လေလွတ်မြောက်ရေး နည်းစနစ် ဉာဏ်အလင်းပွင့်လာမှု
Vol. 67 Ch. 929
ယခင် လေလွတ်မြောက်ရေး နည်းစနစ်ကြောင့် ကုန်ဆုံးသွားသည့် စွမ်းအား ပမာဏကို မိုဝူကျိက အမြဲတမ်း ထည့်မတွက်ခဲ့ပေ။ သို့သော်လည်း သူက အာကာပြင်ထဲ ရှိနေစဉ် ကိုယ်ပိုင် အသိစိတ် ပျောက်ဆုံးလာသလို ခံစားမိလိုက်၏။ သူ့အသက်ဓာတ် လမ်းကြောင်း လှည့်ပတ်မှုပင် စတင် နှေးကွေးလာသည်။
မိုဝူကျိ၏ ပထမဆုံးအသိမှာ လေလွတ်မြောက်ရေး နည်းစနစ် အသုံးပြုတာကို ရပ်တန့်လိုက်ပြီး ထာဝရကမ္ဘာအတွင်း ဝင်ရောက်လိုက်ဖို့ ဖြစ်သည်။ တာ့ဟွမ်နှင့် ရွိုက်ကောမှာ ထာဝရကမ္ဘာအတွင်း ရှိနေသည့်အတွက် သူတို့က ခြေထောက်ပြတ်အား ပြန်ဆက်ဖို့ရာအတွက် ကူညီပေးနိုင်လိမ့်မည်။
သူ့နတ်ဘုရား ရုပ်ခန္ဓာအဆင့် ခန္ဓာကိုယ်ဖြင့် ခြေထောက်ကို ပြန်ဆက်၍ မရလျှင် ပြဿနာ အကြီးကြီး ဖြစ်ပေမည်။ မဟုတ်လျှင် သူ့ခြေထောက်ကြောင့် သူ့အင်အားမှာ များစွာ လျော့ကျသွားပေလိမ့်မည်။ သူ့ခြေထောက် ပြန်လည် ကောင်းမွန်လာဖို့ရာအတွက် ထိပ်တန်းအဆင့် ရတနာကို ရှာမတွေ့သရွေ့ ဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် မိုဝူကျိက ဤသို့ရတနာမျိုး ရှာတွေနိုင်ခြေအား ကောင်းကောင်း သိထားသည်။ မည့်သည့်နေရာ ဖြစ်နေစေကာမူ ထိပ်တန်းအဆင့် ရတနာများမှာ ရှားပါးသော တည်ရှိမှုမျိုးသာ ဖြစ်၏။
သူ့ဒဏ်ရာများကြောင့် မိုဝူကျိက ထာဝရကမ္ဘာအတွင်း ဝင်ရောက်ဖို့ ကြိုးစားလိုက်သည့်အခါ ကမ္ဘာလမ်းကြောင်းမှာ အနည်းငယ် နှေးကွေးလေးလံနေလေ၏။ ထိုလေးလံမှုကြောင့် မိုဝူကျိက လုံးဝ အသိစိတ် လွတ်သွားတော့သည်။ သူ့စိတ်ထဲ၌ စိတ်ပျက်မှုများ ကြီးစိုးလာပြီး ဤသည်မှာ သူ့အတွက် အဆုံးသတ်ဖြစ်မည်မှန်း သိလိုက်သည်။
အကယ်၍ သားရဲများ မရှိနေလျှင်ပင် ဤနေရာ၌ တခြားသော ကျင့်ကြံသူများ ရှိနိုင်သေး၏။ သူတို့က သူ့အခြေအနေကို မြင်သောအခါ လက်စွပ်ကို မယူခင် သူ့အား မဆိုင်းမတွ သတ်ပစ်ကြမည် ဖြစ်၏။
………..…
ချူယို့က မိုဝူကျိသည် မိုင်ထောင်ချီ အကွာရှိ မြေပြင်ပေါ် လဲကျနေလိမ့်မည်ဟု မထင်ထားပေ။
မိုဝူကျိ၏ ခြေထောက်ပြတ်မှာ ဘေးတွင် ရှိနေပြီး သူက ကုသဆေးလုံးများပင် မသောက်နိုင်လောက်သည့် အခြေအနေအထိ ဒဏ်ရာအပြင်းအထန် ရနေသည်။
ချူယို့က စိုးရိမ်လာမိသည်။ မိုဝူကျိသည် ထွက်ပြေးလာပြီးနောက် လဲကျနေသည့်အတွက် တစ်ယောက်ယောက်များ မိုဝူကျိ၏ တည်ရှိမှုကို အာရုံခံမိသွားမလား စိတ်ပူလာမိ၏။ ထိုသို့ဖြစ်လာလျှင် မိုဝူကျိသည် သေချာပေါက် သေဆုံးမည် ဖြစ်၏။
သူမက ဘာကိုမှ ဂရုမစိုက်နိုင်တော့ပဲ မိုဝူကျိဆီ ပြေးကာ သယ်လိုက်သည်။
“ ရပ်စမ်း ” အသံတစ်သံ ကြားလိုက်ရပြီးနောက် ပုံရိပ် တစ်ခု ရောက်ရှိလာသည်။ ချူယို့က ထိုလူသည် ဇာမဏီနတ်ဝိညာဉ် ပရဝဏ်မှ ဖြစ်ကြောင်း သိလိုက်သည်။
ဤတပည့်က မိုဝူကျိသည် သူတို့ဂိုဏ်းမှ လူများကို သတ်ခဲ့သည့်အကြောင်းအား မသိသေးတာ ဖြစ်နိုင်သော်လည်း ချူယို့အနေနှင့် မိုဝူကျိနှင့် ထိုဂိုဏ်းကြားမှ ရန်ကြွေးအကြောင်း ကောင်းကောင်း သိထားသည်။ သူမက မြန်မြန် လှုပ်ရှားကာ မိုဝူကျိနှင့်အတူ ခြေထောက်ပြတ်ကိုပါ သယ်လိုက်ရင်း ထွက်ပြေးဖို့ရာ အဆောင်ကို အသက်သွင်းလိုက်သည်။
“ငါတို့ဂိုဏ်းက လူတွေအများကြီးကို သတ်ပြီးတော့ ပြေးလို့ ရမယ် ထင်နေတာလား ” ထိုတပည့်၏ မျက်ဝန်းများတွင် အမုန်းတရားများ ပြည့်နှက်နေပြီး သူသည်လည်း အဆောင်တစ်ရွက် ထုတ်ကာ အသက်သွင်းလိုက်သည်။ ထို့နောက် သူက ချူယို့ ပျောက်သွားသည့် တည်နေရာနောက် လိုက်သွားတော့သည်။
ဇာမဏီနတ်ဝိညာဉ် ပရဝဏ်က တပည့်များအားလုံးသည် မိုဝူကျိက သူတို့ဂိုဏ်းသားများစွာကို သတ်လိုက်သည့် အကြောင်းကြားစာအား လက်ခံရရှိထားကြသည်။ ထို့ကြောင့် သူက ထိုနေရာသို့ အပြေးအလွှား သွားနေခြင်း ဖြစ်သည်။ သူ သွားနေစဉ် မိုဝူကျိနှင့် လမ်းခုလတ်အတွင်း တွေ့ဆုံလိမ့်မည်ဟု မထင်ထားပေ။
…………….…
အသက်ဆယ်ရှိုက်စာ ကြာမြင့်ပြီးနောက် ချူယို့က တောင်ကြား၌ ဆင်းသက်လိုက်သည်။ သူမ လုပ်လိုက်သည့် ပထမဆုံး အပြုအမူမှာ မိုဝူကျိ၏ ခြေထောက်ကို ပြန်ဆက်ပေးလိုက်ပြီးနောက် ကုသဆေးလုံးတချို့ကို တိုက်ကျွေးပေးလိုက်သည်။
မိုဝူကျိ တစ်ယောက် တိုက်ခိုက်မှုများကို တောင့်ခံနေသည့် စောစောလေးက မြင်ကွင်းမှာ သူမအား တစ်ခု သေချာသွားစေသည်။ မိုဝူကျိက ရုပ်ခန္ဓာ လေ့ကျင့်ထားသော ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း ဖြစ်၏။ ဤသို့မျိုး ကျင့်ကြံသူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုစီက သူ့အတွက် အလွန်တန်ဖိုးရှိပေသည်။ မိုဝူကျိ၏ ခြေထောက်မှာ အသက်ဓာတ် ပျောက်ဆုံးသွားသည်နှင့် ထိုခြေထောက်၏ အင်အားမှာ နောက်တစ်ဆင့်သို့ ကျဆင်းသွားပေမည်။ ထို့ကြောင့် သူမက အရင်ဦးစွာ ခြေထောက်ကို ပြန်ဆက်ပေးလိုက်ခြင်း ဖြစ်၏။
ချူယို့က ဝမ်ချွမ်းတာအိုကျောင်းမှ ဖြစ်၍ သူမတွင် ကုသဆေးလုံးများစွာ ရှိပေသည်။ သူမဆီမှ ဆေးလုံးများသည် ဝူလျန့်ထက် ပို၍ အဆင့်မြင့်ပေ၏။
မိုဝူကျိက အသိစိတ်ပြန်ကပ်လာသည်။ သူ အသိစိတ်ဝင်လာသည်နှင့် အသက်ဓာတ်လမ်းကြောင်းမှာ နောက်တစ်ကြိမ် အပြင်းအထန် လှည့်ပတ်လိုက်လေသည်။ ထိုအသက်ဓာတ် လမ်းကြောင်းဖြင့် အခြားသော ချီသွေးကြော ၁၀၇ ခုလုံးကလည်း လှည့်ပတ်ခြင်း၌ ပါဝင်လာကာ ကုသရေး လှည့်ပတ်မှုတစ်ခုကို ဖြစ်လာစေသည်။
ချူယို့က သူမဘာသာ မထိန်းနိုင်တော့ပဲ မိုဝူကျိအား ကြည့်လိုက်သည်။ သူမအနေနှင့် ဤမျှ ကုသစွမ်းရည် မြန်ဆန်သည့် ကျင့်ကြံသူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်၏။ မိုဝူကျိ၏ အသက်ဓာတ်လမ်းကြောင်းနှင့် အသားတို့မှာ အလျင်အမြန် ပြန်ကောင်းမွန်လာသည်။
မိုဝူကျိက မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ ချူယို့က သူ့အား ကယ်တင်ပေးထားသည်ကို မြင်ကာ သူ့စိတ်ထဲ သက်ပြင်းချမိသွားသည်။ ချူယို့က ဝမ်ချွမ်းတာအိုကျောင်းတော်မှ ဖြစ်သော်လည်း မိုဝူကျိက သူမအပေါ် အမြင်မှာ မဆိုးလှပေ။ တကယ်တော့ သူပင် သူမအား နှစ်ကြိမ် ကယ်တင်ပေးခဲ့ဖူး၏။
“ ကျေးဇူးပါ ..” မိုဝူကျိက ထိုစကားကို ရေရွတ်ပြီးသည်နှင့် အန္တရာယ်တစ်ခု ချဉ်းကပ်လာသည်ကို ခံစားမိလိုက်သည်။
ချူယို့က မိုဝူကျိ တစ်ယောက် မျက်လုံး ဖွင့်လာသည်ကို မြင်သောအခါ ပျော်ရွှင်မိသွားသည်။ သူမက ပြန်ပြောတော့မည့်ဆဲဆဲတွင် မိုဝူကျိက အင်မတန် စိုးရိမ်နေသည့် အမူအရာဖြင့် “ မြန်မြန် ထွက်သွားတော့ …. မြန်လေလေ ပိုကောင်းလေလေပဲ ”
ထိုသို့ပြောပြီးနောက် မိုဝူကျိက မျက်လုံးကို ပိတ်ထားကာ သူ့ချီသွေးကြောများကို အပြင်းအထန် ဆက်တိုက် လှည့်ပတ်လိုက်သည်။ မိုဝူကျိက သူ့ကမ္ဘာလမ်းကြောင်းကို အသုံးပြုကာ ထာဝရကမ္ဘာအတွင်းမှ ဟုန်မုန့်စွမ်းအင်နှင့် ဆက်နွှယ်ဖို့ ကြိုးစားလိုက်သည်။
သူက အချိန်တိုအတွင်း ပြန်ကောင်းရမည်။
ချူယို့က ကြောင်အမ်းသွားကာ မိုဝူကျိအား ဆွဲခေါ်သွားလိုက်သည်။ မိုဝူကျိက သူမထက် များစွာ အားကောင်းကာ ပို၍ ထူးဆန်းနေသည်မှာ ယုံမှားဖွယ် မရှိပေ။ သူမက အန္တရာယ်ကို မခံစားမိသော်လည်း မိုဝူကျိက လျှောက်ပြောနေမည် မဟုတ်ကြောင်း ယုံကြည်ထားသည်။
တစ်နာရီကြာပြီးနောက် ချူယို့၏ အမူအရာမှာ ပျက်ယွင်းလာသည်။
နောက်ဆုံးတွင် သူမက အန္တရာယ်ကို ခံစားလာမိကာ သူတို့နောက် လိုက်နေသည့် လူတချို့ ရှိနေသည်။ သူမတွင် အဆောင်တစ်ရွက်သာ ရှိတော့၍ ထိုလူများကို မျက်ခြည်ဖြတ်ဖို့ရာ မဖြစ်နိုင်ချေ။
ထိုစဉ် သူမက မိုးမြေ စည်းမျဉ်းများ ပါဝင်နေသည့် ခမ်းနားကြီးကျယ်သော စွမ်းအားများကို ခံစားမိလိုက်သည်။ သာမန်အခြေအနေအောက်၌ လူများက မိုဝူကျိ၏ ကမ္ဘာလမ်းကြောင်းနှင့် ဆက်နွှယ်ထားမှုအား အာရုံခံမိမည် မဟုတ်ပေ။ ယခု ချူယို့က မိုဝူကျိအား သယ်ထားသောကြောင့် သူမက မိုဝူကျိ ခန္ဓာအတွင်းမှ ဟုန်မုန့်စွမ်းအင်ကို ခံစားမိနေခြင်း ဖြစ်၏။
သို့သော်လည်း ချူယို့က အချိန်ဆက်မဖြုန်းတော့ဘဲ ထိုစွမ်းအားအကြောင်း ဆက်၍ အာရုံစိုက်မနေတော့ပေ။ အကယ်၍ သူမသာ ယခု ထွက်မသွားလျှင် နောက်မှ လူများက သူမနှင့် မိုဝူကျိအား သေချာပေါက် အဆုံးသတ်ပစ်ကြလိမ့်မည်။
အမွှေးတိုင်ဝက်စာ ကြာပြီးသည့်နောက်တွင် ချူယို့၏ စိတ်စွမ်းအားဖြင့် သူမနောက်မှ ပုံရိပ်များကို အာရုံခံမိလိုက်သည်။ ထိုအခါ သူမက ပို၍ စိုးရိမ်လာမိသည်။
ဘာလုပ်ရမလဲ ….
ချူယို့က သူမ ဘဝတွင် အန္တရာယ်ကြီးကြီးမားမားနှင့် ရင်ဆိုင် မတွေ့ဖူးသေးပေ။
“ ကျုပ်ကို ချပေး ” ချူယို့က အတွေးများနေစဉ် မိုဝူကျိ၏ အသံကို ကြားလိုက်ရသည်။
“မဖြစ်ဘူး … အဲလူတွေက ဇာမဏီနတ်ဝိညာဉ် ပရဝဏ်က ပါရမီရှင်တွေပဲ။ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတွေတောင် ပါတယ်။ သူက ကောင်းကင်နတ်ဘုရားအဆင့် ၁ ဆိုပေမဲ့ ရှင်နဲ့ ကျွန်မ လက်ရှိ အနေအထားနဲ့ ရင်ဆိုင်နိုင်တဲ့ အနေအထား မဟုတ်ဘူး ” ချူယို့က မိုဝူကျိ၏ အကြံပြုချက်အား ငြင်းဆန်လိုက်သည်။
“ ဝှစ် ” မြားတစ်စင်းက လေဟုန်ခွင်းကာ သူတို့ဘေးပတ်လည်၌ ပိတ်လှောင်ထားနိုင်သည့် စွမ်းအားပါ သယ်ဆောင်လာသည်။ ချူယို့က ထိုစွမ်းအားအောက်တွင် မလှုပ်ရှားနိုင်သလို ရှောင်ရှားနိုင်စွမ်းလည်း မရှိတော့ပေ။
“ အား ” မြားက ချူယို့ ရင်ဘတ်အထိ ထိုးစိုက်ဝင်ရောက်သွားကာ သွေးများ စီးကျလာစေသည်။
လတ်လတ်ဆတ်ဆတ် သွေးများက မိုဝူကျိ မျက်နှာပေါ် ကျရောက်လာသောကြောင့် သူက ချူယို့၏ အမူအရာ ပျက်ယွင်းနေသည်ကို မြင်လိုက်ရသည်။ ဤသို့ မြားရှည်ဖြင့် တိုက်ခိုက်မှုအောက်တွင် ချူယို့၏ စွမ်းအားစက်ကွင်းမှာ အလှဆင်ထားရုံမျှသာ ဖြစ်ပြီး ဘာမှအသုံးမဝင်ပေ။
“ အဲဒါက ဇာမဏီနတ်ဝိညာဉ် ပရဝဏ်ရဲ့ ကောင်းကင်နတ်ဘုရားအဆင့် ၄ ပါရမီရှင် ယန်နန်ပဲ … သူ့နာမည်ပြောင်က မြားမိုးတဲ့။ သူက နတ်ဘုရား အလယ်အလတ် မှော်လက်နက် မြားမိုး ဒူးလေးကို သုံးထားတာ ” ချူယို့က အင်မတန် စိတ်ဓာတ်ကျနေသည့် အမူအရာဖြင့် ပြောလိုက်သည်။ အကယ်၍ တခြားတစ်ယောက်သာ သူမတို့နောက် လိုက်လာလျှင် သူမအသက်အတွက် အာမခံနိုင်သေး၏။ ယခုအခါ ယန်နန် ဖြစ်နေလေရာ သူမတွင် ရှိခဲ့သော နောက်ဆုံးမျှော်လင့်ချက်လေးပင် ပျက်သုဉ်းသွားလေပြီ။
မိုဝူကျိက အသက်ပြင်းပြင်းရှူလိုက်ပြီး ချူယို့လက်ထဲမှ ဘေးသို့ ဆင်းလိုက်သည်။ သူ့အသက်ဓာတ်လမ်းကြောင်းမှာ အင်မတန် အသုံးဝင်သော်လည်း သူ့ခန္ဓာကိုယ်မှာ အချိန်မရွေး ပြိုလဲသွားနိုင်ကြောင်း ခံစားမိနေသည်။
လက်ရှိ မိုဝူကျိက ဇာမဏီနတ်ဝိညာဉ် ပရဝဏ်၏ ကျင့်ကြံသူ ယန်နန်သည် မီးခိုးရောင် လေးတစ်ခုအား ကိုင်ထားသည်ကို စိတ်စွမ်းအား သုံးဖို့ပင် မလိုဘဲ မြင်လိုက်သည်။ သူက နောက်မြားတစ်ချောင်း မရွယ်သေးပေ။
“ ကျွန်မ တောင်းပန်ပါတယ်။ ရှင်က ကျွန်မကို နှစ်ခါတောင် ကယ်ပေးခဲ့တာ … ကျွန်မက ရှင့်ကို တစ်ခါတောင် ကောင်းကောင်း မကယ်ပေးနိုင်ဘူး ” ချူယို့က အသုံးမကျသည့်အလား အပြစ်ရှိစိတ် ခံစားနေမိသည်။
မိုဝူကျိက ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ အယောက် ၄၀ ကျော်အား သတ်ဖြတ်နိုင်ခဲ့သော်လည်း သူမက သူ့အား ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက် လက်မှ လွတ်မြောက်ဖို့ရာ မကူညီပေးနိုင်ပေ။
မိုဝူကျိက ချူယို့ ရင်ဘတ်မှ ဒဏ်ရာအပေါက်သည် ယန်နန်၏ မြားကြောင့် ဖြစ်မှန်း သတိပြုမိလိုက်သည်။ သို့သော်လည်း မိုဝူကျိက ချူယို့အတွက် မည်မျှ ကလဲ့စားချေပေးစေလိုကာမူ ဤသည်က အချိန်မဟုတ်သေးပေ။ အစွမ်းကုန် ကြိုးစားတိုက်ခိုက်ခြင်းနှင့် ကိုယ့်သေတွင်းကို တူးခြင်းမှာ မတူညီသော သဘာတရားနှစ်ခု ဖြစ်၏။ ဤနေရာတွင် ရပ်လိုက်ပြီး ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူအား တိုက်ခိုက်ခြင်းမှာ ကိုယ့်သေတွင်းကို တူးနေခြင်းသာ ဖြစ်လိမ့်မည်။
ဂိုဏ်းနှစ်ဂိုဏ်းမှ တပည့် ငါးဆယ်လောက်ကို သတ်ပြီးသည့်နောက်တွင် မိုဝူကျိက ကောင်းကင်လူသားဂိုဏ်းအတွက် အတိုးတချို့ ပြန်ချေထားပြီးပြီ ဖြစ်၏။ ယခု သူ လုပ်ဖို့ လိုအပ်နေသည့်အရာမှာ ကိုယ့်အသက်ကို စွန့်၍ အစွမ်းကုန် တိုက်ခိုက်ခြင်း မဟုတ်ပေ။ ထို့အစား နောင်အခါ ကလဲ့စားချေမှုအတွက် ပြင်ဆင်ရန် ဖြစ်သည်။
မိုဝူကျိက ချူယို့ကို ပြန်သယ်လိုက်သည်။
“ ရှင် ဘာတွေ လုပ်နေတာလဲ။ မြန်မြန် ချပေး …” ချူယို့က ကြောင်အမ်းသွားကာ စိတ်ပျက်နေသည့် အမူအရာမှ မခံမရပ်နိုင် အဖြစ် ပြောင်းလဲသွားသည်။ သူမက မိုဝူကျိသည် ဤသို့ အရှက်မဲ့လှလိမ့်မည်ဟု မထင်ထားပေ။
ဤသို့အချိန်အခါမျိုး၌ အသားယူနေသည်လား ….
“ အာ့ …” မိုဝူကျိ၏ ဒဏ်ရာများက ပြင်းထန်လွန်းသည် ဖြစ်ရာ ပြန်ကောင်းဖို့ရာ အဝေးကြီး လိုနေသေး၏။ ယခု ချူယို့က အနည်းငယ် ရုန်းကန်လိုက်သောကြောင့် သူ့ဒဏ်ရာများက သွေးများ ပြန်ထွက်လာသည်။
မိုဝူကျိ မျက်နှာပင် ယခင်ကထက် ပို၍ ဖြူဖျော့သွားလေ၏။
ချူယို့က သက်ပြင်းချလိုက်ပြီးနောက် ဆက်လက် မရုန်းကန်တော့ပေ။ နှစ်ယောက်လုံးမှာ သေတော့မည် ဖြစ်ရာ ရုန်းကန်နေ၍ ဘာထူးတော့မည်နည်း။ မိုဝူကျိက သူမကို နှစ်ကြိမ် ကယ်တင်ထားသည့်အတွက် သူမက သူ့အပေါ် အသက်ကြွေး တင်နေသည်။
မိုဝူကျိက သူ့လေလွတ်မြောက်ရေး နည်းစနစ်ကို အသက်သွင်းလိုက်သည်။
မိုဝူကျိအား လေပြည်တစ်ခု ဖြတ်တိုက်သွားသည့်အချိန်လေးတွင် ယန်နန်က နောက်ထပ် မြားတစ်ချောင်းကို ပစ်လွှတ်လိုက်သည်။
မိုဝူကျိအပေါ် သေခြင်းတရား အရိပ်အယောင်များ ကြီးစိုးနေသော်လည်း မိုဝူကျိက ရုတ်တရက်ဆိုသလို ဉာဏ်အလင်း ပွင့်လာသည်။ သူ့ခန္ဓာကိုယ်မှာ အနည်းငယ် ယိမ်းသွားပြီးနောက် သူ ရပ်နေသည့်နေရာမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။ ထို့အပြင် သူ့ပတ်လည်ရှိ စည်းမျဉ်းများမှာလည်း သက်ရောက်မှု မရှိပေ။
“ ဝုန်း ” မြားက မိုဝူကျိ ရပ်ခဲ့သည့် နေရာသို့ ကျရောက်လာကာ မိုဝူကျိ၏ အရိပ်၌ ပေါက်ကွဲထွက်သွားလေသည်။
ယန်နန်က မိုဝူကျိ ပျောက်ကွယ်သွားသည့်နေရာသို့ ရောက်လာပြီး မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူက ယခု မိုဝူကျိ၏ တည်နေရာအား မခန့်မှန်းနိုင်တော့ပေ။
“ ဒါက ဘယ်လိုကျင့်စဉ်မျိုးလဲ ” ယန်နန်က ကိုယ့်ဘာသာ ရေရွတ်လိုက်၏။ သူက အတော်လေး အံ့အားသင့်နေဟန် ပေါ်သည်။
သူက ရွှေ့ပြောင်းစွမ်းရည်ကို မျက်မြင်ကိုယ်တွေ့ ကြုံဖူးသောကြောင့် ရွှေ့ပြောင်းစွမ်းရည်သည် အမှန်တကယ် အားကောင်းသော လျှို့ဝှက်ပညာရပ် ဖြစ်ကြောင်း အသိအမှတ်ပြု၏။ သို့သော်လည်း လူတစ်ယောက်က ကိုယ်ပိုင် တည်နေရာစည်းမျဉ်းများအပေါ် နားလည်နိုင်စွမ်းကို မူတည်၍ မည်မျှ သွားနိုင်မည်နည်း။ ထိုသို့ဆိုလျှင်ပင် အခြေအနေ တစ်ရပ်ကား မပြောင်းလဲသွားပေ။ ထိုသည်မှာ ရွှေ့ပြောင်းစွမ်းရည် ထုတ်ဖော်လိုက်သည့်အချိန် တည်နေရာ သို့မဟုတ် အာကာပြင် စည်းမျဉ်းများက မငြိမ်မသက် ဖြစ်သွားပေမည်။
မိုဝူကျိ ထွက်ပြေးသွားစဉ်အခါက မငြိမ်မသက် ဖြစ်မှုမျိုး မရှိခဲ့ပေ။ ယခု သူက မိုဝူကျိ မည်သည့်နေရာသို့ ထွက်သွားကြောင်း အစအနပင် ရှာမတွေ့တော့ချေ။
သူက မည်သို့ ဆက်လိုက်ရမည်နည်း။
***