တစ်စုံတစ်ယောက်အား ကယ်တင်ခြင်း
Vol. 68 Ch. 938
ဝမ်ချွမ်းတာအို ကျောင်းတော်နှင့် အနီးဆုံး တာအိုရင်ပြင်မှာ ဝမ်ချွမ်းတာအိုကျောင်း ရှေ့တည့်တည့်တွင် တည်ရှိ၏။
အရောင်းအဝယ်သမားများ ခြေရှုပ်နေကြသည့်အတွက် လေဟာပြင် ဈေးရင်ပြင်ဟုပင် ခေါ်ဆိုနိုင်ပေသည်။ ဝမ်ချွမ်းတာအို ကျောင်းတော်မှာ အမြဲတမ်း လူရှုပ်နေတတ်သည်။
အကြောင်းမှာ ဝမ်ချွမ်းတာအိုကျောင်းတော်သည် တပည့်များစွာ ရှိနေ၍ ဖြစ်၏။ တပည့်အများအပြားသည် သူတို့၏ အင်အားကို တိုးမြှင့်ဖို့ရာ ဂိုဏ်းမှ တာဝန်များကို လက်ခံထားပြီးနောက် ဤရင်ပြင်၌ ကြော်ငြာ ကပ်ထားကြသည်။ သူတို့က နယ်လှည့်ကျင့်ကြံသူများကို သူတို့အတွက် တာဝန်များကို ထမ်းဆောင်ပေးဖို့ရာ ခွင့်ပြုထားသည်။
အချိန်ကြာလာသည်နှင့်အမျှ ဤနေရာမှာ လေဟာပြင် ရင်ပြင်တစ်ခု ဖြစ်လာသည်။ ဤနေရာတွင် နယ်လှည့်ကျင့်ကြံသူ အမျိုးမျိုး စုစည်းနေလာကြ၏။ တချို့က အရောင်းအဝယ်ကိစ္စအတွက် ရောက်လာကြပြီး တချို့မှာမူ ဝမ်ချွမ်းတာအိုကျောင်းတော်သို့ ဝင်ရောက်ရန် စိတ်ဝင်စား၍ ရောက်လာကြခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် သူတို့ထဲမှ အများစုမှာ ဝမ်ချွမ်းတာအိုကျောင်းတော်မှ အစေခံ တပည့်များ ဖြစ်ကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ အပြင်စည်းတပည့်များအတွက် အမှိုက်ရှင်းပေးရန်၊ အပင်များ စိုက်ပျိုးရန်နှင့် အခြား လက်တိုလက်တောင်း လုပ်ပေးရန် ဖြစ်ကြသည်။
မိုဝူကျိက အပြင်စည်းတပည့်များ၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာသည်။ မိုဝူကျိတစ်ယောက် ချူယို့ အပြစ်ပေးကျောက်တိုင်ပေါ်၌ ချည်နှောင်ခံထားရသည်ကို သိရှိသည်မှာ ၁၃ လ ကြာမြင့်လာပြီ ဖြစ်၏။ တစ်ချိန်တည်းဆိုသလို အပြင်စည်း၏ အစေခံတပည့် ဖြစ်နေသည်မှာ ဒုတိယလ ရောက်လာလေပြီ။ သူက အရာအားလုံးကို စနစ်တကျ အကွက်ကျကျ ပြင်ဆင်ထားပြီး ယခု ချူယို့ကို ကယ်တင်၍ ထွက်ပြေးရန်သာ အဆင့် နှစ်ဆင့်သာ လိုအပ်တော့သည်။
ဤနှစ်လအတွင်း မိုဝူကျိက သူ လိုအပ်သမျှ သတင်းအချက်အလက်များကို ရရှိထားပြီးပြီ ဖြစ်၏။
ဝမ်ချွမ်းတာအိုရင်ပြင်မှာ ဝမ်ချွမ်းတာအိုကျောင်းတော်၏ အပိုင် ဖြစ်သော်လည်း ဂိုဏ်းအပြင်ဘက်၌ တည်ရှိပေသည်။ ထို့ကြောင့် မည်သူကမှ ဝမ်ချွမ်းတာအိုရင်ပြင်မှ အပြစ်ပေးကျောက်တိုင်အား မမြင်ရပေ။
အပြင်စည်း၏ အစေခံ တပည့်တစ်ယောက်အနေနှင့် မိုဝူကျိက ဝမ်ချွမ်းတာအိုကျောင်းတော် ကာကွယ်ရေး အစီအရင်အတွင်းသို့ ဝင်နိုင်ခဲ့သည်။ မိုဝူကျိ အစေခံတပည့် ဖြစ်လာကတည်းက သူက ကာကွယ်ရေး အစီအရင်ထဲ နှစ်ခါသာ ဝင်ဖူး၏။
ကောလာဟလများအရ ကာကွယ်ရေး အစီအရင်ကို ဝင်လိုက်သည်နှင့် အပြစ်ပေးကျောက်တိုင်အား မြင်တွေ့နိုင်ကြောင်း ပြောထားသည်။
ဝမ်ချွမ်းတာအိုကျောင်းတော်၏ အပြစ်ပေးကျောက်တိုင်မှာ ဂိုဏ်းရှိ လူအားလုံးအတွက် သတိပေးခြင်းအဖြစ် သတ်မှတ်ထားသည်။ ထို့ကြောင့် အစေခံ ခန်းမရှိ လူများမှလွဲ၍ ဝမ်ချွမ်းတာအိုကျောင်းတော်ရှိ လူအားလုံးသည် အပြစ်ပေးကျောက်တိုင်ပေါ် အပြစ်ပေးခံထားရသော တပည့်များကို မြင်တွေ့နိုင်ပေသည်။
မိုဝူကျိက အစေခံခန်းမ၌ အလုပ်လုပ်နေသော်လည်း ထိုအရာမှာ ချဲ့ကားပြောသလို ဖြစ်နေလေပြီ။ မိုဝူကျိက အစေခံခန်းမ အပြင်ဘက်၌ အလုပ်လုပ်နေရုံမျှသာ ယူဆနိုင်ပေ၏။ သူက ရံဖန်ရံခါမှသာ ဝင်ခွင့် ရှိလေသည်။
အကြောင်းမှာ အစေခံခန်းမအတွင်းရှိ အစေခံတပည့်များကို ဂိုဏ်း၏ တပည့်အဖြစ် မသတ်မှတ်ထားပေ။ ထို့ကြောင့် အပြစ်ပေးကျောက်တိုင်ကို မမြင်ရသည့် တစ်ခုတည်းသောနေရာ ဖြစ်နေခြင်း ဖြစ်၏။ ထို့အပြင် အစေခံတပည့်များ၏ ကျောက်စိမ်းပြားမှာ သူတို့အား သတ်မှတ်ထားသည့် နေရာအတွင်း၌သာ သွားလာခွင့် ပြုထားသည်။ နယ်ကျော်ပြီး သွားမိပါက ချက်ချင်းဆိုသလို သတိပေးအသံများ ထွက်ပေါ်လာမည် ဖြစ်၏။
ယနေ့ မိုဝူကျိအနေနှင့် ဝမ်ချွမ်းတာအိုကျောင်းတော်၏ ကာကွယ်ရေး အစီအရင်အတွင်း သုံးကြိမ်မြောက် ဝင်ရောက်ခြင်း ဖြစ်၏။ သူ့တာဝန်မှာ တခြားသော အစေခံတပည့် နှစ်ယောက်နှင့်အတူ အစေခံခန်းမဆီ အမွှေးရနံ့ အညှောင့် အစည်း ၂၀ ကို သွားပို့ရမည် ဖြစ်သည်။
အမွှေးရနံ့ အညှောင့်မှာ သဘာဝ ဓာတ်ငါးမျိုးနှင့်အတူ အသက်ဓာတ်နှင့် ထိစပ်နေရမည် ဖြစ်၏။ ထိုအခါမှသာ ရှင်သန်နိုင်ချေ မြင့်ပေလိမ့်မည်။ အညှောင့်ကို သိုလှောင်လက်စွပ်ထဲ သိမ်းဆည်းထားလိုက်သည်နှင့် ရှင်သန်နိုင်ချေမှာ သိသိသာသာ လျော့ကျသွားပေမည်။
မိုဝူကျိက ယနေ့ လှုပ်ရှားဖို့ရာ ဆုံးဖြတ်ထားသည်။ အမွှေးရနံ့ အညှောင့်များကို သွားမပို့ခင် မိုဝူကျိက ဝမ်ချွမ်းတာအိုရင်ပြင် လူသူကင်းမဲ့သည့် နေရာတွင် ကူးသန်းရေး အဆောင်ကို ထုတ်လိုက်သည်။ ထို့နောက် သူက သီးခြားအတားအဆီး ရှိသည့် ကျောက်စိမ်းပုလင်းအား ဖွင့်ကာ သေချာပတ်ထားလိုက်သည်။ သူက ကူသန်းရေး အဆောင်ကိုပါ ထည့်ထားလိုက်သည်။ ထို့နောက် သူက ကူးသန်းရေး အဆောင်အား အသက်သွင်းလိုက်သည်။
အတားအဆီး ချထားသော ကျောက်စိမ်းပုလင်းကို အသက်နှစ်ရှိုက်စာအတွင်း ပြောင်းရွှေ့နိုင်လိုက်၏။
တည်နေရာမှာ အနည်းငယ် မငြိမ်မသက် ဖြစ်သွားပြီး ကူးသန်းရေး အဆောင်မှာ အမှုန့်ဖြစ်သွားလေသည်။ လက်ရှိ ကျောက်စိမ်းပုလင်းမှာ အစအနမရှိ ပျောက်ကွယ်သွားတော့၏။
မိုဝူကျိက ထိုအရာကို လုပ်ပြီးသည်နှင့် ဘာမှမဖြစ်သည့်အလား ပြုမူကာ သူ့အလုပ်ကို ဆက်လုပ်လိုက်သည်။ သူက အမွှေးရနံ့ အညှောင့် ရှစ်စည်းကို သယ်ပေးရ၏။ သူက အခြားသော တပည့်နှစ်ယောက်နှင့်အတူ အစေခံခန်းမဆီ သွားပို့ဖို့ရာ ဦးတည်လိုက်သည်။
ဝမ်ချွမ်းတာအိုကျောင်းတော်၏ ကာကွယ်ရေး အစီအရင်တွင် ရှိသော တပည့်က မိုဝူကျိတို့၏ ကျောက်စိမ်းပြားကို စစ်ဆေးပြီးနောက် ဝင်ခွင့် ပြုလိုက်သည်။
မိုဝူကျိက အစေခံခန်းမနှင့် နီးကပ်လာသောအခါ စိုးရိမ်တကြီး အမူအရာကို ထုတ်ဖော်ပြသလိုက်ရင်း ရုတ်ခြည်း ရပ်တန့်လိုက်သည်။
“ ဖာမူ ဘာဖြစ်တာလဲ ” မိုဝူကျိနှင့် အတူတူ ဝင်လာသည့် အစေခံတပည့်က ရပ်လိုက်ရင်း မိုဝူကျိအား မေးလိုက်သည်။
မိုဝူကျိက အမူအရာပျက်ယွင်းစွာဖြင့် “ ကျုပ်ရဲ့ တာအိုလက်တွဲဖော် ဒုက္ခရောက်နေပြီ။ အခုသွားမှ ဖြစ်တော့မယ် ”
ထိုသို့ပြောပြီးနောက် မိုဝူကျိက နောက်ကျောမှ အမွှေးရနံ့ အညှောင့် ရှစ်စည်းအား ချကာ စိုးရိမ်တကြီး ပြောလိုက်သည် “ အစ်ကိုတင်း … ဒါလေးကို ကျုပ်အတွက် ကူပို့ပေးလို့ ရမလား။ ဒီတစ်ခါ ဘာဆုလာဘ်မှ မယူချင်တော့ပါဘူး။ အစ်ကိုပဲ အကုန်ယူလိုက်ပါ ”
မိုဝူကျိက သူ့စကားအဆုံးတွင် ဝမ်ချွမ်းတာအိုကျောင်းတော်မှ စိုးရိမ်တကြီး ပြေးထွက်လာလိုက်သည်။
“ တင်းလီ … ဖာမူ လုပ်နေတာက မဟုတ်သေးဘူးနော်။ ငါတို့တွေ ဝမ်ချွမ်းတာအိုကျောင်းတော်ထဲ ဝင်တာနဲ့ ဘယ်ကိစ္စပဲ ဖြစ်ဖြစ် တစ်ဝက်တစ်ပျက် ထွက်သွားလို့ မရဘူးလေ ” တတိယအစေခံတပည့်က ကြောက်ကြောက်လန့်လန့် ပြောလိုက်သည်။
တင်းလီ အမည်ရှိ အစေခံတပည့်က ရယ်မောရင်း ပြောလိုက်သည် “ ဖာမူက ဝင်လာတာ မကြာသေးဘူးလေကွာ။ သူက စည်းမျည်းတွေကို သိပ်မသိသေးဘူ။ ငါတို့ ပြန်ရောက်တာနဲ့ ပြောပြလိုက်ကြမယ်လေ။ ဒီလိုတစ်ခါလောက် ဖြစ်တာက ပြဿနာတော့ မဟုတ်ပါဘူး။ ပြီးတော့ သူက သူ့တာအိုလက်တွဲဖော်ကို အတော်လေး စိုးရိမ်နေတယ် ထင်တယ်။ ငါတို့တွေ သူ့ကိုကူညီပေးဖို့ နောက်တစ်ယောက်သာ ရှာကြတာပေါ့ ”
“ ဟုတ်တာပါပဲလေ ” နောက်တစ်ယောက်က ခေါင်းညိတ်ကာ များများစားစား မစဉ်းစားနေတော့ပေ။
……………..…
မိုဝူကျိက ထွက်လာလာချင်း ဖုံးကွယ်ရေး အဆောင်ကို တန်း၍ အသက်သွင်းလိုက်သည်။ သူ့ရည်ရွယ်ချက်မှာ ထွက်သွားဖို့ရာ မဟုတ်ဘဲ အစေခံခန်းမ နယ်နိမိတ်မှ ခိုးထွက်ဖို့ရာ ဖြစ်၏။
အပြင်စည်း၏ အစေခံတပည့်များက ဂိုဏ်းထဲ သူတို့စိတ်ကြိုက် ပြေးလွှားနေ၍ မရပေ။ အကြောင်းမှာ နေရာတိုင်းတွင် အတားအဆီးများ ချထား၍ ဖြစ်သည်။
မိုဝူကျိက အဆင့် ၃ နတ်ဘုရား အစီအရင်ဆရာ တစ်ယောက် ဖြစ်နေသော်လည်း သူ့စိတ်ကြိုက် လျှောက်မသွားရဲပေ။ ယခု သူက ဖုံးကွယ်ရေး အတားအဆီး တစ်လွှာအောက် ပုန်းအောင်းနေပေသည်။
ဤနေရာ၌ သူက အပြစ်ပေးစင်မြင့်ကို ကောင်းစွာ မြင်တွေ့နိုင်ပေသည်။
သူ့စိတ်ဝိညာဉ်မျက်လုံး သို့မဟုတ် စိတ်စွမ်းအား မပါရှိပဲ မိုဝူကျိက ချူယို့အား အပြစ်ပေးကျောက်တိုင်၌ ခေါင်းငိုက်စိုက်ဖြင့် ချည်နှောင်ခံထားရသည်ကို မြင်လိုက်ရသည်။
ဟုတ်တယ် …. အမှန်ကို ချူယို့ပဲ …
မိုဝူကျိက စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် ခါးပေါ်တွင် ကျောက်စိမ်းပြား ချိတ်ဆွဲထားလိုက်တော့သည်။ ထိုကျောက်စိမ်းပြားမှာ ဝမ်ချွမ်းတာအိုကျောင်းတော်၏ အတွင်းစည်းတပည့် တစ်ယောက်ဆီမှ ဖြစ်သည်။ ထိုအတွင်းစည်းတပည့်က မိုဝူကျိ လက်ချက်ဖြင့် သေသွားပြီ ဖြစ်၏။
ဤကျောက်စိမ်းပြားသည် ဂိုဏ်းအတွင်းပိုင်းသို့ ဝင်ဖို့ ခွင့်ပြုထားသော်လည်း မိုဝူကျိ၏ ရည်ရွယ်ချက် မဟုတ်ပေ။ သူက အပြစ်ပေးကျောက်တိုင်ဆီ သတိထားကာ သွားလိုက်၏။
အပြစ်ပေးကျောက်တိုင်မှာ တပည့်များကို အပြစ်ပေးရာ နေရာဖြစ်ပြီး သတိပေးရာအဖြစ်လည်း မှတ်ယူနိုင်ပေသည်။ အားလုံးကို မြင်ခွင့်ပြုထားပြီး အပြစ်ပေးကျောက်တိုင်မှာ ဂိုဏ်းအစွန်အဖျားနားတွင် တည်ရှိ၏။ ဤသည်မျာ မိုဝူကျိအား ချဉ်းကပ်နိုင်ဖို့အတွက် အခွင့်အရေး များလာစေသည်။
………..…
ဝမ်ချွမ်းတာအိုကျောင်းတော်နှင့် တော်တော်လှမ်းကွာသည့် စိမ့်စမ်းရေအိုင်၌ အလင်းတန်းတစ်ချက် ပေါ်လာသည်။ ထို့နောက် ကျောက်စိမ်းပုလင်းလေး ပေါ်လာလေ၏။ ကျောက်စိမ်းပုလင်းလေးက ခဏတာ ပေါ်လာပြီးနောက် ပုလင်း အပြင်ဘက်ရှိ အတားအဆီးများမှာ ပျက်စီးသွားတော့သည်။ အမွှေးတိုင်တစ်တိုင်စာ ကျော်လွန်ပြီးနောက် ကူးသန်းရေး အစီအရင်က အသက်ပြန်ဝင်လာပြီး ကျောက်စိမ်းပုလင်းလေးမှာ နောက်ထပ် ရွှေ့ပြောင်းခံလိုက်ရသည်။
ဧည့်ခန်းမအတွင်း နတ်ဘုရားဘုရင် လီထန်း၊ နတ်ဘုရားဘုရင် မော့ဟိုင်နှင့် နတ်ဘုရားဘုရင် ယင်မုတို့က အသည်းအသန် ဆွေးနွေးနေကြသည်။
မိုဝူကျိအား တစ်နှစ်ကျော်ကြာသည့်အထိ စောင့်ဆိုင်းပြီးနောက် နတ်ဘုရားဘုရင် လီထန်းသည် လုံးဝ စိုးရိမ်ခြင်း မရှိနေပေ။ နတ်ဘုရားဘုရင် တစ်ယောက်အတွက် တစ်နှစ်တာအချိန်လေးမှာ ထမင်းစားချိန်လောက်နှင့် မကွာခြားပေ။
“ တကယ်တော့ ကျုပ်တို့ နတ်ဘုရားနယ်မြေမှာ ယခင်က နတ်ဘုရားအရိုက်အရာအတွက် တိုက်ပွဲတွေက ပေါ်မလာဖူးတာ မဟုတ်ဘူး ” နတ်ဘုရားဘုရင် လီထန်းက စကားစဖြတ်ကာ ရုပ်ခြည်း ထရပ်လိုက်သည်။ သူ့မျက်ဝန်း၌ မယုံကြည်နိုင်သည့် အရိပ်အယောင်များ ထွက်ပေါ်နေသည်။ ထို့နောက် နတ်ဘုရားဘုရင် လီထန်းနှင့်အတူ အခြားသော နတ်ဘုရားဘုရင် နှစ်ယောက်မှာလည်း ကောင်းကင်အား မယုံကြည်နိုင်စွာ မော့ကြည့်လိုက်ကြ၏။
ခဏအကြာတွင် သုံးယောက်လုံးက ဆက်တိုက် အော်ပြောလိုက်ကြသည် “ ဟုန်မုန့်စွမ်းအင် … ”
“ဟုန်မုန့်စွမ်းအင်က တကယ်ကြီး ပေါ်လာတာလား ” နတ်ဘုရားဘုရင် မော့ဟိုင်က တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
မိုဝူကျိက ဟုန်မုန့်စွမ်းအင်အကြောင်း အများကြီး မသိထားပေ။ သူက ကုသဖို့ရာနှင့် ကျင့်ကြံဖို့ရာအတွက်သာ အသုံးပြုလေ့ရှိ၏။ နတ်ဘုရားဘုရင် တစ်ယောက်အတွက် ဟုန်မုန့်စွမ်းအင်သည် ကုသဖို့ရာအတွက် တစ်ခုတည်း မည်သို့ဖြစ်မည်နည်း။ ပြောရလျှင် ကုသခြင်းမှာ အဖြုန်းတီးဆုံးကိစ္စ ဖြစ်ပေသည်။ ဟုန်မုန့်စွမ်းအင်သည် လူတစ်ယောက်၏ ကိုယ်ပိုင် စည်းမျည်းများကို ဖွဲ့စည်းဖို့ရာအတွက် အသုံးပြုနိုင်ပြီး နတ်ဘုရားဘုရင်အဆင့်ကို ကျော်လွန်သွားအောင် လုပ်ပေးနိုင်သော အဖိုးမဖြတ်နိုင်သည့် ရတနာမျိုး ဖြစ်၏။ နတ်ဘုရားဘုရင် တစ်ယောက်အတွက် ဟုန်မုန့်စွမ်းအင်သည် ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန် ကျောက်ထက်ပင် ပို၍ တန်ဖိုး ရှိနေသေး၏။
ယခုအခါ ဟုန်မုန့်စွမ်းအင်သည် နတ်ဘုရားနယ်မြေ၌ ပေါ်လာပြီ ဖြစ်ရာ သူတို့အနေနှင့် မည်သို့ ငြိမ်ငြိမ်ထိုင်နေဦးမည်နည်း။
“ သွားကြည့်ကြရအောင် ” နတ်ဘုရားဘုရင် လီထန်းက ပြောလိုက်ရင်း ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ နတ်ဘုရားဘုရင် မော့ဟိုင်နှင့် ယင်မုလည်း နောက်မှ လိုက်ပါသွားကြသည်။
နတ်ဘုရားသုံးယောက် ပျောက်ကွယ်သွားသည့်နောက်တွင် ဝမ်ချွမ်းတာအိုကျောင်းတော်ရှိ အခြားသော လောကနတ်ဘုရားအဆင့် ကျင့်ကြံသူများကလည်း ဟုန်မုန့်စွမ်းအင်ကို ခံစားမိလိုက်ကြသည်။ သူတို့က တွေဝေမနေဘဲ ကျင့်ကြံရာမှ ပြေးထွက်လာကြပြီး တူညီသော နေရာသို့ ဦးတည်နေကြသည်။
လက်ရှိ ထိုသို့ ခံစားမိသည်မှာ ဝမ်ချွမ်းတာအိုကျောင်းတော်ပင် မကပေ။ နတ်ဘုရားနယ်မြေရှိ အခြားသော နေရာမှ ပါရမီရှင်များကလည်း ခံစားမိကြသည်။ သူတို့အားလုံးက မိုဝူကျိ ရှိနေဖူးခဲ့သည့် စိမ့်စမ်းရေအိုင်သို့ ရောက်လာကြသည်။
မိုဝူကျိက ကူကယ်ရာမဲ့သလို ခံစားမိနေသည်။ သူက လူများစွာ အာရုံခံမိစေရန် ကူးသန်းရေး အဆောင်ဖြင့် ဟုန်မုန့်စွမ်းအင်ကို နည်းနည်း ထုတ်ပြလိုက်ခြင်း ဖြစ်၏။ မဟုတ်လျှင် သူ့အနေနှင့် ကူးသန်းရေး အစီအရင် ခင်းကျင်းနေဖို့ပင် မလိုအပ်ပေ။ သူက ဟုန်မုန့်စွမ်းအင်အား ကျောက်စိမ်းပုလင်း ပေါ်ပေါက်မလားခင်အထိ ဖုံးကွယ်ထားခဲ့သည်။
မိုဝူကျိက ဂိုဏ်းထဲရှိ တောင်ထိပ်များမှ အလင်းများ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ၍ သက်ပြင်းချလိုက်တော့သည်။ နတ်ဘုရားဘုရင် ယင်မုသည်လည်း မရှိလောက်တော့ချေ။ နတ်ဘုရားဘုရင် မရှိတော့သရွေ့ သူ့အနေနှင့် အောင်မြင်နိုင်ဖို့ မျှော်လင့်ချက် ရှိနေသေး၏။
မိုဝူကျိအနေနှင့် သူ ထုတ်လိုက်သော ဟုန်မုန့်စွမ်းအင်က ရုတ်ရုတ်သည်းသည်း ဖြစ်သွားစေသည်ကို မသိပေ။ ထိုစဉ် နတ်ဘုရားဘုရင်ပင်မကတော့ပေ။ လောကနတ်ဘုရားအဆင့်နှင့် နတ်ဘုရားအုပ်စိုးသူအဆင့်တို့ပါ ဟုန်မုန့်စွမ်းအင် ထွက်ပေါ်လာရာ စိမ့်စမ်းရေအိုင်သို့ ထွက်လာကြသည်။ အကယ်၍ လူများက မိုဝူကျိတွင် ဟုန်မုန့်စွမ်းအင် ပိုင်ဆိုင်ထားမှန်း သိလျှင် လောက၌ မိုဝူကျိဟူ၍ ဆက်ရှိနိုင်မည် မဟုတ်တော့ပေ။
မိုဝူကျိ၏ လက်ရှိ ခန့်မှန်းချက်အရ သူက ထိုစိမ့်စမ်းရေအိုင်သို့ ရောက်ဖို့ရာ နှစ်လတာမျှ ကြာမြင့်ခဲ့သည်။ အကယ်၍ နတ်ဘုရားဘုရင် ဆိုပါက နေ့တစ်ဝက်မျှသာ လိုအပ်ပေမည်။ ဂိုဏ်းဆီ ပြန်လာဖို့ဆိုလျှင် စုစုပေါင်း တစ်ရက်ခန့် လိုအပ်မည်။
မျှော်လင့်မထားသည့်အရာအား သတိကြီးကြီးထားဖို့ရာ မိုဝူကျိက ချူယို့အား ကယ်တင်ရန် အမွှေးတိုင် တစ်တိုင်စာမျှ အချိန်သာ သတ်မှတ်ထား၏။ သူက အမွှေးတိုင်တစ်တိုင်စာအတွင်း ကယ်ဖို့ လိုအပ်သည်။ မဟုတ်လျှင် သူက သူ့ဘာသာ ထွက်သွားရမည် ဖြစ်၏။
ဝမ်ချွမ်းတာအိုကျောင်းတော်မှ အဆင့်မြင့်ကျင့်ကြံသူများစွာ ထွက်သွားကြလေ၏။ သူ့အစီအစဉ်မှာ ချောမွေ့နေသည့်အတွက် မိုဝူကျိပင် ယုံကြည်ဖို့ရန် ခက်ခဲနေမိသည်။
ယခု လောကနတ်ဘုရားအဆင့် ကျင့်ကြံသူများလည်း ထွက်သွားပြီ ဖြစ်ရာ သူ့အဆင့် ၃ ဖုံးကွယ်ရေး အဆောင်မှာ နတ်ဘုရားအုပ်စိုးသူ အဆင့်များအနေနှင့် အာရုံခံမိမည် မဟုတ်တော့ပေ။
မိုဝူကျိ ခက်ခက်ခဲခဲ ပြုလုပ်ထားရသော အဆိပ်ပင် အသုံးမဝင် ဖြစ်သွားရတော့သည်။ မိုဝူကျိက ချူယို့ကို ကယ်ဆယ်နေစဉ်အတွင်း သူ့တာဝန်ကို နှောင့်ယှက်သူ ပေါ်လာလျှင် ဆိုသည့် အတွေးဖြင့် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။
သူ့အဆိပ်မှာ လောကနတ်ဘုရားများအပေါ် သက်ရောက်မှု မရှိနိုင်သော်လည်း နတ်ဘုရားအုပ်စိုးသူအဆင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရာ၌ အချိန်တချို့ ဆွဲထားပေနိုင်မည်။
ယခု ဂိုဏ်း၏ အဆင့်မြင့် ကျင့်ကြံသူများက ဟုန်မုန့်စွမ်းအင်အတွက် ထွက်သွားကြလေပြီ ဖြစ်ရာ မိုဝူကျိအနေနှင့် ယခင်ကလောက် မစိုးရိမ်နေတော့ပေ။ သူက အပြစ်ပေးကျောက်တိုင်ပေါ်ရှိ အတားအဆီးကို ဖြတ်ကျော်ဖို့ရာ လေးနာရီမျှ အချိန်ယူလိုက်ရသည်။
အပြစ်ပေးကျောက်တိုင်ဆီ ဝင်သွားပြီးနောက် မိုဝူကျိက ချူယို့ရှေ့သို့ လေရွှေ့ပြောင်းစွမ်းရည်ဖြင့် စက္ကန့်ပိုင်းလေးအတွင်း ရောက်ရှိသွားသည်။
***