သူဌေးတစ်ယောက်၏ ဘဝ
Vol. 60 Ch. 832
" အခု ငါက အရမ်းကို အစွမ်းထက်နေပြီဆိုတော့ ဟို သိုလှောင်လက်စွပ်ကို ဖွင့်လို့ရပြီလားမသိဘူး " ဝမ်ပေါင်လဲ့မှာ သူ၏ စွမ်းအားများကို အာရုံခံကြည့်လိုက်ပြီးနောက် ကျေနပ်အားရသွားပြီး ယုံကြည်မှုများ ပြင်းထန်လာ၏။ ထို့ကြောင့် သူသည် သူ၏လက်အား ဝှေ့ယမ်းကာ အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူကြီးဆီမှ ရရှိခဲ့သည့် သိုလှောင်လက်စွပ်အား ထုတ်ယူလိုက်တော့သည်။ ထို့နောက် သူသည် ထိုလက်စွပ်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်ရင်း သူ၏ နတ်ဘုရားအာရုံများကို ထုတ်လွှတ်ကာ ၎င်းအား လွှမ်းခြုံသွားစေလိုက်၏။
" ပွင့်စေ " ဝမ်ပေါင်လဲ့မှာ အသံကုန်အော်ဟစ်ကာ သူ၏ နတ်ဘုရားစွမ်းအားများအားလုံးကို ထို သိုလှောင်လက်စွပ်ပေါ်သို့ ကျရောက်သွားစေလိုက်၏။ သို့သော် ထို သိုလှောင်လက်စွပ်မှာ အလွန်အင်မတန်မှ မာကျောသော ကျောက်တုံးတစ်တုံးကဲ့သို့ပင်။ ဝမ်ပေါင်လဲ့ သူ၏ နတ်ဘုရားအာရုံဖြင့် ၎င်းအား ခြေမွှနိုင်ရန် မည်မျှပင် ကြိုးစားနေစေကာမူ ၎င်းမှာ တုန်ရီသွားခြင်းပင် မရှိပေ။
" ဖိနှပ်စေ "
" နိုးထစေ "
သူသည် စကားလုံးမျိုးစုံ အော်ဟစ်ကာ နတ်ဘုရားအာရုံများကို အဆက်မဖြတ် ထုတ်လွှတ်နေ၏။ ထို့အပြင် သူသည် မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ စွမ်းအားများကိုပင် အသုံးပြုခဲ့သေးသည်။ သို့သော် ရလဒ်မှာ ပြောင်းလဲသွားခြင်းမရှိသောကြောင့် သူ့အတွက် ရှက်စရာကောင်းနေတော့သည်။ ကံကောင်းစွာဖြင့် မည်သူကမှ ထိုမြင်ကွင်းများကို မမြင်ခဲ့ရပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရှက်ကိုးရှက်ကန်းနှင့် ချောင်းဟန့်လိုက်ပြီး ပွန်းရာပဲ့ရာပင် မရှိသေးသည့် သိုလှောင်လက်စွပ်အား တိတ်တိတ်ကလေး ပြန်လည်သိမ်းဆည်းလိုက်တော့သည်။
" ငါဒီနေ့ စိတ်မပါဘူး ဖြစ်နေလို့ပါ။ နောက်နေ့မှပဲ စမ်းကြည့်တာပေါ့ " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် အနည်းငယ်ခန့် လှုပ်ရှားလိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာလည်း မှုန်ဝါးဝါးဖြစ်သွားပြီး ပျောက်ကွယ်သွားတော့သည်။ ဝမ်ပေါင်လဲ့၏ အငွေ့အသက်များမှာလည်း အစောပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံခြင်းအဆင့်မှ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့်သို့ ပြန်ကျသွား၏။ ထို့နောက် သူသည် တည်းခိုခန်းထဲမှ စိတ်ဓာတ်တက်ကြွစွာဖြင့် ထွက်လာတော့သည်။
" ရှဲ့ဟေးရန်ဆီ သွားဖို့ အချိန်ကျပြီ။ ငါလိုချင်တဲ့ပစ္စည်းတွေ ဝယ်ပြီးရင် နတ်မျက်လုံး ကြယ်အဖွဲ့အစည်းဆီကို ပြန်ရမယ် " ဝမ်ပေါင်လဲ့မှာ ပျော်ရွှင်မြူးထူးစွာဖြင့် သူ၏ ဗိုက်အား လက်ဖြင့်ပုတ်ကာ ရေရွတ်လိုက်သည်။ ထိုအခါ သူသည် အများကြီး ဝိတ်ကျသွားပြီဖြစ်ကြောင်း သတိထားမိလိုက်သဖြင့် နှုတ်ခမ်းစူသွားရ၏။ ထို့နောက် သူသည် သူ၏ ပုံရိပ်ယောင် ပညာရပ်ဖြင့် ဝိညာဉ်ရေခဲရေဘူး တစ်ဘူးအား ဖန်တီးလိုက်ပြီး ၎င်းအား သောက်သုံးရင်း ရှဲ့ဟေးရန်၏ ဈေးဆိုင်ဆီသို့ ဦးတည်သွားလိုက်တော့သည်။
သိပ်မကြာခင်တွင် သူသည် ရှဲ့ဟေးရန်၏ ဈေးဆိုင်အား ခပ်လှမ်းလှမ်းတွင် မြင်လိုက်ရ၏။ ၎င်းမှာ နန်းတော်တစ်ခုကဲ့သို့ ဖြစ်နေသောကြောင့် ဈေးထဲရှိ အခြားဆိုင်များနှင့် ယှဉ်လိုက်ပါက ကွဲထွက်နေသည်။ အခြား မည်သည့်ဆိုင်ကမှ ၎င်း၏ ခမ်းနားထည်ဝါမှုများကို ယှဉ်နိုင်မည်မဟုတ်ပေ။ ထိုဈေးဆိုင်မှာ အခြားသော ဈေးဆိုင်များ အားလုံးထက် အစစ အရာရာ ပိုသာနေ၏။ ထို့ကြောင့် ထို ဈေးဆိုင်မှာ အဝင်အထွက်လုပ်နေကြသည့် ကျင့်ကြံသူများဖြင့် ပြည့်နှက်နေတော့သည်။ ၎င်းမှာ လူတိုး၍ မပေါက်လောက်အောင် ပြွတ်သိပ်နေသည့် အနေအထားသို့ မရောက်သေးပါသော်လည်း ဈေးဝယ်များဖြင့် စည်ကားသိုက်မြိုက်နေ၏။
ဝမ်ပေါင်လဲ့မှာ ဈေးဆိုင်ထဲသို့ ဝင်သွားလိုက်သည်နှင့် ထိုမြင်ကွင်းအား မြင်လိုက်ရ၏။ ဈေးဆိုင်ထဲတွင် လူအပြည့်ရှိနေပြီး ဝန်ထမ်းများမှာလည်း ဟိုဟိုသည်သည် ပြေးလွှားကာ ဈေးဝယ်များအား ဝန်ဆောင်မှုပေးနေကြသည်။ ထိုကဲ့သို့ လူအုပ်ကြီးတစ်ခု ရှိနေသည့်တိုင်အောင် ဝမ်ပေါင်လဲ့ ရောက်ရှိလာသည့် အချက်အား သတိထားမိသွားသည့် လူတစ်ယောက် ရှိနေဆဲပင်။
ထိုသူမှာ သူ ပထမဆုံးအကြိမ်အဖြစ် ရောက်လာခဲ့စဉ်တုန်းက သူ့အား ဝန်ဆောင်မှုပေးခဲ့သော အရောင်းစာရေး ဖြစ်ပေသည်။ သူသည် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်နှင့် မျက်ဝန်းများ အရောင်တောက်ပသွား၏။ ထို့နောက် သူသည် သူ ဝန်ဆောင်မှုပေးနေသည့် ကျင့်ကြံသူ၏အနီးမှ ထွက်ခွာလာပြီးနောက် ဝမ်ပေါင်လဲ့ဆီသို့ အပြေးရောက်လာပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အရိုအသေပေးလိုက်တော့သည်။
" အစ်ကို ရောက်လာပြီကိုး။ ကျွန်တော်တို့ရဲ့ သခင်လေးက အစ်ကို ဆန္ဒရှိရင် ဒုတိယထပ်ကို တက်လာလို့ရပါတယ်လို့ ပြောထားတယ်ခဗျ " ထိုအရောင်းစာရေးမှာ ဝမ်ပေါင်လဲ့ ဈေးဆိုင်ထဲသို့ ရောက်လာသည်နှင့် သူ့အား ချက်ချင်း ဝန်ဆောင်မှုပေးလိုက်သည် မဟုတ်ပါလော။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာလည်း ကျေနပ်အားရသွား၏။ ထို့နောက် သူသည် ချောင်းဟန့်လိုက်ပြီးနောက် တအံ့တသြ ဖြစ်နေသည့် လူအုပ်ကြီး၏ ရှေ့တွင် အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ယူကာ ဘောက်ဆူးပေးသည့်အနေနှင့် ထို အရောင်းစာရေးလေးဆီသို့ လှမ်းပစ်ပေးလိုက်တော့သည်။
ထို အရောင်းစာရေးလေးမှာ ထို အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးအား လက်ထဲတွင်ကိုင်ရင်း စိတ်လှုပ်တရှား ဖြစ်သွား၏။ ထို့နောက် သူသည် အရောင်တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား လှေကားရင်းဆီသို့ ခေါ်သွားပေးလိုက်ပြီနောက် ပြန်လည်ထွက်ခွာလာတော့သည်။ ဝမ်ပေါင်လဲ့မှာ သူသည် အခြားသူများနှင့် လုံးဝ မတူလောက်အောင် ဆက်ဆံခံနေရသည်ဖြစ်ကြောင်း သိလိုက်၏။ ထို့အပြင် သူသည် လူအုပ်ကြီးတစ်ခုလုံး အထူးတဆန်းဖြစ်ကာ သူ့အား အထင်ကြီးအံ့ဩနေသည့် မျက်ဝန်းများဖြင့် ကြည့်နေကြသည်ကိုလည်း အာရုံခံမိနေသည်။ ထို့ကြောင့် သူသည် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိသွား၏။
" သူဌေးတစ်ယောက်ရဲ့ ဘဝက ဒီလောက်တောင် ရိုးစင်းလွန်းလှပါလားကွာ " ဝမ်ပေါင်လဲ့မှာ ထိုသို့ သက်ပြင်းချကာ ခေါင်းယမ်းလိုက်ပြီးနောက် ဒုတိထပ်သို့ တက်သွားလိုက်တော့သည်။ သူသည် ဒုတိယထပ်သို့ ရောက်သွားပါသော်လည်း ရှဲ့ဟေးရန်အား ရှာမတွေ့ပေ။ ထို့အပြင် ထို အထပ်တစ်ထပ်လုံးတွင် အခြားမည်သူမှလည်း ရှိမနေခဲ့ပေ။ ထိုသို့ဖြင့် သူ လိုက်လံရှာဖွေနေစဉ်မှာပင် သူ၏နောက်မှ ရယ်သံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရတော့သည်။
" ညီကိုပေါင်လဲ့။ ငါတို့တွေ မတွေ့ရတာတောင် နည်းနည်းကြာသွားပြီ။ နေကောင်းတယ်မလား "
ဝမ်ပေါင်လဲ့မှာ ထိုစကားကိုကြားလိုက်ရသောအခါ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားပြီး တစ်ခဏမျှ ကြက်သေသေသွားသည့်ပုံစံ ဟန်ဆောင်လိုက်သည်။ ထို့နောက် တစ်အောင့်ခန့် ကြာပြီးမှ သူသည် နောက်သို့ အလောတကြီးနှင့် လှည့်လာတော့သည်။ သူသည် ရှဲ့ဟေးရန်အား မြင်လိုက်ရသောအခါ ကျေနပ်အားရနေသည့် အပြုံးဖြင့် အော်ဟစ်ရယ်မောကာ ဆိုလိုက်၏။
" ညီကိုဟေးရန်။ ငါတို့တွေ ဟိုနေ့တုန်းကမှ ဆုံထားကြတာလေ "
" ညီကိုပေါင်လဲ့ ငါ မင်းရဲ့ စွမ်းဆောင်မှုတွေအကြောင်း ကြားထားပြီးပါပြီ။ တော်တော်လေးကို အံ့သြဖို့ကောင်းပါပေတယ် " ရှဲ့ဟေးရန်မှာ ချီးကျူး စကားများ ဆိုလိုက်ပြီးနောက် သူတို့မှာ အောက်သို့ထိုင်ချလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား တစ်ခဏမျှ အကဲခတ်နေလိုက်ပြီးနောက် သူသည် သူပြောခဲ့သည့် စကားများကို ပြန်လည်တုံ့ပြန်ခြင်း မရှိသေးကြောင်း သတိထားမိလိုက်သည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် ဇဝေဇဝါဖြစ်နေသည့်ပုံပင် ပေါက်နေသေးသည်။ ထို့ကြောင့် ရှဲ့ဟေးရန်မှာ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်ပြီးနောက် ချောင်းဟန့်လိုက်တော့သည်။
" မင်းက ဝက်ခေါင်းမျက်နှာဖုံးနဲ့ လူမလား "
" ဝက်ခေါင်းမျက်နှာဖုံး ဟုတ်လား " ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ မျက်စိ ပေကလပ်ပေကလပ်ဖြစ်သွားပြီး ဇဝေဇဝါဖြစ်နေသည့်ပုံစံ ဆက်လက်ဟန်ဆောင်နေလိုက်ပြန်သည်။ သူ၏ ဟန်ဆောင်မှုများမှာ ပုံကြီးချဲ့ရာ ကျလွန်းနေလျှင်တောင် သူသည် ဝန်မခံသင့်သည့် အရာများအား လုံးဝ ဝန်ခံမည် မဟုတ်ပေ။ သူသည် ခဏအကြာတွင် ရှဲ့ဟေးရန်အား သလင်းကျောက်နီများ အမြောက်အမြား ပေးအပ်ရမည်ဖြစ်ရာ အလိမ်ပေါ်သွားမည် ဖြစ်ပါသော်လည်း ဂရုစိုက်နေခြင်းမရှိပေ။ ၎င်းမှာ အခြားကိစ္စတစ်ခု ဖြစ်ပေသည်။
" ပေါင်လဲ့။ မင်းက ကိုယ့်ကိုယ်ကို နှိမ့်ချလွန်းနေပါပြီ။ ထားပါတော့လေ။ မင်းက ဝက်ခေါင်းမျက်နှာဖုံးနဲ့လူ မဟုတ်လည်း ကိစ္စမရှိပါဘူး။ အဲဒီလူက နာမည်ကြီးနေပြီဆိုတာ ငါက မင်းကို အသိပေးချင်ရုံပါပဲ။ သူက အဆုံးမဲ့မျိုးစုကို အမျက်တော်ရှအောင် လုပ်ခဲ့တာမလို့ အခု သူတို့က သူ့ကို သဲကြီးမဲကြီး လိုက်ရှာနေကြပြီ။ ဒါပေမဲ့ သူ ဘယ်သူလဲဆိုတာကို မီးတောက်ခေါင်းဆောင်ကြီး တစ်ယောက်တည်းကပဲ သိထားတာ။ ပြီးတော့ သူက အဲဒီ ဝက်ခေါင်းမျက်နှာဖုံးနဲ့ လူကြီးရဲ့ နောက်ကြောင်းရာဇဝင်တွေကို ဖော်ပြနိုင်တဲ့ သဲလွန်စတွေအားလုံးကိုလည်း ဖျောက်ဖျက်ပြီးသွားပြီ။ အဲတာမလို့ စကြဝဠာကြီး တစ်ခုလုံးထဲမှာ မီးတောက်ခေါင်းဆောင်ကြီးက လွဲပြီးတော့ သူ ဘယ်သူဘယ်ဝါလဲဆိုတာကို အတိအကျ သိတဲ့လူ ဘယ်သူမှ ရှိမှာမဟုတ်တော့ဘူး "
ရှဲ့ဟေးရန်မှာ " အတိအကျ " ဆိုသည့် စကားလုံးအား ဂရုပြုမိစေရန် တမင်တကာ ဖိပြောခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူသည် အသာအယာ ပြုံးကာ ဝမ်ပေါင်လဲ့အား ကြည့်လိုက်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွားရသည်။ ရှဲ့ဟေးရန်မှာ စကားရိပ်သန်းရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း သူက သိလိုက်သဖြင့် သူသည်လည်း ပြန်ပြုံးပြလိုက်ပြီး စိတ်ထဲတွင် တွေးလိုက်တော့သည် " ရှဲ့ဟေးရန်။ ရှဲ့ဟေးရန်။ မင်း ဝါနုပါသေးတယ်ကွာ။ သူများတွေ ဟန်ဆောင်နေမှန်း ကိုယ်က သိထားရင်တောင် ကိုယ့်ဘက်က အမှန်အတိုင်း ထုတ်မပြောသင့်ဘူးဆိုတဲ့ အချက်ကို မင်းက နားမလည်သေးဘူးပဲ "
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို ရာထူးအဆင့်အတန်း မြင့်မားသွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူသည် အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲမှ ရရှိခဲ့သည့် အဖိုးတန် သင်ခန်းစာများကို ပြန်၍ မှတ်မိသွားတော့သည်။
ရှဲ့ဟေးရန်၏ မျက်ဝန်းများမှာ အဓိပ္ပါယ်လေးနက်နေသည့်ပုံ ပေါက်နေ၏။ သို့သော် လက်တွေ့တွင်မူ သူသည် ထင်ထားသလောက် စိတ်တည်ငြိမ်နေခြင်း မရှိပေ။ အမှန်အတိုင်း ဆိုရလျှင် သူသည် အံ့ဩတုန်လှုပ်နေရဆဲပင်။ ဝက်ခေါင်းမျက်နှာဖုံးနှင့် လူကြီး၏ လုပ်ရပ်များမှာ တမူထူးခြားလွန်းနေပြီး ချောက်ချားဖွယ်ရာ ကောင်းနေသည် မဟုတ်ပါလော။ သူသည် နှောင်းပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ခဲ့ရုံသာမက ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပါ ချေမှုန်းပစ်တော့မည်ဆဲဆဲ အနေအထားသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်၏။ ထို့အပြင် ထိုဂြိုဟ်ကြီးမှာလည်း သူ့ကြောင့် ပျက်စီးသွားခဲ့ရခြင်း ဖြစ်ပေသည်။
အကယ်၍ ဂြိုဟ်အဆင့်နှင့် အထက်တွင် ရှိနေသည့် ကျင့်ကြံသူတစ်ယောက်ယောက်သာ ထိုလုပ်ရပ်များကို ကျူးလွန်ခဲ့ခြင်းဖြစ်ပါက မည်သူကမှ အထူးတလည် ဂရုစိုက်နေကြမည်မဟုတ်ပေ။ သို့သော် ထိုတာဝန်ထဲ၌ ပါသွားခဲ့သည့် ကျင့်ကြံသူ အများစုမှာ ဝိညာဉ်ကြားခံနယ်အဆင့်တွင်သာ ရှိနေသေးသည် မဟုတ်ပါလော။ ထိုဖြစ်ရပ်များအားလုံး၏ တရားခံမှာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည် ဖြစ်ရာ ထိုကျင့်ကြံသူသာ ကျင့်ကြံခြင်းအဆင့် တိုးတက်သွားမည်ဆိုပါက ပို၍ပင် ဆိုးရွားသည့် ဖြစ်ရပ်ဆိုးကြီးများကို ဆောင်ကြဉ်းလာနိုင်လောက်ပေသည်။
" တောက်ကွာ။ ဝမ်ပေါင်လဲ့ပဲ ဖြစ်မှာပါ။ ငါ သိသလောက်ဆိုရင် သူတစ်ယောက်ပဲ အဲလို လုပ်နိုင်တာ။ အဲဒီကောင်က တကယ့်ကို ခြေထောက်ပေါက်နေတဲ့ ကပ်ဘေးကြီးတစ်ခုလိုပဲ။ သူ အင်္ဂါဂြိုဟ်ကို ရောက်သွားတုန်းကလည်း အင်္ဂါဂြိုဟ်တစ်ခုလုံး ပွက်လောရိုက်သွားရတာ။ သူ ရှေးဟောင်းဓားကြီးဆီကို ရောက်သွားတော့လည်း ကျယ်ပြန့်တာအိုနန်းတော်က ချက်ချင်းကြီးကို ထကြွပုန်ကန်ခဲ့တာလေ... " ရှဲ့ဟေးရန်မှာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိလိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူသည် အနည်းငယ်ခန့် စိတ်လှုပ်တရှား ဖြစ်နေဆဲပင်။
ရှဲ့ဟေးရန်မှာ စီးပွားရေးသမားတစ်ယောက်ဖြစ်ရာ လူများအပေါ် လောင်းကြေးထပ်ရသည်ကို နှစ်ခြိုက်ပေသည်။ လူတစ်ယောက် ပြဿနာပိုရှာလေလေ၊ ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည်များကို ထုတ်ပြနိုင်လေ ရှဲ့ဟေးရန်မှာ ထိုပုဂ္ဂိုလ်အား ပို၍သဘောကျလေလေ ဖြစ်ပေသည်။ သူသည် ထိုကဲ့သို့သော ဖောက်သည်များအတွက် အချိန်နှင့် ငွေကြေးအရင်းအနှီးများ ပို၍ မြှုပ်နှံလေ့ ရှိသည်။ ထိုသို့ဖြင့် ရှဲ့ဟေးရန်မှာ ထိုသို့ တွေးတောလိုက်ပြီးနောက် ရှေ့သို့တိုးကာ ဝမ်ပေါင်လဲ့အား တိုးတိုးလေးပြောပြလိုက်၏။
" ပေါင်လဲ့ရေ။ ငါ လူတိုင်းကို ပွက်လောရိုက်သွားစေမယ့် သတင်းတစ်ခုကို ရထားတယ်။ မင်း အဲဒီသတင်းကို ဝယ်ချင်လား။ အဲဒီ သတင်းအချက်အလက်ကိုသာ ကောင်းကောင်းကြီး အသုံးချနိုင်မယ်ဆိုရင် မင်း အချိန်တိုလေးအတွင်းမှာ ဝိညာဉ်ကြားခံနယ်အဆင့်နေ ထာဝရဝိညာဉ်အဆင့်ကို ဖောက်ထွက်သွားနိုင်ဖို့ ငါ အာမခံတယ်ကွာ "
" သတင်းတစ်ခု ဟုတ်လား " ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်အား အကဲခတ်လိုက်၏။ ရှဲ့ဟေးရန်မှာ သူ့လောက် ဉာဏ်မပြေးပါသော်လည်း ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်၏ အရည်အချင်များကို ယုံကြည်မှုရှိပေသည်။ ထို့ကြောင့် သူသည် ဈေးနှုန်းအား မေးမြန်းလိုက်၏။
" သလင်းကျောက်နီ အတုံးသုံးထောင် " ရှဲ့ဟေးရန်ကလည်း ချက်ချင်းပင်ပြန်ဖြေလိုက်၏။ သူသည် ထိုသတင်းအချက်အလက်မှာ ပေးရသည့်ဈေးနှင့် ထိုက်တန်မှုရှိကြောင်း ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ သူအားစိုက်ကြည့်ကာ ပခုံးတွန့်လိုက်၏။
" ငါ မင်းဆီကနေ မှာထားတဲ့ ပစ္စည်းတွေအကြောင်း ပြောကြတာပေါ့ "
" ပေါင်လဲ့။ မင်း အဲဒီသတင်းအချက်အလက်ကို ရတာနဲ့ မင်း.... " ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့အား ထပ်၍ နားချရန် ကြိုးစားလိုက်၏။
" ဈေးများလွန်းတယ်ကွ။ ငါ စိတ်မဝင်စားဘူး " ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်အား ကြားဖြတ်ပြောလိုက်ပြီး စိတ်ထဲတွင်ကျိတ်၍ နှာမှုတ်လိုက်တော့သည်။ ရှဲ့ဟေးရန်မှာ ပြောင်ပြောင်တင်းတင်း ဓားပြတိုက်နေသည် မဟုတ်ပါလော။ သူ ပင်ပန်းဆင်းရဲကြီးစွာ လိုက်လံရှာဖွေထားရသည့် ပစ္စည်းများအားလုံး၏ တန်ကြေးပင်လျှင် သလင်းကျောက်နီ အတုံးသုံးရာခန့်သာ ရှိပေသည်။ ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့ မည်မျှချမ်းသာကြွယ်ဝနေကြောင်း သိထားသောကြောင့်သာ အဓိပ္ပါယ်မရှိသည့် သတင်းအချက်အလက် အချို့အတွက် သလင်းနီကျောက်တုံး အတုံးသုံးထောင်အထိ တောင်းနေခြင်း ဖြစ်၏။
ဝမ်ပေါင်လဲ့မှာ စိတ်ပိုင်းဖြတ်ထားပြီးသားဖြစ်ကြောင်း ရှဲ့ဟေးရန်က သိလိုက်၏။ သူသည် သူ့ဘက်မှ အလောတကြီးပြုမူမိသလို ဖြစ်သွားသည့်အတွက် အနည်းငယ်ခန့် နောင်တရသွားရတော့သည်။ ထို့ကြောင့် သူသည် ချောင်းဟန့်လိုက်ပြီး ထိုကိစ္စအကြောင်း ဆက်မပြောတော့ပေ။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့ မှာထားသည့် ပစ္စည်းများကို ထုတ်ယူလိုက်ပြီးနောက် ရောင်းချလိုက်၏။ အရောင်းအဝယ် ပြီးသွားသောအခါ သူတို့မှာ တစ်ခဏမျှ စကားစမြည်များ ပြောဆိုနေလိုက်သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ပစ္စည်းများ ထပ်၍ဝယ်ယူလိုကြောင်း အသိပေးလိုက်၏။
" ညီကိုပေါင်လဲ့ လိုတာသာပြော။ ငါ့ဆိုင်မှာ ပစ္စည်းအကုန်လုံးနီးပါးရှိတယ်။ တကယ်လို့ မင်းလိုချင်တဲ့ပစ္စည်းတွေ မရှိဘူးဆိုရင်တောင် လှမ်းမှာပေးမယ်ကွာ။ အလွန်ဆုံး နှစ်နာရီလောက်ပဲကြာမှာ။ နှစ်နာရီအတွင်းမှာ မင်းလိုချင်တဲ့ ပစ္စည်းအကုန်လုံး ရစေရမယ် "
ဝမ်ပေါင်လဲ့မှာ ထိုစကားကိုကြားလိုက်ရသောအခါ သူ ဝယ်ယူလိုသည့်ပစ္စည်းများကို ရေးမှတ်ထားသည့် စာရင်းအား ထုတ်ယူလိုက်၏။ ရှဲ့ဟေးရန်မှာလည်း ပြုံးကာ ထိုစာရင်းအား လှမ်းယူလိုက်ပြီနောက် လိုအပ်သည်များကို ဆောင်ရွက်လိုက်ပေးသည်။ သူသည် ဝမ်ပေါင်လဲ့ အလိုရှိသော ပစ္စည်းများအားလုံးကို တစ်နာရီအတွင်း ဈေးဆိုင်ထဲသို့ ရောက်လာအောင် မှာပေးနိုင်ခဲ့၏။ ထိုပစ္စည်းများ အားလုံးအတွက် စုစုပေါင်း သလင်းကျောက်နီ အတုံးနှစ်ထောင်တိတိ ကုန်ကျမည်ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲ၌ တဆစ်ဆစ် နာကျင်ကိုက်ခဲသွားရ၏။ သူသည် ရှဲ့ဟေးရန်မှာ သူ့အား ငွေပိုတောင်းနေခြင်း ဖြစ်သည်ဟု ယုံကြည်ထားပါသော်လည်း ဘာမှမတတ်နိုင်ပေ။ အကယ်၍ သူသည် ထိုပစ္စည်းများအား အခြားနေရာတစ်ခုခု၌သာ ဝယ်ယူလိုက်မည်ဆိုပါက သလင်းကျောက်နီ အမြောက်အမြား အသုံးပြုရမည်ဖြစ်ရာ မလိုလားအပ်သည့် အာရုံစိုက်ခြင်းများကို ခံလိုက်ရမည်သာ ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စကားအနည်းငယ်ခန့် ထပ်ပြောလိုက်ပြီးနောက် ထွက်ခွာလာ၏။
ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့ သူ၏ဆိုင်ထဲမှ ထွက်ခွာသွားသည်ကို ပြုံးကာ ကြည့်ရင်း တဖြည်းဖြည်းနှင့် ပို၍ အားရကျေနပ်လာတော့သည်။ နောက်ဆုံးတွင် သူသည် ရယ်မောလိုက်၏။
" မီးတောက်ခေါင်းဆောင်ကြီးရဲ့ တပည့်ဖြစ်ခွင့်ကိုတောင် ငြင်းဆန်ခဲ့တာဆိုပါလား။ ဝမ်ပေါင်လဲ့.... ကြည့်ရတာ ငါ မင်းနဲ့ မင်းရဲ့ နောက်ကြောင်းရာဇဝင် အကြောင်းကို အများကြီးထပ်ပြီးတော့ စုံစမ်းရဦးမယ့် ပုံပဲ... "
ဝမ်ပေါင်လဲ့မှာမူ နောက်သို့ပင် လှည့်မကြည့်ဘဲ ရှေ့သို့ဆက်လက်လျှောက်လှမ်းသွားလိုက်၏။ သို့သော် အကယ်၍ သူသာ နောက်သို့ လှည့်ကြည့်လိုက်မည်ဆိုပါက ရှဲ့ဟေးရန်တစ်ယောက် ဈေးဆိုင်ထဲ၌ ရပ်ကာ သူ၏နောက်ကျောအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်ကို မြင်လိုက်ရမည်သာ ဖြစ်ကြောင်း ယုံကြည်နေသည်။ သို့သော် သူသည် အထူးတလည် စိတ်ပူနေခြင်းတော့ မရှိပေ။ ထိုသို့ဖြင့် သူသည် အကြောက်အလန့်ကင်းမဲ့စွာ ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားလိုက်ပြီးနောက် ဈေးထဲ၌ လှည့်လည်သွားလာနေလိုက်တော့သည်။ သူသည် ဈေးထဲမှ ထွက်ခွာမသွားခင် သူ့အတွက် အသုံးတည့်မည့် ပစ္စည်းများကို ထပ်၍ ရှာတွေ့နိုင်ဦးမည်လောဟု သိချင်နေခြင်းဖြစ်၏။
ဝမ်ပေါင်လဲ့မှာ ဈေးထဲ၌ ခြေဦးတည့်ရာ လှည့်လည်သွားနေလိုက်ပြီးနောက် နောက်ဆုံးတွင် သူ ဝယ်ယူရန်လိုအပ်သည့်ပစ္စည်းများ မရှိတော့ကြောင်း ဆုံးဖြတ်လိုက်ပြီး ဈေးထဲမှ ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။ သို့သော် အပြန်လမ်းတွင် သူသည် ရုတ်တရက်ဆိုသလို ဈေးဆိုင်တစ်ဆိုင်ထဲ၌ ရုပ်သေးရုပ်တစ်ရုပ်အား လှမ်းမြင်လိုက်ရ၏...
ထို ရုပ်သေးရုပ်၏ ပုံပန်းသွင်ပြင်ကြောင့် ဝမ်ပေါင်လဲ့မှာ ကောင်းကင်တာအိုကျောင်းထဲရှိ စိန်လူဝံကြီးအား ပြန်၍ သတိရသွား၏။ ထို့ကြောင့် သူသည် ခြေလှမ်းများ ရပ်တန့်သွားပြီး ထိုဈေးဆိုင်ဆီသို့ လျှောက်လှမ်းသွားလိုက်တော့သည်။
" ဒါက... "
" ဒါက ဓမ္မစစ်သင်္ဘောပျက်ကြီးတစ်စင်းပဲ။ ဒီ စစ်သင်္ဘောကြီးကို ပြန်ပြင်ဖို့လိုအပ်တဲ့ ပစ္စည်းတွေက တော်တော်လေးကို ရှားတာမလို့ ဘယ်သူကမှ မဝယ်ကြဘူး။ တာအိုရောင်းရင်းက စိတ်ဝင်စားလို့လား " ထို ဈေးဆိုင်လေးမှာ အရွယ်အစား သေးငယ်ပြီး ဝန်ထမ်းတစ်ယောက်တလေပင် မရှိဘဲ ဈေးဆိုင်ပိုင်ရှင် အဘိုးကြီးတစ်ယောက်သာ ထိုင်နေ၏။ ထို ပိုင်ရှင်အဘိုးကြီးမှာ ဝမ်ပေါင်လဲ့ ထိုရုပ်သေးရုပ်အား အကဲခတ်နေသည်ကို သတိထားမိလိုက်သောကြောင့် ပင်ပန်းနွမ်းလျနေသည့် မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်ခြင်း ဖြစ်သည်။