ပြဿနာများ
Vol. 67 Ch. 934
နတ်ဘုရားဘုရင် ဝူကျဲက ဝင်ပြောလိုက်သည်။“ အစ်ကိုမော့ဟိုင် … ယန်ထင်းက နတ်ဘုရားနယ်မြေအတွက် စိတ်ပူလို့ပါ။ အဲကြောင့် အလျင်စလို ပြောမိသွားတာပါ။ သူက ဘာ အကြံဆိုးမှ မရှိပါဘူး ”
နတ်ဘုရားဘုရင် မော့ဟိုင်၏ မျက်နှာမှာ အလေးအနက် ပုံစံ ပြောင်းသွားလေ၏။ သူက နတ်ဘုရားဘုရင် ဝူကျဲသည် ယန်ထင်း၏ နောက်ခံ ဖြစ်ကြောင်း သိထားသည်။ နတ်ဘုရားဘုရင် ဝူကျဲကြောင့်သာ မဟုတ်လျှင် ယန်ထင်းအား ဤသို့ပုံစံမျိုးဖြင့် ပြောသည့်အတွက် တစ်ချက်လောက်တော့ ရိုက်နှက်ပစ်လိုက်မည် ဖြစ်၏။ နတ်ဘုရားဘုရင် ဝူကျဲသည် မဟာနတ်ဘုရားဘုရင် ဆယ်ဦးအနက် နံပါတ်သုံး ဖြစ်သည့်အတွက် သူ့ထက် အနည်းငယ် ပိုမြင့်ပေသည်။
နတ်ဘုရားဘုရင် ဝူကျဲသည် တရားမျှတဟန် ပေါ်သလိုလိုနှင့် နတ်ဘုရားဘုရင် ယန်ထင်းတို့ဘက်ကို အပြစ်ပြောနေသေး၏။ သို့သော်လည်း သူက ညစ်ပတ်သည့်အလုပ်များကို တခြားသူများအား လုပ်ခိုင်းထားသည် မဟုတ်ပါလော။
နတ်ဘုရားဘုရင် လီထန်းက မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်ချွမ်းတာအိုကျောင်းတော်၊ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနှင့် ဇာမဏီနတ်ဝိညာဉ် ပရဝဏ်တို့မှာ ထိပ်သီးဂိုဏ်းများ ဖြစ်ကြ၏။ သူ့အနေနှင့် တစ်ဦးနှင့် တစ်ဦး တိုက်ခိုက်ခွင့် မပြုနိုင်ပေ။
သူက လက်ခါလိုက်ပြီး “ အားလုံး ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ငြင်းခုံနေဖို့ မလိုဘူး။ ငါတို့တွေ နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်တစ်ခုလုံးကို ဖွင့်ပြီးတော့ မိုဝူကျိကို ရှာဖို့ အကြံပြုချင်တယ်။ ပြီးတော့ နတ်ဘုရားသိုက်မြုံနဲ့ နီးတဲ့ နေရာတွေမှာ ကူးသန်းရေး အစီအရင် သုံးတာကို ကန့်သတ်ထားရမယ် … ”
သူက မိုဝူကျိသည် နတ်ဘုရားသိုက်မြုံမှ မြန်မြန်ဆန်ဆန် ထွက်သွားနိုင်လိမ့်မည်ဟု မယုံကြည်ပေ။ ထိုသို့ဆိုလျှင်ပင် သူက မိုဝူကျိအနေနှင့် ထွက်သွားနိုင်လျှင်ပင် ထွက်သွားလို့ မရအောင် သေချာလုပ်ထားချင်မိသည်။
“အစ်ကိုကြီးလီထန်း အခုလေးတင် မိုဝူကျိလို့ ပြောလိုက်တာလား။ ဘယ် မိုဝူကျိလဲ ….” အသံတစ်သံက ဝင်ဖြတ်မေးလိုက်သည်။ ဤသည်မှာ နတ်ဘုရားဘုရင် ကျီတင်း ဖြစ်ပြီး မဟာနတ်ဘုရားဘုရင် ဆယ်ဦးအနက် ကိုးယောက်မြောက်အဆင့် ဖြစ်သည်။ သူက နတ်ဘုရားသိုက်မြုံမှ ထွက်သွားသောကြောင့် မိုဝူကျိ၏ အဖြစ်အပျက်အကြောင်း မသိလိုက်ပေ။ သူက နတ်ဘုရားဘုရင်များလည်း အထဲဝင်ခွင့်ပြုကြောင်း ကြား၍ မြန်မြန် ပြန်ရောက်လာခြင်း ဖြစ်၏။ သူ ရောက်လာခါစ ဖြစ်သော်လည်း ရင်းနှီးပြီးသား နာမည်တစ်ခုကို ကြားလိုက်ရသည်။
နတ်ဘုရားဘုရင် ကျီတင်းက စကားပြောနေစဉ် မိုဝူကျိ၏ တိုက်ပွဲမှတ်တမ်းအား ရေသလင်းကျောက်မှ မြင်လိုက်ရသည်။ ထိုမှတ်တမ်းကို မြင်လိုက်သည်နှင့် သူက စိတ်လှုပ်ရှားမိလာသည်။
သူက မည်သူမှ မိုဝူကျိကို ရှာမတွေ့ခင် အရင်ရှာဖို့ရာ စိတ်လောနေမိသည်။ ယခင် သူက မိုဝူကျိသည် အင်မော်တယ်လောကတွင် ရှိနေဆဲ ဖြစ်ကြောင်း ထင်ခဲ့မိကာ နတ်ဘုရားနယ်မြေ၌ တွေ့ရလိမ့်မည်ဟု မထင်ထားပေ။
“ ညီလေး ကျီတင်းက သူ့ကို သိလို့လား ” နတ်ဘုရားဘုရင် ဝူကျဲက နတ်ဘုရားဘုရင် ကျီတင်း၏ အမူအရာကို မြင်လိုက်သည့်အခါ သတိပြုမိပြီး မေးလိုက်သည်။
နတ်ဘုရားဘုရင် ကျီတင်းက စိုးရိမ်သောကရောက်စွာဖြင့် “ ဟုတ်တယ် …. အဲဒီလူက ကျုပ်ရဲ့ သား ကျန်းအာကို သတ်ပစ်ခဲ့တာ။ သူ့ကို ဝါးမျိုပစ်ဖို့ မစောင့်နိုင်တော့ဘူး။ တာအိုရောင်းရင်းတို့ … မိုဝူကျိရဲ့ နေရာကို ပြောပြကြပါ။ ကျုပ် ကျီတင်းကို သူ့နေရာကို ပြောပြပေးရင် သေချောပေါက် ကျေးဇူးဆပ်ပါ့မယ်ဗျာ ”
နတ်ဘုရားဘုရင် ကျီတင်းသည် မိုဝူကျိအား ဖမ်းဆီးဖို့ရာ ပြီးပြည့်စုံသော အကြောင်းပြချက်အား ထုတ်သုံးနေခြင်းသာ ဖြစ်၏။ မိုဝူကျိတွင် အနည်းဆုံး ကောင်းကင်ဘုံ ကံကြမ္မာ နှစ်မျိုးလောက် ရှိနေပေမည်။ အကယ်၍ သူသာ မိုဝူကျိကို ဖမ်းဆီးနိုင်ခဲ့လျှင် သူအနာဂတ်မှာ နတ်ဘုရားဘုရင် လီထန်းထက် မှေးမှိန်နေမည် မဟုတ်ပေ။ သူ့အနေနှင့် နတ်ဘုရားဘုရင်အဆင့် ၆ မျှ ရှိသေးသော်လည်း မဟာနတ်ဘုရားဘုရင်ဆယ်ဦးထဲမှ ဖြစ်ကြောင်း မှတ်ထားသင့်၏။
မိုဝူကျိတွင် လျှို့ဝှက်ချက်များစွာ ရှိနေလေရာ တခြားနတ်ဘုရားဘုရင် လက်ထဲ ကျရောက်စေ၍ မဖြစ်ပေ။
ကျီတင်းက တခြားသူများအား မိုဝူကျိက သူ့သားကို သတ်သွားသည့်သူ ဖြစ်ကြောင်း ယုံကြည်စေလိုလျှင် သူ့အနေနှင့် ဒေါသထွက်နေသည့် ပုံစံပြရမည် ဖြစ်ကြောင်း သိ၏။
“ ကျန်းအာက ပြဿနာ ရှိလို့လား ” ကျီတင်းနှင့် ရင်းနှီးသည့် နတ်ဘုရားဘုရင်တချို့က တအံ့တဩ မေးလိုက်ကြသည်။ ယူကျန်းအာသည် နတ်ဘုရားနယ်မြေ၏ ထိပ်တန်း ပါရမီရှင်ထဲမှ တစ်ဦး ဖြစ်၏။ မိုဝူကျိထံ အသတ်ခံလိုက်ရသည်ဆိုလျှင် သေချာပေါက် သေးငယ်သည့် ပြဿနာ မဟုတ်ချေ။
အကယ်၍ ယခင်က ဖြစ်ပါက မည်သူကမှ မိုဝူကျိသည် နတ်ဘုရားအုပ်စိုးသူအဆင့် တစ်ပိုင်းသို့ ရောက်နေပြီ ဖြစ်သည့် ယူကျန်းအာအား သတ်နိုင်လိမ့်မည်ဟု ယုံမည် မဟုတ်ပေ။ လက်ရှိ မည်သူကမှ နတ်ဘုရားဘုရင် ကျီတင်းသည် လိမ်ညာပြောနေသည်ဟု သံသယ မဝင်ကြတော့ပေ။
…………..…
မိုဝူကျိက မြို့ရင်ပြင်မှ ထွက်လာပြီးနောက် မြို့ရင်ပြင် ကူးသန်းရေး အစီအရင်များအား အသုံးပြုဖို့ရာ ကန့်သတ်ထားလိုက်သည့် အကြောင်းအား မသိလိုက်ပေ။ အကယ်၍ သူသာ နောက်ကျနေပါက သူ့အနေနှင့် တခြားသူများ၏ စစ်ဆေးမှုကို ခံရနိုင်ပေသည်။ အကယ်၍ သူ မည်သည့်နေရာမှ ရောက်လာကြောင်း ပြောဖို့ရာ ငြင်းဆန်နေလျှင် အဖမ်းခံထားရနိုင်၏။
နတ်ဘုရားသိုက်မြုံမှ ထွက်လာပြီးနောက် မိုဝူကျိက နှေးကွေးသွားခြင်း မရှိပေ။ သူက ကူးသန်းရေး အစီအရင်အမျိုးမျိုးကို ဆက်တိုက် ဖြတ်သန်းလာခဲ့သည်။
မိုဝူကျိ တစ်ယောက် နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်မှ ထွက်လာသည်မှာ သုံးနှစ်ကြာမြင့်သွားပြီ ဖြစ်၏။ ထိုသုံးနှစ်အတွင်း သူ့ကျင့်ကြံဆင့်၌ ပြောင်းလဲသွားခြင်း မရှိပေ။ သူက ကနဦး နတ်ဘုရားအဆင့် ၃ အဖြစ်သာ ကျန်ရှိနေသေး၏။ တစ်ခုတည်းသော တိုးတက်မှုမှာ သူက အဆင့် ၃ နတ်ဘုရားအစီအရင်အား ခင်းကျင်းနိုင်သွားပြီ ဖြစ်ရာ အဆင့် ၄ ရောက်လုနီးပါး ဖြစ်နေလေပြီ။
မိုဝူကျိက နိဗာနတိတ်ဆိတ်မှု ပင်လယ်နှင့် ကောင်းကင်လူသားဂိုဏ်း၏ သတင်းအကြောင်းများကို အမြဲတမ်း နားစွင့်နေခဲ့သည်။
သူက မည်သည့်နေရာသို့ သွားပါစေ ဒါမှမဟုတ် ကောင်းကင်လူသားဂိုဏ်း အကြောင်း မေးပါစေ အဖြေများက အတူတူပင် ဖြစ်၏။ ကောင်းကင်လူသားဂိုဏ်းမှာ ချေမှုန်းခံလိုက်ရပြီ ဖြစ်ရာ နိဗာနတိတ်ဆိတ်မှုး ပင်လယ်ကိုမူ လူအများက သိကြသော်လည်း မည်သူကမှ မသွားဖူးကြပေ။
အကြောင်းမှာ နိဗာနတိတ်ဆိတ်မှု ပင်လယ်၌ နတ်ဝိညာဉ်စွမ်းအားများ မရှိ၍ ဖြစ်သည်။ ထို့အပြင် သက်ရှိများ၏ အသက်ဓာတ်ကိုလည်း စုပ်ယူနိုင်သေး၏။ အကျိုးမရှိသည့်အတွက် မည်သူက ရူးနှမ်း၍ သွားရောက်မည်နည်း။
ထိုသို့ဆိုလျှင်ပင် မိုဝူကျိက သူ့တွင် မြေပုံရှိနေသည့်အတွက် စိတ်ထဲ သိပ်မထည့်ထားပေ။ ဤမြေပုံသည် သူ့အား နိဗာနတိတ်ဆိတ်မှု ပင်လယ်ဆီ ခေါ်သွားပေးနိုင်လိမ့်မည်။ သူက မသွားသေးသည်မှာ ချင်းဟိုင်လမ်းကြောင်း ပေါ်လာသည့်အချိန်ကို မသိသေး၍ ဖြစ်သည်။
ယနေ့ မိုဝူကျိက ဓားထောင်ချီ မြို့ကို ရောက်ရှိလာလေ၏။ မိုဝူကျိအနေနှင့် ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သော်လည်း စိမ်းသက်မနေပေ။
ဓားထောင်ချီမြို့ ပိုင်နက်မှာ ဓားစည်းမျဉ်းကျောင်းတော်၏ အပိုင် ဖြစ်၏။ ယခင် တည်ထောင်သူဘိုးဘေး ဖန်းကျဲက နတ်ဘုရားဘုရင် ရိုးရာအခမ်းအနားကို ကျင်းပခဲ့စဉ်အခါက မိုဝူကျိက ဓားစည်းမျဉ်းကျောင်းတော်၏ ဂိုဏ်းချုပ် ကျောင်းယင်နန်အား ဧည့်ခံဖူးပေသည်။
နှမြောစရာကောင်းသည်က တည်ထောင်သူဘိုးဘေး ဖန်းကျဲသည် နတ်ဘုရားဘုရင် အဆင့် တက်လှမ်းလာပြီးနောက်တွင် တခြားသူများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ သူ့အနေနှင့် ကိုယ်ပိုင် နတ်ဘုရားဘုရင် ဘွဲ့နာမည်ပင် မရရှိသွားရှာပေ။
မိုဝူကျိက သက်ပြင်းချကာ ပြန်လည် မထွက်ခွာသွားခင် အဆင့်နိမ့် အခါးရည်တစ်ခွက်ကို သောက်သုံးလိုက်သည်။ သူ့ရည်ရွယ်ချက်မှာ ဓားထောင်ချီမြို့၏ အလုပ်တာဝန်ခန်းမထံ သွားရောက်ရန် ဖြစ်ပြီး ချင်းဟိုင်လမ်းကြောင်း ပေါ်လာမည့် အချိန်ကို စုံစမ်းရမည် ဖြစ်သည်။ ထိုသည်မှာ သူ့အဓိက ဦးစားပေး ဖြစ်၏။
သူက ထရပ်လိုက်ပြီးနောက် ကျင့်ကြံသူတချို့၏ စကားဝိုင်းကြောင့် ပြန်ထိုင်လိုက်ရသည်။
“ ငါ သူမကို တစ်ခါ တွေ့ဖူးတယ်။ သူမက ဝမ်ချွမ်းတာအိုကျောင်းတော်ရဲ့ နံပါတ်တစ် အလှလေး ဖြစ်ရုံတင် မကဘူး။ သူမက နတ်ဘုရားနယ်မြေတစ်ခုလုံးမှာ ရုပ်ရည်သွင်ပြင်အရ နံပါတ်နှစ် ချိတ်သေးတယ်လေ။ ပြီးတော့ သူမက ဝမ်ချွမ်းတာအိုကျောင်တော်ရဲ့ ပင်မတပည့်တစ်ဦးကို ဘာလို့ အဲလောက် မိုက်မဲရတာလဲ။ သူမက နယ်ခြားကျင့်ကြံသူ တစ်ယောက်ကို ကူညီပေးလိုက်တယ်ဆိုတော့ … ”
“ အာ … အားလုံး ပြောတာကိုပဲ ပြောမနေနဲ့ဦးလေ။ ချူယို့က ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန် ဖွဲ့စည်းထားလို့ ဂိုဏ်းကနေ အပြစ်ပေးခံရတာလေကွာ ”
“ အာ မင်း အိပ်မက် မက်နေတာလား။ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်တဲ့လား။ အဲလို ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန် ဖွဲ့စည်းထားတဲ့ လူကို ဘာလို့ အပြစ်ပေးခံရမှာလဲ ”
“ ငါ မင်းကို ညာနေတာ မဟုတ်ဘူး။ ငါတို့တွေ အသေးစိတ် ပြောလို့ မဖြစ်ဘူး။ တကယ်လို့ ငါတို့လို နယ်လှည့်ကျင့်ကြံသူတွေက ဝမ်ချွမ်းတာအိုကျောင်းတော်လိုမျိုး ထိပ်သီးဂိုဏ်းကို ရန်စမိရင် ငါတို့အတွက် ကောင်းမှာ မဟုတ်ဘူး ”
သူတို့က စကားဝိုင်းကို ခေါင်းစဉ်ပြောင်းလိုက်ကြတော့သည်။
မိုဝူကျိက စိတ်ထဲမှ ခံပြင်းမိနေသည်။ သူက ချူယို့အား ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကို ပေးလိုက်ခြင်းမှာ သူမကို ကူညီပေးနိုင်ရန် ဖြစ်၏။ သူက ချူယို့ သူ့ကို ကူညီပေးပြီးနောက် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနှင့် ဇာမဏီနတ်ဝိညာဉ်ပရဝဏ်တို့ ဂိုဏ်းကြားမှ ပြဿနာထဲ ရောက်သွားမည်ကို စိုးရိမ်မိသည်။ ချူယို့သည် ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကြောင့် ပြဿနာထဲ ပါသွားလိမ့်မည်ဟု မထင်ထားမိပေ။
“ တာအိုရောင်းရင်းတို့ … ဒီက ညီလေးက မိန်းကလေး ချူယို့ အပြစ်ပေးခံလိုက်ရတာကို ကြားလိုက်မိလို့ပါ ” မိုဝူကျိက ထိုအုပ်စုဆီ လျှောက်လာကာ လက်နှစ်ဖက် ယှက်လျက် ပြောလိုက်သည်။ ထိုစဉ် သူ့မျက်ဝန်း၌ စိတ်သောကရောက်နေဟန် ပေါ်သည်။
“ မင်းက ဘယ်သူလဲ ” သူတို့က မိုဝူကျိအား သတိထားကြည့်လိုက်ကြသည်။
မိုဝူကျိက မြန်မြန် ပြန်ဖြေပေးလိုက်၏ “ ကျုပ်က နယ်လှည့်ကျင့်ကြံသူ တစ်ယောက်ဆိုပေမဲ့ မိန်းကလေး ချူယို့ကို လေးစားနေတာ ကြာလှပါပြီ။ အရင်တုန်းက မိန်းကလေးချူယို့ကို တစ်ခါပဲ မြင်လိုက်ပေမဲ့ သူမကို ဘယ်လိုမှ မေ့မရတော့လို့ပါ။ အဲဒါကြောင့် မိန်းကလေး ချူယို့ ဒုက္ခရောက်နေတာကို ကြားပြီး သူမအစား အပြစ်သာ ခံယူပေးလိုက်ချင်တော့ပါပဲဗျာ ”
မိုဝူကျိက စိုးရိမ်သောကရောက်နေဟန် ဆောင်ထားသော်လည်း ချူယို့ ဒုက္ခရောက်နေကြောင်း ကြားသောအခါ အပြစ်ရှိစိတ်နှင့်အတူ ဒေါသပါ ထွက်လာမိသည်။
တခြားသူများ ပြောသကဲ့သို့ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန် ဖွဲ့စည်းနိုင်ထားသော ချူယို့အား ဂိုဏ်းမှ ကာကွယ်ပေးသင့်ပေသည်။ သူမက အဘယ်ကြောင့်များ အပြစ်ပေးခံနေရသနည်း။
ကျင့်ကြံသူတချို့က ဘာပြန်ပြောရမှန်း မသိ ဖြစ်ကုန်ကြသည်။ ချူယို့တွင် နှစ်သက်ပိုးပန်းသူများစွာ ရှိထားသော်လည်း အားလုံးက မိုဝူကျိလိုမျိုး အရူးအမူးတော့ မဖြစ်နေကြပေ။ မိုဝူကျိ မည်သို့ ခံစားနေသည်ကို နားလည်ကြသော်လည်း မည်သူကမှ မပြောလိုကြပေ။ သူတို့က တစ်ယောက်နှင့် တစ်ယောက် ဤကိစ္စအကြောင်း ပြောဆိုနိုင်သော်လည်း သူစိမ်းတစ်ယောက်နှင့် ပြောရခြင်းမှာ လုံးဝမတူ ကွဲပြားသော ကိစ္စရပ် ဖြစ်၏။
မိုဝူကျိက စားပွဲထိုး တစ်ယောက်ထံ လက်ဝှေ့ပြကာ မှာလိုက်သည်။“ ဒီကို မြူနက် နတ်ဝိညာဉ်သေရည် လေးအိုး ချပေးပါ ”
မြူနက် နတ်ဝိညာဉ်သေရည်သည် အကောင်းဆုံး နတ်ဝိညာဉ် သေရည် မဟုတ်သော်လည်း ကောင်းသည်ဟု ယူဆ၍ ရပေသည်။ မိုဝူကျိက ဤသို့သေရည်မျိုးသည် ကျင့်ကြံသူများကို ဧည့်ခံဖို့ရာအတွက် ပြည့်စုံကြောင်း ခံစားမိနေ၏။
“ ဟုတ်ပါပြီခင်ဗျ ” စားပွဲထိုးလေးက မိုဝူကျိတို့ရှေ့ သေရည်လေးအိုးနှင့် ရောက်လာသည်။ ထိုသေရည်လေးအိုးမှာ အဆင့်မြင့် နတ်ဘုရားကျောက် တစ်ရာလောက် ကုန်ကျပေမည်။
“ တာအိုရောင်းရင်းတို့ .. ဒီက ညီလေးက နယ်လှည့်ကျင့်ကြံသူဆိုတော့ ငွေရေးကြေးရေး ကျပ်တည်းနေလို့ အစ်ကိုကြီးတို့အတွက် အကောင်းစား သေရည်နဲ့ ဧည့်မခံနိုင်ဘူးဗျာ။ အစ်ကိုကြီးတို့ စိတ်ထဲ မထားဖို့ ညီလေး မျှော်လင့်ပါတယ် ” မိုဝူကျိက သူတို့အား သေရည်တစ်အိုးစီ ပေးကာ ပြောလိုက်သည်။
ကနဦး နတ်ဘုရားကျင့်ကြံသူတချို့က မိုဝူကျိအား တောက်ပဝင်းလက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်။ မြူနက် နတ်ဝိညာဉ်သေရည် တစ်အိုးသည် အဆင့်မြင့် နတ်ဘုရားကျောက် ၁၅ တုံး ကျသင့်ပေသည်။
နယ်လှည့်ကျင့်ကြံသူ တစ်ယောက်အနေနှင့် သူတို့သည် ဂိုဏ်းကြီးများမှ တပည့်များလောက် ချမ်းသာကြွယ်ဝမည် မဟုတ်ပေ။ အဆင့်မြင့် နတ်ဘုရားကျောက် ၂၅ တုံးမှာ နည်းပါးသည်ဟု ယူဆ၍ မရပေ။
အားလုံး သိနေကြသည့် သတင်းအကြောင်းအရာ ဖြစ်နေ၍ သူတို့အတွက် ဆုံးရှုံးမှု မရှိပေ။
စောစောလေးက ပြောနေသည့် အဝါရောင်ဝတ်စုံနှင့် ကျင့်ကြံသူက လက်နှစ်ဖက် ယှက်ကာ “ တာအိုရောင်းရင်းက ပွင့်လင်းတာပဲ။ ကျုပ် ဖန်းမိုက ကျေးဇူးတင်ပါတယ်။ တကယ်တော့ အဲဒီသတင်းက သတင်းအသစ်တော့ မဟုတ်ဘူးရယ် … လူတော်တော်များများလည်း သိထားကြပါတယ် ”
ဖန်းမို အမည်ရှိ ကျင့်ကြံသူက ပြောလိုက်သည့်အခါ ဘေးမှ ကျင့်ကြံသူက တားလိုက်သည်။
ဖန်းမိုက အသံနှိမ့်၍ ပြောလိုက်သည်
“ ကျုပ်ကြားသလောက်တော့ နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်မှာ ကောင်းကင်ဘုံ သွေဖည်နေတဲ့ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ဦး ပေါ်လာတယ်တဲ့လေ။ သူ့နာမည်က မိုဝူကျိတဲ့။ အဲဒီ မိုဝူကျိက အရမ်းအားကောင်းပြီးတော့ သူ့ဝိညာဉ်ကြောကလည်း တကယ့်ထိပ်တန်းပဲတဲ့။ သူက နယ်ခြားကျင့်ကြံသူတောင် ဖြစ်နိုင်တယ်ဆိုပြီး သတင်းတွေ ထွက်နေတာ ….
နတ်ဘုရားသိုက်မြုံထဲမှာ သူက ဂိုဏ်းကြီးတွေရဲ့ တပည့်ရာကျော်ကို သတ်ပစ်ခဲ့တယ်။ အဲဒါက ဂိုဏ်းတွေရဲ့ နတ်ဘုရားဘုရင်တွေကို အမျက်ဒေါသ ထွက်သွားစေတယ်လေ။ အဲဒီ နတ်ဘုရားဘုရင်တွေက မိုဝူကျိကို ဖမ်းဖို့ဆိုပြီး နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်ထဲ ဝင်သွားကြတာ ”
မိုဝူကျိက ကြောင်အမ်းသွားမိသည်။
ဘယ်အချိန်က သူက ပါရမီရှင်တပည့် ရာကျော်ကို သတ်ပစ်လိုက်တာလဲ … ပြီးတော့ သူ့ဝိညာဉ်ကြောက ထိပ်တန်းအဆင့်တဲ့လား …
ဖန်းမိုက မိုဝူကျိ၏ အမူအရာကို သတိမပြုမိဘဲ ဆက်ပြောလိုက်သည်။“ ဝမ်ချွမ်းတာအိုကျောင်းတော်ရဲ့ မိန်းကလေး ချူယို့ ဘယ်လိုဖြစ်တယ်ဆိုတာတော့ ကျုပ်လည်း သေချာမသိဘူး။ ခင်ဗျားက မိန်းကလေး ချူယို့အကြောင်းတော့ သိထားမှာပါ။ သူမက မိုဝူကျိကို ကယ်ပေးခဲ့တာလေ … ”
“ အဲလိုဆိုရင်တောင် သူမအတွက် ပြဿနာ မဖြစ်သင့်ဘူး မလား။ ကျုပ် ကြားတာတော့ ဝမ်ချွမ်းတာအိုကျောင်းတော်မှာ နတ်ဘုရားဘုရင် နှစ်ယောက် ရှိတယ်ဆို ” မိုဝူကျိက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
ဖန်းမိုက ရယ်မောကာ “ ဝမ်ချွမ်းတာအိုကျောင်းတော်က တကယ်တော့ ထိပ်သီးဂိုဏ်းလေ။ သူတို့မှာ နတ်ဘုရားဘုရင် နှစ်ယောက် ရှိရုံတင် မကဘူး။ နတ်ဘုရားဘုရင် မော့ဟိုင်ကလည်း မဟာနတ်ဘုရားဘုရင် ဆယ်ဦးအနက် နံပါတ်လေးပဲလေ။ အဲဒီ ချူယို့က ကံကောင်းသွားတာ .. မိုဝူကျိကို ကယ်ပေးလိုက်တာက ကိစ္စတစ်ခုဆိုပေမဲ့ သူမက တကယ်တော့ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန် ရလိုက်လို့ နတ်ဘုရားအသွင်သဏ္ဌာန်ကို ဖွဲ့စည်းနိုင်ခဲ့တယ်လေ။ နတ်ဘုရားဘုရင် မော့ဟိုင်က ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန် ဖွဲ့စည်းထားတာကို သိလိုက်တော့ အရမ်းပျော်သွားပြီး ဂိုဏ်းဆီ ပြန်ခေါ်သွားခဲ့တယ်။ ဒါပေမဲ့ ပြဿနာက အဲမှာ စတာပဲ … ”
“ ဘယ်လိုကြီးလဲ ” မိုဝူကျိက စိုးရိမ်တကြီး မေးလိုက်သည်။
ဖန်းမိုက မိုဝူကျိအနား ကပ်လာကာ တီးတိုးပြောလိုက်သည်
“ နတ်ဘုရားဘုရင် မော့ဟိုင်က အရမ်းပျော်ပြီးတော့ တံခါးပိတ် ကျင့်ကြံဖို့ ဝင်သွားခဲ့တယ်။ အဲဒီအချိန်မှာ သူက ကျင့်ကြံတာ ဖောက်ပြန်သွားခဲ့တာ …. အဲဒီနောက်ကျ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနဲ့ ဇာမဏီနတ်ဝိညာဉ် ပရဝဏ်တို့ရဲ့ နတ်ဘုရားဘုရင်တွေက ဝမ်ချွမ်းတာအိုကျောင်းဆီ ရောက်လာကြတယ်။ ဝမ်ချွမ်းတာအိုကျောင်းတော်ရဲ့ နောက်ထပ် နတ်ဘုရားဘုရင် ယင်မုက ဒေါသတကြီး ဖြစ်သွားရော ….
ချူယို့က နယ်ခြားကျင့်ကြံသူ မိုဝူကျိကို ကူညီပေးလိုက်တယ်ဆိုတဲ့ ကိစ္စကို ကြားပြီးတော့ ချူယို့ရဲ့ နတ်ဘုရားအသွင်သဏ္ဌာန်ကို ချက်ချင်း ဖယ်ရှားဖို့ လုပ်တာ။ သူမရဲ့ ဆရာကြောင့်သာ မဟုတ်ရင် မိန်းကလေး ချူယို့ သေနေလောက်ပြီ …. ”
“ အဲဆို အခု မိန်းကလေး ချူယို့က ဘယ်လိုလဲ ” မိုဝူကျိ စိတ်ထဲ လေးလံလာမိကာ ချူယို့အား ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက် ပေးခဲ့မိသည့်အတွက် နောင်တရလာမိသည်။ ထိုပစ္စည်းက သူမအား အကူအညီ မပေးနိုင်ရုံတင်မက သူမအား ဒုက္ခ ပေးနေသေးသည်။
***