နတ်ဘုရားနယ်မြေ၏ နံပါတ်တစ် နတ်ဘုရားဘုရင်
Vol. 67 Ch. 932
မိုဝူကျိက နတ်ဘုရားသိုက်မြုံ နယ်မြေအသစ် အဝင်ဝ အနီးအနား၌ ပုန်းအောင်းနေသည်မှာ လဝက်ကျော်သွားလေပြီ။ လေလွတ်မြောက်ရေး နည်းစနစ်၌ ဉာဏ်အလင်းပွင့်ထားမှုကြောင့် မိုဝူကျိက ဘေးပတ်ဝန်းကျင်ရှိ လေနှင့် တစ်သားတည်း ဖြစ်နေသည်။ တစ်ယောက်ယောက် သူ မည်သို့ ပုန်းအောင်းနေကြောင်း မသိသရွေ့ ရှာတွေ့ဖို့ရာ ခက်ခဲပေမည်။
ထိုသို့ဆိုလျှင်ပင် မိုဝူကျိက ကူကယ်ရာမဲ့နေမိသည်။ သူ့ကိုယ်သူ လဝက်နီးပါးလောက် ဖုံးကွယ်ပြီး ပုန်းနေနေသော်လည်း ထွက်လမ်း မတွေ့သေးပေ။
အကြောင်းမှာ နတ်ဘုရားသိုက်မြုံ အဝင်ဝတွင် ကာကွယ်ရေး အစီအရင် ရှိနေ၍ ဖြစ်သည်။ သူ့လေရွှေ့ပြောင်းစွမ်းရည်က မည်မျှပင် အားကောင်းနေစေကာမူ တစ်ယောက်ယောက် အဝင်ပေါက်ကို ဖွင့်သည့်အထိ စောင့်ဖို့ လိုအပ်နေသည်။ ဤသည်မှာ ဤနေရာမှ ထွက်သွားဖို့ရာ တစ်ခုတည်းသော နည်းလမ်း ဖြစ်၏။
တစ်ယောက်ယောက်က အပြင်မှ ဝင်လာသည် ဖြစ်စေ သို့မဟုတ် အထဲမှ ထွက်သွားသည် ဖြစ်စေ မိုဝူကျိအနေနှင့် ထွက်သွားနိုင်လိမ့်မည်။ နတ်ဘုရားသိုက်မြုံ နယ်မြေအသစ် ဖွင့်လာသည်မှာ တစ်နှစ်နီးပါး ရှိနေပြီ ဖြစ်၍ အထဲဝင်လာဖို့ ကြံထားသည့်သူများမှာ အထဲသို့ ရောက်နေပြီးသား ဖြစ်ပေမည်။
ထွက်သွားမည့်သူများအနေနှင့် … ဟူး ဘယ်သူကများ နတ်ဘုရားသိုက်မြုံ နယ်မြေကနေ ဝင်လာပြီးနောက် ထွက်သွားချင်မှာလဲ …
မိုဝူကျိက ခြွင်းချက် ဖြစ်ပေသည်။
ထိုသို့ဆိုလျှင်ပင် သူက ထွက်သွားဖို့ရာ အခွင့်အရေးကို ကူကယ်ရာမဲ့စွာ စောင့်ဆိုင်းနေရသေး၏။
နောက်ထပ် တစ်လ ကုန်ဆုံးသွားပြန်သည်။ မိုဝူကျိက အလွန်အမင်း စိတ်သောကရောက်နေစဉ် ပုံရိပ်တစ်ခု ဖြတ်ပြေးသွားလေသည်။
ထိုသူမှာ ဇာမဏီနတ်ဝိညာဉ်ပရဝဏ်မှ တပည့် တစ်ဦး ဖြစ်၏။ မိုဝူကျိက ထိုကျင့်ကြံသူကို မြင်လိုက်သည့်အခါ သူ ပထမဆုံးအသိမှာ ထိုလူအား မြန်မြန် သတ်ပစ်လိုက်ဖို့ ဖြစ်သည်။
မိုဝူကျိက တိုက်ခိုက်တော့မည့်ဆဲဆဲတွင် ရုတ်တရက်ဆိုသလို တစ်ခုကို နားလည်သွားသည်။ ထိုအခါက သူက သူ့ကိုယ်သူ ထိန်းချုပ်ဖို့ ကြိုးစားလိုက်တော့သည်။
ဇာမဏီနတ်ဝိညာဉ်ပရဝဏ်က ကျင့်ကြံသူတစ်ယောက် အဝင်ဝနား ပေါ်လာသည့် အကြောင်းမှာ အပြင်ထွက်လို၍သာ ဖြစ်ရမည်။ သူက ဘာကြောင့် အပြင်ထွက်ချင်တာလဲ … သူ့တစ်ခုတည်းသော ရည်ရွယ်ချက်မှာ အပြင်ဘက်မှ လူများထံ အထဲရှိ အဖြစ်အပျက်ကို အကြောင်းကြားရန်သာ ဖြစ်ပေမည်။ ဂိုဏ်းကြီးနှစ်ဂိုဏ်းမှ တပည့်များစွာကို သတ်ပြီးသည့်နောက်တွင် သူတို့က အပြင်ထွက်၍ အကြောင်းမကြားဘဲ အဘယ်ကြောင့် နေမည်နည်း။
နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်သို့ ဝင်ပြီးသည့်နောက်တွင် မည်သူကမှ အပြင်လောကနှင့် အဆက်အသွယ် မရတော့ပေ။ နတ်ဘုရားသိုက်မြုံ ကာကွယ်ရေး အစီအရင်အား ဖြတ်သန်းသွားမှသာ သတင်းအား အကြောင်းကြားနိုင်လိမ့်မည်။
တစ်လတာ နောက်ကျနေသည့် အကြောင်းအရင်းမှာ မိုဝူကျိ၏ လေရွေ့ပြောင်းစွမ်းရည်က အရမ်းမြန်ဆန်လွန်းနေ၍ ဖြစ်သည်။ အရမ်းမြန်လွန်းနေ၍ သတင်းအကြောင်းကြားသူထက် တစ်လတာ စောရောက်နေခြင်း ဖြစ်သည်။
ထိုတပည့်က ကျောက်စိမ်းပြားကို ထုတ်ကာ ကာကွယ်ရေး အစီအရင်အား ဖွင့်လိုက်သည်။
လက်ရှိ ထိုတပည့် အစီအရင်ကို ဖွင့်လိုက်သည့်အခါ မိုဝူကျိက လေနှင့်အတူ ပျောက်ကွယ်သွားလေသည်။
ထိုတပည့် အစီအရင်မှ ထွက်ပြီး ပထမဆုံး လုပ်သည့်အရာမှာ အရေးတကြီး သတင်းပို့ အဆောင်ကို ပို့လွှတ်လိုက်ခြင်း ဖြစ်၏။ သူက လေနှင့်အတူ ပါလာသည့် မိုဝူကျိကို လုံးဝ သတိမပြုမိပေ။
………………
နတ်ဘုရားသိုက်မြုံ၏ ထန်းတိရင်ပြင်၊ နတ်ဘုရားဘုရင် ခန်းမ
နတ်ဘုရားသိုက်မြုံရှိ နတ်ဘုရားဘုရင်များ ကိစ္စများ ဆွေးနွေးရာ နေရာတစ်ခု ဖြစ်ပေသည်။ သာမန်အခြေအနေအောက်၌ နတ်ဘုရားဘုရင် အယောက်နှစ်ဆယ်ကျော် ရှိနေခြင်းက အလွန်ကို ထူးခြားနေပြီ ဖြစ်၏။
ထိုစဉ် နတ်ဘုရားဘုရင် ခန်းမတွင် နတ်ဘုရားဘုရင် အယောက် လေးဆယ် ရှိနေပြီး နတ်ဘုရားနယ်မြေ၏ နတ်ဘုရားဘုရင် သုံးပုံတစ်ပုံလောက်က ရောက်ရှိနေကြသည်။ ထို့အပြင် အမြဲတမ်းလိုလို လွတ်နေလေ့ရှိသည့် ခေါင်းဆောင်နေရာ၌ လူလတ်အရွယ် အမျိုးသားတစ်ဦးက ထိုင်လျက် ရှိနေသည်။
လူလတ်အရွယ် အမျိုးသားတွင် ရှည်လျားသော ဆံပင်နှင့်အတူ အင်မတန် ကြည့်ကောင်းသော ခရမ်းရောင် မုတ်ဆိတ်မွေးများ ရှိနေသည်။ သူက ဘာမှမပြောသေးသော်လည်း ဤနေရာရှိ နတ်ဘုရားဘုရင်တိုင်းက သူ့ဒေါသကို ခံစားမိကြသည်။
နတ်ဘုရားဘုရင် ဝူကျဲပင် ဘာမှဝင်မပြောရဲပေ။
အားလုံးက ထိုခရမ်းရောင် မုတ်ဆိတ်မွေးနှင့် လူလတ်အရွယ် အမျိုးသားကို သိကြပေသည်။ ထိုသူမှာ မဟာနတ်ဘုရားဘုရင် ဆယ်ဦးအနက် နံပါတ်တစ် ဖြစ်သည့် နတ်ဘုရားဘုရင် လီထန်း ဖြစ်၏။ နတ်ဘုရားဘုရင် လီထန်းသည် လီထန်းနန်းတော်အတွင်းသာ အမြဲနေနေလေ့ ရှိပြီး နတ်ဘုရားနယ်မြေသို့ ပေါ်လာခဲ၏။ သူ့အား နတ်ဘုရားသိုက်မြုံ၌ မြင်တွေ့ရသည်မှာ ရှားပါးလှသော မြင်ကွင်းပင် ဖြစ်၏။
ပုံမှန်အားဖြင့် လီထန်းနန်းတော်သည် နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်အတွက် အလွန်နည်းပါးသော တပည့်တချို့ကို ရွေးချယ်၍ စေလွှတ်ကြသည်။ သူတို့က ပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်စရာ မလိုပေ။ သူက အလွန်နည်းပါးသော လူပမာဏကို စေလွှတ်လိုက်၍ ဖြစ်သည်။ ထို့ကြောင့် သူတို့ကား နတ်ဘုရားသိုက်မြုံ နယ်မြေအသစ် ဝင်ဖို့ရာ နေရာကိုယ်စီ ရကြပေသည်။
နတ်ဘုရားဘုရင် လီထန်းသည် နတ်ဘုရားဘုရင် ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိနေသည်ဟု ကောလာဟလများ ထွက်ပေါ်နေသည်။ နတ်ဘုရားဘုရင် ဝိညာဉ်မီးတောက်မှ လွဲ၍ တခြားသော နတ်ဘုရားဘုရင်များက နတ်ဘုရားဘုရင် လီထန်းနှင့် ယှဉ်ပြိုင်လျှင် သုံးကွက်ပင် ပို၍ မထုတ်နိုင်ပေ။
အချိန်အတော်ကြာပြီးနောက် နတ်ဘုရားဘုရင် လီထန်းက ပြောလိုက်သည် “ ကျုပ် တကယ်ကို စိတ်ပျက်မိတယ်။ ဒီနှစ်တစ်လျှောက်လုံး နတ်ဘုရားနယ်မြေမှာ နတ်ဘုရားဘုရင်အသစ် မွေးထုတ်နိုင်တာ အရမ်းကို ရှားပါတယ်။ အခု ဖန်းကျဲက နတ်ဘုရားဘုရင်အဆင့် ရောက်လာပေမဲ့ နတ်ဘုရားသိုက်မြုံမှာ အသတ်ခံလိုက်ရတယ်။ နတ်ဘုရားဘုရင် ယန်ထင်း၊ နတ်ဘုရားဘုရင် ဗောဓိနက် နဲ့ နတ်ဘုရားဘုရင် ယီမင် …. မင်းတို့တွေ လက်ချက်ဆိုတာ ကျုပ် သိပြီးသား။ အဲဒါကြောင့် မင်းတို့ဘာသာ ရှင်းပြ … စောစောလေးက ပြောတဲ့အတိုင်း အကြောင်းပြချက် မရေရာတာတွေ မပြောစမ်းနဲ့။ ဒီလောကမှာ မင်းတို့သုံးယောက်ထဲ ဉာဏ်ကောင်းနေတာ မဟုတ်ဘူး ”
နတ်ဘုရားဘုရင် ယန်ထင်း၊ ဗောဓိနက်နှင့် ယီမင်တို့က တိတ်ဆိတ်နေကြသည်။ သူတို့က နတ်ဘုရားဘုရင် လီထန်းသည် ဖန်းကျဲကြောင့် သူ့လီထန်းနန်းတော်မှ ထွက်လာလိမ့်မည်ဟု မထင်ထားပေ။ အကယ်၍ သူတို့ သိထားပါက သူတို့အနေနှင့် လက်လွတ်စပယ် ဖန်းကျဲအား သတ်ပစ်မည် မဟုတ်ပေ။
နတ်ဘုရားဘုရင် လီထန်းက ဆက်ပြောလိုက်သည်။“ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျုပ် ပြောခဲ့ဖူးတယ်။ ကျုပ်တို့ နတ်ဘုရားနယ်မြေမှာ နတ်ဘုရားဘုရင် နည်းနည်းလေး ကျန်တော့တာ … အဲဒါကြောင့် နတ်ဘုရားဘုရင်အဆင့် တက်လှမ်းနိုင်တဲ့ ဘယ်သူကိုမဆို ကျုပ်တို့ နတ်ဘုရားနယ်မြေရဲ့ အဓိက ပံ့ပိုးမှု ဖြစ်လာလိမ့်မယ်။ အဲလို ပြောထားတာတောင် ဘယ်သူမှ ကျုပ် စကားကို နားမထောင်ကြဘူး။
နတ်ဘုရားဘုရင် တစ်ယောက်ကိုတောင် လူသိရှင်ကြား သတ်လိုက်သေးတယ်။ ဟူး … ကျုပ်က အသက်ကြီးလွန်းလို့ ဘယ်သူမှ ကျုပ် စကားကို အရေးမစိုက်ကြတော့တာလား ”
နတ်ဘုရားဘုရင် လီထန်းသည် မည်သို့သော လူစားမျိုး ဖြစ်ကြောင်းကို နားမလည်သည့်သူ အနည်းငယ်သာ ရှိ၏။ ထို့ကြောင့် နတ်ဘုရားဘုရင် အများစုမှာ သူ့စကားကို ကြားလိုက်သည့်အခါ ထိတ်လန့်ကုန်ကြသည်။
အကယ်၍ နတ်ဘုရားဘုရင် လီထန်းက အသက်ကြီးသည် ယူဆလျှင် နတ်ဘုရားနယ်မြေ၌ အသက်ငယ်သည့် နတ်ဘုရားဘုရင် ရှိမည် မဟုတ်တော့ပေ။
နတ်ဘုရားဘုရင် ဝူကျဲက သက်ပြင်းချကာ တစ်ခုခု ဝင်ပြောသင့်ကြောင်း သိလိုက်သည်။ မဟုတ်လျှင် နတ်ဘုရားဘုရင် ယန်ထင်းတို့ သေချာပေါက် အပြစ်ပေးခံရမည် ဖြစ်၏။
“ ကျုပ် စကားနည်းနည်းလောက် ပြောပါရစေ ” နတ်ဘုရားဘုရင် ဝူကျဲက ထရပ်လိုက်သည်။
နတ်ဘုရားဘုရင် ဝူကျဲမှာ မဟာနတ်ဘုရားဘုရင် ဆယ်ဦးအနက် နံပါတ်သုံး ဖြစ်ပေသည်။ ယခု သူက ထရပ်လိုက်သောကြောင့် နတ်ဘုရားဘုရင် လီထန်းအနေနှင့် မျက်နှာပျက်အောင် လုပ်၍ မဖြစ်ပေ။
“ တာအိုရောင်းရင်းတို့ … အစ်ကိုကြီးလီထန်း ပြောတာကလည်း မမှားပါဘူး။ နတ်ဘုရားနယ်မြေရဲ့ နတ်ဘုရားဘုရင်တိုင်းက တန်ဖိုးရှိတဲ့သူတွေပါ။ တကယ်လို့ အားလုံးက တစ်ယောက်နဲ့ တစ်ယောက် မကျေနပ်တာလေးနဲ့ အပြင်းအထန် ပြုမူကုန်ရင် ကျုပ်တို့ နတ်ဘုရားနယ်မြေက ကျုပ်တို့လက်ထဲမှာ ပျက်စီးသွားပါလိမ့်မယ်။ နတ်ဘုရားဘုရင် ဖန်းကျဲကို သတ်လိုက်တာက နတ်ဘုရားနတ်ဘုရင် ယန်ထင်းတို့ စဉ်းစားနိုင်စွမ်း လိုသွားတာလည်း အမှန်ပါ …” နတ်ဘုရားဘုရင် ဝူကျဲ၏ ပထမ စကားတချို့လောက်က နတ်ဘုရားဘုရင် လီထန်း၏ စကားကို ထပ်လောင်း အတည်ပြုလိုက်ခြင်းသာ ဖြစ်၏။
ထိုသို့ပြောပြီးနောက် နတ်ဘုရားဘုရင် ဝူကျဲက လက်နှစ်ဖက်ယှက်ကာ “သေတဲ့သူကလည်း သေပြီးပါပြီ။ နတ်ဘုရားဘုရင် ယန်ထင်း၊ ဗောဓိနက်နဲ့ ယီမင်တို့ကို အပြစ်ပေးတာက ကျုပ်တို့ နတ်ဘုရားနယ်မြေအတွက်ပဲ ဆုံးရှုံးမှု ပိုဖြစ်စေပါလိမ့်မယ် … ”
နတ်ဘုရားဘုရင် လီထန်းက သက်ပြင်းချကာ ကောင်းကင်ကြီးကို မော့ကြည့်လိုက်ရင်း
“ အားလုံးက နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာတာ ကောင်းတယ်လို့ပဲ ထင်နေကြတယ်မလား။ တကယ်တော့ နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာတဲ့အချိန်တိုင်း ကျုပ်တို့တွေက အန္တရာယ်နဲ့ နီးလာတာပဲ … ”
အကယ်၍ သူ နတ်ဘုရားဘုရင် လီထန်းက လုပ်နိုင်လျှင် သူ့အနေနှင့် နတ်ဘုရားဘုရင် ယန်ထင်းတို့အား သတ်ပစ်ချင်မိသည်။ သို့သော်လည်း သူက အကျိုးဆက်ကို သေချာသိထား၏။
နတ်ဘုရားဘုရင် တချိုက ရှေ့ထွက်လာကာ မြန်မြန် မေးလိုက်ကြသည် “ အစ်ကိုကြီး လီထန်း ပြောတာ ဘာအဓိပ္ပာယ်လဲ ”
နတ်ဘုရားဘုရင် လီထန်းက လက်ခါလိုက်ရင်း ဆက်ပြောလိုက်သည်
“ အားလုံး ဆက်ပြီးတော့ ကျင့်ကြံသင့်တယ်။ မဟုတ်ရင် ကျုပ်တို့တွေ တခြားသူတွေရဲ့ နယ်ရုပ် ဖြစ်လာကြလိမ့်မယ်။ အဲဒါကြောင့်မလို့ ဒီနေ့ကစပြီး ကျုပ်တို့ နတ်ဘုရားနယ်မြေမှာ နတ်ဘုရားဘုရင်ကြား သတ်ဖြတ်တာကို ခွင့်မပြုဘူး။ ယန်ထင်း၊ ယီမင်နဲ့ ဗောဓိနက် မင်းတို့သုံးယောက်က အမှားအကြီးကြီး ကျူးလွန်မိခဲ့တယ်။ တကယ်လို့ ငါတို့ နတ်ဘုရားနယ်မြေက နတ်ဘုရားဘုရင်တိုင်းက မင်းတို့သုံးယောက်လိုမျိုး တစ်ကိုယ်ကောင်းဆန်နေရင် ငါတို့ နတ်ဘုရားနယ်မြေကြီးက အမြန်နှုန်းနဲ့ ပျောက်ကွယ်သွားလိမ့်မယ် … ”
နတ်ဘုရားဘုရင် လီထန်းက ထိုသုံးယောက်ကို ကောင်းကင်လူသားဂိုဏ်းနှင့် ပတ်သက်ပြီး ဘာမှမလုပ်တော့ဖို့ရာ သတိပေးတော့မည့်ဆဲဆဲတွင် ကောင်းကင်လူသားဂိုဏ်းက သူတို့တည်ထောင်သူဘိုးဘေး သေဆုံးမှုကြောင့် ထိုနှစ်ဂိုဏ်းနှင့် ရန်ကြွေး ဖွဲ့သွားပြီ ဖြစ်ကြောင်း သတိရလိုက်သည်။ ကောင်းကင်လူသားဂိုဏ်းကို အသက်ရှင်လျက် ထားခြင်းက ပို၍ ပဋိပက္ခများ ဖြစ်လာစေလိမ့်မည်။ သူ့အနေနှင့် ကောင်းကင်လူသားဂိုဏ်း တစ်ခုလုံး ရှင်းထုတ်ပစ်ဖို့ရာ ခွင့်ပြုပေးသည်က ပို၍ သင့်တော်ပေ၏။ ထိုအခါမှ နတ်ဘုရားနယ်မြေတွင် ဖြစ်လာမည့် နောက်ထိခိုက်မှုများအား ကာကွယ်နိုင်ပေမည်။
နတ်ဘုရားဘုရင် လီထန်းက ထိုအတွေး တွေးမိစဉ် နတ်ဘုရားဘုရင် ယန်ထင်းက ရုတ်ခြည်း ထရပ်လိုက်သည်။
“ ယန်ထင်း မြန်မြန် ပြန်ထိုင်လိုက်စမ်း ” နတ်ဘုရားဘုရင် ဝူကျဲက နတ်ဘုရားဘုရင် ယန်ထင်း မျက်ဝန်းမှ ဒေါသကို အာရုံခံမိလိုက်၍ မြန်မြန် သတိပေးလိုက်သည်။
နတ်ဘုရားဘုရင် ယန်ထင်းက ဝူကျဲဘက် လှည့်လိုက်ပြီး လက်နှစ်ဖက်ယှက်လိုက်ပြီးနောက် နတ်ဘုရားဘုရင် လီထန်းဘက်သို့ လှည့်ကာ “ နတ်ဘုရားဘုရင် လီထန်း … ကျုပ် အခုလေးတင် နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်က သတင်းကို ရလာပါတယ်။ ကျုပ်တို့ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနဲ့ ဇာမဏီနတ်ဝိညာဉ်ပရဝဏ်က တပည့် ၄၇ ယောက်လုံး ကောင်းကင်လူသားဂိုဏ်းသား တစ်ယောက်ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ သူနာမည်က မိုဝူကျိပါ …. ”
ထိုအကြောင်းကို ကြားသည်နှင့် နတ်ဘုရားဘုရင် ဗောဓိနက်ပင် စိုးရိမ်တကြီး ထရပ်လိုက်သည်။“ ယန်ထင်း အမှန်ပဲလား ”
“ ဒီကိစ္စကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့တဲ့သူ အများကြီးဆိုတော့ အမှန်ပဲ ဖြစ်လိမ့်မယ်။ ငါ့ဇာမဏီနတ်ဝိညာဉ် ပရဝဏ်က ထန်ဝူကျန်း တစ်ယောက်ပဲ ကျန်တော့တယ်။ သူလည်း ဒဏ်ရာအပြင်းအထန် ရထားတယ်။ ခင်ဗျားရဲ့ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းက ဝိညာဉ်လမ်းကြောင်း ပျက်စီးသွားတဲ့ ကနဦး နတ်ဘုရားအဆင့် တစ်ယောက် ကျန်တယ် … ”
နတ်ဘုရားဘုရင် ယန်ထင်း၏ စကားကို ကြားကာ နတ်ဘုရားဘုရင် ဗောဓိနက် မျက်လုံးများက နီစွေးလာသည်။ နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်သည် အန္တရာယ်အနည်းဆုံးနှင့် အရင်းအမြစ် အကြွယ်ဝဆုံး လျှို့ဝှက်နယ်မြေ တစ်ခု ဖြစ်၏။
ပို့လွှတ်ခံလိုက်ရသည့် တပည့်တိုင်းမှာ ဂိုဏ်းတိုင်း၏ ပါရမီရှင်များသာ ဖြစ်ကြသည်။ ဇာမဏီနတ်ဝိညာဉ် ပရဝဏ်နှင့် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းတို့လိုမျိုး ထိပ်သီးဂိုဏ်းများပင် နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်သို့ ဝင်ရန် နေရာများစွာ မရပေ။
သူတို့၏ တပည့်များကို သတ်ပစ်လိုက်သည့် မိုဝူကျိ၏ အပြုအမူမှာ ဂိုဏ်းများအတွက် ဆုံးရှုံးမှု ကြီးမားစေသည်။
“ ကောင်းကင်လူသားဂိုဏ်းရဲ့ မိုဝူကျိက သူ့ဘာသာ တပည့် ၄၇ ယောက်ကို သတ်ပစ်ခဲ့တယ်လို့ ပြောနေတာလား။ မိုဝူကျိရဲ့ကျင့်ကြံဆင့်က ဘယ်လောက်မလို့လဲ ” အံ့ဩနေသည့် နတ်ဘုရားဘုရင် လီထန်းပင် မေးခွန်း မေးလိုက်သည်။
“ မိုဝူကျိက ကနဦး နတ်ဘုရားအဆင့် ၉ ပဲ ရှိဦးမှာပါ။ ဒါပေမဲ့ သူ့ကောင်းကင်လူသားကျင့်စဉ်က ဖုံးကွယ်ပေးထားတယ် ” နတ်ဘုရားဘုရင် ယန်ထင်းက မိုဝူကျိသည် ကနဦး နတ်ဘုရားအဆင့် ၉ ဖြစ်ကြောင်း အမြဲယုံကြည်ထား၍ ထုတ်ပြောလိုက်သည်။
“ သူ သတ်လိုက်တဲ့ တပည့် ၄၇ ယောက်ထဲမှာ ကောင်းကင်နတ်ဘုရားအဆင့်ရော ပါလား ” နတ်ဘုရားဘုရင် လီထန်းက မိုဝူကျိ အားကောင်းပုံအား တွေးကာ ပို၍ အံ့အားသင့်မိလာသည်။
နတ်ဘုရားဘုရင် ယန်ထင်းက ဆက်ဖြေလိုက်လေ၏ “ ကျုပ် ရထားတဲ့ သတင်းအရ အဲဒီမှာ ကောင်းကင်နတ်ဘုရား အဆင့် ငါးယောက် ရှိတယ်တဲ့။ အဲဒီ မိုဝူကျိက ဉာဏ်များပြီးတော့ လျို့ဝှက်နည်းလမ်းနဲ့ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတွေကို အရင်ရှင်းထုတ်လိုက်တာ … အဲဒီနောက်ကျ ကျန်တဲ့ တပည့် ၄၂ ယောက်လုံးကို တိုက်ခဲ့တာ ”
နတ်ဘုရားဘုရင် လီထန်း၏ စိတ်အခြေအနေမှာ ရှုပ်ထွေးလာမိသည်။ သူ ကနဦး နတ်ဘုရားအဆင့် ၉ တွင် ရှိခဲ့စဉ်အခါက သူ့အနေနှင့် သူ့အား ဝိုင်းထားသော ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ ငါးယောက်နှင့် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ ၄၂ ယောက်တို့အား ရှင်းထုတ်နိုင်ခဲ့မည် မဟုတ်ပေ။
“ နတ်ဘုရားဘုရင် လီထန်း … ကျုပ် နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်ထဲ ဝင်ပြီးတော့ မိုဝူကျိကို ဖမ်းလာချင်ပါတယ်။ တကယ်လို့ ကျုပ်တို့ သူ့ကို နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်ထဲ ဆက်နေခိုင်းလိုက်ရင် ကျုပ်တို့ ဇာမဏီနတ်ဝိညာဉ် ပရဝဏ်အနေနဲ့ ဆုံးရှုံးမှာ ကြီးလာလိမ့်မယ် ….” နတ်ဘုရားဘုရင် ယန်ထင်းက သတ်ဖြတ်လိုစိတ်အား ထိန်းချုပ်ကာ ပြေပြေလည်လည် ပြောလိုက်သည်။
နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်ထဲ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူများနှင့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများသာ ဝင်ခွင့် ပေးမည့် စည်းကမ်းမှာ မဟာနတ်ဘုရားဘုရင် ဆယ်ယောက် ချမှတ်ထားခြင်း ဖြစ်၏။
နတ်ဘုရားဘုရင် လီထန်းက ခဏတာ စဉ်းစားလိုက်ပြီးနောက် “ ကောင်းပြီ ခွင့်ပြုတယ်။ ငါလည်း နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်ထဲကို ဝင်မယ်။ ပြီးတော့ မိုဝူကျိကို ရှာတွေ့တဲ့သူတိုင်း သူကို ကျုပ် မတွေ့ခင်အထိ ဘာမှမလုပ်ပါနဲ့ ”
“ ဟုတ်ကဲ့ ” နတ်ဘုရားဘုရင် ယန်ထင်းနှင့် ဗောဓိနက်တို့သည် ဒေါသထွက်ကာ ကူကယ်ရာမဲ့နေသော်လည်း သူတို့က သဘောတူလိုက်ရသည်။ နတ်ဘုရားဘုရင် လီထန်းသည် တခြားသော မဟာနတ်ဘုရားဘုရင်များ ပူးပေါင်းထားသည်ထက် ပို၍ အားကောင်းလွန်းနေသည်။
………………
မိုဝူကျိက နတ်ဘုရားနယ်မြေ၏ နံပါတ်တစ် နတ်ဘုရားဘုရင်သည် သူ့အား တွေ့ချင်နေလိမ့်မည်ဟု မသိပေ။ လက်ရှိ သူက နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်နှင့် ဝေးကွာသည့်နေရာသို့ ရောက်နေလေပြီ။ ထိုအချိန်အတွင်း သူက အနားယူရန် တစ်စက်လေးမှ မရပ်နားခဲ့ပေ။ အကယ်၍ သူက ဒဏ်ရာများကို မကုသနေလျှင် လေနှင့်သာ ရွှေ့ပြောင်းမိနေလိမ့်မည်။
သူက နတ်ဘုရားသိုက်မြုံမှ တတ်နိုင်သမျှ မြန်မြန် ထွက်သွားလို၏။ သို့သော်လည်း ဤနေရာမှာ အလွန်ရှုပ်ထွေးနေသည်။ သူ့လေရွှေ့ပြောင်း စွမ်းရည်ကို ဆက်တိုက် သုံးထားသော်လည်း သူ့ရှေ့တွင် ကျတ်တီးမြေကိုသာ မြင်နေရဆဲ ဖြစ်၏။
***