ပြီးဆုံးခြင်း
Vol. 6 Ch. Chapter 41
ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 41 -
အီဗန်က ဆရာသုံးယောက်ထဲက အလယ်က ဆရာမကို ကြည့်လိုက်တယ်။ ဆရာမပုံစံက ဝင်ခွင့်ဖြေနေတဲ့ ကျောင်းသားတွေကို လုံးဝဂရုမစိုက်တဲ့ ပုံစံမျိုးနဲ့ကြည့်နေတာ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘူး သူအဲဒီတစ်ယောက်ကို ကြည့်လိုက်မိတာနဲ့ သူကလည်း အီဗန့်ကို ပြန်ကြည့်တယ်။
ဆရာမလေး မျက်လုံးပြာပြာလေးတွေက အီဗန်နဲ့ တစ်တန်းတည်းဖြစ်သွားတဲ့အတွက် အီဗန်မျက်နှာနီလာပြီး အကြည့်လွှဲလိုက်တယ်။ အပိုပြောနေသလို ဖြစ်ပေမဲ့ အဲဒီဆရာမလေးက တစ်ခုခုထူးခြားနေသလိုမျိုးပဲ။ တစ်ချက်ကြည့်မိတာနဲ့ သူရင်ခုန်နေတာကို ရပ်လို့မရတော့ဘူး။
"မဟုတ်မှလွဲရော၊ အဲဒီဆရာမက ကောင်လေးတွေကို ညို့ယူနိုင်တဲ့အစွမ်းမျိုးရှိနေတာလား။ ဒါဆိုရင်တော့ ပြဿနာပဲ။"
စိတ်ထဲ စိုးရိမ်သွားပေမဲ့ ထပ်မကြည့်ဘဲ မနေနိုင်တာနဲ့ မျက်လုံးကို မသိမသာလေးလှန်ကြည့်ပြီး ဆရာမလေးကို သေချာကြည့်လိုက်တယ်။ ဆရာမလေးမှာက အပြာရောင်မျက်လုံးလှလှလေးတွေအပြင် ကြည့်ကောင်းတဲ့ ရွှေရောင်ဆံပင်ရှည်ကြီးတွေလည်းရှိတယ်။ ထူးခြားတဲ့ ဖက်ရှင်အမြင်ကြောင့်လားတော့မသိပေမဲ့ ဆရာမလေးက ဆိုဗီယက်ယူနီဖောင်းနဲ့တူတဲ့ ဝတ်စုံမျိုးကို ဝတ်ထားတာကြောင့် အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ဆိုဗီယက်အစ်မကြီးပုံတွေထဲကနေ ထွက်လာသလားအောင့်မေ့ရတယ်။
"အောင့်..." ဒါပေမဲ့ ရုတ်ချည်းဆိုသလို သူ့ဇက်ပိုးပေါ်ကို လက်ဝါးတစ်ဖက်ရောက်လာပြီး ဂုတ်ကနေ ဆွဲမြှောက်ခံလိုက်ရတဲ့အတွက် သူလန့်သွားတယ်။ ဝီစမစ်ငယ်ငယ်ကပုံစံနဲ့တူတဲ့ အစ်ကိုကြီးတစ်ယောက်ရဲ့မျက်နှာကို သူမြင်လိုက်ရမှ သူ့ကို အဲဲဒီတစ်ယောက်က ဆွဲမြှောက်ထားမှန်း သတိထားမိတော့တာ။ အီဗန့်အမေကတော့ ကြောက်လွန်းလို့ ထအော်တော့မယ်။
"ကောင်လေး၊ မင်းမျက်လုံးတွေက မရိုးဘူးနော်။"
အီဗန် တံထွေးမျိုချလိုက်ပေမဲ့ မကြာခင်မှာပဲ မတ်တပ်ရပ်နေတဲ့ ညိုချောအိမ်စေမလေးက အဲဒီဝီစမစ်ကိုယ်တော်ချောရှေ့ကို ကိုရောက်လာပြီး စိန်းစိန်းစိုက်ကြည့်တယ်။
"သခင်မလေးက ကျောင်းသားတွေကို ထပ်ပြီး အန္တရာယ်မပေးဖို့ ရှင့်ကိုသတိပေးထားတယ်မဟုတ်လား။"
ထပ်ပြီးဆိုတဲ့စကားကို အီဗန်သေချာကြားလိုက်တယ်။ ကြည့်ရတာ သူက ဒီလိုဆွဲမြှောက်ခံရတဲ့ ပထမဆုံးတစ်ယောက် မဟုတ်တဲ့ပုံပဲ။ အီဗန်က သူတို့နှစ်ယောက်ကို ပြုံးပြလိုက်တယ်။ ဝီစမစ်အငယ်လေးက သူ့ကို မကြည်ကြည့်နဲ့ကြည့်ပြီး ပြန်ချပေးတယ်။
မကြာခင်မှာပဲ သူ့ရှေ့က စစ်ဆေးမှုလူတန်းကြီး ရှင်းသွားပြီး သူ့အလှည့်ရောက်လာတယ်။ ဆရာသုံးယောက်က အီဗန့်ကို သေချာကြည့်လိုက်ကြတယ်။ဆရာသုံးယောက်ထဲမှာ အလယ်မှာထိုင်နေတဲ့ ဆိုဗီယက်အစ်မကြီးကလွဲရင် ကျန်တဲ့နှစ်ယောက်က သာမန်ပါပဲ။ ဂန္တဝင်ဟီးရိုးတွေဖြစ်တဲ့ ဟဲရိုးနဲ့အာသာဆိုတာကို သူ့လိုကလေးတစ်ယောက်တောင် ကြည့်ရုံနဲ့ ပြောနိုင်ပါတယ်။
"မင်္ဂလာပါ၊ ဆရာတို့ခင်ဗျ။ ကျွန်တော်က အီဗန် ဘလက်ပါ။ B- အဆင့် ဗန်ပိုင်းယားအစွမ်းပိုင်ပါတယ်။"
B- ဆိုတာကြားတာနဲ့ အာသာနဲ့ဟဲရိုးတို့ရဲ့အကြည့်တွေ ပြောင်းသွားတယ်။ ဆိုဗီယက်အစ်မကြီးက တော့ သူ့ကိုထူးမခြားနားပုံစံနဲ့ကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။ ဆရာမဟဲရိုးတို့ကတော့ အဆင့်မြင့်ပြီး အလားအလာကောင်းတဲ့ ကလေးတစ်ယောက် ရောက်လာတဲ့အတွက် ဝမ်းသာနေကြပုံပဲ။ ဒါပေမဲ့ ဆိုဗီယက်အစ်မကြီးက သူ့ကို စူးရှတဲ့အကြည့်တွေနဲ့ ကြည့်လိုက်ပြီး...
"မေးမယ့်မေးခွန်းက နည်းနည်းတုံးရာရောက်ပေမဲ့ နင့်အစွမ်းက လူသားသွေးသောက်ဖို့ လိုတယ်မဟုတ်လား။"
တစ်ချက်ကြည့်ရုံနဲ့တင် သူ့အစွမ်းအကြောင်းပြောနိုင်တဲ့အတွက် အီဗန်အံ့ဩလွန်းလို့ ဝိုးဆိုပြီး ပြောမိလုမတတ်ပဲ။ 'ကြည့်ရတာ ဒီအစ်မကြီးက တကယ့် ကျွမ်းကျင်ပညာရှင်ဖြစ်ပုံပဲ။' သူမှတ်ချက်ချလိုက်တယ်။
"ကျွန်မသားရဲ့အစွမ်းက ခန္ဓာကိုယ်ထဲက သံဓာတ်ကို လောင်ကျွမ်းပြီး စွမ်းအားအဖြစ်ပြောင်းလဲတာမလို့ ပြင်ပသွေးကို အားကိုးဖို့လိုပါတယ်။" အီဗန်ရဲ့အမေက ဝင်ပြောလိုက်တယ်။ စွမ်းအားနိုးထလာသူ တော်တော်များများက ဟီးရိုးအစည်းအရုံးကဖွင့်တဲ့ ဆေးခန်းတွေမှာ သူတို့စွမ်းအားအတိအကျကို သိရဖို့အတွက် စမ်းသပ်ရလေ့ရှိတယ်လေ။
ဆိုဗီယက်အစ်မကြီးက အီဗန်တို့သားအမိကို ခေါင်းညိတ်ပြပြီး ပြောလိုက်တယ်။ "စွမ်းအားကို လက်တွေ့သုံးပြပါလား။"
ဆိုဗီယက်အစ်မကြီးက ပြောလိုက်တယ်။ အေမီကတော့ စမ်းသပ်တဲ့ သတ္တုဒမ်မီအရုပ်ကို ယူလာတယ်။ အီဗန်ကလည်း အရင်တစ်ခါလုပ်သလိုမျိုး သွေးတစ်ငုံသောက်လိုက်ပြီး လက်သီးနဲ့ထိုးချလိုက်တယ်။ ဒန်မီရုပ်ရဲ့ဗိုက်ပိန်သွားတယ်။ ဆိုဗီယက်အစ်မကြီးက ခေါင်းညိတ်လိုက်ပေမဲ့ သိပ်တော့ မကျေနပ်သေးပုံပဲ။
"နင့်အားကုန်မဟုတ်သေးဘူးမလား၊ အားကုန်ထိုးကြည့်။"
သူ့အားသူ လျှိုထားတဲ့အကြောင်း ဖော်ထုတ်ခံလိုက်ရတဲ့အတွက် အီဗန်ရှက်သွားတယ်။ ဒါပေမဲ့ ပြောတဲ့အတိုင်းပဲ နောက်တစ်ကြိမ်အားကုန်ထိုးပြတော့ ဒမ်မီရုပ်ရဲ့ဗိုက်က လုံးဝထုတ်ချင်းပေါက်ထွက်သွားတယ်။
ဘောင်း....
ဒမ်မီရုပ်ရဲ့ဝမ်းဗိုက် ပေါက်ကွဲသွားရာကနေ ထွက်ပေါ်လာတဲ့အသံကြောင့် အနီးအနားဝန်းကျင်က လူတွေအကုန်လုံး ထိတ်လန့်ကုန်ပါတယ်။ နျူတန်တစ်သောင်းလေးထောင်။ ဆိုဗီယက်အစ်မကြီးက ဂဏန်းတွေကို ဖတ်ပြီး သဘောတကျနဲ့ခေါင်းညိတ်လိုက်ပါတယ်။
"မဆိုးဘူး၊ နင်က လက်ရှိအဆင့်ကနေ မကြာခင်တက်တော့မှာပဲ။ စာရင်းသွင်းလို့ရပြီ။"
ဆိုဗီယက်အစ်မကြီးက စာရင်းသွင်းတဲ့ဖောင်ကို လက်နဲ့ဖိပြီး ရှေ့ကိုတွန်းပေးလိုက်တယ်။ တစ်ချိန်တည်းမှာပဲ အခုလိုမျိုး သိပေးစကားပြောလိုက်ပါတယ်။
"ဒါနဲ့၊ အခုနင်တို့ကို ကျောင်းသားအဖြစ်ဝင်ခွင့်ပဲ ပေးသေးတာနော်။ တကယ့်ကျောင်းသားမဖြစ်ကြသေးဘူး။ ပထမနှစ်ရဲ့ပထမဝက်မှာ နင်တို့ရဲ့စိတ်နေစိတ်ထားကို အကဲဖြတ်သုံးသပ်ပြီး အဆင်မပြေဘူးဆိုရင် နင်တို့ကို ကျောင်းကနေထုတ်မှာ။"
သွေးသောက်ရတဲ့ အစွမ်းရှိနေပေမဲ့ ကျောင်းက လက်ခံလို့ အီဗန်ပျော်နေပေမဲ့ ဆိုဗီယက်အစ်မကြီးနဲ့စကားကြောင့် ထိတ်လန့်သွားတယ်။ ဘယ်ဟီးရိုးကျောင်းကမှ ခုမှကျောင်းအပ်ကာစ ကျောင်းသားတွေကို ကျောင်းထုတ်မယ့်အကြောင်း ပြောမှာမဟုတ်ဘူး။ ဒါပေမဲ့ အခုတော့တွေ့ဖူးပြီလေ။
"နောက်တစ်ယောက်..." B အဆင့်တစ်ယောက်ရလိုက်ပေမဲ့ ဆိုဗီယက်အစ်မကြီးက သိပ်စိတ်ဝင်စားသေးပုံမပေါ်ဘူး။ အဲဒီအစား နောက်လာလျှောက်တဲ့ တစ်ယောက်ကို ဆက်စစ်ဆေးဖို့ ဆုံးဖြတ်လိုက်ပုံပဲ။
နောက်တစ်ယောက်က ထင်ထားတဲ့အတိုင်းပဲ အီဗန်နဲ့အတူပါလာတဲ့ ဆိုင်ကယ်နဲ့ကောင်မလေး။ ဒါပေမဲ့ အခုထိ ယုံကြည်မှုတွေ ပြန်ရသေးတဲ့ပုံမပေါ်ဘူး။
"မင်္ဂလာပါ၊ ကျွန်မက နျူရေ ဂျက်စတင်ပါ။ ကျွန်မရဲ့စွမ်းအားက E+ အဆင့် စက်ပစ္စည်းစကင်ဖတ်ခြင်းဆိုပေမဲ့ ကျွန်မက ဒီဆိုင်ကယ်စက်ရုပ်လေးကို ထွင်ထားပါတယ်။ နည်းပညာနဲ့ပတ်သက်ပြီးတော့လည်း ဆက်လေ့လာဖို့ရှိပါတယ်။"
နျူရေက သူ့စွမ်းအားအကြောင်းကို သေချာဆက်ရှင်းပြတယ်။ "ကျွန်မစွမ်းအားက နည်းနည်းတော့ အသုံးမဝင်ပါဘူး။ စက်ပစ္စည်းတစ်ခုကို ထိကြည့်လိုက်ရင် အဲဒီစက်ပစ္စည်းရဲ့တည်ဆောက်ပုံကို သိနိုင်ပါတယ်။"
ဆိုဗီယက်အစ်မကြီးက ခေါင်းညိတ်လိုက်တယ်။ ဘာကြောင့်မှန်းမသိ အဲဒီအစ်မကြီးက နည်းပညာ စွမ်းအားတွေအပေါ် သိပ်ပြီးအထင်သေးအမြင်သေး ရှိပုံမရဘူး။ အဲဒီအစား ညိုချောအိမ်စေမလေးကို တစ်ခုခုလှမ်းယူခိုင်းလိုက်တယ်။ မကြာခင်မှာပဲ အိမ်စေမလေးက စက်ပစ္စည်းနဲ့လုပ်ထားပုံပေါ်တဲ့ ရိုးရှင်းတဲ့ လက်ဝှေ့အိတ်လေးကို ယူလာပေးတယ်။
"မင်းလက်တင်ပြီး အဲဒီစက်ပစ္စည်းအကြောင်းကို ပြောပြပေးပါ။" နျူရေက ခေါင်းညိတ်လိုက်ပြီး စက်ပစ္စည်းပေါ်ကို လက်တင်လိုက်တယ်။ အဲဒီနောက်တော့ တအံ့တဩနဲ့ ပြောလိုက်ပါတယ်။
"ဒီဟီးရိုးပစ္စည်းကို တည်ဆောက်ခဲ့တဲ့သူက တကယ့်ကို အံ့ဖွယ်ပဲ။ စမ်းသပ်ခန်းထဲက စွန့်ပစ်ပစ္စည်းတွေနဲ့ချည်း တည်ဆောက်သွားခဲ့တာ။ C+ အဆင့်ခွန်အားကို ထုတ်ဖော်နိုင်ပြီး သာမန်လူတွေကိုတောင် အဆင့်အနိမ့်ဆုံး ဗီလိန်တွေကို အနိုင်ယူနိုင်ဖို့ အခွင့်အရေးပေးနိုင်လောက်တယ်။ ဒါပေမဲ့ သူကလွဲပြီး တခြားတစ်ယောက်က ဘယ်လိုနည်းနဲ့မှ ပြန်ပုံတူကူးတည်ဆောက်နိုင်မှာမဟုတ်ဘူး။ ဆားကစ်တည်ဆောက်ပုံက ရှုပ်ထွေးပြီး သာမန်နိယာမတွေနဲ့ ကွဲလွဲနေတယ်။"
နျူရေက ယစ်မူးနေတဲ့ ဟန်ပန်အမူအရာမျိုးနဲ့ ပြောလိုက်တာ။ ဆိုဗီယက်အစ်မကြီးနဲ့ တခြားဆရာတွေလည်း ခေါင်းညိတ်လိုက်ပုံထောက်ရင် လျှောက်ပြောနေတာ ဟုတ်ပုံမရဘူး။
"နင်ယူလာတဲ့ဆိုင်ကယ်ကရော တစ်ခုခုလုပ်နိုင်သေးလား။" ဆိုဗီယက်အစ်မကြီးက မေးလိုက်တော့ နျူရေက ဆိုင်ကယ်ကို လက်နဲ့အသာလေးပုတ်လိုက်ပါတယ်။
"တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်တော်က ဘက်လန်းပါ။ ဒီနည်းပညာအကူဆိုင်ကယ်ရဲ့ပြိုင်ဘက်ကင်း ဉာဏ်ရည်တုပါ။ ကျွန်တော့်အကူအညီနဲ့ဆိုရင် အဆင့်တူပြိုင်ဘက်တစ်ရာလောက်ကို အနိုင်ယူနိုင်မှာပါ။"
အဲဒီနောက် ဆိုင်ကယ်က သူ့မှာပါတဲ့ လက်နက်စနစ်တွေကို ထုတ်ကြွားတော့တာပဲ။ ဆိုင်ကယ်ရဲ့ကိုယ်ထည်ကနေ လေယာဥ်ပစ်စက်သေနတ်တွေ ဒုံးကျည်တွေ ဟိုက်ဒေါလစ်စနစ်အကူအညီနဲ့ ထွက်လာတယ်။ ဒါပေမဲ့ ပစ္စည်းတိုင်းက နမူနာတွေမလို့ ကလေးတွေဆော့တဲ့ ဆိုင်ကယ်စက်ရုပ်က အသံသွင်းထားတဲ့အတိုင်း ပြောပြီး အကုန်ဖွင့်ပြသလိုဖြစ်နေတယ်။
"ပြီးတော့ ကျွန်တော့်မှာ ဂျက်အင်ဂျင်အသေးစားနှစ်ခုပါတဲ့အတွက် C အဆင့် အမြန်နှုန်းအထူးပြုဟီးရိုးတွေနဲ့ ယှဥ်ပြေးနိုင်ပါတယ်။"
ဒီတစ်ခါတော့ ဆိုဗီယက်အစ်မကြီးက လစ်လျူရှုမနေနိုင်တော့တဲ့ပုံပဲ။ သူထိုင်နေတဲ့ ထိုင်ခုံက လှုပ်ရှားလာပြီး ရှေ့ထွက်လာတဲ့အတွက် ဆိုဗီယက်အစ်မကြီးက လမ်းမလျှောက်နိုင်ပြီး ဝှီးချဲပေါ်မှာနေနေရမှန်း အီဗန်သိလိုက်ရတယ်။ အီဗန့်ရှေ့မှာပဲ အစ်မကြီးက ဆိုင်ကယ်ကို သေချာကြည့်လိုက်ပြီး လက်တင်လိုက်တယ်။ နောက်တော့...
"နားလည်ပြီ၊ ဉာဏ်ရည်တုက OpenAi မော်ဒယ်အဟောင်းကို ဒေါင်းလုပ်ခ်လုပ်ပြီး အဆင့်မြှင့်ထားတာပဲ။ အသိဉာဏ်မရှိသေးပေမဲ့ စွမ်းဆောင်ရည် အတော်လေးမြင့်တယ်။ အင်ဂျင်ကတော့ ရိုးရိုးအင်ဂျင်ဖြစ်နေပြီး လေယာဥ်ဆီထည့်သုံးရတာလား။ တိုက်ပွဲမှာ ဆီကုန်သွားရင်တော့ ပြဿနာရှိမယ်။ တကယ်အလုပ်လုပ်တဲ့မော်ဒယ်တစ်ခုရဖို့တော့ အတော်ဘားဂျက်လိုမယ့်ပုံပဲ။"
"ဆရာမကလည်း စက်ပစ္စည်းတည်ဆောက်ပုံကို ပြောနိုင်တယ်လား။" နျူရေက ဆိုဗီယက်အစ်မကြီး ဆိုင်ကယ်ကို ကိုင်ကြည့်ရုံနဲ့တင် အကုန်အသေးစိတ်ပြောနိုင်တဲ့အတွက် အံ့ဩသွားပေမဲ့ ခနနေတော့ သူ့ရဲ့ပျော်တဲ့စိတ်လေး ပျောက်သွားတယ်။ ဘားဂျက်ဆိုတဲ့စကားက သူ့နားထဲမှာ ပဲ့တင်သံထပ်နေပုံပဲ။
"ဒါပေမဲ့ ကျွန်မက မချမ်းသာဘူး။" နျူရေက ပြောလိုက်တယ်။ အရင်ကျောင်းတွေလည်း ဒီအချက်ကြောင့်ပဲ သူ့ကို ကျောင်းဝင်ခွင့်မပေးကြတာ။ အီဗန်လည်း စိတ်မကောင်းဖြစ်သွားတယ်။ ဒီကောင်မလေးကို သူက မျှော်လင့်ချက်ပေးမိတဲ့သူပါ။
"ကိစ္စမရှိပါဘူး၊ ကျောင်းက ပစ္စည်းတွေနင်ယူသုံးလို့ရတယ်။ ဒီမှာလက်မှတ်ထိုးလိုက်။"
ဆိုဗီယက်အစ်မကြီးက ကျောင်းဝင်ခွင့်ဖောင်ကို ကိုယ်တိုင်တစ်ခါတည်းကမ်းပေးလိုက်တယ်။ နျူရေကတော့ အခုထိမယုံနိုင်သေးဘူးဖြစ်နေပါတယ်။ ဒါပေမဲ့ လုံးဝအတည်ဆိုတာ သူတို့သိနေကြတယ်။ ဒီကျောင်းက တကယ်ကြီး သူတို့ကိုစွန့်စားပြီးတော့ လက်ခံခဲ့တာ။
....
"သမ္မတကြီး၊ Silver Knightရဲ့လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ အစီရင်ခံစာရပါပြီ။"
သမ္မတကိုယ်ရေးလက်ထောက်က လျှို့ဝှက်ချက်လို့ရေးထားတဲ့ ဖိုင်တစ်ခုကို ကမ်းပေးလိုက်တယ်။ ဝဲလ်ဆင်ကလည်း ဖိုင်ကိုယူပြီး ဖွင့်ကြည့်လိုက်တယ်။ စာမျက်နှာ တစ်ဒါဇင်လောက်ပါတဲ့ အစီရင်ခံစာနဲ့ ဓာတ်ပုံတချို့ကလွဲလို့ ဘာမှမပါဘူးရယ်။ လက်ထောက်က အခြေအနေကို ရှင်းပြတယ်။
"ကျွန်တော်တို့ နယူးယောက်မြို့အနှံက စောင့်ကြည့်ရေးကင်မရာတွေကို သုံးခဲ့ပေမဲ့ Silver Knightကို အဲဒီကင်မရာတွေက မှတ်တမ်းတင်လို့မရခဲ့တဲ့အတွက် အေးဂျင့်တွေက ပုံမှန်ကင်မရာကိုသုံးပြီးပဲ ထောက်လှမ်းခဲ့ရပါတယ်။ ဌာနစိတ်က ကျွမ်းကျင်သူတွေအဆိုအရတော့ Silver Knightဟာ လုံခြုံရေးကင်မရာတွေကို သူ့အလိုကျ ထိန်းချုပ်နိုင်ပုံရပါတယ်။"
ဝဲလ်ဆင် စိတ်ညစ်ညစ်နဲ့ နဖူးကို လက်ဝါးနဲ့ဆုပ်ကိုင်ထားလိုက်မိတယ်။ ဟီးရိုးတစ်ယောက်ရဲ့လှုပ်ရှားမှုတွေကို ခြေရာခံနိုင်မှ အဲဒီဟီးရိုးရဲ့သရုပ်မှန်ကို သူတို့ဖော်ထုတ်နိုင်မှာပါ။ ဒါပေမဲ့ အခုအတိုင်းဆိုရင် မဖြစ်နိုင်သလောက်ပဲလေ။
"ဆုဗာနာမင်းသမီးရော ဘယ်ရောက်နေလဲ။"
"သူ့နိုင်ငံမှာပဲ ရှိနေတယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။"
မြူတန့်သိပ္ပံက မက်ဒါနာဟာ Silver Knight မှန်း သိထားပြီးသားဖြစ်လို့ အမေရိကရဲ့သတင်းရင်းမြစ်တွေကနေတစ်ဆင့် ဆုဗာနာမင်းသမီးနဲ့ Silver Knightရဲ့ဆက်စပ်ပုံကို သူတို့သိနိုင်ပါတယ်။ ပြဿနာက မင်းသမီးဟာ သူ့နိုင်ငံမှာသူရှိနေပြီးတော့ ငွေရောင်စစ်သည်က အမေရိကန်မြေပေါ်မှာ ရောက်နေတာဖြစ်ပါတယ်။
"ကျွမ်းကျင်သူတွေကတော့ ဝတ်စုံဝတ်ပြီး နယူးယောက်မှာ ဟီးရိုးလုပ်နေတဲ့သူက မူရင်း Silver Knightမဟုတ်ဘဲ ဝတ်စုံကိုယူသုံးနေတဲ့ တခြားတစ်ယောက်လည်း ဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်။"
ဝဲလ်ဆင်က သူ့မေးကိုပွတ်ပြီး စဥ်းစားကြည့်တယ်။
အကယ်၍ နယူးယောက်မှာပေါ်လာတဲ့ ငွေရောင်စစ်သည်ဝတ်စုံထဲက ဟီးရိုးက တခြားတစ်ယောက်ဆိုရင် သူတို့မှာရှိနေတဲ့ သတင်းအချက်အလက်တွေက အလကားဖြစ်သွားပြီလို့ ဆိုရမယ်။
ဝဲလ်ဆင်က အစီရင်ခံစာက ဓာတ်ပုံတွေကို တစ်ခုပြီးတစ်ခု လှန်ကြည့်တယ်။ ဗီဒီယိုမှတ်တမ်းမရှိတဲ့အတွက် သူတို့က ငွေရောင်စစ်သည် နယူးယောက်မြို့ထဲမှာ ရှိနေတယ်ဆိုတာလောက်ကိုပဲ ခန့်မှန်းနိုင်ကြတယ်။ နေရာအတိအကျကိုတော့ မသိနိုင်ဘူး။ ဘယ်နေရာကနေ ကင်းစလှည့်တယ်၊ ဘယ်ကိုထွက်သွားတယ် စသည်ဖြင့်သာ သိရပြီး တိကျတဲ့ခန့်မှန်းချက်မျိုး ထုတ်ဖို့ခဲယဥ်းပါတယ်။
"နယူးယောက်ရဲဌာနတွေမှာ ငွေရောင်စစ်သည်နဲ့ အတူအလုပ်တွဲလုပ်ဖူးတဲ့ ရဲတွေဘာတွေရှိတယ်မလား။ သူတို့ကို အကူအညီတောင်းရင်ရော။"
လက်ထောက်က ခေါင်းခါလိုက်တယ်။ "စိတ်မကောင်းပေမဲ့ နယူးယောက်ရဲတော်တော်များများက ငွေရောင်စစ်သည်ရဲ့ဘက်တော်သားတွေပါ။ သူတို့ကို ပူးပေါင်းပါဝင်ခိုင်းဖို့က ခက်ပါတယ်။"
ဝဲလ်ဆင်အတွက် Silver Knightက မျက်တောင်မှာ စိုက်ဝင်နေတဲ့ ဆူးဖြစ်ပေမဲ့ ဥပဒေထိန်းသိမ်းရေးအဖွဲ့အစည်းတွေအတွက်ကျတော့ S rank အဆင့် ဟီးရိုးတစ်ယောက်ဖြစ်နေဆဲပါ။
"သူနဲ့ အရင်နယူးယောက်အစည်းအရုံးနဲ့ကြားက ဆက်နွယ်မှုကိုရော သက်သေပြလို့ရပြီလား။"
လက်ထောက်က ခေါင်းခါပြတယ်။ "ကျွန်တော်တို့မှာ ခိုင်လုံတဲ့သက်သေမရှိသေးဘူး။ စွပ်စွဲတာက စွပ်စွဲလို့ရပေမဲ့ ကျွန်တော်တို့လှုပ်ရှားတာ ခုရက်ပိုင်းအတွင်းများနေပြီမလို့ ဂုဏ်သိက္ခာကို ထည့်တွက်ရပါဦးမယ်။ မဟုတ်ရင် ပြဿနာတွေအများကြီး တက်လာနိုင်တယ်။"
ဝဲလ်ဆင်က ခေါင်းညိတ်လိုက်တယ်။ လက်ရှိ သူက လူသားမဟာမိတ်ရဲ့ခေါင်းဆောင်ပါ။ ပြိုင်ဘက်မဟာမိတ်အဖွဲ့တွေအနေနဲ့ သူ့နာမည်ကိုအလှဲထိုးနိုင်မယ့် အခွင့်အရေးတစ်ခုကို လွယ်လွယ်လေးပေးလိုက်လို့မရပါဘူး။
အဲဲဒီအချိန်မှာပဲ သူတို့ရုံးခန်းတံခါးပွင့်လာပြီး အနက်ရောင်ချပ်ဝတ်ဝတ်ထားတဲ့ ရေဂင်က အဝတ်အိတ်တစ်အိတ်ကိုကိုင်ပြီး ဝင်လာတယ်။ ဝဲလ်ဆင်နဲ့လက်ထောက်က သူ့ကိုကြည့်တယ်။ ရေဂင်က အိတ်ကို ရုံးခန်းစားပွဲပေါ်တင်လိုက်ပြီး ဆွဲဖွင့်လိုက်တယ်။
လူလတ်ပိုင်းတစ်ယောက်ရဲ့ခေါင်းပြတ်ကြီးက အိတ်ထဲမှာရှိနေပြီး မသေခင်တော့ အကြီးအကျယ်ထိတ်လန့်နေခဲ့ပုံပဲ။ ရေဂင်က ပြောလိုက်တယ်။
"မင်းတို့ပြောတဲ့အတိုင်းပဲ ဖလော်ရီဒါက နေရှယ်နယ်ဂတ်ခေါင်းဆောင်ကို ကိစ္စဖြတ်ပြီးပြီ။"
လက်ထောက်က ထိတ်လန့်ပြီး နောက်ဆုတ်သွားပေမဲ့ ဝဲလ်ဆင်ကတော့ မှင်သေသေနဲ့ ကြည့်နေပါတယ်။ ရေဂင်က စကားစလိုက်တယ်။ "သူတို့နောက်မှာ မေဆင်တွေ ရှိနေတဲ့ပုံပဲ။ ရှေးဟောင်းလက်နက်တချို့ကိုကျုပ်သိမ်းလာသေးတယ်။"
ရေဂင်က ရှေးအတော်ကျပုံပေါ်တဲ့ ဓားကျိုးတချို့ကို စားပွဲပေါ်ပစ်တင်လိုက်တယ်။ နဂိုက စွမ်းအားကြီးပုံပေါ်တဲ့ ရှေးဓားတွေက အခုတော့ သတ္တုအပိုင်းအစတွေထက် မပိုတော့ဘူး။ ဝဲလ်ဆင်က ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ်။
"အခုမင်းဆီမှာ အလုပ်လုပ်တဲ့ နည်းပညာဝတ်စုံ ဘယ်နှစ်ခုရှိပြီလဲ။"
ဝဲလ်ဆင်ရဲ့စကားကို ရေဂင်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေလိုက်တယ်။ "ရှစ်ခု။" သူ့လေသံက အဆင့်တူလူသားနှစ်ယောက် စကားပြောနေသလိုပဲ။
"ကောင်းတယ်၊ သူတို့ထဲက လေးယောက်ကို နယူးယောက်ပို့လိုက်ပါ။ သူတို့အစွမ်းနဲ့ Silver Knightကို အနိုင်ယူခိုင်းပါ။ ဖြစ်နိုင်ရင် ဝတ်စုံထဲကလူကို အသက်ရှင်လျက် ခေါ်လာခဲ့။"
"ကောင်းပြီ။" ရေဂင်က ခေါင်းညိတ်ပြပြီး အခန်းထဲက ထွက်သွားတယ်။ လက်ထောက်ကတော့ စားပွဲပေါ်က ပစ္စည်းတွေကို ကြည့်လိုက်ပြီး ပြောတယ်။
"ဆာ၊ ဒီပစ္စည်းတွေကို ဘာလုပ်လိုက်ရမလဲ။"
ဝဲလ်ဆင်က ခေါင်းပြတ်ကြီးရဲ့နဖူးကို လက်ဝါးနဲ့ပွတ်ရင်း ရယ်မောလိုက်တယ်။ အဲဒီနောက် ဓားကျိုးတွေကို ကြည့်တယ်။
"ဘာမဟုတ်တဲ့ အဖိုးကြီးတစ်ခုက ငါ့ကို နေရှင်နယ်ဂတ်တွေနဲ့ ဖယ်ရှားဖို့ကြိုးစားနေတာလား။ ဟာသပဲ။"
"ဆာ..." ဝဲလ်ဆင်က သတိဝင်ပုံမပေါ်တော့ လက်ထောက်က ဒုတိယအကြိမ်သတိပေးလိုက်တယ်။ ဝဲလ်ဆင်လည်း သတိဝင်လာပြီး အမိန့်ပေးလိုက်တယ်။
"ခေါင်းပြတ်ကိုတော့ ခွေးစာကျွေးပစ်လိုက်၊ လက်နက်တွေကိုတော့ သုတေသနဌာနပို့ပြီး ခေတ်သစ်နည်းပညာတွေနဲ့ ကော်ပီပွားလို့ရမရ စစ်ဆေးခိုင်းလိုက်။"
"ဟုတ်ကဲ့။" လက်ထောက်က ပြောပြောဆိုဆိုနဲ့ ဖုန်းဆက်ပြီး ငယ်သားတွေကို ဆင့်ခေါ်လိုက်တယ်။ မကြာခင်မှာပဲ မြူတန့်ကလုန်းမိန်းကလေးတွေနဲ့ အနက်ဝတ်အစောင့်တချို့ အခန်းထဲဝင်လာပြီး ပစ္စည်းတွေကို ယူသွားတယ်။ လက်ထောက်လည်း အခန်းထဲက ထွက်ဖို့ပြင်တယ်။ ဝဲလ်ဆင်က လက်ပြလိုက်ပြီး ခနနေခိုင်းတဲ့အတွက် သူချက်ချင်းထွက်သွားလို့မရသေးဘူး။
"နေဦး၊ တခြားမဟာမိတ်နှစ်ခုဆီက ဘာသတင်းကြားသေးလဲ။"
လက်ထောက်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်ကဲ့၊ မြူတန့်မဟာမိတ်ကတော့ ခေါင်းဆောင်ပြောင်းသွားပါပြီ။ ကြေးစားစစ်တပ်က စစ်ပွဲနှင်းဆီဖြုတ်ချခံလိုက်ရလို့ပါ။ ငြိမ်းချမ်းရေးမဟာမိတ်ကတော့ လိပ်နက်နဲ့တိုက်ခိုက်ပြီး ကြီးကြီးမားမား ဆုံးရှုံးခဲ့ပုံပါပဲ။ ဒါပေမဲ့ ဆုံးရှုံးမှုပမာဏကို သေချာတော့မသိရသေးပါဘူး။"
ဝဲလ်ဆင်က လက်ခါပြပြီး လက်ထောက်ကို သွားခိုင်းလိုက်တယ်။ အဲဒီနောက် သမ္မတရုံးခန်းထဲမှာ သူပြုံးလိုက်တယ်။ "ဒီတော့ လူသားမဟာမိတ်က အင်အားအကြီးဆုံး ပြန်ဖြစ်သွားပြီပေါ့။"
Volume 6 ပြီးပါပြီ။