှုလိုက်သည်။ သူက ထိုသုံးယောက်သည် သူနှင့် ရင်ဆိုင်လိုနေမှန်း သိထားသော်လည်း သူတိုသည် ဤမျှအထိ လုပ်ရဲလောက်အောင်အထိ သတ္တိကောင်းမည်ဟု မထင်ထားပေ။
တန့်ယာက မြန်မြန် ရှေ့ထွက်လာကာ “ စီနီယာတို့ ကျေးဇူးပြုပြီး အမြင်မမှားပါနဲ့။ ဒါတွေက ကျွန်မတို့ဂိုဏ်းသားတွေပါ။ သူတို့ကို တည်ထောင်သူဘိုးဘေးက သတ်ထားတာ မဟုတ်ပါဘူး။ ဟိုကောင်းကင်နတ်ဘုရားအဆင့် နှစ်ယောက်ကိုပဲ … ”
တန့်ယာက ထိုအထိ ပြောပြီးနောက် ကောင်းကင်နတ်ဘုရားအဆင့် နှစ်ယောက်၏ အလောင်းကို ညွှန်ပြကာ “ ကျွန်မတို့ တည်ထောင်သူဘိုးဘေးက သူတို့ကိုပဲ သတ်ခဲ့တာပါ။ အဲဒါကလည်း သူတို့က ကျွန်မတို့ ကောင်းကင်လူသားဂိုဏ်းရဲ့ တပည့်တွေကို လာသတ်ဖြတ်လို့ပါ ”
ဖန်းကျဲက တန့်ယာအား အေးစက်စက် ကြည့်ကာ တစ်လုံးချင်းစီ ပြောလိုက်သည် “ ကောင်းတယ် … အရမ်းကောင်းတယ် ”
သူက သူ့ကိုယ်ပိုင်ဂိုဏ်း၏ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်မှ သစ္စာဖောက်ခြင်း ခံရလိမ့်မည်ဟု မထင်ထားပေ။ အကယ်၍ သူ့တပည့်က ထိုနှစ်ယောက်ကို သတ်လိုက်သူမှာ သူ ဖြစ်ကြောင်း ပြောနေလျှင် သူ့ဆီမှ ပြန်လည် ချေပမှုအားလုံးက အကျုံးဝင်မည် မဟုတ်တော့ပေ။
“ ညီလေးဖန်း … ကျုပ်က ခင်ဗျားရဲ့ မိတ်ဆွေဆိုပေမဲ့ နတ်ဘုရားသိုက်မြုံ စည်းကမ်းနဲ့ ပတ်သတ်လာရင် ဘာမှမတတ်နိုင်ဘူးလေ။ ကျုပ်တို့က ဂိုဏ်းနယ်မြေမှာ ဘယ်သူကိုမှ သတ်ဖို့ ခွင့်ပြုမထားဘူးလေ။ ညီလေးဖန်းမှာ အဲလို လုပ်ရတဲ့ အကြောင်းပြချက် ရှိတယ်ဆိုပေမဲ့လည်း ကျုပ်တို့က ညီလေးဖန်းကို နတ်ဘုရားဘုရင် ဝူကျဲနဲ့ တွေ့ဖို့ ခေါ်သွားရမယ် ” နတ်ဘုရားဘုရင် ယန်ထင်းက မထူးမခြားနား ပြောလိုက်သည်။
ဖန်းကျဲ မျက်နှာပေါ်တွင် တည်တည်ငြိမ်ငြိမ် အမူအယာ ရှိနေဆဲ ဖြစ်၏။ သူက သေချာပေါက် ခေါ်ဆောင်သွားခံရ၍ မဖြစ်ပေ။ အကယ်၍ သူက တိုက်ပွဲ၌ သေဆုံးသွားလျှင်ပင် ခေါ်ဆောင်သွားခွင့် ပေး၍ မဖြစ်ပေ။ သူသာ ခေါ်ဆောင်သွားခံရလျှင် သူ့အနေနှင့် မဟာနတ်ဘုရားဘုရင် ဆယ်ဦးနှင့် တွေ့ဖို့ရာ မဖြစ်နိုင်တော့ပေ။
***