အခန်း (၁၃၆)
Vol. 10 Ch. 136
"ဖူး...."
"ဘော့စ်...ဘော့စ်လင်းက အမြွှာမျှော်စင် တစ်ခုလုံး ၀ယ်ထားတာ..."
လင်းရီ နံရိုးတစ်တုံးကောက်၍ ပါးစပ်ထဲတွင် ဝါးလိုက်ပြီး "အင်း...လွန်ခဲ့တဲ့ နှစ်ရက်လောက်တုန်းကမှ ၀ယ်လိုက်တာ"
လင်းရီ တည်ငြိမ်စွာဖြင့် ပြောလိုက်သော်လည်း ကွမ်းရာ၏ နှလုံးသားကတော့ အံဩလွန်းပြီး ပြိုလဲလုမတတ် ဖြစ်နေ၏။
သူမရှေ့က လူက ဘယ်သူများလဲ...
ဘာလို့ အဲ့လောက်ထိ ဩဇာပါဝါတွေ ကြီးမားလွန်းနေရတာလဲဟ...
အရေးကြီးဆုံးကတော့ လင်းရီမှာ မထင်မရှား နေနေခြင်းပင်။
အကယ်၍ အခြားတစ်ဦး ဆိုပါက လူတိုင်း သိအောင် ကြေညာပြီး သူတို့၏ ပုံရိပ်ကို မြင့်တင်ပေလိမ့်မည်။
သို့သော်လည်း လင်းရီကတော့ အသံတစ်သံလေးတောင် မထွက်ခဲ့။
သူက အသက်နှစ်ဆယ်လောက်ပဲ ရှိသေးတာမဟုတ်ဘူးလား..ဘာလို့ အဲ့လောက်ထိ တည်ငြိမ်နေပါလိမ့်..
ကျန်တဲ့သူတွေဆို ဆယ်လီ ဖြစ်ချင်လွန်းလို့ တစ်ပိုင်းသေနေကြတာကိုများ။
လင်းရီ၏ အပြူအမူများက စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်လာသော ကွမ်းရာ၏ အမြင်ကို ကျယ်သွားစေသည်။
"ငါက ဒီတိုင်း အဆောက်အအုံ နှစ်ခုလေးပဲ ၀ယ်ခဲ့တာပါကွာ ရေးကြီးခွင်ကျယ်တွေ လုပ်မနေစမ်းနဲ့..."
"အိုး...ဟုတ် စိတ်မရှိပါနဲ့နော်..ကျွန်မ နည်းနည်းလေး သတိလွတ်သွားလို့..."
"အင်း ဖြစ်တတ်ပါတယ်..စားကြရအောင်လေ..ဒီက အစားသောက်တွေက တကယ်မဆိုးဘူး..."
"ဘော့စ်လင်း သဘောကျနေသရွေ့ပါပဲရှင်..."
ထို့နောက် နှစ်ယောက်သား စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြသည်။
သူမတို့နှစ်ဦး အလုပ်အကြောင်း အပြင် ထွေရာလေးပါးလည်း ဆွေးနွေးခဲ့ကြ၏။
ကွမ်းရာကတော့ လင်းရီအကြောင်းကို ပို၍ပို၍ ပင် စူးစမ်းချင်နေမိတော့သည်။ သူမစိတ်ထဲတွင်တော့ လင်းရီမှာ လျို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှင်နေသည့် လူတစ်ယောက်ပင်တည်း။
ဆန်းကြယ်တဲ့ အရှိန်အဝါတွေနဲ့ အရမ်းကို ညို့ယူ ဖမ်းစားထားနိုင်လွန်းတယ်
ဘေလ်ရှင်းပြီးနောက် နှစ်ယောက်သား စားသောက်ဆိုင်မှ အတူတကွ ထွက်လာခဲ့ကြ၏။
"မစ္စတာလင်း အလုပ်ရှုပ်နေလားမသိဘူး..လုပ်စရာမရှိရင် ကျွန်မ ရုံးခန်း လိုက်ခဲ့ပါလား..ကျွန်မက ကော်ဖီဖျော်တာ အရမ်းကောင်းတာနော်..အလုပ်အကြောင်းလေးဆွေးနွေးရင် ကော်ဖီသောက်ကြရင်ကော ဘယ်လိုလဲ..."
"မရသေးဘူး..လုပ်စရာတွေ ရှိသေးတယ်..နောက်တစ်ခေါက်ကျမှ လာလည်တာပေါ့..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"ကောင်းပါပြီရှင် ..အဲ့တာဆိုလည်း ဘော့စ်လင်းကို မတိုက်တွန်းတော့ပါဘူး..."
ထိုသို့ပြောပြီးနောက် ကွမ်းရာ ပတ်၀န်းကျင်ကို ကျီးကန်းတောင်မှောက် ကြည့်လိုက်ပြီး "ဘော့စ်လင်း ကားမပါခဲ့ဘူးလား...အဲ့လိုဆို ကျွန်မနဲ့ လိုက်ခဲ့လို့ ရတယ်နော်..."
"တော်ပါပြီ မိန်းကလေးကို မောင်းခိုင်းနေရင် လူကြီးလူကောင်း မဆန်သလို ဖြစ်သွားမှာပေါ့..မစ်ကွမ်း အရင်သွားနှင့်လိုက်..ဘာပဲပြောပြော ကျွန်တော်တို့က နှစ်ဦးနှစ်ဖက် အကျိုးမြတ်ရနေကြတာပဲလေ..အဲ့လောက်ကြီး ယဉ်ကျေးဖို့လည်း မလိုပါဘူးဗျ..."
ကွမ်းရာ သူမဆံပင်ကို နားနောက်သို့ သပ်လိုက်ပြီး "အဲ့တာဆိုလည်း လိုက်မပို့တော့ဘူးနော် ကျွန်မအရင် သွားနှင့်တော့မယ်..."
ထို့နောက် တံခါးဖွင့်ပြီး မောင်းထွက်သွားလိုက်၏။
လင်းရီလည်း သူ့ကားဆီ လမ်းလျှောက်သွားလိုက်သည်။
သို့သော်လည်း ထိုအချိန်တွင် စားသောက်ဆိုင် ၀င်ပေါက်၀၌ သူနှင့် ရင်းနှီးနေသည့် မျက်နှာများကို တွေ့လိုက်ရလေ၏။
ရှောင်ထျန်၊ ရှစ်လိ၊ စုန့်ကျားတို့ပင်။
ရှစ်လိ မွေးနေ့ရှိသောကြောင့် သူ့ကို ဖိတ်ခေ့်ခဲ့သော်လည်း ဤနေရာ၌ ချိန်းထားကြလိမ့်မည်လို့တော့ လင်းရီ ထင်မထားခဲ့။
လင်းရီ သေချာကြည့်လိုက်သောအခါ သူမတို့သုံးယောက်ရှေ့တွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရ၏။
နှစ်ဖက် တွေ့ဆုံသည့် ကြားထဲရှိ လေထုမှာတော့ သဟဇာတ ဖြစ်မနေဘဲ အနည်းငယ် သိပ်သည်းပြင်းထန်နေလေသည်။
"ရှောင်ထျန် ..ဒီမှာ လာဆုံတယ်ဆိုတော့ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ..."
ပြောလိုက်သူကတော့ အမျိုးသား ဖြစ်ပြီး ဆံပင်ကို နောက်လှန်ဖီးထားကာ လက်တွင်လည်း ရိုးလက်စ်နာရီကို ၀တ်ဆင်ထား၏။ သားသားနားနားနှင့် လုံး၀ကို အထန်းတန်းစား ဆန်သည့်ပုံပင်။
နာမည်ကတော့ ရှောင်ဟန်ဖြစ်ပြီး ရှောင်ထျန် ကျောင်းတက်စဉ်အခါက သူမနှင့် ဇာတ်လမ်းလေးများ ရှိခဲ့ဖူးသည့် Ex တစ်ယောက်လည်း ဖြစ်၏။
သူ့ဘေးရှိ အမျိုးသမီးကတော့ ကျပ်ထုတ်နေသည့် တစ်ပေလောက်ရှိသည့် စကတ်တိုကို ၀တ်ဆင်ထားသောကြောင့် လုံး၀န်းနေသည့် တင်ပါးကို ထင်သာမြင်သာရှိစေပြီး လုံး၀ ဆက်စီဆန်နေလေသည်။
နာမည်ကတော့ ကျန်းချီဖြစ်ပြီး ဟန်ရှောင်၏ မိန်းကလေးပင်။
"ဟန်ရှောင်...အဲ့ကောင်မက ဘယ်သူကြီးလဲ..နာမည်ကတော့ ရင်းရင်းနှီးနှီး ကြားဖူးနေသလိုပဲ..နင့် Ex များလား..."
ဟန်ရှောင် ကိုးရို့ကားယား ပြုံးလိုက်ပြီး "အမှန်ပဲ....ငါ့ Exလေ..."
"ဒီတော့ ခွေးလောက်တောင် သစ္စာမရှိတဲ့ကောင်ဆိုတာ နင်ပေါ့..."
ဟန်ရှောင် ဘယ်သူလဲဆိုတာ သိတော့ စုန့်ကျား သူ၏အစ်မ ရှောင်ထျန်ကိုယ်စား ဒေါသထွက်သွားပြီး ထေ့ငေါ့ ပြောဆိုလိုက်သည်။
သူမတစ်ဘ၀လုံး အစ်မထျန်အား သစ္စာဖောက်သွားသည့်ကောင်ကို မတွေ့ရတော့ဟု ထင်ထားသော်လည်း ဒီနေ့ဒီနေရာ၌ တွေ့ရလိမ့်မည်လို့ ထင်မထားခဲ့။
"မင်းက ဘယ်သူတုန်းကွ..."ဟန်ရှောင် မျက်နှာ စိမ်းသွားသည်။ "မင်း အဲ့လို စကားကို မဆင်မခြင် ပြောနေဦးမယ်ဆိုရင် ကိုယ်ကျင့်တရား စော်ကားမှုနဲ့ တရားစွဲပစ်လိုက်မယ်..."
"ငါနင့်ကို သေချာလေးပြောပြလိုက်မယ်...မကြားမှာဆိုးရင် သေချာလေးနားစွင့်ထား ..တကယ်တော့ နင်က ခွေးလောက်တောင် အဆင့်မရှိတဲ့ကောင်...အဲ့ထက်ပိုပြီးပြောရရင် နင်က လူတောင်မဟုတ်ဘူး..."စုန့်ကျားကတော့ ဘာကိုမျှ မကြောက်တော့။ သူမမျက်နှာ ရဲရဲနီနေပြီး ဒေါသမီးများတောက်လောင်နေတော့သည်။
"နင်က အစ်မထျန် ကြိုးစားပမ်းစား ရှာထားတဲ့ ပိုက်ဆံတွေကို လိမ်ပြီး ဟိုမှာ ကျောင်းသွားတက်ပြီး ကောင်မလေးနဲ့ နှပ်နေတယ်ပေါ့...နင့်လို သောက်ကြောမတင်းတဲ့ကောင်ရဲ့ အရည်အချင်းနဲ့ဆိုရင် အမေရိကကို သွားဖို့လေယာဉ်လက်မှတ်တောင် ၀ယ်နိုင်မှာ မဟုတ်ဘူး..."
ရှောင်ထျန်မှာ သူမကို အလုပ်စ၀င်ကတည်းက ဂရုစိုက်ပေးခဲ့သောကြောင့် သွေးသားမတော်စပ်သည့် ညီအစ်မရင်းများကဲ့သို့ ဖြစ်နေလေ၏။ထို့ကြောင့် သူမ ရှောင်ထျန်အစားခံပြင်းလွန်း၍ မထိန်းချုပ်နိုင်ပဲ ဤမျှ ပေါက်ကွဲနေရခြင်း ဖြစ်သည်။
ဟန်ရှောင်ကတော့ အေးအေးဆေးဆေး ပခုံးတွန့်လိုက်ပြီး "အဲ့ဒီတုန်းက သူငါ့ကို ကူညီပေးခဲ့တယ်ဆိုတာ ငါ၀န်ခံတယ် ဒါပေမယ့် သူကိုက လိုလိုလားလားနဲ့ ကူညီပေးခဲ့တာလေ..မကျေနပ်လို့ ပိုက်ဆံ ပြန်လိုချင်လည်း ဆယ်ဆ ပြန်ပေးလိုက်မယ်...သူယူမလားလို့ ကြည့်ကြည့်ရအောင်..."
လင်းရီ မေးစေ့ ပွတ်လိုက်ပြီး အင်းဒီကောင်ကတော့ သိက္ခာမရှိရုံတင်မကဘူး...သောက်ရှက်ပါ မရှိတော့တာဟ...ချက်ကြောနဲ့ ရှက်ကြော မှားဖြတ်ခဲ့တာလားမသိဘူး....
သောက်အဓိပ္ပာယ်မရှိလိုက်တာကွာ..ဆိုးတကာ့ဆိုးပေဆိုတဲ့ ချင်းဟန်တောင်မှ သူ့လောက် မဆိုးသေးဘူး...
"ဖွီး.....အစ်မထျန်က နင့်လို မသန့်ရှင်းတဲ့ကောင်ရဲ့ ပိုက်ဆံကို ယူမယ်များ မှတ်နေလား...."
"ထားလိုက်တော့ ကျားကျား အဲ့လိုကောင်မျိုးက နင့်ဆဲတာနဲ့တောင် မတန်ဘူး..."
ရှောင်ထျန် အသံနိမ့်၍ ပြောလိုက်၏။
"အမှန်ပဲ..."စုန့်ကျား ရင်ဘက်ရှေ့ လက်ပိုက်လိုက်ပြီး အထက်စီးဆန်စွာ ပြောလိုက်၏။
"ဟဲ့ နင့်ကောင်မကို သေချာထိန်းစမ်း ခွေးရူးလိုမျိုး လူမြင်တိုင်း ကိုက်မနေစေနဲ့..."
ဖြန်း
စကားတစ်ခွန်းမျှ မဆိုပဲ ရှောင်ထျန် ကျန်းချီ၏ မျက်နှာကို ပါးပိတ်ချလိုက်သည်။
"မြောင်းရေနဲ့ ပလုတ်ကျင်းထားတဲ့ အဲ့ပါးစပ်ကြီးနဲ့မပြေစမ်းနဲ့...ငါနင်တို့ကို ပြန်မပြောဘူးဆိုတာက မတူလို့ မတုချင်တာ ကြောက်တယ်များ မှတ်နေလား မသိဘူး..."
လင်းရီကတော့ ပွဲရပ်ကြည့်နေရင်း အံ့အားသင့်သွားသည်။
ဒီကောင်မလေးကတော့ တယ်လည်း စိတ်မြန်လက်မြန် ရှိတုန်းပါလားဟ
အဲ့လောက်ဆို ငါမစ်အော်ရယ်လ်တွေ ထပ်၀ယ်ပို့ပေးဦးမှပဲ
ကျန်းချီကတော့ မထင်မှတ်ပဲ ပါးချခံလိုက်ရသဖြင့် ကြက်သေသေသွား၏။ ထို့နောက် သူမ၏ ကြက်ေ-သေ-သမှုမှာ ဒေါသအဖြစ်သို့ပြောင်းလဲသွားပြီး "ဟန်ရှောင်...နင့်အရင်ကောင်မက ငါ့ကို ရိုက်တယ်ကြည့်စမ်း..နင်ဘာလုပ်သင့်လဲ..."
"ရှောင်ထျန်...မင်းရူးနေတာလားကွ..."ဟန်ရှောင် ကျိန်ဆဲလိုက်ပြီး "သူဘယ်သူလဲဆိုတာ မင်းသိလား...."
"သူ ဘယ်သူလဲဆိုတာလည်း ငါစိတ်မ၀င်စားဘူး..ဒါပေမယ့် နင့်ကို သေချာ ပြောလိုက်မယ်..နင်လည်း နင့်ဟာမကို ထိန်းထားထား ..ငါလည်း ငါ့ရဲ့ ညီမကို ထိန်းမယ်...နင်ငါ့ ဒေါသအကြောင်း ကောင်းကောင်းသိတယ်မလား..."
ဟန်ရှောင်ကတော့လက်သီးကျစ်ကျစ် ပါအောင်ဆုပ်ထားမိသည်။ အကယ်၍ ရှောင်ထျန်သာ သူ့ရှေ့၌ ရပ်မနေပါက သူ လက်တုန့်ပြန်ပြီး ဖြစ်၏။
"ရှောင်ထျန်..မင်း ငါတို့နှစ်ယောက်ရဲ့ အတိတ်က ဆက်ဆံရေးကို အသိမှတ်ပြုပြီးတော့ သိပ်လွန်အောင်မလုပ်ဘူးလို့တော့ မျှော်လင့်တယ်...မဟုတ်ရင် ငါ့ကိုယ်ငါ ထိန်းနိုင်တော့မှာ မဟုတ်ဘူးနော်..."
"ဘာလဲ...နင်က ငါ့ကို ရိုက်ချင်နေတာလား..."စုန့်ကျား ပက်ကော့ကလန် ပြန်ပြောလိုက်၏။
"မင်းက မိန်းကလေးဆိုပြီးတော့ မရိုက်ရဲဘူးများ ထင်မနေနဲ့..."
"ထားလိုက်တော့ အဲ့ကောင်မတွေနဲ့ စ်တ်နှောက်ယှက် ဖြစ်ခံမနေနဲ့...ဒီတိုင်း အာရုံလာစားတဲ့ ယင်ကောင်တစ်သိုက်ကိုများ..."
ထို့နောက် ကျန်းချီ ရှောင်ထျန်ကို တည့်တည့် ကြည့်၍ "ဟန်ရှောင် နင်နဲ့ လမ်းခွဲတာလည်း မထူးဆန်းပါဘူး..ဘယ်သူမှ နင့်လို အော်ကြောလန်မကြီးကို လိုချင်မှာ မဟုတ်ဘူး..." ကျန်းချီ ပြောလိုက်ပြီး "နင်က ဘောပြားစတိုင်နဲ့ တစ်စက်မှကို ညင်သာနူးညံ့မှုဆိုတာ မရှိတဲ့ ဟာမကြီး..."
ဟန်ရှောင်ကတော့ အများကြီး စိတ်တည်ငြိမ်သွားပြီးဖြစ်၏။ ထို့ပြင် သူတို့ ရောက်နေသည့် နေရာကလည်း တကယ့် လူမြင်ကွင်းနေရာကြီးဖြစ်ပြီး ယခုလို နေရာမျိုး၌ အမျိုးသမီးတစ်ယောက်ကို ရိုက်လို့ မသင့်လျော်ပေ။
"ရှောင်ထျန် ..ငါမင်းကို အကောင်းဆုံ အကြံတစ်ခု ပေးလိုက်မယ်..မင်းရဲ့ ထစ်ကနဲရှိ သွေးဆူတတ်တဲ့ အကျင့်ကိုပြင်လိုက် မဟုတ်ရင် ဘယ်ကောင်လေးကမှ မင်းကို လိုချင်မှာမဟုတ်ဘူး..."
"သောက်အဓိပ္ပာယ် မရှိတာတွေ..."
"ငါနင့်ကို သိအောင် ပြောပြလိုက်မယ်..အစ်မထျန်ကို ချစ်တဲ့သူ ရှိရုံတင်မကသေးဘူး..နင့်ထက်လည်း အဆတစ်ရာလောက် ချောပြီး ပိုက်ဆံလည်း ရှိသေးတယ်"
"ဟားဟားဟား...ငါ့ကို ရယ်အောင် လုပ်ပေးနေတာလား...ငါက မင်းအစ်မအကြောင်း မသိဘူးလို့ ထင်နေတာလားကွ...ဘယ်ချမ်းသာတဲ့ ဒုတိယမျိုးဆက်က သူ့လို ဒေါသကြီးတဲ့ မိန်းကလေးမျိုးနဲ့ ရည်းစားတော်ချင်မှာတဲ့လဲ..."
ဟန်ရှောင် လှောင်ပြုံးပြုံးလိုက်ပြီး "ငါလည်း ဒီအကြောင်းတွေ ကြိုသိလို့ ခုလို လမ်းခွဲလိုက်တာ...ဒီတော့ မင်းကိုယ်မင်း လိမ်မနေနဲ့လို့..."
"ဟမ့် ...အလကား လျှောက်ကြွားနေတာ နေမှာပေါ့...သက်သေပြစရာလည်း မရှိဘဲနဲ့များ ..ပါးစပ်ကတော့ လူတိုင်း ပြောချင်သလို ပြောလို့ရနေတာပဲ..."
ကျန်းချီ မျက်စောင်းထိုးပြီး ပြောလိုက်၏။
တီ တီ တီ
ကျယ်လောင်သော ဟွန်းသံတစ်သံက သူမတို့၏ စကားဝိုင်းကို နှောင်ယှက်သွားခဲ့၏။ ထို့နောက် သူတို့ မျက်စိရှေ့တွင်ပဲ ကားတစ်စီး ရှေ့မီးများ လင်းလာခဲ့သည်။
"ဟိုက်...အဲ့တာ Koenigsegg Rs မလားကွ...ငါကြားဖူးတာတော့ သန်း၃၀ ကျော်တယ်ဆိုပဲ..."ဖြတ်သွားဖြတ်လာ တစ်ယောက်မှ အလန့်တကြား အော်ပြောလိုက်သည်။
"ဟမ် ဒီဆိုင်က တယ်မဆိုးပါလားကွ..ဒီလောက်ချမ်းသာတဲ့ ဒုတိယမျိုးဆက်တစ်ယောက်တောင် လာစားတယ်ဆိုတော့..."
"မြန်မြန် ငါ့ကို ဓာတ်ပုံရိုက်ပေးစမ်း..ဒီလိုကားမျိုးဆိုတာက မြင်ချင်တိုင်း မြင်လို့ ရတာမဟုတ်ဘူး..."
လင်းရီ ကားကို ရှောင်ထျန်တို့ အုပ်စုနား ရပ်တန့်လိုက်ပြီး ကားတံခါးတစ်ဖက်မှာ အလိုအလျောက် ပွင့်လာခဲ့၏။
"ကားထဲ၀င်.."