ပြင်ဆင်ခြင်း
Vol. 68 Ch. 936
နတ်ဘုရားဘုရင် လီထန်း အဖြေအပြီးတွင် နတ်ဘုရားဘုရင် မော့ဟိုင်တို့က ငြိမ်ကျသွားသည်။ သူက နတ်ဘုရားဘုရင် လီထန်းသည် မိုဝူကျိအား သတ်မည် မဟုတ်ကြောင်း သိလိုက်သည်။ သို့သော်လည်း မိုဝူကျိက နတ်ဘုရားဘုရင် လီထန်း ပြောထားသလို ဖြစ်နေလျှင် ဘာဖြစ်လာမည်ကို ကောင်းကောင်း သိထားပေသည်။ မိုဝူကျိက နတ်ဘုရားဖြစ်သည့်အထိ ကျင့်ကြံထားနိုင်သည့် သေမျိုးတစ်ယောက်ဖြစ်ပြီး သူ့ကိုယ်ပိုင် စည်းမျည်းများ သို့မဟုတ် ကိုယ်ပိုင်ကမ္ဘာကိုပင် ဖွဲ့စည်းထားနိုင်သူ ဖြစ်သည်။ အကယ်၍ ဤကိစ္စသာ အမှန်ဖြစ်နေပါက မိုဝူကျိသည် လူသေတစ်ယောက်နှင့် ကွာခြားတော့မည် မဟုတ်ပေ။
အကြောင်းမှာ နတ်ဘုရားဘုရင် လီထန်းက မိုဝူကျိ၏ အစိတ်အပိုင်း အားလုံးအထိ သေချာပေါက် ဝင်၍ စစ်ဆေးကြည့်မည် ဖြစ်သည်။ ဤသည်မှာ သူ့အသိစိတ်ပင်လယ်နှင့် ကျင့်ကြံရေး အရင်းအမြစ်အထိ ပါဝင်ပေမည်။
အဓိကအချက်မှာ နတ်ဘုရားဘုရင် လီထန်းက မိုဝူကျိ၏ ကျင့်ကြံရေး လျှို့ဝှက်ချက်များအား အပြန်ပြန် အလှန်လှန် စစ်ဆေးကြည့်ပေမည်။ နတ်ဘုရားဘုရင် လီထန်းက သူ့လျှို့ဝှက်ချက်ကို သိသွားသည်နှင့် မိုဝူကျိက အသက်ဆက်ရှင်နေလျှင်ပင် အရူးတစ်ယောက်လိုသာ ဆက်လက် နေထိုင်သွားရမည်။
နတ်ဘုရားဘုရင် လီထန်းက ဆက်ပြောဖို့ရာ စိတ်အခြေအနေ မရှိတော့ပေ။ အကယ်၍ ဖြစ်နိုင်ပါက သူက မိုဝူကျိလို လူမျိုးအား မထိလိုပေ။ သို့သော်လည်း ဤနှစ်များစွာအထိ နတ်ဘုရားနယ်မြေ၌ မည်သူကမှ ကိုယ်ပိုင် စည်းမျည်း မဖွဲ့စည်းနိုင်ကြပေ။ အားလုံးက မိုးမြေအပေါ် မှီခိုကြရသည်။ ဤအချက်မှာ နတ်ဘုရားနယ်မြေ တစ်ခုလုံး၌ မည်သူကမှ နတ်ဘုရားဘုရင် အဆင့်အလွန်ကို မရောက်သည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။
ထိုသို့ဆိုလျှင်ပင် နတ်ဘုရားဘုရင် လီထန်းသည် စကြဝဠာကြီး၌ နတ်ဘုရားဘုရင်များထက် များစွာ အားကောင်းသော ပါရမီရှင်များစွာ ရှိကြောင်း သေချာသိနေသည်။ နတ်ဘုရားသိုက်မြုံသည် ဆက်လက် ကျယ်ပြန့်နေသည် ဖြစ်ရာ ဖြည်းဖြည်းချင်းဖြင့် တခြားကမ္ဘာလောက၏ နယ်မြေအစွန်း၌ အဆုံးသတ်သွားမည် ဖြစ်၏။ ထိုသို့ဖြစ်လာသည့်အခါ နတ်ဘုရားနယ်မြေရှိ သက်ရှိတိုင်းအားလုံးမှာ တခြားသူ လက်အောက် ကျရောက်သွားလိမ့်မည်။
နတ်ဘုရားဘုရင် လီထန်းက ဤနေရာရှိ ပါရမီရှင်များ နတ်ဘုရားဘုရင်အဆင့်ကို ကျော်လွန်သွားနိုင်မည်ဆိုလျှင် မိုဝူကျိ တစ်ယောက်တည်းကို စတေးဖို့ရာ မဆိုထားနှင့်။ သူ့ကိုယ်သူ စတေးဖို့ရာပင် လိုလားပေသည်။
တခြားနည်းဖြင့်ဆိုရလျှင် အကယ်၍ မိုဝူကျိက နတ်ဘုရားဘုရင် အဆင့်အလွန်ကို တက်လှမ်းနိုင်မည့် လျှို့ဝှက်ချက်အား ရှာထုတ်နိုင်လျှင် သူကိုယ်တိုင် စတေးခံရဖို့ပင် စိတ်ထဲ မထားပေ။
………………
ပင်လယ်ငါးသွယ် နတ်ဘုရားနန်းတော်က နတ်ဘုရားနယ်မြေ၌ အဆင့်မြင့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပေသည်။ ဂိုဏ်းတွင် နတ်ဘုရားဘုရင် မရှိသည့်အတွက် သူတို့ကို ထိပ်သီးဂိုဏ်းအဖြစ် သတ်မှတ်၍ မရပေ။ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနှင့် ဝမ်ချွမ်းတာအိုကျောင်းတော်တို့မှာ ထိပ်သီးဂိုဏ်း၏ နမူနာများ ဖြစ်၏။
အမှန်အတိုင်း ပြောရလျှင် ပင်လယ်ငါးသွယ် နတ်ဘုရားနန်းတော်ကို လူသိများခြင်းမှာ အဆင့်မြင့်ဂိုဏ်း ဖြစ်နေ၍ မဟုတ်ပေ။ ပင်လယ်ငါးသွယ် နတ်ဘုရားနန်းတော်ရှိ ပင်လယ်ငါးသွယ် နတ်ဘုရားမြို့၏ တရားစီရင် ပိုင်ခွင့်ကြောင့် ဖြစ်သည်။
ပုံမှန်အားဖြင့် နတ်ဘုရားနယ်မြေအတွင်း သူတို့ကိုယ်သူတို့ နတ်ဘုရားမြို့ဟု ခေါ်ဝေါ်နိုင်ကြသည့် သူများမှာ အရေအတွက်အားဖြင့် များပြားပေသည်။ ပင်လယ်ငါးသွယ် နတ်ဘုရားနန်းတော်မှာ ကြီးမားရုံသာမက ထိပ်သီးဂိုဏ်းတချို့၏ နတ်ဘုရားမြို့များပင် ပင်လယ်ငါးသွယ် နတ်ဘုရားမြို့၏ ကြီးကျယ်ခမ်းနားမှုနှင့် ယှဉ်လိုက်ပါက မှေးမှိန်သွားလေသည်။ နတ်ဘုရားနယ်မြေ တစ်ခုလုံး၌ ပင်လယ်ငါးသွယ် နတ်ဘုရားမြို့မှာ ထိပ်ဆုံး ဆယ်ခုထဲတွင် ပါဝင်ကြောင်း မှတ်ယူနိုင်ပေသည်။
မိုဝူကျိက ပင်လယ်ငါးသွယ် နတ်ဘုရားမြို့၌ နေနေသည်မှာ သုံးရက်ရှိလေပြီ။ ထိုသုံးရက်တာအတွင်း သူက များစွာ သင်ယူခဲ့ရ၏။ ပင်လယ်ငါးသွယ် နတ်ဘုရားမြို့ရှိ အကြီးမားဆုံး ကုန်သွယ်အိမ်တော်မှာ ဝမ်ရှန်း ကုန်သည်အိမ်တော် ဖြစ်ပြီး ဝမ်ရှန်း ကုန်သည်အိမ်တော်သည် ပင်လယ်ငါးသွယ် နတ်ဘုရားမြို့အတွင်း တည်ရှိရုံတင်မက နတ်ဘုရားနယ်မြေရှိ မြို့ကြီးတိုင်းတွင်လည်း အိမ်တော် အခွဲများ ရှိပေသည်။
ပင်လယ်ငါးသွယ် နတ်ဘုရားမြို့အတွင်းရှိ ဝမ်ရှန်း ကုန်သည်အိမ်တော်သည် ပင်မဌာနချုပ် အဖြစ် မှတ်ယူရမည်။
မိုဝူကျိက နတ်ဘုရားဘုရင် တစ်ယောက်ပင် အကူမရှိဘဲ ဝမ်ချွမ်းတာအိုကျောင်းတော်သို့ သွားရောက်သည်မှာ မည်မျှ အန္တရာယ်များကြောင်း ကောင်းကောင်း သိပေသည်။ သူ့ကိုယ်သူ ကိုယ့်သေတွင်း ကိုယ်တူးနေသလို ဖြစ်ပေမည်။ သူက အချိန်မရွေး နောက်ဆုတ်နိုင်သည့် လူအင်အား မတွေ့ခင်အထိ ဝမ်ချွမ်းတာအိုကျောင်းတော်ဆီ ဝင်ရောက်၍ မဖြစ်သေးပေ။
လက်ရှိ သူက ဝမ်ရှန်း ကုန်သည်အိမ်တော်သို့ ကယ်တင်နိုင်မည့် နည်းလမ်းနှင့် လွတ်မြောက်နိုင်မည့် နည်းလမ်းကို ရှာရန် ရောက်လာခြင်း ဖြစ်၏။ သူ့လေလွတ်မြောက်ခြင်း နည်းစနစ်မှာ သာမန်ကျင့်ကြံသူများနှင့် ဖြေရှင်းရာ၌ အားကောင်းပေသည်။ ထို့သို့ဆိုလျှင်ပင် မိုဝူကျိက နတ်ဘုရားဘုရင် လက်မှ လွတ်မြောက်နိုင်လိမ့်မည်ဟု မထင်မိပေ။
ဝမ်ရှန်း ကုန်သည်အိမ်တော် ဌာနာချုပ် အဆောက်အဦးတွင် ခြောက်ထပ် ရှိ၏။ အထပ်တစ်ထပ်တိုင်းစီတွင် အင်မတန် ကျယ်ဝန်းစွာ အဆင့်မြင့်မြင့် တည်ဆောက်ထားသည်။
မိုဝူကျိက ပထမအထပ်သို့ ဝင်သွားလိုက်သည်နှင့် သူက အဆောက်အဦအတွင်းမှ အံ့ဩဖွယ် အငွေ့အသက်တို့ကို ခံစားမိလိုက်၏။ သူက ကမ္ဘာမြေဆီ ပြန်ရောက်သွားပြီး ထိပ်တန်း ဟိုတယ်တစ်ခု ဧည့်ကြိုခန်းမဆီ ရောက်သွားသည့်အလား ခံစားမိလိုက်သည်။
ဝမ်ရှန်း ကုန်သည်အိမ်တော် ဧည့်ကြိုခန်းမ၌ လူတစ်ထောင်ကျော်လောက် ရှိနေသည်။ ထိုသို့ဆိုလျှင်ပင် လူကျပ်နေခြင်း မရှိပေ။
ပထမအထပ်တွင် ရောင်းချနေသော ပစ္စည်းအများစုမှာ ဆေးလုံးများ၊ မှော်ရတနာများ၊ ကျင့်စဉ်များ အစရှိသဖြင့် ဖြစ်ကြသည်။ ဤသည်မှာ ကနဦး နတ်ဘုရားအဆင့်နှင့် ကောင်းကင်နတ်ဘုရားအဆင့်များ အတွက် ဖြစ်ပေသည်။
မိုဝူကျိ၏ အဓိက ရည်ရွယ်ချက်မှာ တစ်ခါသုံး မှော်ရတနာကို လာရှာခြင်း ဖြစ်၏။ သူက ဝမ်ချွမ်းတာအိုကျောင်းတော်သို့ သွားလိုလျှင် သူ့အနေနှင့် တစ်ခါသုံး မှော်ရတနာများ လိုအပ်နေသည်။
နေရာတစ်ဝက်လောက် လျှောက်ကြည့်ပြီးသည့်နောက်တွင် မိုဝူကျိက သူ့စိတ်ထဲ၌ ရောင်းချနေသော ပစ္စည်းများကို ချီးကျူးမိလိုက်၏။ ဤနေရာ၌ ပစ္စည်း အစုံအလင် ရှိနေပြီး အရည်အသွေးမှာလည်း တခြားနေရာများက မယှဉ်နိုင်ပေ။
အချိန်တိုလေးအတွင်း မိုဝူကျိက သူ မည်မျှ ဆင်းရဲနေကြောင်း သတိပြုမိလိုက်တော့၏။ သူက စီနီယာအစ်ကိုသေမင်းဆီမှ ချမ်းသာကြွယ်ဝမှု ရရှိထားခဲ့သော်လည်း ထိုချမ်းသာမှုလေးမှာ နတ်ဘုရားကျောက် အနည်းငယ်မျှသာ ဖြစ်သည်။ သူ့တွင် အဆင့်မြင့် နတ်ဘုရားကျောက် တစ်သောင်း၊ အလယ်အလတ်အဆင့် နတ်ဘုရားကျောက် ခုနစ်သောင်းနှင့် အဆင့်နိမ့် နတ်ဘုရားကျောက် သုံးသိန်းကျော်သာ ရှိ၏။
မိုဝူကျိက သူ့ကိုယ်သူ ချမ်းသာနေပြီဟု တွေးထင်မိခဲ့သည်။ သူ တွေ့ရှိခဲ့သမျှ နယ်လှည့်ကျင့်ကြံသူများကြား၌ သူက အဆင့်မြင့် နတ်ဘုရားကျောက် တစ်သောင်း ထုတ်နိုင်သည့်သူကို မြင်ရခဲ၏။
သို့သော်လည်း ဤနေရာသို့ ဝင်လာပြီးနောက် မိုဝူကျိ စိတ်ထဲ အေးခဲလာမိတော့သည်။
အဆင့်နိမ့် နတ်ဘုရားပစ္စည်းတစ်ခုပင် အလယ်အလတ်အဆင့် နတ်ဘုရားကျောက် တစ်သောင်း ကျနေပြီ ဖြစ်၏။ အရည်အသွေးက ပိုကောင်းလာသည့် အဆင့်နိမ့် ပစ္စည်းဆိုလျှင် အနည်းဆုံး အလယ်အလတ်အဆင့် နတ်ဘုရားကျောက် သုံးသောင်းလောက်အထိ ကုန်ကျနိုင်သည်။ ပို၍ ကောင်းသည့် အရည်အသွေးမျိုးဆိုလျှင် အလယ်အလတ်အဆင့် နတ်ဘုရားကျောက် ငါးသောင်းမှ တစ်သိန်းကြား ကုန်ကျနိုင်၏။
အဆင့်နိမ့် ပစ္စည်းတစ်ခုကို အလယ်အလတ်အဆင့် နတ်ဘုရားကျောက် ထောင်ဂဏန်းလောက်ဖြင့် ရောင်းချကြတာမျိုးလည်း ရှိပေသည်။ သို့သော်လည်း မိုဝူကျိက ထိုပစ္စည်းများမှာ အလွန် နောက်ကောက်ကျနေကြောင်း ခံစားမိနေ၏။
ပထမအထပ်တွင် မိုဝူကျိက အလယ်အလတ်အဆင့် နတ်ဘုရားပစ္စည်းများ မတွေ့မိပေ။ မိုဝူကျိ၏ ခန့်မှန်းချက်အရ သူ့အနေနှင့် ဤနေရာတွင် အလယ်အလတ်အဆင့် နတ်ဘုရားအဆင့် ပစ္စည်းတတ်နိုင်မည် မဟုတ်ကြောင်း သိထားသည်။
မိုဝူကျိတွင် ကိုယ်တိုင် ထုလုပ်ထားသည့် ပစ္စည်းအပုံလိုက် ရှိထားပြီး သူ့ပစ္စည်းများ၏ တိုက်ခိုက်စွမ်းသည် မဆိုးလှသော်လည်း ထုတ်ရောင်းလျှင်မူ ဈေးမြင့်မြင့် မရကြောင်း သိပေသည်။ သူ့ပစ္စည်းတိုင်းက မျက်စိပသာဓ မဖြစ်သောကြောင့် သူ့အနေနှင့် ကိုယ်တိုင် သိမ်းထားပြီး အသုံးပြုနိုင်ရုံသာ တတ်နိုင်ပေသည်။
မိုဝူကျိက ခပ်လှမ်းလှမ်းအထိ လျှောက်လှမ်းလာပြီးနောက် တစ်ခါသုံး မှော်ရတနာတချို့ကို တွေ့လိုက်သည်။ ထိုသည်မှာ အလယ်အလတ်အဆင့် နတ်ဘုရားကျောက်တုံး ခြောက်ထောင် ကျသင့်သည့် ပေါက်ကွဲရေး အာကာပြင်ဓာတ်လုံး ဖြစ်၏။
တောက်လောင် ဝိညာဉ်မြားသည် အလယ်အလတ်အဆင့် နတ်ဘုရားကျောက် ကိုးထောင် ကျသင့်ပေသည်။
တစ်ခါသုံးအတွက် အဆင့်တစ် မှော်ရတနာများသည် ကောင်းကင်နတ်ဘုရားအဆင့်နှင့် ရင်ဆိုင်သည့်အခါ အသုံးဝင်ဆုံး ဖြစ်၏။ ထိုသို့ဆိုလျှင်ပင် သေစေလောက်သည့် တိုက်ခိုက်မှုမျိုးတော့ မဟုတ်ချေ။
မိုဝူကျိက ခေါင်းခါလိုက်ပြီး သူ့အနေနှင့် တစ်ခါသုံး မှော်ရတနာတချို့ ဝယ်ဖို့ရာမှာ လက်တွေ့မကျပေ။ တစ်ခါသုံး နတ်ဘုရားပစ္စည်းလေးပင် အလယ်အလတ်အဆင့် နတ်ဘုရားကျောက် တစ်သောင်းနီးပါး ဖြစ်နေလေရာ သူသာ အဆင့်မြင့်မြင့် မှော်ရတနာလိုမျိုး ဝယ်ယူလိုပါက သူ့ချမ်းသာသမျှ အားလုံးပင် လောက်မည် မဟုတ်ပေ။
“တာအိုရောင်းရင်းက တောက်လောင် ဝိညာဉ်မြားကို ဝယ်ချင်လို့လား။ ကျုပ်တို့ တောက်လောင်ဝိညာဉ်မြားက ဆရာကြီး ဓားတစ်ထောင်ကိုယ်တိုင် ထုလုပ်ထားတာပါ။ ပေးရတဲ့ ဈေးနဲ့ သေချာပေါက် တန်စေရမယ်” အရောင်းဝန်ထမ်း တစ်ဦးက မိုဝူကျိ ကြာကြာ ရပ်ကြည့်နေသည်ကို မြင်၍ မိတ်ဆက်ပေးလိုက်သည်။
မိုဝူကျိက ရယ်မောကာ “ အဲဒီတောက်လောင် ဝိညာဉ်မြားက အသုံးပြုဖို့ နည်းနည်း အဆင်မပြေဘူးဆိုတော့ ထားလိုက်ပါ ”
မိုဝူကျိက တောက်လောင် ဝိညာဉ်မြားအကြောင်း ကောင်းကောင်း သိထားသည်။ ထိုအရာက အသုံးပြုဖို့ရာ ရှုပ်ထွေးလှသော်လည်း မှော်ရတနာ၏ စွမ်းအားမှာ သာမန်မျှသာ ဖြစ်၏။
“ တာအိုရောင်းရင်းက တောက်လောင် ဝိညာဉ်မြားကို စိတ်မဝင်စားရင် တစ်ခါသုံး အဆောင်ကို ဝယ်လို့ ရတယ်နော်။ ကျုပ်တို့ရဲ့ ပေါက်ကွဲပိတ်လှောင် အဆောင်က တစ်ဖက်လူကို ပိတ်လှောင်ထားပြီးတော့ ပေါက်ကွဲသွားစေနိုင်တယ်။ အဲဒါက အလယ်အလတ်အဆင့် နတ်ဘုရားကျောက် တစ်သောင်း ခြောက်ထောင်လောက်ပဲ ကျသင့်တာပါ ” ဝန်ထမ်းက ဘေးမှ အဆောင်ကို စိတ်အားတက်ကြွစွာ မိတ်ဆက်ပေးလိုက်သည်။
“ အဆောင်တစ်ခုက အဆင့်နိမ့် နတ်ဘုရားပစ္စည်းနဲ့ ဈေးအတူတူလား။ ဘယ်လိုတောင် ဈေးကြီးတာလဲ ” မိုဝူကျိက ဝင်ပြောလိုက်သည်။
အရောင်းဝန်ထမ်းက ရယ်မောလိုက်ပြီး “ ဈေးမကြီးပါဘူးဗျာ … ဒီအဆောင်တွေအားလုံးကို အဆောင်မျိုးနွယ်ရဲ့ အမွေခံတပည့်က ပြုလုပ်ပေးထားတာလေ။ ဈေးနှုန်းက တခြားနေရာထက်စာရင် နည်းနည်း မြင့်နေတယ်ဆိုပေမဲ့ စွမ်းအားနဲ့ အဆင့်ကတော့ တခြားအဆောင်တွေထက် အပုံကြီးသာတယ် ”
မိုဝူကျိက စိတ်လှုပ်ရှားစွာ မေးလိုက်သည် “ အဆောင်မျိုးနွယ်လား။ ကျုပ် ကြားဖူးတယ်။ ပြီးတော့ ကျုပ် သူတို့ရဲ့ ပညာရှိတာအိုအဆောင်ကိုလည်း ကြားဖူးတယ်။ ပညာရှိတာအိုအဆောင် ဘယ်လောက် အားကောင်းလဲဆိုတာကိုပါ ကြားဖူးတယ် ”
လက်ရှိ မိုဝူကျိက အဆင့် ၁ အဆောင်ကိုပင် မပြုလုပ်နိုင်သေးပေ။ သူက ပညာရှိတာအိုအဆောင် ပိုင်ဆိုင်ထားသောကြောင့် ပို၍ စုံစမ်းသင့်ပေသည်။ သို့သော်လည်း သူ ပညာရှိတာအိုအဆောင်ကို ရရှိကတည်းက သူ့အနေနှင့် သင်ယူဖို့ရာ အခွင့်အရေး မရခဲ့ပေ။
အရောင်းဝန်ထမ်း ပြောနေစရာပင် မလိုတော့ပဲ မိုဝူကျိဘေးရှိ ကျင့်ကြံသူက ဝင်ပြောလိုက်သည် “ ပညာရှိတာအိုအဆောင်အကြောင်း ဘယ်သူက မသိလို့လဲ။ ပညာရှိတာအိုအဆောင်က ရှန်းထျန်း ရတနာလေ။ ဒါပေမဲ့ ကျုပ် ကြားသလောက်ဆိုရင် အဆောင်မျိုးနွယ်က ပညာရှိတာအိုအဆောင် ပျောက်နေတာ ကြာလှပြီတဲ့ ”
မိုဝူကျိက စိတ်ဝင်စားဟန်ဖြင့် “ ကျုပ်ကြားတာတော့ ပညာရှိတာအိုအဆောင်က တခြားအဆောင်တွေကို ယူလို့ရတယ်ဆို … ပညာရှိတာအိုအဆောင်ကနေ ဆင်းသက်လာတဲ့ အဆောင်တွေက ဘယ်လောက်တောင် အားကောင်းလိုက်မလဲ စိတ်ဝင်စားမိသား … ”
အရောင်းဝန်ထမ်းက ရယ်မောလိုက်ကာ “ တာအိုရောင်းရင်း … ပညာရှိတာအိုအဆောင်က ဆင်းသက်လာတဲ့ အဆောင်တိုင်းက ထိပ်တန်းရတနာတွေချည်းပဲလေ။ ကျုပ်တို့တွေ တွေးကြည့်လို့တောင် ရမှာ မဟုတ်ဘူး ”
မိုဝူကျိက နေရခက်သည့် အပြုံးဖြင့် ခေါင်းကုတ်ကာ “ တကယ်လို့ ကျုပ်သာ ပညာရှိတာအိုအဆောင်ကို ရရင် ပညာရှိတာအိုအဆောင်က ဆင်းသက်လာတဲ့ အဆောင်တွေကို ရောင်းပစ်မှာပဲ …. နည်းနည်း ရောင်းရုံနဲ့ ဘာတာဝန်မှ လက်ခံနေစရာ မလိုလောက်တော့ဘူး။ နတ်ဘုရားကျောက် နည်းနည်းလေးအတွက် ခက်ခက်ခဲခဲ တိုက်ခိုက်နေစရာလည်း မလိုလောက်တော့ဘူး ”
မိုဝူကျိက သူသည် ပညာရှိတာအိုကို သန့်စင်စဉ်က အဆောင်တစ်ခုမှ မရရှိသည့်အကြောင်းကို အမြဲတမ်း တွေးနေမိခဲ့သည်။ ယခင် ဖူရှုဟန်က အဆောင် ရနိုင်ကြောင်း ပြောခဲ့ဖူး၏။ အမှန်တော့ သူ ပညာရှိတာအိုအဆောင်ထဲ ဝင်စဉ် အဆောင်အမျိုးမျိုးကို မြင်တွေ့ခဲ့ရသည်။ သို့သော်လည်း ပညာရှိတာအိုစွမ်းအား၏ ရစ်ပတ်အားမှာ အားကောင်းလွန်းသည့်အတွက် သူ့အနေနှင့် တစ်ခုမှ မရရှိခဲ့ပေ။
ဖူကျို့ကျန်းကို သတ်ပြီး ပထမအလွှာရှိ အတားအဆီးများကို ဖယ်ရှားပြီးနောက် မိုဝူကျိက အဆောင်များ မကျန်ရှိတော့ကြောင်း သတိပြုမိလိုက်သည်။
“ အာ … မင်းရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် ပညာရှိတာအိုအဆောင် ရထားရင်တောင် အဆောင်တွေ ထုတ်လုပ်နိုင်ဦးမှာ မဟုတ်ဘူး ”ဘေးရှိ ကျင့်ကြံသူက မိုဝူကျိအား ရယ်မောရင်း ပြောလိုက်သည်။
မိုဝူကျိတွင် ဝိညာဉ်ကြော မရှိသည့်အတွက် ကနဦး နတ်ဘုရားအဆင့် ၃ ဟု ထင်ရစေဟန် ဝိညာဉ်စွမ်းအား အငွေ့အသက်များကို အတုအယောင် လုပ်ထားခြင်း ဖြစ်၏။ ထို့ကြောင့် မိုဝူကျိဘေးရှိ ကျင့်ကြံသူက မိုဝူကျိတွင် ကျင့်ကြံဆင့် နိမ့်ကြောင်း ဟာသလုပ်လိုက်ခြင်း ဖြစ်သည်။
မိုဝူကျိက စိတ်ထဲမထားဘဲ ရယ်မောလိုက်ကာ “ ကျုပ် ကျင့်ကြံဆင့်က အရမ်းနိမ့်နေတာကို ကျုပ်လည်း သိပါတယ်ဗျာ ”
ထိုကျင့်ကြံသူက ရှင်းပြလိုက်သည် “ မင်းကို လှောင်တာ မဟုတ်ပါဘူး။ ကောလာဟလတွေအရဆိုရင် ပညာရှိတာအိုအဆောင်ရဲ့ ပထမအလွှာက ပညာရှိတာအိုရဲ့ ဝင်ပေါက်လို့ ပြောကြတယ်။ မင်းရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် ပညာရှိတာအိုကို ရထားရင်တောင် အဆောင်ရနိုင်ဦးမှာ မဟုတ်ဘူး။ ကနဦး နတ်ဘုရားအဆင့်မှ ပညာရှိတာအိုအဆောင်ရဲ့ ပထမအလွှာကို သန့်စင်နိုင်ရုံလေးပဲ … ”
မိုဝူကျိက နှလုံးခုန် မြန်ဆန်လာမိသည်။ သူ ပထမအလွှာကို သန့်စင်စဉ်အခါက ကနဦး နတ်ဘုရားအဆင့် ရောက်ဖို့ များစွာ လိုအပ်နေသေး၏။ ထို့နောက် သူက အရမ်းအလုပ်ရှုပ်နေခဲ့သည့်အတွက် မသန့်စင်နိုင်ခဲ့ပေ။
ဒုတိယအလွှာကို သန့်စင်ပြီးသည့်အခါမှ အထဲရှိ အဆောင်များကို ရရှိနိုင်မည်လား ….
မိုဝူကျိက မမေးသော်လည်း အရောင်းဝန်ထမ်းက မေးလိုက်သည် “ အဲဆို ဒုတိယအလွှာကို သန့်စင်ပြီးမှ အဆောင်ကို ရနိုင်တာလား ”
ထိုကျင့်ကြံသူက ပြန်ဖြေလိုက်သည် “ ကျုပ်လည်း အသေအချာတော့ မသိဘူး။ သဘောတရားအရဆိုရင် ဒုတိယအလွှာကို သန့်စင်လိုက်တာက အဆောင်ကို မထုတ်ပေးနိုင်သေးဘူးဆိုရင် ဆက်သန့်စင်ရမယ်တဲ့ …. ဖြည်းဖြည်းချင်းနဲ့ အဆောင်တွေကို ရလာလိမ့်မယ်။ အဲဒီလိုအဆင့်မျိုး မှော်ရတနာဆိုတော့ ကျုပ်လည်း အသေအချာတော့ မသိဘူး။ ကြားပဲ ကြားဖူးတာ … ”
မိုဝူကျိက အချိန်ဖြုန်းချင်သည့် ခံစားချက်မျိုး မဟုတ်တော့ပေ။ သူက နည်းနည်းပါးပါး ဆက်စကားပြောပြီးနောက် အနည်းငယ် လှည့်ပတ်သွားကာ ထွက်လာလိုက်သည်။ သိပ်မကြာခင် သူက ဝမ်ရှန်း ကုန်သည်အိမ်တော်မှ ထွက်လာလိုက်သည်။
သူ့လက်ရှိ ချမ်းသာမှုဖြင့် သူ့အနေနှင့် ပစ္စည်းကောင်း ဝယ်ယူဖို့ မတတ်နိုင်ပေ။ သူ့အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ပညာရှိတာအို အဆောင် ဒုတိယအလွှာအား သန့်စင်ဖို့ရာ ဖြစ်၏။ ထို့နောက် သူက အထဲမှ အဆောင်များကို အမှန်တကယ် ရရှိနိုင်လား စမ်းသပ်ကြည့်ရမည်။
သူက ပင်လယ်ငါးသွယ် နတ်ဘုရားမြို့မှ ထွက်လာလိုက်သည်နှင့် အဆင့်နိမ့် ပျံသန်းရေး ရတနာကို ထုတ်ယူလိုက်သည်။ သူက အမြန်ဆုံးနှုန်းဖြင့် ထွက်ခွာသွားလိုက်၏။
ပညာရှိတာအိုအဆောင်သည် ထိပ်တန်းအဆင့် ရတနာမျိုး ဖြစ်ကာ သူ သန့်စင်လိုပါက လူများများ မရှိသည့်နေရာတွင် လုပ်ရပေမည်။
***