အမှန်တရားကို သဘောပေါက်သွားခြင်း
Vol. 68 Ch. 943
ချင်းဟိုင်လမ်းကြောင်းသည် ကီလိုမီတာထောင်ချီ ရှည်လျားလျက် ရှိပြီး ယခုအခါမှ ဖြန့်ကျက်နှုန်းသည် လျော့ကျသွားခြင်း ဖြစ်၏။ ချင်းဟိုင်လမ်းကြောင်း တစ်လျှောက်တွင် မြောက်များစွာသော ပျံသန်းရေး ရတနာများ ရောက်ရှိလာကြသည်။ အလယ်၌ ထိုပျံသန်းရေး မှော်ရတနာများကို သိမ်းဆည်းလိုက်ကြပြီး ကျင့်ကြံသူများက ဆီပူထဲ ရောက်သွားသည့် ပေါက်စီများအလား နိဗာနတိတ်ဆိတ်မှု ပင်လယ်ထဲ ခုန်ဆင်းလိုက်ကြသည်။
တချို့ကျင့်ကြံသူများက ပင်လယ်အတွင်းသို့ မဝင်ခင် အကြံကောင်းကောင်းဖြင့် အနက်ပိုင်းသို့ အရင်ဆုံး ဦးတည်သွားလိုက်ကြခြင်း ဖြစ်သည်။
ပင်လယ်ကမ်းစပ်၌ ဆိုင်များစွာလည်း ပေါ်ပေါက်လာကြပြီး နိဗာနတာအိုသဲအား ဈေးကြီးကြီး ပေး၍ ဝယ်နေကြသည်။ ထို့အပြင် သူတို့က ရေနှင့် ပတ်သတ်သည့် မှော်ရတနာများနှင့် အဆိပ်ဖြေဆေးများလည်း ရောင်းချနေကြသည်။
ချင်းဟိုင်လမ်းကြောင်းပေါ်၌ မှော်ရတနာများကြောင့် ဖြစ်ပေါ်လာသည့် လှိုင်းတွန့်အမျိုးမျိုးကို မြင်တွေ့နေရသည်။ နတ်ဘုရားဘုရင် လီထန်းက ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ သူက ချင်းဟိုင်လမ်းကြောင်း ပေါ်ပေါက်လာစဉ်အတွင်း ကျင့်ကြံသူများစွာ သေဆုံးကြမည် ဖြစ်ကြောင်း သိနေသည်။
ခရမ်း နိဗာနတာအိုသဲသည် နတ်ဘုရားဘုရင်အဆင့် တက်လှမ်းနိုင်သည့် အခွင့်အရေး ပေးနိင်သော်လည်း အဆိုးထဲ၌ ကောင်းသည့်အချက် အနည်းငယ်သာ ရှိပေသည်။
နှစ်လတာ ကုန်ဆုံးသွားပြီး ကျင့်ကြံသူများလည်း ဆက်တိုက် သွားလာနေကြသည်။ ထို့နောက် ရေမျက်နှာပြင်ပေါ်သို့ ထွက်လာသည့် ကျင့်ကြံသူ အရေအတွက်လည်း များပြားလာလေ၏။
ကျင့်ကြံသူများ ထွက်လာသည့်အခါ လူများစွာက နိဗာနတာအိုသဲ ရလာလားဟု ပြေး၍ မေးကြလေသည်။
နိဗာနတာအိုသဲ၏ တန်ဖိုးအမှန်ကို သိသွားကြသည်နှင့် တချို့သော ကျင့်ကြံသူများက ရောင်းဖို့ရာ လိုလားကုန်ကြသည်။ ဈေးကွက်ထဲ ရောက်ရှိလာသည်များက အများစုမှာ မီးခိုးရောင် သို့မဟုတ် လိမ္မော်ရောင် ဖြစ်၏။ ကျင့်ကြံသူအများစုမှာ ထိုနေရာမှာ လုံးဝ ပျောက်ကွယ်သွားကြတော့သည်။
ကျင့်ကြံသူများစွာက နိဗာနတာအိုသဲများ ယူဆောင်သွားကြသည်ကို မြင်ပြီး ဆိုင်ရှင်များက မနေနိုင်တော့ဘဲ အော်ပြောလိုက်သည် “ အားလုံး မင်းတို့တွေ နိဗာနတာအိုသဲကို ယူသွားလည်း အသုံးဝင်မှာ မဟုတ်ဘူး။ မင်းတို့တွေ ဘယ်လိုသုံးရတယ်ဆိုတာကို သိလို့လား။ လုပ်ဆောင်ရတာက အလွန်ရှုပ်ထွေးတယ်နော်။ တကယ်လို့ အားလုံးက ကျုပ်တို့ ဆိုင်ကို ယုံရင် ရောင်းလို့ ရပါတယ်။ ကျုပ်တို့ဆီမှာ နတ်ဘုရားကျောက် လုံလုံလောက်လောက်နဲ့ နောက်တဆင့် တက်လှမ်းနိုင်မဲ့ နတ်ဘုရားဆေးလုံးတွေလည်း ရှိတယ် ”
ထိုစကားများက ထွက်သွားခါနီး လူများကို ကြောင်အမ်းသွားစေသည်။ ထိုအထဲရှိ တစ်ယောက်က သိချင်စွာ ဝင်ပြောလိုက်သည် “ နိဗာနတာအိုသဲထဲက မိုးမြေတာအိုကို အသိဉာဏ်ပွင့်လာဖို့ မဟုတ်ဘူးလား …. တခြားဘယ်လိုများ သုံးရဦးမှာလဲ ”
ဆိုင်ရှင်က အေးစက်စွာ ရယ်မောလိုက်ပြီး “ အဲလောက်သာ ရိုးရှင်းနေရင် ဒီနေ့အထိ သဲ အသုံးပြုပုံကို မသိဘဲ နေပါ့မလား ”
“ ခင်ဗျားက ကျုပ်တို့ကို ကလိမ်ကျနေတာပဲ။ ကျုပ်တို့တွေ မသုံးခင် ပုံမှန်နည်းလမ်းတချို့နဲ့ နိဗာနတာအိုသဲပေါ်က အစက်အပြောက်ကို ဖယ်ရှားလိုက်ရုံပဲမလား ” အေးစက်စက် လေသံ ပျံ့လွှင့်လာပြီး နိဗာနတာအိုသဲ အသုံးပြုမှုအကြောင်း ထုတ်ဖော်လိုက်သည်။
ထိုအရာကို ကြားပြီး ဆိုင်ရှင်က အံ့အားသင့်သွားသည်။ လက်တွေ့၌ သူလည်း နိဗာတာအိုသဲ အသုံးပြုပုံကို မသိထားပေ။ တစ်ယောက်ယောက်က သဲကို အသုံးပြုနည်း ပြောသွားလေရာ သူက နောက်ထပ် တခြားစကား မည်သို့ ပြောရဲမည်နည်း။
နိဗာနတာအိုသဲကို အကျိုးရှိရှိ အသုံးချသည့် နည်းလမ်းမှာ ဂိုဏ်းကြီးများ၏ လျို့ဝှက်ချက် ဖြစ်ပြီး ထိုစီစဉ်မှုကို နတ်ဘုရားဘုရင်များစွာနှင့် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းတို့က သဘောတူထားကြောင်း ကြားသိရသည်။ တစ်ယောက်ယောက်က ကြုံရာကျပန်း ထုတ်ပြောဖို့ရာ မည်သို့ သင့်တော်မည်နည်း။
ဂိုဏ်းအမျိုးမျိုး၏ နတ်ဘုရားဘုရင်များသည် ထုတ်ပြောလိုက်သည့် ကျင့်ကြံသူအား စိုက်ကြည့်လိုက်ကြ၏။ သူတို့၏ သဘောတူချက်အရ နိဗာနတာအိုသဲ အသုံးပြုသည့် နည်းလမ်းကို ထုတ်ဖော်မည် မဟုတ်ကြပေ။ အကယ်၍ ပေါက်ကြားမည်ဆိုလျှင်လည်း ဂိုဏ်းကြီးများအနေနှင့် ချင်းဟိုင်လမ်းကြောင်း ပေါ်လာပြီး အကျိုးမြတ်များ ရပြီးသည့်အထိ စောင့်သင့်ပေသည်။
သို့သော်လည်း တစ်ယောက်ယောက်က ကျင့်ကြံသူများစွာရှေ့ ထုတ်ပြောနေလေ၏။ ဤသည်မှာ သူတို့ သည်းခံနိုင်သည့်အရာ မဟုတ်ချေ။
“ နတ်ဘုရားဘုရင် ရွှမ်လင်က တော်တော် အမြော်အမြင်ရှိတာပဲ ” နတ်ဘုရားဘုရင် ဝူကျဲက ရယ်မောရင်း ပြောလိုက်သည်။
အခြားသော နတ်ဘုရားဘုရင်များကလည်း မတတ်နိုင်ကြတော့ပေ။ ပြောလိုက်သူမှာ နတ်ဘုရားဘုရင် ရွမ်လင် ဖြစ်နေ၏။ အကယ်၍ တခြားတစ်ယောက်ဆိုပါက နတ်ဘုရားဘုရင် ဖြစ်နေစေကာမူ ထိုလူအား ဂိုဏ်းများ ပူးပေါင်း၍ သတ်ပစ်ကြမည် ဖြစ်သည်။ သို့သော်လည်း နတ်ဘုရားဘုရင် ရွမ်လင်က ချွင်းချက် ဖြစ်ပေသည်။ နတ်ဘုရားဘုရင် လီထန်းပင် သူ့အား မကိုင်တွယ်နိုင်သောကြောင့် မည်သည့်ဂိုဏ်းက သူ့အား ရန်စရဲမည်နည်း။
နတ်ဘုရားဘုရင် ရွမ်လင်က ဟားတိုက်ရယ်ကာ “ အဲဆိုတော့ ခင်ဗျားက ကျုပ်ကို ဘာလုပ်ချင်လို့လဲ ”
နတ်ဘုရားဘုရင် ဝူကျဲ၏ အမူအယာမှာ ပျက်ယွင်းသွားပြီး ဝင်မပြောနိုင်ပေ။ နတ်ဘုရားနယ်မြေရှိ ကျန်ရှိနေသော မဟာနတ်ဘုရားဘုရင် ဆယ်ယောက်အနက် သူက တတိယအဆင့် ဖြစ်သလို နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း၊ ဇာမဏီဝိညာဉ် ပရဝဏ်နှင့် တချို့သော ဂိုဏ်းများ၏ နောက်ခံလည်း ဖြစ်ပေသည်။ သို့သော် သူက မည်မျှ အားကောင်းနေစေကာမူ နတ်ဘုရားဘုရင် ရွမ်လင်အား ရင်မဆိုင်ရဲပေ။
“ ချူယို့ ဘာလို့ ထွက်လာတာလဲ ” လင်းမုန့်ဂူက ချူယို့ ရောက်လာသည်ကို မြင်သည့်အခါ မရေမရာဖြင့် မေးလိုက်သည်။ ချူယို့တွင် ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန် ဖွဲ့စည်းထားလေရာ နှစ်လတာလေးဖြင့် မည်သို့ ထွက်လာသနည်း။
ချူယို့က မြန်မြန် ရှင်းပြလိုက်သည် “ ဆရာ … ချင်းဟိုင်လမ်းကြောင်းက နိဗာနတိတ်ဆိတ်မှု ပင်လယ်ထဲ ပေါ်လာပေမဲ့ ကျွန်မရဲ့ တာအိုက ဒီနှစ်လလေးအတွင်းမှာ ပျောက်ကွယ်သွားတော့မလို ခံစားလာရတယ်။ ကျွန်မတင် မကဘူး။ အားလုံးလည်း အတူတူပဲ။ အထဲပြန်ဝင်ဖို့ အနည်းဆုံး တစ်လလောက်တော့ နားဖို့ လိုလိမ့်မယ် ”
“ ဒါကြောင့်ကိုး …” လင်းမုန့်ဂူက နောက်ဆုံးတွင် နားလည်သွားသည်။ ကျင့်ကြံသူများစွာက နိဗာနတိတ်ဆိတ်မှု ပင်လယ်မှ ပြန်ထွက်လာကြသည်မှာ မထူးဆန်းတော့ပေ။
“ တာအိုရောင်းရင်းလင်း မတွေ့တာ ကြာပြီနော် ” အသံချိုချိုလေးကို ကြားလိုက်ရပြီးနောက် ကြော့ရှင်းခန့်ညားသည့် အမျိုးသားတစ်ဦး ထွက်လာသည်။ သူ့နောက်တွင် ချူယို့နှင့် လှပမှုချင်း ယှဉ်နိုင်သည့် မိန်းမလှလေး တစ်ဦးလည်း ပါရှိ၏။
“ စီနီယာဒေါ်လေး လင်းကို ဂါရဝပြုပါတယ်ရှင့် …. ဂျူနီယာညီမလေး ချူယို့လည်း မင်္ဂလာပါနော် ” ထိုမိန်းကလေးက ရှေ့ထွက်လာကာ လင်းမုန့်ဂူနှင့် ချူယို့တို့အား လေးစားသည့် အမူအယာဖြင့် နှုတ်ခွန်းဆက်လိုက်သည်။
လင်းမုန့်ဂူက ပြန်လည် နှုတ်ဆက်လိုက်သည် “ တာအိုရောင်းရင်း ဖျင်ကိုး … မတွေ့တာ ကြာပြီနော်။ ဖုန်းရို့လည်း တော်တော် တိုးတက်လာတဲ့ပုံပဲ။ ရှင်တော့ ချင်းဟိုင်လမ်းကြောင်းကနေ အတော်လေး အကျိုးအမြတ် ရလိုက်တာ ထင်တယ် ”
ခန့်ညားသည့် အမျိုးသားမှာ ဖျင်ချွမ်းရှန် ဖြစ်၏။ သူက နတ်ဘုရားဆင်ကဲခြင်း ဂိုဏ်းမှ ဖြစ်ပြီး လင်းမုန့်ဂူနှင့် ကျင့်ကြံဆင့် အတူတူ ဖြစ်ပြီး လောကနတ်ဘုရားအဆင့် ၉ တွင် ရပ်တန့်နေခြင်း ဖြစ်သည်။ ချူယို့နှင့် ရုပ်ရည်အရရော ကျင့်ကြံဆင့်အရပါ လိုက်ယှဉ်နိုင်သော မိန်းမလှလေးမှာ ဖျင်ချွမ်းရှန်၏ တပည့် ဖုန်းရို့ ဖြစ်၏။ ချူယို့နှင့် နှိုင်းယှဉ်ကြည့်လျှင် ဖုန်းရို့၏ ကွန်ယက်က ပို၍ ကြီးမားကျယ်ပြန့်သည်။ နတ်ဘုရားနယ်မြေရှိ ဂိုဏ်းအကြီးကြီးများ၏ ပါရမီရှင်တပည့် တော်တော်များများနှင့် အဆက်အသွယ် ရှိထား၏။
ဖျင်ချွမ်းရှန်က ရယ်မောကာ “ ကျုပ်တပည့်က ကျုပ်အတွက် ခရမ်းနိဗာနတာအိုသဲကို ရှာပေးခဲ့တယ်လေ။ ကျုပ်အတွက် မျှော်လင့်ချက်လေး ရလာတာပေါ့ဗျာ ”
ထိုစကားက လင်းမုန့်ဂူ၏ မျက်နှာထားကို ပြောင်းလဲသွားစေသည်။ ယခု သူမက သူနှင့် အဆင့်အတူတူ ဖြစ်နေသော်လည်း သူက ခရမ်း နိဗာနတာအိုသဲ ရရှိသွားပြီဆိုပါက သူတို့နှစ်ဦးကြားရှိ ခြားနားချက်မှာ နှစ်များစွာ ကွာဟသွားလိမ့်မည်။
နတ်ဘုရားဆင့်ကဲခြင်း ဂိုဏ်း၏ အင်အားမှာ ဝမ်ချွမ်းတာအိုကျောင်းတော် အထက်တွင် ရှိနေပြီး နတ်ဘုရားနယ်မြေ တစ်ခုလုံး၌ နံပါတ်တစ် ကာကွယ်ရေး အစီအရင်လည်း ပိုင်ဆိုင်ထားပေသည်။ ထို့ကြောင့် ဖျင်ချွမ်းရှန် လက်ထဲတွင် ခရမ်း နိဗာနတာအိုသဲ ရရှိသွားပြီဆိုပါက သူ့ဆီက မည်သူကမှ လုရဲမည် မဟုတ်ချေ။
လင်းမုန့်ဂူက ဖျင်ချွမ်းရှန်၏ ရည်ရွယ်ချက်ကို သိလိုက်သည်။ သူက သူမအား ထိတ်လန့်သွားစေရန် တမင်သပ်သပ် ရောက်လာခြင်း ဖြစ်၏။ သူက ကြော့ရှင်းခန့်ညားသော်လည်း အမှန်အတိုင်းဆိုရလျှင် သူက ရုပ်ရည်နှင့် မလိုက်ဖက်သည့်အထိ သိမ်ဖျင်းသောသူ ဖြစ်၏။
“ ဂျူနီယာညီမလေး ယို့ …” နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာပေသည်။ ဤအချိန်၌ လူငယ်လေးတစ်ဦးက မြန်မြန် ရောက်လာသည်။
“ အစ်ကိုကြီး ယွင်ချန်း ” ဖုန်းရို့က ပို၍ အံ့အားသင့်သွားသည့်အလား ဖြစ်ပေါ်သွားသည်။
ထိုလူငယ်လေးက ယခုမှ ဖုန်းရို့ကို မြင်သည့်အလား အားနာစွာဖြင့် ပြောလိုက်သည် “ အို ဂျူနီယာညီမလေး ဖုန်းရို့လည်း ရောက်နေတာပဲ။ ကျုပ် သတိမထားမိလိုက်ဘူး ”
သူ့စကားအဆုံးတွင် သူက လင်းမုန့်ဂူနှင့် ဖျင်ချွမ်းရှန်တို့အား မြန်မြန် နှုတ်ဆက်လိုက်သည် “ တပည့် ဝမ်ယွင်ချန်းက စီနီယာဦးလေး ဖျင်နဲ့ စီနီယာဒေါ်လေးလင်းကို ဂါရဝပြုပါတယ် ”
လင်းမုန့်ဂူက ခေါင်းအသာညိတ်ပြလိုက်စဉ် ဖျင်ချွမ်းရှန်က စိတ်အားတက်ကြွစွာဖြင့် ပြန်တုံ့ပြန်လိုက်သည်။
အကြောင်းမှာ ဖျင်ချွမ်းရှန်တွင် ရွေးချယ်စရာ မရှိ၍ ဖြစ်သည်။ ဤလူငယ်လေးက နတ်ဘုရားဆင့်ကဲခြင်း ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဝမ်ယွင်ချန်း ဖြစ်၏။ သူက နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ရုံတင်မက နတ်ဘုရားနယ်မြေ တစ်ခုလုံး၌လည်း နံပါတ်တစ် ပါရမီရှင် ဖြစ်ပေသည်။ ဤအချိန်၌ သူက နတ်ဘုရား အုပ်စိုးသူအဆင့် ၇ သို့ ရောက်ရှိနေပြီ ဖြစ်ပြီး သူ့ကျင့်ကြံနှုန်းအရ လောကနတ်ဘုရားအဆင့်သို့ ရောက်ဖို့ရာ သိပ်ကြာမြင့်မည် မဟုတ်ချေ။
နတ်ဘုရားဆင့်ကဲခြင်း ဂိုဏ်းက သူတို့အရင်းအမြစ်များအားလုံးကို ဝမ်ယွင်ချန်း ကျင့်ကြံဖို့ရာအတွက် ရင်းနှီးမြှပ်နှံထားကြသည်။ အကယ်၍ တစ်ခုခုသာ မမှားယွင်းသွားပါက သူက နောက်ဂိုဏ်းချုပ် ဖြစ်လာနိုင်၏။ ထို့ကြောင့် ဖျင်ချွမ်းရှန်ပင် သူအား မရိုမသေ ပြုမူဖို့ရာ နှစ်ခါပြန် စဉ်းစားနေရခြင်း ဖြစ်၏။
ဖုန်းရို့က နှုတ်ခမ်းစူကာ မနှစ်မြို့ဟန်ဖြင့် ပြောလိုက်သည် “ ဂျူနီယာညီမလေး ယို့က ဒီရောက်နေတာဆိုတော့ အစ်ကိုကြီး ယွင်ချန်းက ညီမကို ဘယ်လိုလုပ် သတိထားမိပါ့မလဲ ”
ဝမ်ယွင်ချန်းက ပါရမီ ကောင်းရုံသာမက နတ်ဘုရားနယ်မြေ၌ အခန့်ညားဆုံး အမျိုးသားတစ်ဦးလည်း ဖြစ်ပေသည်။ နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်း၌ သူ့အား စီနီယာအစ်ကိုချောကြီးဟုပင် နာမည်ပြောင် ပေးထားကြသေး၏။
ဝမ်ယွင်ချန်းပေါ် နှစ်သက်သဘောကျနေကြသော နတ်ဘုရားနယ်မြေရှိ အမျိုးသမီး ကျင့်ကြံသူများမှာ ရေတွက်လို့ပင် မရပေ။ ဖုန်းရို့က ထိပ်တန်း ပါရမီရှင်ထဲမှ တစ်ဦးအဖြစ် ယူဆ၍ ရသော်လည်း သူမသည်လည်း ဝမ်ယွင်ချန်းအပေါ် တိတ်တခိုး ချစ်မြတ်နိုးနေမိ၏။ သို့သော်လည်း သူက တစ်စုံတစ်ယောက်ကို အရူးအမူး စွဲလမ်းနေပေသည်။ သူ့နှလုံးသားထဲ ရှိနေသည့် တစ်ဦးတည်းသော အမျိုုးသမီးမှာ ဝမ်ချွမ်းတာအိုကျောင်းတော်၏ ချူယို့သာ ဖြစ်နေသည်။
“ အားနာပါတယ် … နောက်တစ်ခါကျ ပိုအာရုံစိုက်ထားပါ့မယ် ” ဝမ်ယွင်ချန်းက နောက်ထပ် အားနာစကား ဆိုလိုက်သော်လည်း သူ့အကြည့်က ချူယို့အပေါ်တွင်သာ မြဲမြံနေသည်။
ဖုန်းရို့၏ မနာလိုမှုက အလျှင်အမြန် ပျောက်သွားကာ တဖန်ပြုံးလိုက်ပြီး ပြောလိုက်သည် “ အစ်ကိုကြီး ယွင်ချန်း … စီနီယာအစ်မချူရဲ့ နှလုံးသားကို တစ်ယောက်ယောက်က ခိုးသွားပြီဆိုတာကို သိသွားရင် စိတ်ပျက်သွားလိမ့်မယ် ”
ထိုစကားလုံးများက ဝမ်ယွင်ချန်း၏ မျက်နှာထားကို ပြောင်းလဲသွားစေသည်။ သူက ဘာမှမပြောနိုင်ခင် ဖုန်းရို့က ဝင်ပြောလိုက်၏ “ စီနီယာအစ်မချူ ဟုတ်တယ်မလား။ ကျွန်မ ကြားတာတော့ မိုဝူကျိက နတ်ဘုရားနယ်မြေကနေ ချင်းဟိုင်လမ်းကြောင်းကို သုံးပြီး ထွက်သွားမှာဆို … ”
ထိုစဉ် ချူယို့၏ မျက်နှာထားမှာလည်း ပြောင်းလဲသွားတော့သည်။ ဤသည်မှာ သူမနှင့် မိုဝူကျိ နှစ်ဦးတည်းသာ သိသည့် အရာ ဖြစ်ရာ ဖုန်းရို့က မည်သို့ သိနေရသနည်း။
“ ဘယ်လို သိတာလဲ ” ချူယို့က ထိုစကားများကို ပြောလိုက်ပြီးနောက် နောင်တရမိသွားသည်။ သူမ အတွေ့အကြုံက ဖုန်းရို့နှင့် မယှဉ်နိုင်သေးသည့်အတွက် သူမ စကားတစ်ခွန်းဖြင့် မိုဝူကျိ ဤနေရာသို့ လာမည် ဖြစ်ကြောင်း အတည်ပြုသလို ဖြစ်သွားလေ၏။
ချူယို့၏ တုံ့ပြန်မှုကို ကြားပြီးနောက် ဖုန်းရို့က ခပ်ယဲ့ယဲ့ပြုံးကာ ဆက်မပြောတော့ပေ။ ချူရှီက သူမကို ပြောပြခြင်း ဖြစ်ကြောင်း ဘယ်တော့မှ ထုတ်ပြောမည် မဟုတ်ပေ။ ချူရှီက သူမနှင့် ဆက်ဆံရေးကောင်းဖို့ရာ လိုလားနေပေ၏။
ချူယို့က အဖြစ်အပျက်ကို နားလည်သွားတော့သည်။ သူမ ထပ်ခါထပ်ခါ မြင်မက်နေသည့် အိပ်မက်သည် သံသယဖြစ်ဖွယ် ကောင်းလွန်းလှသည်။ ယခု သူမ ပြန်လည် စဉ်းစားကြည့်ပါက ကြုံရာကျပန်း အဖြစ်အပျက် မဟုတ်ကြောင်း သိသွားသည်။ မိုဝူကျိကလည်း တခြားသူများကို ထုတ်ပြောမည် မဟုတ်ပေ။ သူမ ဖော်ထုတ်မိသည့် တစ်ခုတည်းသော နေရာမှာလည်း ထိုထူးထူးဆန်းဆန်း အိပ်မက်၌သာ ဖြစ်၏။
“ ဆရာ … ကျွန်မ အိပ်မက် မက်တာက တခြားအကြောင်းအရင်းကြောင့်များလား ”ချူယို့က သူမဆရာ လင်းမုန့်ဂူကို ကြည့်ရင်း တုန်တုန်ယင်ယင် ထုတ်မေးလိုက်သည်။
လင်းမုန့်ဂူက သက်ပြင်းချကာ ချူယို့၏ ဆံနွယ်လေးများကို သပ်ပေးလိုက်ပြီး “ အတိတ်ကို အတိတ်မှာပဲ ထားကြတာပေါ့။ မင်းလည်း ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကို ဖွဲ့စည်းပြီးသွားပြီလေ။ မင်းတို့နှစ်ယောက် နောင်ကျ ပတ်သတ်စရာ အကြောင်း မရှိတော့တာလည်း ကံတရားပဲ ”
ချူယို့ လက်က ရုတ်တရက် အေးခဲလာပြီး တစ်ကိုယ်လုံးလည်း တုန်ယင်လာမိသည်။ မိုဝူကျိ သူမအပေါ် ပြသခဲ့သော ကြင်နာမှုကို ကျင့်ကြံသူတစ်ယောက်အနေနှင့် သူမ တစ်ဘဝလုံး ပြန်လည် ပေးဆပ်နိုင်မည် မဟုတ်ချေ။ သို့သော်လည်း သူမ ဂိုဏ်းမှ လူများသည် သူမ ကျေးဇူးကြွေးကို အသုံးချရင်း မိုဝူကျိအား လုပ်ကြံဖို့ ကြိုးစားခဲ့ကြသည်။
နတ်ဘုရားဘုရင်များ၏ လုပ်ကြံမှုကို အချိန်တော်ကြာ ခံခဲ့ရလေရာ မိုဝူကျိက မည်သို့ အသက်ဆက်ရှင်နိုင်မည်နည်း။
ထိုစဉ် သူမက တစ်ခုခုကို ပြန်လည် တွေးမိသွားကာ တုန်တုန်ယင်ယင်ဖြင့် ထပ်မေးလိုက်သည် “ ဆရာ အဲဆို ချူရှီ အပြစ်ပေးကျောက်တိုင်မှာ အပြစ်ပေးခဲ့ရတဲ့ ကိစ္စကရော … ”
လင်းမုန့်ဂူက ခေါင်းယမ်းလိုက်ပြီး ချူယို့ကို အသာပုတ်ပေးကာ “ မင်းလည်း ခန့်မှန်းပြီးလောက်ပါပြီ။ ချူယို့ မင်းရဲ့ အနာဂတ်က တောက်ပတယ်။ ကျင့်ကြံသူတွေအနေနဲ့ လက်လွှတ်ချသင့်တာတွေကို လက်လွှတ်ချရမယ်လေကွယ် ”
ယခု ချူယို့က အဖြစ်အပျက် အလုံးစုံကို သဘောပေါက်သွားတော့သည်။ သူမက ဘေးတွင် ရပ်နေသည့် ဂျူနီယာညီမလေး ခုံမန်ကို မေးလိုက်သည် “ ဂျူနီယာညီမလေး အစ်မကို ပြောပါပြဦး။ မိုဝူကျိက အစ်မကို ကယ်ဖို့ ဝမ်ချွမ်းတာအိုကျောင်းအထိ ရောက်လာတယ်မလား ”
သူမ ဆရာကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခုံမန်က လင်းမုန့်ဂူ ခေါင်းညိတ်ပြသည်ကို မြင်ပြီး သလင်းကျောက်ကို ထုတ်ကာ ချူယို့ဆီ ပေးလိုက်သည် “ စီနီယာအစ်မ တကယ်တော့ …. ”
အဆုံးသတ်၌ ခုံမန်ပင် အမှန်တရားကို အပြည့်အစုံ မပြောနိုင်ပေ။
ချူယို့က သလင်းကျောက်ကို ယူလိုက်ပြီး မိုဝူကျိ သူမကို ကယ်တင်ဖို့ ကြိုးစားနေသည့် မြင်ကွင်းကို မြင်လိုက်ရသည်။ ချူရှီက သူ့အား လုပ်ကြံလိုက်ကာ မိုဝူကျိက သူမအကွက်ထဲ ရောက်မိသွားပြီး သွေးသံရဲရဲ ဖြစ်သွားသည်။ ထို့နောက် သူမလည်း သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။
***