မင်းဧကရာဇ် ချပ်ဝတ်တန်ဆာ
Vol. 60 Ch. 831
အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့်ခေါင်းဆောင်ကြီး ထိုကဲ့သို့ အမျက်ချောင်းချောင်းထွက်နေစဉ် ဝမ်ပေါင်လဲ့မှာမူ ပျော်ရွှင်မြူးထူးကာ ကျေနပ်အားရနေ၏။ သူသည် သူ၏ သိုလှောင်အိတ်နှင့် ၎င်းထဲရှိ ပစ္စည်းများကို ကြည့်ရင်း ဘဝကြီးမှာ သာယာစိုပြည်လှကြောင်း တွေးနေမိတော့သည်။ သူသည် အချီကြီး ပွသွားခဲ့ပြီ မဟုတ်ပါလော။
သူ၏ တွက်ချက်မှုများမှာ မှန်ကန်ပေသည်။ သူသည် အများကြီး ထိခိုက်နစ်နာ ဆုံးရှုံးခဲ့ရပါသော်လည်း ပြန်လည်ရရှိခဲ့သည့် ပစ္စည်းများမှာ ပိုများနေ၏။ ထို့အပြင် သူသည် ရွှေလက်မှတ်တစ်စောင်ကိုလည်း ရရှိခဲ့သေးသည်။ သို့ဖြစ်ရာ သူသည် ဤဖြစ်ရပ်ကြီးထဲ၌ ဆုံးရှုံးသွားခဲ့ရသည့် အရာများကို ပြန်၍ အဖတ်ဆယ်နိုင်ရုံသာမက အကျိုးအမြတ်ပင် ရသွားခဲ့သည်ဟု ဆိုနိုင်ပေသည်။
" ငါ ရခဲ့တဲ့ ပစ္စည်းတွေကို သေသေချာချာ စိစစ်အကဲခတ်ပြီးရင် သုံးလို့ရမယ့် ပစ္စည်းတွေနဲ့ ရောင်းချရမယ့် ပစ္စည်းတွေကို ခွဲရမယ် " ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များ တက်ကြွနေပြီဖြစ်သည်။ ထို့နောက် သူသည် တင်ပျဥ်ခွေထိုင်ချကာ ပြုပြင်မှုလုပ်ငန်းများ အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်နေလိုက်တော့သည်။
ပထဦးဆုံးအနေနှင့် သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် ဓမ္မစစ်သင်္ဘောကြီးတို့ကို ပြုပြင်ရမည်ဖြစ်သည်။ ထို ချပ်ဝတ်တန်ဆာကြီးနှင့် ဓမ္မစစ်သင်္ဘောကြီးတို့ နှစ်ခုစလုံးမှာ ကိုးဆယ်ရာခိုင်နှုန်းတိတိ ထိခိုက်ပျက်စီးသွားခဲ့ရသည် မဟုတ်ပါလော။ အကယ်၍ ဝမ်ပေါင်လဲ့မှာ ကုန်ကြမ်းပစ္စည်း အလုံအလောက် ပိုင်ဆိုင်ထားခြင်းမရှိပါက မည်မျှပင် စိတ်အားထက်သန်နေစေကာမူ ၎င်းတို့အား ပြုပြင်နိုင်မည်မဟုတ်ပေ။ သို့သော် ယခုတွင်မူ သူသည် ကျောက်တုံးဝါးပင် အလုံအလောက် ပိုင်ဆိုင်ထားသောကြောင့် အခြေအနေများမှာ မတူတော့ပေ။ သူသည် ၎င်းတို့အား အသုံးပြု၍ ဓမ္မစစ်သင်္ဘောကြီးအား အကောင်းအတိုင်းပြန်ဖြစ်အောင် ပြုပြင်နိုင်ပေသည်။
သူ၏ သိုလှောင်အိတ်ထဲမှ ပစ္စည်းအချို့မှာလည်း ထို ပြုပြင်ရေးလုပ်ငန်းများ၏ အမြန်နှုန်းအား မြှင့်တင်ပေးနိုင်ပေသည်။ ထိုသို့ဖြင့် သူသည် သူ၏ အဆောင်ပစ္စည်း သန့်စင်ခြင်းစွမ်းရည်များကို အသုံးပြုကာ ဓမ္မစစ်သင်္ဘောကြီးအား အလျင်အမြန် ပြုပြင်လိုက်၏။ ထို့နောက် ဒုတိယမြောက် အရေးအကြီးဆုံးမှာ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ပြုပြင်ရန် ဖြစ်သည်။
နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး ယခုကဲ့သို့ ထိခိုက်ပျက်စီးသွားခဲ့ရသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ဆောင်ရွက်ရမည့် အရာများကို သိရှိထားပြီးသား ဖြစ်သည်။ ထို ချပ်ဝတ်တန်ဆာကြီးအား ပြုပြင်နိုင်သည့် အကောင်းဆုံးနည်းလမ်းမှာ ဝိညာဉ်ချီများကို အသုံးပြုခြင်း ဖြစ်ပေသည်။ သူသည် အဆုံးမဲ့မျိုးနွယ်စုစစ်တပ်၏ ဂိုဒေါင်ထဲမှ ရရှိခဲ့သော ပစ္စည်းများအားလုံးကို သူ၏ သိုလှောင်အိတ်ထဲသို့ ပြောင်းထည့်ခဲ့ပြီးဖြစ်ရာ ယခုတွင် အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး အမြောက်အမြား ပိုင်ဆိုင်ထားပြီးဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူဌေးသူကြွယ် တစ်ယောက်ကဲ့သို့ ထိုပစ္စည်းများကို အသုံးပြုခဲ့၏။ အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးများအား အမှုန့်ခြေကာ ပြုပြင်ရေး လုပ်ငန်းများထဲ၌ အသုံးပြုခဲ့သောကြောင့် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ အစိတ်အပိုင်းအချို့မှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်၌ ဖြည်းဖြည်းချင်း ပြန်လည်ပေါ်ပေါက်လာတော့သည်။ ရက်သတ္တပတ် တစ်ပတ်တိတိ ကုန်ဆုံးသွားပြီးနောက် အသစ်ပြန်လည်ပေါ်ပေါက်လာသည့် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားပြီ ဖြစ်သည်။ ထိုအချိန်တွင် ဓမ္မစစ်သင်္ဘောကြီး၏ ပြုပြင်မှုလုပ်ငန်းများမှာလည်း ပြီးစီးသွား၏။
သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် ဓမ္မစစ်သင်္ဘောကြီးတို့ နှစ်ခုစလုံးမှာ အကောင်းအတိုင်း ပြန်ဖြစ်သွားပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာလည်း သူ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများကို အပြည့်အဝ ပြန်လည်ပိုင်ဆိုင်သွားပြီဖြစ်သည်။ ထို ပြုပြင်ရေးလုပ်ငန်းများအတွက် သူအသုံးပြုခဲ့ရသည့် ကုန်ကြမ်းပစ္စည်း ပမာဏမှာ သူ ရှာဖွေစုဆောင်းမိခဲ့သော ပစ္စည်းများ၏ သုံးပုံပုံ တစ်ပုံခန့်သာ ရှိပေသည်။
ထို ပြုပြင်မူလုပ်ငန်းများ ပြီးဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ တစ်ခေါင်းလုံး ထူပူသွားအောင် ထပ်၍ စဉ်းစားတွေးတောလိုက်ပြန်သည်။ သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် ဓမ္မစစ်သင်္ဘောကြီးတို့အား အကဲခတ်ကြည့်ရှုနေရင်း မျက်ဝန်းများ ထူးဆန်းစွာ တောက်ပသွား၏။ သူ တစ်ချိန်လုံး စဉ်းစားတွေးတောကာ ပုံဖော်ကြည့်နေခဲ့သည့် အကြံအစည်တစ်ခုမှာ သူ၏ အတွေးထဲ၌ ပြန်လည်ပေါ်ပေါက်လာခြင်း ဖြစ်သည်။
" နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနဲ့ ဓမ္မစစ်သင်္ဘောကြီးကို တစ်သားတည်း ပေါင်းစည်းလို့ ရမလား မသိဘူး " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးရင်း အသက်ရှူသံများ မြန်ဆန်လာရ၏။ သူ၏ အသိစိတ်ထဲ၌ ထို အတွေးများ စိုးမိုးထားနေခဲ့သည်မှာ အချိန်အတော်အတန် ကြာမြင့်နေပြီဖြစ်သည်။ သူသည် ဓမ္မစစ်သင်္ဘောတစ်စင်း၏ အလုပ်လုပ်ပုံအား သိရှိနားလည်ထားသည် မဟုတ်ပါလော။ ၎င်းမှာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ပေါင်းစည်းကာ ထိုကျင့်ကြံသူ၏ တိုက်ရည်ခိုက်ရည်စွမ်းအားများကို မြှင့်တင်ပေးခြင်း ဖြစ်ပေသည်။
ယခင်တုန်းက သူသည် မည်မျှပင် ကြိုးစားခဲ့စေကာမူ ထိုသို့ ပေါင်းစည်းနိုင်စွမ်း မရှိခဲ့ပေ။ ထိုစဉ်တုန်းက သူ၏ ကျင့်ကြံခြင်းအဆင့်မှာ နှောင်းပိုင်း ဝိညာဉ်ကြားခံနယ်အဆင့်တွင်သာ ရှိနေခဲ့သောကြောင့် သူ၏ လက်ရှိ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံခြင်းအဆင့်နှင့်ယှဉ်လိုက်ပါက နိမ့်ကျနေခဲ့သည် မဟုတ်ပါလော။
" ငါ့ရဲ့ ချပ်ဝတ်တန်ဆာကြီးကို ဓမ္မစစ်သင်္ဘောကြီးနဲ့ ပေါင်းစည်းနိုင်မယ့် နည်းလမ်းနှစ်ခု ရှိတယ်။ ပထမနည်းလမ်းက အဲဒီ ဓမ္မစစ်သင်္ဘောကြီးကို ငါ လိုအပ်ချက်တွေ အကုန်လုံးနဲ့ ပြည့်စုံနေပြီလို့ ယုံကြည်သွားအောင် လှည့်စားဖို့ပဲ။ ဒုတိယနည်းလမ်းက... အဲဒီ ဓမ္မစစ်သင်္ဘောကြီးရဲ့ အတွင်းပိုင်းတည်ဆောက်ပုံတွေကို ပြောင်းလဲပြီတော့ လိုအပ်ချက်တွေကို လျှော့ချဖို့ပဲ " ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောသွား၏။ ဒုတိယနည်းလမ်းမှာ ပထမနည်းလမ်းထက် အများကြီး ပိုခက်သည်ဟု သူက ခံစားနေရသည်။ သူသည် ဓမ္မစစ်သင်္ဘောကြီးများအကြောင်း အနည်းအကျဉ်းခန့် သိရှိနားလည်ထားပါသော်လည်း ၎င်းတို့၏ တည်ဆောက်ပုံအား ပြုပြင်ပြောင်းလဲနိုင်လောက်သည့်အထိ ကျွမ်းကျင်မှု မရှိသေးပေ။ သို့ဖြစ်ရာ ဓမ္မစစ်သင်္ဘောတစ်စင်းအား တည်ဆောက်နိုင်စွမ်း မရှိသေးပါက ထိုကဲ့သို့သော စစ်သင်္ဘောကြီးများ၏ တည်ဆောက်ပုံအား ပြုပြင်မွမ်းမံနိုင်ရန် စိတ်ကူးထဲပင် မထည့်ထားသင့်ပေ။
" ဒီလိုဆိုမှတော့လည်း ပထမနည်းလမ်းပဲ ကျန်တော့တာပေါ့ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။
" ထာဝရဝိညာဉ်အဆင့်ကို အချိန်တိုလေးအတွင်း ရောက်နိုင်မယ့် ဖြတ်လမ်းနည်းဆိုလို့ တစ်ခုမှ ရှိမှာမဟုတ်ဘူး။ အဲတာမလို့ ငါက နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးကို ကြားခံပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲပစ်မှရမယ်။ အဲတာမှပဲ ငါက ဓမ္မစစ်သင်္ဘောကြီးနဲ့ ပေါင်းစည်းနိုင်မှာ "
" နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးကို ပိုအစွမ်းထက်လာအောင် လုပ်နိုင်မယ့် နည်းလမ်းတစ်ခုခု ဒါမှမဟုတ် ပစ္စည်းတစ်ခုခုများ ရှိမလား မသိဘူး " ဝမ်ပေါင်လဲ့မှာ သူ၏ သိုလှောင်အိတ်အား ဖွင့်ကာ အဖြေတစ်ခုခု တွေ့လိုတွေ့ငြား မွှေနှောက်ရှာဖွေနေတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ အဆုံးမဲ့မျိုးနွယ်စုစစ်တပ်၏ ဂိုဒေါင်ထဲမှ ခိုးယူလာခဲ့သည့် ပစ္စည်းများ၏ အကြောင်းများကို အကြမ်းဖျဉ်းခန့် သိရှိနားလည်ထားပြီးသား ဖြစ်သည်။ သူသည် တစ်ခုပြီးတစ်ခု လိုက်လံကြည့်ရှုနေရင်း နောက်ဆုံးတွင် အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးအချို့အား သတိထားမိသွား၏။ ထိုအခါ သူသည် မျက်ဝန်းများ အရောင်လက်သွားပြီး ထို ဝိညာဉ်ကျောက်တုံးများအား သူ၏ သိုလှောင်အိတ်ထဲမှ ထုတ်ယူကာ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား အဆင့်မြှင့်တင်နိုင်ရန် ကြိုးစားကြည့်လိုက်တော့သည်။ သို့သော် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် ပေါင်းစည်းနိုင်သည့် ဝိညာဉ်ကျောက်တုံး အရေအတွက်မှာ အကန့်အသတ်နှင့် ရှိပေသည်။ သို့ဖြစ်ရာ ထို အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးများမှာ အလွန်အင်မတန်မှ အဖိုးတန်သည့်တိုင်အောင် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား နောက်ထပ်တစ်ဆင့်သို့ မြှင့်တင်ပေးနိုင်စွမ်း မရှိပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မချင့်မရဲဖြစ်လာရပြီး အပြင်ထွက်ကာ ဈေးထဲရှိ ဈေးဆိုင်များဆီသို့ သွားရန် ဆုံးဖြတ်လိုက်၏။ သူသည် ရှဲ့ဟေးရန်ဆီမှလည်း အကြံဉာဏ်များ တောင်းနိုင်ပေသည်။ ထိုသို့ဖြင့် သူ အပြင်ထွက်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ ခေါင်းထဲ၌ အတွေးတစ်ခုပေါ်ပေါက်လာ၏။ ထို့နောက် သူသည် သူ၏ သိုလှောင်အိတ်ထဲရှိ သလင်းကျောက်နီများအား ကြည့်ရှုလိုက်တော့သည်။ ၎င်းတို့မှာ သူ၏ လက်ချောင်းအရွယ်အစားခန့်ရှိပြီး သူ၏ သိုလှောင်အိတ်ထဲ၌ အတုံးရေ တစ်သောင်းကျော်အထိ ရှိနေကြ၏။
" သလင်းကျောက်နီတွေ... " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး သူ၏ညာဘက်လက်ကို ဝှေ့ယမ်းကာ သလင်းကျောက်နီတစ်တုံးအား ထုတ်ယူလိုက်၏။ ထို့နောက် သူ၏ နတ်ဘုရားအာရုံမှာ ထို သလင်းကျောက်ထဲသို့ ဝင်ရောက်သွားသည်။ သို့သော် ၎င်း ရှေ့သို့ ဆက်မသွားနိုင်ခင်မှာပင် ထို သလင်းကျောက်ထဲမှ အားကောင်းသော စွမ်းအားတစ်မျိုး ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ နတ်ဘုရားအာရုံအား နောက်သို့ တွန်းထုတ်လိုက်၏။ သို့ဖြစ်ရာ ၎င်းမှာ အထဲသို့ ဆက်မဝင်နိုင်တော့ပေ။
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်တောက်ပသွားတော့သည်။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ထို သလင်းကျောက်နီအား သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးပေါ်သို့ တင်ကာ ချပ်ဝတ်တန်ဆာကြီး၏ စုပ်ယူခြင်းစွမ်းအားများ အားလုံးကို ထုတ်သုံးလိုက်တော့သည်။ သို့သော် မည်သည့်အရာမှ ပြောင်းလဲသွားခြင်း မရှိပေ။ သလင်းကျောက်နီမှာ သက်ရှိတစ်မျိုးကဲ့သို့ ဖြစ်နေသည့်ပုံပင်။ ၎င်း၏ အတွင်းပိုင်းထဲတွင် အားကောင်းသော အသိစိိတ်တစ်မျိုး ကိန်းအောင်နေပြီး ထို သလင်းကျောက်အား ချပ်ဝတ်တန်ဆာကြီး၏ စုပ်ယူခြင်းကို မခံရအောင် ကာကွယ်တားဆီးပေးနေ၏။
" သလင်းကျောက်နီဆိုတာ ဘာလဲဟ " ဝမ်ပေါင်လဲ့မှာ အထူးတဆန်းဖြစ်သွားရ၏။ ထို့နောက် သူသည် မျက်လုံးများ မှေးသွားပြီး သူ၏ ယောက္ခမကြီး အိပ်ရာမှ နိုးထမလာစေရန် စိတ်ထဲတွင်ကျိတ်၍ ဆုတောင်းကာ တာအိုဂါထာတော်အား လေသံတိုးတိုးဖြင့် ရွတ်ဖတ်လိုက်တော့သည်။ တစ်အောင်ခန့်အကြာတွင် စကြဝဠာကြီး၏ အခြားတစ်ဖက်မှ အားကောင်းသော အငွေ့အသက်ကြီးတစ်ခုမှာ ဈေးထဲသို့ ဆင်းသက်လာ၏။
ထို့ကြောင့် ဈေးထဲရှိ လူတိုင်းမှာ ချက်ချင်းဆိုသလိုပင် တုန်လှုပ်ချောက်ချားသွားရ၏။ ရှဲ့ဟေးရန်မှာလည်း သူ၏ ဈေးဆိုင်ထဲ၌ လက်ဖက်ရည် သောက်နေရင်း သီးသွားရပြီး တအံ့တဩနှင့် ခေါင်းမော့ကြည့်မိလိုက်သည်။ ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးပေါ်၌ တင်ထားသော သလင်းကျောက်နီမှာ ခုခံတွန်းလှန်လိုစိတ်များအားလုံး ပျောက်ဆုံးသွားတော့သည်။ ၎င်း၏ စွမ်းအားများမှာ အနီရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးထဲသို့ စုပ်ယူခံလိုက်ရ၏။
ထိုအခါ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးထဲ၌ ကိန်းအောင်းနေသော ဝိညာဉ်ချီများမှာ သိသိသာသာ ပြောင်းလဲသွား၏။ ထို ဝိညာဉ်ချီနှစ်မျိုး၏ စွမ်းအားများမှာ မိုးနှင့်မြေလို ကွာခြားနေသည့်ပုံပင်။ ချပ်ဝတ်တန်ဆာကြီးထဲမှ ဝိညာဉ်ချီမှာ မြွေတစ်ကောင်ဆိုပါက အနီရောင်မြူခိုးများမှာ နဂါးကြီးတစ်ကောင် ကဲ့သို့ပင်။
ထို့ကြောင့် ချပ်ဝတ်တန်ဆာကြီးထဲမှ ဝိညာဉ်ချီများမှာ တဖြည်းဖြည်းနှင့် ကျုံ့ဝင်လာပြီး နောက်ဆုံးတွင် အနီရောင်မြူခိုးများကြောင့် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ အပြင်ဘက်သို့ တွန်းထုတ်ခံလိုက်ရတော့သည်။ ထို ဝိညာဉ်ချီများ လေထဲ၌ လွင့်ပါးပျောက်ကွယ်သွားသည့် အချိန်တွင် အနီရောင်မြူခိုးများမှာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးထဲရှိ နေရာအနှံ့သို့ ပျံ့လွင့်စီးဆင်းသွားကြ၏။ ထိုအခါ ယခင်တုန်းက ထို ချပ်ဝတ်တန်ဆာကြီးထဲ၌ ကိန်းအောင်းနေခဲ့သည့် စွမ်းအားများထက် ပို၍သာလွန်သည့် စွမ်းအားတစ်မျိုးမှာ စတင်ပေါ်ပေါက်လာတော့သည်။ ထို စွမ်းအားကြီးကြောင့် ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများပင် တစ်ခဏမျှ ရပ်တန့်သွားရ၏။
ထိုခံစားချက်ကြီးမှာ ခပ်လှမ်းလှမ်းရှိ ဂြိုဟ်ကြီးတစ်လုံးအား လှမ်းကြည့်ကာ ၎င်းဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များကို အာရုံခံနေရသကဲ့သို့ပင်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ သူသည် စဉ်းစားတွေးတောနေရန် အချိန်မရှိသောကြောင့် သလင်းကျောက်နီ အတုံးရေအနည်းငယ်ခန့် ထပ်၍ထုတ်ယူလိုက်ပြီး ၎င်းတို့အား ချပ်ဝတ်တန်ဆာကြီးပေါ်၌ တင်ကာ ချပ်ဝတ်တန်ဆာကြီးမှာ ၎င်းတို့အား အောင်မြင်စွာ စုပ်ယူနိုင်စွမ်းရှိမရှိ အကဲခတ်ကြည့်ရှုလိုက်၏။ မျက်စိတစ်မှိတ်အတွင်းတွင် ထို သလင်းကျောက်နီများမှာ ချပ်ဝတ်တန်ဆာကြီးနှင့် တစ်သားတည်း ပေါင်းစည်းသွားကြသည်။ ထိုသို့ဖြင့် သူသည် တာအိုဂါထာတော်၏ စွမ်းအားကြီး ပျောက်ကွယ်မသွားခင် သလင်းကျောက်နီ အတုံးနှစ်ဆယ်ခန့်အား ချပ်ဝတ်တန်ဆာကြီးနှင့် ပေါင်းစည်းသွားအောင် လုပ်နိုင်ခဲ့၏။ ယခုတွင် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ ဆက်လက်စုပ်ယူနိုင်စွမ်း မရှိတော့သဖြင့် ပေါက်ကွဲထွက်သွားတော့မည့်ပုံ ပေါက်နေတော့သည်။ ၎င်း၏ မျက်နှာပြင်ပေါ်တွင်လည်း သွေးကြောကြီးများ ပေါ်ပေါက်လာပြီဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ သန်းလာရ၏။ သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ စွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်တော့သည်။ ထိုအခါ ထို ချပ်ဝတ်တန်ဆာကြီးထဲမှ အလွန်အင်မတန်မှ အားကောင်းသော စွမ်းအားတစ်မျိုး ချက်ချင်းဆိုသလိုပင် ပေါက်ကွဲထွက်ပေါ်လာ၏။ အကယ်၍ သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးထဲမှ ထွက်ပေါ်နေသည့် စွမ်းအားများကို တစ်စုံတစ်ခုနှင့် နှိုင်းယှဉ်ပြရမည်ဆိုပါက ၎င်းမှာ ဂြိုဟ်တစ်လုံး၏ စွမ်းအားများနှင့် ဆင်တူနေသည်ဟု ဆိုနိုင်ပေသည်။ သို့သော် တစ်ချိန်ထဲမှာပင် ၎င်းမှာ ဂြိုဟ်တစ်လုံး၏ စွမ်းအားများတော့ မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ထိုကဲ့သို့သော စွမ်းအားမျိုးမှာ ဓမ္မစစ်သင်္ဘောကြီးတစ်စင်းနှင့် ပေါင်းစည်းနိုင်ရန် လိုအပ်သည့် လိုအပ်ချက်များနှင့် ပြည့်စုံနေမည်မှာ မလွဲဧကန်ပင်။
ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ သူ၏ညာဘက်လက်ကိုမြှောက်ကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီးနောက် အော်ဟစ် အမိန့်ပေးလိုက်တော့သည် " ဓမ္မစစ်သင်္ဘောကြီး။ ပေါင်းစည်းစေ "
သူသည် ထိုဓမ္မစစ်သင်္ဘောကြီးအား ကျောက်တုံးဝါးပင်များဖြင့် ပြုပြင်ခဲ့ပြီးနောက် သူ၏ သိုလှောင်အိတ်ထဲ၌ သိမ်းဆည်းထားခဲ့၏။ ၎င်းမှာ ဝမ်ပေါင်လဲ့ အမိန့်ပေးသံကို ကြားလိုက်ရသောအခါ အပြင်းအထန်တုန် ရီသွားသည်။ ထို ဓမ္မစစ်သင်္ဘောကြီးမှာ ယခင်တုန်းက ပုစဉ်းတစ်ကောင်ပုံစံ ဖြစ်နေခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့ သူ၏ အဆောင်ပစ္စည်းသန့်စင်ခြင်းပညာရပ်အား အသုံးပြုခဲ့ပြီးနောက် ၎င်းမှာ ကျိုင်းကောင်ကြီးအဖြစ် ပြောင်းလဲသွားခဲ့၏။ ယခုတွင် ထို ကျိုင်းကောင်ကြီးမှာ တစ်ကိုယ်လုံးတုန်ရီနေရင်း ပါးစပ်ဟကာ အော်ဟစ်မြည်တမ်းလိုက်သည်။ ထိုအခါ ၎င်း၏ အပြင်ခန္ဓာကိုယ်မှာ အနက်ရောင် အမျှင်အတန်းပေါင်း မြောက်မြားစွာအဖြစ် ပြောင်းလဲသွားကာ သူ၏ သိုလှောင်အိတ်ထဲမှ ထိုးထွက်လာပြီးနောက် ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်သွားကြ၏။
၎င်းတို့မှာ ဤအခိုက်အတန်သို့ ရောက်ရှိလာရန် တစ်ချိန်လုံ စောင့်ဆိုင်းနေခဲ့ရသည့်ပုံပင်။ ထို အနက်ရောင် အမျှင်အတန်းလေးများမှာ ဝမ်ပေါင်လဲ့အား ရစ်ပတ်သွားကြပြီနောက် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် ပေါင်းစည်းသွားကြ၏။ တစ်အောင့်ခန့် အကြာတွင်... ထာဝရဝိညာဉ်အဆင့် ဝိညာဉ်စွမ်းအင်တစ်မျိုး ပေါက်ကွဲထွက်ပေါ်လာသောကြောင့် တည်းခိုခန်းကြီး တစ်ခုလုံးမှာ တုန်ရီသွားရ၏။ ထို တည်းခိုခန်းကြီးအား မန္တန်အစီအရင်တစ်ခုဖြင့် ကာကွယ်ထားသည့်တိုင်အောင် ထိုကဲ့သို့ ရုတ်တရက်ဆိုသလို ပေါက်ကွဲထွက်ပေါ်လာသည့် စွမ်းအားများကြောင့် တည်းခိုခန်းထဲရှိ ကျင့်ကြံသူတိုင်းမှာ အံ့ဩတုန်လှုပ်သွားရဆဲပင်။
တည်းခိုခန်းထဲရှိလူတိုင်း အံ့ဩတုန်လှုပ်နေကြစဉ် ဝမ်ပေါင်လဲ့မှာ သူ၏အခန်းထဲ၌ ပြောင်းလဲမှုတစ်ခုနှင့် ကြုံတွေ့နေရပြီဖြစ်သည်။
သူ၏ အနက်ရောင်ဆံနွယ်များမှာ လေထဲတွင် မျောလွင့်နေပြီး အနက်ရောင် ချပ်ဝတ်တန်ဆာကြီးတစ်ခုမှာ သူ့အား ခေါင်းအစခြေအဆုံး လွှမ်းခြုံထား၏။ ထို ချပ်ဝတ်တန်ဆာကြီး၏ ရင်ဘတ်အကာပေါ်တွင် ကျိုင်းကောင်ကြီးတစ်ကောင်၏ ဦးခေါင်းအား ရေးထွင်းထားပြီး နောက်ကျောအကာပေါ်တွင်မူ အနက်ရောင်နဂါးကြီးတစ်ကောင်၏ ရုပ်ပုံအား ရေးထွင်းထားသည်။ သူ၏ မျက်နှာပေါ်တွင်မူ ရိုးစင်းသည့် အနက်ရောင် မျက်နှာဖုံးတစ်ခု ရှိနေ၏။ ထို့အပြင် ဆံပင်များနှင့်တူသည့် အနက်ရောင် အမျှင်အတန်းလေးများမှာလည်း ဝတ်ရုံတစ်ခုကဲ့သို့ သူ၏ ပတ်ပတ်လည်တွင် မျောလွင့်နေကြသေးသည်။
သို့ဖြစ်ရာ ထိုဂြိုဟ်ကြီးပေါ်သို့ စစ်နတ်ဘုရားတစ်ပါး ဆင်းသက်လာပြီး သေမင်းနတ်ဘုရားတစ်ပါး ပြန်လည်ရောက်ရှိလာသကဲ့သို့ပင်။
ဝမ်ပေါင်လဲ့ဆီမှ ထာဝရဝိညာဉ်အဆင့် ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေ၏။ ထို ဝိညာဉ်စွမ်းအင်များမှာ အစောပိုင်း ထာဝရဝိညာဉ်အဆင့်တွင်သာ ရှိနေသေးပါသော်လည်း ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည့် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတိုင်းမှာ အံ့ဩတုန်လှုပ်သွားရမည့်သာဖြစ်သည်။ သူ့ဆီမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ စွမ်းအားကြီးများကိုကြည့်လျှင် သူသည် အစောပိုင်း ထာဝရဝိညာဉ်အဆင့်တွင် ရှိနေသည့် အခြားမည်သည့်ကျင့်ကြံသူမဆို အလွယ်တကူ သတ်ဖြတ်ချေမှုန်းနိုင်စွမ်း ရှိနေပြီဖြစ်ကြောင်း သိနိုင်ပေသည်။
" အခုကစပြီးတော့ ဒီ ချပ်ဝတ်တန်ဆာကြီးကို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာလို့ မခေါ်တော့ဘူး။ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာလို့ပဲ ပြောင်းခေါ်တော့မယ်... " ဝမ်ပေါင်လဲ့မှာ သူ၏ ချပ်ဝတ်တန်ဆာကြီးထဲ၌ စီးဆင်းနေသည့် စွမ်းအားများကို အာရုံခံမိနေသောကြောင့် စိတ်လှုပ်တရှား ဖြစ်လာရ၏။ သူသည် ထာဝရဝိညာဉ်အဆင့်သို့ မရောက်သေးပါသော်လည်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။
သို့သော် သူသည် ထိုစွမ်းအားများကို အမြဲတမ်း ပိုင်ဆိုင်ထားနိုင်စွမ်းမရှိသေးပေ။ ဝမ်ပေါင်လဲ့မှာ ချပ်ဝတ်တန်ဆာကြီးနှင့် ၎င်းထဲတွင် ကိန်းအောင်းနေသည့် စွမ်းအားများကို အကဲခတ်ကြည့်လိုက်ပြီးနောက် သူသည် ထိုကဲ့သို့သော အခြေအနေမျိုးတွင် တစ်နာရီမျှသာ ရှိနေနိုင်သည်ဖြစ်ကြောင်း သိလိုက်ရ၏။ တစ်နာရီ ကုန်သွားပါက သလင်းကျောက်နီများ၏ စွမ်းအားများမှာလည်း ကုန်ဆုံးသွားမည်ဖြစ်သည်။ ထိုအခါ သူသည် သူ၏ ချပ်ဝတ်တန်ဆာကြီးအား သလင်းကျောက်နီများဖြင့် ထပ်၍ အားဖြည့်ပေးရန် လိုအပ်ပေသည်။
" ဒါပေမဲ့ ဒီလောက်နဲ့ လုံလောက်ပါတယ် "