အခန်း (၁၄၃)
Vol. 10 Ch. 143
"ဟယ်လို..."
လင်းရီ ကောင်မလေး ငေးကြောင်နေသည်ကို မြင်တော့ သတိပေးသည့်အနေဖြင့် သူမ ရှေ့၌လက်ရမ်းပြလိုက်သည်။
"အိုး ..ဟုတ်ကဲ့ မင်္ဂလာပါရှင့်..."ချိုင်ထင်းထင်း အိန္ဒြေရှိစွာဖြင့် ဆံပင်ကို နောက်သို့ ပင့်သပ်လိုက်ပြီးနောက် သူမလက်ထဲရှိ စာရွက်စာတမ်းများကို လင်းရီထံ ကမ်းပေးလိုက်၏။
"ဒါတွေအားလုံးက ကမ်းခြေပိုင်ဆိုင်မှု စာရွက်စာတမ်းတွေပါရှင့်...တစ်ခုခု လွဲနေသေးလာလို့ စစ်ကြည့်ပေးပါဦး..."
"ရတယ်..ကျုပ်မိန်းကလေးကို ယုံပြီးသားပါ...မကြည့်တော့ဘူး..."
တကယ့်တကယ်တွင်တော့ လင်းရီ သူတို့ကို ယုံကြည်ခြင်းမဟုတ်ဘဲ စနစ်ကို ယုံကြည်ခြင်းသာ။
"ဟုတ်ကဲ့ ခုလို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးပါရှင်..တကယ်လို့ တစ်ခုခု စိတ်မကျေနပ်သာ ရှိရင် ကျွန်မကို ဆက်သွယ်လို့ရတယ်နော်..."ချိုင်ထင်းထင်း ကျေနပ်ပျော်ရွှင်နေသည့် အပြုံးလေးဖြင့် ပြောလိုက်လေသည်။
"အမှန်တော့ ကျုပ် တစ်ခုလောက် ဝေခွဲမရဘူးဖြစ်နေတာ... "
"အိုး...ပြောလေ...ပွင့်ပွင့်လင်းပေါ့ရှင်ရယ်"
"အဲ့တာဆို ကျုပ်လည်း ဝေ့ဝိုက်မနေတော့ဘူး..တကယ်ဆို မွန်ဘေ ကမ်းခြေက ပြည်သူပိုင် အပမ်းဖြေနေရာကြီး မဟုတ်လား..ဘာလို့ လေလံတင်ပြီး ရောင်းလိုက်တာလဲ.....မဟုတ်မှလွဲရော အရှုံးပေါ်နေလို့လား...အဲ့တာကြောင့် ရောင်းလိုက်တော့တာလား...စိတ်မရှိပါနဲ့ ကျုပ်အဲ့တာလေးတစ်ခုကို စိတ်ထဲ စနိုးစနှောင့် ဖြစ်နေလို့..."
ချိုင်ထင်းထင်း ကိုးရိုးကားယားဖြစ်သွားခဲ့သည်။ သူမ ဤမေးခွန်းကို လုံး၀ မျှော်လင့်မထားခဲ့ပေ။ တစ်ခဏမျှ စဉ်းစားပြီးနောက် အပြုံးလေးဖြင့် "အမှန်တော့ ကျွန်မရဲ့ လက်ရှိရာထူးနဲ့ဆို ရှင့်ကို အများကြီး ပြောပြလို့မရဘူး..ဒါပေမယ့် ရှောင်ကောကောမို့ ပြောပြလိုက်မယ်...ရှင်ဒီကိစ္စကို လူသိရှင်ကြား လုံး၀ လုံး၀ ကြေညာလို့ မရဘူးနော်..."
"အင်း နားလည်တယ်...ဆက်ပြော"
"အမှန်တော့ ယွဲ့၀မ်းကမ်းခြေကို ပြုပြင်ဖို့ နှစ်စဥ်ကုန်ကျငွေက မပြောပလောက်ဘူး..ဒါပေမယ့် အဓိကပြဿနာက စီမံခန့်ခွဲ့ရေးပိုင်းမှာ ဖြစ်နေတာ....ကမ်းခြေက အကျယ်ကြီးဆိုတော့ ကျွန်မတို့ကြီးပဲ ထိန်းချုပ်လို့ မနိုင်ဘူးလေ..ဒီတော့ ပြင်ပအဖွဲ့အစည်းတစ်ခုကို စီမံခန့်ခွဲပေးဖို့ အကူညီတောင်းရ တော့တာပေါ့...ဟင်း....ဒါပေမယ့် အဲ့လူတွေရဲ့ နောက်ခံက မြေအောက်လောကနဲ့ အဆက်အသွယ်ရှိနေမယ်လို့ ကျွန်မတို့လည်း မျှော်လင့်မထားဘူး.....ဒီတော့ ဇာတ်လမ်းမရှုပ်ချင်တာနဲ့ပဲ စာချုပ်သက်တမ်းကုန်တာနဲ့ မြို့တော်စီက ခွင့်ပြုမိန့်ယူပြီး လေလံတင်လိုက်တာ..,"
ထိုသို့ပြောပြီးနောက် ပတ်၀န်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး မည်သူမျှ ရှိမနေကြောင်း သေချာသွားတော့မှ "ဒါပေမယ့် ရှင်သတိထားမိလားတော့ မသိဘူး...မွန်ဘေး ကမ်းခြေကို ရှင့်ဆီ ရောင်းလိုက်တယ်ဆိုပေမယ့်နိုင်ငံပိုင် ဖြစ်နေတုန်းပဲနော်....အိမ်၀ယ်သလိုမျိုးပေါ့....အနှစ်၇၀ ပိုင်ဆိုင်ပြီးသွာရင် နိုင်ငံဆီကနေ ပြန်ငှားဖို့ဆိုပြီးတော့ အခွန် တစ်စိတ်တစ်ပိုင်းကို ပြန်ပေးရမှာ.....အဲ့လိုမျိုးစာချုပ်ထဲမှာတော့ ရှင်းရှင်းလင်းလင်း ရေးထားတယ်..."
"နားလည်ပြီ..."
အိမ်ခြံမြေ ၀န်ဆောင်မှု ကုမ္ပဏီ၌ လုပ်သက်ကြေခဲ့သော လင်းရီမှာ ထိုသဘောတရားနှင့် ရင်းနှီးပြီးသားပင်။
မြေမှာ နိုင်ငံပိုင်ဖြစ်၏။ မိမိမှာ ၀ယ်ယူထားသော်လည်း စိတ်ထင်သလို လျှောက်လုပ်ခွင့် မရှိပေ။ မဟုတ်ပါက မထင်မှတ်ထားသည့် ပုဒ်မများဖြင့် ဂျေးအောင်းရပေလိမ့်မည်။
"ကောင်းပြီ ..ကျန်တာကတော့ ရှင့်ဘာရှင်ပဲ ကြည့်စီစဉ်လိုက်တော့နော်..."
"ဘာပြောချင်တာ..ကျုပ်က ကျန်တဲ့ လုပ်ရိုးလုပ်စဉ်တွေအတွက် မွန်ဘေးကမ်းခြေရဲ့ မန်နေဂျာနဲ့ သွားတွေ့ရမယ်လို့ ပြောချင်တာလား..."
"ဟုတ်ပါတယ်ရှင့်..မန်နေဂျာနဲ့ ဆက်ပြီး ဆောင်ရွက်ရမှာပါ ..ကျွန်မရဲ့တာ၀န်ကတော့ ဒီလောက်ပဲလေ...."
"အဲ့တာဆို မင်းတို့ မန်နေဂျာက ဘယ်မှာလဲ..."
"မစ္စတာလင်း လာခဲ့တဲ့ လမ်းအတိုင်း ပြန်မောင်းသွားရင် ၁၄၂ ပင်းဟိုင်လမ်းဆိုတာ တွေ့လိမ့်မယ်..မန်နေဂျာက အဲ့လမ်းမှာနေတာလေ..."
"အိုကေ..ကျေးဇူးပဲနော်..."
"ရပါတယ်ရှင်..ကျွန်မတာ၀န်ကိုပဲဟာကို..."
လင်းရီ ကျေးဇူးတင်စကား ပြောပြီးနောက် မောင်းထွက်သွားခဲ့သည်။
လင်းရီ၏ စူပါကားကို မြင်တော့ ချိုင်ထင်းထင်း မျက်လုံးများ တောက်ပသွားခဲ့၏။
အောင်မယ်လေး..ကားကြီးက ချောလိုက်တာနော်...
(TL Note -လူရောကားပါ ခန့်ညားကြောင်း အထာနဲ့ ပြောတာပါ)
သူမသာ လင်းရီနဲ့ ထမင်းတစ်နပ်လောက် အတူစားလိုက်ရလို့ကတော့...
ထိုနေရာမှ ထွက်လာခဲ့ပြီးနောက် လင်းရီ ပင်းဟိုင်လမ်းသို့ သွားရန် အလျင်မလိုခဲ့ပေ။ ထိုအစား ပီစုန့်ကျန်းထံ ဖုန်းခေါ်လိုက်၏။
"ဘော့စ်လင်း ဘာအမိန့်ရှိမလို့ပါလဲ ခင်မျာ..."
"စုန့်ကျန်း ခင်များ မွန်ဘေ ကမ်းခြေကို သိတယ်မလား..."
"သိတာပေါ့ဗျ အဲ့တာ ကျွန်တော်တို့ ဆိပ်ကမ်းနားလေးက ကမ်းခြေမလား.."ပီစုန့်ကျန်း တရိုတသေဖြင့် မေးမြန်းလိုက်ပြီး "ဘော့စ်လင်းက ၀ယ်ဖို့ စိတ်ကူးနေတာတော့ မဟုတ်ဘူးလား..."
ပီစုန့်ကျန်း၏ ပုံမှန်မဟုတ်သည့်လေသံကို ကြားတော့ လင်းရီ တစ်ခုခုမှားနေကြောင်း သတိထားမိသွားသည်။ "ဘာဖြစ်လို့လဲ..၀ယ်လို့ မရဘူးလား..."
"၀ယ်လို့မရတာတော့ မဟုတ်ဘူး..ဒါပေမယ့် အဲ့ဒီနေရာကြီးက တော်တော်လေး ဇာတ်ရှုပ်လွန်းတယ်..အပေါ်ယံသာ ပြည်သူပိုင်ဆိုပေမယ့် တကယ့်တကယ်ကျ လူတစ်အုပ်စု လက်ထဲမှာပဲ ရှိတာ...ဘော့စ်လင်းလည်း စီးပွားရေး အကွက်မြင်တော့ သူဌေးတစ်ယောက်ပဲဗျ...ဒီလိုကိစ္စတွေက ၀င်ရှုပ်လို့မကောင်းဘူးဆိုတာ နားလည်မှာပါ.."ပီစုန့်ကျန်း သေသေချာချာလေး ရှင်းပြလိုက်၏။
"ရှေးနှစ်ကနေ ခုထိဆို သူတို့ကတောင်မှ ကျွန်တော်တို့ဆီ ယွမ်နှစ်သိန်း အကြွေးတင်နေသေးတယ်...ပေးတောင် မပေးရသေးဘူး..."
"ဟမ်...သူတို့က ငါ့တို့ကို အကြွေးတင်နေတာလားဟ..."လင်းရီ မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
"၀မ်ကျန်းနဲ့ မွန်ဘေးက ဘေးချင်းကပ်ရပ်တွေလေ..ဒီတော့ ကျွန်တော်တို့ဆီ လှေလာလာငှားတာပေါ့..ငှားတုန်းကတော့ IOU စာချုပ်တွေနဲ့ ပြီးကျတော့ တစ်ပြားမှလည်း လာမပေးဘူး..."
(IOU = I owe U အကြွေးတင်တယ်)
"မငှားလို့ မရဘူးလားဟ.."လင်းရီ ထိုသို့ပြောလိုက်ပြီး "ပြီးတော့ ငှားပြီး ပြန်မပေးတာ အဲ့လောက်ကြာနေပြီကို မင်းတို့ကလဲ ရဲလေးဘာလေး မတိုင်ကြဘူးလားကွ..."
"ဘော့စ်လင်းကလည်းဗျာ...လောဂျစ်ကျကျဆိုရင်တော့ အဲ့လိုလုပ်တာ မှန်တယ်...ဒါပေမယ့် အင်အားကြီးတဲ့ နဂါးတောင်မှ ဒေသခံမြွေဆိုရင် မဖိနှိပ်နိုင်ဘူးလေ...အဲ့တော့ ကျွန်တော်တို့လည်း အချင်းမများချင်တာနဲ့ မျက်စိ စုံမှိတ်ပြီး မသိချင်ယောင် ဆောင်ထားလိုက်တယ်...."
လင်းရီ မေးရိုးတစ်လျှောက် ပွတ်လိုက်ပြီး "အင်း...သူတို့က အကြွေးတွေလည်း တင်ထားတယ်ပေါ့..စိတ်၀င်စားဖို့တော့ ကောင်းနေပြီ..."
"အဲ့တာက စီးပွားရေးလုပ်ရင် ဖြစ်နေကြပဲလေ...အမြဲတမ်း ချေးပြီး ပြန်မဆပ်ကြတာတွေ တစ်ပုံကြီးပဲ..."
"အဲ့တာကြောင့် ကျွန်တော်တော့ အဲ့ဒီကောင်တွေနဲ့ သွားပြီး မရှုပ်စေချင်ဘူး..."
"နောက်ကျသွားပြီ..ငါ ၀ယ်ပြီးသွားပြီ...ဘာဆက်ဖြစ်မလဲဆိုတာပဲ စောင့်ကြည့်ရတော့မယ်..."
"မဖြစ်နိုင်တာ..ဘော့စ်လင်းက မွန်ဘေးကမ်းခြေကို ၀ယ်လိုက်ပြီပေါ့...ပိုက်ဆံအတော် သုံးလိုက်ရမှာပဲ..."
"ဒီတိုင်း လေးငါးဘီလီယမ်လောက်ပါကွာ...မပြောပလောက်ပါဘူး..."
လင်းရီထိုသို့ ပြောလိုက်ပြီး "ကောင်းပြီ ပေါက်တတ်ကရတွေ တော်တော့ မင်းက IOU စာချုပ်တွေ ပြင်ထားလိုက်..ခဏနေ လာခေါ်မယ်..ပြီးမှ ငါတို့အတူ သူတို့ဆီ သွားကြတာပေါ့...,"
"ဟုတ်..နားလည်ပါပြီဘော့စ်..."
လင်းရီ ဖုန်းချပြီးနောက် ၀မ်ကျန်းဆိပ်ကမ်းသို့ မောင်းသွားလိုက်၏။
လတ်တလော အပမ်းဖြေနေရာကို ခေတ္တပိတ်ထားပြီး ပြန်လည်ဆောက်လုပ်ရေး လုပ်ငန်းများ ပြုလုပ်နေသောကြောင့် ဆိပ်ကမ်းတစ်ခုလုံး စက်ယန္တရားကြီးများနှင့် ပြည့်နှက်နေလေ၏။
များမကြာမီ ပီစုန့်ကျန်း သူ့လက်ထဲတွင် စာဖိုင်တစ်ထပ်ကြီးဖြင့် ထွက်လာခဲ့၏။
ထို့နောက် နှစ်ယောက်သား ၁၄၂ ပင်းဟိုင်လမ်းသို့ ဦးတည်လိုက်တော့၏။
နှစ်ထပ်အဆောက်အအုံကြီးတစ်ခုထဲတွင် ဆံပင်အဝါရောင်ဆိုးထားသည့် လူနှစ်ယောက် အေးဆေး ဆေးလိပ်ထိုင်ဖွာနေကြ၏။ နံရံများမှာတော့ အပေါက်တစ်ရာနှင့် အတော်လေး ဟောင်းနွမ်းနေလေသည်။ သို့သော်လည်း ၀င်ပေါက်၀တွက်တော့ 'တုန်းလိုင် နိုင်ငံခြားခရီးသွား ကုမ္ပဏီ လီမီတက်'ဟု စာတမ်းရေးထိုးထား၏။
"အင်း..ကြည့်လိုက်ရင် တရား၀င်လိုလို ဘာလိုလိုပါလားဟ...ကုမ္ပဏီတောင် ထောင်ထားလိုက်သေးတယ်ဆိုတော့..."ကားပါကင်ထိုးပြီးနောက် လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"ခုခေတ် လူလိမ်တွေက တော်တော်လေး ပိရိလာလာကြပြီလို့ ပြောလို့ရတယ်..ကျွန်တော်တို့ လမ်းမှာတွေ့ရင်တောင်မှ တော်ရုံဆို လူကောင်းလား လူဆိုးလားဆိုတာ ခွဲခြားလို့တောင် မရတော့ဘူး..."
"အမှန်ပဲ..."လင်းရီ ပြုံးလိုက်ပြီး "ဒီကောင်တွေ ဘယ်လိုတုန့်ပြန်မလဲဆိုတာ တစ်ချက်သွားကြည့်ကြည့်တာပေါ့..."
"ဟုတ်ကဲ့..."
လင်းရီနှင့် ပီစုန့်ကျန်းတို့ ကားထဲမှ ထွက်လာသည်ကို မြင်တော့ တံခါးနားရှိ အမျိုးသားတစ်ဦးမှာ ဆေးလိပ် ဖင်စည်ခံကို ဘေးပစ်လိုက်ပြီး "ရို...ဘော့စ်ပီပါလားဗျို့..ဒီဘာလာလုပ်တာလဲ.."
"မင်းတို့မန်နေဂျာကော..အဲ့ကောင်နဲ့လာတွေ့တာ.."
"အိုး....စိတ်တောင် မကောင်းဘူးဗျာ ..ကျွန်တော်တို့အစ်ကိုတုန်က ဒီမှာ မရှိသေးဘူး..."ဆံပင်အဝါရောင်ဆိုးထားသည့် လူငယ်လေးမှ ပြောလိုက်၏။
"မင်းဘယ်ကောင့်ကို လာလိမ်နေတာလဲဟျောင့်...ဒီမှာ သူ့ကားတစ်စီးလုံးကြီး မြင်နေရတာ ငါ့ကိုများ ကန်းနေတယ် အောက်မေ့နေလား
"ဘော့စ်ပီကလည်း ကျုပ်တို့က ငွေနည်းနည်းလောက်ပဲ အကြွေးတင်နေတာကိုကွာ ဒီထိတောင် လိုက်လာရတယ်လို့..တကယ်ဆို ကျုပ်တို့က အိမ်နီးချင်းတွေပဲ မဟုတ်လား..အချင်းချင်း ခင်ခင်မင်မင်တော့ ရှိဦးမှပေါ့...အဲ့လောက်ကြီး သူစိမ်းမဆန်နဲ့လေ..."
"ငါမင်းကို ပြောလိုက်မယ်...ငါ့ကို လာမကစားနဲ့..."ပီစုန့်ကျန်း အေးစက်သည့် လေသံဖြင့် ပြောလိုက်ပြီး "ငါ့ဘေးနားမှာ ရပ်နေတဲ့သူက ၀မ်ကျန်း ဆိပ်ကမ်းရဲ့ ပိုင်ရှင်ပဲ..ပြီးတော့ ထပ်ပြောလိုက်ဦးမယ်...မွန်ဘေ ကမ်းခြေလည်းခု ဘော့စ်လင်း အပိုင် ဖြစ်သွားပြီ...မင်းတို့ဘာမင်းတို့ နိုင်ငံခြားသားတွေ လိုက်လည်ပေးတာ လည်လို့ရတယ်..အေးဒါပေမယ့် မွန်ဘေ ကမ်းခြေနဲ့တော့ ဘာပြီး မရှုပ်မိစေနဲ့....,"
"ဟမ်...ပိုင်ရှင် ရှိသွားပြီပေါ့...."
နှစ်ယောက်လုံး အံ့အားသင့်သွားခဲ့၏။ သူတို့လေလံအကြောင်း ကြားထားသော်လည်း ယခုလို မြန်မြန် ရောင်းထွက်သွားလိမ့်မည်လို့ မျှော်လင့် မထားခဲ့။
"ကျုပ်နောက်လိုက်ခဲ့ ..အစ်ကိုတုန်က သူ့ရုံးခန်းထဲမှာ..."ခေါင်းတုံးနှင့် လူကြီးမှ ပြောလိုက်၏။
"မင်းတို့ ရုံးခန်းထဲ လိုက်စရာ အကြောင်းမရှိဘူး...ပြန်ပြီးတော့ သူ့ကာင်တွေကို မွန်ဘေ ကမ်းခြေကနေ ခေါ်သွားဖို့ပြောလိုက်...တစ်ယောက် စီးပွားရေးကို တစ်ယောက်က မနှောက်ယှက်ဘူးဆိုရင် ပြဿနာတွေလည်း ရှိလာမှာ မဟုတ်ဘူး..."လင်းရီ ပြောလိုက်ပြီး
"ပြီးတော့ ရှိသေးတယ်...မင်းတို့ အကြွေးတင်နေတဲ့ ငွေတွေလည်း ပြန်ပေးလိုက်..အဲ့လို အသေးမွှားလေးနဲ့တော့ ငါတို့ရဲ့ ခင်မင်မှုကို မထိခိုက်စေချင်ဘူးမလား...."