မိုးကြိုးစမ်းသပ်ချက် ဆက်တိုက် ခံယူခြင်း
Vol. 68 Ch. 944
မိုဝူကျိက သူမအား ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်ကို ပေးခဲ့သည့်အပြင် အကြိမ်များစွာလည်း ကယ်တင်ပေးခဲ့သည်။ သူက သူမ အပြစ်ပေးခံနေရသည့်အကြောင်း ကြားသောအခါ အသက်ကို စွန့်စား၍ ကယ်တင်ဖို့ရာ ရောက်လာသေး၏။ အဆုံးသတ်၌ သူမ ညီမဖြစ်သူက သူ့အား လုပ်ကြံခဲ့သည်။ သူမက ထိုအရာအားလုံးကို လျစ်လျူရှုထားလျှင်ပင် သူ့လှုပ်ရှားမှု သတင်းမှာ သူမကြောင့် ပေါက်ကြားသွားခြင်းသာ ဖြစ်၏။
စီနီယာအစ်ကိုမိုသာ သိသွားခဲ့လျှင် သူမအပေါ်တွင် မည်မျှ စိတ်ပျက်သွားမည်နည်း။
သူ့အမြင်၌ သူမက အရာအားလုံးအထက်တွင် သူမကိုယ်ကျိုးကိုသာ ကြည့်သည့် မိန်းမတစ်ယောက်အဖြစ် မြင်နေပြီလား …..
ထို့အပြင် စီနီယာအစ်ကိုမိုက ကနဦး နတ်ဘုရားအဆင့်မျှသာ ရှိသေးလေရာ ဤမျှဒဏ်ရာအပြင်းအထန်ဖြင့် မည်သို့ လွှတ်မြောက်နိုင်မည်နည်း။
ထိုစဉ် သူမဂိုဏ်း၏ နတ်ဘုရားဘုရင် ယင်မုနှင့် နတ်ဘုရားဘုရင် မော့ဟိုင်တို့၏ ကြင်ကြင်နာနာ စကားများကို စိတ်ထဲ ပြန်လည် မှတ်မိလာသည်။ ထိုဆရာကြီးနှစ်ယောက်က သူမအား ပျိုးထောင်ဖို့ရာ အလိုရှိသမျှ အကုန်ပေးခဲ့သည်။ သူမ လိုအပ်နေသည့် ကျင့်ကြံရေး အရင်းအမြစ်များ ရှိပါက ချက်ချင်းကို ပို့ဆောင်ပေးတတ်ကြသည်။
သို့သော်လည်း ယခု နတ်ဘုရားဘုရင် နှစ်ယောက်လုံးမှာ သူမ မှတ်ဉာဏ်မှ စတင်လွှင့်ပျောက်လာပြီ ဖြစ်၏။
သူမက မိုဝူကျိသည် သူမကို ကောင်းကောင်းဆက်ဆံပေးခြင်းမှာ သူမအပေါ် နှစ်သက်နေ၍လား မသိသော်လည်း သူ ပြုမူခဲ့သည့် အပြုအမူအရ သူက ပတ်သတ်ဆက်ဆံရေးကို တန်ဖိုးထားသူ ဖြစ်ကြောင်း သေချာသိသွားသည်။ သူမက သူ့အသက်ကို တစ်ခါ ကယ်တင်ပေးခဲ့သည့်အတွက် ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်ကို ပေးထားသည့်အပြင် သူမကို ကယ်တင်ဖို့အတွက် ဝမ်ချွမ်းတာအိုကျောင်းတော်ကိုလည်း ရောက်လာခဲ့သေး၏။
ထိုအပြုအမူများအားလုံးမှာ ကိုယ်ပိုင်အကျိုးနှင့်လည်း မပတ်သတ်သလို ပြန်လည် ရယူလိုသည့် ရည်ရွယ်ချက်လည်း မပါရှိပေ။
ဝမ်ချွမ်းတာအိုကျောင်းတော်က သူမကို ကောင်းကောင်း ဆက်ဆံသော်လည်း ထိုအရာမှာ သူမ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန် ဖွဲ့စည်နိုင်၍ ဖြစ်သည်။ နောင်အခါ၌ သူမက ကျောင်းတော်ထံ အကျိုးများစွာ ဖြစ်ထွန်းစေမည်ဟု ယုံကြည်နေ၍သာ ဖြစ်၏။ ဤသည်မှာ အပေးအယူ ဆက်ဆံရေးမျိုး ဖြစ်၏။ အကယ်၍ ဖြစ်နိုင်ပါက သူမအနေနှင့် ဂိုဏ်းမှ ထောက်ပံ့မှုများ မရယူလိုတော့ပေ။
ချူယို့ သွေးတစ်ပွက်အန်လိုက်သည်ကို မြင်၍ ဝမ်ယွင်ချန်းက ဆေးတစ်လုံး မြန်မြန် ပေးရင်း ပြောလိုက်သည် “ ဂျုနီယာညီမ ချူ … ပြီးခဲ့တာတွေကိုတော့ မေ့ပစ်လိုက်ပါတော့။ အခု နတ်ဘုရားအုပ်စိုးသူအဆင့် တက်ရတော့မှာဆိုတော့ စိတ်နှလုံးသား ယိမ်းယိုင်သွားလို့ မဖြစ်ဘူးနော် ”
ချူယို့က နှုတ်ခမ်းထောင့်မှ သွေးကို သုတ်လိုက်သည့်အခါ ပို၍ ဖြူဖျော့သွားဟန် ပေါ်သွားသည်။ သူမက ဝမ်ယွင်ချန်း၏ ဆေးလုံးအား ပြန်တွန်းကာ “ စီနီယာအစ်ကိုဝမ်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မ အဆင်ပြေပါတယ် ”
ခဏတာ ရပ်တန့်လိုက်ပြီးနောက် သူမက ဆက်ပြောလိုက်သည် “ စီနီယာအစ်ကိုဝမ်က ကျွန်မအပေါ် နှစ်သက်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မဆီမှာ ချစ်မြတ်နိုးရတဲ့သူ ရှိနေပြီးသားပါ ”
သူမက ဝမ်ယွင်ချန်းအား အနည်းငယ် ဦးညွှတ်လိုက်သည်။
ဝမ်ယွင်ချန်း၏ မျက်နှာထားမှာ ချက်ချင်း ပျက်ယွင်းသွားလေ၏။ ယခင် သူက သူမနှင့် နီးကပ်ဖို့ရာ အကြောင်းအရင်းအားလုံး ရှာခဲ့ရသော်လည်း သူမက ဤသို့မျိုး တစ်ခါမှ မပြောခဲ့ပေ။ ထို့အပြင် ချူယို့အပေါ် နားလည်ထားမှုအရ သူမတွင် ချစ်မြတ်နိုးသည့် တစ်စုံတစ်ယောက် ရှိနေလျှင်ပင် သူမက အလွယ်လေး ထုတ်ပြောမည် မဟုတ်ပေ။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ သူမက သူ့ကို ငြီးငွေ့နေ၍သာ ဖြစ်ပေလိမ့်မည်။
ဝမ်ယွင်ချန်း၏ အမူအယာကို ဂရုမစိုက်ဘဲ ချူယို့က သူမ ဆရာဆီ နိဗာနတာအိုသဲတချို့ ထုတ်ပေးလိုက်ပြီး “တပည့်က အသုံးမကျလို့ ခရမ်းနိဗာနတာအိုသဲကို ရှာမတွေ့ခဲ့ဘူး။ တပည့်ရဲ့ နှလုံးသားက ရှုပ်ထွေးနေပြီ။ နိဗာနတာအိုသဲကိုလည်း ဆက်ရှာဖို့ စိတ်လည်း မပါတော့ပါဘူး။ တပည့် နှစ်အနည်းငယ်လောက် အပြင်မှာ လေ့ကျင့်လိုက်ပါဦးမယ်။ ဆရာ ခွင့်ပြုပေးပါ ”
လင်းမုန့်ဂူက သက်ပြင်းချလိုက်သည်။ လက်တွေ့၌ သူမလည်း ဘာမှမတတ်နိုင်တော့ပေ။ အကယ်၍ ချူယို့သာ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန် ဖွဲ့စည်းထားခြင်း မဟုတ်လျှင် သူမအနေနှင့် ဖြေရှင်းဖို့ရာ နည်းလမ်းတချို့ ရှိနေသေးသည်။ သို့သော်လည်း ချူယို့က ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကို ဖွဲ့စည်းခဲ့ပြီး ဂိုဏ်း၏ မျှော်လင့်ချက် ဖြစ်လာခဲ့သောကြောင့် ဂိုဏ်းချုပ်အနေနှင့်ပင် သူမက ချူယို့အပေါ် ထားထားသော ဂရုစိုက်မှုများအား ဖယ်ရှားမပစ်နိုင်ပေ။
“ သွားလေ … တစ်ခုခုဆို ဆရာကို အချိန်မရွေး ဆက်သွယ်ဖို့သာ မှတ်ထားနော် ” လင်းမုန့်ဂူက ချူယို့အား ဖြောင့်ဖြဖို့ရာ မကြိုးစားတော့ပေ။ ကောင်းကင်နတ်ဘုရားအဆင့် ၉ အနေနှင့် နဂိုကတည်းက သူမအနေနှင့် နတ်ဘုရားအုပ်စိုးသူအဆင့် တက်လှမ်းဖို့ရာ လေ့ကျင့်ဖို့ ခဏတာ ထွက်သွားရမည် ဖြစ်ပေသည်။
ထို့အပြင် ချူယို့၏ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်သည်လည်း ကောင်းကင်နတ်ဘုရားအဆင့် ၉ အထိ အခြေတည်နေပြီ ဖြစ်ရာ နတ်ဘုရားဘုရင်အဆင့်ထက် ကျော်လွန်နေသော အဆင့်မြင့် ကျင့်ကြံသူများပင် သူမ၏ နတ်ဘုရားအသွင်သဏ္ဍာန်အား ဖယ်ရှားနိုင်မည် မဟုတ်တော့ပေ။
“ ဆရာကို ကျေးဇူးတင်ပါတယ်။ ဒီတပည့်လေးက နောက်ဆုံးအနေနဲ့ မေးစရာလေး ရှိပါတယ် ” ချူယို့အသံမှာ တုန်ယင်လာ၏။
လင်းမုန့်ဂူက အတွေ့အကြုံကြွယ်ဝသည့်အတွက် ချူယို့ မပြောခင်ကတည်းက ဖြေကြားလိုက်သည် “ ဆရာလည်း သူ့အကြောင်း မသိရသေးဘူး။ ငါတို့တွေ သူ့ကို မတားနိုင်လောက်ဘူး။ စိတ်မပူပါနဲ့ ”
“ဟုတ် … ဒီတပည့်လေး သွားလိုက်ပါဦးမယ် ” ချူယို့က စိတ်သက်သာရာ သက်ပြင်းချလိုက်ပြီး နောက်တစ်ဖန် ဦးညွှတ်ကာ လှည့်ထွက်သွားတော့သည်။
နတ်ဘုရားဘုရင်တချို့က မိုဝူကျိအား မဖမ်းဆီးနိုင်သောကြောင့် သူက နိဗာနတိတ်ဆိတ်မှု ပင်လယ်ဆီ ရောက်မလာသည်မှာ သိသာလှသည်။ သူမ စိတ်ထဲ၌ သူမက မိုဝူကျိကို အရင် ရှာတွေ့ပြီး ဤနေရာသို့ မလာဖို့ရာ သတိပေးချင်မိသည်။
ဝမ်ယွင်ချန်းက ပျောက်ကွယ်သွားသည့် ချူယို့ ပုံရိပ်လေးကိုသာ ကြည့်နေမိပြီး သူ့မျက်နှာမှာလည်း ဖြူဖျော့နေသည်။ နတ်ဘုရားနယ်မြေ၌ သူ့တာအိုလက်တွဲဖော် ဖြစ်လိုသည့် အမျိုးသမီးများ မရေတွက်နိုင်လောက်အောင် ပေါများနေသော်လည်း သူကတော့ သူမကိုသာ နှစ်သက်မိသွားသည်။
“ ယွင်ချန်း … ဝမ်ချွမ်းတာအိုကျောင်းတော်က ငါတို့ နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်းနဲ့ အမြဲတမ်း ဆက်ဆံရေးကောင်းခဲ့တာပဲလေ။ ပြီးတော့ ငါတို့နှစ်ဂိုဏ်းလုံးက နတ်ဘုရားနယ်မြေမှာ ထိပ်သီးဂိုဏ်းတွေချည်းပဲ …. ဒီကိစ္စကို ဂိုဏ်းချုပ်ဆီ ပြောလိုက်ရုံပဲလေ။ မင်းရဲ့ စီနီယာဒေါ်လေး လင်းကလည်း မင်းနဲ့ ချူယို့ တာအိုလက်တွဲဖော် ဖြစ်လာဖို့ မျှော်လင့်နေတာ။ မင်း စိတ်ပူနေဖို့ မလိုပါဘူးကွာ ” ဖျင်ချွမ်းရှန်က အတော်လေး ဉာဏ်ထက်ပေသည်။ ဝမ်ယွင်ချန်းက နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာနိုင်ချေ ရှိထားလေရာ သူ့အနေနှင့် တတ်နိုင်သလောက် ကူညီပေးမည် ဖြစ်၏။
ဖျင်ချွမ်းရှန်၏ စကားကို ကြားပြီးနောက် ဝမ်ယွင်ချန်း မျက်လုံးများက ပြန်လည် တောက်ပလာသည်။
ဟုတ်တယ် … နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်းတို့၊ ဝမ်ချွမ်းတာအိုကျောင်းတော်တို့လို ဂိုဏ်းကြီးတွေအတွက် လက်ထပ်ပွဲကိစ္စက သူ့ဘာသာ လုပ်နေဖို့ပင် မလိုအပ်ပေ။
ထိုအဖြစ်အပျက်ကြောင့် ဖုန်းရို့ မျက်ဝန်းထဲမှ အလင်းရောင်မှာ မှိန်ကျသွားသည်။ ဝမ်ယွင်ချန်းက ချူယို့အပေါ် ရူးရူးမူးမူး ဖြစ်နေသကဲ့သို့ သူမသည်လည်း ဝမ်ယွင်ချန်းအပေါ် ခံစားချက်များ ရှိနေသည်။ သူမ ချစ်မြတ်နိုးသောသူက သူမရှေ့မှောက်တွင် ချူယို့အပေါ်ရှိ ခံစားချက်များ ဖွင့်ဟနေလေရာ သူမ နှလုံးသားကို မည်သို့ ငြိမ်ငြိမ်ထားနိုင်မည်နည်း။
သူမက မိုဝူကျိအား ရုတ်ချည်းဆိုသလို တွေ့ချင်မိလာသည်။ မည်သို့လူမျိုးက ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်ကို ထုတ်ပေးမည်နည်း။ ထိုလူက ကျင့်ကြံဖို့ မလိုအပ်ဘူးလား …. သူမက ကျင့်ကြံသူတစ်ယောက်အနေနှင့် ထိုရတနာကို လက်လွှတ်ခံလိုက်သည့်အကြောင်းအား နားမလည်နိုင်ပေ။
……………
ချင်းဟိုင်လမ်းကြောင်း ပေါ်လာပြီးသည့်နောက်တွင် မိုဝူကျိက နိဗာနတိတ်ဆိတ်မှု ပင်လယ်အောက်ထဲ နိဗာနတာအိုသဲ စုဆောင်းနေသည်မှာ နှစ်လကြာမြင့်သွားပြီ ဖြစ်၏။ ထိုအချိန်လေးအတွင်း သူက သဲ ဆယ်ခုကျော် ကောက်ယူနိုင်ခဲ့သော်လည်း မည်သို့ အသုံးပြုရမည်ကို သေချာမသိသေးပေ။ နိဗာနတာအိုသဲတွင် တာအိုအငွေ့အသက်များ ပါရှိနေစဉ် သူ့အနေနှင့် ထိုအငွေ့အသက်မှ အသိဉာဏ်ပွင့်လာလိမ့်မည်ဟု မခံစားရပေ။ သူက ယခင်က ကြိုးစားဖူးသော်လည်း တာအိုအငွေ့အသက်၏ သဘာဝကြောင့် မည့်သည့် အသိဉာဏ်ပွင့်မှုမျိုးမှ ဖြစ်မလာခဲ့ပေ။ သူတို့အတွက် အသုံးပြုနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ပစ္စည်းများ ထုဆစ်ဖို့ ဖြစ်၏။
မိုဝူကျိက အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံသည့်အပြင် ဝိညာဉ်ကြောနှင့် ဝိညာဉ်လမ်းကြောင်းများလည်းအပေါ်တွင် ဖိအားလည်း မရှိသောကြောင့် သူ့အနေနှင့် နိဗာနတိတ်ဆိတ်မှု ပင်လယ်အောက်ထဲ နှစ်များစွာ နေနိုင်လေ၏။
သို့သော် သူ့အတွက် သူ့ရည်ရွယ်ချက်မှာ ဤနေရာတွင် အချိန်ဖြုန်းနေမည့်အစား နိဗာနတိတ်ဆိတ်မှု ပင်လယ်ကို ဖြတ်၍ နတ်ဘုရားကုန်းမြေဆီ တတ်နိုင်သမျှ မြန်မြန် သွားဖို့ ဖြစ်ပေသည်။
နှစ်လကြာမြင့်ပြီးနောက် မိုဝူကျိက ပင်လယ်မှ ထွက်လာလိုက်သည်။ သူက တောင့်မခံနိုင်တော့၍ မဟုတ်ဘဲ ပင်လယ်ကြမ်းပြင်၌ ကျောက်တုံးများ ဆက်လက်၍ မကောက်ယူလိုတော့သောကြောင့် ဖြစ်သည်။
ကျယ်ပြန့်လွန်းသော နိဗာနတိတ်ဆိတ်မှု ပင်လယ် မျက်နှာပြင်ပေါ် ရောက်လာသည့်အခါ လေပြေအေးလေးက ဖြတ်တိုက်သွားလေသည်။ သူ့အား ကြည်နူးသွားစေသလို ပျော်ရွှင်မိသွားစေသည်။ နောက်မှ လိုက်ဖမ်းခံရသည့်အချိန် မျိုသိပ်ထားရသော ခံပြင်းမှုများနှင့် ကွယ်ပျောက်သွားသော သူ့ဂိုဏ်းအကြောင်းများမှာ ပျောက်ကွယ်သွားတော့သည်။
ချင်းဟိုင်လမ်းကြောင်းသည် ကီလိုမီတာ တစ်သောင်းလောက် ကျယ်ဝန်းသောကြောင့် သူ့သီးခြားနေရာလေးလို ဖြစ်နေပြီး နိဗာနတိတ်ဆိတ်မှု ပင်လယ်အနက်ပိုင်းအထိ ရှည်လျားစွာ ဖြန့်ကျက်ထားသည်။
မိုဝူကျိက နိဗာနတိတ်ဆိတ်မှု ပင်လယ်ကို ဆယ်စုနှစ်လေးမျှဖြင့် ဖြတ်ကျော်နိုင်မည် မဟုတ်ကြောင်း သိထားသည်။ နောက်ထပ် ဆယ်စုနှစ်အနည်းငယ် ထပ်ကုန်ဆုံးရလျှင် သူ့စိတ်ရှည်မှုကို ကျော်လွန်သွားပေမည်။ ထို့ကြောင့် သူက ရွိက်ကောနှင့် တာ့ဟွမ်တို့အား ခေါ်ထုတ်ကာ ချင်းဟိုင်လမ်းကြောင်းအထက် ကောင်းကင်ယံ၌ အဆင့်နိမ့် ပျံသန်းရေးယာဉ် မောင်းဖို့ လုပ်လိုက်သည်။
နှစ်ယောက်လုံး သင်္ဘောပျံပေါ် ရောက်လာသည်နှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာလေ၏။
မိုဝူကျိပင် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အကြိမ်များစွာ မိုးကြိုးစမ်းသပ်ချက် ခံယူပြီးသည့်နောက်တွင် သူက ထိုအရာမှာ မိုးကြိုးစမ်းသပ်ချက် ဖြစ်ပေါ်ခါနီး အသံ ဖြစ်ကြောင်း ကောင်းကောင်း သိလိုက်၏။
“ မိုးကြိုးစမ်းသပ်ချက် ခံယူမှာက တာ့ဟွမ်လား ရွိုက်ကောလား ” မိုဝူကျိက အစီအရင်အလံများကို ပစ်လွှတ်ရင်း မေးလိုက်သည်။
အခြေအနေများက သူ့အား ကြောင်အမ်းသွားစေသည်။ တာ့ဟွမ် ဖြစ်ဖြစ်၊ ရွိုက်ကော ဖြစ်ဖြစ် သူတို့က သူ့နှင့် ကျင့်ကြံဆင့် အတူတူ ဖြစ်လာကြပြီ ဖြစ်ရာ သူ ကနဦး နတ်ဘုရားအဆင့် တက်လှမ်းသည့်အခါက အဘယ်ကြောင့် မိုးကြိုးစမ်းသပ်ချက် မခံယူရသေးသနည်း။
“ သခင်ကြီးကလည်း မိုးကြိုးစမ်းသပ်ချက် ခံယူမှာ ကျွန်တော်ပေါ့။ ကျွန်တော်က နတ်အဆင့် သားရဲ ဖြစ်တော့မှာလေ ” ရွိုက်ကောက စိတ်အားတက်ကြွစွာ ရေရွတ်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက မိုဝူကျိ ခင်းကျင်းထားသော ကာကွယ်ရေး အစီအရင်ထဲ ပြေးလာလေ၏။
မိုဝူကျိကို အံ့အားသင့်သွားစေသည်က တာ့ဟွမ်လည်း ဝင်ဖြေလိုက်ခြင်း ဖြစ်၏ “ ဝက်တစ်ကောင်တောင် ဒီလောက် နတ်ဘုရားကျောက်တွေ၊ ဆေးပင်တွေ သုံးထားမှတော့ နတ်အဆင့် သားရဲ တက်လှမ်းနိုင်တယ်။ နှစ်တွေ ဒီလောက်ကြာလှပြီကို အခုမှ နတ်သားရဲအဆင့် ၁ ရောက်မှာကို ထုတ်ပြောနေသေးတယ်ပေါ့ ”
ပျော်ရွှင်နေသည့် ရွိုက်ကောက တာ့ဟွမ်စကားကြောင့် ချက်ချင်း ဒေါသူပုန်ထလာကာ “ မင်းလည်း စွမ်းဆောင်ရည် ရှိရင် မိုးကြိုးစမ်းသပ်ချက် ခံယူကြည့်ပေါ့ ”
တာ့ဟွမ်က ရယ်မောလိုက်ရင်း “ ဟုတ်တယ် … ငါလည်း မိုးကြိုးစမ်းသပ်ချက် ခံယူတော့မှာ။ ငါက ကနဦး နတ်ဘုရားအဆင့် ၁ ကို ရောက်တော့မယ် ”
“ မင်းလည်း မိုးကြိုးစမ်းသပ်ချက် ခံယူရမှာလား ” မိုဝူကျိက တာ့ဟွမ်အား မရေမရာ ကြည့်ရင်း မေးလိုက်သည်။
“ ဟုတ်တယ် သခင်ကြီး … ကျွန်တော်လည်း ဖီကာရွံ့စေးနဲ့ လုံးဝ ပေါင်းစပ်သွားပြီဆိုတော့ အသိဉာဏ်ရှိတဲ့ သက်ရှိ ဖြစ်လာပြီ ” တာ့ဟွမ်က ရင်ဘတ်ကို ပုတ်ရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
“ အဲဆို လူလုပ် ပစ္စည်း စိတ်ဝိညာဉ်ကရော ” မိုဝူကျိက တာ့ဟွမ် ရင်ဘတ်ဆီ အကြည့်ရောက်သွားသည်။
တာ့ဟွမ်က စိတ်လှုပ်ရှားစွာဖြင့် “ သခင်ကြီး … လူလုပ်ပစ္စည်း စိတ်ဝိညာဉ်ကလည်း ကျွန်တော်နဲ့ လုံးဝ ရောနှောသွားပြီ။ အခု ကျွန်တော်ဆီမှာ စိတ်နန်းတော်ရော၊ အသိစိတ်ပင်လယ်ရော၊ ဝိညာဉ်လမ်းကြောင်းနဲ့ ချီသွေးကြောတွေရော ရှိတယ်။ ပစ္စည်း စိတ်ဝိညာဉ် မဟုတ်တော့ဘူး ”
“ ကောင်းတယ် …. အရမ်းကောင်းတယ် ” မိုဝူကျိက လက်သီးဆုပ်ထားရင်း ပြောလိုက်သည်။
တာ့ဟွမ်ကို ဖီကာရွံ့စေးနှင့် ဖန်တီးပေးထားပေးပြီး အစပိုင်းတွင် လူလုပ် ပစ္စည်းစိတ်ဝိညာဉ်၏ အကူကို ယူခဲ့ရသော်လည်း ယခုအခါ တာ့ဟွမ်နှင့် လုံးဝ ပေါင်းစပ်သွားပြီ ဖြစ်၏။ ဆိုလိုသည်မှာ တာ့ဟွမ်သည် ပြီးပြည့်စုံသည့် သက်ရှိတစ်ယောက် ဖြစ်လာလေပြီ။ လူသားတစ်ယောက် သို့မဟုတ် နတ်ဆိုးတစ်ကောင်နှင့် နှိုင်းယှဉ်စေကာမူ အရုပ် မဟုတ်တော့သောကြောင့် ခြားနားချက် မရှိတော့ပေ။
တာ့ဟွမ်က သူ့ဆံပင်လေးကို ပွတ်ကာ ကျေးဇူးတင်စွာဖြင့် “ အဲဒါတွေက ဖီကာရွံ့စေးနဲ့ သခင်ကြီးရဲ့ အင်မော်တယ် မော်တယ်ကျင့်စဉ်ကြောင့်ပါ။ ကျွန်တော်က အရံထောက်ပံ့ပေးရုံလောက်ပါပဲ ”
မိုဝူကျိက တာ့ဟွမ်အား ပုတ်ပေးလိုက်ပြီး “ တာ့ဟွမ် … အဲဒါက မင်းရဲ့ အားထုတ်မှုအများကြီး ပါတယ်။ မိုးကြိုးစမ်းသပ်ချက်ကို ကောင်းကောင်း ခံယူလိုက်။ နောင်ကျရင် မင်းရဲ့ အောင်မြင်မှုတွေက ငါ့ထက်တောင် ကျော်နေမှာ … ”
ဤသည်မှာ သူ လျှောက်ပြောနေခြင်း မဟုတ်ပေ။ သူက တာ့ဟွမ် မည်သို့ ကြိုးစားသည်ကို အမြဲတမ်း သိခဲ့သည်။ တာ့ဟွမ်နှင့် ရွိုက်ကောတို့ နှစ်ယောက်လုံးက ကျင့်ကြံဆင့် အဆင့်တူ မိုးကြိုးစမ်းသပ်ချက် ခံယူမည် ဖြစ်သော်လည်း တာ့ဟွမ်က ရွိုက်ကောထက် ဆယ်ဆမက ပို၍ ကြိုးစားအားထုတ်ခဲ့ရသည်။ ဖီကာရွံစေးနှင့် ပေါင်းစပ်သွားဖို့၊ လူလုပ်ပစ္စည်း စိတ်ဝိညာဉ်အား ပျောက်ကွယ်သွားစေရန်နှင့် အမှန်တကယ် သက်ရှိ ဖြစ်လာစေရန် တာ့ဟွမ်က အချိန်အများစုကို ကျင့်ကြံခြင်း၌သာ ကုန်ဆုံးခဲ့ရသည်။
တစ်ဖက်တွင် ရွိုက်ကောက နတ်သားရဲ တစ်ကောင် ဖြစ်လာဖို့ရာ သူ့သွေးမျိုးဆက်ပေါ် မှီခိုထားလေ၏။
ရွိုက်ကောက ဘာမှထုတ်မပြောတော့ပေ။ တာ့ဟွမ်က ဤအဆင့် ရောက်ရှိလာဖို့ရာ မည်မျှကြိုးစားခဲ့ရကြောင်း သိနေ၍ ဖြစ်သည်။ တာ့ဟွမ်သာ မိုးကြိုးစမ်းသပ်ချက် အောင်အောင်မြင်မြင် ကျော်ဖြတ်သွားနိုင်သရွေ့ သူ့အောင်မြင်မှုများသည် ရွိုက်ကောအား နောက်ချန်ထားပေလိမ့်မည်။
နောက်ကောက်ကျ ကျန်နေမည့်အကြောင်း တွေးမိသွားသောအခါ ရွိုက်ကောက ပို၍ ကြိုးစားရန် ဆုံးဖြတ်လိုက်တော့သည်။ သူက တာ့ဟွမ်၏ လွှမ်းမိုးမှုကို ခံ၍ မဖြစ်ပေ။ မဟုတ်လျှင် သူက အစ်ကိုကြီး မည်သို့ ဖြစ်နိုင်တော့မည်နည်း။
မိုဝူကျိက နောက်ထပ် အဆင့်နိမ့် ပျံသန်းရေး ယာဉ်ပျံထုတ်လိုက်ပြီး မိုးကြိုးစမ်းသပ်ချက်အတွက် ကာကွယ်ရေးအစီအရင်များ ခင်းကျင်းပေးလိုက်သည်။
သူ့ပိုင်ဆိုင်မှုအတွင်း အဆင့်နိမ့် ပျံသန်းရေး ယာဉ်ပျံများ အမြောက်အများ ရှိလေ၏။ သူတို့က အကြမ်းထည်သဘောမျိုး ဖြစ်နေသော်ငြား သတ္တုကောင်းဖြင့် ပြုလုပ်ထားခြင်းသာ ဖြစ်၏။
“ ဝုန်း ဝုန်း ဝုန်း ” လျှပ်စီးချက်များက ကျဆင်းလာပြီး ရွိုက်ကောနှင့် တာ့ဟွမ်ဆီ ရောက်ရှိလာသည်။
***