ဘဝမှာ ရူးရူးမိုက်မိုက် ကိစ္စတချို့ လုပ်ဖူးရမယ်
Vol. 67 Ch. 925
သူ့တွင် မီးပြင်းဖို တစ်ခု ရှိနေပြီးသား ဖြစ်သော်လည်း မိုဝူကျိက နတ်အဆင့် ဆေးလုံးများကို မဖော်စပ်နိုင်သေးပေ။ ပစ္စည်းများ ထုလုပ်ခြင်းက ဆေးလုံး ဖော်စပ်ခြင်းနှင့် ကွာခြားပေသည်။ ပစ္စည်းများ ထုလုပ်ရာ၌ သတ္တုတစ်မျိုးတည်း ရှိနေလျှင်ပင် ပစ္စည်း တာအို ရှိနေသရွေ့ မှော်ရတနာ ထုလုပ်နိုင်ဆဲ ဖြစ်သည်။ ပစ္စည်းအပေါ် နားလည်နိုင်စွမ်းက ပို၍ မြင့်မားလေလေ ထုလုပ်လိုက်သည့် မှော်ရတနာက ပိုကောင်းလေလေ ဖြစ်၏။ ထို့ကြောင့် ပစ္စည်းများအပေါ် နားလည်နိုင်စွမ်းက အပေါ်ယံ ဖြစ်နေလျှင် သာမာန် မှော်ရတနာသည်လည်း ထွက်လာပေမည်။ ထိုအကြောင်းအရင်းကြောင့် မိုဝူကျိ၏ အဆင့်နိမ့် နတ်ဘုရားအဆင့် ပစ္စည်းများမှာ ပုံဆိုးပန်းဆိုး ဖြစ်နေခြင်း ဖြစ်၏။
တစ်ဖက်တွင် ဆေးလုံးဖော်စပ်ရာ၌ ဆေးပင်များအပေါ် နားလည်နိုင်စွမ်း၊ သူတို့၏ ထူးခြားသော ဝိသေသ လက္ခဏာများနှင့် ဆေးဖော်စပ်နည်းများကိုပင် နက်နက်ရှိုင်းရှိုင်း သိထားဖို့ လိုအပ်ပေသည်။
ဆေးဖော်စပ်နည်းတိုင်းက လူများစွာ၏ နှစ်များစွာ ဗဟုသုတများနှင့် ဖန်တီးထားခြင်း ဖြစ်ကြသည်။ မိုဝူကျိ၏ အင်မော်တယ် မော်တယ်ကျင့်စဉ်က ပိုအားကောင်းနေလျှင်ပင် ဆေးဖော်စပ်နည်းများ ဆက်တိုက် ကောက်ချက်မချနိုင်ပေ။ အနည်းဆုံးတော့ ယခုအချိန်တွင် သူက နတ်ဆေးလုံးများအတွက် ဆေးဖော်စပ်နည်းအား မဖန်တီးနိုင်သေးပေ။
အကယ်၍ သူ့အား အင်မော်တယ် ဆေးလုံးအတွက် ဆေးဖော်စပ်နည်း လာမေးလျှင် ငှက်ပျောသီးအခွံ ခွာစားရသလောက် ဖြစ်၏။ အကြောင်းမှာ မိုဝူကျိ၏ ဆေးလုံးတာအိုမှာ အင်မော်တယ်လောက၏ အထွတ်အထိပ်ကို ရောက်ရှိနေ၍ ဖြစ်သည်။ တစ်ဖက်တွင် သူက နတ်ဆေးလုံးများအား ကောင်းကောင်းပင် မစတင်ရသေးပေ။
ထာဝရကမ္ဘာအတွင်း သူ့နတ်သဘာဝစွမ်းအားများကိုသာ ဖွဲ့စည်းနိုင်သော်လည်း မိုဝူကျိက သူ့အသစ်ရရှိထားသည့် ကြွယ်ဝမှုများဖြင့် မကျင့်ကြံလျှင် စိတ်ထဲ နေ၍ ကောင်းမည် မဟုတ်ပေ။
နောက်ထပ် နှစ်လတာ ကုန်ဆုံးသွားပြီးနောက် မိုဝူကျိက နတ်ဘုရားကျောက် အပုံမှ ထရပ်လိုက်တော့သည်။ သူ ထင်ထားသည့်အတိုင်း သူ့ကျင့်ကြံဆင့်မှာ ကနဦး နတ်ဘုရား အဆင့် ၂ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားလေပြီ။ သို့သော်လည်း သူ့နတ်သဘာဝစွမ်းအားများက မည်မျှ သိပ်သည်းလာစေကာမူ သူ့အနေနှင့် ကနဦး နတ်ဘုရားအဆင့် ၂ မှ အဆင့် ၃ သို့ မချိုးဖောက်နိုင်သေးပေ။
အခု ထွက်သွားလို့ ရပြီ …
မိုဝူကျိက စိတ်စွမ်းအားကို ဖြန့်ကြက်လိုက်သည့်အခါ အပြင်ဘက်ရှိ ဖရိုဖရဲ အခြေအနေမှာ တည်ငြိမ်သွားပြီ ဖြစ်ကြောင်း သိလိုက်၏။
နှစ်နာရီကြာမြင့်ပြီးနောက် မိုဝူကျိက အပေါ်သို့ ပြန်တက်လာလိုက်သည်။ လွန်ခဲ့သည့် လကတည်းက ဤနေရာမှာ လူသူကင်းမဲ့နေပြီ ဖြစ်သည်။
စည်းမျည်းများမှာ မပြီးပြည့်စုံသေးသော်လည်း မိုဝူကျိ၏ နတ်သဘာဝစွမ်းအားများက သတ်မှတ်အဆင့် တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်၏။ သူ ထွက်လာသည်နှင့် မိုးမြေဆီမှ အားကောင်းသော တာအိုစည်းမျည်းများကို တန်းခံစားမိလိုက်သည်။ သူက ကျင့်ကြံစရာ မလိုလိုက်ဘဲဖြင့် ကနဦး နတ်ဘုရားအဆင့် ၂ မှ အဆင့် ၃ သို့ တက်လှမ်းသွားတော့သည်။
အကယ်၍ ယခု သူသာ ဝူလျန့်နှင့် တိုက်မည်ဆိုလျှင် မိုဝူကျိအနေနှင့် ထိုလူမှာ လက်တစ်ဖက်တည်းနှင့် ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ကြောင်း ယုံကြည်ချက် ရှိနေ၏။
…………..…
မိုဝူကျိက နောက်ထပ် နှစ်ဝက်ခန့် သုံးမိထားသော်လည်း စိတ်ထဲ မထားပေ။ စီနီယာအစ်ကိုသေမင်း ဝူလျန့် လက်စွပ်အတွင်းမှ ပစ္စည်းများသည် သူ့အတွက် လုံလောက်နေလေပြီ။
မိုဝူကျိက မျက်နှာဖုံးကို ဖြုတ်ကာ နဂိုသွင်ပြင်ကို ပြန်ပြောင်းထားလိုက်သည်။
လူအများက သူနှင့် စီနီယာအစ်ကိုသေမင်းတို့ ချောက်နက်ထဲ ဝင်သွားသည်ကို မြင်တွေ့ခဲ့ကြသည်။ ဤကိစ္စတွင် သူ ပါဝင်နေမှုကား သေချာပေါက် တခြားသူများ သိ၍ မဖြစ်ပေ။ စီနီယာအစ်ကိုသေမင်း၏ နောက်ခံမှာ သေချာပေါက် ရိုးရှင်းမည် မဟုတ်ပေ။ အကယ်၍ သူက ဝူလျန့်ကို သတ်လိုက်ကြောင်း သိသွားခဲ့လျှင် သူ့ကိုယ်သူ မည်သည့်အရှုပ်ကြား ကျရောက်သွားမည်ကို မသိနိုင်ပေ။
မိုဝူကျိ ထင်ထားသည့်အတိုင်း ကွက်တိ ဖြစ်နေ၏။ နောက်ထပ် နှစ်လတာ ကုန်ဆုံးသွားသော်လည်း သူ့အနေနှင့် ပစ္စည်းကောင်းများ မတွေ့သေးပေ။ ထိုမျှတင်မက သူက လူအရိပ်ပင် မမြင်မိသေးချေ။
မိုဝူကျိက မည်သည့်နေရာသို့ သွားသင့်ကြောင်း စဉ်းစားနေစဉ် ကောင်းကင်လူသားဂိုဏ်းသား တစ်ယောက်ဆီမှ အကြောင်းကြားစာ ရောက်လာသည်။ ပို၍ အတိအကျပြောရလျှင် အကူအညီတောင်းခံနေခြင်း ဖြစ်၏။
မိုဝူကျိက ကောင်းကင်လူသားဂိုဏ်း၏ တာ့ရှီရှုန်း ဖြစ်ရာ သူ့ဂိုဏ်းသားတစ်ဦး၏ အကူအညီတောင်းခံမှုကို မည်သို့ တုံ့ဆိုင်းနေရမည်နည်း။ သူက လေလွှတ်မြောက်ရေး နည်းစနစ်ကို အသက်သွင်းကာ အပြေးအလွှား သွားရောက်လိုက်သည်။
အမွှေးတိုင်တစ်တိုင်စာအတွင်း မိုဝူကျိက လူအုပ်ကြီးကို မြင်လိုက်ရသည်။ အကြမ်းဖျင်းအားဖြင့် ခန့်မှန်းကြည့်ရသလောက် အနည်းဆုံး လူနှစ်ရာနီးပါး ရှိပေမည်။
ရနံ့တစ်ခုက ထွက်ပေါ်နေလေ၏။ မိုဝူကျိက ထိုရနံ့ကို ရလိုက်မိသည်နှင့် သက်သောင့်သက်သာ ခံစားမိလိုက်သည်။ မိုဝူကျိက စိတ်စွမ်းအား ထုတ်လွှင့်လိုက်သည့်အခါ ဆယ်မီတာအမြင့်ရှိ အပင်ကြီးတစ်ပင်ကို မြင်လိုက်ရ၏။ ထိုသစ်ပင်ပေါ်တွင် အသီးများစွာ ရှိနေသည်။
အသီးများမှာ စိမ်းနေသေး၏။ ကြည့်ရသည်မှာ ထိုကျင့်ကြံသူများက အသီး မှည့်လာသည်ကို စောင့်နေခြင်းသာ ဖြစ်ရမည်။ မရင့်မှည့်လာခင် အသီးရနံ့များက မိုဝူကျိအား အတော်လေးကို သက်သောင့်သက်သာ ဖြစ်စေနေလေပြီ။ ထိုအသီးများမှာ အလွန်အဖိုးတန်ကြောင်း သိသာလှသည်။ လူများစွာ စုစည်းနေသည်မှာလည်း မထူးဆန်းတော့ပေ။
သို့သော်လည်း မိုဝူကျိ၏ အာရုံက အသီးပေါ် မဟုတ်ဘဲ သွေးသံရဲရဲ ကျင့်ကြံသူတစ်ဦးဆီတွင် ဖြစ်၏။
ဤသည်မှာ ကောင်းကင်လူသားဂိုဏ်းသား တစ်ဦး ဖြစ်ပေသည်။ မိုဝူကျိ ကျောက်စိမ်းပြား ပေးထားသော သူတစ်ဦးထဲမှ ဖြစ်၏။
ထိုလူ၏ နာမည်မှာ ဝေရု ဖြစ်ပြီး လက်တစ်ဖက်မှာ မရှိတော့ချေ။ သူ့အရှိန်အဝါများက မှေးမှိန်နေပြီး သတိမေ့နေသည့် အခြေအနေသို့ ကျရောက်နေ၏။ သူ့လက်စွပ်လည်း မရှိတော့ချေ။
“မင်း တကယ် ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး။ မင်းက တော်တော် မြန်သားပဲ ” နတ်ဆိုးဆန်ဆန် အသံတစ်သံက မိုဝူကျိ ဘေးနားမှ ထွက်ပေါ်လာသည်။ မိုဝူကျိက အသံပိုင်ရှင်ကို လှည့်ကြည့်လိုက်သောအခါ ကနဦး နတ်ဘုရား အဆင့် ၇ ကျင့်ကြံသူ တစ်ဦး ဖြစ်နေ၏။ သူ့ဝတ်ရုံမှ ဂိုဏ်းအမှတ်အသားအရ သူသည် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းမှ ဖြစ်ပေမည်။
မိုဝူကျိက ထိုကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူအား ဂရုမစိုက်ပေ။ ခြေတစ်လှမ်းဖြင့် သူက ဝေရုဘေးသို့ ရောက်ရှိသွားပြီး ကုသဆေးလုံး တိုက်ကျွေးပေးလိုက်သည်။
မိုဝူကျိက သူ့ကိုယ်ပိုင် ဆေးလုံး မဖော်စပ်နိုင်သေးသော်လည်း သူ့တွင် ကုသဆေးလုံး အများအပြား ရှိပေသည်။ ထိုအရာများမှာ ဝူလျန့် လက်စွပ်အတွင်းမှ ရရှိထားခြင်း ဖြစ်သည်။
ကုသဆေးလုံး၏ အာနိသင်မှာ မဆိုးလှပေ။ အချိန်တိုလေးအတွင်း ဝေရုက အသိပြန်ဝင်လာသည်။ သူက မိုဝူကျိကို မြင်လိုက်သည်နှင့် စိုးရိမ်တကြီး ငိုရှိုက်လိုက်တော့သည်။“ တာ့ရှီရှုန်း … သူတို့က ကျုပ်ကို အစ်ကိုကြီးဆီ အတင်းအကြောင်းကြားခိုင်းလိုက်တာပါ။ တာ့ရှီရှုန်း မြန်မြန် ထွက်သွားတော့ ”
မိုဝူကျိက ဝေရု၏ အကူအညီတောင်းခံမှုမှာ အတင်းဖိအားပေးခံရကြောင်း နားလည်သွားလေသည်။ သူက ကုသဆေးလုံးများစွာကို ထုတ်ကာ ဝေရုကို တိုက်လိုက်ရင်း ပြောလိုက်သည်။“ ဘာတွေ ဖြစ်ခဲ့တာလဲ ”
“ ပါးမွှားကောင် … ဒီလူအိုကြီးက မင်းကို ပြောပြရတာပေါ့ ” နောက်ထပ် မောက်မာသည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် မုတ်ဆိတ်မွေးများနှင့် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူက မိုဝူကျိအား တိုက်ခိုက်ချင်သည့်အလား ထွက်လာသည်။
မိုဝူကျိက သူ့အပေါ် လှုပ်ရှားတော့မည့် ကျင့်ကြံသူအား လှည့်ကာ စိုက်ကြည့်လိုက်သည်။“ ထန်ဝူကျန်း … မင်းက ငါနဲ့ တကယ် တိုက်ခိုက်ချင်တာလား ”
သူက မုတ်ဆိတ်မွေးနှင့် ကျင့်ကြံသူမှာ ဇာမဏီနတ်ဝိညာဉ်ပရဝဏ်ဂိုဏ်းမှ ဖြစ်ကြောင်း သတိထားမိလိုက်ပြီး ဇာမဏီနတ်ဝိညာဉ်ပရဝဏ်ဂိုဏ်း၏ ထန်ဝူကျန်းသည်လည်း ဤနေရာတွင် ရှိနေကြောင်း တန်းသိလိုက်သည်။ မိုဝူကျိက စတင် သတ်ဖြတ်ချင်သော်လည်း အခြေအနေကို အပြည့်အဝ နားမလည်သေးပေ။ ထို့အပြင် ဤနေရာ၌ ကောင်းကင်လူသားဂိုဏ်းသား တစ်ယောက်၊ နှစ်ယောက်မျှသာ ရှိ၏။ သူက ကနဦး နတ်ဘုရားအဆင့် ၃ မျှသာ ရှိသေးလေရာ အားလုံးကို ရင်ဆိုင်ဖို့ မလုံလောက်သေးပေ။
ထန်ဝူကျန်းက ဆွံ့အစွာ ပြောလိုက်သည်။“ မိုဝူကျိ ... ဒီကိစ္စမှာ ငါ မပါဘူးနော် ”
သူက ပြောလိုက်သော်လည်း မုတ်ဆိတ်မွေးနှင့် ကျင့်ကြံသူဘက် လှည့်ကာ “ ဂျုနီယာညီလေးဟွမ် … ဒီကိစ္စက ငါတို့ ဇာမဏီနတ်ဝိညာဉ်ပရဝဏ်ဂိုဏ်းကို ပါဝင်စေလို့ မဖြစ်ဘူး။ ဘာမှမလုပ်နဲ့နော် ”
သူတို့က ထန်ဝူကျန်းသည် မိုဝူကျိဆီမှ စကားတစ်ခွန်းဖြင့် လက်ခံလိုက်ကြောင်း မြင်လိုက်သောအခါ အားလုံးက သူ့အား လှည့်ကြည့်လိုက်ကြသည်။ အကယ်၍ ယခင် သူတို့က မိုဝူကျိအား ပါးမွှားအဖြစ် ဆက်ဆံခဲ့သည်ဆိုလျှင် ယခုတွင်မူ ထူးခြားသည့် ပါးမွှားအဖြစ် ဆက်ဆံလိုက်ခြင်း ဖြစ်၏။
ပါးမွှားကတော့ ပါးမွှားပါပဲ ….
မိုဝူကျိက နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းကို ရန်စထားသော်လည်း ဤနေရာသို့ ရောက်လာသေး၏။ သေခြင်းတရားအပြင် သူ့အတွက် တခြားလမ်း မရှိပေ။ ဤနေရာတွင် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ အယောက် နှစ်ဆယ်ကျော်လောက် ရှိနေသည့် အကြောင်းကို ထည့်ပြောနေဖို့ မလိုသေးပေ။ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများလည်း ရှိနေသေး၏။
တစ်ဖက်တွင် မိုဝူကျိက ကနဦး နတ်ဘုရားအဆင့်မျှသာ ရှိသေးသောကြောင့် ထန်ဝူကျန်းက ဝင်ပါသည် ဖြစ်စေ၊ ဝင်မပါသည် ဖြစ်စေ အရေးမပါပေ။ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း တစ်ခုတည်းဖြင့် မိုဝူကျိတွင် အခွင့်အရေး မကျန်ရှိတော့ပေ။
နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းသား ကနဦး နတ်ဘုရားအဆင့် ၇ ကျင့်ကြံသူက ထန်ဝူကျန်းသည် မိုဝူကျိ၏ ခြိမ်းခြောက်မှုကြောင့် နောက်ဆုတ်သွားသည်ကို မြင်သောအခါ သူက ဂျူနီယာညီလေးများကို တားပြီး သူပါ ရပ်တန့်လိုက်တော့သည်။
မိုဝူကျိ တိုက်ထားသော ဆေးအာနိသင်က ပြလာလေပြီ။ ဝေရု၏ လက်မောင်းမှာ ပြန်လည် မပေါက်လာသေးသော်လည်း မတ်တတ်ရပ်နိုင်သွားပြီ ဖြစ်၏။
“ ဘာဖြစ်တာလဲ ” မိုဝူကျိက အေးအေးဆေးဆေး မေးလိုက်သည်။
ဝေရုက သက်ပြင်းချကာ “ တာ့ရှီရှုန်း … ကျုပ်တို့ ကောင်းကင်လူသားဂိုဏ်းတော့ သွားပြီ … ”
မိုဝူကျိက မျက်မှောင်ကြုတ်ကာ ဝေရု ပခုံးကို ပုတ်ပေးလိုက်ရင်း “ ဂျုနီယာညီလေး ဝေရု … ဒီအထဲ ငါတို့ တပည့်တွေ အားလုံး သေဆုံးသွားရင်တောင် ကောင်းကင်လူသားဂိုဏ်းက ဆက်ရှိနေဦးမှာပါ .. ”
“ မဟုတ်ဘူး ” ဝေရုအသံက တစ်ဆို့နေသည့်အလား “ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက တည်ထောင်သူဖန်းကျဲက နတ်ဘုရားဘုရင် သုံးယောက် အဝိုင်းခံလိုက်ရပြီး အသတ်ခံလိုက်ရပြီ ”
“ဘာ ” မိုဝူကျိက သတ်ဖြတ်ငွေ့များ ချက်ချင်း ပေါက်ထွက်လာသည်။ ဝေရုက သူ့ဘေးပတ်လည်မှ လေထုမှာ အေးစက်လာကြောင်း ခံစားမိလိုက်၏။ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း၏ ကနဦး နတ်ဘုရားအဆင့် ၇ ကျင့်ကြံသူပင် နောက်ဆုတ်လိုက်တော့သည်။
“ တည်ထောင်သူဖန်းကျဲက အသတ်ခံလိုက်ရတာလို့ ပြောတာလား” မိုဝူကျိ အသံမှာ အေးစက်နေပြီး ဝေရုအား ကြည့်ကာ မေးလိုက်သည် “မင်းက ဘယ်လိုလုပ် သိတာလဲ ”
ဝေရုက စိတ်ဓာတ်ကျစွာဖြင့် ရေရွတ်လိုက်သည်။
“ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းရဲ့ နတ်ဘုရားဘုရင် ဗောဓိနက်၊ ဇာမဏီနတ်ဝီညာဉ် ပရဝဏ်ရဲ့ နတ်ဘုရားဘုရင် ယန်ထင်းနဲ့ နတ်ဘုရားဘုရင် ယီမင်တို့က သုံးစားမရတဲ့ အကြောင်းပြချက်ကို သုံးပြီးတော့ ကျုပ်တို့ ကောင်းကင်လူသားဂိုဏ်းရဲ့ တည်ထောင်သူဖန်းကျဲကို ရှင်းပစ်ခဲ့တာ … ကျုပ် သိလိုက်တာက နောက်မှ ဝင်လာတဲ့ လူတွေကြောင့်ပဲ။ အဲသတင်းက နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်တစ်ခုလုံး ပျံ့နေပြီ ”
မိုဝူကျိ စိတ်ထဲ သတ်ဖြတ်ငွေ့များ ပြည့်နှက်လာကာ ခြေထောက်များပင် တုန်ယင်နေမိသည်။ ထိုသည်မှာ အကြောက်တရားကြောင့် မဟုတ်ဘဲ အမျက်ဒေါသကြောင့် ဖြစ်၏။
မိုဝူကျိက ဖန်းကျဲကို ကောင်းကောင်း နားလည်ပေသည်။ ဖန်းကျဲသည် ပြဿနာ ရှာမည့်သူ မဟုတ်ပေ။ နတ်ဘုရားဘုရင် ဗောဓိနက်နှင့် နတ်ဘုရားဘုရင် ယန်ထင်းတို့သည် အကြောင်းပြချက်ရှာ၍ ဖန်းကျဲအား သတ်သွားသည့်အကြောင်းအရင်းကိုလည်း သိပေသည်။ ဖန်းကျဲက သူ့အား ပြောပြဖူးလေ၏။
မိုဝူကျိက ဖန်းကျဲအပြင် စိတ်ရောကိုယ်ပါ နှစ်၍ ယုံကြည်၍ ရသည့်သူမျိုးကို မတွေ့ခဲ့ဖူးပေ။ သူ့အမြင်၌ ဖန်းကျဲသည် စီနီယာ တစ်ယောက် ဖြစ်ပြီး စံပြပုဂ္ဂိုလ်လည်း ဖြစ်ပေသည်။ သူက ဖန်းကျဲအား စီနီယာအစ်ကိုကြီးဟု ခေါ်ဆိုဖို့ရာ သဘောတူလိုက်သည့် အကြောင်းအရင်းမှာ သူ့ကြောင့် မဟုတ်ဘဲ သူ့ဂိုဏ်းကြောင့် ဖြစ်၏။ နောင်အခါ သူ့ကိုယ်ပိုင်ဂိုဏ်း တည်ထောင်သည့်အခါ ဂိုဏ်း၏ တည်ထောင်သူတစ်ဦးအနေနှင့် သူများအား တည်ထောင်သူဘိုးဘေးဟု ခေါ်ဆိုနေ၍ မဖြစ်ပေ။
သို့သော် မိုဝူကျိ၏ အမြင်၌ ဖန်းကျဲသည် အမှန်တကယ် လေးစားဖွယ် ကောင်းသည့် တည်ထောင်သူဘိုးဘေးတစ်ဦး ဖြစ်ပေသည်။
ယနေ့ ဤစီနီယာက တခြားသူများလက်ချက်ဖြင့် အသတ်ခံလိုက်ရပြီ ဖြစ်ရာ သူ့အနေနှင့် ဒေါသကို မည်သို့ ထိန်းချုပ်နိုင်မည်နည်း။
သူ့စိတ်ထဲ၌ စိတ်ဓာတ်ကျမှုတစ်ခုလည်း ဖြစ်ပေါ်လာသည်။ သူက ယခင်လို တည်ငြိမ်အေးဆေး မနေတော့ပေ။ အကယ်၍ ကောင်းကင်လူသားဂိုဏ်းသာ ရှိနေသေးလျှင် သူ့အနေနှင့် တောင့်ခံဦးမည် ဖြစ်သော်လည်း ယခုတွင်မူ သူ့အနေနှင့် ဆက်လက်၍ သည်းခံစရာ အကြောင်း မရှိတော့ပေ။
သူက သိုလှောင်လက်စွပ် တစ်ကွင်း ထုတ်ကာ ဝေရုဆီ ပေးလိုက်ပြီး “ ဒီနယ်မြေမှာ အခွင့်အရေးတွေ ပေါတယ်။ မင်း ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ရမယ်။ ငါတို့တွေ နောင်မှ ပြန်ဆုံတာ၊ မဆုံတာက အရေးမကြီးဘူး။ မင်းက ကောင်းကင်လူသားဂိုဏ်းက ဖြစ်ခဲ့ဖူးတယ်ဆိုတာကို အမှတ်ရနေစေချင်တယ် ”
ယခု ဖန်းကျဲက အသတ်ခံလိုက်ရပြီ ဖြစ်ကာ မိုဝူကျိအနေနှင့် ကောင်းကင်လူသားဂိုဏ်း မတည်ရှိတော့ကြောင်း ပြေးမကြည့်ဘဲနှင့် သိလိုက်လေပြီ။ ဆိုလိုသည်မှာ ကောင်းကင်လူသားဂိုဏ်း၌ နှစ်နှစ်၊ သုံးနှစ်မျှ အချိန်ကုန်ဆုံးပြီးနောက် သူသည် နယ်လှည့်ကျင့်ကြံသူ တစ်ဦး ပြန်ဖြစ်သွားချေပြီ။ ဝေရုက အသတ်ခံရလုနီးပါး ဖြစ်နေသည့် အကြောင်းကိုတော့ မေးနေစရာ မလိုတော့ပေ။
မေးနေ၍လည်း ဘာထူးတော့မည်လဲ….
နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း၏ နတ်ဘုရားဘုရင်က ကောင်းကင်လူသားဂိုဏ်း၏ ဖန်းကျဲကို သတ်ထားမှတော့ သူတို့တပည့်များက ကောင်းကင်လူသားဂိုဏ်းများကို အဘယ်ကြောင့် မသတ်ဘဲ နေမည်နည်း။
“ အစ်ကိုကြီး အတူတူ ထွက်သွားရအောင် ” ဝေရုက တည်ထောင်သူ ဖန်းကျဲ သေဆုံးသွားသည်နှင့် ပတ်သက်၍ ကောင်းကင်လူသားဂိုဏ်းသည်လည်း ပျက်သုဉ်းသွားပြီ ဖြစ်ကြောင်း နားလည်ထားသည်။
မိုဝူကျိက အသက်ပြင်းပြင်းရှူကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။“ တကယ်လို့ ဒီနေ့ မင်းနဲ့ ထွက်သွားခဲ့ရင် ငါ တစ်သက်လုံး ပျော်ရွှင်နိုင်မှာ မဟုတ်တော့ဘူး ”
မိုဝူကျိ၏ ဆုံးဖြတ်ချက် ပြတ်သားမှုကို မြင်ကာ ဝေရု နှလုံးသားပင် တုန်ယင်မိသွားသည်။ သူက သူ့တာ့ရှီရှုန်း စကားနောက်မှ အဓိပ္ပာယ်ကို သေချာသိပေသည်။ သူက သေချာပေါက် သေမည်မှန်း သိထားသော်လည်း နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းမှ လူတချို့ကို သတ်ဖို့ရာ နောက်တွင် ကျန်ရစ်လိုခြင်း ဖြစ်၏။
“ အစ်ကိုကြီး … အဲဒီ နှစ်ဂိုဏ်း ပေါင်းလိုက်ရင် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူတွေတင် အယောက် လေးဆယ်၊ ငါးဆယ်လောက် ရှိတယ်။ ပြီးတော့ ကောင်းကင်နတ်ဘုရားအဆင့်တွေလည်း ပါသေးတယ်။ တကယ်လို့ ဒီမှာ ဆက်နေရင် …. ” ဝေရု၏ စိတ်ထဲ၌ ပူပန်သောကရောက်နေမိသည်။
မိုဝူကျိက ရယ်မောကာ “ ဘဝမှာ ရူးရူးမိုက်မိုက် ကိစ္စတွေ လုပ်ဖူးရတယ်တဲ့။ ငါ ဒီနေ့ ဒါကို မလုပ်မိရင် နောက်ထပ် ငါ ကျင့်ကြံဆင့် တက်ဖို့ ခက်ခဲလိမ့်မယ် ”
***