← Chapters

အစီအစဉ်

Vol. 68 Ch. 937

အစီအစဉ်

Vol. 68 Ch. 937

ရက်များစွာ ကြာပြီးသည့်နောက်တွင် မိုဝူကျိက ကျတ်တီးတောင်အနီး၌ ပေါ်လာသည်။ ဤနေရာရှိ နတ်ဝိညာဉ်စွမ်းအားများက နည်ပါးသော်လည်း မိုဝူကျိအပေါ် သက်ရောက်မှု မရှိပေ။ သူ့ရည်ရွယ်ချက်မှာ ထာဝရကမ္ဘာအတွင်းနေ၍ ပညာရှိတာအိုအဆောင်ကို သန့်စင်ရန် ဖြစ်သည်။ နတ်ဝိညာဉ်စွမ်းအား သိပ်သည်းမှုက သူ့အနေနှင့် ကိစ္စမရှိပေ။

ဤနှစ်တစ်လျှောက် မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ နည်းနည်းလေးမျှ တိုးတက်လာခြင်း မရှိပေ။ သို့သော်လည်း သူ့အစီအရင်တာအို အဆင့်အတန်းမှာ သိသိသာသာ တိုးတက်လာပေ၏။ အနည်းဆုံးတော့ သူက အဆင့် ၃ နတ်ဘုရားအစီအရင်အား အလွယ်လေး ခင်းကျင်းနိုင်လေပြီ။ သူ့အနေနှင့် အနည်းငယ် ထပ်လေ့ကျင့်လိုက်ပါက အဆင့် ၄ နတ်ဘုရားအစီအရင်ကိုပါ ခင်းကျင်းနိုင်မည် ဖြစ်၏။

အဆင့်နိမ့် နတ်ဘုရားကျောက်များဖြင့် ရွိုက်ကောက အဆင့် ၉ ထိပ်ဆုံးသို့ ရောက်ရှိသွားသလို တာ့ဟွမ်သည်လည်း ဖီကာရွှံ့စေးဖြင့် အပြည့်အဝ ပေါင်းစပ်နိုင်သွားပြီ ဖြစ်သည်။ သူက ကနဦး နတ်ဘုရားအဆင့်ကို ရောက်ရှိဖို့ရာ ‌ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။

ချူယို့ လက်ဆောင်ပေးထားသည့် အဆင့်မြင့် နတ်ဝိညာဉ်သွေးကြောကို ထာဝရကမ္ဘာထဲ၌ ထည့်ထားလိုက်သည်။ ထိုနေရာမှာ သူ ကျင့်ကြံသော နေရာ ဖြစ်လာမည်။

ဤအဆင့်မြင့် နတ်ဝိညာဉ်သွေးကြောသည် မိုဝူကျိ ရှိသမျှအထဲ အဖိုးတန်ဆုံး ဖြစ်၏။ ထို့ကြောင့် သူက ပညာရှိတာအိုအဆောင်အား ဤဝိညာဉ်သွေးကြောပေါ်တွင် သန့်စင်ဖို့ရာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

ပညာရှိတာအိုအဆောင်ကို သူ ရရှိလာကတည်းက ထာဝရကမ္ဘာထဲ  အမြဲပိတ်လှောင်ထားခြင်း ဖြစ်၏။ ယခင် ပညာရှိတာအိုအဆောင်ကို သန့်စင်စဉ်အခါက သူက အင်မော်တယ် ဧကရာဇ်အဆင့်မျှသာ ရှိသေးသည်။

ယခု သူက ကနဦး နတ်ဘုရားအဆင့် ၃ သို့ ရောက်လာပြီ ဖြစ်ရာ ယခင်ကထက် မည်မျှ အားကောင်းလာပြီနည်း။

မိုဝူကျိက ကနဦး နတ်ဘုရားအဆင့် ၃ တွင် ရှိနေသော်လည်း သူ့တွင် အလွန် အားကောင်းသည့် အသိစိတ်ပင်လယ်နှင့် စိတ်စွမ်းအားတို့ ရှိနေသည် မဟုတ်ပါလော။ ထိုအရာများမှာ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူပင် ယှဉ်ပြိုင်၍ မရနိုင်ပေ။ သူ့စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားလည်း ရှိနေသေးသည့်အတွက် မိုဝူကျိက ဒုတိယအလွှာကို သန့်စင်ဖို့ရာ ယုံကြည်ချက် ပြည့်ဝနေသည်။

ပညာရှိတာအိုအဆောင်၏ ဒုတိယအတားအဆီးပေါ်ရှိ အဆုံးမဲ့ အဆောင်သင်္ကေတများစွာထံ စိတ်စွမ်းအား ပို့လွှတ်လိုက်သည်။ အဆောင်သင်္ကေတ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး မိုဝူကျိ၏ စိတ်အတွင်း ဝင်ရောက်လာသည်။ မိုဝူကျိက ပထမအလွှာကို သန့်စင်ဖူးထားသည့်အတွက် သူ့စိတ်စွမ်းအားကို ထိုအဆောင်သင်္ကေတများအား စတင် မွမ်းမံလိုက်တော့သည်။

မိုဝူကျိ၏ အစီအစဉ်အရ ယခု သူ လုပ်ဖို့ လိုအပ်နေသည့်အရာမှာ ဒုတိယအလွှာရှိ အဆောင်သင်္ကေတများကို မွမ်းမံရန် ဖြစ်၏။ သိပ်မကြာခင် သူ့စိတ်စွမ်းအားက ဒုတိယအလွှာကို သန့်စင်နိုင်သွားလိမ့်မည်။

မိုဝူကျိ၏ စိတ်စွမ်းအားက မွမ်းမံနှုန်းကို မြင့်တင်နေသောကြောင့် တချို့သော အဆောင်သင်္ကေတများက မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်း ပြေးဝင်လာကြသည်။

မိုဝူကျိက အချိန်မီ မတုံ့ပြန်နိုင်ခင် သူ့အသိစိတ်ပင်လယ်က ထိန်းချုပ်ခြင်း ကင်းမဲ့စွာ အပြင်းအထန် တုန်ခါနေတော့သည်။ နောက်အခိုက်အတန့်လေး၌ မိုဝူကျိက သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ သူ့စိတ်စွမ်းအားကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်၏။ သူ့အသိစိတ်ပင်လယ် တုန်ခါလာသောကြောင့် သူ့ပညာရှိတာအိုအဆောင်အား သန့်စင်နေသည့် လုပ်ငန်းစဉ်အား ရပ်တန့်လိုက်ရတော့၏။

သဘာဝကျီဆေးလုံး တချို့ကို သောက်သုံးပြီးနောက် မိုဝူကျိ၏ တုန်ခါနေသော အသိစိတ်ပင်လယ်မှာ ငြိမ်သက်လာလေ၏။

မိုဝူကျိက ပညာရှိတာအိုအဆောင်ကို တုန်လှုပ်စွာ ကြည့်လိုက်မိသည်။ သူက ပညာရှိတာအိုအဆောင်၏ ဒုတိယအလွှာကို သန့်စင်စရုံမျှ ဖြစ်၏။ ဤအချိန်လေးအတွင်း သူ့အသိစိတ်ပင်လယ်အတွင်းရှိ ခရမ်းရေကန်မှာ ထိပ်တန်းအဆင့် အဆောင်နှစ်ရွက်၏ တိုက်ခိုက်မှုကို ခံနေရသည်။

သူ အားအနည်းဆုံးအချိန် သူ့အား လုပ်ကြံခြင်းနှင့် ညီမျှပေသည်။ ထိုနတ်ဘုရား အဆောင်နှစ်ခုက သူ့အား သွေးတစ်ပွက် အန်အောင် လုပ်နိုင်ခဲ့ပြီး ကြီးကြီးမားမား ဒဏ်ရာမပေးခဲ့ပေ။ ဤသည်မှာ သူ့အသိစိတ်ပင်လယ်က အလွန်အားကောင်းနေသည့် အတွက်ကြောင့် ဖြစ်သည်။ အကယ်၍ တခြားကျင့်ကြံသူ ဖြစ်နေပါက ထိုအဆောင်နှစ်ရွက်က အသိစိတ်ပင်လယ်အား တစ်စစီ လုပ်ပစ်ပေလိမ့်မည်။

မိုဝူကျိအနေနှင့် ပညာရှိတာအိုအဆောင် ဒုတိယအလွှာမှ အဆောင်များ ဆင်းသက်လာကြောင်း  ပိုမို သေချာသွားတော့သည်။ သူ့အား တိုက်ခိုက်သည့် အဆောင်များမှာလည်း ပညာရှိတာအိုအဆောင်မှ ဆင်းသက်လာခြင်း ဖြစ်ရမည်။

မိုဝူကျိက ဒုတိယအလွှာကို ခဏတာမျှသာ သန့်စင်ဖို့ ကြိုးစားရသေး၏။ ဤအချိန်တိုလေးအတွင်း မိုဝူကျိက တစ်စုံတစ်ခုကို နားလည်သွားသည်။ အကယ်၍ သူ့အသိစိတ်ပင်လယ်ကို အသုံးပြု၍ ပညာရှိတာအိုအဆောင်အား ဖြည်းဖြည်းချင်း မွမ်းမံလျှင် တိုက်ခိုက်မှုများကို ခံရမည် မဟုတ်ပေ။

သို့သော်လည်း မိုဝူကျိက မဖြစ်နိုင်ကြောင်း သိလိုက်၏။ အကယ်၍ သူသာ မွမ်းမံနှုန်းကို မတိုးမြင့်လျှင် သူ့အနေနှင့် ဒုတိယအလွှာ မွမ်းမံသန့်စင်ဖို့ရာ နှစ်ရာချီ ကြာမြင့်ပေမည်။

မိုဝူကျိက တစ်လွှာကို သန့်စင်ရုံမျှဖြင့် နှစ်ရာချီ မဆိုထားနှင့်။  နှစ်တချို့ပင် မကြာလိုပေ။

အကယ်၍ သူ့တွင် ထာဝရကမ္ဘာ မရှိပါက ပညာရှိတာအိုအဆောင်အား သန့်စင်ဖို့ရာ မေ့ထားရတော့မည် ဖြစ်၏။ သူ့ထာဝရကမ္ဘာအတွင်း မိုဝူကျိက အကြံကလွဲ၍ ဘာမှမရှိချေ။

လော့ကျမ်းစာရွက် ခြောက်ရွက်က သူ့အသိစိတ်ပင်လယ်အား ဆက်တိုက် ကာကွယ်ပေးထားသည်။ မိုဝူကျိ၏ စိတ်စွမ်းအားက နောက်တစ်ကြိမ် ဝင်ရောက်ဖို့ ကြိုးစားလိုက်သည်။

သူက ဒုတိယအလွှာ အတားအဆီးအား သန့်စင်နှုန်း တိုးမြှင့်နိုင်သည်နှင့် တိုက်ခိုက်ရေး အဆောင်များက အပြေးအလွှား ရောက်လာကြသည်။ မိုဝူကျိ ခန့်မှန်းထားသည်နှင့် ကွက်တိ ဖြစ်၏။ ထိုအဆောင်များတွင် အဆင့် ၉ အင်မော်တယ် အဆောင်များ ပါရှိသလို အများစုမှာ အဆင့် ၁ နတ်ဘုရားအဆောင်များ ဖြစ်ကြသည်။ ရံဖန်ရံခါ၌ အဆင့် ၂ နတ်ဘုရားအဆောင်များပါ ပါလာတတ်သည်။

မိုဝူကျိ၏ စိတ်စွမ်းအားက နောက်တစ်ကြိမ် အမြန်နှုန်းကို မြင့်လိုက်သည်။ သူက သန့်စင်ဖို့ မြန်မြန် ကြိုးစားလေလေ ပညာရှိတာအိုအဆောင်၏ တိုက်ခိုက်မှုများက ပို၍ အားကောင်းလာလေလေ ဖြစ်၏။

လော့ကျမ်းစာရွက် ခြောက်ရွက်က မိုဝူကျိအား ကာကွယ်ပေးထားသည့် အတွက် ပညာရှိတာအိုအဆောင်မှ တိုက်ခိုက်မှု အားလုံးမှာ ထိရောက်မှု မရှိပေ။ အဆိုးဆုံးအခြေအနေမှာ သူ့အသိစိတ်ပင်လယ် အနည်းငယ် တုန်ခါလာမှုသာ ဖြစ်၏။

ရက်အနည်းငယ်အတွင်း မိုဝူကျိက ငါးပုံတစ်ပုံအထိ သန့်စင်နိုင်ခဲ့သည်။

မိုဝူကျိအတွက် အတော်လေး စိတ်ကျေနပ်စရာ ကောင်းနေသည်။ အကယ်၍ လော့ကျမ်းစာရွက်ကြောင့်သာ မဟုတ်လျှင် သူ့အနေနှင့် ဤအခြေအနေအထိ ရောက်ရှိလာဖို့ နှစ်အနည်းငယ် ကြာမြင့်လောက်၏။

သူ့အသိစိတ်ပင်လယ်က အရမ်းကို တောင့်တင်းကြံ့ခိုင်ပြီး ပညာရှိတာအိုအဆောင်၏ တိုက်ခိုက်မှုကို ခံရပြီးသည့်နောက်တွင်ပင် အနည်းငယ်မျှသာ တုန်ခါတော့သည်။ ကြည့်ရတာ သူ့အနေနှင့် ပညာရှိတာအိုအဆောင် သန့်စင်နှုန်း ဆက်လက် တိုးမြှင့်နိုင်သေးပုံ ရ၏။

မိုဝူကျိ၏ စိတ်စွမ်းအားနှင့် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း၏ စိတ်စွမ်းအားတို့က ရေကာတာမှ ထွက်လာသည့် ပင်လယ်ရေအလား စီးဆင်းလာသည်။ အဆောင်သင်္ကေတများကလည်း ဆက်တိုက် များပြားလာသည်။ တူညီလှစွာ မိုဝူကျိ၏ အသိစိတ်ပင်လယ်အပေါ် တိုက်ခိုက်မှုများကလည်း တိုးလာလေ၏။

တိုက်ခိုက်မှုတိုင်းကို လော့ကျမ်းစာရွက်မှ ကာကွယ်ပေးထားသောကြောင့် မိုဝူကျိအား ပို၍ စိတ်ချသွားစေသည်။ လော့ကျမ်းစာရွက် အကူအညီဖြင့် သူက သန့်စင်နှုန်းကို တိုးမြင့်နိုင်ဆဲ ဖြစ်၏။

သို့သော်လည်း သူ့စိတ်စွမ်းအားက ကန့်သတ်ချက်ကို ရရှိသွားပြီး သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှာလည်း အသုံးပြုနေပြီးသား ဖြစ်နေလျှင် သူ့အနေနှင့် အမြန်နှုန်းကို မည်သို့ တိုးမြင့်နိုင်တော့မည်နည်း။

အကယ်၍ သူ့စိတ်စွမ်းအားက သန့်စင်နေစဉ် သူက  ပညာရှိတာအိုအဆောင်ကို အရင်ဦးစွာ တိုက်ခိုက်လိုက်လျှင် မည်သို့ ဖြစ်လာမည်နည်း။ မည်သိုပင် ဆိုစေကာမူ သူ့တွင် လော့ကျမ်းစာရွက် ရှိနေသေးသည် မဟုတ်ပါလော။ ထို့ကြောင့် ပညာရှိတာအိုအဆောင်၏ တိုက်ခိုက်မှုများက မည်မျှ အားကောင်းစေကာမူ ဒဏ်ရာအပြင်းအထန် ရလာမည် မဟုတ်ပေ။ သူက ပထမအလွှာကို သန့်စင်စဉ်အခါက ခွန်းဝူဓားနှင့် တိုက်ခိုက်သကဲ့သို့ ဖြစ်သည်။

မိုဝူကျိက ထိုအတွေးဖြင့် ခွန်းဝူဓားကို ဆွဲထုတ်လိုက်ပြီး ဒုတိယအလွှာ အတားအဆီးကို ရိုက်ချပစ်လိုက်သည်။

တစ်ချက်တည်းဖြင့် ထိုအဆုံးမဲ့ အဆောင်သင်္ကေတများက ချက်ချင်း ပျောက်ကွယ်သွားသည်။ မိုဝူကျိက ရေတွေ စုပ်ယူနေသည့် ဝေလငါးကြီးအလား ထိုအဆောင်အားလုံးကို ယူကာ သန့်စင်ပစ်လိုက်သည်။

“ ဝုန်း ” မိုဝူကျိ ရှေ့မှောက်၌ မီးခိုးရောင်နှင့် အဖြူရောင် တည်နေရာ တစ်ခု ပေါ်လာသည်။ ထိုတည်နေရာတွင် အဆောင်သင်္ကေတ အမျိုးမျိုး ရှိရုံသာမက အဆောင်များကလည်း ထိုမှ ဆင်းသက်လာကြသည်။

ဒုတိယအလွှာကို သန့်စင်ပြီးသွားပြီလား ….

မိုဝူကျိက ပျော်ရွှင်မိနေသည်။ တစ်လမရှိသေးသည့် အချိန်လေးအတွင်း သူက ပညာရှိတာအိုအဆောင် ဒုတိယအလွှာကို သန့်စင်နိုင်ခဲ့သည်လား။ သူက ပထမအလွှာကို သန့်စင်ခဲ့စဉ်အခါက နှစ်ဝက်ခန့်ပင် အချိန်ယူခဲ့ရသည်။

မကြာခင် မိုဝူကျိက အသိပြန်ဝင်လာလေ၏။ နောက်ဆုံးတွင် သူက ဒုတိယအလွှာကို သန့်စင်ပြီးသွားကြောင်း အတည်ပြုလိုက်နိုင်သည်။ ထိုရလဒ်မှာ သူ့ကြောင့် မဟုတ်ဘဲ လော့ကျမ်းစာရွက်နှင့် ခွန်းဝူဓားတို့ကြောင့် ဖြစ်ပေသည်။ တစ်ခုကို ကာကွယ်ရေးအတွက် အသုံးပြုစဉ် နောက်တစ်ခုကို တိုက်ခိုက်ရေးအတွက် အသုံးပြုထားသည့်အတွက် ပညာရှိတာအိုအဆောင်က ဘာမှမလုပ်နိုင်ခြင်း ဖြစ်သည်။

ထိုနည်းလမ်းကို အသုံးချ၍ သူက တတိယအလွှာနှင့် စတုတ္ထအလွှာအထိ သန့်စင်ကောင်း သန့်စင်နိုင်ဦးမည်။

မိုဝူကျိက တုံ့ဆိုင်းမနေဘဲ တတိယအလွှာ အတားအဆီးကို ခွန်းဝူဓားနှင့် ရိုက်ချပစ်လိုက်သည်။ သူက တတိယအလွှာကို ချက်ချင်း သန့်စင်လိုက်၏။ မိုဝူကျိက ဒုတိယအလွှာမှ အဆောင်များသည် အများဆုံး အဆင့် ၁ နတ်ဘုရားအဆောင်မျှသာ ဖြစ်ကြပြီး ရံဖန်ရံခါ၌ အဆင့် ၂ နတ်ဘုရားအဆောင်များ ထွက်လာတတ်သော်လည်း သူ လိုချင်သည့်အရာနှင့် အလှမ်းကွာနေသေး၏။

……………….....

ခြောက်လကြာမြင့်ပြီးနောက် မိုဝူကျိက ထာဝရကမ္ဘာအတွင်းမှ မောပန်းနွမ်းလျနေသည့်ဟန်ဖြင့် ထွက်လာသည်။

ထိုခြောက်လလုံးလုံး မိုဝူကျိက သူ့ခွန်းဝူဓားနှင့် အတားအဆီးကို အသည်းအသန် တိုက်ခိုက်နေခဲ့ရသည်။ လက်ရှိ သူ့စိတ်စွမ်းအားက အဆောင်သင်္ကေတများကို အတားအဆီးမရှိ သန့်စင်နေပြီ ဖြစ်၏။ ဤမျှအင်အား စိုက်ထုတ်ပြီးသွားနောက် တတိယအလွှာမှာ သန့်စင်ပြီးသွားလေတော့သည်။

မိုဝူကျိက ဒုတိယအလွှာကို သန့်စင်ဖို့ရာ တစ်လအချိန်ယူခဲ့ရပြီး တတိယအလွှာကို သန့်စင်ဖို့ရာ ငါးလတာမျှ အချိန်ယူခဲ့ရသည်။

မိုဝူကျိက စတုတ္ထအလွှာကို ဆက်လက်၍ မသန့်စင်တော့ပေ။ အကြောင်းမှာ  သူက တတိယအလွှာလေးကို သန့်စင်နိုင်ခဲ့ရုံမျှ ဖြစ်၏။

ပညာရှိတာအိုအဆောင်အပေါ် နားလည်နိုင်စွမ်းအရ သူက စတုတ္ထအလွှာကို သန့်စင်ဖို့ရာ နှစ်များစွာ လိုအပ်ပေမည်။ သူက ခွန်းဝူ ဓားအသိ၏ ပထမအလွှာကိုသာ သန့်စင်ပြီးသေးသည့်အတွက် ဖြစ်၏။ အကယ်၍ သူက ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင်ပင် ပညာရှိတာအိုအဆောင်၏ စတုတ္ထအလွှာမှာ လှုပ်တောင် လှုပ်မည် မဟုတ်ပေ။

နောင်အခါ သူက ခွန်းဝူ ဓားအသိ၏ ဒုတိယအလွှာ သို့မဟုတ် တတိယအလွှာအထိ သန့်စင်နိုင်သည့်အခါ သူ့အနေနှင့် ပညာရှိတာအိုအဆောင်၏ စတုတ္ထအလွှာကို သန့်စင်နိုင်ပေမည်။

နောက်ဆုံးတွင် မိုဝူကျိက သူ စောင့်ဆိုင်းနေသည် ဖြစ်သော အဆင့် ၄ တည်နေရာ ရွှေ့ပြောင်းအဆောင်ကို ရရှိလာသည်။ သူက အဆင့် ၃ တည်နေရာရွှေ့ပြောင်း အဆောင်ခုနစ်ခုကိုလည်း ရလာခဲ့သည်။

မိုဝူကျိ အလိုချင်ဆုံးအရာမှာ အဆင့် ၄ တည်နေရာ ရွှေ့ပြောင်းအဆောင် ဖြစ်၏။ ဤသည်မှာ တခြားသော အဆင့် ၄ ကာကွယ်ရေး အစီအရင်များထက် ကျော်လွန်နေပေသည်။

မိုဝူကျိက ချူယို့ကို ကယ်တင်ပြီးနောက် ဝမ်ချွမ်းတာအိုကျောင်းတော်က ပိတ်ဖမ်းမည်ကို စိုးရိမ်မိနေသည်။ ယခင် သူ ကြားသလောက် ဝမ်ချွမ်းတာအိုကျောင်းတော်၏ ကာကွယ်ရေး အစီအရင်မှာ နတ်ဘုရားနယ်မြေရှိ အားအကောင်းဆုံး ကာကွယ်ရေး အစီအရင်များထဲမှ တစ်ခု ဖြစ်ပေသည်။ တကယ်တော့ နတ်ဘုရားနယ်မြေ တစ်ခုလုံး၌ ထိပ်ဆုံးငါးခုထဲ ပါဝင်နေသေး၏။

နတ်ဘုရားနယ်မြေ၌ နတ်ဘုရားဆင့်ကဲခြင်း ဂိုဏ်းသည် အားအကောင်းဆုံး ကာကွယ်ရေး အစီအရင်ရှိသည့် ဂိုဏ်းဖြစ်၏။ သူတို့ တစ်ဂိုဏ်းတည်းက  အဆင့် ၅ ကာကွယ်ရေး အစီအရင်ကို ပိုင်ဆိုင်ထားကြသည်။

နတ်ဘုရားဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းမှ လွဲ၍ ကျန်သော ဂိုဏ်းအားလုံးမှာ အဆင့် ၄ ကာကွယ်ရေး အစီအရင်သာ ရှိကြ၏။ ကောလာဟလများအရ ဝမ်ချွမ်းတာအိုကျောင်းတော်၏ ကာကွယ်ရေး အစီအရင်မှာ အဆင့် ၅ တစ်ပိုင်း ကာကွယ်ရေး အစီအရင် ဖြစ်နေသည်။

မိုဝူကျိ အမြင်အရ အဆင့် ၅ တစ်ပိုင်း ကာကွယ်ရေး အစီအရင်မှာလည်း အဆင့် ၄ ကာကွယ်ရေး အစီအရင်မျှသာ ရှိနေသေး၏။

ပညာရှိတာအိုအဆောင်မှ ဆင်းသက်လာသည့် အဆင့် ၄ တည်နေရာ ရွှေ့ပြောင်းအဆောင်မှာ အဆောင်ဆရာတိုင်း လုပ်နိုင်သည့် အရာမျိုး မဟုတ်ပေ။ အဆောင်ဆရာများ ပြုလုပ်ထားသည့် အဆင့် ၅ တည်နေရာ ရွှေ့ပြောင်းအဆောင်တချို့ပင် ယှဉ်နိုင်မည် မဟုတ်ပေ။

မိုဝူကျိက အဆင့် ၅ တည်နေရာ ရွှေ့ပြောင်းအဆောင်သည် မည်မျှ ရှားပါးသောအရာ ဖြစ်ကြောင်း ကောင်းကောင်းသိထား၏။ တစ်ခုတည်းသော နောင်တမှာ မိုဝူကျိက သူ လိုချင်သည့် တိုက်ခိုက်ရေး အဆောင်မျိုး တစ်ခုပင် မတွေ့ခဲ့ခြင်း ဖြစ်သည်။

သူ လိုအပ်သော အဆောင်များဖြင့် ပထမခြေလှမ်း ပြီးဆုံးသွားကြောင်း ပြောနိုင်ပေသည်။ သူက ကနဦး နတ်ဘုရားအဆင့် သို့မဟုတ် ကောင်းကင် နတ်ဘုရားအဆင့်တို့နှင့် ရင်ဆိုင်ဖို့ သွားရမည် မဟုတ်ပေ။ သူ့က နတ်ဘုရားဘုရင်နှင့် ရင်ဆိုင်နိုင်ရချေရှိ၏။ ထို့ကြောင့် ဝမ်ချွမ်းတာအိုကျောင်းတော်ဆီ မသွားခင် မိုဝူကျိက နောက်ဆုတ်ဖို့ လမ်းကြောင်းကိုပါ ကောင်းကောင်း စီစဉ်ထားရမည်။

လွတ်မြောက်ရေး အဆောင်မှာ သူ့အစီအစဉ်၏ ငါးပုံတစ်ပုံမျှသာ ဖြစ်၏။ သူက တတိယအလွှာအထိ သန့်စင်နိုင်ခဲ့သောကြောင့် အဆင့် ၃ ဖုံးကွယ်ရေး အစီအရင်တချို့ပါ ရရှိလိုက်သည်။ ဆိုလိုသည်မှာ သူက ဖုံးကွယ်ရေး အဆောင်များကို ထပ်ရှာနေဖို့ မလိုတော့ပေ။ ဖုံးကွယ်ရေး အဆောင်များဖြင့် သူက ချူယို့အနားထိ သွားနိုင်လိမ့်မည်။ ရွှေ့ပြောင်းအဆောင်ဖြင့် သူက ထွက်ပြေးနိုင်လိမ့်မည် ဖြစ်သောကြောင့် တစ်ခုမှ လွဲမှားနေ၍ မဖြစ်ပေ။

ချူယို့ကို အပြစ်ပေးကျောက်တိုင်တွင် ချည်နှောင်ထားပြီး ဝမ်ချွမ်းတာအိုကျောင်းတော်က သူမအား အချိန်တစ်ခုအထိ သတ်မည် မဟုတ်ပေ။ ထို့ကြောင့် သူက ထွက်ပြေးဖို့ အကြံအစည်ပါ  သေချာ တွေးထားရမည်။

………....

နှစ်လတာ ကုန်ဆုံးသွားပြီးနောက် မိုဝူကျိက အဆုံးမဲ့ စိမ့်စမ်းအိုင်ရှေ့ ပေါ်လာသည်။ သူက လျှို့ဝှက် ကူးသန်းရေး အစီအရင်တစ်ခု ခင်းကျင်းထား၏။ ဤတည်နေရာ အစီအရင်မှာ လူတစ်ယောက်ယောက်ကို ရွှေ့ပြောင်းပေးဖို့ရာ အလွန်သေးလွန်းသော်လည်း သူ့အနေနှင့် ကူးသန်းရေး အစီအရင် ကြီးကြီးမားမား မခင်းနိုင်သေးပေ။

မိုဝူကျိက ဤကူးသန်းရေး အစီအရင်ကိုသုံး၍ ထွက်ပြေးဖို့ရာ မတွေးထားပေ။ သူက နတ်ဘုရားဘုရင် တစ်ယောက်၏ တိုက်ခိုက်မှုကို မျက်မြင်ကိုယ်တွေ့ မမြင်ဖူးသော်လည်း ကူးသန်းရေး အစီအရင်နှင့် ထွက်ပြေးခြင်းသည် နတ်ဘုရားဘုရင်နှင့် ယှဉ်နိုင်မည် မဟုတ်ကြောင်း သေချာသိနေသည်။ သူက ဤကူးသန်းရေး အစီအရင်အတွက် တခြားအသုံးပြုစရာ ရှိပေသည်။ ထိုသည်မှာ သူ၏ ဒုတိယခြေလှမ်း ဖြစ်သည်။

***

All Chapters