မှတ်မိသွားခြင်း
Vol. 67 Ch. 922
ထိုလက်ချောင်း ပေါ်လာသည်နှင့် ဝူလျန့်က သူ့ဘေးပတ်လည်ရှိ တည်နေရာတစ်ခုလုံးမှာ ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို ခံစားမိလိုက်ပြီး ထိုကမ္ဘာ၏ ဖိအားကို ခံစားနေရသည်။ ထိုစဉ် ဝူလျန့်က သူ့လျှို့ဝှက်တိုက်ကွက်များမှာလည်း ဖြည်းဖြည်းချင် အားလျော့လာပြီး သက်ရှိလောကအတွင်းမှ သက်ရှိတစ်ခုအဖြစ် ပြောင်းလဲလာသည်ကို သိလိုက်သည်။
သက်ရှိလောကရှိ အရာအားလုံးမှာ ထိုကြီးကျယ်ခမ်းနားလှသည့် စွမ်းအား၏ ထိန်းချုပ်မှုအောက် ကျရောက်နေဟန် ပေါ်သည်။ သူက ထိုထိန်းချုပ်မှုအတွင်းရှိ ပုရွက်ဆိတ်တစ်ကောင်မျှသာ ခံစားမိလိုက်သည်။ အကယ်၍ သူက ပိုအားကောင်းနေမည်ဆိုလျှင်ပင် တခြားတစ်ယောက်၏ စည်းမျည်းအောက် ကျရောက်နေဆဲ ဖြစ်သည်။ ထိုစည်းမျည်းများသာ အပြည့်အဝ ပုံပေါ်လာသည်နှင့် သူ့အနေနှင့် ခုခံနိုင်စွမ်း ရှိတောမ့ည် မဟုတ်ပေ။
ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ တိုက်ကွက်လဲ …
ဝူလျန့်က ဤသည်မှာ ထိပ်တန်းအဆင့် လျှို့ဝှက်တိုက်ကွက်မှန်း တန်းသိလိုက်သည်။ သူက သဘာဝငါးသွယ် ကြိုးနှင့် ဆက်လက် တိုက်ခိုက်ချင်မိ၏။ သူ့ သဘာဝငါးသွယ် ကြိုးမှာ ထိုတိုက်ကွက်အား မချိုးဖောက်နိုင်လျှင်ပင် အနည်းဆုံးတော့ ဤအကျပ်အတည်းကြားမှ လွတ်မြောက်စေလိမ့်မည်ဟု ယုံကြည်ထားသည်။
သို့သော်လည်း ဝူလျန့်က ထိုအတွေးကို ချက်ချင်း စွန့်လွှတ်လိုက်သည်။ သူက တိုက်ပွဲဆင်နွှဲလာသည်မှာ မနည်းတော့လေရာ သူ သတ်ခဲ့သည့်သူများက ရေတွက်၍ပင် မရတော့ပေ။ သူက မိုဝူကျိတွင် ထိုလက်ချောင်း တိုက်ကွက် တစ်ခုတည်း ရှိသည် မဟုတ်ကြောင်း ပြောနိုင်ပေ၏။ တခြားနည်းဖြင့်ဆိုရလျှင် သက်ရှိလောက အပြီးတွင် မိုဝူကျိက နောက်ထပ် တိုက်ကွက် ရှိနေပေဦးမည်။ သူက သက်ရှိလောကကို ချိုးဖောက်နိုင်လျှင်ပင် သူ့အနေနှင့် သေဆုံးရဦးမည် ဖြစ်၏။ သူ ယနေ့အချိန်အထိ ရှင်သန်နေခဲ့သည့် အကြောင်းအရင်းမှာ သူ့ပင်ကိုအသိစိတ်ကြောင့် ဖြစ်သည်။
ဝူလျန့်က သူ့ သဘာဝငါးသွယ် ကြိုးဖြင့် တိုက်ခိုက်ဖို့ရာ ရွေးချယ်လိုက်ဆဲ ဖြစ်၏။ ထိုကြိုး ပစ်လွှတ်လိုက်သည့် အခိုက်အတန့် မိုဝူကျိ၏ သက်ရှိလောက၌ အက်ကြောင်း ပေါ်လာသည်။ စည်းမျဉ်းများမှာ မိုးမြေသဘာဝစည်းမျဉ်းအဖြစ် ပြန်လည် ပြောင်းသွားဟန် ပေါ်သည်။
မိုဝူကျိက ဝူလျန့်သည် ထွက်ပြေးသွားလိမ့်မည်ဟု တွေးထားပြီး သူ့ဒုတိယ လောကနှိမ်နင်းရေး တိုက်ကွက်ဖြစ်သည့် မိုးမြေကိုပင် ပြင်ဆင်ထားသေး၏။ သို့သော်လည်း ဝူလျန့်က ချောက်နက်ထဲ ပြေးဆင်းသွားသည်။
မိုဝူကျိ၏ သက်ရှိလောက တိုက်ကွက်အနေနှင့် တစ်ဖက်လူအား ဒဏ်ရာမပေးနိုင်သည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။
သူက အမှန်တကယ် အားကောင်းပေသည်။ သူက အားကောင်းရုံသာမက တိုက်ပွဲရှိ အခွင့်အရေးများကို သုံးသပ်နိုင်စွမ်းလည်း တိကျပြတ်သားလှ၏။ သို့သော်လည်း မိုဝူကျိက ထူးဆန်းသည်ဟု မထင်မိပေ။ အကယ်၍ ဝူလျန့်ကို အလွယ်လေး သတ်နိုင်ခဲ့သည်ဆိုလျှင် နတ်ဘုရားနယ်မြေ၏ အရက်စက်ဆုံး ကျင့်ကြံသူဆယ်ဦးကြားမှ နေရာတစ်နေရာစာ ရထားမည် မဟုတ်ပေ။
ပို၍ အရေးကြီးသည့် အကြောင်းအရင်းမှာ သူ့ကျင့်ကြံဆင့်က အရမ်းနိမ့်နေခြင်း ဖြစ်၏။ ထို့ကြောင့် သက်ရှိလောကကို ချိုးဖောက်သွားနိုင်ခြင်း ဖြစ်သည်။ အကယ်၍ သူသာ ဝူလျန့်နှင့် ကျင့်ကြံဆင့် အတူတူ ဖြစ်နေခဲ့ပြီး သူ့သဘာဝငါးသွယ်ကြိုးက ပိုအားကောင်းနေခဲ့လျှင်ပင် သူ့သက်ရှိလောကအား ချိုးဖောက်နိုင်မည် မဟုတ်ချေ။ မဟုတ်သေးချေ … အကယ်၍ သူသာ ကနဦး နတ်ဘုရားအဆင့် ၄ သာ ဖြစ်နေခဲ့လျှင် ဝူလျန့်အနေနှင့် သက်ရှိလောကအား ချိုးဖောက်ထွက်နိုင်မည် မဟုတ်ပေ။
ဝူလျန့်က အက်ကြောင်းထဲ ပြေးဝင်သွားသည်နှင့် မိုဝူကျိလည်း လိုက်သွားဖို့ရာ တုံ့ဆိုင်းမနေပေ။
ထိုအက်ကြောင်းအထဲတွင် ထိပ်တန်းရတနာ ရှိနေပေရာ မိုဝူကျိအနေနှင့် ဝူလျန့်အား တစ်ယောက်တည်း မည်သို့ ဝင်ခွင့် ပြုနိုင်မည်နည်း။
………………
မိုဝူကျိနှင့် စီနီယာအစ်ကိုသေမင်းတို့ အက်ကြောင်းထဲ ဝင်သွားပြီးသည့်နောက်တွင် လူအုပ်စုလိုက် ချောက်အစွန်းသို့ ရောက်လာကြသည်။
ချူယို့က ထွက်မသွားပေ။ စီနီယာအစ်ကိုသေမင်း ယခု ဤနေရာတွင် ရှိနေလျှင်ပင် သူက သူမကို တိုက်ခိုက်ဖို့ ကြိုးစားရဲတော့မည် မဟုတ်ပေ။
“အဲလူက ဘယ်သူလဲ။ သူက ဝူလျန့်ကိုတောင် အက်ကြောင်းထဲ ထွက်ပြေးတဲ့အထိ ဖိအားပေးနိုင်တယ်လား ” ကနဦး နတ်ဘုရားအဆင့် ၇ ကျင့်ကြံသူတစ်ယောက်က အက်ကြောင်းကို ကြည့်ကာ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
“ ဂျုနီယာညီမချူ … ဝူလျန့်နဲ့ တိုက်နေတာ ဘယ်သူလဲ။ သူက တစ်ကွက်တည်းနဲ့ ဝူလျန့်ကိုတောင် အက်ကြောင်းထဲ ထွက်ပြေးသွားဖို့အထိ ဖိအားပေးနိုင်ဖို့က ….” နောက်ထပ် အရပ်ရှည်ရှည် လူငယ်တစ်ယောက်က မရေမရာ မေးလိုက်သည်။
ချူယို့က မြန်မြန် ဖြေပေးလိုက်သည် “ စီနီယာအစ်ကို ခုံဖေး …. ညီမလည်း ဘယ်သူမှန်း မသိပါဘူး။ သူ ရောက်လာလာချင်း ဝူလျန့်ကို တန်းရန်စတာဆိုတော့ ကြည့်ရတာ သူနဲ့ ဝူလျန့်ကြားမှာ ရန်ကြွေးတွေ ရှိနေတဲ့ပုံပဲ ”
ချူယို့က ခုံဖေးအား အမှန်တကယ် လေးစားမိသည်။ သူက နတ်သူတော်စင် နတ်ဘုရားဂိုဏ်းမှ အမွေခံတပည့် ဖြစ်ပြီး သူ့အကျင့်စရိုက်မှာ ဖြောင့်မတ်လှကာ ကျင့်ကြံဆင့်မှာ အားကောင်းလှသည်။ နတ်ဘုရားနယ်မြေ၌ အရက်စက်ဆုံး ကျင့်ကြံသူ ဆယ်ယောက်လိုမျိုး နာမည်ဆိုးဖြင့် မကျော်ကြားသည့် အကြောင်းအရင်းမှာ သူက အမြဲတမ်း သက်ညှာပေး၍ ဖြစ်သည်။ အကယ်၍ သူက လူတစ်ယောက်နှင့် တိုက်ရတော့မည်ဆိုလျှင် သတ်ဖြတ်ခဲ၏။
“ အဲလို ပညာရှင်မျိုး ရှိနေတာလား ” ခုံဖေးက သူ့ကိုယ်သူ အံ့ဩတကြီး ရေရွတ်လိုက်သည်။ သူ သိသလောက် ဝူလျန့်အား နောက်ဆုတ်အောင် လုပ်နိုင်သည့် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ များများစားစား မရှိချေ။
“ အဲဒီလူက ဝူလျန့် စီနီယာအစ်မချုအပေါ် လက်ပါတော့မှာကို မြင်တော့ မနေနိုင်ဘဲ ရှေ့ထွက်လာတာ ထင်တယ်။ စီနီယာအစ်မချူရဲ့ ပြီးပြည့်စုံတဲ့ အလှတရားက ကျွန်မတို့ကို ကယ်လိုက်တာပဲ ” ချူယို့နှင့် အတူတူရှိနေသည့် အမျိုးသမီး ကျင့်ကြံသူက ပြုံးကာ ပြောလိုက်သည်။
ချူယို့ အနည်းငယ် ရှက်ရိပ်သန်းမိသွားသည်။ လက်တွေ့၌ သူမသည်လည်း မိုဝူကျိသည် သူမအား ကူညီရန် ရောက်လာကြောင်း သံသယဝင်မိ၏။ သူမလည်း သူမ ကိုယ်ပိုင်အလှတရားကြောင်း ကောင်းကောင်း သိထားပေသည်။ နတ်ဘုရားသိုက်မြုံကို ပြောနေဖို့ မလိုသေးပေ။ နတ်ဘုရားနယ်မြေ တစ်ခုလုံး၌ သူမအား တာအိုလက်တွဲဖော်အဖြစ် လက်ခံချင်နေသည့် ပါရမီရှင်များမှာ မရေတွက်နိုင်ပေ။ ထို့ကြောင့် ဝူလျန့်နှင့် တိုက်ခိုက်နေသည့် လူငယ်လေးက သူမအပေါ် စိတ်ဝင်စားနေသည်ဆိုလျှင်ပင် မထူးဆန်းချေ။
သို့သော် ….
အကယ်၍ လူငယ်လေးက သူမအား စိတ်ဝင်စားနေသည်ဆိုလျှင် အဘယ်ကြောင့် မောင်းထုတ်ရသနည်း။ သူမက ထိုလူငယ်လေးကို အနည်းငယ် ရင်းနှီးနေကြောင်း ခံစားမိနေသည်။ မည်သည့်အကြောင်းကြောင့် ခံစားမိမှန်းကိုတော့ သူမလည်း နားမလည်ချေ။
“ အဲဒီလူက နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းကဆိုပြီးတော့ ပြောသေးတယ်။ ဒါပေမဲ့ သူက အဲဒီဂိုဏ်းက မဟုတ်လောက်ဘူး။ သူက ရုပ်ပြောင်းထားပြီးတော့ မျက်နှာဖုံးတောင် တပ်ထားသေးတယ် ” ဝူလျန့်၏ လိုက်လံဖမ်းဆီးခြင်း ခံရသည့် အမျိုးသားက ရှေ့ထွက်လာကာ ပြောလိုက်သည်။
အားလုံးက သူ့စကား၏ အဓိပ္ပာယ်ကို နားလည်ကြသည်။ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းသည် ဂိုဏ်းကြီး ဖြစ်သော်လည်း ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ များများ မရှိပေ။ သူတို့တွင် ဝူလျန့်အား နောက်ဆုတ်စေနိုင်သည့် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ မရှိလောက်ပေ။
နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းမှ တပည့်တစ်ယောက်က မကျေမနပ်ဖြင့် စိတ်ထဲမှ ရေရွတ်လိုက်သည်။
ငါတို့ဂိုဏ်းက နတ်ဘုရားဘုရင်ရှိတဲ့ ဂိုဏ်း … ဝူလျန့်ကိုများ ဘာလို့ ထည့်တွက်နေရမှာလဲ …
ခုံဖေးက ရယ်မောရင်း ခေါင်းစဉ်ပြောင်းပြောလိုက်သည် “ အားလုံးလည်း အကြောင်းအရင်း အတူတူကြောင့် ရောက်လာကြတာပဲမလား … ရတနာအလင်းကြောင့်လေ ”
“ ရတနာအလင်းက ဒီအက်ကြောင်းထဲက ထွက်လာတာ မလား ” ခုံဖေး စကားမဆုံးခင် နောက်ထပ် ကျင့်ကြံသူ တစ်ဦးက စိတ်လှုပ်ရှားစွာ အက်ကြောင်းကို လက်ညှိုးထိုးရင်း ပြောလိုက်သည်။
အားလုံးက အက်ကြောင်းကို စိုက်ကြည့်လိုက်ကြ၏။ လက်တွေ့တွင် ဤကျင့်ကြံသူက ဘာမှမပြောလျှင်ပင် အားလုံးက ဤအက်ကြောင်းကား ရတနာအလင်း ထွက်ပေါ်လာကြောင်း မှန်းဆမိလိုက်ကြသည်။
ခုံဖေးက ကျယ်လောင်စွာ ပြောလိုက်သည် “ တကယ်လို့ ငါသာ မမှားရင် ရတနာအလင်းက ဒီအက်ကြောင်းထဲက ထွက်လာတာပဲ နေမယ်။ အားလုံး ငါတို့ ပတ်လည်ကို ကြည့်ကြည့်ကြ … အဲဒီအက်ကြောင်းအပြင် တခြားထူးခြားတဲ့နေရာ မရှိဘူး ”
မည်သူကမှ ခုံဖေး စကားများကို မတုံ့ပြန်ကြပေ။ သူတို့ စိတ်စွမ်းအားက အက်ကြောင်း၏ အောက်ခြေသို့ မရောက်နိုင်သောကြောင့် မည်သူကမှ အောက်ဆင်းသွားဖို့ရာ မစွန့်စားလိုကြပေ။
“ ဘယ်သူဆီမှာ အိမ်မွေးသားရဲ ရှိလဲ။ သားရဲကို အရင် ဆင်းခိုင်းကြည့်ရအောင် ” အချိန်တချို့ကြာပြီးနောက် တစ်ယောက်က အကြံပြုလိုက်သည်။
သူတို့က အိမ်မွေးသားရဲအကြောင်း ကြားသောအခါ အားလုံးက အားနည်းနေဟန် ပေါ်သည့် အမျိုးသမီး ကျင့်ကြံသူအား ကြည့်လိုက်ကြ၏။ သူမက မြန်မြန် ပြောလိုက်သည် “ ကျွန်မ ရှောင်သော်လေးရဲ့ ကျင့်ကြံဆင့်က နိမ့်နေသေးတယ်။ သူ မဆင်းနိုင်ဘူး ”
လူအုပ်ကြားတွင် အေးစက်စက် သရော်မှု ထွက်ပေါ်လာသည် “တကယ်လို ငါ့မှသာ သားရဲရှိရင် သေချာပေါက် လွှတ်လိုက်မှာပဲ။ အားလုံးက ရတနာရှာဖို့ ရောက်နေမှတော့ အတူတူ ကြိုးစားကြည့်သင့်တာပေါ့ ”
အားနည်းနေသည့် အမျိုးသမီး ကျင့်ကြံသူကလည်း သူမအား သရော်လိုက်သည့်သူကို သိပေသည်။ ထိုသူမှာ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းမှ ထိုက်မောင် ဖြစ်၏။ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းသည် ဗိုလ်ကျလွန်းသည့်အတွက် နာမည်ဆိုးဖြင့် ကျော်ကြားလှသည်။ သူမက ဝိညာဉ်သားရဲအိတ်ကို ထုတ်ကာ ဖွင့်လိုက်သည် “ ရှောင်သော် … အထဲမှ အန္တရာယ်ကြည့်လားဆိုတာ ကြည့်ပြီး အန္တရာယ်ရှိရင် အထဲမဝင်နဲ့တော့နော် ”
မြေခွေးနှင့်တူသည့် သားရဲလေးက ထွက်လာလေ၏။ သခင်၏ စကားကို နားလည်ဟန် ပေါ်ကာ အက်ကြောင်း အစွန်းနားကို ဂရုတစိုက် လျှောက်သွားပြီး ချောင်းကြည့်လိုက်သည်။ ထို့နောက် လှည့်ပြေးလာ၏။ ကြည့်ရသည်မှာ အက်ကြောင်းထဲ အန္တရာယ်ရှိနေဟန် ပေါ်သည်။
ရွှေရောင်ဝတ်ရုံနှင့် အမျိုးသားက ရှေ့ထွက်လာကာ သားရဲလေးအား အက်ကြောင်းထဲ ကန်ချပစ်လိုက်သည်။
“ရှင် …” ပိုင်ရှင်မိန်းကလေးက သူမ သားရဲ အကန်ချခံလိုက်ရသည်ကို မြင်သောအခါ ဒေါသထွက်လာမိသည်။ သို့သော်လည်း သူမက ဘာမှအတွန့်မတက်ရဲပေ။ သူမသားရဲကို ကန်ချလိုက်သူမှာ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း၏ ထိုက်မောင် ဖြစ်သည်။ သူမ သားရဲကို ထုတ်ပေးဖို့ ပြောသည့်သူမှာလည်း သူ ဖြစ်၏။
“ ထိုက်မောင် အရမ်းလွန်နေပြီ။ အက်ကြောင်းထဲမှာ အန္တရာယ်ရှိတာ သိသာနေတာကို ရှင်က တစ်ခြားတစ်ယောက်ရဲ့ သားရဲကို ကန်ချလိုက်သေးတယ် …” ချူယို့က ရှေ့ထွက်ကာ မပြောချင်သော်လည်း သူမက နတ်ဘုရားသိုက်မြုံ ပင်လယ်ကြမ်းပြင်၌ သူမကို ကယ်တင်ပေးခဲ့သော ကျင့်ကြံသူအကြောင်း တွေးမိသွားသည်။ ထိုလူက သူမအား မသိသော်လည်း ရှေ့ထွက်လာကာ ကူညီပေးခဲ့ပြီး ဘာမှပြန်လည်မတောင်းဆိုခဲ့ပေ။
ချူယို့ စကားအဆုံးတွင် သူမက ရုတ်တရက် လန့်ဖျပ်မိသွား၏။ နောက်ဆုံးတွင် စီနီယာအစ်ကိုသေမင်းအား စိန်ခေါ်သည့်သူနှင့် အဘယ်ကြောင့် ရင်းနှီးနေကြောင်း နားလည်သွားတော့သည်။
ထိုသူမှာ သူမကို နတ်ဘုရားသိုက်မြုံပင်လယ် ကြမ်းပြင်၌ ကယ်တင်ပေးခဲ့သောသူ ဖြစ်၏။ သေချာပေါက် ဖြစ်ရမည်။
ချူယို့အနေနှင့် တစ်ယောက်ယောက်က သူမအား မရည်ရွယ်ဘဲ နှစ်ကြိမ်တိုင်တိုင် ကယ်တင်ပေးခဲ့လိမ့်မည်ဟု မယုံပေ။ ယခု သူမက မိုဝူကျိသည် သူမအား တိတ်တခိုး ကျိတ်ကြွေနေပြီး အမှောင်ထဲမှ လိုက်လံကာကွယ်ပေးနေသူသူများလားဟု သံသယ ဝင်လာမိသည်။ သူ့ကျင့်ကြံဆင့်မှာ သူမထက် များစွာ မြင့်သောကြောင့် သူမအနေနှင့် တန်း၍ သတိမပြုမိခြင်းသာ ဖြစ်ပေမည်။
ချူယို့က တွေးမိသွားသောအခါ နှလုံးခုန်နှုန်းပင် မြန်ဆန်လာမိ၏။ သူမက မိုဝူကျိကို ချစ်ကျွမ်းဝင်သွား၍ မဟုတ်ဘဲ သူမကို ကယ်တင်ပေးခဲ့သူအား ရှာတွေ့လိုသောကြောင့် ဖြစ်သည်။ အကယ်၍ ဤလူသာ သူမအား မကူညီပေးခဲ့လျှင် သူမအနေနှင့် သေနေလောက်လေပြီ။ သူက မည်သူပင် ဖြစ်စေကာမူ သူမအနေနှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ရမည်။
“ သားရဲလေး တစ်ကောင်ပဲကို …” ထိုက်မောင်က အသာပြောလိုက်သည်။ သူက အမည်မသိ အမျိုးသမီး ကျင့်ကြံသူအား ဆူပူပြောရဲသော်လည်း ချူယို့ကိုတော့ မလုပ်ရဲချေ။
ထိုက်မောင်က စကားပြောလိုက်သည့် အခိုက်အတန့် အက်ကြောင်းထဲမှ စူးစူးဝါးဝါး အော်သံကို ကြားလိုက်ရသည်။ အားလုံးက တစ်ယောက်နှင့် တစ်ယောက် လှည့်ကြည့်လိုက်ကြသည်။ သူတို့သည်လည်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေရာ ရှောင်သော်ဟု ခေါ်သည့် သားရဲဆီမှသာ ဖြစ်ပေမည်။
သားရဲ အောက်ကျသွားပြီးနောက်တွင် အော်သံကိုသာ ကြားလိုက်ရပြီး သက်ရှိအရိပ်အယောင်များ မရှိနေပေ။ အားလုံးက စိတ်စွမ်းအား ပို့လွှတ်လိုက်ကြသော်လည်း ဘာကိုမှ သတိမပြုမိကြပေ။
“ ရှောင်သော် …” ပိုင်ရှင်မိန်းကလေးက ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။ သူမက ရှောင်သော်နှင့် နီးကပ်သည်မှာ သိသာလှ၏။
“ ကျုပ် အရင်ဆုံး သွားနှင့်ပါတော့မယ် ” ကနဦး နတ်ဘုရား အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးက တုံ့ဆိုင်းမနေဘဲ လှည့်ထွက်သွားလိုက်သည်။
ရတနာများက ကောင်းသော်လည်း အသက်ရှင်နေမှသာ ခံစားနိုင်ပေမည်။ သူက ကနဦး နတ်ဘုရား အစောပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်လေရာ အက်ကြောင်းထဲ၌ အန္တရာယ်မရှိနေလျှင်ပင် သူ့အနေနှင့် အားလုံးကဲ့သို့ ရတနာ လုယူနိုင်စွမ်း ရှိမည် မဟုတ်ပေ။
ထိုကျင့်ကြံသူ ထွက်ခွာသွားပြီးနောက် တခြားသူများလည်း အသီးသီး ထွက်သွားကြတော့သည်။
“ ဂျုနီယာညီမချူရော ဘယ်လိုလုပ်မှာလဲ ” ခုံဖေးက ချူယို့ဘက်လှည့်ကာ မေးလိုက်သည်။
ချူယို့က ခေါင်းခါကာ “ ညီမ စောင့်လိုက်ဦးမယ် ”
သူမ စိတ်နှလုံးသားမှာ အနည်းငယ် မငြိမ်မသက် ဖြစ်နေမိသည်။ အကယ်၍ ဤကျင့်ကြံသူက သူမကို နတ်ဘုရားသိုက်မြုံ ပင်လယ်၌ ကယ်တင်ပေးခဲ့သူနှင့် အတူတူ ဖြစ်နေလျှင် သူက သူမအား နှစ်ကြိမ် ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။
ယခု သူမက အက်ကြောင်းထဲ အန္တရာယ်များ ရှိနေကြောင်း သိနေလေရာ အထဲဆင်းပြီး သွားကယ်ပေးသင့်လား။
…………….…
မိုဝူကျိက အက်ကြောင်းထဲ ဝင်လိုက်သည်နှင့် သဘာဝငါးသွယ် ကြိုးက တည်နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည့်အလား သူ့ဆီ ရောက်ရှိလာသည်။
မိုဝူကျိက တိုက်ပွဲအတွေ့အကြုံ ရှိသူ ဖြစ်လေရာ အက်ကြောင်းထဲ ဝင်လိုက်သည်နှင့် သူ့စွမ်းအားစက်ကွင်းကို ထုတ်လွှင့်၍ ချက်ချင်း ကာကွယ်ထားလိုက်သည်။ သူ့စိတ်စွမ်းအားဖြင့် ဝူလျန့်သည် ချောင်းလုပ်ကြံထားကြောင်း အာရုံခံမိလိုက်သည်။ သူက ဝူလျန့်သည် အက်ကြောင်းအတွင်းပိုင်းသို့ ဆက်ဆင်းသွားသည်ကို မြင်လိုက်ရသည်။ သို့သော်လည်း ဤလူက အဝင်ဝ၌ လုပ်ကြံမှုတစ်ခု ပြင်ဆင်ထားနိုင်လိုက်သေး၏။
***