ချောက်နက်ထဲမှ ရတနာ
Vol. 67 Ch. 923
သဘာဝငါးသွယ် ကြိုးက မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းအတွင်း လျှပ်စီးနှုန်းဖြင့် ထိုးဖောက်ဝင်ရောက်လာသောကြောင့် အသားထဲအထိ စိုက်ဝင်သွားသည်။ ဆုတ်ဖြဲနေသည့် အင်အားကြီးတစ်ခု ရောက်ရှိလာသည့်အခါ မိုဝူကျိ၏ နတ်ဘုရား ရုပ်ခန္ဓာအင်အားမှာ ထွက်ပေါ်လာလေ၏။
သဘာဝငါးသွယ် ကြိုးများမှာ မိုဝူကျိအား တစ်စစီ ဖြစ်စေဖို့ရာ ရည်ရွယ်ထားသော်လည်း မိုဝူကျိ၏ နတ်ဘုရားအဆင့် ရုပ်ခန္ဓာကြောင့် ကြိုးနှစ်မျှင်သာ ခန္ဓာကိုယ်သို့ ထိုးဖောက်နိုင်ခဲ့သည်။ ထို့အပြင် သဘာဝစွမ်းအားများ ပေါက်ကွဲနိုင်စွမ်းက မိုဝူကျိ ခန္ဓာအတွင်း ပျက်ပြယ်သွားသည်။ ကျန်ရှိနေသည့် ကြိုးသုံးမျှင်မှာ မိုဝူကျိ၏ အရိုးများမှ ကာဆီးထားမှုကြောင့် မထိုးဖောက်လာနိုင်ပေ။
မိုဝူကျိ၏ အသိစိတ်ပင်လယ်က ရုတ်တရက် တုန်ခါလာလေသည်။ သူ့ခန္ဓာအတွင်း ကြိုးနှစ်မျှင်သာ ဝင်ရောက်နေသော်လည်း ထိုကြိုးမျှင်ရှိ တာအိုစည်းမျဉ်းများမှာ သူ့အသိစိတ်ပင်လယ်ကို ပိတ်လှောင်ဖို့ ကြိုးစားနေလေ၏။
“ ကောင်လေး မင်း ဘယ်အထိ သွားနိုင်တုန်း ကြည့်ရသေးတာပေါ့ ” ဝူလျန့်၏ အေးစက်စက် ရယ်သံက မိုဝူကျိဘေးနားမှ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းဆိုသလို လေထုအတွင်း မိုဝူကျိ၏ နဖူးဆီ နှစ်ပိုင်း ပိုင်းဖြတ်တော့မည့်အလား အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။
မိုဝူကျိလည်း အတော်လေး အံ့အားသင့် တုန်လှုပ်မိသွားသည်။ ဤဝူလျန့်က အင်မတန် အားကောင်းရုံသာမက နည်းလမ်းများစွာလည်း ရှိနေသေး၏။ သူ့ကိုယ်ပိုင် ရွှေ့ပြောင်းစွမ်းရည်ပင် သူ့အား ချောက်နက်အနက်ပိုင်းသို့ အချိန်တိုလေးအတွင်း ရောက်ရှိစေနိုင်မည် မဟုတ်ပေ။ အကြောင်းမှာ ဤချောက်နက်အတွင်းရှိ အားကောင်းသော မြေဆွဲအားကြောင့် ဖြစ်ပြီး ဝင်ဖို့ရာ လွယ်သော်လည်း ထွက်သွားဖို့ရာ ခက်ခဲပေမည်။ ထို့အပြင် ဤဝူလျန့်က သူ သတိမထားမိစေဘဲ လုပ်နိုင်စွမ်း ရှိသေး၏။
ထိုလူ၏ သဘာဝငါးသွယ်ကြိုးအတွင်းမှ တည်နေရာ ရွှေ့ပြောင်းစွမ်းရည်တချို့ကြောင့် ဝူလျန့်က ချောက်နက်အတွင်းမှ တန်းထွက်လာနိုင်ခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
သို့သော်လည်း ဤနည်းလမ်းမှာ သူ့အား သတ်ဖို့ရာ မလုံလောက်ပေ။ ထိုကြိုးနှစ်မျှင်က သူ့အသိစိတ်ပင်လယ်ကို အပြည့်အဝ ပိတ်လှောင်မထားနိုင်သည့် အကြောင်းကို ထည့်မပြောလျှင်ပင် သူ့အသိစိတ်ပင်လယ် ပိတ်လှောင်ခံလိုက်ရလျှင်ပင် သူ့တွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ရှိနေသေး၏။
ဝူလျန့်က သူ့ကို သတ်ဖို့ ကြိုးစားလိုက်သည်နှင့် မိုဝူကျိလည်း လှုပ်ရှားလိုက်တော့သည်။ သူ့လခြမ်းကွေး ပုဆိန်လှံရှည်မှ ငွေရောင်မြစ်တစ်စင်း ထွက်ပေါ်လာကာ ဝူလျန့်အပေါ် ကျရောက်လာသည်။
မိုဝူကျိက အံ့အားသင့်မိ သွားသော်လည်း ဝူလျန့်က ပို၍ အံ့အားသင့်သွားလေသည်။ နတ်ဘုရားအုပ်စိုးသူအဆင့် ကျင့်ကြံသူပင် သူ့သဘာဝငါးသွယ်ကြိုး၏ သဘာဝငါးသွယ် အာကာပြင်နှင့် ရင်ဆိုင်ရသည့်အခါ အခက်အခဲ ရင်ဆိုင်ကြရသည်။ သဘာဝငါးသွယ်ကြိုး နေရာကျသွားသည်နှင့် တစ်ဖက်လူ၏ ခန္ဓာကိုယ်အား အပိုင်းပိုင်း မလုပ်ပစ်နိုင်လျှင်ပင် သဘာဝငါးသွယ် အာကာပြင်အတွင်း ပိတ်လှောင်နိုင်ဦးမည် ဖြစ်၏။
ဤမဖြစ်စလောက် ကနဦး နတ်ဘုရားကျင့်ကြံသူ အနေနှင့် သူ့ဘသာဝငါးသွယ် ကြိုးကို သတိမပြုသော်လည်း ကြိုးမျှင်နှစ်ခုမျှသာ သူ့ခန္ဓာအတွင်း ထိုးဖောက် ဝင်ရောက်နိုင်ခဲ့သည်။ တစ်ဖက်လူတွင် အလွန်အားကောင်းသော ရုပ်ခန္ဓာရှိနေခြင်းမှာ သိသာလှသည်။ အနည်းဆုံးတော့ နတ်ဘုရား ရုပ်ခန္ဓာ နောက်ပိုင်းအဆင့် ဖြစ်ပေမည်။ ဤသည်မှာ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦးအနေနှင့် နတ်ဘုရားရုပ်ခန္ဓာ နောက်ဆုံးအဆင့် ရှိနေခြင်းမှာ အင်မတန် အံ့ဖွယ်ကိစ္စ ဖြစ်နေလေပြီ။
ဝူလျန့်က မိုဝူကျိ၏ အင်အားအကြောင်း တွေးမိလိုက်သောအခါ ရုတ်တရက်ဆိုသလို တက်ကြွလာမိသည်။ သူ ဝူလျန့်က ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူဖြစ်သော်လည်း အလွန်အားကောင်းသည်ဟု ယုံကြည်ထား၏။ သူ့ပါရမီအပြင် ပို၍ အရေးပါသည့် အကြောင်းအရင်းမှာ သူ ဝူလျန့်တွင် ရှိနေသည့် လျှို့ဝှက်ချက်များ ဖြစ်၏။
သူ့အကြီးမားဆုံး လျှို့ဝှက်ချက်မှာ သူ့သဘာဝငါးသွယ် ကြိုး ဖြစ်၏။
သူက သူ့ရှေ့ရှိ အားကောင်းသော ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူတွင် လျှို့ဝှက်ချက် မရှိဘဲ နေလိမ့်မည်ဟု မထင်ပေ။ သူသာ ဤလူကို သတ်နိုင်သည်နှင့် ထိုလျှို့ဝှက်ချက်များက သူ့အပိုင် ဖြစ်လာပေမည်။
စိတ်ကူးနှင့် လက်တွေ့ကား ထပ်တူ မကျတတ်ပေ။ မိုဝူကျိအပေါ် ဝူလျန့်၏ အေးစက်စက် အလင်းတန်း မကျရောက်လာခင် သေခြင်းတရားက သူ့အား လွှမ်းခြုံသွားလေ၏။ သူက ခေါင်းမော့ကြည့်လိုက်သည့်အခါ ငွေရောင်မြစ်ကြီး ကျရောက်လာသည်ကို မြင်လိုက်ရသည်။
ထိုစဉ် ဝူလျန့်က မိုဝူကျိအား သတ်ဖို့ရာ အဘယ်ကြောင့် ဆက်လက် ကြိုးစားနေမည်နည်း။ သူက မိုဝူကျိ၏ အသက်ကို သူ့အသက်စွန့်စား၍ အဆုံးသတ်ပစ်လိုက်နိုင်သော်လည်း ထိုသို့ မလုပ်ခဲ့ပေ။ သူ့ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားကာ ထွက်ပြေးဖို့ ကြိုးစားလိုက်၏။ ထိုအခါ ဝူလျန့်က သူ့ဘေးပတ်လည်မှာ ပိတ်လှောင်ထားသည့်အလား သူ့အနေနှင့် ထွက်မပြေးနိုင်တော့သည်ကို သတိထားမိလိုက်သည်။
သူက စိုးရိမ်စွာဖြင့် မိုဝူကျိဆီ ဦးတည်ထားသည့် သူ့အလင်းတန်းအား ငွေရောင်မြစ်ဆီ လမ်းလွှဲလိုက်တော့သည်။ ထိုအချိန်လေးမှာ မိုဝူကျိ၏ အာကာပြင် ချုပ်နှောင်မှု ပြီးဆုံးတော့မည့်အချိန်လည်း ဖြစ်နေသည်။
“ ဝုန်း ” ပုဆိန်လှံရှည်အလင်းတန်းနှင့် အေးစက်စက် အလင်းတန်းတို့တွေ့ဆုံသွားသည့်အခါ အေးစက်စက် အလင်းတန်းမှာ ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားသည်။ ထိုအချိန်ပိုင်းလေးအတွင်း ဝူလျန့်က လှုပ်ရှားသွားနိုင်လေ၏။
“ ဖူး ” သွေးများ ထွက်လာလေ၏။ ပုဆိန်လှံရှည်အလင်းတန်းက ဝူလျန့်၏ လက်မောင်းတစ်ဖက်အား နှစ်ပိုင်း ပြတ်သွားစေသည်။
ဝူလျန့်၏ ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားကာ ချောက်နက်အတွင်းသို့ ဝင်သွားသည်။
သူက သဘာဝငါးသွယ် ကြိုးသုံးမျှင်ကိုသာ ယူဆောင်သွားနိုင်ခဲ့ပြီး ကျန်ကြိုးနှစ်မျှင်မှာ မိုဝူကျိ၏ သဘာဝ သိုလှောင်ရေး လမ်းကြောင်းနှင့် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းတို့၌ ပိတ်မိနေသည်။ ဝူလျန့်က မိုဝူကျိနှင့် ထပ်မရှုပ်ရဲတော့တာကြောင့် ကျန်ကြိုးများအား အလျင်အမြန် ဆွဲယူမသွားနိုင်လိုက်ပေ။
မိုဝူကျိက ထိုကြိုးနှစ်မျှင်ကို ဆွဲနုတ်ကာ သူ့ထာဝရကမ္ဘာငယ်လေးအတွင်း ထည့်ထားလိုက်သည်။ သူ့ဒဏ်ရာများမှ မီးခိုးဖျော့ဖျော့ မြူများ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်တစ်လျှောက်လုံးတွင်လည်း အားနည်းလာသည့် ခံစားချက်တို့ ကြီးစိုးလာသည်။ သူ့အဆိပ်ဖြေလမ်းကြောင်းက အသက်ဝင်လာပြီး ထိုမြူများကို မောင်းထုတ်ပစ်လိုက်၏။
အားကောင်းလိုက်တဲ့ သဘာဝငါးသွယ်ကြိုး ….
မိုဝူကျိက စိတ်အထဲမှ ရေရွတ်လိုက်သည်။ ဤသဘာဝငါးသွယ်ကြိုးသည် သေစေနိုင်လောက်သည့် အဆိပ်ကို ဖန်တီးနိုင်စွမ်း ရှိ၏။ ဤသို့အရာမျိုးကို သူ့အနေနှင့် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။ အကယ်၍ သူ့တွင် အဆိပ်ဖြေလမ်းကြောင်း မရှိနေလျှင် သေနေလောက်လေပြီ။
နတ်ဘုရားနယ်မြေတစ်ခွင် ကျော်ကြားလှသော ဤစီနီယာအစ်ကိုသေမင်းတွင် လျှို့ဝှက်အကွက်များ ရှိနေသည်။
သူ့ဒဏ်ရာများ ပြန်လည် ကောင်းမွန်လာသည့်အထိ မစောင့်ဆိုင်းတော့ဘဲ မိုဝူကျိက ချောက်နက်အတွင်းသို့ ဆင်းသွားလိုက်သည်။ အောက်ခြေ၌ ရတနာ မရှိနေလျှင်ပင် မိုဝူကျိက ဝူလျန့်အား အလွတ်မပေးနိုင်ချေ။
………….…
ချောက်နက်ကို အပေါ်ယံလေးဟု ယူဆ၍ မရသော်လည်း မိုဝူကျိ ခန့်မှန်းထားသလောက် သိပ်မနက်ပေ။ အမွှေးတိုင်တစ်ဝက်စာအတွင်း မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးဖြင့် ဝူလျန့်အား မြင်လိုက်သည်။ သွေးများပွေစွန်းနေသည့် ဝူလျန့်က ကျောက်တုံးများပေါ် ထိုင်နေလေ၏။
သူက ရယ်မောကာ “ ကောင်လေး … ငါ ဝူလျန့်က ဒီနေ့ ဒီနေရာမှာ သေမယ်ဆိုရင်တောင် မင်းလည်း ငါနဲ့ အတူတူ သေရမှာပဲ ”
ဝူလျန့် စကားများက ရုတ်ခြည်း ရပ်တန့်သွားလေ၏။ သူက မိုဝူကျိအား အံ့ဩတကြီး ကြည့်လိုက်ပြီး ရေရွတ်လိုက်သည် “ မဖြစ်နိုင်ဘူး …. ဘယ်လိုလုပ် အဆိပ်မမိတာလဲ ”
ထိုစဉ် မိုဝူကျိက သူ့ဆီ ဝင်ရောက်လာသော ကြောက်မက်ဖွယ် အဆိပ်တစ်ခုကို ခံစားမိလိုက်ပြီး အဆိပ်ဖြေလမ်းကြောင်းက ထိုအဆိပ်များကို သဘာဝစွမ်းအားအဖြစ် ဆက်တိုက် ပြောင်းလဲပစ်နေသည်။
“ အဲဆိုတော့ အဆိပ်က ဝူလျန့်ရဲ့ သဘာဝငါးသွယ်ကြိုးကနေ ဖြစ်လာတာ မဟုတ်ဘူးပေါ့ ” မိုဝူကျိက ဝူလျန့်၏ မျက်နှာအနေအထားကို မြင်ကာ အသိပြန်ဝင်လာသည်။ အဆိပ်သည် သဘာဝငါးသွယ်ကြိုးမှ မဟုတ်ဘဲ ဤချောက်နက်မှ ဖြစ်နေ၏။ သူနှင့် ဝူလျန့်တို့ နှစ်ယောက်လုံးက သတိမပြုမိခဲ့ကြပေ။ ထို့နောက် သဘာဝငါးသွယ်ကြိုးက သူ့ခန္ဓာကိုယ်ထဲ ထိုးစိုက်သွားခဲ့သောကြောင့် အဆိပ်များက သူ့ထဲ ပျံ့နှံ့လာခြင်း ဖြစ်၏။ သူက အဆိပ်ကို ခံစားမိသောကြောင့် အဆိပ်ဖြေလမ်းကြောင်းက အသက်ဝင်လာခြင်း ဖြစ်ပေသည်။
ယခင် သူက ဝူလျန့်သည် သူ့အား အဆိပ်ခတ်ခဲ့သည်ဟု ထင်ခဲ့မိပေသည်။ ယခုတွင် ဝူလျန့်နှင့် မသက်ဆိုင်ကြောင်း သိလိုက်ရပြီး ဝူလျန့်သည်လည်း အဆိပ်မိနေပြီ ဖြစ်သည်။
မိုဝူကျိက ဝူလျန့်ကို အာရုံမထားနိုင်တော့ပေ။ သူက ဘာမှလုပ်စရာ မလိုလိုက်ဘဲ ဤအဆိပ်က ဝူလျန့်အား အလွယ်တကူ သတ်ပစ်နိုင်လေ၏။ သူက ဝူလျန့်ဘေးမှ လွင့်မျောနေသော ရှစ်မြှောင့်ထောင့်ကျောက်ကို လှည့်ကြည့်လိုက်လေ၏။ ထိုကျောက်က လက်သီးဆုပ်စာလောက် ရှိပြီး ကျောက်ခဲအပုံပေါ်၌ မျောလွင့်နေသည်။
မိုဝူကျိ၏ စိတ်စွမ်းအားက ထိုကျောက်ပေါ် ကျရောက်သွားသည့်အခါ မိုးမြေစွမ်းအားများကို ခံစားမိလိုက်၏။ တစ်ချိန်တည်းဆိုသလို သူက ဖိအားပြင်းပြင်းကိုလည်း ခံစားမိလိုက်သည်။ ဖိအားမှာ အားပြင်းလွန်းသောကြောင့် သူ့အတွက် အသက်ရှူရပင် ခက်လာစေသည်။ မိုဝူကျိက စိတ်စွမ်းအားကို မြန်မြန် ရုပ်သိမ်းလိုက်ပြီး ကျောက်အား တအံ့တဩ ကြည့်လိုက်မိသည်။
“ဘာကြီးလဲ ” မိုဝူကျိက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူ နတ်ဘုရားနယ်မြေသို့ ရောက်လာစဉ်ကတည်းက သူ့ကိုယ်သူ သတ္တုများနှင့် ဆေးပင်များအကြောင်း အမျိုးမျိုးသော ဗဟုသုတများ စုဆောင်းခဲ့သည်။ သို့သော်လည်း သူက ဤကျောက်ကိုတော့ မည်သို့မျှ မမှတ်မိပေ။
“ မင်းက အဲဒါကို တကယ်ကြီး မသိဘူးလား။ မင်းက ….” ဝူလျန့်က စတင် ရယ်မောလိုက်ပြီး သူ့စွမ်းအားမှာလည်း ဖြည်းဖြည်းချင်း အားပျော့လာသည်။
မိုဝူကျိက ဝူလျန့်အား အေးစက်စွာ စိုက်ကြည့်လိုက်ပြီး “ ဒါက ဘာလဲ ”
ဝူလျန့်က အရယ်ရပ်ကာ မိုဝူကျိအား အားကျစွာ ကြည့်လိုက်ရင်း “ မင်းက ရုပ်ဖျက်ထားတာ မလား။ တကယ်လို့ ငါ မမှားရင် မင်းက နတ်ဘုရားသိုက်မြုံ နယ်မြေအသစ် ဦးဆုံး ပေါ်လာတုန်းက မီးပြင်းကျောက် ယူသွားတဲ့သူနဲ့ အတူတူပဲမလား။ အဲဒီလူကလည်း ရုပ်ဖျက်ထားတာပဲ ”
မိုဝူကျိက အသာပြောလိုက်သည် ။“ ဘယ်လိုဖြစ်ဖြစ် ခင်ဗျားက သေတော့မှာဆိုတော့ အမှန်အတိုင်း ပြောပြလိုက်မယ်။ ခင်ဗျား ပြောတာ မှန်တယ်။ ကျုပ်က မီးပြင်းကျောက် ယူသွားတဲ့သူပဲ ”
ဝူလျန့်က မိုဝူကျိ၏ ဝန်ခံချက်ကို ကြားလိုက်သောအခါ သူ့မျက်ဝန်း၌ မလိုလားမှုများနှင့် ပြည့်နှက်သွားသည်။ သူ ကိုယ်တိုင်က အခွင့်အရေးကောင်းများနှင့် ကြုံတွေ့ခဲ့သော်လည်း တစ်နှစ်အတွင်း အခွင့်အရေးကောင်းများစွာနှင့် ကြုံတွေ့ခဲ့သည့် မိုဝူကျိလိုတော့ မဟုတ်ချေ။ အကယ်၍ သူသာ လှုပ်ရှားနိုင်လျှင် မိုဝူကျိအား သေချာပေါက် ရှင်းထုတ်ပြီး ရတနာအားလုံးကို ယူဆောင်သွားမည် ဖြစ်၏။
“ ငါ့ကို တိုက်တာ ချုယို့ကြောင့်လား ” ဝူလျန့်က မိုဝူကျိအား စိုက်ကြည့်လိုက်သည်။ အကယ်၍ မိုဝူကျိသာ အမျိုးသမီးတစ်ယောက်ကြောင့် သူ့အား တိုက်ခိုက်မည်ဆိုလျှင် သူ ဝူလျန့်က နောင်တများနှင့် သေဆုံးမိပေမည်။
“ ခင်ဗျားက တကယ် မေ့လွယ်တာပဲ။ သိပ်မကြာသေးခင်တုန်းက ခင်ဗျားပဲ ကျုပ်ကို နှစ်တစ်ရာအထိ အသက်ရှည်ပါစေဆိုပြီး ဆုတောင်းပေးခဲ့တာ မဟုတ်ဘူးလား။ မြန်မြန် မေ့သွားမယ်လို့ မထင်ထားဘူး။ ခင်ဗျားကို ပြောပြလိုက်မယ်။ ကျုပ် နာမည် မိုဝူကျိပဲ …” မိုဝူကျိက ရှေ့တိုးလာကာ ဝူလျန့်အား အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ဝူလျန့်က မိုဝူကျိ နာမည်ကို ကြားသောအခါ ချက်ချင်းဆိုသလို ကြောင်အမ်းသွားလေ၏။ အချိန်အတော်ကြာပြီးနောက် သူက တုန်တုန်ယင်ယင်ဖြင့် “မင်းပဲ … တကယ်ကြီး မင်းပဲကိုး ”
နောက်ဆုံးတွင် မိုဝူကျိက စီနီယာအစ်ကိုသေမင်းဟူသော သူ့နာမည်ကို ကြားပြီးနောက် မည်သည့်တုံ့ပြန်မှုမှ မရှိသည့် အကြောင်းအရင်းကို နားလည်သွားပေပြီ။ ယခင်က မိုဝူကျိသည် အရက်စက်ဆုံး ကျင့်ကြံသူ ဆယ်ယောက်အကြောင်း မသိ၍သာ ဖြစ်မည်ဟု ထင်ခဲ့မိသည်။ ထို့ကြောင့် သူက ရယ်ရယ်မောမောဖြင့် မိုဝူကျိအား နှစ်တစ်ရာအထိ နေနိုင်ဖို့ ဆုတောင်းပေးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ် သူက မိုဝူကျိကို သတ်ဖို့ရာ ဆုံးဖြတ်ထားပြီးလေပြီ။ သို့သော် ထိုစဉ်ကတည်းမှ မိုဝူကျိနှင့် မတွေ့ဖြစ်တော့၍သာ ဖြစ်၏။
ယခု သူက မိုဝူကျိသည် အရက်စက်ဆုံး ကျင့်ကြံသူဆယ်ယောက် မသိခြင်း မဟုတ်ဘဲ ထိုလူက သူတို့အား မျက်လုံးထဲပင် မထည့်သည့် အကြောင်းအရင်းကြောင့် ဖြစ်မည်မှန်း သိလိုက်တော့သည်။ တစ်ချိန်တည်းဆိုသလို သူက မိုဝူကျိသည် သူ့အား သတ်လိုသည့် အကြောင်းအရင်းကိုလည်း တန်းသိလိုက်သည်။ သူက ကောင်းကင်လူသားဂိုဏ်းသားများကို သတ်ပစ်ခဲ့လေသည်။ တိုက်ပွဲစင်မြင့်ပေါ်၌ သူက ကောင်းကင်လူသားဂိုဏ်းသား တစ်ယောက်ထက်ပို၍ သတ်ပစ်ခဲ့၏။ မိုဝူကျိက သူ့ကို မသတ်ချင်မှသာ ထူးဆန်းနေပေမည်။
“ဖူး ” ဝူလျန့်က သွေးမည်းတစ်ပွက် အန်ထုတ်လိုက်ပြီး အလျင်စလို ပြောလိုက်သည် ။ “ ငါ မင်းကို မုန်းတယ်။ မင်းက ဘယ်လိုတောင် ကံကောင်းနေရတာလဲ။ မီးပြင်းကျောက်ကိုရော၊ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်ကိုရော ရတာ …. ”
ဝူလျန့်က စကားမဆုံးခင် ခေါင်းမှာ ဘေးတစ်ဖက်သို့ စောင်းကျသွားသည်။ အသက်ဓာတ်များကလည်း အစအနမရှိ ပျောက်ကွယ်သွားလေ၏။
ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်လား ….
မိုဝူကျိက ရှစ်မြှောင့်ထောင့်ကျောက်ကို တအံ့တဩ ကြည့်လိုက်သည်။ သူက ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်သည် မည်မျှ အဖိုးတန်ကြောင်း သေချာသိထား၏။ ဤသည်မှာ ကြယ်ငါးလုံး နတ်ဘုရားအသွင်သဏ္ဌာန်ထက်ပင် ပို၍ အဖိုးတန်ဦးမည် ဖြစ်သည်။ ဤသည်မှာ ဒဏ္ဍာရီလာ ပစ္စည်းတစ်ခု ဖြစ်ပြီး လက်တွေ့ဘဝ၌ တွေ့ရလိမ့်မည်ဟု မထင်ထားပေ။
ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကို မြင်လိုက်ရခြင်းမှာ မိုဝူကျိအား အလွန်စိတ်လှုပ်ရှားစေသည်။ သို့သော်လည်း တခြားကျင့်ကြံသူများနှင့် မတူသည်က မိုဝူကျိက အပြေးအလွှား သွားရောက်၍ ယူဖို့ရာ မကြိုးစားပေ။
တခြားသော ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူများက အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းဖို့ရာ လိုအပ်ခဲ့သော်လည်း တစ်ဖက်တွင် သူက အင်မော်တယ် ဝင်ရိုး မဖွဲ့စည်းခဲ့ပေ။ သို့သော်လည်း ကနဦး နတ်ဘုရားအဆင့်အထိ ရောက်လာသေး၏။ ထို့ကြောင့် နတ်ဘုရားအသွင်သဏ္ဌာန်အတွက် ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်သည်လည်း မိုဝူကျိအား အလွန်အမင်း စိတ်လှုပ်ရှားစေဖို့ရာ မလုံလောက်ပေ။
တစ်ဖက်တွင် သူက သေနေပြီဖြစ်သည့် ဝူလျန့်အား ကြည့်လိုက်သည်။ ဝူလျန့်၏ အသက်ဓာတ်မှာ ပျောက်ကွယ်သွားပြီး စည်းမျဉ်းများမှာလည်း ပြေလျော့သွားပြီ ဖြစ်၏။ သူက သေပြီဖြစ်ကြောင်း သိသာလှသည်။
မိုဝူကျိက ဤအတိုင်း မထားခဲ့ဘဲ ဝူလျန့်၏ လက်စွပ်ကို ယူလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက ဝူလျန့်ထံ မီးလုံး ပစ်လွှတ်လိုက်သည်။
အသက်မဲ့နေသည့် ဝူလျန့်က ရုတ်တရက် မျက်လုံးဖွင့်လာကာ အလောတကြီး အော်လိုက်သည် “ မိုဝူကျိ … မင်းက တကယ်ရက်စက်တာပဲ … ”
မိုဝူကျိလည်း အတော်လေး ထိတ်လန့်မိသွားသည်။ သူက ထိုလူသည် အသက်ရှင်နေသေးကြောင်း မသိခဲ့ပေ။ ထိုစဉ် သူ့ပညာရှင်နှလုံးသားက အရှိန်ဟုန်ပြင်းပြင်း စတင်လောင်ကျွမ်းနေပြီ ဖြစ်၏။ ခဏအကြာတွင် ဝူလျန့်မှာ ဗလာနတ္ထိအဖြစ် လောင်ကျွမ်းသွားတော့သည်။
***