နတ်ဘုရားဘုရင်အဆင့် အလွန်
Vol. 67 Ch. 935
“ ကျုပ် ကြားထားသလောက်က မိန်းကလေး ချူယို့ကို နတ်ဘုရားအသွင်သဏ္ဌာန် ဖယ်ရှားပြီးတော့ ဂိုဏ်းအပြင်ဘက်မှာ လေဒဏ်မိုးဒဏ် ခံရအောင် အပြစ်ပေးထားတယ်တဲ့။ သူမကို သူမအသိစိတ်သူ ပြန်လည် ဆန်းစစ်ဖို့တဲ့လေ ” ဖန်းမိုက မြူနက် နတ်ဝိညာဉ်သေရည် တစ်ငုံ သောက်လိုက်ရင်း ပြောလိုက်သည်။
မိုဝူကျိ၏ ဒေါသူပုန်ထနေသော စိတ်မှာ ပို၍ တောက်လောင်လာရသည်။ အကယ်၍ သူသာ စွမ်းဆောင်နိုင်ပါက ဝမ်ချွမ်းတာအိုကျောင်းတော် တစ်ခုလုံးအား ဖျက်ဆီးပစ်လိုက်ချင်မိသည်။
“ တာအိုရောင်းရင်းတို့ ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ..” မိုဝူကျိအနေနှင့် စိတ်ခံစားချက်များကို အတုယောင်ဆောင်စရာ မလိုတော့ပေ။ သူက ထိုအရာကို ကြားပြီးနောက် စိတ်ဗလာကျင်းနေပြီ ဖြစ်၏။
သူက အရမ်းကို စိတ်ခံစားချက် ပြင်းထန်နေသည်။ ချူယို့က သူ့အားများစွာ ကူညီပေးခဲ့သည်။ ချူယို့ကြောင့်သာ မဟုတ်လျှင် မိုဝူကျိအနေနှင့် အသက်ဆက်ရှင်နေနိုင်မည် မဟုတ်ပေ။ မိုဝူကျိက ဤကျေးဇူးကြွေးကို ပြန်လည် မပေးဆပ်နိုင်ရုံသာမက ချူယို့ကိုလည်း ဆိုးဆိုးရွားရွား ဖြစ်စေခဲ့သည်။ သူ့စိတ်ထဲ မည်ကဲ့သို့ ငြိမ်းချမ်းနေနိုင်မည်နည်း။
မိုဝူကျိ၏ စိတ်အခြေအနေကို သတိပြုမိပြီး ဖန်းမိုက မိုဝူကျိအား ပခုံးပုတ်ပေးကာ မိုဝူကျိ မည်သို့ ခံစားနေသည်ကို နားလည်သည့်အလား နှစ်သိမ့်ပေးလိုက်သည်။
………………
မိုဝူကျိက စိတ်ထဲတွင် တစ်ခုသာ ရှိတော့၏။ ထိုအရာမှာ ချူယို့ကို ကယ်ဆယ်ပေးဖို့ ဖြစ်သည်။ သို့သော်လည်း သူက ကနဦး နတ်ဘုရားအဆင့် ၃ မျှသာ ရှိသေးသည့်အတွက် မည်သို့ လုပ်နိုင်မည်နည်း။
ထိုအတွေးမျိုးက သူ့စိတ်ထဲ ဖျတ်ခနဲ ဝင်ရောက်လာသည်။ မကြာခင် ထိုအတွေးကို ဘေးဖယ်ထားလိုက်တော့သည်။ သူက ချူယို့ ပြဿနာ ရှိနေမှန်း မသိလျှင် သူ့ကိုယ်သူ ခွင့်လွှတ်နိုင်ဦးမည် ဖြစ်သော်လည်း ယခု သူက သိနေပြီ ဖြစ်ရာ သူမကို မကယ်ဆယ်ပဲ သူ့ဘာသာ မည်သို့ ငြိမ်းငြိမ်းချမ်းချမ်း ဆက်လက် နေနိုင်မည်နည်း။
သူ့လက်ရှိ အင်အားဖြင့် ချူယို့အား တန်း၍ ကယ်ဆယ်ဖို့ရာ မဖြစ်နိုင်ချေ။ သူက နောက်တစ်လမ်းကို ရှာရမည် ဖြစ်၏။
မိုဝူကျိက ချူယို့အကြောင်း စိတ်ပူနေရင်း တည်းခိုဆောင်မှ ထွက်လာလိုက်သည်။ လေအေးတစ်ချက် တိုက်ခိုက်လာသောကြောင့် မိုဝူကျိက အနည်းငယ် တုန်ယင်မိသွားသည်။
မကြာခင် သူက ချူယို့ အပြစ်ပေးခံရသည့် အကြောင်းကြောင့် ဖြစ်လာသည့် အမျက်ဒေါသများမှာ ပြေလျော့သွားပြီး တည်ငြိမ်မှု ပြန်လည် ရရှိလာသည်။ သူက ချူယို့ကို ကယ်ဆယ်နိုင်သည် ဖြစ်စေ၊ မကယ်ဆယ်နိုင်သည် ဖြစ်စေ ဤစိတ်အခြေအနေနှင့် ဆုံးဖြတ်ချက် ချ၍ မဖြစ်ပေ။
မိုဝူကျိက စိတ်ရှင်းပြီးသွားသည်နှင့် ဖန်းမို စကားများမှာ အနည်းငယ် ပြဿနာ ရှိကြောင်း သတိပြုမိလိုက်သည်။ ဖန်းမို စကား၌ အမှားများလည်း ပါနေသေး၏။ သူက မိုဝူကျိသည် ဂိုဏ်းအမျိုးမျိုးမှ တပည့်ရာကျော်ကို သတ်လိုက်ကြောင်း ပြောခဲ့သည်။ ထိုကိစ္စမှာ အဓိပ္ပာယ် လုံးဝ မရှိချေ။
သူက ၄၇ ယောက်ကိုသာ သတ်ခဲ့ပြီး ထိုတပည့်များအားလုံးမှာလည်း နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနှင့် ဇာမဏီနတ်ဝိညာဉ် ပရဝဏ်မှသာ ဖြစ်၏။ သူက အယောက် ရာကျော်လည်း မသတ်ခဲ့ပေ။
ဖန်းမိုက လူရာကျော် ပြောလိုက်သည့် အကြောင်းမှာ သူကိုယ်တိုင်လည်း အခြားသူများမှ တစ်ဆင့် ကြားလာ၍ ဖြစ်ရမည်။ ထိုစကားများမှ တစ်ဆင့်ပြီး တစ်ဆင့် ပြန့်လာခြင်းသာ ဖြစ်ပေမည်။ ထို့ကြောင့် ကောလဟာလများမှာ အမှန်တရားနှင့် လုံးဝ ကွဲလွဲနေသည်။ ဖန်းမို၏ နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်အတွင်းမှ သူ့အကြောင်းမှာ မမှန်ကန်ပေ။ သူ ရရှိထားသော တခြားသတင်းများကလည်း အမှားများ ဖြစ်နိုင်ပေ၏။
ထို့အပြင် မိုဝူကျိ၏ နားလည်မှုအရ ဝမ်ချွမ်းတာအိုကျောင်းတော်တွင် နတ်ဘုရားဘုရင် နှစ်ယောက် ရှိပေသည်။ တစ်ဦးမှာ နတ်ဘုရားဘုရင် မော့ဟိုင် ဖြစ်ပြီး နောက်တစ်ယောက်မှာ ယင်မု ဖြစ်သည်။ နတ်ဘုရားဘုရင် မော့ဟိုင်သည် မဟာနတ်ဘုရားဘုရင် ဆယ်ဦးအနက်မှ တစ်ဦး ဖြစ်၏။ မဟာနတ်ဘုရားဘုရင် တစ်ဦးအနေနှင့် ကျင့်ကြံရေး ဖောက်ပြန်သည်မှာ တစ်ခုခုတော့ ထူးဆန်းနေပေသည်။
ဖန်းမို၏ သတင်းအချက်အလက်အရ နတ်ဘုရားဘုရင် မော့ဟိုင်သည် နတ်ဘုရားဘုရင် ယင်မုကြောင့် ဒဏ်ရာရထားဟန် ပေါ်နေ၏။ သို့သော်လည်း မဟာနတ်ဘုရားဘုရင် ဆယ်ဦးထဲမှ တစ်ဦး အနေနှင့် နတ်ဘုရားဘုရင် မော့ဟိုင်သည် တခြားသော သာမန်နတ်ဘုရားဘုရင်ကြောင့် အလွယ်လေး ဒဏ်ရာရမည်လား။
ထိုသို့ဆိုလျှင် သူက မဟာနတ်ဘုရားဘုရင် ရာထူးနှင့် ထိုက်တန်ရဲ့လား….
အကယ်၍ ဖန်းမို စကားများက အမှန်ဖြစ်နေလျှင် ရည်ရွယ်ချက်မှာ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကြောင့် ဖြစ်နိုင်၏။ နတ်ဘုရားဘုရင် ယင်မုက နတ်ဘုရားဘုရင် ယန်ထင်းနှင့် ဗောဓိနက်တို့နှင့် ပူးပေါင်းကာ နတ်ဘုရားဘုရင် မော့ဟိုင်ကို လုပ်ကြံခဲ့ခြင်း ဖြစ်ပေမည်။ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်မှာ တစ်ခုသာ ရှိ၍ သူတို့ လုယူခြင်း အောင်မြင်လျှင်ပင် မည်သူက အပိုင် ရမည်နည်း။
ထို့အပြင် ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်သည် ဖွဲ့စည်းပြီးသည်နှင့် ပြန်လည် ဖယ်ရှားနိုင်သည်လား ….
သံသယ ဝင်စရာအချက်တချို့ ရှိသော်လည်း အဓိက သံသယ ဝင်စရာအချက် မဟုတ်သေးပေ။ မိုဝူကျိ သံသယအဝင်မိဆုံး အကြောင်းအရာမှာ ချူယို့၏ ဆရာနှင့် ပတ်သက်နေသည်။ ဖန်းမို၏ သတင်းအရ ချူယို့ အသတ်မခံရသည်မှာ သူမ၏ ဆရာက ရှေ့ထွက်၍ ကယ်ဆယ်ခဲ့၍ ဖြစ်ကြောင်း သိလိုက်ရသည်။
အဓိက အချက်မှာ ချူယို့၏ ဆရာက ချူယို့ကို နတ်ဘုရားဘုရင် ယင်မုထံမှ မည်သို့ လုပ်ပိုင်ခွင့်နှင့် ကယ်ဆယ်နိုင်ခဲ့သနည်း။
မိုဝူကျိက ဝမ်ချွမ်းတာအိုကျောင်းတော်တွင် နတ်ဘုရားဘုရင် နှစ်ယောက်သာ ရှိကြောင်း သိထားသည်။ သူတို့မှာ နတ်ဘုရားဘုရင် မော့ဟိုင်နှင့် ယင်မုတို့ ဖြစ်ကြသည်။ သူမ ဆရာက လောကနတ်ဘုရားအဆင့် ၉ ဖြစ်နေလျှင်ပင် ချူယို့အား နတ်ဘုရားဘုရင် ယင်မုဆီမှ ကယ်နိုင်လောက်အောင်အထိ လွှမ်းမိုးမှု ရှိမည် မဟုတ်ပေ။
နတ်ဘုရားဘုရင် ယင်မုက ချူယို့၏ နတ်ဘုရားအသွင်သဏ္ဌာန် ဖယ်ထုတ်လိုက်သည့် အကြောင်းမှာ နတ်ဘုရားနယ်မြေတစ်ခုလုံး ပြန့်နေပြီ ဖြစ်၏။ သူက ချူယို့၏ ဆရာကြောင့် ချူယို့အား အဘယ်ကြောင့် မသတ်ဘဲ ထားတာ ဖြစ်နိုင်မည်လား။
ထို့အပြင် နတ်ဘုရားဘုရင်သည် ဂုဏ်သတင်းအား အာရုံစိုက်ကြသူများ ဖြစ်ကြသည်။ လက်ရှိ အခြေအနေမှာ နတ်ဘုရားဘုရင်သည် တစ်ကိုယ်ကောင်းဆန်စွာဖြင့် သူ့ဂိုဏ်း၏ ပင်မတပည့် တစ်ဦးထံမှ သူမဘာသာ ရရှိလာသော နတ်ဘုရားအသွင်သဏ္ဌာန်ကို ဖယ်ရှားပစ်ခဲ့သည်။ ဤနတ်ဘုရားဘုရင်က ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန် ဖွဲ့စည်းနိုင်ခဲ့လျှင်ပင် သူ့ဂုဏ်သတင်းမှာ မြောင်းထဲရောက်သွားပြီ ဖြစ်၏။
ထို့ကြောင့် ဖန်းမို၏ စကားများက အမှန်ဖြစ်လျှင် ဤကိစ္စမှာ နတ်ဘုရားနယ်မြေ အနှံ့ ပြန့်လာမည် မဟုတ်ပေ။ ထိုသံသယဝင်စရာ အချက်များကြောင့် မိုဝူကျိက တခြားနေရာမှ ထပ်စုံစမ်းဖို့ရာ ဆုံးဖြတ်လိုက်သည်။
………….…
တစ်လကြာပြီးနောက် မိုဝူကျိက ဝမ်ချွမ်းတာအိုကျောင်းတော် အနီးရှိ တည်းခိုဆောင် တစ်ခုသို့ ရောက်ရှိလာသည်။
စုံစမ်းနေသည့် အချိန်ကာလအတွင်း သူက ကျင့်ကြံရေးမြို့ ဆယ်မြို့ကျော်လောက်အထိ သွားခဲ့သည်။ ထိုအထဲတွင် မြို့များလည်း ပါဝင်သလို စုစည်းရေး နယ်မြေများလည်း ပါဝင်သည်။ သူ ရရှိထားသည့် သတင်းများမှာ ဖန်းမိုနှင့် သိပ်မခြားနားပေ။ ဆိုလိုသည်မှာ ဖန်းမိုက လျှောက်ပြောနေခြင်းတော့ မဟုတ်ပေ။ ချူယို့၏ နတ်ဘုရားအသွင်သဏ္ဌာန်မှာ ဖယ်ရှားခံထားရပြီး အပြစ်ပေးခံထားရသည်မှာ အမှန် ဖြစ်၏။
သူက ချူယို့ အပြစ်ပေးခံရပုံ မှတ်တမ်းအတိုလေးကိုပါ ကြည့်လိုက်ရသေး၏။ ထိုအထဲတွင် ချူယို့က ဝမ်ချွမ်းတာအိုကျောင်းတော် အစွန်းရှိ ကျောက်တိုင်၌ ချည်နှောင်ခံထားရသည်။
မိုဝူကျိက ချူယို့ကို အကြိမ်များစွာ မြင်ဖူးထားပြီး ချီကာ သယ်ဆောင်ထားဖူးသေးသည်။ သူက တစ်ချက်ကြည့်ရုံဖြင့် ထိုသူမှာ ချူယို့ဖြစ်ကြောင်း သိလိုက်သည်။
မိုဝူကျိက လက်သီးတင်းတင်း ဆုပ်ထားလိုက်ပြီး သူ့စိတ်အခြေအနေမှာလည်း နဂိုထက် ကြည်လင်နေပေသည်။ မည်သို့ပင် ဖြစ်စေ သူက ချူယို့အား ကယ်ဖို့ လိုအပ်သည်။
ချူယို့အား ကယ်တင်နိုင်ဖို့ရာ သူ လုပ်ဖို့ လိုအပ်သည့် အရာနှစ်ခု ရှိ၏။ ပထမဆုံးအရာမှာ ချူယို့ အပြစ်ပေးကျောက်နံရံ၌ ချိတ်ဆွဲထားခံရသည်မှာ အမှန်လားဟု ကိုယ်တိုင် စစ်ဆေးကြည့်ရမည်။
အပြစ်ပေးကျောက်နံရံသည် ဝမ်ချွမ်းတာအိုကျောင်းတော်က သူတို့ တပည့်များအား အပြစ်ပေးသည့် နေရာ ဖြစ်၏။ ဝမ်ချွမ်းတာအိုကျောင်းတော်ရှိ တပည့်များအား အမှားမလုပ်မိစေရန် သတိပေးခြင်းလည်း ဖြစ်ပေသည်။ အပြစ်ပေးမှုကို ဂိုဏ်းအတွင်းမှ လူတိုင်း မြင်တွေ့နိုင်ပေသည်။ ထို့ကြောင့် ချူယို့ ကိစ္စအား အတည်ပြုရန်မှာ ပြဿနာ ကြီးကြီးမားမား မဟုတ်ပေ။
ဒုတိယအနေနှင့် သူက ချူယို့ကို မည်သို့ ကယ်တင်ပေးရမလဲဆိုသည့် အချက် ဖြစ်၏။
သူ တစ်ယောက်တည်းဖြင့် ချူယို့အား ကယ်နိုင်မည် မဟုတ်ပေ။ သူက အပြင်အင်အားကို ငှားယူရမည်။
……………
ဝမ်ချွမ်းတာအိုကျောင်းတော်၌ နတ်ဝိညာဉ်စွမ်းအားများ အသိပ်သည်းဆုံးနေရာ၌ ချူယို့သည် စိတ်လှုပ်ရှားစွာ မျက်လုံးအား ဖွင့်ကြည့်လိုက်သည်။ သူမက ကောင်းကင်နတ်ဘုရားအဆင့် ၁ မှ အဆင့် ၇ သို့ နှစ်နှစ်ထက် နည်းသည့် အချိန်ကာလလေးအတွင်း တက်လှမ်းနိုင်ခဲ့သည်။
အလားအလာအရ ပြောရလျှင် သူမက အတော်လေး ကောင်းမွန်သော်လည်း အကောင်းဆုံးတော့ မဟုတ်သေးပေ။ နတ်ဘုရားနယ်မြေ၌ သူမ ဝိညာဉ်ကြောထက် ကောင်းမွန်သော ပါရမီရှင်များစွာ ရှိနေသေး၏။ ထိုသို့ဆိုလျှင်ပင် သူမက ကောင်းကင်နတ်ဘုရား အဆင့် ၁ မှ အဆင့် ၇ သို့ နှစ်နှစ်အတွင်း တက်လှမ်းသွားနိုင်သည့် အကြောင်းကို မကြားဖူးပေ။
အဓိကအချက်မှာ နတ်ဝိညာဉ်စွမ်းအား သိပ်သည်းလွန်းနေ၍ မဟုတ်သလို သူမ ဝိညာဉ်ကြောကြောင့်လည်း မဟုတ်ပေ။ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကြောင့်သာ ဖြစ်၏။
ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကို ဖွဲ့စည်းပြီးနောက် ချူယို့က ကိစ္စများကို သတိပြုမိရာ၌ ကိုယ်ပိုင် စွမ်းရည် မည်မျှအားကောင်းလာကြောင်း အပြည့်အဝ နားလည်လာမိသည်။ သူမက မိုးမြေစည်းမျဉ်းများကို ဖမ်းဆုပ်မိသည်နှင့် ဉာဏ်အလင်း ရလာနိုင်စွမ်း ရှိ၏။ သူမ ထိတွေ့လိုက်သည့် လျှို့ဝှက်တိုက်ကွက်များအပေါ်တွင်လည်း နားလည်နိုင်စွမ်း ရှိလာသည်။
ချူယို့က ခေါင်းမော့ကာ သူ့မ ရှေ့မှ တည်နေရာကို ကြည့်လိုက်သည်။ သူမ စိတ်ထဲ၌ ရှင်းလင်းပြတ်သားသော ပုံရိပ်တစ်ခု ပေါ်လာသည်။ ပို၍ အတိအကျဆိုရလျှင် သွေးသံရဲရဲ ဖြစ်ကာ အရိုးများ အစီအစဉ်မကျ ဖြစ်နေသည့် အမျိုးသားတစ်ဦးကို ဖြစ်၏။
ထိုလူ၏ နာမည်မှာ မိုဝူကျိ ဖြစ်ပေသည်။
ယခင် ချူယို့က မိုဝူကျိသည် သူမအား ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက် လက်ဆောင်ပေးခဲ့သည့် အကြောင်းကို နားလည်ဖို့ရာ ခက်ခဲခဲ့သော်လည်း ယခုတွင် ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်မှာ သူမ တွေးထားသည်ထက်ပင် ပို၍ အဖိုးတန်နေကြောင်း နားလည်လာတော့သည်။
သူမက သူ့ကို ဘာအကူအညီ ပေးခဲ့တာလဲ … သူ့အသက်ကို ကယ်ပေးခဲ့တာလား …
ချူယို့က ခေါင်းကိုသာ ခါလိုက်တော့သည်။ သူမက မိုဝူကျိကို တစ်ခါ ကယ်ခဲ့ဖူးကြောင်း ထုတ်ပြောမိလျှင် ရှက်ရွံ့မှုနှင့်အတူ အပြစ်ရှိစိတ်ကိုပါ ခံစားမိနေသည်။ မိုဝူကျိက သူမအား နှစ်ကြိမ်နှစ်ခါမှ ကယ်တင်ပေးခဲ့သည် မဟုတ်ပါလော။ သူမအနေနှင့် တစ်ခါပင် သေသေချာချာ မကာကွယ်လိုက်ရပေ။
သူမအနေနှင့် မိုဝူကျိ အဝိုင်းခံထားရသည့်အချိန်တုန်းက သူမ ဝင်၍ မကူညီပေးနိုင်ခဲ့သည့် အချက်ကို အပြစ်ရှိစိတ် ဝင်လာမိသည်။ ပြောရလျှင် သူမက အကူအညီ မပေးရဲခဲ့ချေ။
ချူယို့က မိုဝူကျိသည် ရန်ကြွေးနှင့် ကျေးဇူးကြွေးကို ရှင်းရှင်းလင်းလင်း ခွဲခြားထားသည့်အကြောင်းကို တွေးမိလိုက်၏။ ကောင်းကင်လူသားဂိုဏ်းသည် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနှင့် ဇာမဏီနတ်ဝိညာဉ် ပရဝဏ်တို့၏ လုပ်ကြံမှုကို ခံခဲ့ရသောကြောင့် မိုဝူကျိက သူ့ထက် အဆင့်မြင့်သော ကျင့်ကြံသူ ၄၉ ယောက်အား ပြန်လည် စိမ်ခေါ်ခဲ့သည်။ ထိုစဉ် သူမက ဆက်လက် ကျင့်ကြံဖို့ရာပင် မေ့လျော့သွားလေ၏။
သူမ မှတ်ဉာဏ်နှင့် အမြင်များ၌ မိုဝူကျိလိုမျိုး လူ နောက်တစ်ယောက် ရှိနိုင်ဦးမည်လား။ အဖြေမှာ လုံးဝကို မရှိနိုင်ခြင်းဟုသာ ဖြစ်၏။
ထိုစဉ် ချူယို့ စိတ်ထဲ မိုဝူကျိအား ပို၍ တွေ့ချင်လာမိသည်။ ဤသည်မှာ လေးစားမှု မဟုတ်ဘဲ ဖော်ပြမရနိုင်သည့် စိတ်ဆန္ဒမျိုး ဖြစ်သည်။
သူမက ဆက်လက် မကျင့်ကြံနိုင်တော့ဘဲ မိုဝူကျိ တစ်ယောက် နတ်ဘုရားသိုက်မြုံ၌ ဘေးကင်းဖို့ရာသာ ဆုတောင်းပေးနေမိတော့သည်။ သူမအနေနှင့် သူမ နှလုံးသားထဲ အမှတ်အသား ချန်ရစ်နိုင်ခဲ့သည့် တစ်ဦးတည်းသော ထိုအမျိုးသားကို ဘေးကင်းကင်း ရှိနေစေချင်မိသည်။
ဤသည်မှာ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကြောင့်သာ မဟုတ်ပေ။ သူက ကောင်းကင်လူသားဂိုဏ်း ချေမှုန်းခံရကြောင်း သတင်းကြားခဲ့စဉ် သူ့ ရန်လိုမှုနှင့် ပြတ်သားမှုများကြောင့်လည်း ပါဝင်၏။
သူ့ထက် ကျင့်ကြံဆင့် မြင့်သော ကျင့်ကြံသူ ၄၉ ယောက်အား စိန်ခေါ်ခဲ့သည့် သတ္တိ …
တစ်ကိုယ်လုံးမှာ ဒဏ်ရာအပြည့် ဖြစ်နေရက်နှင့်ပင် ယိမ်းယိုင်မသွားသည့် စိတ်ဆန္ဒ ….
……………
ဝမ်ချွမ်းတောင်
ဝမ်ချွမ်းတောင်သည် ဝမ်ချွမ်းတာအိုကျောင်းတော်၌ နံပါတ်တစ် နတ်တောင် ဖြစ်၏။ ဤသည်မှာ ဂိုဏ်းခန်းမ တည်ရှိရာ ဖြစ်သလို နတ်ဘုရားဘုရင် မော့ဟိုင် ကျင့်ကြံနေသည့် နေရာလည်း ဖြစ်ပေသည်။
ဝမ်ချွမ်းတာအိုကျောင်းတော်၏ အမြင့်ဆုံး ဧည့်ခန်း၌ လူသုံးယောက် ထိုင်နေကြသည်။
ထိုလူသုံးယောက်၌ နှစ်ယောက်မှာ ဝမ်ချွမ်းတာအိုကျောင်းတော်မှ နတ်ဘုရားဘုရင်များဖြစ်သည့် နတ်ဘုရားဘုရင် မော့ဟိုင်နှင့် နတ်ဘုရားဘုရင် ယင်မုတို့ ဖြစ်ကြသည်။ တတိယမြောက်လူမှာ နတ်ဘုရားနယ်မြေ၌ နံပါတ်တစ် နတ်ဘုရားဘုရင် လီထန်း ဖြစ်သည်။
နတ်ဘုရားဘုရင် မော့ဟိုင်က အခါးရည်တစ်ငုံ သောက်ပြီးနောက် စကားပြောလိုက်သည် “ ဒီတစ်ခါတော့ အစ်ကိုလီထန်းရဲ့ ခန့်မှန်းချက်က မှားသွားပြီ။ မိုဝူကျိက နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်ထဲမှာပဲ နေလိမ့်မယ်။ ထွက်မသွားလောက်သေးဘူး ”
နတ်ဘုရားဘုရင် လီထန်းက ခေါင်းခါကာ “ မဟုတ်ဘူး … သူ ထွက်သွားတာ သေချာတယ်။ အကြောင်းအရင်းကိုတော့ မိုဝူကျိ ရောက်လာတဲ့အခါကျ ကျုပ် ခန့်မှန်းချက် မမှားဘူးဆိုတာ သိလိမ့်မယ် ”
နတ်ဘုရားဘုရင် ယင်မုက နားမလည်စွာ မေးလိုက်၏။“ အစ်ကိုကြီးလီထန်း … တကယ်လို့ မိုဝူကျိက ကနဦး နတ်ဘုရားအဆင့်မှာပဲ ရှိနေရင်ရော … သူက ချူယို့ ဒုက္ခတွင်းထဲ ရောက်နေတာ သိနေရင်တောင် မလာလောက်ဘူး မလား ”
နတ်ဘုရားဘုရင် လီထန်းက ပြုံးကာ “ သူ့လို လူမျိုးကို ကျုပ် ကောင်းကောင်း သိပါတယ်။ ချူယို့အကြောင်းသာ သိရင် သူ သေချာပေါက် ရောက်လာလိမ့်မယ် ”
“ ဘာလို့လဲ ”နတ်ဘုရားဘုရင် ယင်မုက နည်းနည်း နားမလည် ဖြစ်နေမိသေးသည်။
ဘာလို့များ လူတစ်ယောက်က ကိုယ့်သေတွင်းကို ခုန်ဆင်းမည်နည်း။
“တကယ်လို့ မင်းရဲ့ နတ်ဘုရားအသွင်သဏ္ဌာန်ကို မဖွဲ့စည်းရသေးရင် တခြားသူကို ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက် လက်ဆောင်ပေးမှာလား ” နတ်ဘုရားဘုရင် လီထန်းက မေးလိုက်သည်။
နတ်ဘုရားဘုရင် ယင်မုက တုံ့ဆိုင်းခြင်းမရှိ ခေါင်းခါလိုက်သည်။ အသက်ကြွေး ပြန်ဆပ်ဖို့ ဆိုလျှင်ပင် ထိုသို့ လုပ်မည် မဟုတ်ပေ။ သူက နတ်ဘုရားအသွင်သဏ္ဌာန်ကို ဖွဲ့စည်းထားပြီးသွားလျှင်ပင် သူ့အနေနှင့် လက်ဆောင်အဖြစ် ပေးမည် မဟုတ်ပေ။
“ ဒါပေမဲ့ မိုဝူကျိက လုပ်ခဲ့တယ်လေ။ အဲဒါက မိုဝူကျိလိုမျိုး လူတစ်ယောက်ရဲ့ အကျင့်စရိုက်ပေါ့။ သူ့နဂိုစိတ်ရင်းပေါ့ ..” နတ်ဘုရားဘုရင် လီထန်းက ရှင်းပြလိုက်သည်
“ တကယ်လို့ ကျုပ် ခန့်မှန်းချက်သာ မှန်ရင် သူက အရမ်းငယ်ရွယ်ပြီးတော့ စိတ်မြန်လက်မြန် လုပ်တတ်တဲ့သူပဲ နေမယ်။ အဲလိုလူမျိုးက ကျုပ်တို့ဆီမှာ မရှိထားတဲ့ ထူးထူးခြားခြား စိတ်ရင်းမျိုး ရှိတတ်ကြတယ် … ”
နတ်ဘုရားဘုရင် လီထန်းက သက်ပြင်းချကာ “ တကယ်လို့ ကျုပ်သာ နတ်ဘုရားဘုရင်အဆင့်အထက် ရောက်ဖို့ လိုနေတာကြောင့်သာ မဟုတ်ရင် ဒီလိုနည်းလမ်းမျိုးနဲ့ သူ့ကို မရှာချင်ဘူး ”
နတ်ဘုရားဘုရင် မော့ဟိုင်က ထရပ်ကာ လက်နှစ်ဖက် ယှက်လိုက်ရင်း “ အစ်ကိုကြီး လီထန်း … သူက ချူယို့ကို ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက် ပေးခဲ့တဲ့သူဆိုတော့ ဘယ်လိုပဲ ဖြစ်လာပါစေ သူ့အသက်ကို ချမ်းသာပေးဖို့ မေတ္တာရပ်ခံပါရစေ ”
နတ်ဘုရားဘုရင် လီထန်းက စိတ်တင်းကျပ်နေသည့်ဟန်ဖြင့် ပြောလိုက်သည်
“ ကျုပ် သူ့ကို မသတ်ပါဘူး။ သူ ဘယ်လိုလုပ်ခဲ့တာလဲဆိုတာ သိချင်ရုံလေးပါ။ သူလို သေမျိုးတစ်ယောက်က သူ့တစ်ယောက်တည်း အပိုင်ဖြစ်တဲ့ စည်းမျည်းတွေနဲ့ တိုက်ကွက်တွေကို ဘယ်လိုလုပ် ပိုင်ထားတာလဲ … သူက မိုးမြေစည်းမျည်းနဲ့ ဘယ်လိုလုပ် ဆက်နွှယ်မှု မရှိရတာလဲ …
ကျုပ်သာ နားလည်နိုင်ရင် နတ်ဘုရားဘုရင်အဆင့်ကို ကျော်လွန်နိုင်ပြီ။ အဲဒါကမှ နတ်ဘုရားနယ်မြေ ဆက်တည်ရှိနိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။ သူက ကျုပ်အတွက်တင် မကဘူး။ နတ်ဘုရားနယ်မြေမှာ ရှိနေတဲ့ အားလုံးအတွက် အရေးကြီးတယ် … ”
***