← Chapters

နိဗာနတာအိုသဲ

Vol. 68 Ch. 942

နိဗာနတာအိုသဲ

Vol. 68 Ch. 942

“ အာ ဘာမှမဟုတ်ပါဘူး။ ချင်းဟိုင်လမ်းကြောင်း ပေါ်လာတော့မှာကို အံ့အားသင့်သွားရုံလေးပါ …. ” ချူယို့က မြန်မြန် ပြောလိုက်သည်။ သူမက မိုဝူကျိကို ဤသတင်းအား အကြောင်းကြားပေးရန် မဖြစ်နိုင်ကြောင်း သတိပြုမိသွားသည်။ သူမက မိုဝူကျိနှင့် ဆက်သွယ်လို့ ရမည့်နည်းလမ်းများ မရှိနေပေ။ မိုဝူကျိလည်း ထိုသတင်းထူးကို ကြားလောက်လိမ့်မည်ဟု ယုံကြည်မိ၏။

လင်းမုန့်ဂူက ချူယို့သည် စိတ်နှင့်ကိုယ်နှင့် မကပ် ဖြစ်နေသည်ကို ခံစားမိသော်လည်း စိတ်ထဲ မထားပေ  “ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းက နတ်ဘုရားဘုရင် နှစ်ယောက် အသစ်ထွက်ပေါ်လာတယ်ဆိုတာကို သိပြီးပြီလား ”

ချူယို့က အံ့ဩမိသွားသည်။ နတ်ဘုရားနယ်မြေ၌ နတ်ဘုရားဘုရင်အဆင့် ရောက်ရှိဖို့ရာ မည်မျှ ခက်ခဲကြောင်း သိထားပေသည်။ ယခင်က ကောင်းကင်လူသားဂိုဏ်း၏ ဖန်းကျဲက နတ်ဘုရားဘုရင် ဖြစ်လာသော်ငြား ကံကောင်းမှုနှင့် တိုက်ဆိုင်မှုများကြောင့်လည်း ပါဝင်နေသည်။ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းသည် ထိပ်သီးဂိုဏ်း ဖြစ်သော်လည်း သူတို့၏ အဆင့်အတန်းမှာ ဝမ်ချွမ်းတာအိုကျောင်းနှင့် ယှဉ်နိုင်ဖို့ရာ အလှမ်းကွာနေသေး၏။

 သူတို့က ရုတ်တရက်ကြီး ဘယ်လိုများ နတ်ဘုရားဘုရင် နှစ်ယောက် ထွက်ပေါ်လာနိုင်တာလဲ …..

“ ဆရာ …. စီနီယာလီထန်းဆီက ကြားတာတော့ နတ်ဘုရားနယ်မြေမှာ နတ်ဘုရားဘုရင် ပေါ်ထွက်လာဖို့ အရမ်းခက်တယ်ဆို … ဒီလိုမျိုး နတ်ဘုရားဘုရင် နှစ်ယောက် တစ်ခါတည်း ထွက်ပေါ်လာတာ ဖြစ်နိုင်ပါ့မလား ” ချူယို့က မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

လင်းမုန့်ဂူက ပြန်ဖြေပေးလိုက်သည်  “ အဲဒါက နိဗာနတာအိုသဲကြောင့်ပဲ … နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းက ခရမ်းနိဗာနတာအိုသဲ နှစ်ခုကို ရလာကြတာ။ နိဗာနတာအိုသဲမှာ နိဗာနတိတ်ဆိတ်မှု ပင်လယ်ရဲ့ ထိပ်တန်းအဆင့် တာအိုအငွေ့အသက်တွေ ပါဝင်နေတယ်လေ။  နိဗာနတာအိုသဲရဲ့ တာအိုအငွေ့အသက်ကနေ အသိဉာဏ်ပွင့်လာတာနဲ့ နတ်ဘုရားဘုရင်အဆင့်ကို အလွယ်လေး ရောက်သွားနိုင်လိမ့်မယ် ”

“နိဗာနတိတ်ဆိတ်မှု ပင်လယ်ရဲ့ နိဗာနတာအိုသဲက လောကနတ်ဘုရားအဆင့်ကို နတ်ဘုရားဘုရင်အဆင့် ရောက်စေနိုင်တာလား ” ချူယို့က တအံ့တဩ မေးလိုက်သည်။

ဤအချိန်တိုလေးအတွင်း သူမအတွေးထဲ အကြံအစည်များ ပေါ်ထွက်လာသည်။ နိဗာနတိတ်ဆိတ်မှု ပင်လယ်တွင် နိဗာနတာအိုသဲများ ရှိနေ၏။ ဆိုလိုသည်မှာ နိဗာနတာအိုသဲ  ရှိထားပြီး အသိဉာဏ်ပွင့်လာသည်နှင့် နတ်ဘုရားဘုရင်အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်၏။

နတ်ဘုရားနယ်မြေ၌ နတ်ဘုရားဘုရင် အသစ်များ ပေါ်ပေါက်လာတော့မည်ဟု ဆိုလိုခြင်း မဟုတ်ပါလော ….

ချူယို့က ရုတ်ချည်းဆိုသလို ဆရာက သူမကို ခေါ်လိုက်သည့် အကြောင်းအား သဘောပေါက်သွားလေ၏။ သူမ ဆရာက လောကနတ်ဘုရားအဆင့် ၉ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမသည်လည်း နိဗာနတိတ်ဆိတ်မှု ပင်လယ်မှ နိဗာနတာအိုသဲကို ရှာဖွေလိုပေလိမ့်မည်။ သူမက နိဗာနတာအိုသဲကို ရှာဖို့ရာ နောက်မှ အဖော်အဖြစ် ခေါ်နေခြင်း ဖြစ်ပေသည်။

လင်းမုန့်ဂူက ချူယို့၏ အမူအယာကို ကြည့်ကာ  “ မင်းက အတွေးလွန်နေပါပြီကွယ်။ နိဗာနတာအိုသဲက နိဗာနတိတ်ဆိတ်မှု ပင်လယ်ကြမ်းပြင်မှာ ရှိတာလေ။ အလွယ်လေး မရနိုင်ဘူး။ ဒါပေမဲ့လည်း နိဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းက လူနှစ်ယောက်က နိဗာနတာအိုသဲကို ရခဲ့ပြီးတော့ နတ်ဘုရားဘုရင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်။ သူတို့က နိဗာနတာအိုသဲက ဘယ်လောက် အဖိုးတန်နေတယ်ဆိုတာကို နတ်ဘုရားနယ်မြေတစ်ခုလုံးဆီ သက်သေပြခဲ့ကြတယ်။ ဒီလိုအဖိုးတန် ပစ္စည်းအတွက် ချင်းဟိုင်လမ်းကြောင်း ပေါ်လာတာနဲ့ လူဘယ်လောက်တောင် သွားရှာကြမလဲ မသိဘူး … ”

“ ဆရာ … ဒီတပည့်လဲ ချင်းဟိုင်လမ်းကြောင်းဆီ သွားချင်ပါတယ်။ ဆရာအတွက် နိဗာနတာအိုသဲကို ရှာပေးချင်ပါတယ် ” ခုံမန်က ပြတ်သားစွာ ပြောလိုက်သည်။

ချူယို့လည်း  နိဗာနတာအိုသဲ သွားရှာလိုသည့်အကြောင်းကို မြန်မြန် ဝင်ပြောလိုက်သည်။

လင်းမုန့်ဂူက ခေါင်းညိတ်ကာ  “တကယ်တော့ နိဗာနတာအိုသဲနဲ့ ပတ်သတ်ပြီးတော့ မင်းတို့ရဲ့ အကူအညီကို လိုနေတာ။ ချင်းဟိုင်လမ်းကြောင်းက အန္တရာယ်မရှိပေမဲ့ နိဗာနတိတ်ဆိတ်မှု ပင်လယ်က အတော်လေး ဆန်းကြယ်တယ်လေ။ ကျင့်ကြံဆင့် မြင့်လေလေ ပင်လယ်ထဲ ဝင်ဖို့ ခက်လေလေပဲ။ နတ်ဘုရားအုပ်စိုးသူအဆင့်တောင်  ကြမ်းပြင်ကို ရောက်ဖို့ ခက်တယ်။ အဲဒါကြောင့်မလို့ ချင်းဟိုင်လမ်းကြောင်းကို သွားကြတဲ့ ကျင့်ကြံသူအများစုက နတ်ဘုရားကနဦး  အဆင့်နဲ့ ကောင်းကင်နတ်ဘုရားအဆင့်တွေ များကြတာ …. ”

“ ဆရာ နိဗာနတာအိုသဲက လောကနတ်ဘုရားအဆင့်ကို နတ်ဘုရားဘုရင်အဆင့် ဘယ်လိုလုပ် ရောက်သွားစေတာလဲ ” ခုံမန်က မေးလိုက်သည်။

လင်းမုန့်ဂူက သက်ပြင်းချကာ  “ တကယ်တော့ ငါတို့တွေ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းက နတ်ဘုရားဘုရင်နှစ်ယောက်ကို ကျေးဇူးတင်ရမှာ … ချင်းဟိုင်လမ်းကြောင်းက အကြိမ်များစွာ ပေါ်လာဖူးပေမဲ့ နတ်ဘုရားနယ်မြေက ဘယ်သူကမှ နိဗာနတာအိုသဲကို အသုံးပြုပြီး နတ်ဘုရားဘုရင်အဆင့် တက်လှမ်းနိင်တာကို မသိကြဘူး။ နိဗာနတိတ်ဆိတ်မှု ပင်လယ်ရဲ့ တာအိုအငွေ့အသက်က အရမ်းအားကောင်းလွန်းလို့ နတ်ဘုရားဘုရင်တွေတောင် ရေထဲ မဆင်းရဲကြဘူး။ အဲဒီလိုမျိုး အားကောင်းတဲ့ အငွေ့အသက်ကနေ အသိဉာဏ်ပွင့်လာနိုင်တယ်ဆိုတာကို ဘယ်သူက တွေးမိမှာလဲ

ပြီးတော့ နိဗာနတာအိုသဲက နိဗာနတိတ်ဆိတ်မှု ပင်လယ်ရဲ့ တာအိုအငွေ့အသက်တွေကနေ ဖြစ်တည်လာတာလေ။ ကောလဟာလတွေအရတော့ နိဗာနတာအိုသဲမှာ အရောင်လေးမျိုး ကွဲနေတယ်တဲ့  … မီးခိုးရောင်၊ လိမ္မော်ရောင်, အစိမ်းနဲ့ ခရမ်းတဲ့လေ။ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူ နှစ်ယောက်က ခရမ်း နိဗာနတာအိုသဲကနေ အသိဉာဏ်ပွင့်လာကြတာ။ အစိမ်းရောင် နိဗာနတာအိုသဲက နတ်ဘုရားအုပ်စိုးသူအဆင့်ကို လောကနတ်ဘုရားအဆင့် တက်လှမ်းနိုင်အောင် ကူညီပေးနိုင်ပြီးတော့ ခရမ်းရောင်က နတ်ဘုရားဘုရင်အဆင့် ရောက်ရှိနိုင်အောင် ကူညီပေးနိုင်တယ်တဲ့ … ”

“ အဲလိုဆို ခရမ်း နိဗာနတာအိုသဲက ‌ဈေးကြီးမနေဘူးလား  ” ခုံမန်က လောကနတ်ဘုရားအဆင့်အား နတ်ဘုရားဘုရင်အဆင့် ရောက်သွားစေနိုင်သော ထိုတာအိုသဲသည် ဈေးများလိမ့်မည်ဟု တွေးမိလိုက်သည်။

လင်းမုန့်ဂူက ပြန်ဖြေပေးလိုက်သည်  “ တခြားနေရာက ပြန်ဝယ်လို့တော့ ရမှာ မဟုတ်လောက်ဘူး။ နိဗာနတာအိုသဲအကြောင်း သိသွားပြီးတော့ လူအများက အဲဒီအရောင် လေးရောင်အပြင် နောက်ထပ် အရောင်ထပ်ရှိနေဦးမယ်လို့ ထင်နေကြတာ။ လူတွေက ရှာမတွေ့သေးရုံလေးပေါ့ ”

“ အဲဆို နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းက တကယ် ရက်ရောတာပဲနော်  … နိဗာနတာအိုသဲ အသုံးပြုမှုအကြောင်း ထုတ်ပြတယ်ဆိုတော့လေ ” ချူယို့က ပြောလိုက်၏။

လင်းမုန့်ဂူက နှာခေါင်းရှုံ့ကာ  “ ရက်ရောတာတဲ့လား …. နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းက နိဗာနတာအိုသဲအကြောင်း သိထားတာ အနည်းဆုံး နှစ်ရာချီနေပြီ။ အခုမှ နတ်ဘုရားဘုရင် နှစ်ယောက် ပြိုင်တူ ထွက်ပေါ်လာလို့ တခြားသူတွေရဲ့ စုံစမ်းမှုကို ခံလိုက်ရတာ …. မဟုတ်ရင် ငါတို့တွေ အဲဒီ နိဗာနတိတ်ဆိတ်မှု ပင်လယ်က အားလုံး လိုအပ်နေတဲ့အရာ ရှိနေတယ်ဆိုတဲ့အကြောင်း သိရမှာတောင် မဟုတ်ဘူး ”

“ အဲဒီဂိုဏ်းက အမှိုက်သရိုက်ဂိုဏ်းပဲ … ကောင်းကင်လူသားဂိုဏ်းကိုလည်း သူတို့ပဲ ဖျက်စီးပစ်လိုက်တာဆို ” ခုံမန်က ဝင်ပြောလိုက်သည်။

လင်းမုန့်ဂူက ခေါင်းခါကာ  “ ငါတို့တွေ အဲဒါကို အာရုံမစိုက်နဲ့ဦး။ အခု ငါတို့ နတ်ဘုရားဘုရင် နှစ်ယောက်လုံးက နိဗာနတိတ်ဆိတ်မှုပင်လယ်စပ်ဆီ သွားကြပြီ။ ငါတို့လည်း ဂိုဏ်းချုပ်နဲ့အတူတူ သွားကြရအောင် ”

ချင်းဟိုင်လမ်းကြောင်း ပေါ်လာသည့်အခါတိုင်း နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူ လူအုပ်ကြီးက  ရောက်လာကြသည်။  နိဗာနတိတ်ဆိတ်မှု ပင်လယ်မှ ပြန်လာဖူးသည့် ကျင့်ကြံသူ မရှိသော်ငြား ချင်းဟိုင်လမ်းကြောင်းမှတဆင့် နတ်ဘုရားနယ်မြေကို ဖြတ်သန်းသွားရန် မျှော်လင့်နေကြသော ကျင့်ကြံသူများစွာလည်း ရှိနေသေးသည်။

မည်သူကမှ ချင်းဟိုင်လမ်ိးကြောင်း ပေါ်လာသည့် အကြိမ်အရေအတွက်အား မှတ်သားထားဖို့ရာ စိတ်ထဲ ထားမည် မဟုတ်ပေ။ သို့သော်လည်း ကျင့်ကြံသူအများအပြား သွားကြသည့် ဖြစ်ရပ်မျိုး မဖြစ်ခဲ့ဖူးပေ။ အစပိုင်းမျှသာ ဖြစ်သော်လည်း တစ်ရက်ထက် တစ်ရက်ကြာမြင့်လာသည်နှင့် ကျင့်ကြံသူများ ပိုများလာလေသည်။

နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းတွင် နတ်ဘုရားဘုရင် အသစ်နှစ်ယောက် ပေါ်ထွက်လာသည့် သတင်းက ကြီးကြီးမားမား မပြန့်နှံ့သွားသေးပေ။ မဟုတ်လျှင် နိဗာနတိတ်ဆိတ်မှု ပင်လယ်ကမ်းခြေ တစ်ခုလုံးက ကျင့်ကြံသူများနှင့် ပြည့်နှက်နေလိမ့်မည်။

“ အစ်ကိုကြီးလီထန်း … လူတွေ များလာပြီ။ ကျုပ်တို့တွေ လူအုပ်ကြီးကို ထိန်းချုပ်တာ ကောင်းလိမ့်မယ်။ မဟုတ်ရင် ရုတ်ရင်းဆန်ခတ် ဖြစ်သွားနိုင်တယ် ” အဆင့် ၁၀ နတ်ဘုရားဘုရင် ဟုန်ချီက ကျင့်ကြံသူ အရေအတွက် တိုးပွားလာသည်ကို မြင်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။

နတ်ဘုရားဘုရင် လီထန်းက ဘာမှမပြောရန် ကြံရွယ်ထားသော်လည်း နတ်ဘုရားဘုရင် ဟုန်ချီက စိုးရိမ်နေလေရာ နတ်ဘုရားဘုရင် လီထန်းက ဝင်ပြောလိုက်ရ‌တော့သည်  “ နိဗာနတာအိုသဲကို လာရှာကြတဲ့ တာအိုရောင်းရင်းတို့ ကျေးဇူးပြုပြီး တန်းစီပေးကြပါ …. ”

နတ်ဘုရားဘုရင် လီထန်း၏ ပထမစကားအဆုံးတွင် နိဗာနတိတ်ဆိတ်မှု ပင်လယ်ပြင်၌  ကြည်လင်ဖြူဖွေးသော အရေးအကြောင်းတစ်ခု ပေါ်လာသည်။ ထိုအဖြူကြောင်းသည် စက္ကန့်နှင့်အမျှ တဖြည်းဖြည်း ကြီးမားလာလေ၏။ ယခင် နိဗာနတိတ်ဆိတ်မှု ပင်လယ်တွင် လှိုင်းတွန့်စိုးစဉ်းမျှ မရှိခဲ့ချေ။ ယခုအခါ ထိုအဖြူရောင်အကြောင်း ကြီးမားလာသည်နှင့် လှိုင်းတွန့်လေးများ စတင် ဖြစ်ပေါ်လာသည်။

“ ချင်းဟိုင် လမ်းကြောင်း ပေါ်လာပြီ ” တအံ့တဩ ရေရွတ်သံကို ကြားလိုက်ရပြီးနောက် ကျင့်ကြံသူများက အလျှင်စလို ပြေးဆင်းကုန်ကြသည်။

ထိုစဉ် နတ်ဘုရားဘုရင် လီထန်းပင် လူအုပ်၏ အားကို မရပ်တန့်နိုင်တော့ပေ။ သူက သက်ပြင်းချကာ ပြောလိုက်ရ၏  “ နတ်ဘုရားဘုရင် ဟုန်ချီ … ကြည့်ရတာ နောက်တစ်ခါ ချင်းဟိုင်လမ်းကြောင်း ပေါ်လာတဲ့အခါကျ  ကျုပ်တို့တွေ အစီအရင်တစ်ခု ခင်းကျင်းထားမှပဲ။ နောင်ကျ ချင်းဟိုင်လမ်းကြောင်းဆီ လူတွေကို ဝင်တဲ့အခါကျ နည်းလမ်းတချို့ သတ်မှတ်ဖို့ လိုအပ်နေပြီ ”

နတ်ဘုရားဘုရင် ဟုန်ချီက ခဏတာ တွေဝေသွားကာ ပြန်မဖြေပေ။ အရိုးသားဆုံး ပြောရလျှင် နတ်ဘုရားဘုရင် ဟုန်ချီက ဤသို့မျိုး နည်းလမ်းကို အသိအမှတ် မပြုပေ။ နတ်ဘုရားသိုက်မြုံသည်လည်း ထိုနည်းလမ်းအတိုင်း ဖြစ်၏။

နတ်ဘုရားသိုက်မြုံသည် မည်သို့ ဖြစ်နေပြီလဲ ….

နယ်မြေအသစ် ပေါ်ပေါက်လာသည့်အခါတိုင်း ဂိုဏ်းကြီးများ၏ တပည့်များသာ ဝင်ခွင့် ရကြသည်။ နယ်လှည့်ကျင့်ကြံသူများက နယ်လှည့်ကျင့်ကြံသူများအဖြစ်သာ ကျန်ရှိနေကြပြီး ဂိုဏ်းငယ်များမှာလည်း ဂိုဏ်းအသေးဖြစ်သာ ကျန်ရှိနေသည်။ သူတို့တွင် နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်ဆီ ဝင်ခွင့် မရှိကြပေ။

ဤရလဒ်က ဂိုဏ်းကြီးများ၏ တပည့်များကို ပိုအားကောင်းလာစေပြီး ဂိုဏ်းငယ်များ၏ တပည့်များက ပို၍ အားနည်းလာရ၏။ ချင်းဟိုင်လမ်းကြောင်းကိုလည်း ဤသို့နည်းလမ်းမျိုး သတ်မှတ်လိုက်ပါက ဂိုဏ်းကြီးများ၏ တပည့်များသာ ချင်းဟိုင်လမ်းကြောင်းကို ဝင်နိုင်တော့မည် ဖြစ်ကြောင်း သေချာသိနေသည်။ နယ်လှည့်ကျင့်ကြံသူများနှင့် ဂိုဏ်းငယ်များမှ တပည့်များသည် ထိုသို့ အခွင့်အရေးမျိုး ထပ်မံ ရရှိကြမည် မဟုတ်တော့ပေ။

……..…

မိုဝူကျိ တစ်ယောက် နိဗာနတိတ်ဆိတ်မှု ပင်လယ်ထဲ ရောက်နေသည်မှာ ခြောက်လခန့် ကြာမြင့်သွားလေပြီ။ သူက ပင်လယ်ကြမ်းပြင်၌ လျှောက်လှမ်းနေဆဲ ဖြစ်ကာ ခန္ဓာကိုယ်ကို လေ့ကျင့်နေဆဲ ဖြစ်၏။ သူ့ခန္ဓာကိုယ်ကို လေ့ကျင့်နေစဉ်အတွင်း မိုဝူကျိက သူ့ခန္ဓာကိုယ်သည် အတားအဆီးနှင့် ထိတွေ့သွားသလို ခံစားလိုက်ရသည်။

သူက ခန္ဓာကိုယ်ကို မည်မျှပင် လေ့ကျင့်စေကာမူ သူ့ခန္ဓာကိုယ်က အတားအဆီး၏ ကာဆီးမှုကို ခံထားရဟန် ပေါ်၏။ မိုဝူကျိက သူသာ ဤအတားအဆီးကို ကျော်ဖြတ်နိုင်လျှင် သူ့ခန္ဓာအဆင့်မှာ နောက်တဆင့် ရောက်ရှိသွားမည်မှန်း ခံစားချက် ရနေသည်။

နှစ်တစ်ဝက်လောက် လျှောက်လာပြီးနောက် သူက ပင်လယ်အနက်ပိုင်းသို့ ရောက်ဖို့ရာ လိုနေသေးကြောင်း ခံစားမိလိုက်၏။ သူ့အတွက် ကံကောင်းသည်က သူ့တွင် လော့ကျမ်းစာရွက်နှင့် ပညာရှိတာအိုအဆောင် ရှိနေသေးသည်။ သူ့ခန္ဓာကိုယ် ဆက်လက်၍ လေ့ကျင့်နိုင်ခြင်းကလည်း ကောင်းပေသည်။ သူ့လက်ရှိအင်အားဖြင့် ပင်လယ်အနက်ပိုင်းသို့ လျှောက်နိုင်သေး၏။

ရေထဲ လျှောက်နေရင်း မိုဝူကျိက တာအိုအငွေ့အသက် ဖိအား တိုးလာသည့် လက္ခဏာရပ်များကို ရုတ်ချည်း ခံစားမိလိုက်သည်။ သူက ထိုဖိအား တိုးပွားလာမှုက သူ့အား တစစီ ဖြစ်သွားစေမည်ကို လန့်ဖြတ်မိသွားသည်။ မိုဝူကျိကို အံ့ဩသွားစေသည်က သူ့ဘေးနားရှိ ဖိအားသည် အစအနမရှိ ပျောက်ကွယ်သွားခြင်း ဖြစ်၏။ ထိုမျှတင် မကသေးဘဲ ပင်လယ်အတွင်း အစစ်အမှန် စွမ်းအားတချို့ကို ခံစားနိုင်လာသည်။

ဘာတွေ ဖြစ်နေတာလဲ …

မိုဝူကျိက ရပ်တန့်လိုက်သည်။ သူ့ကို များစွာ အံ့ဩသွားစေသည်က ဤနေရာတွင် စိတ်စွမ်းအား အသုံးပြုလို့ ရနေခြင်း ဖြစ်၏။ ထိုမျှတင် မကသေးဘဲ နိဗာနတိတ်ဆိတ်မှု ပင်လယ်ရေနှင့် ပြန်လည် မထိတွေ့ခင်အထိ သူ့စိတ်စွမ်းအားကို မိုင်ရာချီ ဖြန့်ကျက်ထားနိုင်လေသည်။ သူ့စိတ်စွမ်းအားကို မကြာခင် ဆက်လက် ဖြန့်ကျက်ကြည့်လိုက်သည်။ သူ့စိတ်စွမ်းအားကို တားဆီးထားသော ရေများက ဘေးတစ်ဖက်တစ်ချက်သို့  နောက်ဆုတ်သွားကြဟန် ပေါ်သည်။

ချင်းဟိုင်လမ်းကြောင်း ပေါ်လာတာလား …

မိုဝူကျိက ချင်းဟိုင်လမ်းကြောင်း နောက်တစ်ဖန် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သတိပြုမိသွားသည်။ ထိုကြောင့်သာ ပင်လယ်အောက်၌ သက်တောင့်သက်သာ ခံစားနေရခြင်း ဖြစ်ပေမည်။

သူက လော့ကျမ်းစာရွက်နှင့် ပညာရှိတာအိုအဆောင်ကို သတိကြီးကြီးထား၍ သိမ်းဆည်းလိုက်သည်။ သူ့အသိစိတ်ပင်လယ်လည်း သက်ရောက်မှု မခံရတော့ပေ။

လော့ကျမ်းစာရွက်နှစ်ရွက် အသုံးပြုထားပြီး မိုဝူကျိက ပင်လယ်မှ မြန်မြန် ထွက်သွားဖို့ရာ ဆုံးဖြတ်လိုက်သည်။ သူက ပင်လယ်အောက်ထဲ နှစ်ဝက်ကြာ လျှောက်လှမ်းလာပြီးပြီ ဖြစ်၏။ နတ်ဘုရားဘုရင်က သူ့အား လိုက်ဖမ်းလျှင်ပင် မမှီနိုင်လောက်တော့ပေ။ အကယ်၍ နတ်ဘုရားဘုရင်သာ သူ့နောက်ကို အမှန်တကယ် လိုက်လာပါက သူ့အနေနှင့် ချင်းဟိုင်လမ်းကြောင်းကို စွန့်ခွာပြီး ရေထဲသို့ ပြန်သွားရုံသာ ရှိတော့သည်။

မိုဝူကျိက ရှေ့ဆက်သွားဖို့ ပြင်ဆင်ရင်း သူ့စိတ်စွမ်းအား၌ ကျောက်တုံးလေးကို အာရုံခံလိုက်မိသည်။

ဤကျောက်တုံးမှာ အနည်းငယ် ထူးဆန်းနေသောကြောင့် ကောက်ယူထားလိုက်သည်။ ကျောက်တုံးပေါ်တွင် မှုန်ဝါးဝါးစွမ်းအားမျိုး ရှိနေကာ အဖိုးမတန်ဟန် ပေါ်နေသည်။ မိုဝူကျိက စိတ်စွမ်းအားဖြင့် ကျောက်တုံးအား အလွယ်လေး စစ်ဆေးကြည့်လိုက်သည်။

မိုဝူကျိက ခေါင်းခါလိုက်ပြီး ထိုကျောက်တုံးကို ပြန်ပစ်ချထားလိုက်သည်။

မဟုတ်သေးပါဘူး …. မိုဝူကျိက နောက်တစ်ကြိမ် ပြန်လည် ကောက်ယူလိုက်သည်။ သူက ဒုတိယအကြိမ် ကောက်ယူပြီးသည့်အခါ ကျောက်တုံးပေါ်မှ စွမ်းအားသည် ယခင်ကထက် ပိုမို သန့်စင်လာကြောင်း သတိပြုမိသွား၏။

မိုဝူကျိက ကျောက်တုံးလေးကို လက်ဖဝါးပေါ် တင်ကာ စိတ်စွမ်းအားဖြင့် ဂရုတစိုက် လေ့လာကြည့်လိုက်သည်။

နှစ်နာရီကြာမြင့်ပြီးနောက် ကျောက်တုံးပေါ်မှ အစက်အပြောက်လေးများက အစိမ်းရောင် ပြောင်းလဲလာလေ၏။ ထို့အပြင် သူ့စိတ်စွမ်းအားက ထိုကျောက်တုံးပတ်လည်တွင် ရှိနေသော ထူးထူးဆန်းဆန်း တာအိုအငွေ့အသက်ကိုလည်း ဆက်လက် မရှာဖွေနိုင်တော့ပေ။

ဤသည်က ပစ္စည်းကောင်းလေး ဖြစ်လိမ့်မည်။ သူက ပန်းပဲပစ္စည်းအဖြစ် အသုံးပြုနိုင်လားဟု တွေးနေမိရင်း သိုလှောင်လက်စွပ်အတွင်းသို့သာ ပစ်ထည့်ထားလိုက်တော့သည်။

***

All Chapters