← Chapters

တကယ်လို့ မရှုံးနိမ့်သေးရင် ဆက်တိုက်

Vol. 67 Ch. 628

တကယ်လို့ မရှုံးနိမ့်သေးရင် ဆက်တိုက်

Vol. 67 Ch. 628

မိုဝူကျိက သူ့အား ကူညီပေးသည့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူအား အတော်လေး ကျေးဇူးတင်နေမိသည်။ ထိုသူ၏ အကူအညီကြောင့်သာ မဟုတ်လျှင် ကျန်ရှိနေသော ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူနှင့် များပြားစွာသော ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူများအား ရင်ဆိုင်ရလျှင် သူ့အနေနှင့် တိုက်ပွဲအတွင်း သေချာပေါက် သေဆုံးရမည်သာမက  ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူများကိုလည်း  ထပ်၍ သတ်ဖို့ရာ ခက်ခဲလှပေမည်။

နောက်ဆုံး ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူကို သူ့သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းနှင့် သတ်ပစ်လိုက်သည်ဟု ပြောခြင်းထက် ပို၍ အတိအကျဆိုရလျှင်  ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူလက်ချက်ကြောင့် သေဆုံးသွားခြင်းသာ ဖြစ်၏။ မိုဝူကျိအတွက် စိတ်စွမ်းအင်မြားကျင့်စဉ်အကြောင်းကို ထည့်ပြောနေဖို့ မလိုပေ။ တစ်ဖက်လူက သတ္တကမ္ဘာလက်ချောင်း ပညာရပ်ကို တောင်းဆိုလာလျှင်ပင် သူအနေနှင့် ပေးဖို့ရာ ဆန္ဒရှိပေသည်။

လူအုပ်ကြီးက တိတ်ဆိတ်သွားလေ၏။ အားလုံးက မိုဝူကျိနှင့် ကနဦး နတ်ဘုရားအဆင့် အယောက် သုံးဆယ်ကျော်ကို ကြည့်လိုက်ကြသည်။

ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ ငါးယောက် အသတ်ခံလိုက်ရပြီ ဖြစ်၏။ သူတို့က မိုဝူကျိ၏ ကြံစည်မှုအောက် ကျရောက်သွားသော်လည်း ယခု မည်သူကမှ မိုဝူကျိအား အထင်မသေးရဲကြတော့ချေ။ မိုဝူကျိနှင့် ကျန်ရှိနေသည့် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူအယောက် သုံးဆယ်ကြားတွင် အနိုင်ရရှိသူ ဆုံးဖြတ်ဖို့ရာ ခက်ခဲနေသေး၏။

“ တိုက်ကြ … သူက အားကောင်းနေရင်တောင် တစ်ယောက်တည်းပဲ ” ထန်ဝူကျန်းက သူ့ကြယ်တာရာကောင်းကင်ကို ထုတ်ကာ အမိန့်ပေးလိုက်သည်။

ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများ ရှိစဉ်အခါက ထန်ဝူကျန်းသည် ဝင်ပါဖို့ရာ မလိုအပ်ပေ။ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများက ဦးဆောင်ကြမည်သာ ဖြစ်၏။ ယခုတွင် ဂိုဏ်းနှစ်ဂိုဏ်းလုံး၏ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများက မိုဝူကျိကြောင့် သေဆုံးသွားပြီ ဖြစ်ရာ သူ့အနေနှင့် ရှေ့ထွက်လာဖို့ လိုအပ်လာသည်။

မိုဝူကျိက စကားတစ်ခွန်းမှ မပြောဘဲ သူ့သဘာဝငါးသွယ်ကြိုးဖြင့် လူအုပ်ကြားကို အလင်းတန်းငါးချက် ပစ်ခွင်းလိုက်သည်။ သူ့ပုဆိန်လှံရှည်က နောက်ထပ် အလင်းတန်းများ ထွက်ပေါ်လာကာ သူ့ဖုံးကွယ်ထားသည့် အစီအရင်သင်္ကေတများက ယာယီ သတ်ဖြတ်ရေး အစီအရင်အဖြစ် ပြောင်းလဲသွားလေ၏။

လျှပ်စီးချက်များကလည်း ပုဆိန်လှံရှည်အလင်းအတွင်း ဆက်တိုက် ကျရောက်လာသည်။ အရိပ်အယောင် ပြသခြင်းမရှိဘဲ ငွေရောင်မြစ် တစ်စင်းလည်း ကျဆင်းလာ၏။ မြစ်တစ်စင်းတိုင်း  ကျဆင်းလာသည်နှင့်  ကျင့်ကြံသူတစ်ယောက် အသတ်ခံလိုက်ရသည်။ သဘာဝငါးသွယ်ကြိုးမှ အလင်းတန်းများ ထွက်သွားသည့်အခါတိုင်းတွင်လည်း နောက်ထပ် ကျင့်ကြံသူများ တစ်စစီ ဖြစ်ကုန်ကြသည်။

ထိုစဉ် မိုဝူကျိသည် အသက်ဓာတ်ကို နှိုးဆွရင်း တိုက်ခိုက်နေခြင်း ဖြစ်သည်။ တစ်ချိန်တည်းဆိုသလို မိုဝူကျိ၏ အစီအရင်အတွင်း ဆွဲသွင်းခံထားရသော ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ အယောက် သုံးဆယ်ကျော်မှာလည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။

အရိုးကျိုးသံများကလည်း ဆက်တိုက် ထွက်ပေါ်လာသည်။ သဘာဝငါးမျိုး အာကာပြင်အတွင်း သွေးမြူများက ဆက်တိုက် ပေါက်ကွဲထွက်နေပြီး မှော်ရတနာအလင်းများနှင့် သဘာဝစွမ်းအားများက မရပ်မနား ထွက်ပေါ်နေဆဲ ဖြစ်သည်။ မိုဝူကျိက သူ့ကိုယ်သူ မခုခံ မကာကွယ်ဘဲ တိုက်ခိုက်နေခြင်း ဖြစ်ရာ သူ လူတစ်ဦးကို သတ်လိုက်သည့်အချိန်တိုင်း သူ့ခန္ဓာအပေါ် တိုက်ခိုက်မှု ဆယ်ခုကျော်လောက် ကျရောက်လာသည်။

ဤသည်မှာ ဂိုဏ်းများကြားမှ ရန်ကြွေး ဖြစ်၏။ ကောင်းကင်လူသားဂိုဏ်းမှာ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သော်လည်း မည်သူကမှ ဤတိုက်ပွဲအတွင်း ဝင်ရောက် မပတ်သက်လိုကြပေ။

“ အဲဒီ မိုဝူကျိက အရမ်းကို အားကောင်းတာပဲ။ သူက ကောင်းကင်နတ်ဘုရားအဆင့်များလား ” လူအုပ်ထဲမှ တစ်ယောက်မှ တအံ့တဩ ရေရွတ်လိုက်သည်။

“ သေချာပေါက် မဟုတ်လောက်ဘူး။ နတ်ဘုရားအသွင်သဏ္ဍာန် ဖွဲ့စည်းပြီးသွားတဲ့ ကျင့်ကြံသူတွေက မိုဝူကျိက အများဆုံး ကနဦး နတ်ဘုရားအဆင့်ထဲမှာ ရှိသေးတယ်ဆိုတာ သိကြတယ်။ သူ့ကောင်းကင်လူသားဂိုဏ်းရဲ့ ကျင့်စဉ်က သူတို့ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားပေးလို့ပဲ နေမယ်။ အဲဒါကြောင့် သူ့ကို ငါတို့က ကနဦး နတ်ဘုရား အစောပိုင်းအဆင့်လို့ ထင်မိနေကြတာ ”

“ မင်းတို့အားလုံး မှားတယ်။ အဲဒီ မိုဝူကျိက ကနဦး နတ်ဘုရား အစောပိုင်းအဆင့်ပဲ။ နောက်ပိုင်းအဆင့်တော့ မဖြစ်နိုင်ဘူး ” ပြတ်ပြတ်သားသား အသံတစ်သံ ထွက်ပေါ်လာသည်။

မည်သူကမှ ထိုလူ၏စကားကို အတွန့်မတက်ရဲကြချေ။ ပြောလိုက်သူမှာ လင်းဖုန်း ဖြစ်ပြီး ဝမ်ချွမ်းတာအိုကျောင်းတော်၏ ပါရမီရှင်တပည့် ဖြစ်ကာ ကောင်းကင်နတ်ဘုရားအဆင့် ၅ ကျင့်ကြံသူလည်း ဖြစ်ပေသည်။ လူတစ်ဦးက သူ့ကျင့်ကြံဆင့်ကို မည်မျှပင် ဖုံးကွယ်ထားစေကာမူ သူက မြင်နိုင်စွမ်း ရှိ၏။ ဤသည်မှာ လင်းဖုန်းတွင် စိတ်ဝိညာဉ် မျက်လုံး ရှိနေ၍ ဖြစ်သည်။

လူအုပ်ကြား၌ ချူယို့က မိုဝူကျိအတွက် စိုးရိမ်ပေးသော တစ်ဦးတည်းသော သူ ဖြစ်ပေမည်။

ချူယို့က မိုဝူကျိ၏ သဘာဝငါးသွယ်ကြိုးကို မြင်လိုက်သည်နှင့် မိုဝူကျိသည် သူမ ရှာနေသည့်သူ ဖြစ်ကြောင်း သေချာသွားသည်။ သူမက နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းသားတစ်ယောက်မှ မိုဝူကျိအား ဝင်ခွင့်များစွာ ရထားသည့် အကြောင်းအရင်း မေးဖူးသည်ကို တွေးမိလိုက်သည့်အခါ ပို၍ပင် သေချာသွားတော့သည်။

မိုဝူကျိက သူမ တွေးထားသည်ထက် ပို၍ အားကောင်းနေသည်။

မိုဝူကျိက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူငါးဦးကို ဆက်တိုက် သတ်ပစ်ခဲ့ရုံသာမက ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ အယောက် သုံးဆယ်ကျော်နှင့် တစ်ဦးတည်း ရင်ဆိုင်နေသေး၏။ သူက နတ်ဘုရားသိုက်မြုံပင်လယ်၌ စိတ်စွမ်းအား သုံးနိုင်သည်ဆိုလျှင် ထူးဆန်းနေဦးမည်လား။

သူမက ပျော်ရွှင်မိသွားသော်လည်း စိတ်ပူမိသွားသည်။ အကယ်၍ သူမသာ ဂိုဏ်းကို မပါဝင်စေလို၍သာ မဟုတ်လျှင် သူမသည်လည်း ဝင်ရောက်ကာ ကူညီပေးမိပေလိမ့်မည်။

သို့သော်လည်း သူမက ဤသို့ မလုပ်နိုင်ကြောင်း သေချာသိထားသည်။ ဝင်ပါဖို့ရာ ရိုးရှင်းသော်လည်း နောက်ပိုင်းကိစ္စများမှာ ပို၍ ရှုပ်ထွေးလာပေမည်။

သူမက ဝမ်ချွမ်းတာအိုကျောင်း၏ ပင်မတပည့် တစ်ဦး ဖြစ်ပေသည်။ ယခု ကောင်းကင်လူသားဂိုဏ်း၊ နဝမဆင့်ကဲခြင်းနတ်ဘုရားဂိုဏ်းနှင့် ဇာမဏီနတ်ဝိညာဉ် ပရဝဏ်ကြားမှ တိုက်ပွဲ ဖြစ်ပေသည်။ အကယ်၍ သူမ ဝင်ပါလိုက်လျှင် ဝမ်ချွမ်းတာအိုကျောင်းတော်၏ ရည်ရွယ်ချက်ကို အလွဲသုံးစား လုပ်သလို ဖြစ်လိမ့်မည်။

………..…

ဂိုဏ်းနှစ်ဂိုဏ်းမှ ကျင့်ကြံသူများစွာ သေဆုံးသွားပြီးနောက် မိုဝူကျိ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာများ ပိုများလာသည်။ သူ့အသိစိတ်ပင်လယ်အတွင်းမှ ခရမ်းရေကန်သည်လည်း ခန်းခြောက်လာဟန် ပေါ်ကာ သူ့အမြင်များမှာလည်း ဝေဝါးလာပေသည်။ သူက အသက်ဓာတ်ကို ဆက်လက် လောင်ကျွမ်းစေသောကြောင့် သူ့ဆံပင်များပင် ခဲရောင် ပြောင်းလဲလာတော့သည်။

သူက ဂရုမစိုက်ဘဲ ဆေးလုံးများကိုသာ တစ်လုံးပြီး တစ်လုံး သောက်သုံးလိုက်ပြီး လျှို့ဝှက်တိုက်ကွက်များကိုလည်း တစ်ခုပြီး တစ်ခု ထုတ်ဖော်လိုက်သည်။

ထိုစဉ် သူက သတ်မည်လား သို့မဟုတ် သေမည်လား အခြေအနေသို့ ကျရောက်နေလေပြီ။ သူက နတ်ဘုရား ရုပ်ခန္ဓာ နောက်ပိုင်းအဆင့် ဖြစ်သော်လည်း အကာအကွယ်မရှိ ဆက်တိုက် တိုက်ခိုက်နေခြင်းသည် တောင့်ခံဖို့ရာ ခက်ခဲလှပေသည်။ သူ့ရင်ဘတ်တွင် အပေါက် ဖြစ်နေသည့် အကြောင်းကို ထည့်မပြောလျှင်ပင် သူ့အရိုးများလည်း မြင်နေရပြီ ဖြစ်၏။ သူ့ခြေထောက်တစ်ဖက်မှာ ပြတ်သွားပြီး လက်တစ်ဖက်မှာလည်း ပေါက်ကွဲမှု ခံထားရသည်။

မိုဝူကျိက လူတစ်ယောက်ဟုပင် ယူဆ၍ မရတော့ပေ။ သို့သော်လည်း သူက ရူးသွပ်နေသည့်အလား ကာကွယ်မှုမရှိဘဲ ဆက်တိုက် တိုက်နေဆဲ ဖြစ်သည်။ တိုက်ခိုက်မှုတစ်ခုချင်းစီတွင် တစ်ဖက်လူ၏ အသက်ကို ရအောင် ခြွေနိုင်ခဲ့သည်

အကယ်၍ သူ့တွင် နတ်ဘုရားရုပ်ခန္ဓာအဆင့် မရှိနေလျှင်  … သူ့တွင် အသက်ဓာတ်လမ်းကြောင်း မရှိနေလျှင် …. သူသာ အစီအရင်ကို ကြိုတင် မပြင်ဆင်ထားခဲ့လျှင် …

မိုဝူကျိ အရေအတွက်မည်မျှ ရှိစေကာမူ အသတ်ခံနေရလောက်လေပြီ။

“သူက ကန့်သတ်ချက်ကို ရောက်နေပြီ။ အားလုံး အာရုံမလွတ်စေနဲ့ …” ထန်ဝူကျန်းက မိုဝူကျိသည် သူ့ထက် များစွာ အားကောင်းကြောင်း ပြောနိုင်ပေသည်။ သို့သော်လည်း သူက အားလုံးကို သတ်နိုင်ဖို့ရာအထိ အားကောင်းမည် မဟုတ်ပေ။ သူတို့က အမှားတစ်ခု လုပ်မိခဲ့ကြသည်။ သူတို့အနေနှင့် တစ်ယောက်ချင်းစီ မတိုက်နေသင့်ပေ။ အကယ်၍ သူတို့သာ စနစ်တကျ ပုံစံချမှတ်၍ တိုက်လျှင် ယခုအချိန် မိုဝူကျိမှာ သေနေလောက်လေပြီ။

ထန်ဝူကျန်း စကားမဆုံးခင် သူက သူတို့ဘက်တွင် လေးယောက်သာ ကျန်တော့ကြောင်း သတိပြုမိလိုက်သည်။

အရမ်းနောက်ကျသွားလေပြီ …

လူလေးယောက်တည်းဖြင့် မည်သည့် တိုက်ကွက် ဆင်နိုင်ဦးမည်နည်း။

မိုဝူကျိက စိတ်ထဲ၌လည်း ဖရိုဖရဲ ဖြစ်လာသည်ကို ခံစားမိလိုက်သည်။ သူ့ရှေ့တွင် ရပ်နေသော ထန်ဝူကျန်းပင် နှစ်ယောက် ဖြစ်နေလေ၏။

“ ရွပ် ” ဇာမဏီနတ်ဝိညာဉ် ပရဝဏ်မှ ကျင့်ကြံသူတစ်ယောက်က ဓားအလင်းတန်းဖြင့် မိုဝူကျိ၏ ဝမ်းဗိုက်အောက်ပိုင်းအား ပိုင်းဖြတ်နိုင်ခဲ့သည်။ မိုဝူကျိ၏ အူများပင် ပြုတ်ကျလုမတတ် ဖြစ်နေလေ၏။ ခြေတစ်ဖက်တည်းဖြင့် မိုဝူကျိက မတ်မတ်ပင် မရပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

မိုဝူကျိက ဘာမှမဖြစ်ခဲ့သည့်အလား ပြုမူနေသည်။ သူ့အဆင့်နိမ့် ပုဆိန်လှံရှည်သည် တစ်ဖက်လူ၏ နဖူးသို့ ထိုးဖောက်သွားပြီ ဖြစ်၏။

ကြက်သီးထစရာ တိုက်ပွဲပါ့လား ….

ဘေးပတ်လည်ရှိ လူအားလုံးကလည်း ရင်တဒိတ်ဒိတ်ဖြင့် စောင့်ကြည့်နေကြသည်။

မိုဝူကျိကို ဘာနဲ့ လုပ်ထားတာများလဲ … သူသည် မသတ်နိုင်သည့် ကျောက်တုံးလိုမျိုး လူနှင့် တူနေသည်။

လူအုပ်ကြီးက မိုဝူကျိ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာသည်ကို မြင်လိုက်ပြီးနောက် အရိုးများသည်လည်း တစ်ခုပြီး တစ်ခု ကြေမွကုန်သည်ကို မြင်လိုက်ရသည်။ မိုဝူကျိသည် မြေပြင်ပေါ် ထိုင်နေဆဲ ဖြစ်သော်လည်း သူတို့က ရှုံးနိမ့်သည့် အရိပ်အယောင်မျိုး သို့မဟုတ် ရပ်တန့်လိုက်မည့် အရိပ်အယောင်မျိုးကို မမြင်ရသေးပေ။

ဤတိုက်ပွဲသည် သူ လုံးဝ အသတ်ခံလိုက်ရသည့်အခါမှ အပြီးသတ်သွားမည့် သဘောရှိ၏။

“ ကနဦး နတ်ဘုရားအသီး မှည့်လာပြီ ” လူအုပ်ထဲမှ အံ့ဩတကြီး ရေရွတ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ တစ်ချိန်တည်းဆိုသလို သက်သောင့်သက်သာ ဖြစ်စေသည့် ရနံ့လေးက ပျံ့လွင့်လာသည်။

ထိုစဉ် အားလုံးက ကနဦး နတ်ဘုရားအသီးပင်ဆီ အသီး ခူးဆွတ်ဖို့ရာ ချဉ်းကပ်သွားကြသည်။

ကနဦး နတ်ဘုရားအသီး ရင့်မှည့်လာသည့် ရနံ့လေးက မိုဝူကျိ နှာဖျားဆီ ရောက်ရှိလာသည့်အခါ သူ့စိတ်ထဲ အံ့အားသင့်မိသွားသည်။ သူက ကြည်လင်ပြတ်သားမှု တစ်ခုကို ရရှိလာသည်။ သူက တုံ့ဆိုင်းမနေဘဲ ဖောက်ခွဲ သတ်ဖြတ်ရေး အစီအရင်အား အသက်သွင်းလိုက်တော့သည်။

“ ဝုန်း ဝုန်း ဝုန်း ” မိုဝူကျိ၏ သတ်ဖြတ်ရေး အစီအရင်မှာ အဆင့်နိမ့်သော်လည်း လူသုံးယောက်သာ ကျန်ရှိနေပြီး သူတို့သည်လည်း ဒဏ်ရာများ ရရှိထားကြသည်။

တစ်ချိန်တည်းဆိုသလို မိုဝူကျိက သူ့လက်ကျန် အင်အားလေးဖြင့် သူ့အနီးရှိ ကနဦး နတ်ဘုရားအဆင့် ၆ ကျင့်ကြံသူထံ လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။

ကနဦး နတ်ဘုရားအဆင့် ၆ ကျင့်ကြံသူက မိုဝူကျိ လက်သီး ချဉ်းကပ်လာသည်ကို မြင်သော်လည်း သူက မရှောင်ရှားနိုင်တော့ပေ။

“ ဝုန်း ” သွေးမြူများက ပေါက်ကွဲထွက်သွားသည်။ မိုဝူကျိလည်း ကြယ်တွေ၊ လတွေ မြင်လိုက်ရသလို ဖြစ်နေ၏။ သူ့စိတ်မှာ ဝေဝါးနေပြီး အသိစိတ်မှာလည်း ပြိုလဲလုမတတ် ဖြစ်နေလေပြီ။ မိုဝူကျိက ကျန်ရှိနေသော စိတ်စွမ်းအားလေးဖြင့် သူ့ခြေထောက်ပြတ်အား ကိုင်ကာ လေလွတ်မြောက်ရေး နည်းစနစ်အား အသက်သွင်းလိုက်သည်။

သူက သိုလှောင်လက်စွပ် တစ်ကွင်းမှ မယူခဲ့ပေ။ သူက မလိုချင်၍ မဟုတ်ဘဲ မယူရဲ၍ ဖြစ်သည်။ တိုက်ပွဲအတွင်း မည်သူမှ ဝင်မစွက်ဖက်သည့် အကြောင်းကိုသာ မကြည့်သင့်ပေ။ သူတို့က ဂိုဏ်းရန်ကြွေး၌ ဝင်မပါလို၍ မဟုတ်ဘဲ သူတို့အနေနှင့်  မိုဝူကျိက ထိုဂိုဏ်းနှစ်ဂိုဏ်းမှ ကျင့်ကြံသူများကို သတ်ပစ်ပြီးသည့်အထိ စောင့်ဆိုင်းနေကြခြင်းသာ ဖြစ်၏။ တိုက်ပွဲအဆုံးသတ်သွားသည့်အခါမှ  သူတို့က တိုက်ပွဲဆုလာဘ်များ လာသိမ်းကြလိမ့်မည်။

အကယ်၍ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနှင့် ဇာမဏီနတ်ဝိညာဉ်ပရဝဏ်မှ လူများ အသက်ရှင်ဆဲ ဖြစ်နေလျှင် သူတို့အနေနှင့် အလောင်းများ၏ ပစ္စည်းကို စတင်ယူခြင်းမှာ သိပ်ကောင်းသော အကြံတော့ မဟုတ်ပေ။

လေလွတ်မြောက်ရေး နည်းစနစ် အသုံးပြုလိုက်သည်နှင့် မိုဝူကျိက ပျောက်ကွယ်သွားသည်။

မိုဝူကျိ၏ လေလွတ်မြောက်ရေး နည်းစနစ်မှာ အားကောင်းသည်ဟု အမှန် ဖြစ်၏။ သူက သိုလှောင်လက်စွပ် တစ်ကွင်းမှ မထိသည့်အပြင် ကနဦး နတ်ဘုရားအသီး ရင့်မှည့်လာသည့် အချက်တို့ပါ ထည့်ပေါင်းလိုက်လျှင် သူက အောင်အောင်မြင်မြင် ထွက်ပြေးလာနိုင်ခဲ့သည်။ မိုဝူကျိ ထွက်သွားပြီးနောက် အားလုံးက ကနဦး နတ်ဘုရားအသီးများနှင့် လက်စွပ်များ လုယူရင်း ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြသည်။

အကယ်၍ မိုဝူကျိသာ သူ့ကြောက်မက်ဖွယ် တိုက်ခိုက်စွမ်းကို မပြခဲ့လျှင် တစ်ယောက်ယောက်က နောက်မှ လိုက်လာဦးမည် ဖြစ်၏။ သို့သော် ယခုတွင် မိုဝူကျိက တစ်ယောက်တည်းဖြင့် ထိုဂိုဏ်းနှစ်ဂိုဏ်း၏ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ ငါးယောက်နှင့် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူအားလုံးနီးပါးအား အပြတ်ရှင်းနိုင်ခဲ့လေရာ မည်သူက သူ့နောက် လိုက်ရဲဦးမည်နည်း။

ထို့အပြင် မိုဝူကျိကို လိုက်ဖမ်းဖို့ရာအတွက် မည်သူကများ ဤကနဦး နတ်ဘုရားအသီးများနှင့် လက်စွပ်များကို အဆုံးရှုံးခံမည်လား။ ဤမိုဝူကျိက သူ့တွင် သွေးတည်နေရာအဆောင် ရှိကြောင်း ပြောခဲ့ဖူးသည်။

သို့သော်ငြား လူတစ်ယောက် ရှိခဲ့၏။ ထိုသူမှာ ချူယို့ ဖြစ်ပေသည်။

ချူယို့က ကနဦး နတ်ဘုရားအသီးအတွက် ဝင်မလုသလို လက်စွပ်များ လုယက်ခြင်း၌လည်း ဝင်မပါပေ။ ထို့အစား  သူမက မိုဝူကျိ ထွက်သွားသည့် တည်နေရာအတိုင်း လိုက်လာခဲ့သည်။

သူမက မိုဝူကျိအား အာရုံအပြည့်အဝ စိုက်ထားသူ ဖြစ်ရာ မိုဝူကျိသာ လမ်းတွင် တစ်ယောက်ယောက်နှင့် တွေ့ပါက သူ့အနေနှင့် အသတ်ခံရနိုင်ခြေ ရှိကြောင်း သိထားသည်။

မိုဝူကျိက သူမအား နှစ်ကြိမ် ကယ်ခဲ့ဖူးသည်။ သူမက အနည်းဆုံးတော့ သူ့အပေါ် တစ်ကြိမ်ဖြစ်ဖြစ် ပြန်လည် ကယ်တင်ပေးနိုင်ရန် မျှော်လင့်နေမိသည်။ အနည်းငယ်သာ ဖြစ်နေစေကာမူ ကျေနပ်ပေသည်။ သူမက မိုဝူကျိကို အမှီမလိုက်နိုင်လျှင် ပို၍ ကောင်းပေ၏။ ဆိုလိုသည်မှာ မိုဝူကျိက အောင်အောင်မြင်မြင် ထွက်ပြေးသွားနိုင်သည် မဟုတ်ပါလော။

***

All Chapters