← Chapters

ချင်းဟိုင်လမ်းကြောင်း

Vol. 68 Ch. 941

ချင်းဟိုင်လမ်းကြောင်း

Vol. 68 Ch. 941

မိုဝူကျိက နိဗာနတိတ်ဆိတ်မှု ပင်လယ် အစွန်းကို ဆယ်ရက်တာလောက် လေ့လာနေခဲ့သည်။ သူက ချင်းဟိုင်လမ်းကြောင်းကို မမြင်ရုံတင်မက သက်ရှိဝိညာဉ်တစ်ခုပင် မမြင်မိပေ။

နိဗာနတိတ်ဆိတ်မှု  ပင်လယ်သည် အဆုံးမဲ့သော်လည်း မိုဝူကျိအနေနှင့် ချင်းဟိုင်လမ်းကြောင်း ပေါ်လာသည်နှင့် အာရုံခံမိမည် ဖြစ်ကြောင်း သေချာနေသည်။ ချင်းဟိုင်လမ်းကြောင်း ပေါ်လာသည့် အချိန်တိုင်း လူများစွာက နိဗာနတိတ်ဆိတ်မှု ပင်လယ်ဆီ ရောက်ရှိလာကြလိမ့်မည်။

ယခုအချိန်အထိ သက်ရှိ အရိပ်အယောင် တစ်ခုပင် ပေါ်မလာသေးပေ။ ဆိုလိုသည်မှာ ချင်းဟိုင်လမ်းကြောင်းက မကြာခင် ပေါ်လာမည် မဟုတ်သေးပေ။

ရက်နည်းနည်း ကြာမြင့်ပြီးနောက် မိုဝူကျိက သူ ဆက်စောင့်နေ၍ မဖြစ်တော့ကြောင်း ခံစားချက် ဝင်လာမိသည်။ သူ့နောက်မှ အန္တရာယ်သည် ဖြည်းဖြည်းချင်း ချည်းကပ်လာကြောင်း ခံစားမိနေ၏။ သူသာ ထွက်မသွားလျှင် နောက်အခိုက်အတန့်လေး၌ သေဆုံးသွားနိုင်ကြောင်း ခံစားနေမိသည်။

မိုဝူကျိက နိဗာနတိတ်ဆိတ်မှု ပင်လယ်ကို မဖြတ်နိုင်သည့် အဓိက အကြောင်းအရင်းနှစ်ချက်ကို အခြားလူများဆီမှ ကြားထား၏။ ပထမတစ်ချက်မှာ ပင်လယ်ပြင်၌ ရေပေါ် ပေါ်နိုင်စွမ်း မရှိပေ။ ဒုတိယအနေနှင့် နိဗာနတိတ်ဆိတ်မှု ပင်လယ်မှာ မဟာတာအိုအား ပျက်စီးသွားစေနိုင်၏။

ကောလဟာများအရ နိဗာနတိတ်ဆိတ်မှု  ပင်လယ် အနီရောင် ဖြစ်နေသည့် အကြောင်းမှာ အင်အားကြီးတစ်ခု ပျောက်ကွယ်သွား၍ ဖြစ်ကြောင်း ဆိုထား၏။ ထိုကျင့်ကြံသူ၏ သွေးများက ပင်လယ်ပြင်တစ်ခုလုံးကို အနီရောင် ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။ ထိုသူ၏ ကြီးကျယ်ခမ်းနားသည့် တာအိုအရှိန်အဝါက ဖြည်းဖြည်းချင်းဖြင့် ပင်လယ်ပြင်တစ်လျှောက် ပြန့်နှံ့သွားလေသည်။ နိဗာနတိတ်ဆိတ်မှု ပင်လယ်ပြင်ဆီ ဝင်သွားသည့် ကျင့်ကြံသူတိုင်းက ထိုတာအိုအငွေ့အသက်များကြောင့် သူတို့ တာအို ပျက်စီးသွားကြသည်။ ထို့နောက် အသိစိတ်ပင်လယ်၊ ဝိညာဉ်ကြောနှင့် ဝိညာဉ်လမ်းကြောင်းများလည်း ဆက်၍ ပျက်စီးလာပေမည်။

မိုဝူကျိက ထိုကောလဟာလများကို ကိုယ်တိုင် သေချာစစ်ဆေးကြည့်ချင်မိသည်။

အနီရောင်သဲပေါ် ရပ်နေရင်း မိုဝူကျိက သတိထားပြီး ခြေတစ်ဖက်ကို ရေထဲ ချလိုက်သည်။ မိုဝူကျိက ခြေထောက် ရေထိသည်နှင့် ချက်ချင်း တန်းမရန် ရည်ရွယ်ထား၏။ သူ့နားလည်နိုင်စွမ်းအရ နိဗာနတိတ်ဆိတ်မှု ပင်လယ်ပြင်၏ ရေမှာ ချင်းဟိုင်လမ်းကြောင်းမှ လွဲ၍ ကျန်ရေများက ထိလိုက်သည်နှင့် တစ်ဖက်လူ၏ တာအိုကို ထိခိုက်မှု ရှိစေနိုင်သည်။ အသားမှ အရိုးအထိ ရေနှင့် ထိတွေ့မိသည့် အစိတ်အပိုင်းအတိုင်း ဗလာနတ္ထိအဖြစ် ပျက်စီးသွားလိမ့်မည်။

မိုဝူကျိ ခြေထောက် ချလိုက်သည့်အခါ ပင်လယ်ရေက အနည်းငယ် အေးစက်စက် ဖြစ်နေသည်။ ထူးဆန်းလှသည့် တာအိုအငွေ့အသက်က သူ့ခန္ဓာအတွင်း ဝင်ရောက်လာသည်။

မိုဝူကျိက သူ့ခြေထောက်သည် ဘာမှ ဖြစ်မသွားကြောင်း တအံ့တဩ မြင်လိုက်ရသည်။ ပျက်စီးနေသည့် လက္ခဏာ အရိပ်အယောင်မျိုးလည်း မရှိနေသောကြောင့် မိုဝူကျိက ခြေထောက်ကို  ပြန်မ ‘မ’ သေးပေ။ ခဏအကြာတွင် သူက ရေထဲ နောက်ခြေထောက်တစ်ဖက်ပါ ထည့်လိုက်သည်။

ထိုထူးဆန်းသည့် ကြောက်မက်ဖွယ် စွမ်းအားက မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်လာသည်။ ထိုစဉ် မိုဝူကျိက သူ့အသိစိတ်ပင်လယ် ဆွဲဖြဲခံလိုက်ရသည့် ခံစားချက်မျိုးကို ရရှိလိုက်သည်။

မိုဝူကျိက တုန်လှုပ်မိသွားသည်။ သို့သော်လည်း လော့ကျမ်းစာရွက်နှင့် ပညာရှိတာအိုအဆောင်က သူအသိစိတ်ပင်လယ်ကို ချက်ချင်း ကာကွယ်ပေးလိုက်ကြ၏။

ကြောက်မက်ဖွယ် ပျက်စီးစွမ်းအားကို  လော့ကျမ်းစာရွက်နှင့် ပညာရှိတာအိုအဆောင်တို့က  ကာကွယ်ပေးထားသောအခါ မိုဝူကျိ၏ အသိစိတ်ပင်လယ် ပျက်စီးမှုက ရပ်တန့်သွားသည်။ စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းနှင့် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းတို့ အတူတကွ ကြိုးစားမှုကြောင့် အသိစိတ်ပင်လယ်မှာ စတင်၍ ကောင်းမွန်လာသည်။

ဘယ်လောက်တောင် အားကောင်းနေတာလဲ ….

မိုဝူကျိက ပင်လယ်ပြင်၏ ပျက်စီးစွမ်းအားကို မချီးကျူးဘဲ မနေနိုင်တော့ချေ။

အကယ်၍ လော့ကျမ်းစာရွက်နှင့် ပညာရှိတာအိုအဆောင်တို့ကြောင့်သာ မဟုတ်လျှင် သူ့အသိစိတ်ပင်လယ်မှာ ဖျက်စီးခံရလောက်လေပြီ။ ဤပင်လယ်ပြင်ထဲ မည်သူမှ ခြေမချရဲသည်မှာ မထူးဆန်းတော့ပေ။

ထိုသို့ဆိုလျှင်ပင် ကောလဟာလများနှင့် အနည်းငယ် ကွာခြားနေဟန် ပေါ်နေ၏။ ကောလဟာလများအရ နိဗာနတိတ်ဆိတ်မှု ပင်လယ်ပြင်သည် တာအိုအငွေ့အသက်၊ ဝိညာဉ်ကြော၊ ဝိညာဉ်လမ်းကြောင်းနှင့် ကမ္ဘာဦး စိတ်ဝိညာဉ်အထိ ပျက်စီးသွားနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

သူ့တွင် ဝိညာဉ်ကြော မရှိသလို ဝိညာဉ်လမ်းကြောင်းလည်း မရှိနေချေ။ သူ့တာအိုအငွေ့အသက်များမှာ သူ့လူသားတာအိုအပိုင် ဖြစ်သော အင်မော်တယ် မော်တယ်ကျင့်စဉ်မှ ဖြစ်လာခြင်း ဖြစ်သည်။ ဝိညာဉ်လမ်းကြောင်း ကျင့်စဉ်မှ အစပြုလာခြင်း မဟုတ်ပေ။

ထိုစဉ် မိုဝူကျိက သူ့ကျင့်ကြံဆင့်နှင့် ချီသွေးကြောများမှာ အဘယ်ကြောင့် မပျက်စီးသွားကြောင်း နားလည်လာတော့သည်။ အကြောင်းမှာ သူက အားလုံးကဲ့သို့ သာမာန်ကျင့်ကြံသူ မဟုတ်ဘဲ လူသားကျင့်ကြံသူ ဖြစ်နေ၍ ဖြစ်သည်။

လူသားကျင့်ကြံသူ တစ်ယောက် ဖြစ်နေသော်လည်း သူ့အသိစိတ်ပင်လယ်မှာ အခြားလူများနှင့် ကွာခြားချက် မရှိပေ။ အကယ်၍ သူက ခြားနားချက်ကို အသေးစိတ်ပြောရလျှင် သူ့အသိစိတ်ပင်လယ်ကို ခရမ်းရေကန်မှ ထောက်ပံ့ပေးထားခြင်းသာ ဖြစ်၏။ ဤအရာမှာ ကမ္ဘာဦး စိတ်ဝိညာဉ် နေရာအစား ဖြစ်၏။

သူက ချင်းဟိုင်လမ်းကြောင်း၏ အကူအညီ မလိုဘဲ နိဗာနတိတ်ဆိတ်မှု ပင်လယ်ကို ဖြတ်သွားနိုင်လောက်၏။

ထိုအကြံပေါ်လာသည်နှင့် သူက ဆက်မတွေးနေတော့ပေ။ သူက နတ်ဘုရားနယ်မြေ၌ ဆက်မနေနိုင်ကြောင်းကိုသာ ဆက်တွေးနေမိသည်။ အကယ်၍ သူသာ နိဗာနတိတ်ဆိတ်မှု ပင်လယ်ကို  ဖြတ်မသွားနိုင်လျှင် မည်သည့်နေရာကို သွားရမည်နည်း။

ထို့အပြင် မိုဝူကျိက အန္တရာယ်သည် မိနစ်နှင့်အမျှ နီးကပ်လာကြောင်း ခံစားမိနေသည်။ မိုဝူကျိက နှစ်နာရီကြာ ရပ်၍ သေချာစဉ်းစားမိနေသည်။ နောက်ဆုံးတွင် သူက နိဗာနတိတ်ဆိတ်မှု ပင်လယ်ကို ဖြတ်သွားရန် ဆုံးဖြတ်လိုက်တော့သည်။

လွန်ခဲ့သည့်နှစ်များစွာက မိုဝူကျိက ထိုက်ရှီရှောင်၏ လုပ်ကြံမှုကို ခံခဲ့ရသည်။ ထိုအဖြစ်အပျက်အပြီးတွင် မိုဝူကျိက သူ့ကိုယ်သူ အန္တရာယ်ထဲ ကျရောက်ရန် ဘယ်သောအခါမှ မလုပ်တော့ကြောင်း ဆုံးဖြတ်ထား၏။

ဆယ်ရှိုက်စာလောက် ကြာမြင့်ပြီးနောက် မိုဝူကျိက နိဗာနတိတ်ဆိတ်မှု ပင်လယ်ပြင်ထဲ ခုန်ဆင်းလိုက်တော့သည်။

နိဗာနတိတ်ဆိတ်မှု ပင်လယ်တွင် ရေပေါ်နိုင်စွမ်း မရှိပေ။ ရေထဲတွင် အဆုံးမဲ့ တာအိုအငွေ့အသက်များ ရှိနေသည်မှ လွဲ၍ တခြားသော စွမ်းအားများ မရှိနေချေ။ အန္တရာယ် မရှိသလို ပစ္စည်းများလည်း မရှိနေချေ။ စိတ်စွမ်းအားကိုလည်း ထုတ်လွင့်၍ မရပေ။ မိုဝူကျိတွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ရှိထားသော်လည်း သူ့ကိုယ်သူ ကာကွယ်နိုင်ရုံလေးမျှသာ ဖြစ်၏။

အစပိုင်းတွင် မိုဝူကျိက ပင်လယ်ကြမ်းပြင်၌ အလွယ်လေး ဖြတ်လျှောက်သွားနိုင်ဆဲ ဖြစ်၏။ သို့သော်လည်း ပင်လယ်ပြင်သည် နက်လာပြီး နှစ်နာရီအကြာတွင် သူက စွမ်းအား လှည့်ပတ်ခြင်းပင် မလုပ်နိုင်တော့ပေ။ အကယ်၍ သူ့တွင် လောကကမ္ဘာလမ်းကြောင်း မရှိနေပါက မိုဝူကျိသည် လက်လျော့ပြီး ကမ်းစပ်သို့ ပြန်ဖို့ရာ စဉ်းစားမိပေလိမ့်မည်။

နောက်ထပ် နှစ်နာရီ ကြာမြင့်သွားလေ၏။ မိုဝူကျိက ဆက်မလျှောက်နိုင်တော့သည့်အခါ စတင်၍ ကျင့်ကြံလိုက်သည်။ နိဗာနတိတ်ဆိတ်မှု ပင်လယ်သည် သူ့ရုပ်ခန္ဓာ လေ့ကျင့်ဖို့ရာအတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်သည်။ ဖိအားများမှာ အားကောင်းလွန်းသည့်အတွက် အရိုးများနှင့် အသားများမှာ နာကျင်နေရသည်။ မိုဝူကျိက ဤနေရာတွင် ရလဒ်ကောင်းကောင်း ရနိုင်ကြောင်း တွေးလိုက်မိ၏။

အမှန်တရားက မိုဝူကျိကို စိတ်မပျက်သွားစေပေ။ သူက ရုပ်ခန္ဓာကို ဆက်လက် လေ့ကျင့်ရင်း ပင်လယ်ပြင်အောက်တွင် သက်တောင့်သက်သာ ပိုဖြစ်လာသည်။

နတ်ဘုရား ရုပ်ခန္ဓာ အဆင့် ၉ ထိပ်ဆုံးအထိ ကျင့်ကြံပြီးနောက် မိုဝူကျိက အဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။ လက်ရှိ မိုဝူကျိက သူ့အသားနှင့် အရိုးများ၏ အင်အားများ တိုးပွားလာနေသည်ကို ခံစားမိနေသည်။ နောက်ဆုံး၌ သူက နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားတော့သည်။

မိုဝူကျိက ပင်လယ်ကြမ်းပြင်၌ ဆက်လျှောက်လာရင်း နိဗာနတိတ်ဆိတ်မှု ပင်လယ်ထဲ ရောက်ရှိနေကြောင်း မေ့လျော့သွားတော့၏။ သူ့ရုပ်ခန္ဓာ အင်အားကို ဆက်တိုက် တိုးပွားနေစေရင်း သွေးကိုလည်း အဆင့်မြင့်သည့်အထိ သန့်စင်နေသည်။

ဤနှစ်များ၌ မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ တိုးတက်မှု မရှိပေ။ ယခု သူက ကိုယ်ပိုင်အင်အား တိုးလာနိုင်မည့် နည်းလမ်းကို တွေ့သွားပြီ ဖြစ်၏။ သူ့ကျင့်ကြံဆင့်မှာ မတိုးတက်သော်လည်း သူ့ရုပ်ခန္ဓာမှာ တိုးတက်လာခြင်းမှာ သူ့အနေနှင့် အတူတူသာ ဖြစ်၏။

………….…

မိုဝူကျိ တစ်ယောက် နိဗာနတိတ်ဆိတ်မှု ပင်လယ်ထဲ ဆင်းသွားပြီး လဝက်ကြာမြင့်ပြီးနောက် လူသုံးယောက်က ပင်လယ် နယ်နမိတ်သို့ ရောက်ရှိလာကြသည်။

မိုဝူကျိကို ရှာဖို့ရာ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသော ထိုလူသုံးယောက်မှာ နတ်ဘုရားဘုရင် လီထန်း၊ နတ်ဘုရားဘုရင် မော့ဟိုင်နှင့် နတ်ဘုရားဘုရင် ယင်မုတို့ ဖြစ်ကြသည်။

“ သူ ရောက်မလာလောက်သေးဘူး။ ဒီအနီးအနားမှာ သူ့ကို မမြင်မိသေးဘူး ” နတ်ဘုရားဘုရင် သုံးယောက်က အနီးအနားကို စစ်ဆေးကြည့်ပြီးနောက် နတ်ဘုရားဘုရင် ယင်မုက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

နတ်ဘုရားဘုရင် လီထန်းက မျက်မှောင်ကျုတ်လိုက်သည်။  သူတို့က မိုဝူကျိ တစ်ယောက် နိဗာနတိတ်ဆိတ်မှု ပင်လယ်ဆီ သွားမည့်သတင်းကို နောက်ကျမှ ရထားသော်လည်း မိုဝူကျိက ဤအနီးအနားသို့ ရောက်ရှိနေသင့်ပေသည်။ ထို့အပြင် ချင်းဟိုင်လမ်းကြောင်းက နှစ်ဝက်အတွင်း ပေါ်လာတော့မည် ဖြစ်၏။ အကယ်၍ သူသာ မိုဝူကျိဆိုပါက ဤသို့အချိန်မျိုး၌ ဆက်ပြေးနေမည် မဟုတ်ပေ။

“ မိုဝူကျိက ဒီကို မရောက်လောက်သေးဘူး … ချင်းဟိုင်လမ်းကြောင်းလည်း ပေါ်မလာသေးဘူးလေ ” နတ်ဘုရားဘုရင် မော့ဟိုင်က ဝင်ပြောလိုက်သည်။

နတ်ဘုရားဘုရင် လီထန်းက သက်ပြင်းချကာ  “ ချင်းဟိုင်လမ်းကြောင်းက နှစ်ဝက်ကြာပြီးမှ ပေါ်လာမှာဆိုတော့ ဆက်စောင့်ကြတာပေါ့။ တကယ်လို့ မိုဝူကျိက နှစ်ဝက်အတွင်း ပေါ်မလာခဲ့ရင် မိုဝူကျိက ချူယို့ကို လိမ်ညာသွားခဲ့တာပဲ နေမယ်။ သူက ဒီကို လာဖို့ လုံးဝ အစီအစဉ်မရှိတာလည်း ဖြစ်နိုင်တယ် ”

“ တကယ်လို့ သူသာ ဒီကို ရောက်မလာရင် သူ့ကို ရှာဖို့က ပြဿနာ တစ်ခု ဖြစ်လာလိမ့်မယ် ” နတ်ဘုရားဘုရင် ယင်မုက မျက်မှောင်ကျုတ်လျက် ပြောလိုက်သည်။

နတ်ဘုရားဘုရင် လီထန်းက ခပ်ယဲ့ယဲ့ပြုံးကာ  “ တကယ်တော့ သူ ဒီကို မလာဖို့ ငါ ဆုတောင်းမိတယ်။ သူသာ နိဗာနတိတ်ဆိတ်မှု ပင်လယ်ကို ဖြတ်မသွားရင် သူ့ကို ရှာတွေ့နိုင်ခြေ ရှိဦးမှာပဲ ”

………….…

ချုယို့က တအံ့တဩ မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။ သူမ ကျင့်ကြံဆင့်မှာ ကောင်းကင်နတ်ဘုရား အဆင့် ၉ သို့ ရောက်ရှိနေ‌သော်လည်း တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိနေသည်။

သူမက အိပ်မက်ထဲ ရောက်ရှိနေသလို ခံစားနေရပြီး မိုဝူကျိနှင့်  ထပ်ခါ ထပ်ခါ အတူတူ ရှိနေကြောင်း ခံစားမိနေသည်။ သူတို့နှစ်ယောက်ကြားမှ အဖြစ်အပျက်များလည်း အပါအဝင် ဖြစ်၏။

တစ်ခုခုတော့ မှားယွင်းနေလေပြီ ….

သူမက မိုဝူကျိနှင့် ရင်းနှီးသည်ဟု ယူဆလျှင်ပင် အိပ်မက် ထည့်မက်ရလောက်အောင်အထိတော့ မဟုတ်ပေ။

အကယ်၍ တစ်ယောက်ယောက်က သူမသည် မိုဝူကျိနှင့် တိတ်တခိုး ချစ်ကျွမ်းဝင်နေသည်ဟု ပြောလာလျှင် ချူယို့သည် ယုံကြည်ဖို့ရာ ခက်ခဲပေဦးမည်။ သူမ အမြင်၌ ယုတ္တိမဆန်နေချေ။ ယခင် မိုဝူကျိက သူမကို စိတ်မဝင်စားသည်မှာ သိသာလှသည်။ ချူယို့က မည်မျှ ပွင့်လင်းစေကာမူ သူမအပေါ် လိုချင်ဆန္ဒမရှိသည့် သူ တစ်ယောက်နှင့် အရင်ဦးစွာ စတင် ချစ်မည် မဟုတ်ပေ။

သူမက မိုဝူကျိအပေါ် အကြွေးတင်ကာ ကျေးဇူးတင်နေမိသော်လည်း အချစ်တော့ မဟုတ်ပေ။

သူမက သူ့ကို ဘာကြောင့်များ ခဏတိုင်း အိပ်မက် မက်နေရတာလဲ ….

“ စီနီယာအစ်မ မကျင့်ကြံနေတော့ရင် ဆရာက ခေါ်ခိုင်းလိုက်ပါတယ် ” အပြင်ဘက်မှ အသံတစ်သံ ထွက်လာသည်။

ချူယို့က သူမအတွေးများကို မြန်မြန် စုစည်းပြီး အခန်းမှ အတားအဆီးကို ဖယ်ကာ  “ မန်အာ … ဆရာ ပြန်ရောက်လာပြီလား ”

ကြော့ရှင်းလှပသည့် မိန်းမငယ်လေး တစ်ဦးက ချူယို့ အိမ်ရှေ့ ရောက်လာသည်။ ထိုသူမှာ ချူယို့၏ ဂျုနီယာညီမလေး ခုံမန် ဖြစ်ပြီး ချူယို့နှင့် ကျင့်ကြံဆင့် တူသော်လည်း ချူယို့က ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကို ဖွဲ့စည်းပြီးသည့်နောက်တွင် သူမ ကျင့်ကြံဆင့်က အဆများစွာ တိုးတက်သွားခဲ့သည်။ နှစ်ပိုင်းလေးအတွင်း ချူယို့က ကောင်းကင်နတ်ဘုရား အဆင့် ၉ အထိ တက်လှမ်းနိုင်ခဲ့စဉ်  နတ်ဘုရားအသွင်သဏ္ဍာန်ကို ဖွဲ့စည်းပြီးခါစ ဖြစ်သည့် ခုံမန်က ကောင်းကင်နတ်ဘုရား အဆင့် ၁ သို့ လတ်တလောလေးမှ ရောက်ရှိလာခြင်း ဖြစ်၏။

“ ဟုတ် … တစ်ခုခု ကြီးကြီးမားမား ဖြစ်သွားတယ်ဆိုတာတော့ ကြားမိလိုက်တယ် ” ခုံမန် က မြန်မြန် ပြန်ဖြေပေးလိုက်သည်။

ချူယို့က ဆက်လက် ကျင့်ကြံဖို့ရာ စိတ်မပါတော့ပေ။ သူမ ကျင့်ကြံဆင့်မှာ ကောင်းကင်နတ်ဘုရား အဆင့် ၉ သို့ ရောက်ရှိနေပြီ ဖြစ်၍ တံခါးပိတ်ကျင့်ကြံခြင်းက သိပ်၍ အကျိုးမထူးပေ။ သူမ လက်ရှိအခြေအနေဖြင့် အကောင်းဆုံးနည်းလမ်းမှာ နတ်ဘုရားအုပ်စိုးသူအဆင့် တက်လှမ်းဖို့ရာ အချိန်တစ်ခုလောက် အပြင်ထွက်နေဖို့ ဖြစ်သည်။

“ ကောင်းပြီလေ သွားကြတာပေါ့ ” ချူယို့က သူမ ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး အတားအဆီးကို ပြန်ချထားလိုက်သည်။ သူမက အချိန်တစ်ခုအထိ  ကျင့်ကြံဖို့ရာ ပြန်လာနိုင်ဦးမည် မဟုတ်ပေ။

………………

ဝမ်ချွမ်းတာအိုကျောင်းတော်က နတ်ဘုရားနယ်မြေ၌ အကြီးမားဆုံးဂိုဏ်းထဲမှ တစ်ခု ဖြစ်၏။ သူတို့တွင် မရေတွက်နိင်သော နတ်တောင်များပင် ရှိသေးသည်။

ချူယို့၏ ဆရာဖြစ်သူ လင်းမုန့်ဂူက နတ်တောင်တွင် မနေထိုင်ပေ။ ထို့အစား သူမက ဝမ်ချွမ်းတာအိုကျောင်းတော်၏ အိပ်မက်မြစ်တောင်ကြားတွင် နေထိုင်သည်။

အိပ်မက်မြစ်တောင်ကြားကို လင်းမုန့်ဂူ ကိုယ်တိုင် အမည်ပေးထားခြင်း ဖြစ်၏။ တောင်ကြားမှာ အလွန်လှပသာယာပြီး နတ်ဝိညာဉ်စွမ်းအားများကလည်း သိပ်သည်းလှသည်။

လင်းမုန့်ဂူက နတ်ဘုရားဘုရင် မဟုတ်ဘဲ လောကနတ်ဘုရားအဆင့် ၉ သာ ရှိပေသည်။ ထိုသို့ဆိုလျှင်ပင် ဝမ်ချွမ်းတာအိုကျောင်းတော်၌ သူမ အဆင့်အတန်းမှာ နတ်ဘုရားဘုရင် ယင်မုထက် နိမ့်ကျနေခြင်း မရှိပေ။

ယခင် မိုဝူကျိက လင်းမုန့်ဂူသည် ချူယို့အား နတ်ဘုရားဘုရင် ယင်မုလက်မှ ကယ်တင်နိုင်မည် မဟုတ်ကြောင်း မှန်းဆမိခဲ့သည်။ အမှန်တော့ သူက လင်းမုန့်ဂူကို အထင်သေးမိခြင်းသာ ဖြစ်၏။ အကယ်၍ ချူယို့သာ နတ်ဘုရားဘုရင် ယင်မု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရလျှင် သူမအနေနှင့် ချူယို့အား သေချာပေါက် ကယ်တင်ပေးနိုင်လိမ့်မည်။

ဝမ်ချွမ်းတာအိုကျောင်းတော် တစ်ခုလုံး၌ လင်းမုန့်ဂူသည် နတ်ဘုရားဘုရင် နှစ်ယောက်နှင့် ဂိုဏ်းချုပ်အောက်၌သာ  ရှိသော တည်ရှိမှုမျိုး ဖြစ်ပေသည်။

ချူယို့နှင့် ခုံမန်တို့သည် လင်းမုန့်ဂူ၏ တပည့်များ ဖြစ်သော်လည်း သူတို့ကိုပင် အိပ်မက်မြစ်တောင်ကြား၌ နေခွင့် မပြုပေ။

“ လာလာ အထဲဝင်ကြ ”ချူယို့နှင့် ခုံမန် ရောက်လာသည့်အခါ လင်းမုန့်ဂူ၏ အသံက ထွက်ပေါ်လာသည်။

“ ချူယို့က ဆရာကို ဂါရဝပြုပါတယ်။ ဆရာ ဘာခိုင်းစရာ ရှိလို့များ ခေါ်လိုက်တာလဲရှင့် ” ချူယို့က လင်းမုန့်ဂူအား လေးလေးစားစား ပြောလိုက်သည်။

လင်းမုန့်ဂူက ချူယို့ထက် များစွာ အသက်ကြီးဟန် မပေါ်ပေ။ သူမက အသားရည်ကောင်းပြီး ကြော့ရှင်းကာ ကျက်သရေရှိသော အမျိုးသမီး တစ်ဦး ဖြစ်ပေသည်။

ချူယို့နှင့် ခုံမန်တို့ ဝင်လာသည်ကို မြင်၍ သူမက အနည်းငယ် ခေါင်းညိတ်ပြကာ  “ နိဗာနတိတ်ဆိတ်မှု ပင်လယ်ရဲ့ ချင်းဟိုင်လမ်းကြောင်းက ပေါ်လာတော့မယ် ”

“ ချင်းဟိုင် လမ်းကြောင်းက ပေါ်လာတော့မှာလား ” ချူယို့က ထိုစကားများကို ပြန်လည် မေးလိုက်သည်။ သူမက ထိုသတင်းကို မိုဝူကျိထံ မည်သို့ ပို့ပေးရမည်ကို တွေးမိသွားသည်။

“ ချူယို့ ဘာဖြစ်လို့လဲ ” ချူယို့၏ ထူးထူးဆန်းဆန်း အပြုအမူကို သတိပြုမိကာ လင်းမုန့်ဂူက မရေမရာ မေးလိုက်သည်။

***

All Chapters