စီနီယာအစ်ကိုသေမင်းနှင့် တွေ့ဆုံခြင်း
Vol. 66 Ch. 921
မိုဝူကျိက တံခါးအသစ်တစ်ချပ်အား ဖွင့်မိလိုက်သလို ခံစားမိလိုက်သည်။ သူ့သဘာဝစွမ်းအားများနှင့် စည်းမျည်းအပေါ် အသိအမြင်များမှာ ပြီးပြည့်စုံလှသည်။ ယခင် သူ့ကျင့်ကြံရေး နှောင့်နှေးနေသည့် အကြောင်းအရင်း နှစ်ချက်မှာ နံပါတ်တစ် ကျင့်ကြံရေး အရင်းအမြစ်များ လိုအပ်နေ၍ ဖြစ်ပြီး နံပါတ်နှစ်အနေနှင့် သူ့ဘေးပတ်လည်ရှိ မိုးမြေစည်းမျည်းများက မပြီးပြည့်စုံ၍ ဖြစ်သည်။
ယခုအချိန်အထိ မိုဝူကျိသည် မိုးမြေစည်းမျည်းများ မပြီးပြည့်စုံသည့် ကျင့်ကြံရေး နေရာများတွင်သာ လေ့ကျင့်ခဲ့ရသည်။ အစကတည်းက ဖြစ်သောကြောင့် သူ့ကျင့်ကြံဆင့်မှာ အမှောင်ထု စည်းမျည်း လစ်ဟာနေပေ၏။
ယခု သူက အမှောင်ထုစည်းမျည်းနှင့် ကျင့်ကြံနိုင်ပြီ ဖြစ်ရာ သူ့အနေနှင့် ခမ်းခြောက်နေသည့် သဲကန္တာရထဲ စမ်းချောင်းလေး စီးဆင်းလာသလို ခံစားလိုက်ရသည်။
အမှောင်ထုစည်းမျည်းများနှင့် သူ့မဟာတာအိုမှာ ပို၍ ပြတ်သားလာကာ သူ့လျို့ဝှက်တိုက်ကွက်များအား နားလည်နိုင်စွမ်းမှာလည်း ပို၍ ကျွမ်းကျင်လာသည်။
နှစ်ဝက်တာက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပြီးနောက် မိုဝူကျိက မျက်လုံး ပြန်ဖွင့်ကြည့်လိုက်သည်။ သူက ကနဦး နတ်ဘုရားအဆင့် ၂ တွင်သာ ရှိသေးသော်လည်း သူ့မျက်ဝန်းများမှ ပျော်ရွှင်မှုအား မဖုံးကွယ်ထားနိုင်ပေ။
နှစ်ဝက်တာအတွင်း သူက အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ပြီးပြည့်စုံစေခဲ့သည်။ ယခင် သူ့ချီသွေးကြော အခြေခံထားသော ပြောင်းပြန် အင်မော်တယ်မော်တယ် ကျင့်စဉ်မှာ မိုဝူကျိ၏ အသိအမြင်များနှင့် ပေါင်းစပ်ထားသောကြောင့် စကြဝဠာတစ်ခုလုံး၌ ထိပ်တန်းအဆင့် ကျင့်စဉ် ဖြစ်နေပြီ ဖြစ်၏။ သို့သော်လည်း တစ်ခုခု လစ်ဟာနေဟန် ပေါ်သည်။ ယခုတွင် သူက ထိုလိုအပ်နေသည့်အရာမှာ အမှောင်ထုစည်းမျည်း ဖြစ်ကြောင်း နားလည်လိုက်၏။
ယခု အမှောင်ထုစည်းမျည်းများက သူ့ကျင့်စဉ်နှင့် ပေါင်းစပ်သွားပြီ ဖြစ်ရာ သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်သည် နောက်ဆုံး၌ ပြီးပြည့်စုံသွားပြီ ဖြစ်၏။ တစ်ခုခု လိုအပ်နေဟန် ပေါ်သေးသော်လည်း သူ့ကျင့်ကြံဆင့် တိုးတက်လာသည့်အခါ ထိုအရာများက ရောက်လာပေလိမ့်မည်။ သူတို့က သူ လိုချင်သည်ဆိုရုံဖြင့် ရလာနိင်သည့် အရာမျိုး မဟုတ်ပေ။
မိုဝူကျိက ကျင့်ကြံရေးကို ရပ်တန့်လိုက်ပြီး ထရပ်လိုက်သည်။ သူက ကူချိုက်သည် ကနဦး နတ်ဘုရားအဆင့် ၃ သို့ ရောက်နေပြီ ဖြစ်ကြောင်း သတိထားမိလိုက်သည်။ ဤအမြန်နှုန်းမှာ အတော်လေးကို အံ့ဖွယ် ဖြစ်ပေသည်။
သူက ကူချိုက်ကို မနှောင့်ယှက်တော့ပေ။ ကူချိုက်၏ ဝိညာဉ်ကြောမှာ အင်မတန် အားကောင်းလှပြီး အမှောင်ထု ကျင့်စဉ် ကျင့်ကြံဖို့အတွက် သင့်တော်ပေသည်။ သူနှင့် ကွာခြားပေ၏။ သူက အမှောင်ထုစည်းမျည်းကို ကျင့်စဉ်ထဲ ပေါင်းစပ်ပြီးသော်လည်း ကနဦး နတ်ဘုရားအဆင့် ၂ ၌သာ သောင်တင်နေသေး၏။ သိုသော် သူ့အင်အားမှာ တိုးတက်လာပေသည်။ သို့သော်ငြား သူက ကျင့်ကြံဆင့် တိုးတက်လိုလျှင် သူ့အနေနှင့် နတ်ဝိညာဉ်စွမ်းအား သိပ်သည်းသည့် နေရာကို ရှာဖို့ရာ လိုအပ်နေသည်။
မိုဝူကျိက ကူချိုက်အတွက် စာချန်ထားခဲ့ပြီး နတ်ဘုရားသိုက်မြုံအတွင်း သူ ကျင့်ကြံရေး အရင်းအမြစ်များ ရှာနေစဉ် သူမအား ဆက်လက် ကျင့်ကြံနေဖို့ရာ မှာကြားခဲ့သည်။
သူက အမှောင်ထုစည်းမျည်းအကြောင်း လေ့လာပြီး ပေါင်းစပ်လိုသောကြောင့် နှစ်ဝက်တာ အချိန်ယူခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်လည်း ထိုနှစ်ဝက်တာ ကာလလေးက သူ့အတွက် အရမ်းအကျိုးရှိပေသည်။ ထို့အပြင် မိုဝူကျိက နတ်ဘုရားသိုက်မြုံ ကျယ်ပြောမှုဖြင့် နှစ်ဝက်တာအတွင်း ပစ္စည်းကောင်းများ အကုန်ပါမသွားလောက်ကြောင်း ယုံကြည်နေမိသည်။
လက်တွေ့၌ မိုဝူကျိက ကျင့်ကြံသူများ၏ ရတနာ တပ်မက်မှုအား လျော့တွက်မိခဲ့သည်။ တစ်လတာ ကုန်ဆုံးသွားသော်လည်း မိုဝူကျိအနေနှင့် ရတနာ ကောင်းကောင်း မတွေ့သေးပေ။ တစ်လမ်းလုံးမှာ လမ်းရှင်းထားသကဲ့သို့ ရှင်းလင်းနေလေ၏။ အကယ်၍ အမှောင်ထုစည်းမျည်းအပြင် ဘာမှကောင်းသည့်အရာ မရှိသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ကန္တာရသည်လည်း ရှင်းလင်းနေလောက်လေပြီ။
မိုဝူကျိက ဆက်မရှာဖို့ရာ ဆုံးဖြတ်လိုက်သည်။ သူ့လေလွတ်မြောက်ရေး နည်းစနစ်အား မိုင်ကုန်ထုတ်သုံးပြီးနောက် သွားလိုက်သည်။
နောက်ထပ် တစ်လတာကြာပြီးနောက် မိုဝူကျိက ဆေးပင် စိုက်ခင်းရှေ့တွင် ရပ်တန့်လိုက်တော့၏။
နောက်ဆုံးတွင် လူအရိပ်အယောင် မရှိသေးသည့် နေရာတစ်ခုကို ရှာတွေ့ခဲ့ခြင်း ဖြစ်၏။ ဤနေရာ၌ ဆေးပင်များ အနည်းဆုံး ရာကျော် ရှိပေမည်။ ဆေးလုံးဆရာတစ်ယောက်အနေနှင့် သူ့အတွက် ဤဆေးပင်များက အသုံးဝင်ပေမည်။
မိုဝူကျိက ရွိက်ကောနှင့် တာ့ဟွမ်တို့အား ခေါ်ထုတ်လိုက်လေသည်။ သူတို့က ဆေးပင်ခူးရမည် ဖြစ်ကာ လူများများ ရှိခြင်းက ပိုကောင်းပေ၏။
“သခင်ကြီး … ကျွန်တော် ရှန်းထျန်းရတနာတစ်ခုကို ခံစားမိတယ် ” တာ့ဟွမ်က ထာဝရကမ္ဘာမှ ထွက်ထွက်လာချင်း တအံ့တဩ ပြောလိုက်သည်။
မိုဝူကျိက စိုးရိမ်တကြီး မေးလိုက်လေ၏ “ ဘယ်မှာလဲ … ရှန်းထျန်း ရတနာဆိုတာကို ဘယ်လိုလုပ် သိတာလဲ ”
တာ့ဟွမ်က မြန်မြန် ပြောလိုက်သည် “ ဒီနေရာနဲ့ သိပ်မဝေးဘူး။ ကြည့်ရတာ ကျွန်တော် ခန္ဓာကိုယ်နဲ့ ဆက်စပ်နေတယ် ထင်တယ်။ အဲဒီစွမ်းအင်က ဖီကာရွံ့စေးနဲ့ ခပ်ဆင်ဆင်ပဲ ”
“ဆေးပင်တွေ မြန်မြန် တူးယူပြီးရင် တာ့ဟွမ်က ရတနာ ရှာဖို့ ဦးဆောင်လိုက် ” မိုဝူကျိက ချက်ချင်း ညွှန်ကြားလိုက်သည်။
သူက တာ့ဟွမ် စကားများကို ယုံမှားသံသယ မဝင်မိပေ။ သူက ဖီကာရွံ့စေးဖြင့် တာ့ဟွမ်၏ ခန္ဓာကိုယ်အား ပုံသွင်းထုဆစ်ပေးထားသည် မဟုတ်ပါလော။ ဖီကာရွံ့စေး ဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ ရှန်းထျန်း ရတနာ အမျိုးအစား ဖြစ်၏။ တာ့ဟွမ်၏ ခန္ဓာကိုယ်မှာ ဖီကာရွံ့စေးနှင့် ပြုလုပ်ထားသည့်အတွက် တာ့ဟွမ်အနေနှင့် ရှန်းထျန်း ရတနာကို ခံစားမိသည်မှာ အံ့ဩစရာ မဟုတ်ပေ။
ရွိုက်ကောက ထာဝရကမ္ဘာငယ်လေးအတွင်း ပိတ်မိနေသည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ ဝမ်းချုပ်ချင်သလိုလို နေမကောင်းချင်သလိုလို ဖြစ်ချင်နေမိသည်။ ယခု ဆေးပင် ခူးဖို့ အပြင်ထွက်လာရပြီ ဖြစ်ရာ ပျော်ရွှင်မိနေ၏။
သုံးယောက်သား အတူတကွ လုပ်ကိုင်လိုက်ပြီးနောက် အပင်ရာကျော်မှာ ခဏလေးအတွင်း မိုဝူကျိ၏ ကမ္ဘာငယ်လေးထဲသို့ ရောက်ရှိသွားတော့သည်။
ထို့နောက် တာ့ဟွမ်၏ ဦးဆောင်မှုအောက်ဖြင့် နေ့တစ်ဝက်တာ သွားလာပြီးနောက် အတော်လေး နက်သည့် ချောက်နက်ဆီ ရောက်ရှိလာသည်။ ချောက်နက်၏ အကျယ်ဆုံးအပိုင်းမှာ စင်တီမီတာ သုံးဆယ်လောက်သာ ရှိပြီး အကျဉ်းဆုံး အပိုင်းမှာ ငွေမျှင်လောက်သာ ရှိပေ၏။ ချောက်နက်တစ်ခုအစား အတိအကျဆိုရလျှင် အက်ကြောင်းတစ်ခုမျှသာ ဖြစ်၏။ အက်ကြောင်းတစ်ခုလုံးမှာ မီတာ တစ်ရာမျှသာ ရှည်လျား၏။
ချောက်နက် ဘေးနံရံများ၌ ထူးထူးဆန်းဆန်း ကျောက်တုံးများ ရှိနေပြီး မိုဝူကျိက စိတ်စွမ်းအား ပို့လွှတ်ကြည့်သော်လည်း မီတာ တစ်သောင်းအပြင် မရောက်နိုင်ပေ။ ကြည့်ရသည်မှာ သူ့စိတ်စွမ်းအားကို တစ်ခုခုက တားဆီးထားဟန် ရှိသည်။
“ သခင်ကြီး ဒီချောက်ထဲမှာ ရှိတယ် ” တာ့ဟွမ်က ကျဉ်းမြောင်မြောင် ချောက်ကို ညွှန်ပြပြီးနောက် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
သူက ဖီကာရွံ့စေး၏ တန်ဖိုးကြီးမားပုံကို သေချာသိထား၏။ ပြောရမည်ဆိုလျှင် သူ့သခင်ကြီးမှ လွဲ၍ မည်သူကမှ သူ့အား ဖီကာရွံ့စေးဖြင့် ခန္ဓာကိုယ် ထုဆစ်ပေးမည် မဟုတ်ပေ။ ဤချောက်နက်ထဲမှ အရာ၏ အငွေ့အသက်သည် သူ့ဖီကာရွံ့စေး၏ အငွေ့အသက်နှင့် ဆင်တူနေလေရာ အဆင့်နိမ့်မည် မဟုတ်ပေ။ သူက သူ့သခင်ကြီးအတွက် အဆင့်မြင့် ရတနာ ရှာပေးနိုင်သောကြောင့် တာ့ဟွမ်က အင်မတန် ပျော်ရွှင်မိနေသည်။
“ ငါ အောက်ဆင်းပြီးတော့ တစ်ချက်ကြည့်ကြည့်လိုက်မယ်။ မင်းတို့ နှစ်ယောက်က ဒီမှာ စောင့်နေလိုက် … အာ တစ်ယောက်ယောက် လာနေပြီ။ မင်းတို့နှစ်ယောက် အထဲဝင်ထားလိုက်တော့ ” မိုဝူကျိက တာ့ဟွမ်နှင့် ရွိုက်ကောတို့အား ထာဝရ ကမ္ဘာငယ်လေးအတွင်း ပြန်လည် ပို့လွှတ်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက အသွင်ပြောင်းဆေးလုံးကို သောက်ပြီး ရုပ်ပြောင်းလဲလိုက်သည်။ ထို့နောက် သူက ဝေကျဲ၏ မျက်နှာဖုံးကိုပင် ကောက်စွပ်ထားလိုက်သေး၏။
ဤနေရာတွင် ကောင်းကင်နတ်ဘုရားအဆင့်အထိသာ ရှိပေသည်။ သူ့စွမ်းအားစက်ကွင်း၏ ကာကွယ်မှုဖြင့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများပင် သူ့ရုပ်ဖျက်မှု အကာအရံနှစ်ထပ်အား ဖောက်ထွင်း မြင်နိုင်မည် မဟုတ်ပေ။
မိုဝူကျိက ရုပ်ဖျက်ပြီးသည့်အချိန်တွင် ပုံရိပ် သုံးခု ရောက်ရှိလာသည်။
မိုဝူကျိက အကယ်၍ ရောက်လာသည့် သုံးယောက်ထဲတွင် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ ပါမည်ဆိုလျှင် သူက ချက်ချင်း ထွက်သွားဖို့ ဆုံးဖြတ်ထားသည်။ သို့သော်လည်း ထိုလူများ၏ အငွေ့အသက်အရ အားအကောင်းဆုံးမှာ ကနဦး နတ်ဘုရားအဆင့် ၉ ထက် မပိုနိုင်ချေ။
ထို့အပြင် မိုဝူကျိက အားအကောင်းဆုံးသူမှာ ချူယို့ ဖြစ်နေကြောင်း မှတ်မိလိုက်၏။ သူက ဤအမျိုးသမီးကို ယခင်က ကယ်တင်ပေးခဲ့ဖူးသည်။ နောက်တစ်ခါ ထပ်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်မှာ ကျယ်ပြန့်လွန်းသော်လည်း ချူယို့နှင့် တွေ့ဆုံမိသေး၏။ ကြည့်ရသည်မှာ သူတို့ကြား၌ ကံကြမ္မာ ဆက်နွယ်မှု ရှိနေတာ ဖြစ်နေနိုင်သည်။
ချူယို့နှင့်အတူ အမျိုးသမီး တစ်ယောက်နှင့် အမျိုးသား တစ်ယောက် ပါလာသည်။ နှစ်ယောက်လုံးမှာ ကနဦး နတ်ဘုရား အလယ်အလတ်အဆင့်သာ ရှိသေး၏။
ချူယို့နှင့် သူမ အဖွဲ့တို့ ရောက်လာစဉ် နောက်ထပ် ပုံရိပ်နှစ်ခုသည်လည်း အဝေးတစ်နေရာမှ အမြန်ပြေးလာသည်။
မိုဝူကျိက မလှုပ်ရှားသေးပေ။ သူတို့၏ ဝိညာဉ်စွမ်းအား အရှိန်အဝါများအရ အသစ်ရောက်လာသူ နှစ်ဦးမှာလည်း ကနဦး နတ်ဘုရားအဆင့် ဖြစ်ကြောင်း သိလိုက်သည်။ ထိုလူနှစ်ယောက် ချည်းကပ်လာသည့်အခါ မိုဝူကျိ၏ စိတ်ထဲ၌ သတ်ဖြတ်လိုစိတ်များ ချက်ချင်းလက်ငင်း ကြီးထွားလာသည်။
လူနှစ်ယောက်အနက် တစ်ယောက်မှာ စီနီယာအစ်ကိုသေမင်း ဝူလျန့် ဖြစ်နေသည်။ မိုဝူကျိအနေနှင့် ယခုအချိန် အသတ်ချင်ဆုံးသူကို မေးပါလျှင် အဖြေမှာ ဝူလျန့်သာ ဖြစ်ပေမည်။
“ချူယို့ … မင်းလည်း ရတနာ အငွေ့အသက်ကို အာရုံခံနိုင်လိမ့်မယ်လို့ မထင်ထားဘူး။ ကမ္ဘာကြီးက တကယ်ကို ကျဉ်းကျဉ်းလေးပဲ။ ငါ တစ်ခုပဲ ပြောမယ်။ အဲဒီပစ္စည်းကို ပေးမှာလား။ ပေးရင်တော့ မင်းကို ဘာမှလုပ်မှာ မဟုတ်ဘူး။ မပေးဘူးဆိုရင်တော့ မင်းဘာသာ ဝမ်ချွမ်းတာအိုကျောင်းတော်က ဖြစ်နေရင်လည်း အရေးစိုက်မှာ မဟုတ်ဘူး ” ဝူလျန့်က ချူယို့ လမ်းကြောင်းအား ပိတ်ထားကာ ပြောလိုက်သည်။ သူ့လေသံ၌ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပါဝင်နေသည်။
ထို့နောက် သူက ဘေးရှိ အမျိုးသားနှင့် အမျိုးသမီးဘက် လှည့်ကာ ပြောလိုက်သည် “ မင်းတို့ နှစ်ယောက်လည်း အတူတူပဲ ”
မိုဝူကျိက အနည်းငယ် အံ့အားသင့်မိသွားသည်။ သူက ချူယို့၏ ဇာစ်မြစ်အကြောင်း သေချာသိထားသော်လည်း ဝူလျန့်၏ နောက်ခံက မည်သူ ဖြစ်နေမည်နည်း။ ချူယို့ကိုပင် မကြောက်ရွံ့လေရာ မည်သူ ဖြစ်နေမည်နည်း။ မိုဝူကျိက ဝူလျန့်နှင့် အတူ ရောက်ရှိလာသော ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူသည်လည်း သူ့အား ကြောက်ရွံ့နေဟန် ပေါ်သည်။ သူတို့ ရောက်လာသည်နှင့် သူက ဝူလျန့်နှင့် ခပ်လှမ်းလှမ်းတွင် ရပ်နေသည်။
ချူယို့က ပြန်တုံ့ပြန်လိုက်၏
“ ဝူလျန့် … တခြားသူတွေက ရှင့်ကို ကြောက်ကြပေမဲ့ ကျွန်မတို့ ဝမ်ချွမ်းတာအိုကျောင်းတော် မပါဘူး။ ပြီးတော့ ဝမ်ချွမ်းတာအိုကျောင်းတော်က ကျွန်မ တစ်ယောက်တည်း မဟုတ်ဘူး။ ကျွန်မက ရှင့်ပြိုင်ဖက် မဖြစ်နိုင်ရင်တောင် ကျွန်မတို့ ဝမ်ချွမ်းတာအိုကျောင်းတော်မှာ တကယ့် ပညာရှင်တွေ အများကြီး ရှိသေးတယ်”
“ ဟားဟား ” ဝူလျန့်က ရယ်မောလိုက်ပြီး “ အဲဆို ခေါ်လိုက်လေ။ မင်းကို အသက်သုံးရှိုက်စာ အချိန်ပေးမယ်။ ပစ္စည်းကို ပေးလိုက် … မဟုတ်ရင်တော့ မင်း သေလိုက်တော့။ ငါ ဝူလျန့်ကို ဘယ်သူက ဘာလုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့ ”
ချူယို့ မျက်နှာမှာ မရေရာမှုဖြင့် ပြည့်လာသည်။ သူမက ပထမအကြိမ် ထွက်ပြေးလာနိုင်ခဲ့သည်မှာ ဝူလျန့်က ထောင်ချောက်အတွင်း ကျရောက်သွား၍ ဖြစ်သည်။ ယခုအခါ သူမအနေနှင့် ကံကောင်းနိုင်မည် မဟုတ်တော့ပေ။ သူမက ဝူလျန့် စကားများကို ကြားလိုက်သောအခါ သူမကို သတ်ပြီးသောအခါ သူ့အနေနှင့် ကျန်လူများကို သတ်ပစ်ဖို့ရာလည်း ယုံကြည်ချက် ရှိနေကြောင်း သိလိုက်သည်။
“ မင်းနာမည်က ဝူလျန့်လား … တကယ်ကို ကြည့်မကောင်းလိုက်တာ ” အသံတစ်သံ ထွက်ပေါ်လာသောကြောင့် အားလုံးက အလန့်တကြား ဖြစ်သွားကြသည်။
အားလုံးက မိုဝူကျိအား လှည့်ကြည့်လိုက်ကြ၏။ မိုဝူကျိက ဦးဆုံး ရောက်နေသူ ဖြစ်သော်လည်း မည်သူကမှ မိုဝူကျိအား အာရုံမစိုက်ခဲ့ကြချေ။
ထိုလူက ရှေ့ထွက်လာကာ ဝူလျန့်အား ကြိမ်းမောင်းလိမ့်မည်ဟု မည်သူကမှ မထင်ထားကြပေ။
ဝူလျန့်က မိုဝူကျိအား ဆွံ့အစွာ ကြည့်လိုက်ရင်း ခေါင်းတခါခါဖြင့်
“ အလှလေးကို ဝင်ကယ်ဖို့ သူရဲကောင်း လုပ်ချင်တာတော့ ပုံမှန်ပါပဲ။ စိတ်မကောင်းစွာနဲ့ မင်းက အချိန်မှန်ကို မရွေးချယ်တတ်ဘူးပဲ …အစတုန်းက မင်းကို မသတ်ခင် အချိန်လေး ပေးထားဖို့ ကြံထားပေမဲ့ မင်းက ကိုယ့်သေတွင်းကို တူးနေမှတော့ ဒီအစ်ကိုကြီးကို လာအပြစ်မတင်နဲ့ ”
ဝူလျန့်က ပြောလိုက်ရင်း လက်ဝါးကို ဖြန့်ကာ ကြိုးနက်ငါးသွယ်ကို မိုဝူကျိထံ ပစ်လိုက်သည်။ ထိုကြိုးနက်ငါးချောင်းက ကျိုးတို့ကျဲတဲ ဖြစ်နေသော်လည်း မျက်စိတစ်မှိတ်အတွင်း ပိုက်ကွန်သဖွယ် ဖြစ်တည်လာသည်။
မိုဝူကျိ၏ ပုံရိပ်က လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားကာ လေပြေလေးအလား ထိုပိုက်ကွန်ကို ရှောင်ရှားလိုက်သည်။
ဝူလျန့်က အလန့်တကြား ဖြစ်မိသွားသည်။ သူ့ကြိုးနက်များက မိုဝူကျိအား အလွယ်တကူ ပိတ်လှောင်နိုင်လိမ့်မည်ဟု တွေးထားလေ၏။ ထို့နောက် သူက မိုဝူကျိအား ဖြည်းဖြည်းချင်းဖြင့် မည်သို့ ပြုမူရမည်ကို သင်ကြားပေးမည် ဖြစ်သည်။ သူ သင်ပေးမည့် ပထမဆုံးစည်းကမ်းမှာ သူ ဝူလျန့်ရှေ့တွင် မိန်းမလှလေးအား ကယ်တင်ဖို့ သူရဲကောင်း ဝင်မလုပ်သင့်သည့် အကြောင်း ဖြစ်၏။
သူက ကြိုးနက်ငါးသွယ်သည် မိုဝူကျိအား မဖမ်းနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဘာတွေ ဖြစ်ကုန်တာလဲ …
မိုဝူကျိက ယခုအချိန်အထိ မလှုပ်ရှားသေးပေ။ ထို့အစား သူက ကျန်လူများကို လှည့်ကြည့်ရင်း ပြောလိုက်သည်
“ ငါက နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းကပဲ။ မင်းတို့တွေက ငါ မင်းတို့ကို မသတ်ခင် ဝူလျန့်ကို သတ်တာ စောင့်နေတာလား ဒါမှမဟုတ် မင်းတို့တွေက ဝူလျန့်က မင်းတို့ကို မသတ်ခင် ငါ့ကို သတ်တာ စောင့်နေတာလား ”
သူတို့က မိုဝူကျိ စကားကို ကြားလိုက်သောအခါ ချူယို့ အပါအဝင် ကျန်ရှိနေသည့် လူလေးယောက်က မြန်မြန် နောက်ဆုတ်လိုက်ကြသည်။ မည်သူကမှ မိုဝူကျိ မည်မျှ အားကောင်းကြောင်း မသိကြသော်လည်း ဝူလျန့်သည် မည်မျှ ကြောက်မက်ဖို့ ကောင်းကြောင်း သိထားကြသည်။ ထို့ကြောင့် သူတို့ လေးယောက်ကို ထည့်ပြောနေဖို့ပင် မလိုပေ။ အကယ်၍ နောက်ထပ် လူများ ရှိနေဦးမည်ဆိုလျှင်ပင် ဝူလျန့်အနေနှင့် အားလုံးကို သတ်နိုင်စွမ်း ရှိနေသေး၏။
ဝူလျန့်က ရှေ့ထွက်ကာ သူတို့ကို တားဆီးချင်သော်လည်း မိုဝူကျိက ရှေ့တိုးလာက လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။
သူ့စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်မှာ ဝူလျန့်၏ စွမ်းအားစက်ကွင်းအား ဖျက်စီးပစ်လိုက်သည်။ ကြောက်မက်ဖွယ် သဘာဝစွမ်းအားက ဝူလျန့်ထံ ဝင်ရောက်လာ၏။ ဝဲကတော့ စွမ်းအားစက်ကွင်းက ဝူလျန့်အား ရစ်ပတ်ထားသည့်အခါ ဝူလျန့်ကိုယ်တိုင်လည်း အံ့ဩနေမိသည်။ သူက ချူယို့တို့အား တားဆီးဖို့ မကြိုးစားတော့ပေ။ မိုဝူကျိသည် သူ့ထက် အားမနည်းကြောင်း သေချာသိလိုက်၏။
“ မင်းက ဘယ်သူလဲ ” ဝူလျန့်က အလောတကြီး အော်ပြောလိုက်ရင်း ကြေးမောင်းတစ်ခုက သူ့ရှေ့ ပေါ်လာသည်။ ထိုကြိုးနက်ငါးသွယ်မှာ လေထဲ၌ စတင်တုန်ခါလာကြပြီး တုန်ခါလှိုင်း တစ်ခုချင်းစီက သတ်ဖြတ်ငွေ့များ ထုတ်လွှင့်နေသည်။ သူက နတ်ဘုရားနယ်မြေမှ နာမည်ကြီး ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူအားလုံးကို သိထား၏။
မိုဝူကျိလိုမျိုး ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူက မည်သည့်နေရာမှ ပေါ်လာသနည်း။
မိုဝူကျိက မျက်မှောင်ကျတ်လိုက်သည်။ သူက ဝူလျန့်အား ကြောက်ရွံ့နေ၍ မဟုတ်ဘဲ သူ ခြောက်လန့်လိုက်သည့် လူလေးယောက်က ပြန်ရောက်လာကြသောကြောင့် ဖြစ်၏။ သူတို့က သူတို့ချည်း မဟုတ်ဘဲ ကျင့်ကြံသူ အယောက်နှစ်ဆယ်မှ သုံးဆယ်ကြား ခေါ်လာသေးသည်။
လူအုပ်ကြီး ချည်းကပ်လာသည်ကို မြင်၍ မိုဝူကျိက ဦးစွာ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ ဝူလျန့်ထံ လက်ချောင်း ပစ်လွှတ်လိုက်သည်။
မူလက သူသည် ထိုလူများကို မောင်းထုတ်ပြီးသည့်အခါမှ ဝူလျန့်အပေါ်တွင် သူ့သတ္တကမ္ဘာ လက်ချောင်းပညာရပ်အား ထုတ်သုံးချင်မိသည်။ ယခုအခါ လူများစွာ ထပ်ရောက်လာနေပြီ ဖြစ်ရာ သူတို့ ရောက်မလာခင် ဝူလျန့်အား မြန်မြန် ရှင်းထုတ်ပစ်ရမည်။
ထိုလက်ချောင်း ထွက်ပေါ်လာသည်နှင့် တိမ်တိုက်များက စတင်၍ ကင်းစင်လာကာ တာအိုနောက် လိုက်နေကြသူအားလုံးက သက်ရှိလောကအတွင်း ပြောင်းလဲသွားကြသည်။
***