ကမောက်ကမ တိုက်ပွဲ
Vol. 68 Ch. 939
မိုဝူကျိက ပြေးလာရင်း ချူယို့၏ ဖရိုဖရဲ စွမ်းအားများကို ခံစားမိနေသည်။ ချူယို့က တိုက်တိုက်ဆိုင်ဆိုင် ခေါင်းမော့လာသည်။ ချူယို့က သူတို့ ပထမဆုံးတွေ့ဆုံခဲ့စဉ်ကထက် ပိုပိန်သွားသည်မှ လွဲ၍ တခြားဘာမှမပြောင်းလဲပေ။ အပြစ်ပေးကျောက်တိုင်ပေါ်တွင် တစ်နှစ်ကျော် ချိတ်ဆွဲခံထားရပြီ ဖြစ်၏။
“ စီနီယာအစ်မချူယို့ကို တောင်းပန်ပါတယ်။ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်က ခင်ဗျားကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ ထင်ခဲ့တာ။ အခုတော့ ခင်ဗျားကို ပြဿနာပေးမိခဲ့ပြီ။ ကျုပ် ခင်ဗျားကို ခေါ်ထုတ်ပေးသွားမယ် …” မိုဝူကျိက ချူယို့အား ပိတ်လှောင်ထားသည့် အတားအဆီးဆီ လက်လှမ်းလိုက်သည်။
ချူယို့က မိုဝူကျိအား မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး မိုဝူကျိ ရောက်လာသည့် အကြောင်းအရင်းကို နားမလည်ဟန် ပေါ်နေသည်။ မိုဝူကျိက နတ်ဘုရားဘုရင်များ၏ တုံ့ပြန်မှုမရှိဘဲ မည်သို့ ရောက်လာနိုင်သနည်း။
ယခင် သူမက မိုဝူကျိသည် ကောင်းကင်နတ်ဘုရားအဆင့်နှင့် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ ၄၉ ယောက်အနက် ၄၇ ယောက်ကို သတ်နိုင်ခဲ့သည့် အကြောင်းအား မယုံနိုင်ခဲ့ပေ။ လက်ရှိနောက်ဆုံးတွင် သူမက ယုံကြည်သွားပြီ ဖြစ်၏။
မိုဝူကျိက ချူယို့ မျက်ဝန်းကို အာရုံမထားမိပေ။ သူ့လက်များက သူမ ပခုံးဆီ ရောက်ရှိသွားပြီ ဖြစ်၏။
တစ်ခုခုတော့ မှားနေပြီ …
ထိုသည်မှာ သူမ ပခုံးကိုထိပြီးသည်နှင့် မိုဝူကျိ၏ ပထမဆုံးအသိ ဖြစ်သည်။ ချူယို့၏သွင်ပြင်နှင့် စွမ်းအားတို့မှာ ခြားနားနေသည်။ သို့သော်လည်း မိုဝူကျိက သူမ ခန္ဓာကိုယ်မှ အဆိပ်ကို တစ်ခါ ဖယ်ရှားပေးခဲ့ဖူးသည်။ သူမကို တစ်ချက်ထိလိုက်ရုံမျှဖြင့် သူ့အနေနှင့် တန်းသိပေမည်။
သို့သော်လည်း ချူယို့၏ လက်ရှိခန္ဓာကိုယ်မှာ သူ့အဆိပ်ဖြေလမ်းကြောင်း၏ စွမ်းအားအရိပ်အယောင် မရှိနေပေ။ မိုဝူကျိက တစ်ခုခုကို တွေးမိသွားစဉ် ချူယို့ အယောင်ဆောင်ထားသည့် မိန်းကလေးက လက်ကိုမြှောက်ကာ သတ်ဖြတ်ရေး အလင်းတန်းဆယ်ချက်ကို ထုတ်လွှင့်လိုက်သည်။ ထိုအလင်းဆယ်ချက်နောက်တွင် စက်ဝန်းတံဆိပ်တော် တစ်ခု ပေါ်လာသည်။ ထိုတံဆိပ်တော်က မိုဝူကျိ၏ နဖူးဆီ ပြေးဝင်လာသည်။
မိုဝူကျိက ချူယို့နှင့် နီးကပ်နေသောကြောင့် သူ့အနေနှင့် ရှောင်ရှားဖို့ နေရာ မရလိုက်ပေ။ သူ့ခန္ဓာကိုယ် တစ်ခုလုံး သွေးများ စိုရွဲသွားသည်။ ကံကောင်းသည်က သူက ချူယို့မှာ တစ်ခုခု မှားနေကြောင်း အာရုံခံမိလိုက်၍ ဖြစ်သည်။ သူက စောစောစီးစီး တုံ့ပြန်လိုက်နိုင်၏။ ထိုတံဆိပ်တော်က မိုဝူကျိ၏ နားထင်နှင့်သာ တွေ့သွား၍ ဤတစ်ကြိမ် အသက်ရှင်နိုင်သွားသည်။
မိုဝူကျိက လက်ဝါးကို ဖြန့်လိုက်သည်နှင့် အဆင့် ၄ လွတ်မြောက်ရေး အဆောင်က ချက်ချင်း ပေါ်လာသည်။
“ ရှင့်လို ဖားမျိုးက ကျွန်မ အစ်မနဲ့ ထိုက်တန်တယ် ထင်နေတာလား။ သေစမ်း ….” ချူယို့ အယောင်ဆောင်ထားသည့် အမျိုးသမီးက လှုပ်ရှားလိုက်ပြီး သူမ တံဆိပ်တော်မှာလည်း သတ်ဖြတ်ငွေ့များ ဖြစ်တည်လာကာ မိုဝူကျိဆီ ပြေးဝင်သွားသည်။ ဆက်တိုက်ဆိုသလို အသံစူးစူးတစ်ခု ကောင်းကင်အနှံ့ ပျံ့နှံ့သွားပြီးနောက် အရောင်စုံ ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။
“ ဝုန်း ” ဝမ်ချွမ်းတာအိုကျောင်းတော်၏ ကာကွယ်ရေး အစီအရင်မှာ ချက်ချင်း အသက်ဝင်လာသည်။ ဂိုဏ်းပတ်လည်ရှိ နေရာများကလည်း မထိုးဖောက်နိုင်သည့် အကာအကွယ်အဖြစ် ပြောင်းလဲသွားသည်။
မိုဝူကျိက ချူယို့ အယောင်ဆောင်ထားသော အမျိုးသမီးအပေါ် အာရုံမရှိတော့ချေ။ ဂိုဏ်း၏ နတ်ဘုရားဘုရင် ဘယ်အချိန် ပြန်ရောက်လာမည်ကို မည်သူ သိထားမည်နည်း။ နတ်ဘုရားအုပ်စိုးသူ ရောက်ရှိလာလျှင်ပင် သူ့အတွက် ပြဿနာဖြစ်နေလေပြီ။
ထို့အပြင် သူက ထိုတံဆိပ်တော်ကြောင့် ဒဏ်ရာ ရနေပြီဖြစ်ရာ အခုချက်ချင်း မထွက်သွားလျှင် မည့်သည့်အချိန်၌ ထွက်သွားနိုင်တော့မည်နည်း။
အဆင့် ၄ တည်နေရာ ရွှေ့ပြောင်းအဆောင်ကို အသက်သွင်းလိုက်သည်နှင့် အဝါရောင်မြူများက မိုဝူကျိအား ဖုံးလွှမ်းသွားသည်။
ချူယို့ အယောင်ဆောင်ထားသည့် အမျိုးသမီးက မိုဝူကျိအား စိုက်ကြည့်ရင်း သရော်လိုက်သည် “ ရှင့်ဆီ ပစ္စည်းကောင်းတွေ များသားပဲ။ ရှင်က ကျွန်မအစ်မကို စိတ်ကျေနပ်ဖို့ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက် ထုတ်ပေးလိုက်တာ မအံ့ဩတော့ပါဘူး။ နှမြောစရာကောင်းတာက အစ်မက ရှင့်ကို သေစေချင်နေတာပဲ။ ကျွန်မက အစ်မအတွက် လုပ်ပေးနေတာ။ ပြီးတော့ ဝမ်ချွမ်းတာအိုကျောင်းတော်ရဲ့ ကာကွယ်ရေး အစီအရင်ကနေ ထွက်သွားနိုင်မယ်လို့ ထင်နေ … ”
ဤအမျိုးသမီးက ရုတ်တရက် ရပ်တန့်သွားလေသည်။ အကြောင်းမှာ မိုဝူကျိက အရိပ်အယောင်မကျန် ပျောက်ကွယ်သွား၍ ဖြစ်သည်။ နောက်အခိုက်အတန့်လေး၌ ဝမ်ချွမ်းတာအိုကျောင်းတော်၏ ကာကွယ်ရေး အစီအရင်မှာ အလှဆင်ရုံသပ်သပ်သာ ဖြစ်သွားတော့သည်။
မိုဝူကျိ ထွက်ပြေးပြီးသည်နှင့် ထိုအမျိုးသမီးရှေ့သို့ ပုံရိပ်ဆယ်ခုကျော် ရောက်ရှိလာသည်။ ရှေ့ဆုံးမှ သူ့မှာ ခပ်ထွားထွား ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး သူ့ကျင့်ကြံဆင့်မှာ ထိုအမျိုးသမီးထက်ပင် ပိုမြင့်ဟန် ပေါ်သည်။ ထိုသို့ဆိုလျှင်ပင် သူက လက်နှစ်ဖက်ယှက်၍ “ ဂျုနီယာညီမလေး ချူရှီ … သူ ဘယ်မှာလဲ ”
ချူရှီ အမည်ရှိ အမျိုးသမီးက အသိပြန်ဝင်လာကာ မယုံနိုင်စွာဖြင့် ပြောလိုက်သည် “ သူက လွတ်မြောက်ရေးအဆောင်ကို သုံးပြီးတော့ ဂိုဏ်းရဲ့ ကာကွယ်ရေး အစီအရင်ကို ဖြတ်သွားတယ် … ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ် … ”
ရှေ့ဆုံးတွင် ရပ်နေသူက ချူရှီ စကားကို ကြားလိုက်သည့်အခါ လုံးဝကို အံ့ဩတုန်လှုပ်သွားတော့သည်။ သူက ချက်ချင်း ပြန်ပြောလိုက်၏ “သူ့နောက် မြန်မြန် လိုက်ရအောင် .. ငါတို့တွေ တောင်ကိုဖြတ်ပြီး ပင်လယ်ထဲ ငုတ်ရမယ်ဆိုရင်တောင် သူ့ကို လွှတ်ပေးလိုက်လို့ မဖြစ်ဘူး။ သူ့အရိပ်အယောင်ကို ရှာဖို့ပဲ လိုတယ်။ တည်ထောင်သူဘိုးဘေးက သူ့ကို အလွယ်လေး ဖမ်းမိသွားလိမ့်မယ် ”
ပြောလိုက်သည့် ကျင့်ကြံသူက အပြစ်ပေးကျောက်တိုင်မှ ပြေးထွက်သွားတော့သည်။ သူ့နောက်တွင် ကျင့်ကြံသူ ဆယ်ယောက်ကျော်လည်း လိုက်ပါသွားကြ၏။
လူဆယ်ယောက် ထွက်သွားပြီးနောက် ပိန်ပါးပါး လူရိပ်က အပြစ်ပေးကျောက်တိုင်ဆီ ရောက်ရှိလာသည်။ အကယ်၍ မိုဝူကျိသာ ရှိနေသေးလျှင် ထိုသူမှာ အမှန်တကယ် ချူယို့စစ်စစ်ဖြစ်ကြောင်း သိပေလိမ့်မည်။
ချူယို့က နတ်ဘုရားသိုက်မြုံမှ ပြန်ရောက်လာစဉ်ကတည်းက အခန်းပိတ် ကျင့်ကြံနေခြင်း ဖြစ်၏။ ဤသည်မှာ ဂိုဏ်း၏ တည်ထောင်သူဘိုးဘေး၊ ဂိုဏ်းချုပ်နှင့် သူမကိုယ်ပိုင် အတွေးတို့ ဖြစ်ပေသည်။ ယနေ့ သူမထွက်လာသည့် အကြောင်းအရင်းမှာ ချူရှီ၏ အရောင်ငါးသွယ် အဆောင် သတိပေးမှုကြောင့် ဖြစ်၏။ အရောင်ငါးသွယ် အဆောင် ပေါ်လာသည့် အဓိပ္ပာယ်မှာ ဂိုဏ်းက အန္တရာယ်တွင်းထဲ ကျရောက်နေကြောင်း ဆိုလိုခြင်း ဖြစ်၏။
“ နင်လား ”ချူယို့က ချူရှီအား တအံ့တဩ ကြည့်ကာ ပြောလိုက်သည်။ သူမက ချူရှီအား အပြစ်ပေးကျောက်တိုင်တွင် တွေ့ရလိမ့်မည်ဟု မထင်ထားသလို ချည်နှောင်ခံထားလျက်နှင့် အဆောင်ကို အသက်သွင်းနိုင်လိမ့်မည်ဟု မထင်ထားချေ။
မဟုတ်သေးဘူး … ချူရှီအား ပိတ်လှောင်ထားသည့် အတားအဆီးများမှာ ကျိုးပျက်နေပြီ ဖြစ်၏။
မေးခွန်းကို ရေရွတ်ပြီးနောက် ချူယို့က ဘာမှဆက်မပြောနိုင်တော့ပေ။ ချူရှီနှင့် သူမက အမွှာဖြစ်သော်လည်း တစ်ယောက်မှာ ဖခင်နောက် လိုက်ကာ နောက်တစ်ယောက်မှာ မိခင်နောက် လိုက်ခဲ့ကြသည်။ သူမတို့မိဘများ ဆုံးပါးပြီးသည့်နောက်တွင် သူတို့၏ အကျင့်စရိုက်များမှာ ဆန့်ကျင်ဘက် ဖြစ်နေပြီ ဖြစ်၏။ သူတို့ကို ရန်သူအဖြစ် မသတ်မှတ်နိုင်သော်လည်း ဆက်ဆံရေး ကောင်းနေသည်တော့ မဟုတ်ချေ။ ဝမ်ချွမ်းတာအိုကျောင်းတော်၌ ချူရှီက တစ်နေရာရာ၌ ပေါ်လာခဲ့လျှင် ချူယို့က ထိုအရပ်သို့ ဦးတည်မသွားပေ။ နှစ်ဦးနှစ်ဖက်လုံး အပြန်ပြန်အလှန်လှန် အတူတူသာ ဖြစ်၏။
ချူရှီ၏ အလားအလာက ပိုကောင်းမွန်သောကြောင့် သူမ ကျင့်ကြံဆင့်မှာ ချူယို့ထက် အနည်းငယ် မြင့်မားနေခြင်း ဖြစ်၏။ ချူရှီအား ဒေါသထွက်စေသည်က ချူယို့သည် နတ်ဘုရားသိုက်မြုံ သွားပြီးနောက် ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်နှင့် ပေါင်းစပ်နိုင်ခဲ့သည့် အကြောင်း ဖြစ်သည်။ နှစ်အနည်းငယ်လေးအတွင်း ချူယို့၏ ကျင့်ကြံဆင့်မှာ သူမကို များစွာ ကျော်လွန်သွားခဲ့သည်။ ထိုစဉ် သူမက ကောင်းကင်နတ်ဘုရား အဆင့် ၈ သို့ ရောက်နေပြီ ဖြစ်၏။ ချူရှီက ချူယို့အား ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက် ပေးခဲ့သည့် ကောင်စုတ်အား တစ်စစီ ဝါးမျိုပစ်ဖို့ရာ မစောင့်နိုင်တော့ပေ။
ချူရှီ၏ အသံစူးစူးကို ကြားလိုက်ရ၏ “ ချူယို့ … ငါ့ကို ဂိုဏ်းက အပြစ်ပေးထားတာကို မြင်ပြီး ပျော်နေတာမလား။ ထွက်သွား … ”
ချူယို့က မျက်မှောင်ကျုတ်လိုက်သည်။ ထိုသည်မှာ ချူရှီ၏ အသံကြောင့် မဟုတ်ဘဲ ရင်းနှီးပြီးသား စွမ်းအားတမျိုးကို ခံစားမိလိုက်၍ ဖြစ်သည်။
ချူရှီ၏ အသံက နားကွဲလုမတတ် စူးရှနေသောကြောင့် ချူယို့က ဆက်၍ မနေလိုတော့ပေ။ သူမက တုံ့ဆိုင်းမနေဘဲ မြန်မြန် ထွက်သွားလိုက်သည်။ သူမက ချူရှီသည် အရောင်ငါးသွယ် အဆောင်အား အသက်သွင်းခဲ့သည့် အကြောင်းအရင်းကိုပင် မသိချေ။ ယခု ဂိုဏ်းက အဆင်ပြေနေဟန် ပေါ်သောကြောင့် သူမလည်း တံခါးပိတ် ကျင့်ကြံဖို့ ပြန်လည် ပြင်ဆင်လိုက်သည်။ သူမက ကောင်းကင်နတ်ဘုရား အဆင့် ၉ သို့ ရောက်သွားသည်နှင့် နတ်ဘုရားအုပ်စိုးသူအဆင့်သို့ မတက်လှမ်းခင် သူမကိုယ်သူမ အားကောင်းအောင် ကြိုးစားရမည်။
ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ဖြင့် သူမတာအို၏ ကျင့်ကြံရေးမှာ ပင်လယ်ပြင် ရွက်လွှင့်နေသည့်အလား ချောမွေ့နေသည်။
……….....
ဝမ်ချွမ်းတာအိုကျောင်းတော်နှင့် မိုင်ပေါင်း သန်းထောင်ချီ ကွာဝေးသည့် စိမ့်စမ်းရေအိုင်၌ နတ်ဘုရားဘုရင် ငါးယောက် ရောက်နေကြသည်။ အခြားသူများမှာလည်း မိနစ်နှင့်အမျှ ပို၍ပို၍ တိုးလာနေကြ၏။
နတ်ဘုရားဘုရင် လီထန်းက ဟုန်မုန့်စွမ်းအင်ကို ခံစားမိသောကြောင့် ချက်ချင်း ထွက်လာသော်လည်း ဦးဆုံး ရောက်လာသော နတ်ဘုရားဘုရင် မဟုတ်ပေ။ အကယ်၍ အားလုံးသာ တစ်ယောက်နှင့် တစ်ယောက် ဟန့်တားနေခြင်းကြောင့်သာ မဟုတ်လျှင် တစ်စုံတစ်ယောက်က သူတို့ရှေ့ရှိ ဂူထဲသို့ ပြေးဝင်သွားလောက်လေပြီ။ ထိုဂူမှာ ရိုးရှင်းသော သတ်ဖြတ်ရေး အစီအရင် ခင်းကျင်းထား၏။
ဟုန်မုန့်စွမ်းအင်မှာ ထိုဂူမှ ထွက်ပေါ်နေခြင်း ဖြစ်ပေသည်။
“ အစ်ကိုလီထန်း အချိန်မီ ရောက်လာတာပဲ။ အဲဒီပစ္စည်းက ဂူထဲမှာ ရှိနေတာ … ကြည့်ရတာ ဖွင့်လိုက်တာ သိပ်မကြာသေးဘူး ထင်တယ် ” နတ်ဘုရားဘုရင် လီထန်း ရောက်လာသည်နှင့် အနက်ဝတ် အမျိုးသားက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။
ဤအနက်ဝတ် အမျိုးသားမှာ မဟာနတ်ဘုရား ဆယ်ဦးထဲမှ ကိုးယောက်မြောက် ဖြစ်သည့် နတ်ဘုရားဘုရင် ကျီတင်းသာ ဖြစ်၏။
နတ်ဘုရားဘုရင်လီထန်းက ခေါင်းညိတ်ပြကာ “ ဒီလိုဆိုမှတော့ ကျုပ် တစ်ချက် သွားကြည့်လိုက်မယ် ”
တခြားသော နတ်ဘုရားဘုရင်များ ရှိနေသော်လည်း သူတို့က တစ်ယောက်နှင့်တစ်ယောက် ကာဆီးနေကြသည်။ သို့သော်လည်း နတ်ဘုရားဘုရင် လီထန်းမှာ နတ်ဘုရားနယ်မြေ၌ နံပါတ်တစ် နတ်ဘုရားဘုရင် ဖြစ်ကာ သူ့အင်အားလွှမ်းမိုးမှု ရှိနေသေး၏။ ထို့အပြင် အားလုံးက နတ်ဘုရားဘုရင် လီထန်းသည် မည်မျှ တရားမျှတကြောင်း သေချာသိထားကြရာ တခြားသူများအနေနှင့် သူ့အား ဝင်ခွင့်ပြုလိုက်ဖို့ရာ မစိုးရိမ်ကြပေ။
အားလုံးက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်နေကြသည်။ ဤသည်မှာ ကျောက်စိမ်းပုလင်းငယ်လေးသာ ဖြစ်၏။ ဤဂူ တူးဖော်ထားသည်မှာ သိပ်မကြာမြင့်သေးသည့်အပြင် ဟုန်မုန့်စွမ်းအင် ရှိနေသော ကျောက်စိမ်းပုလင်းငယ်လေးလည်း ရှိနေသည်။ ဤသည်မှာ ထောင်ချောက် ဖြစ်ကြောင်း အရူးပင် သိ၏။
နတ်ဘုရားဘုရင် လီထန်းက အဝင်ပေါက် ရောက်ခါနီးတွင် နတ်ဘုရားဘုရင် လီထန်းဆီ မီးခိုးရောင် အလင်းတန်းတစ်ခု ရောက်ရှိလာသည် “ လီထန်း .. ပစ္စည်းကောင်းတွေက မင်းပဲ ပိုင်ရမှာလား ”
နတ်ဘုရားဘုရင် လီထန်းက အလင်းတန်းကို ရှောင်လိုက်ပြီးသည့်နောက်တွင် လူတစ်ယောက် ရောက်ရှိလာသည်။
“ ရွှမ်လင် … ဒါက ဘာသဘောလဲ ”နတ်ဘုရားဘုရင် လီထန်းက လက်ကို ဆန့်ထုတ်ကာ ရောက်ရှိလာသည့် ပုံရိပ်အား ဖမ်းဆုပ်ဖို့ ကြိုးစားလိုက်သည်။
ဤနေရာတွင် နတ်ဘုရားဘုရင် များစွာ ရှိနေသော်လည်း မည်သူကမှ ဝင်မနှောင့်ယှက်ရဲကြပေ။
အားလုံးက ဤသူကို သိကြပေသည်။ ဤသည်မှာ နတ်ဘုရားဘုရင် ရွမ်လင် ဖြစ်၏။ သူက မဟာနတ်ဘုရားဘုရင် ဆယ်ဦးအနက် နံပါတ် နှစ် ဖြစ်သော်လည်း နတ်ဘုရားဘုရင် ရွှမ်လင်က ထိုအဆင့်များကို ဘယ်သောအခါမှ အသိအမှတ်မပြုပေ။
နတ်ဘုရားဘုရင် လီထန်းက မဟာနတ်ဘုရားဘုရင် နှစ်ဦး၊ သုံးဦး ပူးပေါင်းတိုက်ခိုက်လျှင်ပင် ပြိုင်ဘက် မဖြစ်နိုင်လောက်သည့်အထိ အားကောင်းလွန်းပေသည်။ တစ်ခုတည်းသော ခြွင်းချက်မှာ နတ်ဘုရားဘုရင် လီထန်းထက် အားမနည်းသည့် နတ်ဘုရားဘုရင် ရွှမ်လင်သာ ဖြစ်၏။ ယခင် သူတို့နှစ်ယောက် တိုက်ခိုက်ခဲ့စဉ်အခါက နှစ်ဖက်လုံး အတူတူ ဒဏ်ရာရခဲ့ကြသည်။
နတ်ဘုရားဘုရင် ရွှမ်လင်က အားရပါးရ ရယ်မောလိုက်ပြီး ခက်ထန်စွာဖြင့် “ လီထန်းက သူ့အတွက်သူ ဟုန်မုန့်စွမ်းအင်ကို လိုချင်နေတဲ့ ကြောင်သူတော်တစ်ယောက်ပဲ။ အားလုံး … လုယူနိုင်တဲ့အပိုင်ပဲ ”
အစပိုင်းတွင် နတ်ဘုရားဘုရင် တချို့က အချင်းချင်း တားဆီးနေပြီး မည်သူကမှ ဦးစွာ မလုယူရဲကြပေ။ နတ်ဘုရားဘုရင် ရွှမ်လင်က သူ ပေါ်လာသည်နှင့် နတ်ဘုရားဘုရင် လီထန်းအား ရန်စနေပြီ ဖြစ်၏။ ထို့အပြင် သူက အားလုံးအား ဟုန်မုန့်စွမ်းအင်အတွက် တိုက်ခိုက်ရန် အားပေးအားမြှောက် လုပ်နေသေးသည်။
အကယ်၍ ဟုန်မုန့်စွမ်းအင်ကို မမြင်ထားပါက လက်လွှတ်ပေးနိုင်ဦးမည် ဖြစ်သော်လည်း ယခုအခါ အားလုံး မျက်စိရှေ့မှောက်ရှေ့ ရောက်လာပြီ ဖြစ်ရာ မည်သူက စိတ်မဝင်စားပဲ နေမည်နည်း။ ဤသည်မှာ အားလုံးနှင့် ကွဲပြားသည့် တာအိုမျိုးကို ဖန်တီးနိုင်လိမ့်မည်။
လက်ရှိ နတ်ဘုရားဘုရင် လီထန်းပင် မကူနိုင်တော့ပေ။ မြောက်မြားစွာသော ကျင့်ကြံသူများက ဂူထဲ ဝင်ခွင့်ရဖို့အတွက် စတင် တိုက်ခိုက်ကုန်ပြီ ဖြစ်ရာ ကမောက်ကမ ဖြစ်ကုန်ကြသည်။
“ ရပ်စမ်း … အားလုံး ရပ်စမ်း … အဲဒါက ကျောက်စိမ်းပုလင်းလေး တစ်ခုပဲ။ ကျန်တာ ဘာမှမရှိဘူး ”နတ်ဘုရားဘုရင် လီထန်းက အော်ပြောလိုက်သော်လည်း မည်သူကမှ ဂရုမစိုက်ကြပေ။
နှမြောစရာကောင်းသည်က သူ့ကို နတ်ဘုရားဘုရင် ရွှမ်လင်က နှောင့်ယှက်ထားသည့်အတွက် အာရုံလျော့နေ၍ မဖြစ်ပေ။ မည်သူကမှ သူ့ကို နားမထောင်ကြပေ။ အကြောင်းမှာ အားလုံးက တစ်ပုလင်းတည်း ရှိနေမှန်း သိကြ၍ ဖြစ်သည်။ သို့သော်လည်း အထဲရှိ ပစ္စည်းကို မြင်ခွင့်ရဖို့ရာအတွက် တိုက်ခိုက်ဖို့ရာ ထိုက်တန်နေပြီ ဖြစ်၏။
နတ်ဘုရားဘုရင် လီထန်းက နတ်ဘုရားဘုရင် ရွမ်လင်၏ ရည်ရွယ်ချက်ကို ကောင်းကောင်း သိပေသည်။ ဟုန်မုန့်စွမ်းအင်ကို နတ်ဘုရားဘုရင် လီထန်း လက်မှလွဲ၍ တခြားသူများထံ ရောက်ရှိစေရန် ဖြစ်သည်။ တခြားသူများ လက်ထဲ ရောက်ပါက နတ်ဘုရားဘုရင် ရွမ်လင်က ပြန်လည် လုယူနိုင်လိမ့်မည်။ နတ်ဘုရားဘုရင် လီထန်းဆီ ရောက်ရှိသွားပါက သူတို့နှစ်ယောက်ကြားတွင် အလားအလာ ခြားနားချက် ကြီးမားသွားလိမ့်မည်။
နတ်ဘုရားဘုရင် မော့ဟိုင်ဆီ သတင်းစကားတစ်ခု ရောက်ရှိလာ၍ အော်ပြောလိုက်သည် “ မကောင်းတော့ဘူး ”
နဂို ရှေ့တက်ရန် ပြင်ဆင်နေသည့် နတ်ဘုရားဘုရင် ယင်မုကလည်း လှည့်ကာ မေးလိုက်သည် “ စီနီယာအစ်ကိုကြီး ဘာဖြစ်လို့လဲ ”
“ မိုဝူကျိက အပြစ်ပေးကျောက်တိုင်မှာ တကယ် ပေါ်လာပြီးတော့ ထွက်ပြေးသွားတယ်တဲ့ … ” နတ်ဘုရားဘုရင် မော့ဟိုင်က ဆက်မပြောနိုင်တော့ပေ။ ဤကိစ္စသည် တိုက်ဆိုင်မှု သပ်သပ်မဟုတ်ကြောင်း အရူးပင် နားလည်ပေလိမ့်မည်။
သူတို့သုံးယောက်လုံးသည် ဂိုဏ်းထဲ၌ တစ်နှစ်ကျော်သည့်အထိ စောင့်ဆိုင်းခဲ့ကြသည်။ ဤသည်မှာ သူတို့ ပထမဆုံးအကြိမ် ထွက်လာခြင်း ဖြစ်ရာ မိုဝူကျိက ဝမ်ချွမ်းတာအိုကျောင်းတော်ထဲ ဝင်သွားခဲ့၏။ အကယ်၍ တစ်ယောက်ယောက်က ဤကိစ္စမှာ မိုဝူကျိ၏ လက်ချက် မဟုတ်ကြောင်း ပြောလာခဲ့လျှင် မည်သူကမှ ယုံမည် မဟုတ်ပေ။
နတ်ဘုရားဘုရင် ယင်မုက နတ်ဘုရားဘုရင် မော့ဟိုင်၏ တုန်လှုပ်အံ့အားသင့်မှုကို နားလည်သွားတော့သည်။ အကယ်၍ တခြားတစ်ယောက် ဖြစ်နေပါက သူ့အနေနှင့် ယုံကြည်နိုင်မည် မဟုတ်ပေ။ သူတို့ကို မျှားခေါ်ရန် မည်သူကများ ဟုန်မုန့်စွမ်းအင်ကို ထုတ်သုံးမည်နည်း။ အကယ်၍ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်ကို ပေးပစ်ခဲ့သည် အရူးရှိနေမှတော့ ဟုန်မုန့်စွမ်းအင်ဖြင့် သူတို့ကို မျှားခေါ်ထုတ်ခြင်းက ဘာမှမထူးဆန်းတော့ပေ။
နတ်ဘုရားဘုရင် မော့ဟိုင်နှင့် နတ်ဘုရားဘုရင် ယင်မုတို့ မျက်နှာအထက်တွင် စိတ်အားထက်သန်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူတို့က မိုဝူကျိ၏တန်ဖိုးကို ပို၍ သေချာသိသွားကြတော့သည်။
***