အခန်း (၁၄၁)
Vol. 10 Ch. 141
"ဗျာ...ဦးလေးကြီးက ပီယာနို တီးဖူးတယ်ပေါ့..."ဖက်တီးလေးမှာ မယုံနိုင်စွာဖြင့် ပြောလိုက်ပြီး
"လျှောက်ပြောမနေနဲ့ ပီယာနိုဆိုတာ အထက်တန်းကျတဲ့သူတွေမှ တီးတတ်တာ..ခင်များ သင်လို့ရတဲ့ အရာမဟုတ်ဘူး..."
"ရန်ဟောင်ရန် ...နင်စကားကို ဘယ်လိုတွေ ပြောနေတာလဲ တုတ်စာမိချင်နေပြီလား...."
ရန်ရွယ် အဝေးမှ လှမ်းအော်လိုက်၏။
"ငါနင့်ကို ဘယ်လို သင်ထားပေးလဲ ..ကိုယ့်ထက်ကြီးရင် ရိုသေရမယ်လို့ မပြောထားဘူးလား..."
"သားပြောနေတာလည်း အမှန်တွေပဲလေ..ဈေးအပေါဆုံး ပီယာနိုကတောင်မှ ယွမ်တစ်သောင်း ရှိတယ် ..သင်ခန်းစာ တစ်ပုဒ် တစ်ပုဒ်ဆိုရင် အနည်းဆုံး ယွမ် ၃၀၀ပဲ..တကယ်လို့ သူသာ အဲ့လောက် ချမ်းသာတဲ့ မိသားစုဆီက ဆိုရင် ပစ္စည်းတွေ လိုက်ပို့နေမှာတောင်မှ မဟုတ်ဘူး.."
ရန်ရွှယ်မှာတော့ ဒေါသထောင်းကနဲ ထွက်သွားပြီး လင်းရီ ဘက်သို့ လှည့်ကာ စကား အပြောမတတ်သေးသည့် သူ့သားကိုယ်စားတောင်းပန်လိုက်၏။
"အန်တီ တောင်းပန်ပါတယ်ကွယ်..ဒီကလေးက အလိုလိုက်ထားလို့ အဲ့လောက်ဆိုးနေတာ..ဗွေမယူပါနဲ့နော်..."
"ဘာမှ မဖြစ်ပါဘူးဗျ..."လင်းရီ သဘောထားကြီးစွာ ပြုံးလိုက်ပြီး "တကယ်တော့ သူပြောနေတာလည်း အမှန်တွေပဲလေ..ပီယာနို သင်ဖို့ဆိုတာ တော်ရုံလူတွေ တတ်နိုင်တဲ့ အရာမှ မဟုတ်တာ..."
"အမေ ကြည့်လိုက်ဦး သူကတောင် ၀န်ခံနေပြီကိုပဲ..."ရန်ဟောင်ရန် လင်းရီကို ကြည့်လိုက်ပြီး "ဒီတော့ ဦးလေးကြီး ခင်များ စကားပြောရင် လျှောက်လျှောက်မပြောနဲ့လေဗျာ ...ပီယာနို ဘယ်လိုတီးရမလဲတောင် မသိဘဲနဲ့ လွယ်သလိုလို လာပြောနေလိုက်သေး..."
"ငါမတီးတတ်ဘူးလို့ မင်းကို ဘယ်သူပြောလဲ... "လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"ဟမ့် ငြင်းချင်နေတုန်းပေါ့..."ရန်ဟောင်ရန် နှာခေါင်းရှုံ့လိုက်ပြီး "ခင်များ တကယ်ကြီး တီးတတ်တယ် ဆိုရင်လည်း လာတီးလေ..."
"အထင်သေးနေတယ်ပေါ့ ဟုတ်လား...."
"ဟုတ်တယ်ဗျာ သေးတယ်ဗျာ..ဘာဖြစ်လည်း ဗျာ....တီးတတ်ရင် လာတီးလိုက်လို့..."
"စမ်းကြည့်တာပေါ့"လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး ရန်ရွှယ်ကို ကြည့်ကာ"ကျွန်တော် စမ်းတီးလို့ရမလားခင်ဗျ..."
"ရပါတယ် ငါ့တူရယ် ဒါပေမယ့် အန်တီ့သားရဲ့ ပီယာနိုစကေးကလည်း သိပ်မဆိုးဘူး..ဆိုတော့..."
"ကျွန်တော် မျက်နှာသာပျက်မှာ ဆိုးလို့မလား..."လင်းရီ ရယ်မောရင်း မေးလိုက်ပြီး "ကျွန်တော်က ကိုယ့်ဘာကိုယ် သင်ယူထားတာ ဆိုပေမယ့် ကျွန်တော်သာ စိတ်ရှိရင် တစ်ပုဒ်လောက်ကတော့ အသာလေး တီးလို့ရပါတယ်ဗျ..."
"ပီယာနိုကို ကိုယ့်ဘာကိုယ် လေ့လာတယ်..."
ရန်ရွှယ် အမူအရာ အနည်းငယ် သဘာ၀မကျ ဖြစ်သွားခဲ့သည်။
သူမကိုယ်တိုင်လည်း ပီယာနိုသင်ပေးနေသည့် ဆရာမ တစ်ဦး ဖြစ်သောကြောင့် ပီယာနိုအကြောင်း ကောင်းသွာ နားလည်ပေသည်။
ခက်ခဲသည့် ဂီတတူရိယာ တစ်မျိုး ဖြစ်ပေမယ့် ကိုယ့်ဘာကိုယ် လေ့လာနိုင်ပေသည်။ သို့သော်လည်း ကျွမ်းကျင်သည့် နည်းပြဆရာ တစ်ဦး၏ လမ်းညွှန်မှု မပါဘဲနှင့်တော့ သာမန် သီးချင်းများ တီးနိုင်သည့် အဆင့်မှလွဲ၍ နောက်တစ်ဆင့်သို့ တက်ရန် ဘယ်လိုမျှ မဖြစ်နိုင်ချေ။
ထိုအချိန်တွင်တော့ သူမ၏ သားငယ်မှာ ပီယာနို သင်ယူသူအဆင့်ကို အောင်မြင်ပြီး ဖြစ်၏။
ယခု ပစ္စည်းလာပို့သည့် ကောင်လေး သူမသားကို ယှဉ်နိုင်ရန်မှာ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ချေ။
"ဟုတ်ပါတယ်..ကိုယ့်ဘာကိုယ် သင်ယူတာပါ..."လင်းရီ အပြုံးလေးဖြင့် တုန့်ပြန်လိုက်၏။
"ငါ့တူကို ပီယာနိုမငှားပေးချင်လို့ ပြောတာတော့ မဟုတ်ဘူးနော်..ဒါပေမယ့် ပီယာနိုတီးရတာက လွယ်တဲ့ထဲတော့ မပါဘူး ဒီတော့..."
"အဆင်ပြေပါတယ်..."လင်းရီ ပြောလိုက်ပြီး "ကျွန်တော်ကိုယ်တိုင်ကိုယ်က မျက်နှာ အရေထူတယ်လေ..ရှုံးလေး ဘာမှ မဖြစ်ဘူး ကံကောင်းပြီး နိုင်သွားမယ်ဆိုရင်တော့ သူလည်း ယှဉ်ပြိုင်ချင်တဲ့ စိတ်နဲ့ ပိုပြီး ကြိုးစားသွားနိုင်တာပဲလေ..."
"အမေ တားမနေနဲ့...သူ့ကို ပေးတီးလိုက်" ရန်ဟောင်ရန် ဂုဏ်ယူစွာ ပြောလိုက်ပြီး "သူ သားကို ယှဉ်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့..."
"တကယ်လို့ ငါမင်းကို နိုင်သွားတယ်ဆိုရင်ကော..."
"တကယ်လို့ ဦးလေးကြီးသာ နိုင်မယ်ဆိုရင် ကျွန်တော် ဘုရင်ကြီးလို ပလ္လင်ပေါ်ထိုင်ခိုင်းပြီး ဂါ၀ရပြုပေးမယ်..."
"အဲ့လာက်ကြီး မလိုဘူး.."လင်းရီ ပြောလိုက်ပြီး "တကယ်လို့ ငါနိုင်ခဲ့မယ်ဆိုရင် မင်း ...အန်တီ့စကားနားထောင်ပြီးတော့ လိမ်လိမ်မာမာနဲ့ စန္ဒယားတီးတာ လေ့ကျင့်ရမယ်..အဆင်ပြေလား..."
"ပြဿနာ မရှိဘူး..ကျွန်တော်က ကြောက်မယ်များ မှတ်နေလား..."
လင်းရီ သူ့လက်ဆစ်များကို တတောက်တောက် ချိုးလိုက်ပြီး စမ်းကြည့်ရန် စိတ်အားထက်သန်နေတော့သည်။
ပညာရှိ၏ ဉာဏ်ပညာကို ရရှိထားသော်လည်း တစ်ခါမှ မစမ်းကြည့်ဖူးသေးသောကြောင့် စိတ်လှုပ်ရှားစွာဖြင့် ပီယာနိုခလုတ်များပေါ် လက်တင်လိုက်၏။
တင်း တင်း တင်း တောင်..
သံစဉ်များ ထွက်ပေါ်လာခဲ့၏။ အစကတော့ ရန်ရွှယ်လည်း အများကြီး မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း တခဏမျှကြာပြီးနောက် ကိုယ့်ဘာကိုယ် သင်ယူလေ့လာသည့် ကောင်လေးမှာ ထိုမျှ တီးနိုင်လိမ့်မည်လို့ ထင်မထားခဲ့။
တီးလုံး တစ်ခုချင်းဆီတိုင်းတွင် ၎င်း၏ အနှစ်သာရများ ပေါ်လွင်နေပြီး အဓိပ္ပာယ်ကို ကွက်ကွက်ကွင်းကွင်း ခံစားနိုင်လောင်အောင် တီးခတ်နိုင်သည်အထိ ပါရမီနှင့် ပြည့်စုံပေသည်။
သို့သော်လည်း မိနစ်၀က်ခန့် ကြာပြီးနောက် ရန်ရွှယ် ၎င်းတေးသွားကို မှတ်မိသွား၏။ ကမ္ဘာ့ခက်ခဲမှုအဆင့် တစ်ဆယ်အတွင်း ၀င်သည့် Liszt's ၏ ဟန်ဂေရီရန် ရပ်ဆိုဒီ တေးသွားပင်တည်း။။
ထိုတေးသွားမှာ သံစဉ် ရှစ်ခုကို တစ်ဆက်တည်း တီးခတ်ရသောကြောင့် ယခုမှ သင်ယူလေ့လာသူများ တီးခတ်နိုင်သည့် အမျိုးအစား မဟုတ်ခဲ့ပေ။
အနည်းဆုံးတော့ သူမပင်လျင် ဤမျှ စင်းလုံးချောနေအောင် တီးနိုင်လိမ့်မည်လို့ အာမ မခံနိုင်ပေ။
ဒီကောင်လေး ဘယ်လိုများ လုပ်လိုက်ပါလိမ့်နော်...
မကြာမီ လင်းရီ တေးသွားနောက်တစ်ပုဒ် ပြောင်းသွားကြောင်း သတိထားမိလိုက်၏။၎င်းမှာ ကမ္ဘာ့ခက်ခဲမှုအဆင့် ၉ နေရာ၌ ရှိသော ဂိုရှ့်ဖိုင်းယား ဆိုသည့် တေးသွားပင်။
ရန်ရွှယ် လုံး၀ ရှော့ခ်ရသွားခဲ့သည်။
သူက အဲ့တာလည်း တီးတတ်သေးတာလားဟ..စင်ပေါ်မှာ တင်ဆက်နေတဲ့ နာမည်ကြီးတွေတောင်မှ ခေါင်းကိုက်ရတဲ့ တေးသွားကိုလေ...
သို့တိုင်အောင် လုံး၀ ချောချောမွေ့မွေ့ တီးခတ်ပြနေလေ၏။ သူမ ကိုယ့်မျက်လုံးကိုပင် မယုံနိုင်လောက်တော့တဲ့အထိ အံ့ဩသွားခဲ့သည်။
အရေးကြီးဆုံးကတော့ တေးသွားနုပ်စ်များကို ကြည့်စရာတောင်မလိုပဲ နုပ်စ်တစ်ခုချင်းစီတိုင်းကို သူ့ခေါင်းထဲတွင် တန်းစီတီးခတ်သွားခြင်းဖြစ်၏။
သူမတောင်မှ ထိုသို့ မလုပ်နိုင်ချေ။
ဒါကြီးကတော့ လုံး၀ကို မာစတာ အဆင့်ရောက်နေပြီ။
ဖက်တီးလေး ရန်ဟောင်ရန်မှာလည်း မျက်လုံးများ ပြူးကျယ်နေတော့၏။ သူသံစဉ်ကို နားမလည်သော်လည်း တီးခတ်ပုံကို ကြည့်၍ မည်မျှ ခက်ခဲနေကြောင်း သိနေလေသည်။
သူ့အမေကဲ့သို့ ကိုယ့်မျက်စိကို မယုံနိုင် ဖြစ်နေလေ၏။
လင်းရီကတော့ ပတ်၀န်းကျင်တွင် ဖြစ်ပျက်သမျှကို ဂရုစိုက်မနေတော့ပဲ တေးသွားအဆုံးထိ တီးလိုက်၏။
ပညာရှိ၏ ဉာဏ်ပညာ စကေးမှာ မပြီးပြည့်စုံသေးသော်လည်း ယခုလို ခက်ခဲသည့် တေးသွားနှစ်ပုဒ်လောက်ကတော့ အသာအယာ တီးခတ်လို့ရသည်။ အကယ်၍ ယခုလယ်ဗယ်ထက် ပိုခက်ခဲသွားပါက တီးခတ်နိုင်သော်လည်း အမှားအနည်းငယ်ခန့် လုပ်မိသွားနိုင်သည်။ သူ၏ ပန်းတိုင်လည်း ရောက်နေပြီဖြစ်သောကြောင့် နှစ်ပုဒ်နှင့်တင် အဆုံးသတ်လိုက်တော့၏။
ရန်ရွှယ်တို့ သားအမိကတော့ တေးသွားပြီးဆုံးသွား သော်လည်း အတွေးထဲတွင်သာ နစ်မြောနေပြီး အတန်အတော်ကြာမှ သတိပြန်၀င်လာခဲ့ကြသည်။
ဖြောင်း ဖြောင်း ဖြောင်း (လက်ခုပ်တီးသံ)
ရန်ရွယ် မနေနိုင်ဘဲ လက်ခုပ်တီးမိသွားသည်။ "ငါ့တူရဲ့ စကေးကတော့ တကယ့်ကို အမေးဇင်းပါပဲကွယ်..အန်တီ့လို သင်ပေးနေတဲ့ ပရော်ဖက်ဆာ တစ်ယောက်တောင် လက်မှိုင်ချရလောက်တဲ့အထိ ကောင်းလွန်းတယ်..."
"အာဟား ..မြှောက်ပင့် လွန်းနေပါပြီဗျ...ကျွန်တော်က ဒီတိုင်း မြင်ရာ လျှောက်နှိပ်နေတာဆိုတော့ လာရိုက်မလားတောင် စိုးရိမ်နေတာ... "
လင်းရီ နိမ့်ချစွာ ပြောလိုက်ပြီး ဖက်တီးလေးကို ကြည့်လိုက်၏။
"တီးကြည့်ဦးမလားငါ့ညီ မင်းရဲ့ လယ်ဗယ် ဘယ်လောက်လဲဆိုတာ ငါ့ကို ပြဦးလေကွာ..."
"ခင်များက အမေ့ရဲ့ သင်တန်းသား ဟုတ်တယ်မလား...ပစ္စည်းပို့တဲ့လူ ဟန်ဆောင်ပြီးတော့ ကျွန်တော်နဲ့ ဘာပြိုင်နေတာ မဟုတ်လား..."
"တယ်လည်း တွေးတတ်တဲ့ကောင်..."လင်းရီ ငိုရအခက် ရယ်ရအခက် ဖြစ်သွားပြီး "ငါဘယ်သူလဲဆိုတာ ခဏ ထားလိုက်ဦး ..ခု မင်းက ရှုံးသွားပြီဆိုတော့ နောက်ကျရင် အန်တီ့စကား နားထောင်ပြီးတော့ လိမ်လိမ်မာမာနဲ့ စန္ဒယားတီးတာ လေ့ကျင့်ရမယ်နော်..."
"ဒီတစ်ချီကတော့ ထည့်မတွက်သေးဘူး..."ဖက်တီးလေးမှ မကျေနပ်စွာ ပြောလိုက်သည်။
"ဘာလို့လဲကွ..."
"ဦးလေးကြီး ခင်များက လူကြီး ကျွန်တော်က ခုမှကလေးလေဗျာ..ကျွန်တော့်ထက်သာတာ အထူးအဆန်းမှမဟုတ်ဘဲကို ..အဲ့တာကြောင့် နိုင်လည်း ထည့်မတွက်ဘူး..."
"ဟားဟား ကောင်းပြီလေ..ကြည့်ရတာ မင်းက ကျေနပ်သေးတဲ့ပုံ မပေါ်ဘူး.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
"ဟုတ်တယ်..မကျေနပ်ဘူး.."ရန်ဟောင်ရန် ပြောလိုက်ပြီး "ပီယာနိုက ကျွန်တော်ကျွမ်းတဲ့ နယ်ပယ်မဟုတ်ဘူး..ဒီတော့ မကျေနပ်ဘူးဗျာ..."
"ကောင်းပြီလေ..အဲ့တာဆိုလည်း မင်းကျွမ်းကျင်တဲ့ဟာပြောလိုက် ယှဉ်ကြမယ်..."
"ကျွန်တော်က ဂိမ်းဆော့တာ အရမ်းတော်တာ..."ဖက်တီးလေးမှ အားပါးတရ ပြောလိုက်ပြီး "ကျွန်တော်၊ယွီယွီ့ကျင်းထျန်းရှိုးက အတန်းရဲ့ နတ်ဘုရားပဲလေ..."
"အဲ့တာဆိုလည်း တစ်ပွဲလောက် ပြိုင်ဆော့ကြမလား...."
"မိုက်တာပေါ့..."ဖက်တီးလေးလည်း သဘောတူလိုက်ပြီး "မပြိုင်ခင် ကြိုတင်ပြီး သဘောတူညီချက် ယူထားမယ်...ကျွန်တော်သာ နိုင်သွားလို့ကတော့ အနာဂတ်မှာ ပီယာနို လေ့ကျင့်ချင်မှ လေ့ကျင်မှာနော်..."
"မင်းရှုံးသွားရင်ကော..."
"ကျွန်တော်သာ ရှုံးခဲ့ရင် အမေ့စကားနားထောင်ပြီးတော့ ပီယာနို ကောင်းကောင်း တီးမယ်ဗျာ..."
"အိုကေ...သဘောတူတယ်..."
ရန်ရွှယ် လင်းရီ ထံ လျှောက်လာပြီး "ငါ့တူရယ် ဖြစ်ပါ့မလား..အန်တီ့သားက ဂိမ်းဂျပိုးလေးနော် နေ့တိုင်း ဂိမ်းပဲဆော့တာ..စကေးလည်း တော်တော် ကောင်းမယ့်ပုံပဲ..."
"ရပါတယ်ဗျ...ကျွန်တော်က မပိုင်ရင် ခြင်တောင်မရိုက်ဘူး..."
လင်းရီ ခေါင်းမာနေတာ မြင်တော့ ရန်ရွှယ်လည်း ဆက်လက် ဖျောင့်ဖျမနေတော့ပဲ ခွင့်ပြုလိုက်တော့၏။
"နှစ်ယောက်လုံး အကောင့်သစ်တွေနဲ့ ဆော့ကြမယ်...မဟုတ်ရင် အနိုင်ကျင့်တယ် ဖြစ်နေဦးမယ်..."ဖက်တီးလေးမှ ဂုဏ်ယူစွာ ပြောလိုက်လေသည်။
"ငါလည်း မင်းကို ဒီနေ့ ပါးရှင်း၀မ်ရဲ့ စကေးတွေ ပြမယ်..ဟီးဟီး ခုမှ နောင်တရလို့ကတော့ နောက်ကျသွားပြီနော်...."