နတ်ဘုရား အသွင်သဏ္ဌာန်ကျောက်တွေ ပေးမယ်
Vol. 67 Ch. 926
ဤနေရာတွင် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနှင့် ဇာမဏီနတ်ဝိညာဉ် ပရဝဏ်မှ ကနဦး နတ်ဘုရား ကျင့်ကြံသူ ၄၄ ယောက်နှင့် ကောင်းကင်နတ်ဘုရား ကျင့်ကြံသူ ၅ ဦးတို့ ရှိနေသည်။ ကောင်းကင်နတ်ဘုရား ကျင့်ကြံသူကြား၌ ကျင့်ကြံအဆင့်မြင့်ဆုံးမှာ ကောင်းကင်နတ်ဘုရား အဆင့် ၄ သာ ဖြစ်ပြီး ကျန်လူများမှာ အဆင့် ၁ နှင့် အဆင့် ၂ မျှသာ ဖြစ်ကြသည်။
မိုဝူကျိက အားလုံးသည် စီနီယာအစ်ကိုသေမင်းကဲ့သို့ ထူးခြားသည့် ပါရမီရှင်များ ဖြစ်နေလိမ့်မည်ဟု မထင်ပေ။ သူ သေဆုံးရမည်ဆိုလျှင်ပင် အနည်းဆုံးတော့ လူတချို့ကိုပါ အပါခေါ်သွားရမည်။ ဤသို့မျိုး အခြေအနေနှင့် ရင်ဆိုင်ရာ၌ တိုက်ခိုက်မည့်အစား ထွက်ပြေးခြင်းကို ရွေးချယ်ခဲ့လျှင် သူက မိုဝူကျိ မဟုတ်တော့ပေ။
ဝေရုက မိုဝူကျိ စကားကို ကြားလိုက်သောအခါ သူ့စိတ်ထဲမှ မီးတောက် တောက်လောင်လာသလို ခံစားလိုက်ရသည်။ သူက ပြတ်သားစွာဖြင့်
“ တာ့ရှီရှုန်း … တကယ်လို့ ကျုပ် ဝေရု တစ်ယောက်တည်း ထွက်ပြေးရမယ်ဆိုရင် ကျုပ် တစ်သက်လုံး စိတ်သက်သာမှာ မဟုတ်တော့ဘူး။ တကယ်လို့ တာ့ရှီရှုန်းက တိုက်ပွဲမှာ အသက်စွန့်မယ်ဆိုရင် ကျုပ် ဝေရုလည်း အဲလို လုပ်ချင်ပါတယ် ”
ဝေရု စကားပြောနေစဉ် မိုဝူကျိက စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းမှ တစ်ဆင့် အစီအရင် သင်္ကေတများကို ရေးထွင်းပြီးလေပြီ။ သူက ဝေရု စကားများကို ကြားသောအခါ မိုဝူကျိက ဝေရု ပခုံးကို ပုတ်ပေးလိုက်ပြီး စိတ်ဖြင့် ဆက်သွယ်ကာ
“ နောက်ပိုင်း ငါ တိုက်ခိုက်တဲ့အခါကျရင် ရန်သူလား မိတ်ဆွေလား ခွဲခြားနိုင်မှာ မဟုတ်တော့ဘူး။ မင်း ရှိနေရင် ငါ့တိုက်ခိုက်မှုကို ကန့်သတ်ထားသလို ဖြစ်လိမ့်မယ်။ ပြီးတော့ ငါ့ဆီမှာ ထိပ်တန်းအဆင့် လွတ်မြောက်ရေး နည်းစနစ် ရှိတယ်။ ငါ့ဆီမှာ ထွက်ပြေးနိုင်တဲ့ အခွင့်အရေး ရှိကောင်း ရှိလိမ့်ဦးမယ်။ ပြီးတော့ တကယ်လို့ ငါ တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ရင်လည်း မင်းက ဒီနေရာမှာ ကံကောင်းမှုတချို့ ရပြီးတော့ လက်စားပြန်ချေပေးလို့ ရတယ်လေ ”
ဝေရုက ငြိမ်ကျသွားလေ၏။ သူက ဤနေရာတွင် ဆက်ရှိနေပါက သူ့တာရှီရှုန်းကိုပါ ဆွဲချသလို ဖြစ်နေမည့်အကြောင်းကို နားလည်သွားသည်။ မိုဝူကျိ၏ နောက်ဆုံးစကားကို တွေးမိလိုက်သည့်အခါ ဝေရုက ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့်
“ တာ့ရှီရှုန်း …. ကျုပ် ဝေရု အသက်ရှင်သရွေ့ ကျုပ် ကိုယ်တိုင် လက်စားမချေနိုင်ရင်တောင် နောက်လာမဲ့ မျိုးဆက်အထိ ဒီဆန္ဒကို သေချာပေါက် လက်ဆင့်ကမ်းခဲ့ပါ့မယ်။ တစ်ရက်ကျ သူတို့တွေ ကောင်းကင်လူသားဂိုဏ်းနဲ့ တာ့ရှီရှုန်းအတွက် လက်စားချေပေးနိုင်မှာပါ ”
“ ဟုတ်ပြီ သွားတော့ …” မိုဝူကျိက ဝေရုအား တွန်းလွှတ်လိုက်ပြီးသည့်နောက်တွင် သူ့သတ်ဖြတ်ငွေ့များမှ မျက်စိစူးမတတ် အလင်းတန်းတစ်ချက် ထွက်ပေါ်လာသည်။ ထိုအလင်းရှေ့တွင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက ဘာမှမလုပ်နိုင်ကြချေ။
မည်သူကမှ ဝေရု ထွက်ပြေးသွားသည်ကို မတားဆီးလိုက်ကြပေ။
ဝေရု ထွက်သွားပြီးသည့်နောက်တွင် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း၏ ကနဦး နတ်ဘုရားအဆင့် ၇ ကျင့်ကြံသူက နှာခေါင်းရှုံ့ သရော်ကာ
“ အမှိုက်တစ်စက ဝေးဝေး သွားနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ မင်းက ငါတို့ရဲ့ အဓိက ပစ်မှတ်ပဲ။ မင်းက ကောင်းကင်လူသားဂိုဏ်းရဲ့ တာ့ရှီရှုန်းဆို … နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်အတွက်တောင် နေရာတွေ ရအောင် လုပ်ပေးနိုင်သေးတယ်ဆိုပဲ … အဲဒီနေရာတွေက ဘယ်နေရာကနေ ရလာတာလဲ သိချင်မိသား ”
လူအုပ်ကြားမှ ချူယို့သည် ထိုစကားများကို ကြားလိုက်သည့်အခါ မိုဝူကျိအပေါ် အာရုံစိုက်ထားလိုက်သည်။ သူမက မိုဝူကျိကို တစ်ကြိမ် ဖိတ်ကြားခဲ့ဖူးသော်လည်း သူမက အငြင်းခံခဲ့ရသည်။ သူမက မိုဝူကျိအား ထိုကိစ္စနှင့် ပတ်သက်၍ မကျေမနပ် မဖြစ်မိပေ။ ကောင်းကင်လူသားဂိုဏ်းသည် ဂိုဏ်းကြီး မဟုတ်သည့်အတွက် မိုဝူကျိအနေနှင့် သင့်တော်သော အကြောင်းပြချက် ရှိပေသည်။ သူမအား အကြောင်းအရင်းမရှိ ငြင်းလွှတ်လိုက်ခြင်း မဟုတ်ပေ။
သူမ မမျှော်လင့်ထားသည်က မိုဝူကျိသည် ဝင်ခွင့်များစွာကို ရရှိလာခြင်း ဖြစ်သည်။ သူမက နေရာဝင်ခွင့်ကို အသုံးပြု၍ မိုဝူကျိအား ဖိတ်ကြားဖို့ အသုံးချခဲ့သေးသည်။ အကယ်၍ မိုဝူကျိတွင် နေရာဝင်ခွင့်များစွာ ရှိနေလျှင် သူမ၏ မက်လုံးအခြေအနေက မဆွဲဆောင်နိုင်သည်မှာ မထူးဆန်းတော့ပေ။
မိုဝူကျိက ထိုသူအား လှည့်ကြည့်လိုက်ပြီး ပြုံးလိုက်ကာ “ ခင်ဗျားကို အရိုးရှင်းဆုံး အဖြေ ပေးရတာပေါ့ ”
ထိုသို့ပြောပြီးနောက် မိုဝူကျိက လူအုပ်ဘက် လှည့်ကာ လက်နှစ်ဖက် ယှက်ထားရင်း “ ကျုပ်က နတ်ဘုရားအသွင်သဏ္ဌာန်ကျောက် သိန်းဂဏန်းလောက်ကို ရခဲ့တယ်။ ပြီးတော့ အဲဒီကျောက်တွေက ကြယ်နှစ်လုံးနဲ့ အထက်ပဲ … ဒီနေ့ ကျုပ်က အဲဒီကျောက်တွေကို ရောင်းချင်တယ် ”
သူတို့က မိုဝူကျိ စကားကို ကြားကာ လူအုပ်ကြီးက စတင်၍ ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။ တချို့သော သူများက မျက်လုံးများပင် နီရဲလာကြ၏။ လက်ရှိ အားလုံးက ကနဦးနတ်ဘုရား အသီး ရင့်မှည့်ဖို့ရာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ ယခု မိုဝူကျိက သူ့တွင် နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်များ ရှိကြောင်း ထုတ်ပြောလိုက်သောအခါ ကနဦး နတ်ဘုရားအသီးကိစ္စအား ဘေးဖယ်ထား၍ ရသွားလေသည်။
ကနဦး နတ်ဘုရားအသီးသည် အလွန် အဖိုးတန်သည်မှာ အမှန် ဖြစ်၏။ ကနဦး နတ်ဘုရားအဆင့်တွင် ရှိနေသော ကျင့်ကြံသူများအတွက် အသီးတစ်လုံးက နောက်တဆင့် တက်လှမ်းစေဖို့ရာ လုံလောက်ပေသည်။ သို့သော်လည်း နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်များနှင့် ယှဉ်လျှင် ကနဦး နတ်ဘုရားအသီးက အဆင့်တူ မဟုတ်တော့ပေ။
ကနဦး နတ်ဘုရားအသီး မပါရှိဘဲ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူများက အချိန်နှင့် ကျင့်ကြံရေး အရင်းအမြစ်များနှင့် နောက်တဆင့် တက်လှမ်းနိုင်သေး၏။ သို့သော်လည်း ကျင့်ကြံသူတစ်ယောက်တွင် အချိန်မည်မျှ ရှိစေကာမူ နတ်ဘုရားအသွင်သဏ္ဌာန်အား မဖွဲ့စည်းနိုင်ကြပေ။ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက် မပါရှိဘဲ ကောင်းကင်နတ်ဘုရားအဆင့်သို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။
“ အားလုံး စိတ်အေးအေး ထားကြပါဦး …. မဟုတ်ရင် ကျုပ်က လွတ်မြောက်ရေး အဆောင်ကို အသက်သွင်းပြီးတော့ အခုချက်ချင်း ထွက်သွားလိုက်မှာ။ ကျုပ်ရဲ့ သွေးတည်နေရာ အဆောင်နဲ့ဆိုရင် ဘယ်သူမှ လိုက်မဖမ်းနိုင်ဘူးဆိုတာ သေချာတယ် ” မိုဝူကျိက လူအုပ်ကြီး ရုတ်ရုတ်သည်းသည် ဖြစ်နေသည်ကို မြင်ကာ ကျယ်ကျယ်လောင်လောင် အော်ပြောလိုက်သည်။
သူတို့က မိုဝူကျိတွင် သွေးတည်နေရာ အဆောင်ရှိနေကြောင်း ကြားလိုက်ရသည့်အခါ အားလုံးက ငြိမ်ကျသွားကာ မိုဝူကျိ စကားကို ငြိမ်သက်စွာ နားထောင်လိုက်ကြသည်။
အဝေးတစ်နေရာမှ ချူယို့က ဆွံ့အစွာ ခေါင်းသာ ခါလိုက်တော့သည်။ ဤမိုဝူကျိက သေခြင်းတရားဆိုသည့် အဓိပ္ပာယ်ကို နားမလည်သေးပေ။ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းသားများက သူ့အား သတ်ဖို့ရာ ဤမျှ တက်ကြွနေလေရာ သူက နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်ကို ရောင်းချင်နေသေး၏။ အကယ်၍ ဤအရာက သေချင်နေသည် မဟုတ်လျှင် ဘာဖြစ်မည်နည်း။ ထို့အပြင် နတ်ဘုရားအသွင်သဏ္ဌာန်ကျောက် သိန်းချီတွေ့ဖို့ရာ မည်သို့ ကံကောင်းမှုများ လိုအပ်မည်နည်း။
နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်က နတ်ဘုရားနယ်မြေ၌ ရှာတွေ့ဖို့ရာ အလွန်ခက်ခဲလှပေသည်။ သိန်းဂဏန်းလောက်ကို မဆိုထားနှင့် သောင်းဂဏန်းမှာ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦးအနေနှင့် နတ်ဘုရားအသွင်သဏ္ဌာန် ဖွဲ့တည်ဖို့ရာ လုံလောက်နေပြီ ဖြစ်၏။
လူအုပ်ကြီး ငြိမ်သက်သွားပြီးနောက် မိုဝူကျိက အင်မော်တယ်တစ်ပိုင်းနယ်ပယ်တွင် တူးဖော်ခဲ့သော ကျောက်တုံးနက် တစ်တုံးကို ထုတ်ယူလိုက်သည် “ အားလုံး စိတ်စွမ်းအားနဲ့ စစ်ဆေးကြည့်ကြပါ။ အဆင့်ကိုလည်း တစ်ချက် ကြည့်ကြည့်ကြပါဦး ”
“ အမလေးလေး ... ကြယ်သုံးလုံး နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်ပဲ။ ကြယ်သုံးလုံးအဆင့်ထက်တောင် ပိုဦးမယ် ” တအံ့တဩ ရေရွတ်သံက ထွက်ပေါ်လာ၏။ လူအုပ်ကြား ရုတ်ရုတ်သဲသဲ ထပ်ဖြစ်သွားပြန်သည်။
ကနဦး နတ်ဘုရားအသီးပေါ် အာရုံစိုက်နေသော လူအရေအတွက်က လျော့နည်းလာလေ၏။ သူတို့၏ နတ်ဘုရားအသွင်သဏ္ဌာန်ကို ဖွဲ့စည်းပြီးသော ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများပင် မိုဝူကျိအား မျက်လုံးများ နီရဲစွာဖြင့် ငေးကြည့်နေကြသည်။
နတ်ဘုရားနယ်မြေ၌ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်များ ပို၍ ပို၍ နည်းပါးလာပြီ ဖြစ်၏။ နတ်ဘုရားအသွင်သဏ္ဌာန် တာအိုအသီးမှာ အဆင့်အမျိုးမျိုး ခွဲမထားသော်လည်း ကြယ်နှစ်လုံးနှင့်အထက် နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်မှာ ရရှိဖို့ရာ ခက်ခဲလှပေသည်။
ယခု မိုဝူကျိက ကြယ်သုံးလုံးနှင့်အထက် နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်များစွာ ရှိနေလေရာ သူတို့အာရုံကို မဆွဲဆောင်နိုင်မှသာ ထူးဆန်းနေပေမည်။
ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူများကို သူတို့၏ နတ်ဘုရားအသွင်သဏ္ဍာန် ဖွဲ့စည်းနိုင်ခြင်းအပြင် အဆင့်မြင့် နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်များက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများအတွက် သူတို့ကိုယ်ပိုင် နတ်ဘုရားအသွင်သဏ္ဌာန်ကို အဆင့်မြင့်နိုင်သေး၏။
ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများစွာက သူတို့ နတ်ဘုရားအသွင်သဏ္ဌာန်ကို ဖွဲ့စည်းဖို့ရာ နှစ်များစွာ ကြိုးစားခဲ့ကြရသောကြောင့် သူတို့ နတ်ဘုရားအသွင်သဏ္ဌာန်အား အဆင့်မြင့်ပေးနိုင်သည့်အထိ ပိုပိုလျှံလျှံ မည်သူ၌ ရှိမည်နည်း။
မိုဝူကျိက လက်နှစ်ဖက်ယှက်ကာ “ တာအိုရောင်းရင်းတို့ … ကျုပ်ရဲ့ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်တွေကို ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ ဆယ်ယောက်ဆီ ရောင်းဖို့ ဆုံးဖြတ်ထားပြီးပါပြီ ”
မိုဝူကျိက ထိုအကြောင်းကို ထုတ်ပြောလိုက်စဉ် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းသားများ သူ့ထံ ရန်လိုစွာ ချဉ်းကပ်လာကြသည်။ ထို့ကြောင့် သူက မြန်မြန် ထပ်ပြောလိုက်သည်
“ ကျုပ်တို့ ကောင်းကင်လူသားဂိုဏ်းက နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနဲ့ ဇာမဏီနတ်ဝိညာဉ် ပရဝဏ်ဂိုဏ်းတို့ကို ရန်စမိခဲ့တယ်။ ခဏနေရင် ကျန်တဲ့ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်အားလုံးကို အဲဒီနှစ်ဂိုဏ်းကို ခွဲပေးပါ့မယ်။ စကားပုံတောင် ရှိသေးတယ် မဟုတ်ဘူးလား။ မုန်းစကို တိုစေ ချစ်စကို ရှည်စေ ဆိုပြီးတော့လေ … ကျုပ်တို့ ကောင်းကင်လူသားဂိုဏ်းက နောက်ကျရင် အဲဒီနှစ်ဂိုဏ်းပေါ် မှီခိုရဦးမှာပဲလေ ”
သူတို့က မိုဝူကျိ စကားကို ကြားလိုက်သည့်အခါ အားလုံးနီးပါးက အထင်သေးဟန်ဖြင့် ကြည့်လိုက်ကြသည်။ ကောင်းကင်လူသားဂိုဏ်းသည် ထိုဂိုဏ်းနှစ်ဂိုဏ်း လက်ချက်ကြောင့် ပျက်စီးခဲ့ပြီး သူတို့၏ တည်ထောင်သူဘိုးဘေးပင် အသတ်ခံလိုက်ရသည်။ ယခု ကောင်းကင်လူသားဂိုဏ်းသားက ထိုနှစ်ဂိုဏ်း ကျေနပ်စေဖို့ရာ ပြုမူနေသေး၏။ စိတ်ပျက်ဖွယ် ကောင်းလှပေသည်။
မိုဝူကျိ စကားများကို ကြားပြီးနောက် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းသားများက ရပ်တန့်သွားကြသည်။ သူတို့ကို မိုဝူကျိက တိုက်ရိုက်ပေးခြင်းမှာ ပို၍ ကောင်းပေသည်။ ဤနေရာတွင် လူရာချီ၍ ရှိနေသောကြောင့် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနှင့် ဇာမဏီနတ်ဝိညာဉ်ပရဝဏ်တို့ ပူးပေါင်းထားသည့် အရေအတွက်မှာ လိုအပ်နေသေး၏။ အကယ်၍ အခြေအနေသာ ရုတ်ရုတ်သဲသဲး ဖြစ်လာစေခဲ့လျှင် မိုဝူကျိက ထွက်မပြေးနိုင်လျှင်ပင် တခြားသူများက မိုဝူကျိဆီမှ ပစ္စည်းများကို အောင်အောင်မြင်မြင် လုယူခွင့် ပေးမည် မဟုတ်ကြပေ။
“ အဲကျောက်တွေကို ဘယ်သူဆီ ရောင်းမှာလဲ။ မြန်မြန် ပြော ….” စိတ်မရှည်သည့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူက ပြောလိုက်လေသည်။
မိုဝူကျိက မြန်မြန် ပြောလိုက်၏ “ အခုပဲ ရွေးလိုက်မယ် ”
ထိုစဉ် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ အားလုံးနီးပါးက ရှေ့ထွက်လိုက်ကြသည်။ မိုဝူကျိက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများကို အလွယ်လေး တွေ့သွားလေသည်။ ဆယ်ယောက်လုံးက မျက်နှာဖုံး တပ်လျှင်တပ် ဒါမှမဟုတ် ဆေးလုံးဖြင့် ရုပ်ဖျက်ထားကြသူများ ဖြစ်၏။
“ ငါတို့တွေ ရှေ့ထွက်လာပြီးပြီ။ ငါက နတ်ဘုရားအသွင်သဏ္ဌာန်ကျောက် တစ်သိန်း လိုချင်တယ်။ ငါ့ကို ဈေးသာပြောလိုက် မင်း နတ်ဘုရားကျောက် ဘယ်လောက် လိုချင်လဲ ” ကောင်းကင်နတ်ဘုရားအဆင့် ၄ ကျင့်ကြံသူက အနည်းငယ် မကြည်မလင် ပြောလိုက်သည်။
မိုဝူကျိက တောက်ပသော အပြုံးကြီးဖြင့် ပြင်ဆင်ထားသော သိုလှောင်လက်စွပ် ဆယ်ကွင်းကို ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများထံ ပေးလိုက်သည်။ သူက နတ်ဘုရားကျောက်အကြောင်း ဘာမှမပြောပေ။
ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများက မိုဝူကျိ၏ သိုလှောင်လက်စွပ်ကို ရရှိလိုက်သည်နှင့် မိုဝူကျိ၏ အသံကို နားထဲ ကြားလိုက်ရသည်
“ ဒီလက်စွပ်တွေမှာ အတားအဆီးတွေ ရှိတယ်။ နှစ်နာရီကြာပြီးရင် အတားအဆီးက အလိုလို ပျက်သွားလိမ့်မယ်။ ဒါပေမဲ့ နှစ်နာရီအတွင်းမှာ အဲဒီအတားအဆီးကို လုံးဝ ဖျက်လို့ မဖြစ်ဘူး။ မဟုတ်ရင် လက်စွပ်အတွင်းက နေရာတစ်ခုလုံးက ပျက်စီးသွားပြီးတော့ အထဲက အရာအားလုံးလည်း ဆုံးရှုံးသွားလိမ့်မယ် ”
ကျင့်ကြံသူဆယ်ယောက်လုံးက မိုဝူကျိအား စိုက်ကြည့်လိုက်ကြသည်။ သူတို့၏ သတ်ဖြတ်လိုစိတ်မှာ ထင်ရှားလှ၏။ အကယ်၍ မိုဝူကျိက မသင့်တော်သည့် စကားမျိုး ဆက်လက် သုံးစွဲနေရဲသည်ဆိုလျှင် သူ့အနေနှင့် ယနေ့ကို ကျော်လွန်၍ အသက်ရှင်ဖို့ရာ ခက်ခဲပေမည်။
မိုဝူကျိက ဆက်လက်၍ အသံပို့လွှတ်လိုက်သည် “ အားလုံးက စိတ်စွမ်းအားနဲ့ အထဲက ပစ္စည်းတွေကို စစ်ဆေးကြည့်လို့ ရပါတယ်။ ခင်ဗျားတို့တွေ အတားအဆီးကို မဖျက်သရွေ့ …. ”
မိုဝူကျိ စကားပြီးအောင်အထိ မစောင့်ဆိုင်းဘဲ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ ဆယ်ယောက်လုံးက စိတ်စွမ်းအား ပို့လွှတ်လိုက်ကြသည်။ သူတို့က ကြယ်သုံးလုံး နတ်ဘုရားအသွင်သဏ္ဌာန်ကျောက် သောင်းဂဏန်းလောက်ကို မြင်လိုက်သည့်အခါ သူတို့မျက်နှာ၌ စိတ်သက်သာရာ ရသွားဟန် ပေါ်သည်။ သူတို့က နတ်ဘုရားကျောက် တစ်ခုပင် မပေးချေရသေးဘဲ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက် အမြောက်အမြားကို လက်ခံရရှိလိုက်၏။
မိုဝူကျိ၏ အသံက ထိုလူများ နားထဲ နောက်တစ်ဖန် ပြန်ထွက်ပေါ်လာပြန်သည်
“ ခင်ဗျားတို့လို ပုဂ္ဂိုလ်တွေကနေ ဘယ်လိုလုပ် နတ်ဘုရားကျောက် တောင်းဆိုရဲမှာလဲဗျာ။ ကျုပ်ဆီမှာ တောင်းဆိုချက် တစ်ခုပဲ ရှိတယ်။ ခဏနေလို့ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနဲ့ ဇာမဏီနတ်ဝိညာဉ် ပရဝဏ်က ကောင်းကင်နတ်ဘုရားအဆင့်တွေ ကျုပ်ကို တိုက်ဖို့ ကြိုးစားခဲ့ရင် ခင်ဗျားတို့တွေ ကျုပ်အတွက် သူတို့ဆီက တိုက်ခိုက်မှု တချို့ကို ကာကွယ်ပေးဖို့ မျှော်လင့်တယ်။ အမွှေးတိုင်ဝက်စာလောက် အချိန်ဆိုရင်တောင် အဆင်ပြေပါတယ်။ ဒါနဲ့ ပြီးတော့ ခင်ဗျားတို့တွေက အဲဂိုဏ်းကလူတွေကို သတ်စရာ မလိုဘူးနော် ”
အရပ်ရှည်ရှည် တောင့်တင်းသည့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူက မိုဝူကျိအား အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး “ ကောင်းပြီ … မင်းအတွက် တစ်ချက်တော့ ကာကွယ်ပေးနိုင်တယ် ”
သူက မိုဝူကျိသည် သူ့သွင်ပြင် ပြောင်းလဲထားကြောင်းကို သိနေလားဟု တွေးမိသွားသည်။ သို့သော်လည်း သူက မိုဝူကျိ၏ စိတ်စွမ်းအား သူ့ဆီ ကျရောက်လာသည်ကို သတိမပြုမိပေ။
ကျန်လူများကလည်း အချင်းချင်း ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ကြ၏။ မိုဝူကျိ၏ မက်လုံးများက သူတို့ကို စိတ်လှုပ်ရှားသွားစေသည်မှာ သိသာလှသည်။ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနှင့် ဇာမဏီနတ်ဝိညာဉ် ပရဝဏ်တို့က အင်အားစုကြီး ဖြစ်သော်လည်း သူတို့က ရုပ်ဖျက်ထားသည့်အပြင် သူတို့အနေနှင့် ထိုဂိုဏ်းသားများကို သတ်ပစ်စရာလည်း မလိုပေ။ အမွှေးတိုင်ဝက်စာလောက် ခုခံကာကွယ်ပေးဖို့ရာအတွက်မူ မိုဝူကျိက အိပ်မက်မက်နေခြင်းသာ ဖြစ်ပေမည်။ သူတို့က တစ်ချက်၊ နှစ်ချက် ကာကွယ်ပေးပြီးလျှင် နောက်ဆုတ်သွားနိုင်ကြသည် မဟုတ်ပါလော။
တစ်ချိန်တည်းဆိုသလို မိုဝူကျိက အေးစက်စွာ ရယ်မောမိလိုက်သည်။
သူ့အား အမွေးတိုင်ဝက်စာ ခုခံကာကွယ်ပေးထားမည်တဲ့လား …. သူ့ကို အရူး ထင်နေတာလား …
ထိုဂိုဏ်းများဆီမှ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှု တစ်ကွက်၊ နှစ်ကွက် ခုခံပေးသည်ဆိုလျှင်ပင် မဆိုးလှပေ။
သိုလှောင်လက်စွပ် ဆယ်ကွင်းကို ပေးပြီးသည့်နောက်တွင် မိုဝူကျိက လူအုပ်ကြီးဘက် လက်နှစ်ဖက်ယှက်ကာ
“ အရင်ကလည်း ပြောဖူးပါတယ်။ ကျုပ်တို့ ကောင်းကင်လူသားဂိုဏ်းနဲ့ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း၊ ဇာမဏီနတ်ဝိညာဉ် ပရဝဏ်တို့ကြားက ရန်ကြွေးကို ဆက်ထား ထားတာထက် စာရင် ချေပစ်လိုက်တာက ပိုမကောင်းဘူးလား။ အခု နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနဲ့ ဇာမဏီနတ်ဝိညာဉ် ပရဝဏ်ဂိုဏ်းက မိတ်ဆွေတို့ ရှေ့ထွက်လာကြပါ။ ခင်ဗျားတို့ကို ကျုပ်တို့ရဲ့ ကောင်းကင်လူသားဂိုဏ်းရဲ့ လေးနက်မှုကို ပြတဲ့အနေနဲ့ တစ်ယောက်ကို နတ်ဘုရားအသွင်သဏ္ဌာန်ကျောက် နှစ်သောင်းဆီ ပေးမယ် ”
မိုဝူကျိ မျက်နှာတွင် အပြုံးကြီး ချိတ်ဆွဲထားလျက် ဖြစ်ကာ သူ့လေသံမှာလည်း အလွန်နွေးထွေးကာ ပျူငှာလှသည်။
***