သွေးသံရဲရဲ တိုက်ပွဲ
Vol. 67 Ch. 927
“ ဟားဟား ” ကျယ်လောင်သည့် ရယ်မောသံ တစ်သံ ထွက်ပေါ်လာပြီး နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းမှ ကောင်းကင်နတ်ဘုရားအဆင့် ၂ ကျင့်ကြံသူ တစ်ဦးက ပြောလိုက်သည် “ မဆိုးဘူးပဲ … မင်းက လိုက်လျောညီထွေ နေတတ်သား။ အဲလို နေတတ်တဲ့သူတွေက အသက်ရှည်ရှည်နေရတတ်တယ် ”
ထိုသို့ပြောပြီးနောက် ထိုလူက ရှေ့တိုးလာသည်။
မိုဝူကျိ မျက်နှာအထက်တွင် အပြုံးကြီး ချိတ်ဆွဲထားဆဲ ဖြစ်သော်လည်း တစ်ချိန်တည်းဆိုသလို သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းက လေထုထဲရှိ အစီအရင် သင်္ကေတများကို ရေးထွင်းနေဆဲ ဖြစ်သည်။
မကြာခင် ဂိုဏ်းနှစ်ဂိုဏ်း၏ ကျင့်ကြံသူ ၄၉ယောက်လုံးလည်း ရှေ့တိုးလာကြသည်။ သူတို့က မိုဝူကျိနှင့် ဆယ်လှမ်းအကွာတွင် ရပ်လိုက်ပြီး လက်ကို စိုက်ကြည့်နေကြသည်။
သူတို့က မိုဝူကျိ တစ်ယောက် နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်များ ထုတ်ပေးဖို့ရာ စောင့်နေကြသည်။ မိုဝူကျိက သူတို့ကို ပေးပြီးသည့်နောက်တွင် သူတို့က ဆက်လက်၍ လုယက်ဦးမည် ဖြစ်၏။ အကယ်၍ မိုဝူကျိက ဤမျှ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်များကို ထုတ်ပေးနိုင်သည်ဆိုလျှင် သူတွင် သေချာပေါက် အများအပြား ရှိနေပေဦးမည်။
မိုဝူကျိက ပြုံးလိုက်ရင်း သူ့လက်ကို သိုလှောင်လက်စွပ်အပေါ် တင်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူ့ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်များ လက်ခံထားသည့် ကျင့်ကြံသူဆယ်ဦးဆီ စိတ်ဖြင့် ဆက်သွယ်လိုက်၏ “ တကယ်လို့ ခင်ဗျားတို့သာ ကူညီပေးရင် ကျုပ်ရဲ့ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်တွေက ခင်ဗျားတို့ အပိုင်ပဲ ”
အားလုံးက မိုဝူကျိ၏ လက်စွပ်ကို စိုက်ကြည့်လိုက်ကြသည်။ ရုတ်ခြည်းဆိုသလို မိုဝူကျိက လက်ကို မြှောက်လိုက်သည်။ ကြိုးငါးသွယ်နှင့်အတူ ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော ပုဆိန်လှံရှည်အလင်းက ထွက်ပေါ်လာ၏။
“ သူက လှည့်စားနေတာ။ အားလုံး သူ့ကို သတ်ပစ်ကြ …” မိုဝူကျိကို အမြဲအာရုံစိုက်ထားသည့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူက အော်ပြောလိုက်သည်။ သူက မိုဝူကျိ၏ အပြုအမူများမှာ ထူးဆန်းကြောင်း ထင်မိ၏။ ယခု မိုဝူကျိက သူ့ကိုယ်သူ ထုတ်ဖော်လိုက်ပြီ ဖြစ်ရာ သူ့အနေနှင့် ဦးဆုံး သတိပြုမိလိုက်ပြီး ချက်ချင်းဆိုသလို မှော်ရတနာကို ထုတ်ကာ မိုဝူကျိဆီ ချီတက်လိုက်သည်။
မိုဝူကျိ၏ သဘာဝငါးသွယ် ကြိုးက သဘာဝငါးမျိုး အာကာပြင်ကို ထုတ်လွှင့်ထားသည်။ ထို့နောက် အဆုံးမဲ့ ပုဆိန်လှံရှည် အလင်းတန်းက ကျင့်ကြံသူ ၄၉ ယောက်ဆီ သဲလှိုင်းလုံးများအလား ဝင်ရောက်လာသည်။
ဤအရာအားလုံးမှာ အပေါ်ယံမျှသာ ဖြစ်၏။ မိုဝူကျိ၏ တကယ့်တိုက်ကွက်မှာ သူ့အစီအရင် သင်္ကေတများနှင့် မဟာသဲကန္တာရ အစီအရင်ကို အသက်သွင်းလိုက်ပြီး ထိပ်တန်း အဆင့် ၁ နတ်ဘုရားအစီအရင်ကို ဖြစ်တည်လာစေသည်။
သဘာဝငါးသွယ် ကြိုး ထွက်ပေါ်လာသည့်အခါ သူက ဝူလျန့်ကို သတ်လိုက်သူ ဖြစ်ကြောင်း ထုတ်ဖော်ပြီးသား ဖြစ်သွား၏။ မိုဝူကျိက ထိုကိစ္စအား ဂရုမစိုက်တော့ချေ။ သူ့ကောင်းကင်လူသားဂိုဏ်းက ပျက်သုဉ်းသွားပြီ ဖြစ်ရာ ဤသို့ အတားအဆီးမျိုးကို ဂရုစိုက်နေရမည်လား။ သူက ဤတိုက်ပွဲကို ဖြတ်ကျော်၍ အသက်ရှင်ဖို့ပင် မသေချာပေ။
“ ရွပ် ရွပ် ရွပ် ..” ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ ၇ ဦး၊ ၈ ဦးလောက်က မိုဝူကျိ၏ ကြိုးကြောင့် လည်ပင်းများ ပြတ်ကာ သေဆုံးသွားကြသည်။ သွေးများလည်း ပန်းထွက်လာ၏။ ထိတ်ထိတ်ပျာပျာ ကမ္ဘာဦး စိတ်ဝိညာဉ်တချို့က မိုဝူကျိ၏ သဘာဝငါးမျိုး အာကာပြင်အတွင်း ပေါ်လာကြသည်။ ကမ္ဘာဦး စိတ်ဝိညာဉ်များက မလွတ်မြောက်နိုင်ခင် သူတို့အပေါ် လျှပ်စီးချက်များ ကျရောက်လာသည်။
ထိုစဉ် မိုဝူကျိက ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ ဆယ်ဦးနီးပါးအထိ သတ်ပစ်ခဲ့သည်။ ထိုအချိန်လေး၌ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ ငါးဦး၏ တိုက်ခိုက်မှုများလည်း ကျရောက်လာသည်။
မိုဝူကျိက လူဆယ်ယောက် ရွေးချယ်ထားသည့် အကြောင်းအရင်းမှာ တချို့တလေက မကူညီမည်ကို စိုးရိမ်၍ ဖြစ်သည်။
လက်တွေ့၌ မိုဝူကျိ ခန့်မှန်းထားသည့်အတိုင်း သူ ရွေးချယ်ထားသော ကျင့်ကြံသူ ဆယ်ဦးမှာ ရုပ်ဖျက်ထားကြသော်လည်း လေးယောက်သာ အမှန်တကယ် ကူညီပေးကြသည်။
ကျန်လူများက ထိတ်လန့်နေသည်လား ဒါမှမဟုတ် ထိတ်လန့်နေယောင်ဆောင်နေသည်လား မပြောတတ်ပေ။ သူတို့က မှော်ရတနာပင် မထုတ်ထားကြပေ။
သို့သော်လည်း မိုဝူကျိအတွက် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ လေးဦး၏ အကူအညီမှာ အံ့ဖွယ်ဖြစ်နေပြီ ဖြစ်၏။ မူလက မိုဝူကျိသည် အဆိုးဆုံးအခြေအနေကို မှန်းဆထားပြီး နှစ်ယောက်လောက်သာ ကူညီလိမ့်မည်ဟု တွေးထားသည်။ အကယ်၍ ဤသို့သာ ဖြစ်ခဲ့လျှင် သူ့အနေနှင့် လော့ကျမ်းစာရွက်နှင့် ခွန်းဝူဓားကို ထုတ်သုံးရမည် ဖြစ်၏။
သို့သော် သူက သူတို့ကို ထုတ်လိုက်သည်နှင့် အဆုံးသတ်သွားနိုင်ကြောင်း သိထားသည်။ ပြောရမည်ဆိုလျှင် ဤနေရာရှိ လူအားလုံး၏ ပစ်မှတ် ဖြစ်လာနိုင်သည်။
မိုဝူကျိက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူလေးဦး ကူညီပေးနေသော်လည်း သူတို့က အစွမ်းကုန် ထုတ်တိုက်မည် မဟုတ်ကြောင်း သိနေသည်။ သူတို့က တိုက်ကွက်တစ်ခုစီလောက် ကာကွယ်ပေးထားသည်ဆိုလျှင်ပင် မဆိုးလှပေ။
ထို့ကြောင့် မိုဝူကျိက သူ့ကာကွယ်ရေးကို လက်လျှော့လိုက်ပြီး စိတ်စွမ်းအင်မြား ကိုးစင်းကို ပစ်လွှတ်လိုက်သည်။
မိုဝူကျိ၏ အားကောင်းလှသော အသိစိတ်ပင်လယ်နှင့် သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းတို့ အတူတူ ပူးပေါင်း လုပ်ဆောင်ခြင်းဖြင့်ပင် စိတ်စွမ်းအင်မြား ကိုးစင်း ပစ်လွှတ်လိုက်ခြင်းက သူ့အား ဗလာကျင်းသည့် စိတ်ခံစားချက်တို့ ကြီးစိုးလာစေသည်။
ထိုစဉ် မိုဝူကျိက ဆေးလုံး အဆိပ်များနှင့် ဘေးထွက်ဆိုးကျိုးများကို မည်သို့ ထည့်တွက်နေရတော့မည်နည်း။ သဘာဝကျီဆေးလုံး တစ်ပုလင်းကို သောက်သုံးပစ်လိုက်သည်။ သူ့အသစ် ဖန်တီးထားသည့် ပုဆိန်လှံရှည်ဖြင့် ချောက်နက်နှင့် တူသည့် ပုဆိန်လှံရှည် အလင်းကို ထုတ်ဖော်လိုက်သည်။
ဤသည်မှာ ပုဆိန်လှံရှည် တိုက်ကွက်လေးကွက်ထဲမှ တစ်ခု ဖြစ်သည့် မဟူရာအရိပ် ချောက်နက် ဖြစ်ပေသည်။
မိုဝူကျိ ခန့်မှန်းထားသည့်အတိုင်း ထိုကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူလေးယောက်က မိုဝူကျိအတွက် တစ်ချက်စီ ကာကွယ်ပေးပြီးနောက် ဒဏ်ရာရသည့်အလား နောက်ဆုတ်ကုန်ကြသည်။
သို့သော် မိုဝူကျိအတွက် လုံလောက်နေလေပြီ။ စိတ်စွမ်းအင်မြား ကိုးစင်းမှာ ဘေးပတ်လည်ရှိ သတ်ဖြတ်ငွေ့များနှင့် စွမ်းအားများကို ဆွဲယူသွားသည်။ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနှင့် ဇာမဏီနတ်ဝိညာဉ် ပရဝဏ်တို့မှ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ လေးဦးတို့ တားဆီးခံလိုက်ရသည်နှင့် ထိုမြားများမှာ သူတို့ အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်သွားတော့သည်။
နတ်ဘုရားအသွင်သဏ္ဌာန်ကျောက် လက်ခံထားသော ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ လေးဦးက မိုဝူကျိအား တစ်ချက်စီမျှသာ ခုခံပေးထားသော်လည်း သူတို့က သူ့အကြံအစည်များကို ဖြည့်စွက်ပေးနိုင်ခဲ့သည်။
နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနှင့် ဇာမဏီနတ်ဝိညာဉ် ပရဝဏ်တို့မှ ကောင်းကင်နတ်ဘုရားအဆင့် လေးယောက်တို့သည် သွေးအန်ကုန်ကြသည်။ သူတို့က ကောင်းကင်နတ်ဘုရားအဆင့် ဖြစ်သော်လည်း သူတို့အသိစိတ်အတွင်း ဝင်ရောက်လာသည့် စိတ်စွမ်းအင်မြား နှစ်စင်းမှာ သူတို့ ခုခံထားနိုင်သည့်အရာ မဟုတ်ချေ။
စိတ်စွမ်းအင်မြားက သူတို့အသိစိတ်ပင်လယ်ထဲ ဝင်သွားသည်နှင့် စိတ်များက ပရမ်းပတာ ဖြစ်လာပြီး အစီအစဉ်တကျ မရှိတော့ပေ။ သူတို့ အသိပြန်မကပ်လာခင် မိုဝူကျိ၏ မီတာသုံးသောင်းရှည်သည့် ချောက်နက်ကြီးက သူတို့ဆီ ကျရောက်လာသည်။
မိုဝူကျိက ဤသည်မှာ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများအား သတ်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ကြောင်း သိထားသည်။ ဤအခြေအနေမှာလည်း တစ်ကြိမ်မျှသာ ဖြစ်နိုင်မည်။ အကယ်၍ သူတို့လေးယောက်လုံးကို မသတ်နိုင်ခဲ့လျှင် ယခု သူ့တွင် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများ၏ အကူအညီ မရှိတော့လေရာ သေဖို့ စောင့်နေသည်နှင့် အတူတူ ဖြစ်ပေမည်။
“ ပါးမွှားလေးကများ ….” ကောင်းကင်နတ်ဘုရားအဆင့် ၄ ကျင့်ကြံသူ၏ အသိစိတ်ပင်လယ်က တခြားသုံးယောက်ထက် ပိုအားကောင်းပေသည်။ သူက စိတ်စွမ်းအင်မြား နှစ်ချက် မှန်ထားသော်လည်း သူက ပထမဆုံး အသိပြန်ဝင်လာသူ ဖြစ်၏။
ထိုစဉ် မိုဝူကျိ၏ သဘာဝငါးမျိုး အာကာပြင်မှာလည်း သတ်ဖြတ်ရေး အစီအရင်အဖြစ် ပြောင်းလဲသွားလေပြီ။
ကောင်းကင်နတ်ဘုရားအဆင့် တစ်ယောက်အနေနှင့် မဟာသဲကန္တာရအစီအရင်နှင့် အစီအရင်သင်္ကေတများကြားမှ ထွက်ဖောက်ဖို့ရာ အသက်တစ်ရှိုက်စာမျှ ဒါမှမဟုတ် ထို့ထက်နည်းသည့် အချိန်မျှသာ လိုအပ်ပေမည်။
ဤအရာအားလုံးမှာ မိုဝူကျိ၏ တွက်ချက်မှုအတွင်း ရှိပေသည်။ သူက အသက်တစ်ရှိုက်စာမျှပင် မလိုပေ။ သူက နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနှင့် ဇာမဏီနတ်ဝိညာဉ် ပရဝဏ်မှ ကျင့်ကြံသူများကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီး သူ တွက်ချက်ထားသည့်အချိန်မှာ အသက်တစ်ရှိုက်စာမျှအောက်သာ လိုအပ်၏။
ဤသည်မှာ အဆိုးဆုံးကို ကာကွယ်ထားခြင်းမျှ မဟုတ်ပေ။ ပို၍ အရေးကြီးသည်က မိုဝူကျိက ကနဦး နတ်ဘုရား အစောပိုင်းအဆင့်မျှသာ ရှိသေး၏။ အကယ်၍ သူက ကနဦး နတ်ဘုရားအဆင့်နှင့် ကောင်းကင်နတ်ဘုရားအဆင့် စုစုပေါင်း အယောက် ငါးဆယ်လောက်ကို အနိုင်တိုက်နိုင်သည်ဟု ဆိုလာလျှင် သူ့စကားများမှာ ဟာသအဖြစ်သာ ယူဆကြလိမ့်မည်။
ယခုတွင် အမှန်တရားမှာ ရွှေထက်ပင် အဖိုးတန်နေသေး၏။
“ ဖူး ” သွေးမြူငါးခုက ဆက်တိုက် ပေါက်ကွဲထွက်လာသည်။ တားဆီးခံထားရသော ကောင်းကင်နတ်ဘုရားအဆင့် လေးဦးမှာ မိုဝူကျိ၏ ချောက်နက် တိုက်ကွက်ကြောင့် နှစ်ပိုင်း ပြတ်ကုန်လေ၏။ ငါးခုမြောက် သွေးမြူမှာ မိုဝူကျိ၏ ခန္ဓာကိုယ်မှ ဖြစ်သည်။
တားဆီးမခံလိုက်ရသည့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူမှာ မိုဝူကျိ၏ စိတ်စွမ်းအင်မြားလက်ချက် မိထားသော်လည်း သူ့မှော်ရတနာက မိုဝူကျိ ရင်ဘတ်အပေါ် အပြင်းအထန် ကျရောက်လာသေး၏။
မိုဝူကျိက နတ်ဘုရားရုပ်ခန္ဓာအဆင့် ဖြစ်သော်လည်း တိုက်ရိုက် တိုက်ခိုက်မှုမှာ သူ့ရင်ဘတ်၌ အပေါက်ဖြစ်သွားစေဖို့ရာ လုံလောက်ပေသည်။ သူ့အရိုးများနှင့် နံရိုးများပင် မြင်တွေ့နေရသည်။ သူ့ရုပ်ခန္ဓာအဆင့်နှင့် တစ်ဖက်လူက သူ့စိတ်စွမ်းအင်မြားတစ်ချက် မှန်ထားသည့် အချက်ကြောင့်သာ မဟုတ်လျှင် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူက ထိုတိုက်ကွက် တစ်ခုတည်းဖြင့် သူ့ခန္ဓာကိုယ်အား ပေါက်ကွဲထွက်သွားစေအောင် လုပ်နိုင်လိမ့်မည်။
“ ရွပ် ရွပ် ” သွေးမြူများ ငါးခုအပြီးတွင် နောက်ထပ် ပေါက်ကွဲမှုများက မိုဝူကျိအပေါ် ဆက်တိုက် ကျရောက်လာသည်။ ဤတိုက်ခိုက်မှုများမှာ အသိပြန်ကပ်လာသည့် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူများထံမှ ဖြစ်၏။
မိုဝူကျိက ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ ခုနစ်ယောက်နှင့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ လေးယောက်ကို သတ်ပြီး ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦးကြောင့် သူ့ကိုယ်သူ ဒဏ်ရာရသွားသည့် ကိစ္စများမှာ အချိန်တိုလေး၌ ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
အချိန်တိုလေးအတွင်း သူက ထိုဂိုဏ်းနှစ်ဂိုဏ်းမှ လူ ၁၁ ယောက်ကို သတ်ပစ်ခဲ့သည်။ ထိုအထဲတွင် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ လေးဦးလည်း ပါဝင်နေသေးသည်။ အားလုံးက မိုဝူကျိသည် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ ခုနစ်ယောက်အား သတ်နိုင်ခဲ့သည်မှာ ချောင်းမြောင်းတိုက်ခိုက်၍ ဖြစ်ကြောင်း တွေးမိကြသည်။ သူ သတ်လိုက်သော ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူလေးယောက်အတွက်လည်း အတူတူသာ ဖြစ်၏။
သူက အကူအညီရစေရန် နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်များအကြောင်း ထုတ်ပြောလိုက်သည့် အကြောင်းအရင်းမှာ ထိုကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူလေးဦး၏ တိုက်ခိုက်မှုကို ခုခံပေးထားစဉ် သူ့အနေနှင့် ပြန်လုပ်ကြံနိုင်စရန် ဖြစ်သည်။
သို့သော်လည်း မိုဝူကျိက ချောင်းမြောင်းတိုက်ခိုက်မှုအတွက် မည်သည့်နည်းလမ်း သုံးခဲ့မှန်း မည်သူကမှ မသိကြပေ။ မိုဝူကျိက လေထုအတွင်း အစီအရင်သင်္ကေတများ ရေးဆွဲထားပြီး မဟာသဲကန္တာရ အစီအရင်အကြောင်းသာ သိလိုက်ကြသည်။
ထိုစဉ် မိုဝူကျိ၏ တစ်ကိုယ်လုံးမှာ သွေးများ ပေပွနေစဉ် တစ်ဖက်၌ ကောင်းကင်နတ်ဘုရားအဆင့် ၂ ကျင့်ကြံသူနောက်တွင် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ အယောက် ၃၀ ကျော် ရှိနေသေးသည်။
“ မိုဝူကျိ .. မင်း ဝိညာဉ်ကို ထုတ်ပြီးတော့ ဖြည်းဖြည်းချင်း မနှိပ်စက်ရရင် ငါ ဖင်းဟုန် ကျင့်ကြံခဲ့သမျှ အချိန်တွေ အားလုံး အလကား ဖြစ်လိမ့်မယ် ….” တစ်ဦးတည်း ကျန်ရှိနေသည့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူက မီးများ ထွက်လုမတတ် မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
သူက အလွန်အမင်း ဒေါသထွက်နေသော်လည်း ဤနဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း၏ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူက ချက်ချင်း မတိုက်ခိုက်သေးပေ။ ထို့အစား သူက မိုဝူကျိ၏ သိုလှောင်လက်စွပ်ကို ရထားသော ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူဆယ်ယောက်ကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်
“ မင်းတို့တွေ အခုချက်ချင်း နောက်ဆုတ်ရင် ငါတို့ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းက ဘာမှမဖြစ်သလို သဘောထားပေးမယ်။ တကယ်လို့ မင်းတို့တွေ ဝင်ရှုပ်ချင်ရင်တော့ မင်းတို့တွေက နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနဲ့ ဇာမဏီနတ်ဝိညာဉ် ပရဝဏ်ဂိုဏ်းရဲ့ ရန်သူ ဖြစ်သွားမယ် ”
နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း၏ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူက ဘာမှ ပြောနေစရာ မလိုတော့ပေ။ မိုဝူကျိ၏ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်ကို လက်ခံထားသော ကျင့်ကြံသူဆယ်ယောက်က ဖြည်းဖြည်းချင်း နောက်ဆုတ်ကုန်ကြသည်။ မိုဝူကျိက ထိုလူများကို ပိတ်လှောင်ထားရန် သူ့အစီအရင်အား အသက်မသွင်းပေ။ သူ့စွမ်းဆောင်ရည်မှာ အမှန်တကယ် နိမ့်နေသေး၏။ အကယ်၍ ထို့အကြောင်းအရင်းကြောင့်သာ မဟုတ်လျှင် သူ့အနေနှင့် သူစိမ်းများထံ အကူအညီပင် တောင်းခဲ့မည် မဟုတ်ပေ။
“ ခင်ဗျားက သတ္တိကောင်းတာပဲ။ ခင်ဗျားရဲ့ တိုက်ခိုက်မှုက စိတ်စွမ်းအင်မြားမလား။ တကယ်လို့ ခင်ဗျားက ကျုပ်ကို စိတ်စွမ်းအင်မြားကျင့်နိုင်မဲ့ ကျင့်စဉ်ကို ပေးရင် ခင်ဗျားအတွက် နောက်ထပ် ခုခံပေးထားမယ်။ အဲဒီအခါကျ ခင်ဗျား အဲဒီ ကောင်းကင်နတ်ဘုရားအဆင့် ၂ ကျင့်ကြံသူကို သတ်လို့ ရတာပေါ့ ” မိုဝူကျိ နားထဲ ဆက်သွယ်မှု တစ်ခု ရောက်ရှိလာသည်။
မိုဝူကျိက လှည့်ကြည့်နေစရာပင် မလိုပေ။ ဤလူသည် သူ့အား ကောင်းကင်နတ်ဘုရားအဆင့် ၄ ၏ တိုက်ခိုက်မှုကို ခုခံပေးခဲ့သောသူ ဖြစ်၏။ ထိုလူကြောင့်သာ မဟုတ်ပါက သူ့အနေနှင့် အများဆုံး ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ နှစ်ဦးသာ သတ်နိုင်ပေမည်။
မိုဝူကျိက ဘာမှတုံ့ဆိုင်းမနေပေ။ သူက ကျောက်စိမ်းပေလွှာကို ထုတ်ကာ နည်းနည်းပါးပါး ရေးသားပေးလိုက်ပြီး ထိုကျင့်ကြံသူထံ ပေးလိုက်သည်။
“ တိုက်ကြ … ခန္ဓာကိုယ်ကို အသားစိုင်ရည်ဖြစ်အောင် လုပ်ပစ်လိုက် .. ဒါပေမဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်ကိုတော့ ချန်ထား ” မိုဝူကျိက ကျောက်စိမ်းပေလွှာကို ပေးလိုက်သည်နှင့် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း၏ နောက်ဆုံး ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူက အမိန့်ပေးလိုက်သည်။ သူက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ ဆယ်ဦး နောက်ဆုတ်သည်ကို မြင်ကာ သူ့အနေနှင့် ထိတ်လန့်နေစရာအကြောင်း မရှိတော့ပေ။
ထိုစဉ် မိုဝူကျိက ထိုကောင်းကင်နတ်ဘုရားအဆင့် ၂ ကျင့်ကြံသူထံ ခုန်ဝင်လိုက်သည်။ ဤတစ်ကြိမ် သူ့လက်သီးရှေ့၌ ယင်ယန် စက်ဝန်း ပေါ်လာပြီး ထိုကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူထံ ဝင်ရောက်သွားသည်။
ထိုစဉ် ထန်ဝူကျန်းက ယင်ယန် စက်ဝန်းကို မြင်လိုက်သည့်အခါ မသိမသာ နောက်ဆုတ်လိုက်တော့သည်။
သူက မိုဝူကျိ၏ သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းအပေါ် ကြောက်ရွံ့မိနေဆဲ ဖြစ်သည်။ မိုဝူကျိ၏ အပြုအမူကို မြင်သောအခါ သူက သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းမှန်း မည်သို့ မသိဘဲ နေမည်နည်း။
“ ပါးမွှား ” သူက မိုဝူကျိသည် သူ့ကို တိုက်ခိုက်ဖို့ရာ ကြိုးစားနေဆဲ ဖြစ်ကြောင်း မြင််သောအခါ ထိုကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူက အေးစက်စွာ ရေရွတ်လိုက်သည်။ သူလည်း မိုဝူကျိဆီ ခုန်ဝင်လိုက်၏။
ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများ၏ အကူအညီမရှိလျှင် မိုဝူကျိသည် ပုရွက်ဆိတ်ကြားမှ ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်၏။
ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူက လေထဲ ရှိနေစဉ် မရဏစွမ်းအားက သူ့အား လွှမ်းခြုံသွားလေသည်။ သူ့အား ကြောက်ရွံ့စေသည်က သူ့ဘေးပတ်လည်ရှိ တည်နေရာတစ်ခုလုံးမှာ သူ့အား ပိတ်လှောင်ထားခြင်း ဖြစ်၏။
တစ်စုံတစ်ယောက်က မိုဝူကျိအား တိတ်တဆိတ် ကူညီပေးနေခြင်းသာ ဖြစ်ရမည်။ မိုဝူကျိက ပိုအားကောင်းနေလျှင်ပင် သူ့အား တည်နေရာအတွင်း ပိတ်လှောင်ထားနိုင်မည် မဟုတ်ပေ။
“ ဖူး ” သွေးမြူများ ထပ်မံ ထွက်ပေါ်လာသည်။ သူက ခဏတာမျှသာ ပိတ်လှောင်ခံလိုက်ရခြင်း ဖြစ်သော်လည်း ထိုခဏတာလေးက သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်း ကျရောက်လာဖို့ရာ လုံလောက်ပေသည်။
မိုဝူကျိဆီမှ လက်စွပ် လက်ခံထားသော ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ ဆယ်ဦးလုံးက နောက်ဆုတ်လိုက်ကြသည်။ ထိုစဉ် မိုဝူကျိက နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနှင့် ဇာမဏီနတ်ဝိညာဉ် ပရဝဏ်ဂိုဏ်းရှိ တစ်ဦးတည်း ကျန်သည့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူအား သတ်ပစ်လိုက်လေပြီ။
***