နိဗာနတိတ်ဆိတ်မှု ပင်လယ်
Vol. 68 Ch. 940
မိုဝူကျိက ကျတ်တီးလွင်ပြင်ကြီးကို ငေးကြည့်လိုက်သည်။ သူက အဖိုးမဖြတ်နိုင်သည့် လွတ်မြောက်ရေး အဆောင်ကို ဖြုန်းတီးမိလိုက်ပြီ ဖြစ်ကြောင်း သိလိုက်တော့သည်။ သူက ထိုအဆောင်သည် အဝေးကြီး ပို့ဆောင်ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ချူယို့ကို ကယ်ဆယ်ဖို့ရာ မိုဝူကျိက ဝမ်ချွမ်းတာအိုကျောင်းတော် မိုင်သန်းထောင်ချီ ပတ်လည်အထိ စစ်ဆေးထားခဲ့သည်။ ဤနေရာသို့ မရောက်ဖူးသည်မှာ သေချာလှသည်။ ဆိုလိုသည်မှာ ထိုအဆောင်က သူ့အား ဝမ်ချွမ်းတာအိုကျောင်းတော်နှင့် အဝေးကြီးအထိ ခေါ်ထုတ်လာကြောင်း ဖြစ်၏။
အဆောင်တစ်ရွက်တည်းဖြင့် ဝမ်ချွမ်းတာအိုကျောင်းတော်မှ ထွက်ပြေးဖို့ရာ နောက်ထပ် နည်းစနစ်များ ထပ်သုံးဖို့ မလိုအပ်တော့ပေ။
“ အရမ်းအားကောင်းတဲ့ အဆောင်ပဲ ” မိုဝူကျိက သူ့ကိုယ်သူ ရေရွတ်လိုက်ကြသည်။
ဤသို့သော အဆောင်မျိုးမှာ အသက်အပို ရှိထားခြင်းနှင့် တူညီပေသည်။ ထိုသို့ အဆောင်မျိုးကို ဖြုန်းတီးပစ်လိုက်ခြင်းသည် အသက်အပိုကို ဖြုန်းလိုက်သည်နှင့် အတူတူသာ ဖြစ်၏။ နှမြောစရာကောင်းသည်က သူက နောက်ထပ် အဆင့် ၄ လွတ်မြောက်ရေး အဆောင်မျိုး လိုချင်လျှင် ပညာရှိတာအိုအဆောင်၏ စတုတ္ထမြောက် အလွှာအထိ သန့်စင်ဖို့ လိုအပ်ပေသည်။
မိုဝူကျိက ခေါင်းခါကာ ထိုအတွေးအား ခေါင်းထဲမှ ထုတ်လိုက်တော့သည်။ သူက ဤသို့မျိုး အဆင့် ၄ တည်နေရာ ရွှေ့ပြောင်းအဆောင်အား ဖန်တီးပြုလုပ်နိုင်မည် မဟုတ်ပေ။ သူက အားကုန်စိုက်၍ အဆောင်အကြောင်း လေ့လာလျှင်ပင် သူ့အနေနှင့် အချိန်တိုလေးအတွင်း ထိုသို့အဆောင်မျိုးကို ထုတ်နိုင်မည် မဟုတ်ချေ။
ဤအဆောင်က တည်နေရာစည်းမျည်းများ ပေါင်းစပ်ဖို့ လိုအပ်နေသည်။ သူက နတ်ဘုရားနယ်မြေ တည်နေရာစည်းမျည်းများနှင့် ထိစပ်မှု မရှိသေးသည့် ကနဦး နတ်ဘုရားအဆင့် ၃ ကျင့်ကြံသူ ဖြစ်ပေသည်။ သူက ထိုသို့အဆောင်မျိုး မည်သို့ ဖန်တီးနိုင်မည်နည်း။
သူ လာခဲ့သည့် ဦးတည်ရာအား ကြည့်ကာ သူ့အနေနှင့် ထွက်သွားသင့်သည့် အချိန်ရောက်လာကြောင်း သိလိုက်သည်။
ယနေ့မှစ၍ သူက နတ်ဘုရားနယ်မြေ၌ ခြေကုပ် မရှိတော့ပေ။
မိုဝူကျိက ဟုန်မုန့်စွမ်းအင်သည် နတ်ဘုရားဘုရင်အဆင့် ကျင့်ကြံသူများအား နောက်တဆင့် တက်လှမ်းနိုင်သည့် အခွင့်အရေး ပေးနိုင်ကြောင်း မသိထားပေ။ ထိုအရာကို မသိသော်လည်း မိုဝူကျိက ဟုန်မု့န်စွမ်းအင်သည် ရိုးရှင်းသည့် ရတနာမဟုတ်ကြောင်း မှန်းဆမိ၏။ သူ ဟုန်မုန့်စွမ်းအင်တချို့ကို ထုတ်လွှင့်လိုက်ကတည်းက ဝမ်ချွမ်းတာအိုကျောင်းတော်မှ အဆင့်မြင့် ကျင့်ကြံသူများစွာ ထွက်သွားကြသည်။ ဤသည်မှာ ဟုန်မုန့်စွမ်းအင် မည်မျှ တန်ဖိုးရှိကြောင်း ပြသနေခြင်းသာ ဖြစ်၏။
ဝမ်ချွမ်းတာအိုကျောင်းတော်မှ ထွက်သွားသောသူများအနေနှင့် များများ တွေးစရာ မလိုလိုက်ဘဲ သူက ဟုန်မုန့်စွမ်းအင်ကို ထုတ်လွှင့်လိုက်သူ ဖြစ်ကြောင်း သိပေလိမ့်မည်။
ထိုသို့မျိုး ရတနာကို ဖော်ထုတ်ပြီးနောက် နတ်ဘုရားနယ်မြေ၌ ဆက်နေပြီး ကိုယ့်သေတွင်းကို တူးရမှာလား ….
ယခု သူ သွားနိုင်သည့် တစ်ခုတည်းသော နေရာမှာ နိဗာနတိတ်ဆိတ်မှု ပင်လယ်သာ ဖြစ်၏။
……………..
မိုဝူကျိ ဂူဖောက်လုပ်ထားခဲ့သည့် စိမ့်စမ်းရေအိုင်တွင် ကျင့်ကြံသူ ရာချီ၍ ကျဆုံးကုန်ကြသည်။ ဟုန်မုန့်စွမ်းအင် အရိပ်အယောင်မှာလည်း အစအန ပျောက်ကွယ်သွားပြီ ဖြစ်ရာ မည်သူ ယူသွားမှန်း တစ်ယောက်မှ မသိကြပေ။
ဟုန်မုန့်စွမ်းအင် အလုခံလိုက်ရပြီးနောက် နတ်ဘုရားဘုရင် ရွမ်လင်က အနီးကပ် လိုက်ပါသွားသည်။ သူက နတ်ဘုရားဘုရင် လီထန်းနှင့် ဆက်လက်၍ အငြင်းပွားဖို့ရာ အလိုမရှိပေ။
နတ်ဘုရားဘုရင် သုံးယောက် ဝမ်ချွမ်းတာအိုကျောင်းတော်ဆီ ရောက်ရှိလာသည့်အခါ နေ့တစ်ဝက်ကြာမြင့်နေပြီ ဖြစ်၏။
ဝမ်ချွမ်းတာအိုကျောင်းတော်ရှိ ဧည့်ခန်းမတွင် နတ်ဘုရားဘုရင် သုံးယောက်လုံးက တိတ်ဆိတ်စွာ ထိုင်နေကြသည်။ မည်သူကမှ မိုဝူကျိနောက် လိုက်မသွားကြပေ။ နတ်ဘုရားဘုရင်များအနေနှင့် ဤသည်မှာ အချည်းနှီး ဖြစ်မည်မှန်း သိထား၏။ မိုဝူကျိက အကွက်ကျကျ စီစဉ်ထားသောကြောင့် သူ့နောက်ကို လိုက်ဖို့ရာ မည်သည့် အရိပ်အယောင်မှ ချန်ထားခဲ့မည် မဟုတ်ချေ။
“အစ်ကိုကြီးလီထန်း ကျုပ်တို့ နောက်တဆင့်ကို ဘာလုပ်ရမလဲ ” နတ်ဘုရားဘုရင် မော့ဟိုင်က မေးလိုက်သည်။
နတ်ဘုရားဘုရင် မော့ဟိုင်က နတ်ဘုရားဘုရင် လီထန်းအား လိမ်ညာနေခြင်း မဟုတ်ပေ။ အမှန်အတိုင်း ပြောရလျှင် ဟုန်မုန့်စွမ်းအင်မှာ မိုဝူကျိက သူတို့အား မျှားခေါ်ရန် လုပ်ထားသည့် ကိစ္စသာ ဖြစ်၏။ သူက ထုတ်မပြောလျှင်ပင် နတ်ဘုရားဘုရင် လီထန်းသည်လည်း ခန့်မှန်းမိပေမည်။
“ အဲဒီလူက ဒီလို အမွေအနှစ်မျိုးကို ရထားတာဆိုတော့ ရတနာတွေ အများကြီး ရှိမှာပဲ။ ပြီးတော့ ဟုန်မုန့်စွမ်းအင်ကို ဖုံးကွယ်ထားဖို့ဆိုတာက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူး ” နတ်ဘုရားဘုရင် လီထန်းက သက်ပြင်းချကာ ပြောလိုက်သည်။
နတ်ဘုရားဘုရင် မော့ဟိုင်နှင့် နတ်ဘုရားဘုရင် ယင်မုတို့က ဝင်ဖြတ်မပြောပေ။ နှစ်ယောက်လုံးက နတ်ဘုရားဘုရင် လီထန်း၏ စကားများကို သံသယ မရှိကြပေ။ သူက မိုဝူကျိ တစ်ယောက် ဝမ်ချွမ်းတာအိုကျောင်းတော်ဆီ ရောက်လာမည် ဖြစ်ကြောင်း အတိအကျ ခန့်မှန်းထားနိုင်ခဲ့သည် မဟုတ်ပါလော။
အကယ်၍ သူတို့ သုံးယောက်လုံးသာ ဟုန်မုန့်စွမ်းအင်ကြောင့် အာရုံမပြောင်းသွားခဲ့လျှင် မိုဝူကျိကို ဖမ်းမိနေလောက်လေပြီ။
“ဒီကိစ္စက ငါ့ကိုပဲ အပြစ်တင်ရမှာပဲ … ငါတို့တွေ ဒီမှာ တစ်ယောက်လောက်တော့ ချန်ထားခဲ့သင့်တာ ” နတ်ဘုရားဘုရင် လီထန်းက ခေါင်းခါကာ ပြောလိုက်သည်။
နတ်ဘုရားဘုရင် မော့ဟိုင်နှင့် နတ်ဘုရားဘုရင် ယင်မုတို့က ဝင်မပြောပေ။ အားလုံးက သူတို့ အချိန် နောက်ဆုတ်လို့ ရလျှင်ပင် မည်သူကမှ နေခဲ့မည် မဟုတ်ကြောင်း သိနေကြ၏။
ဟုန်မုန့်စွမ်းအင်ကို စိတ်မဝင်စားသည့်သူ ရှိမည်လား …
“ မိုဝူကျိဆီက ပစ္စည်းတွေက ငါတို့ ထင်ထားတာထက်တောင် တန်ဖိုးရှိနေနိုင်တယ်။ ငါတို့တွေ သူ့ကို ရှာဖို့ တတ်နိုင်သမျှ အကုန်လုပ်ရမယ် ” နတ်ဘုရားဘုရင် လီထန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။
နတ်ဘုရားဘုရင် မော့ဟိုင်နှင့် နတ်ဘုရားဘုရင် ယင်မုတို့က တိတ်ဆိတ်နေကြဆဲ ဖြစ်သည်။ မိုဝူကျိကို တစ်နှစ်ကျော်ကြာသည့်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့ကြသော်လည်း သူတို့အစီအစဉ် ရှုံးနိမ့်ခဲ့ရသည်။ ယခု သူတို့က မိုဝူကျိအား သတိပေးသလို ဖြစ်သွားလေရာ မည်သို့ ရှာရတော့မည်နည်း။
နတ်ဘုရားဘုရင် လီထန်းက နောက်တစ်ခါ ထပ်ပြောလိုက်သည် “ မိုဝူကျိ ဘယ်သွားတယ်ဆိုတာကို သိတဲ့သူ တစ်ယောက်ယောက် ရှိလိမ့်မယ် ”
“ ချူယို့လား ” နတ်ဘုရားဘုရင် နှစ်ယောက်က တစ်ပြိုင်နက် မေးလိုက်သည်။ နှစ်ယောက်လုံးက နတ်ဘုရားဘုရင် လီထန်း ဆိုလိုသည့် အဓိပ္ပါယ်ကို သိကြပေသည်။
နတ်ဘုရားဘုရင် လီထန်းက ခေါင်းညိတ်ကာ “ မိုဝူကျိက ချူယို့ကို ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် ပေးထားတာဆိုတော့ ချူယို့ကို သူ ဘယ်သွားမယ်ဆိုတာ ပြောပြခဲ့လောက်တယ်။ ချူရှီရဲ့ စကားအရဆိုရင် နတ်ဘုရားဘုရင်အနေနဲ့တောင် သူ့လို ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူကို ရှာတွေ့မှာ မဟုတ်ဘူး။ အဲဒီလူက အရမ်းဉာဏ်များပြီးတော့ သတိကြီးတယ် ”
“ချူယို့ကို အခုချက်ချင်း ခေါ်လိုက်မယ် ”နတ်ဘုရားဘုရင် မော့ဟိုင်က ချက်ချင်း အကြောင်းကြားလိုက်သည်။
အမွှေးတိုင်တစ်တိုင်စာခန့်အတွင်း ချူယို့ကက ဝမ်ချွမ်းတာအိုတောင်ထိပ်ဆီ ရောက်ရှိလာသည်။ သူမက နတ်ဘုရားဘုရင် သုံးယောက်အား လေးလေးစားစား ဂါရဝပြုကာ “ ချူယို့က စီနီယာလီထန်း၊ တည်ထောင်သူဘိုးဘေး မော့ဟိုင်နဲ့ တည်ထောင်သူ ယင်မုတို့ကို ဂါရဝပြုပါတယ်ရှင့် ”
“ မဆိုးဘူးပဲ … မင်းက ကောင်းကင်နတ်ဘုရားအဆင့် ၈ တောင် ရောက်နေပြီ။ ချူယို့ အခုတလော ကျင့်ကြံရေးမှာ အခက်အခဲ ရှိသေးလား ” ချူယို့ ရောက်လာသည်ကို မြင်ကာ နတ်ဘုရားဘုရင် ယင်မုက ရယ်မောရင်း မေးလိုက်သည်။
ချူယို့က နတ်ဘုရားဘုရင်များ သူမကို ခေါ်သည့် အကြောင်းအရင်းကို နားမလည်သောကြောင့် မြန်မြန် ဖြေလိုက်သည် “ စီနီယာတို့ … ကျွန်မရဲ့ ကျင့်ကြံရေးက လျှင်မြန်ပြီးတော့ ထိုးထွင်းဉာဏ်ကလည်း ကြည်လင်ပြတ်သားပါတယ်။ အခုထိတော့ အခက်အခဲ မရှိသေးပါဘူးရှင့် ”
နတ်ဘုရားဘုရင် မော့ဟိုင်က ရယ်မောလိုက်ပြီး “ ငါတို့တွေ မိုဝူကျိ ဒီလောက် ရက်ရောတဲ့အတွက် ကျေးဇူးတင်ရမဲ့ပုံပဲ။ အာ … ချူယို့ ငါတို့တွေ သူ့ကို ကျေးဇူးတင်လို့ ရအောင် ဂိုဏ်းကို ဖိတ်ကြားလိုက်ပါ့လား … နတ်ဘုရားဘုရင် ယင်မုနဲ့ ငါက သူ့ကို ကိုယ်တိုင် ကျေးဇူးတင်သင့်တယ်လေ။ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်က ဘယ်လောက် အဖိုးတန်တယ်ဆိုတာ သိတယ်မလား။ မင်းက ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကို ဖွဲ့စည်းနိုင်ထားတာဆိုတော့ နတ်ဘုရားဘုရင်အဆင့် အချုပ်အနှောင်အတားအဆီးတွေကို ဖြတ်ကျော်နိုင်ချေ မြင့်တယ်။ အဲဒါကြောင့် ငါတို့တွေက သူ့အပေါ် ကျေးဇူးကြွေးကြီး တင်ထားတယ်လေ … ”
“ ဟုတ်ကဲ့ပါ။ ဒီဂျူနီယာလေးလည်း အမြဲစိတ်နှလုံးသွင်းထားပါတယ် ”ချူယို့က သတိထားကာ ဖြေကြားလိုက်သည်။ သူမက နတ်ဘုရားဘုရင်များဆီမှ စကားအပေါ် မသက်မသာ ခံစားမိနေ၏။
နတ်ဘုရားဘုရင် ယင်မုက ထပ်ပြောလိုက်သည် “ သတိထားနေဖို့ မလိုပါဘူး။ မင်းက သိပ်မကြာခင် ငါတို့ ဝမ်ချွမ်းတာအိုကျောင်းတော်ရဲ့ ပြယုဂ် ဖြစ်လာမှာလေ။ ငါတို့ ဝမ်ချွမ်းတာအိုကျောင်းတော်အနေနဲ့ မင်းကြောင့် တိုးတက်လာဦးမှာ ”
သူက ချူယို့၏ အကျင့်စရိုက်ကို ကောင်းကောင်း သိထားပြီး ချူယို့သည် ထိုသို့ချီးမြှောက်မှုမျိုး လက်ခံမည် မဟုတ်ကြောင်းလည်း သိထားသည်။
ချူယို့က ပြန်ဖြေလိုက်လေ၏ “ စီနီယာအစ်ကိုကြီး မိုဝူကျိရဲ့ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်ကြောင့်သာ မဟုတ်ရင် ကျွန်မရဲ့ အလားအလာနဲ့ ဒီနေ့လိုမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး ”
နတ်ဘုရားဘုရင် ယင်မုက မျက်နှာထားတည်တည်ဖြင့် ပြန်ဖြေလိုက်သည် “ ဟုတ်တာပေါ့ … မိုဝူကျိက အဓိက ပါဝင်တာပဲ။ မိုဝူကျိ ဘယ်သွားလဲဆိုတာကို သိထားလား။ တည်ထောင်သူဘိုးဘေး မော့ဟိုင် ပြောသလိုပဲ ငါတို့တွေ သူ့ကို ကောင်းကောင်း ကျေးဇူးတင်သင့်တယ်လေ ”
ချူယို့က ပါးစပ်ဖွင့်ကာ မိုဝူကျိ တစ်ယောက် ချင်းဟိုင်လမ်း ပေါ်လာမည့်အချိန်ကို စောင့်နေရင်း နိဗာနတိတ်ဆိတ်မှု ပင်လယ်ပြင်ဆီ သွားမည့်အကြောင်း ပြောတော့မည့်ဆဲဆဲတွင် ပြန်၍ ချုပ်ထိန်းထားလိုက်သည်။ အကြောင်းမှာ သူမက တည်ထောင်သူဘိုးဘေး နှစ်ယောက်ကို မယုံကြည်၍ မဟုတ်ဘဲ သူမကိုယ်သူမ ကတိပြုထား၍ ဖြစ်သည်။ သူမက မိုဝူကျိ သွားမည့်နေရာကို မည်သူမှ ပြန်လည် မပြောကြောင်း သူမကိုယ်သူမ ကတိပြုထားသည်။
“ ကျွန်မလည်း မသိပါဘူး။ သူက ဂိုဏ်းကို တစ်ချက် ပြန်ကြည့်ဦးမယ်လို့ပဲ ပြောဖူးတာ … အဲဒီကို ပြန်သွားပြီးပြီလားဆိုတာတော့ မသိလိုက်ဘူး ” ဤသည်မှာ ချူယို့အနေနှင့် နတ်ဘုရားဘုရင် သုံးယောက်နှင့် စကားပြောဖူးခြင်း ဖြစ်သည့်အတွက် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေမိသည်။
“ မင်း အခု ပြန်ပြီးတော့ ကျင့်ကြံတော့လေ။ ဒါနဲ့ ဒါက မင်းအတွက် အုပ်စိုးသူ ဖွဲ့စည်းရေး ဆေးလုံး ….” နတ်ဘုရားဘုရင် မော့ဟိုင်က ချူယို့အား ကျောက်စိမ်းပုလင်းပေးကာ ပြောလိုက်သည်။
အုပ်စိုးသူ ဖွဲ့စည်းရေး ဆေးလုံးသည် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများအတွက် အဖိုးတန်ဆုံး အဆင့် ၃ ဆေးလုံး ဖြစ်၏။ ဤဆေးလုံးက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများအား နတ်ဘုရား အုပ်စိုးသူအဆင့် တက်လှမ်းနိုင်ဖို့ရာ ကူညီပေးပြီး ဆေးလုံး တစ်လုံး၏ တန်ဖိုးမှာ မြို့ချီ တန်ပေသည်။
ချူယို့က ကျောက်စိမ်းပုလင်းအား စိတ်လှုပ်ရှားတကြီး လက်ခံကာ ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။
ချူယို့ ထွက်သွားပြီးနောက် နတ်ဘုရားဘုရင် ယင်မုက သက်ပြင်းချကာ “ သူမ ကျုပ်တို့ကို ညာနေတာ ထင်တယ် ”
နတ်ဘုရားဘုရင် မော့ဟိုင်က ချူယို့ လိမ်ညာနေမှန်း သိ၍ ရယ်မောကာ “ ထားလိုက်ပါတော့ … သူမက မိုဝူကျိနဲ့ ကတိစကားတချို့ ထားထားလို့ နေမှာပါ။ သူမကို အတင်းဖိအားမပေးကြတာ ကောင်းမယ် ”
ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန် ဖွဲ့စည်းထားသော ချူယို့က နတ်ဘုရားဘုရင် မော့ဟိုင်အတွက် အလွန် အရေးပါပေသည်။
နတ်ဘုရားဘုရင် လီထန်းက ပြုံးကာ “ သူမက ညာနေတာ အသေအချာပဲ … ဒါပေမဲ့ ချူယို့ကို အမှန်အတိုင်း ပြောရအောင် အတင်းဖိအားပေးလို့ မဖြစ်ဘူး။ ပြီးတော့ အမှတ်တရ အစီအရင်လို့ ခေါ်တဲ့ မှတ်ဉာဏ်အစီအရင်မျိုး ရှိတယ်။ နတ်ဘုရားဘုရင် သတ္တ လုပ်ပေးမယ်ဆိုရင် လအနည်းငယ်အတွင်းမှာ ပြီးလောက်တယ် ”
......................
မိုဝူကျိက သွေးများ ရွှဲနစ်နေပြီး ဒဏ်ရာအပြင်းအထန် ရထားသော်လည်း သူ့ဒဏ်ရာများက အလျင်အမြန် ပြန်လည် ကောင်းမွန်လာနေသည်။ တစ်လတာအတွင်း သူက တစ်ဝက်လောက် ပြန်လည် ကောင်းမွန်နေပြီ ဖြစ်၏။
မိုဝူကျိက ပြန်လည် ကောင်းမွန်လာသည် ဖြစ်စေ၊ မကောင်းမွန်လာသည် ဖြစ်စေ နိဗာနတိတ်ဆိတ်မှု ပင်လယ်ဆီ ဆက်တိုက် ဦးတည်သွားလာနေသည်။ သူက ချင်းဟိုင်လမ်းကြောင်း မည်သည့်အချိန်မှ ပေါ်လာမည်ကို မသိထားသော်လည်း မိုဝူကျိက ဆက်လက် ဂရုမစိုက်နိုင်တော့ပေ။
သူက နိဗာနတိတ်ဆိတ်မှု ပင်လယ်သည် တစ်ခုတည်းသော ထွက်လမ်း ဖြစ်ကြောင်း သိထားသည်။
ငါးလကြာမြင့်ပြီးနောက် အနီရင့်ရင့် ပင်လယ်ပြင်က မိုဝူကျိ၏ စိတ်စွမ်းအားအတွင်း ဝင်ရောက်လာသည်။ ပျက်စီး စွမ်းအားကို ခံစားမိနေသောကြောင့် မိုဝူကျိက သက်ပြင်းသာ ချလိုက်သည်။ နောက်ဆုံးတွင် နိဗာနတိတ်ဆိတ်မှု ပင်လယ်ဆီ ရောက်ခဲ့လေပြီ။
ငါးလတာအတွင်း မိုဝူကျိက အဆင့်မြင့်နှင့် အလယ်အလတ်အဆင့် နတ်ဘုရားကျောက်အားလုံးကို သုံးစွဲပစ်လိုက်ပြီ ဖြစ်၏။ သူက ကျင့်ကြံခြင်းအတွက် သုံးစွဲခဲ့ခြင်း မဟုတ်ဘဲ သွားလာရေးအတွက် ဖြစ်၏။ သူက အကွာအဝေး အရမ်းဝေးလွန်းသည့် ကူးသန်းရေး အစီအရင်မျိုးပင် မလုပ်ရဲခဲ့ချေ။ ဤသို့မျိုး ကူးသန်းရေး အစီအရင်မှာ သူ့အား ချမ်းသာသမျှ အားလုံး ပြောင်စင်သွားစေလိမ့်မည်။
ကူးသန်းရေး အစီအရင်နှင့် သွားခြင်းအပြင် သူက လေလွတ်မြောက်ရေး နည်းစနစ်ကို အများဆုံး အသုံးပြုခဲ့သည်။ နိဗာနတိတ်ဆိတ်မှု ပင်လယ်ကို အာရုံခံမိပြီးနောက် မိုဝူကျိက လေရွေ့ပြောင်း စွမ်းရည် တစ်ချက်ဖြင့် နိဗာနတိတ်ဆိတ်မှု ပင်လယ်အစွန်းဆီ ရောက်ရှိသွားတော့သည်။
သူ ရရှိထားသော သတင်းအရ နိဗာနတိတ်ဆိတ်မှု ပင်လယ်တွင် ကျင့်ကြံသူ တစ်ယောက်ပင် မရှိချေ။ ဤနေရာတွင် နတ်ဝိညာဉ်စွမ်းအားများ မရှိပေ။ ပင်လယ်ပြင်က အနီရင့်ရင့် သမ်းနေကာ အဆုံးမဲ့ ကျယ်ပြန့်နေသည်။
မိုဝူကျိက ကမ်းစပ်ကို ကြည့်လိုက်သည့်အခါ သဲများနှင့် ကျောက်ခဲများပင် အနီရောင် ဖြစ်နေကြောင်း သိလိုက်ရသည်။ ပြောရလျှင် သွေးနံ့ပင် ရနေသေး၏။
ပင်လယ်ပြင်က အဆုံးမဲ့ ကျယ်ဝန်းလှပေသည်။ သို့သော်လည်း အထူးဆန်းဆုံးအရာမှာ လှိုင်းတွန့်လေးများ မရှိနေသလို အရောင်ပြန်ဟပ်မှုလည်း မရှိနေချေ။
အရောင်ပြန်ဟပ်မှု မရှိတာကြောင့် ပင်လယ်ပြင်ကို ဖြတ်တိုက်လာသည့် လေပြေလည်း မရှိနေချေ။ ကမ်းစပ်တွင် ရပ်နေရင်း အသံလုံ အခန်းထဲ ရောက်နေသလို ခံစားလိုက်ရသည်။ နိဗာနတိတ်ဆိတ်မှု ပင်လယ်ပြင်သည် စကြဝဠာတစ်ခုလုံး၌ အတိတ်ဆိတ်ဆုံး ပင်လယ်သာ ဖြစ်ပေမည်။
မိုဝူကျိက သိုလှောင်လက်စွပ်မှ ဌက်မွှေးလေးကို ထုတ်ပြီး ပင်လယ်ထဲ ပစ်ချလိုက်သည်။ ဌက်မွှေးလေးမှာ ရပ်တန့်ခြင်းမရှိ နှစ်မြှုပ်သွားလေ၏။ နောက်အခိုက်အတန့်၌ သူက ကောင်းကောင်း ပြုလုပ်ထားသည့် လှေငယ်လေးကို ပင်လယ်ထဲ ချလိုက်သည်။ ထိုပင်လယ်နီက ရေပေါ်နိုင်စွမ်း မရှိသည့်အလား လှေသည်လည်း နှစ်မြှုပ်သွားတော့သည်။
မိုဝူကျိက ခေါင်းမော့လိုက်ပြီး အဆုံးမဲ့ နိဗာနတိတ်ဆိတ်မှု ပင်လယ်ပြင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
ချင်းဟိုင်လမ်းကြောင်းက ဘယ်အချိန် ပေါ်လာမှာလဲ ….
***