← Chapters

သေမင်းစာရင်း

Vol. 68 Ch. 945

သေမင်းစာရင်း

Vol. 68 Ch. 945

ရွိုက်ကောနှင့် တာ့ဟွမ်တို့၏ မိုးကြိုးစမ်းသပ်ချက်များကား နေရာအတူတူ မဟုတ်သော်လည်း လျှပ်စီးချက်များအား ပို၍ ပြင်းထန်လာစေသည်။ မိုဝူကျိက အဆင့် ၃ နတ်ဘုရား အစီအရင်ဆရာတစ်ယောက် ဖြစ်နေသည့်အတွက် သူ မြန်မြန် ခင်းကျင်းလိုက်ရသော ကာကွယ်ရေး အစီအရင်မှာ အဆင့် ၂ ထိပ်ဆုံး ဖြစ်၏။ ဖြည်းဖြည်းချင်း ကြေမွသွားသော်လည်း အနည်းဆုံးတော့ သူတို့နှစ်ယောက်အတွက် မိုးကြိုးစမ်းသပ်ချက်ကို တောင့်ခံပေးခဲ့သည်။

သုံးရက်တာ ကြာမြင့်ပြီးနောက် ရွိုက်ကောနှင့် တာ့ဟွမ်တို့က မိုးကြိုးစမ်းသပ်ချက် ခံယူမှု ပြီးဆုံးသွားပြီ ဖြစ်၍ မိုဝူကျိ၏ သင်္ဘောပျံဆီ အင်အားအပြည့်ဖြင့် ပြန်လည် ရောက်ရှိလာသည်။

“ သခင်ကြီး ကျွန်တော်တော့ အဆင့် ၁ နတ်သားရဲ ဖြစ်ပြီ ” ရွိုက်ကောက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

ရွိုက်ကောက ရုပ်ဆိုးဆိုး ခြေသုံးချောင်းဌက်ပုံစုံ မဟုတ်တော့ပေ။ သူ့ခန္ဓာကိုယ်မှ နတ်သားရဲ အရှိန်အဝါများ ထွက်ပေါ်နေ၏။ သူ့နှုတ်သီးမှာလည်း အရာအားလုံးကို ဝါးမျိုပစ်နိုင်စွမ်း ရှိသည့် အားကောင်းကောင်း အသစ်စက်စက် လှံရှည်အလား ထင်မှတ်ရသည်။

အမွေးအမျှင်တို့သည်လည်း သံမဏိချပ်ဝတ်အလား တောက်ပနေသည်။ သူ့ဦးခေါင်းထက်ရှိ တတိယ ဦးချိုမှာလည်း ခြင်တစ်ကောင် ရှိသင့်သည့်အရာ မဟုတ်သော်လည်း ပျောပျောက်ကွယ်မသွားပေ။ ထိုအရာမှ အားပြင်းသော မီးဓာတ် သဘာဝအငွေ့အသက်များ ထုတ်လွှင့်နေသေး၏။

“ တာ့ဟွမ် … ငါလေးက ကြောမော့မနေဘူးလား ” ရွိုက်ကောက တာ့ဟွမ်ရှေ့ ဂုဏ်ယူမှုအပြည့်နှင့် ရောက်လာကာ ပြောလိုက်သည်။

တာ့ဟွမ်က ရွိုက်ကောနှင့် နှိုင်းယှဉ်ကြည့်ပါက အတော်လေး ကွာခြားကာ သာမာန်သွင်ပြင်သာ ဖြစ်နေသေးသည်။ သူက နဂိုကထက် ပို၍ လုံးဝန်းလာသော်လည်း နဂိုကထက် ပို၍ သာမာန်ဖြစ်သွားလေသည်။

ရွိုက်ကော ဖြစ်စေ တာ့ဟွမ် ဖြစ်စေ သူတို့နှစ်ဦးလုံးကို မိုဝူကျိက ပြုစုပျိုးထောင်ထားခြင်း ဖြစ်၏။ အပေါ်ယံ၌  ရွိုက်ကောက ပို၍ တိုးတက်လာဟန် ပေါ်နေသော်လည်း မိုဝူကျိ၏ အမြင်အရ တာ့ဟွမ်က ပို၍ အားကောင်းကြောင်း ခံစားနေမိ၏။

“ သခင်ကြီး ကျွန်တော် အခု ကနဦး နတ်ဘုရားအဆင့် ၁ ရောက်ပြီဆိုတော့ နောင်ကျရင် တိုးတက်နှုန်းက ပိုမြန်လောက်တယ် ” ရွိုက်ကောနှင့် နှိုင်းလိုက်လျှင် တာ့ဟွမ်က ပို၍ နှိမ့်ချမှု  ရှိ၏။

“ ကောင်းတယ် ” မိုဝူကျိက ခေါင်းညိတ်လိုက်ပြီးနောက် လက်စွပ်နှစ်ကွင်း ထုတ်ကာ တာ့ဟွမ်နှင့် ရွိုက်ကောဆီ အသီးသီး ခွဲပေးလိုက်ပြီး  “ ငါ အခန်းငယ်လေးထဲ တံခါးပိတ် လေ့ကျင့်လိုက်ဦးမယ်။ မင်းတို့နှစ်ယောက်က အလှည့်ကျ ကျင့်ကြံလိုက် သင်္ဘောပျံ ပဲ့ထိန်းလိုက် လုပ်ပေး … အန္တရာယ်ရှိတာနဲ့ သင်္ဘောပျံကို ချက်ချင်း ရပ်လိုက်ဖို့ မှတ်ထားဦး ”

ထိုနှစ်များ၌ နိဗာနတိတ်ဆိတ်မှု ပင်လယ်ကို ဖြတ်သည့် လူ ရှိသည့် သတင်း ထွက်မလာသေးသောကြောင့် မိုဝူကျိက သူ့အနေနှင့် တစ်ခါတည်းဖြင့် လုပ်နိုင်ကြောင်း မယုံပေ။ ထို့ကြောင့် သူက ရွိုက်ကောနှင့် တာ့ဟွမ်တို့အား သေချာမှာကြားလိုက်ပြီး သင်္ဘောပျံကိုလည်း လော့ကျမ်းစာရွက် တစ်ရွက်ဖြင့် တိတ်တဆိတ် ကာရံထားလိုက်သည်။

တာ့ဟွမ်၏ ချီသွေးကြောနှင့် ဝိညာဉ်လမ်းကြောင်း ၁၀၈ ခုလုံးက နောက်ကောက်ကျမနေပေ။ ရွိုက်ကောက ရှေးဦးအချိန်မှ သွေးမျိုးဆက်အမွေ ဆက်ခံထားသော နတ်သားရဲ တစ်ကောင် ဖြစ်၏။ သူတို့တွေ သင်္ဘောပျံ မောင်းနှင်နေလျှင်ပင် သူတို့ကျင့်ကြံဆင့် တိုးတက်နှုန်းမှာ နှေးကွေးနေမည် မဟုတ်ချေ။

တာ့ဟွမ်၏ တုံ့ပြန်မှုက ပို၍ ကောင်းမွန်ပေသည်။ ရွိုက်ကောမှာမူ နိဗာနတိတ်ဆိတ်မှု ပင်လယ်ပြင်တစ်လျှောက် သင်္ဘောပျံမောင်းနှင်နိုင်မှုကို ကြားပြီးနောက် စိတ်အလှုပ်ရှားဆုံး ဖြစ်လာသည်။ ယခင် သူက ကောင်းကောင်း ကျင့်ကြံဖို့ရာ ဆုံးဖြတ်ထားသော်လည်း ထိုစိတ်ဆန္ဒမှာ လွယ်လွယ် ဖြစ်ပေါ်လာပြီး လွယ်လွယ်လေး ပြန်လည် ပျောက်ကွယ်သွားတော့သည်။

…….…

သင်္ဘောပျံကို ရွိုက်ကောနှင့် တာ့ဟွမ်ဆီ အပ်နှံ့ထားပြီးနောက် မိုဝူကျိက စွမ်းအားစုစည်းရေး အစီအရင်တစ်ခုကို ခင်းကျင်းကာ စတင် ကျင့်ကြံလိုက်တော့သည်။ ယခင်နှစ်များက သူ့ကျင့်ကြံဆင့်မှာ တန့်နေလေရာ သူ့တာအိုနှလုံးသားအပေါ် သက်ရောက်မှု ရှိလာမည်ကို စိုးရိမ်မိလာ၏။ ထို့ကြောင့် ပြေးလွှားနေရင်း ကျင့်ကြံနေရခြင်း ဖြစ်သည်။

ထိုစဉ် မိုဝူကျိက များများစားစား စိုးရိမ်နေစရာ မလိုကြောင်း တွေးမိသွားကာ ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံနိုင်သောကြောင့် မကြာခင် ကနဦး နတ်ဘုရားအဆင့် ၄  သို့ ရောက်နိုင်လောက်သည်။

သို့သော်လည်း သူ့ကို စိတ်ပျက်သွားစေသည်က သူ့အသိစိတ်ပင်လယ်နှင့် ကမ္ဘာဦး စိတ်ဝိညာဉ်တို့က တံခါးပိတ်လေ့ကျင့်နေစဉ်အတွင်း ပို၍ ခိုင်မာတောင့်တင်းလာသော်လည်း သူ့ကျင့်ကြံဆင့်မှာ ကနဦး နတ်ဘုရားအဆင့် ၃ ၌သာ ရပ်တန့်နေသေး၏။ သူက ကနဦး နတ်ဘုရားအဆင့် ၃ အလယ်အလတ်အဆင့်သို့ တက်လှမ်းဖို့ရာပင် ပြဿနာ ရှိနေလေသည်။

မိုဝူကျိ၏ စိတ်စွမ်းအား၏ စစ်ဆေးချက်အရ သူက တာ့ဟွမ်သည် နောက်ပိုင်းအဆင့် ကနဦး နတ်ဘုရားအဆင့် ၁ ကို ရောက်ရှိသွားပြီ ဖြစ်ကာ ရွိက်ကောသည်လည်း အလယ်အလတ် နတ်သားရဲ အဆင့် ၁ သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့က သင်္ဘောပျံကို ပဲ့ကိုင်ထိန်းရင်း ရရှိလာသော ရလဒ် ဖြစ်ပေသည်။ မဟုတ်လျှင် သူတို့နှစ်ယောက်လုံးက နောက်တဆင့်သို့ ရောက်ရှိနေကြလောက်လေပြီ။

တစ်ဦးတည်းသော မတိုးတက်သည့်သူမှာ သူသာလျှင် ဖြစ်နေ၏။

ထို့ကြောင့် မိုဝူကျိက ကျင့်ကြံရေးကို ရပ်နားလိုက်တော့သည်။ သူ့လက်ရှိ အခြေအနေအောက်တွင် ဆက်လက် ကျင့်ကြံနေ၍ အကျိုးမရှိပေ။ ဤသည်က ကျင့်ကြံရေး အရင်းအမြစ် မလုံလောက်သည့် ပြဿနာ မဟုတ်ဘဲ သူ့တွင် ပြဿနာရှိနေခြင်းသာ ဖြစ်၏။ အကယ်၍ သူက ပြဿနာကို မဖော်ထုတ်နိုင်လျှင် သူ့ကျင့်ကြံဆင့်က ဘယ်တော့မှ တက်လှမ်းနိုင်တော့မည် မဟုတ်ပေ။

နိဗာနတိတ်ဆိတ်မှု ပင်လယ်အထက် ကောင်းကင်ယံမှာလည်း တိတ်ဆိတ်နေလေ၏။ လေထဲ၌  မိုဝူကျိ၏ သင်္ဘောပျံ တစ်ခုတည်းသာ ရှိနေသည်။ မိုဝူကျိ၊ ရွိုက်ကောနှင့် တာ့ဟွမ်တို့က သူတို့ကိစ္စကို ဆောင်ရွက်နေကြသည်။

……………..

ကောင်းကင်လူသားဂိုဏ်းက နတ်ဘုရားဘုရင် ဖန်းကျဲ ထွက်ပေါ်လာပြီးနောက် တစ်ဖန် မြင့်တက်လာခဲ့သော်လည်း ယခုအခါ ပြန်လည် နှစ်မြှပ်သွားတော့သည်။ ယခင် သူတို့ ပျက်စီးခဲ့စဉ်အခါနှင့် နှိုင်းယှဉ်ကြည့်လျှင် လက်ရှိအခြေအနေမှာ ပို၍ပင် ဆိုးရွားနေသေး၏။

နတ်ဘုရားဘုရင် ဖန်းကျဲ ပြန်လည် ယူဆောင်လာသော တောင်ထိပ်များနှင့် နတ်ဝိညာဉ်သွေးကြောတို့ ရှိခဲ့သည့် နေ့ရက်များမှာလည်း ပျောက်ကွယ်သွားလေပြီ။ ဂိုဏ်းတစ်ခုလုံးမှာ ခွေးကိုက်ခံထားရသည့်အလား လုံးဝကို စုတ်ပြတ်သတ်နေသည်။

နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနှင့် ဇာမဏီနတ်ဝိညာဉ် ပရဝဏ်တို့၏ တပည့်များက ဂိုဏ်းတွင် ရှိနေဆဲ ဖြစ်ကာ တစ်ခုခုကို ရှာနေကြဟန် ပေါ်သည်။

အနက်ဝတ် မိန်းမငယ်လေး တစ်ဦးက ကောင်းကင်လူသားဂိုဏ်း အပြင်ဘက်တွင် မျက်လုံးနီနီဖြင့် ရပ်ကြည့်နေသည်။ ထိုစဉ် သူမတွင် ပြန်သွားဖို့ အိမ်ဟူ၍ မရှိတော့ပေ။ သူမအား အိမ်ဟူသည့် ခံစားချက် ပေးစွမ်းခဲ့သည်မှာ ကောင်းကင်လူသားဂိုဏ်းသာ ဖြစ်၏။ ဤနေရာတွင် သူမ သွေးအရင်းအချာ အစ်ကိုကြီးကဲ့သို့ လူမျိုးနှင့်လည်း တွေ့ဆုံခဲ့ရသည်။ ဤနေရာတွင် သူမက ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံနိုင်ပေသည်။

ထိုအရာက တစ်နှစ်ပင် မကြာမြင့်လိုက်သော်လည်း ထိုအချိန်တိုလေးမှာ သူမအနေနှင့် စိုးရိမ်မှု အကင်းဆုံး ကာလ ဖြစ်ခဲ့ရသည်။ သူမက ထိုအချိန်လေးကို ခက်ခက်ခဲခဲ ကျင့်ကြံဖို့ရာ အသုံးပြုခဲ့သော်လည်း အနည်းဆုံးတော့ သူမကို အချိန်မရွေး ခေါ်ဆောင်သွားခံရမည့် စိုးရိမ်စိတ်များ မရှိခဲ့ရပေ။

သို့သော်လည်း ထိုအရာတို့မှာ အချိန်ကာလတိုလေးမျှသာ ကြာမြင့်ခဲ့ပြီး သူမ မတုံ့ပြန်နိုင်ခင် အရာအားလုံး အဆုံးသတ်သွားခဲ့ရလေပြီ။ အစ်ကိုကြီးမိုက သူမကို ညီမငယ်လေးသဖွယ် ဆက်ဆံပေးခဲ့ရင်း ကျင့်ကြံဖို့ရာ ကျင့်စဉ်ကိုလည်း ပေးကာ သင်ကြားပေးခဲ့ပြီး  နတ်ဘုရားသိုက်မြုံကိုလည်း ခေါ်ဆောင်သွားပေးခဲ့သည်။ သို့သော် အစ်ကိုကြီးမိုက  လူများစွာ၏ လိုက်ဖမ်းဆီးခြင်းကို ခံနေရပြီး ပျောက်ဆုံးသွားခဲ့သည်။

အနက်ဝတ် မိန်းမငယ်လေးက ခဏတာ ရပ်နေပြီးနောက်  ကောင်းကင်လူသားဂိုဏ်း၏ ကျတ်တီးမြေအား ယစ်ပလ္လင်အဖြစ် ပြောင်းလဲပစ်လိုက်တော့သည်။ ထို့နောက် သူမက ယိုယွင်းပျက်စီးနေသည့် အဆောက်အဦးအတွင်း ဝင်ရောက်သွားကာ လက်နှစ်ဖက်ဖြင့် အနက်ရောင်ငွေ့များကို ထုတ်လွှင့်လိုက်သည်။ ထိုအနက်ရောင်အငွေ့များ ထွက်လာခြင်းကား ကမ္ဘာတစ်ခုလုံးကို ဆောင်ယူသွားမည့်အလား ဖြစ်ပေါ်နေသည်။

သွေးမြူများက အနက်ရောင်အငွေ့တန်း ကမ္ဘာထဲ ဆက်တိုက် ဖြစ်ပေါ်နေပြီး လူတစ်ယောက်ပြီး တစ်ယောက် ထိုမိန်းမငယ်လေး၏ လက်ချက်ဖြင့် ကျဆုံးကုန်ကြသည်။

တဖြည်းဖြည်းချင်း အလောင်းများက များလာသောကြောင့် ဆယ်ချီနေသော ကျင့်ကြံသူတို့နှင့် ကောင်းကင်နတ်ဘုရားအဆင့် တက်လှမ်းထားသော ကျင့်ကြံသူတချို့ပင် ထိုအနက်ရောင်အငွေ့တန်းများဖြင့် ရင်မဆိုင်နိုင်ကြပေ။

အမွေးတိုင်တစ်တိုင်စာအတွင်း ဘေးပတ်လည်ရှိ ကျင့်ကြံသူများမှာ ထိုမိန်းမငယ်လေး၏ လက်ချက်ဖြင့် သေဆုံးကုန်ကြသည်။

သူမက လက်စွပ်များအားလုံးကို ယူလိုက်ပြီးနောက် သေရည်တစ်အိုးနှင့်အတူ ခွက်များကို ထုတ်ကာ စင်မြင့်ထံ ထားလိုက်ပြီး ဒူးထောက်လိုက်ကာ  “ကောင်းကင်လူသားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆရာကြီးတို့း၊ အကြီးအကဲတို့းနဲ့ တပည့်အပေါင်းတို့  … ကောင်းကောင်း အနားယူကြပါ။ ကူချိုက်က ဒီနေ့ လာတွေ့နိုင်ခဲ့ပါပြီ။ တစ်ရက်ကျ ကူချိုက် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနဲ့ ဇာမဏီနတ်ဝိညာဉ် ပရဝဏ်ကို အပြတ်ရှင်းပစ်ပြီးတော့ ကောင်းကင်လူသားဂိုဏ်းကို တိုက်ခိုက်ခဲ့ကြတဲ့ လူအားလုံးကို သတ်ပစ်ပြီး လက်စားချေပေးမယ်။ ကူချိုက်က အစ်ကိုကြီးမိုကိုလည်း တွေ့အောင်ရှာပြီး ဂိုဏ်းရဲ့ နဂိုဂုဏ်ကျက်သရေကို ပြန်ရအောင် ကူညီပေးပါ့မယ် ”

အနက်ဝတ် မိန်းမငယ်လေးက သူ့စကားအဆုံးတွင် သုံးကြိမ် ဦးချလိုက်ပြီးနောက် ဖျက်စီးခံထားရသည့် ကောင်းကင်လူသားဂိုဏ်း ဝင်ပေါက်အား စိုက်ကြည့်လိုက်သည်။

နှစ်နာရီကြာမြင့်သွားပြီးနောက် သူမ ပုံရိပ်မှာ ရုတ်ချည်း ဝေဝါးလာပြီး လုံးဝ ပျောက်ကွယ်သွားတော့သည်။ ဘေးပတ်ဝန်းကျင်၌ တည်နေရာ မငြိမ်မသက် ဖြစ်မှု မရှိနေသလို စည်းမျည်းများ၏ အငွေ့အသက်များလည်း မရှိနေချေ။ ဤနေရာတွင် တစ်စုံတစ်ယောက် ရှိနေလျှင်ပင်  သူမ မည်သည့်နေရာသို့ ထွက်သွားကြောင်း မှန်းဆနိုင်မည် မဟုတ်ပေ။

……….…

ကောင်းကင်လူသားဂိုဏ်းတွင် တပည့်တစ်ချို့ အသတ်ခံလိုက်ရသည်။ ထိုတပည့်များက သာမာန်တပည့် ဖြစ်နေသော်လည်း တစ်ပြိုင်နက် အများကြီး အသတ်ခံလိုက်ရပြီး ကောင်းကင်လူသားဂိုဏ်း၏ ယစ်ပလ္လင်အပေါ်တွင် အထားခံထားရသည့် ကိစ္စမှာ သေချာပေါက် ကိစ္စအသေးလေး မဟုတ်ပေ။

ထိုအဖြစ်အပျက်က နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း၊ ဇာမဏီနတ်ဝိညာဉ် ပရဝဏ်နှင့် အခြားသော ဂိုဏ်းကြီးများ၏ အာရုံစိုက်မှုကို ရရှိသွားသည်။ ဤသည်မှာ နိဗာနတာအိုသဲကို ရှာရန် အရေးကြီးသည့်အချိန် ဖြစ်နေသော်လည်း တချို့ဂိုဏ်းကြီးများက ပါရမီရှင်များစွာ စေလွှတ်၍ စုံစမ်းစစ်ဆေးခဲ့ကြသည်။

ထိုအဖြစ်အပျက်အပြီးတွင် ဂိုဏ်းကြီးများသာမက နတ်ဘုရားဘုရင်များလည်း လှုပ်ရှားလာကြသည်။

နတ်ဘုရားဘုရင် လီထန်းက ထိုသတင်းကို ကြားပြီးနောက် ထိုအရာမှာ မိုဝူကျိ လက်ချက် ဖြစ်မည်ဟု ချက်ချင်း အတည်ပြုလိုက်သည်။ ကောင်းကင်လူသားဂိုဏ်းမှ လွတ်မြောက်သွားသော တပည့်များတွင် မိုဝူကျိ တစ်ယောက်တည်းသာ ဤသို့ လုပ်နိုင်စွမ်း ရှိထား၏။

နတ်ဘုရားဘုရင် လီထန်းက မိုဝူကျိကို ရှာလိုသောကြောင့်  မိုဝူကျိ သတင်း ကြားရသည်နှင့် ချက်ချင်းဆိုသလို ချင်းဟိုင်လမ်းကြောင်းတွင် လုပ်လက်စ အလုပ်များအား ပစ်ချကာ ကောင်းကင်လူသားဂိုဏ်းဆီ အပြေးအလွှား သွားလိုက်တော့သည်။

သူတို့က မိုဝူကျိ၏ နေရာကို ရှာမတွေ့ခင် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနှင့် ဇာမဏီနတ်ဝိညာဉ်ပရဝဏ်တို့၏ တပည့်များ ဆက်တိုက် အသတ်ခံနေရသည့် သတင်းကို ကြားလိုက်ရသည်။ ထိုဂိုဏ်းနှစ်ဂိုဏ်း၏ တပည့်များကား နေ့စဉ်နေ့တိုင်း အသတ်ခံနေရသည်။ အသတ်ခံလိုက်ရသည့် အားအကောင်းဆုံးမှာ နတ်ဘုရားအုပ်စိုးသူ အဆင့် ၂ ဖြစ်၏။

နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနှင့် ဇာမဏီနတ်ဝိညာဉ် ပရဝဏ်တို့၏ ကျင့်ကြံသူများ ဆက်တိုက် အသတ်ခံနေရမှုကြောင့် ဂိုဏ်းကြီးနှစ်ခုလုံးက အဖြစ်အပျက်ကို သဲလွန်စ မရှိဘဲ စတင်၍ ကြောက်စိတ်ဝင်လာကြသည်။

အကယ်၍ ဤအခြေအနေသာ ဆက်တိုက် ဖြစ်ပွားနေပါက ဂိုဏ်းထဲက မည်သူကများ အပြင်ကို ထွက်ရဲမည်နည်း။

နတ်ဘုရားဘုရင် လီထန်းက တရားခံမှာ မိုဝူကျိ မဟုတ်ကြောင်း စတင်၍ သံသယ ဝင်လာမိသည်။

အချိန် ဘယ်လောက်ကြာမြင့်နေပြီလဲ ….

မိုဝူကျိ၏ ကျင့်ကြံဆင့်က မည်မျှပင် မြန်မြန်ဆန်ဆန် တိုးတက်လာစေကာမူ နတ်ဘုရားအုပ်စိုးသူ အဆင့် ၂ ကို သတ်နိုင်လောက်အောင်အထိတော့ မဟုတ်သေးပေ။

နတ်ဘုရားဘုရင်များက တရားခံ၏ နေရာကို ရှာမတွေ့ကြသောကြောင့် ဂိုဏ်းနှစ်ဂိုဏ်း၏ တပည့်များက ပို၍ ကြောက်ရွံ့လာကာ အပြင်ပင် မထွက်ရဲကြတော့ပေ။

ကောင်းကင်လူသားဂိုဏ်း၏ အမည်မသိ လက်စားချေမှုကို သေမင်းစာရင်းဟု ခေါ်စမှတ်တွင်လာ၏။ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနှင့် ဇာမဏီနတ်ဝိညာဉ် ပရဝဏ်တို့မှ နတ်ဘုရားအုပ်စိုးသူ အလယ်အလတ်အဆင့်အောက်ရှိ တပည့် မည်သူမဆို ကောင်းကင်လူသားဂိုဏ်း ဖျက်စီးမှု၌ ပါဝင်ခဲ့ကြသော သူများမှာ သေမင်းစာရင်းထဲ ပါဝင်သွားကြပြီး အသက်ရှင်နိုင်မည့် အခွင့်အရေး မရှိတော့ပေ။

သေမင်းစာရင်းက တစ္ဆေတစ်ကောင်အလား ဖြစ်ကာ မည်သည့်နေရာတွင် ပေါ်လာပြီး မည်သူကို သတ်လိမ့်မည်ဟု ဘယ်သူမှ မသိကြပေ။ သူက ဘယ်သူလဲဆိုသည့် အကြောင်းပင် မသိကြပေ။ ထိုသူက ကောလဟာလထဲမှ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်ကို ပေးလိုက်သည့် မိုဝူကျိလားဆိုသည့် အကြောင်းလည်း မသိကြပေ။

……….…

မိုဝူကျိက ထိုကိစ္စများအား မသိသည်မှာ ပုံမှန်သာ ဖြစ်၏။ သူက နိဗာနတိတ်ဆိတ်မှု ပင်လယ်ပြင် သင်္ဘောပျံပေါ်တွင်  တံခါးပိတ် လေ့ကျင့်နေသည်မှာ လေးနှစ်ကြာမြင့်သွားပြီ ဖြစ်၏။ ထိုလေးနှစ်အတွင်း သူ့အစီအရင်တာအိုက အဆင့် ၄ ကို ရောက်ရှိသွားလေ၏။ ဆိုလိုသည်မှာ သူ့အနေနှင့် အဆင့် ၄  နတ်ဘုရားအစီအရင်အား အလွယ်လေး ခင်းကျင်းနိုင်လေပြီ။ သူ့အဆောင်တာအိုမှာလည်း အဆင့် ၁ နတ်ဘုရားအဆောင်ဆရာသို့ ရောက်ရှိလာပြီ ဖြစ်ရာ အဆင့် ၁ အဆောင်ကို ဖန်တီးနိုင်ပြီ ဖြစ်၏။

ကံဆိုးသည်က သူ့တွင် လုံလုံလောက်လောက် ပစ္စည်းများ မရှိသည့်အပြင် ကျင့်ကြံဆင့်လည်း မလုံလောက်သေးသောကြောင့် ထပ်၍ မတိုးတက်နိုင်တော့ပေ။

အရင်းအမြစ်များ မရှိဘဲ သူက အစီအရင်တာအိုကို ဆက်လက်၍ မလေ့လာနိုင်တော့သလို ကျင့်ကြံရေးလည်း မတိုးတက်နိုင်တော့ပေ။ မိုဝူကျိ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ခွန်းဝူဓားနှင့် လော့ကျမ်းစာရွက်ကို သန့်စင်ခြင်းသာ ဖြစ်၏။

တစ်ရက်၌ သူက ခွန်းဝူဓားရှိ ဒုတိယအတားအဆီးကို သန့်စင်နေစဉ် သင်္ဘောပျံကား ရုတ်ချည်း တုန်ခါလာလေ၏။ သူ အပြင်သို့ ထွက်မလာခင် တာ့ဟွမ်နှင့် ရွိုက်ကောတို့၏ အော်ဟစ်သံကိုလည်း ကြားလိုက်ရသည်။

မိုဝူကျိက မည်သို့ ဆက်လက်၍ တံခါးပိတ် ကျင့်ကြံနိုင်ဦးမည်နည်း။ သူက ချက်ချင်းဆိုသလို သင်္ဘောပျံ ကုန်းပတ်သို့ ထွက်လာလိုက်သည်။

***

All Chapters