ထူးဆန်းသော လိပ်ခွံကျွန်း
Vol. 68 Ch. 946
ကျောက်ခဲမိုး သည်းသည်းထန်ထန် ရွာသွန်းလာကာ သင်္ဘောပျံ၏ ကာကွယ်ရေး အစီအရင်ကို ခြေမွသွားသည်။ ကျောက်ခဲကြီးများက မီတာအတော်ကြီးမားပြီး ကျောက်ခဲအသေးများမှာ တစ်ဆယ် စင်တီမီတာ ပတ်လည်လောက် ရှိ၏။
မိုဝူကျိ၏ သင်္ဘောပျံတွင် အဆင့် ၃ ကာကွယ်ရေး အစီအရင် ခင်းကျင်းထားသော်လည်း သင်္ဘောပျံက အချိန်မရွေး စတင် ပျက်စီးသွားမည့်အလား ယိမ်းယိုင်လာသည်။
တာ့ဟွမ်နှင့် ရွိုက်ကောတို့က သူတို့၏ မှော်ရတနာ အသီးသီးကို ထုတ်ကာ ကာကွယ်ရေး အစီအရင်ကို ဖြတ်ကျော်၍ ကျရောက်လာသော ကျောက်ခဲများကို ခုခံရန် ပြင်ဆင်လိုက်သည်။
“ သခင်ကြီး .. အဲဒီကျောက်ခဲတွေက ဘယ်နေရာက ရောက်လာတယ် မသိဘူး။ စိတ်စွမ်းအားနဲ့ အာရုံခံလို့ မရဘူး ” တာ့ဟွမ်က မိုဝူကျိ ထွက်လာသည်ကို မြင်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။
မိုဝူကျိက စိတ်စွမ်းအားကို ထုတ်လွှင့်လိုက်သည့်အခါ သူသည်လည်း ထိုကျောက်ခဲများ၏ ဇာစ်မြစ်ကို အာရုံမခံမိပေ။ သူ့စိတ်စွမ်းအား၌ ဝေဝေဝါးဝါးသာ မြင်ရသည်။
ချင်းဟိုင်လမ်းကြောင်း၏ မျက်နှာပြင်၌ မြူတစ်ထပ် ကာရံထားသလို ဖြစ်နေပြီး ပင်လယ်လမ်းကြောင်းကို မမြင်ရတော့ပေ။ အနီရင့်ရင့် နိဗာနတိတ်ဆိတ်မှု ပင်လယ်က ချင်းဟိုင်လမ်းကြောင်းကို တဖန် ပြန်လည် စိုးမိုးသွားသည့်နှယ် ပေါ်နေသည်။
ဤအရာက မိုဝူကျိအား မျက်မှောင်ကျုတ်သွားစေသည်။ သူ သိသလောက် ချင်းဟိုင်လမ်းကြောင်းသည် ပေါ်လာပြီး နှစ်တစ်ရာကြာပြီးမှ ပျောက်ကွယ်သွားမည် ဖြစ်ကြောင်း သိခဲ့သည်။ ယခုအခါ ငါးနှစ်မှ ခြောက်နှစ်ကြား ရှိသေးလေရာ အဘယ်ကြောင့် ပျောက်ကွယ်သွားရသနည်း။
“ သခင်ကြီး ဟိုးမှာ ကျွန်းလေး တစ်ကျွန်း … ” ရွိုက်ကောက ဝင်ပြောလိုက်သည်။
ရွိုက်ကောက မပြောခင််တကည်းက တာ့ဟွမ်နှင့် မိုဝူကျိတို့လည်း မြင်လိုက်ရသည်။ သင်္ဘောပျံ အရှေ့လက်ဝဲဘက်တွင် ကွန်းတစ်ကျွန်း အမှန်ပင် ရှိနေ၏။ ထိုကျွန်းမှာ ရေပြင်ပေါ် ချထားသည့် လိပ်ခွံနှင့် တူပြီး မျက်နှာပြင်၌ အက်ကြောင်းရာများ အနှံ့ ဖြစ်နေသည်။ ကျွန်းအလယ်၌ အောက်ထဲ ချိုင့်ဆင်းနေသည့် နေရာ ရှိပေသည်။
“ ကျွန်းပေါ်မှာ ဆက်ပြောကြတာပေါ့ ” မိုဝူကျိက သင်္ဘောပျံကို ကျွန်းဆီ မောင်းနှင်လိုက်သည်။ ကောင်းကင်ယံမှ ကျရောက်လာသည့် ကျောက်ခဲများ ဖိအားကြောင့် ချင်းဟိုင်လမ်းကြောင်း မပျောက်ကွယ်သွားလျှင်ပင် သင်္ဘောပျံအနေနှင့် ဆက်လက်၍ ရှေ့ဆက်သွားနိုင်မည် မဟုတ်ပေ။
တခြားသော ကျင့်ကြံသူများအတွက် ချင်းဟိုင်လမ်းကြောင်း ပျောက်ကွယ်သွားခြင်းသည် သေခြင်းတရားသာ ဖြစ်၏။ သို့သော်လည်း မိုဝူကျိအတွက် သက်တောင့်သက်သာ မဖြစ်မှု တစ်ခုသာမျှသာ ဖြစ်၏။ သူက ပင်လယ်ထဲ ဆင်းနေနိုင်သည် မဟုတ်ပါလော။
တစ်ဖက်တွင် ရွိုက်ကောနှင့် တာ့ဟွမ်တို့က ဤသို့ မစွမ်းဆောင်နိုင်သောကြောင့် ချင်းဟိုင်လမ်းကြောင်း ပျောက်ကွယ်သွားသည်နှင့် နှစ်ယောက်လုံးက ထာဝရကမ္ဘာအတွင်းသို့ ပြန်ဝင်သွားကြရမည် ဖြစ်၏။
အကယ်၍ သူတို့က သင်္ဘောပျံကို ပဲ့ထိန်းမပေးဘဲ သူ့ဘာသာ လမ်းလျှောက်လာရလျှင် သူ့အချိန်မှာ ကြာမြင့်သွားရုံသာမက အစီအရင်တာအိုနှင့် အဆောင်တာအိုကို လေ့လာရန် အချိန်လည်း ရှိမည် မဟုတ်ပေ။
ထို့အပြင် တာ့ဟွမ်နှင့် ရွိုက်ကောတို့က အပြင်ဘက်၌ မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်ကြသည်။ ဤနှစ်ပိုင်းလေးအတွင်း တာ့ဟွမ်က ကနဦး နတ်ဘုရားအဆင့် ၃ သို့ ရောက်ရှိသွားပြီး ရွိုက်ကောက အဆင့် ၂ နတ်သားရဲ ဖြစ်လာသည်။
ကျွန်းမှာ သင်္ဘောပျံနှင့် သိပ်မကွာဝေးသောကြောင့် မကြာခင် ကျွန်းအစွန်းသို့ ရောက်ရှိလာသည်။ သူတို့ ဆင်းသက်လိုက်သည့်အခါ ကျောက်ခဲမိုးမှာလည်း လုံးဝ ပျောက်ကွယ်သွားသောကြောင့် မိုဝူကျိပင် တုန်လှုပ်အံ့အားသင့်မိသွားသည်။
ဘာတွေဖြစ်နေတာလဲ …
မိုဝူကျိက သင်္ဘောပျံမှ မထွက်ခွာသေးပေ။ ထို့အစား သူက သင်္ဘောပျံကို ကျွန်းပေါ်မှ ဆင်းဖို့ရာ ကြိုးစားလိုက်၏။ သို့သော်လည်း သူက အကွာအဝေးတစ်ခုသို့ ရောက်သွားသည်နှင့် ကျောက်ခဲမိုးများက ပြန်ကျရောက်လာပြန်သည်။
“ သခင်ကြီး အဲဒီကျောက်ခဲတွေက ကျွန်တော်တို့ကို ဒီကျွန်းပေါ် ရပ်နားစေချင်တာ ထင်တယ် ” ရွိုက်ကောက မိုဝူကျိနှင့် ကျင့်ကြံဆင့် ယှဉ်ဖို့ရာ စိတ်မပါတော့ဘဲ စိုးရိမ်စွာ ပြောလိုက်သည်။
အစပိုင်းတွင် ရွိုက်ကောက သူ့ကိုယ်သူ တာ့ဟွမ်နှင့် နှိုင်းယှဉ်ကြည့်ရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် တာ့ဟွမ်၏ ကျင့်ကြံနှုန်းမှာ အချိန်ကြာလာသည်နှင့် မြန်ဆန်လာသောကြောင့် ထိုအတွေးကို လက်လျော့လိုက်ပြီး မိုဝူကျိအား နောက်ပစ်မှတ်အဖြစ် သတ်မှတ်လိုက်သည်။ ကျင့်ကြံဆင့်ခြင်း နှိုင်းယှဉ်ကြည့်လျှင် သူက နည်းနည်း လိုနေသော်လည်း နောက်ဆုံးတွင် အမှီလိုက်နိုင်လာပြီ ဖြစ်၏။ ဤသည်မှာ အောင်ပွဲခံရမည့် ကိစ္စမျိုး ဖြစ်ကာ သခင်ကြီး ချီးကျူးသည့်အထိ စောင့်ဆိုင်းရန် ကြံစည်ထား၏။ သို့သော်လည်း လက်ရှိအခြေအနေအရ ထိုသို့အရာမျိုး လုပ်ဖို့ရာပင် စိုးရိမ်ကြီးနေမိသည်။
တာ့ဟွမ်က အသိဉာဏ် ရှိလာသော်လည်း မလုံလောက်သေးသောကြောင့် ရွိုက်ကောလောက် ဉာဏ်မကောင်းသေးပေ။ ရွိုက်ကော တွေ့ကြုံခဲ့ရသော ဘဝအတွေ့အကြုံများက သူ့ထက် ပိုများပေသည်။ တစ်ခါတုန်းက သွေးထုတ်ဖို့ရာအတွက်ပင် အဖမ်းခံခဲ့ရသေးသည် မဟုတ်ပါလော။ ထို့ကြောင့် သူက တစ်ခုခု မှားယွင်းနေကြောင်း မခံစားမိခင် ရွိုက်ကောက အရင်ဦးသွားခြင်း ဖြစ်၏။
“ မင်း ပြောတာ မှန်တယ်။ အဲဒါက အစီအရင်ကြီး တစ်ခု ဖြစ်လိမ့်မယ်။ အဲဒီ အစီအရင်ရဲ့ ရည်ရွယ်ချက်က ငါတို့ကို လိပ်ခွံကျွန်းပေါ် ရောက်စေချင်တာပဲ။ မင်းတို့နှစ်ယောက်လုံး အရင်ဆုံး ကမ္ဘာလေးထဲ ပြန်ဝင်နေလိုက်ကြဦး …. ” မိုဝူကျိက ရွိုက်ကောထက် ဘဝအတွေ့အကြုံ ပို၍ ကြွယ်ဝပေသည်။ သူက ကျင့်ကြံရေးလောကမှ အင်မော်တယ် တပိုင်းနယ်ပယ်၊ အင်မော်တယ် လောက အစရှိသဖြင့် သွားလာကြုံတွေ့ခဲ့ရသောကြောင့် ပို၍ ဉာဏ်များကာ လှည့်စားတတ်သော အခြေအနေမျိုးနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ သူက ဤကျွန်းနှင့် ပတ်သတ်၍ တစ်ခုခု မှားယွင်းနေကြောင်း မည်သို့ သတိမပြုမိဘဲ နေမည်နည်း။
ရွိုက်ကောနှင့် တာ့ဟွမ်တို့က သူတို့ကျင့်ကြံဆင့်သည် မိုဝူကျိနှင့် အတူတူ ဖြစ်နေသော်လည်း ဘာမှမပြောရဲကြပေ။ သူတို့က ဤသည်မှာ အန္တရာယ်ရှိနေလျှင် သူတို့လက်ရှိအနေအထားဖြင့် ကူညီပေးနိုင်မည် မဟုတ်ကြောင်း သိထားကြ၏။ သူတို့သခင်ကြီးက အနည်းဆုံးတော့ နိဗာနတိတ်ဆိတ်မှု ပင်လယ်ဆီ လွတ်မြောက်လာခဲ့သည် မဟုတ်ပါလော။
မိုဝူကျိက နှစ်ယောက်လုံးကို ထာဝရကမ္ဘာထဲ ထည့်လိုက်ပြီးနောက် သင်္ဘောပျံကို သိမ်းကာ လိပ်ခွံကျွန်းဆီ ဆင်းသက်လိုက်သည်။
ကျွန်းပေါ် ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် မိုဝူကျိက ထူးထူးဆန်းဆန်း အငွေ့အသက်တို့ကို ခံစားမိလိုက်၏။
ဤကျွန်းမှာ ပုံမှန် မဟုတ်ပေ။ ကျောက်တုံးများ၊ သစ်ပင်များလည်း မရှိသလို မြက်ပင် တစ်ပင်ပင် ရှိမနေချေ။ ကျွန်းအပေါ်ယံ မျက်နှာပြင်၌ ကွက်ကျားအက်ရာများကို မြင်တွေ့နေရ၏။ မိုဝူကျိက စိတ်စွမ်းအား ဖြန့်ကျက်လိုက်သည့်အခါ အထဲရှိ အရာများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ထိုအက်ရာများထဲ၌ အရိုးစုများ၊ မှော်ရတနာများနှင့် လက်စွပ်တချို့ပင် ရှိနေသေး၏။
ထိုကျင့်ကြံသူများက နိဗာနတိတ်ဆိတ်မှု ပင်လယ်ကို ကျော်ဖြတ်မှု ကျရှုံးပြီး သေဆုံးသွားကြတဲ့သူတွေများလား ….
သူတို့အရိုးစုများက လေနှင့် ဤလိပ်ခွံ့ကျွန်းဆီ ရောက်လာတာလား ….
မိုဝူကျိက သတိထားကြည့်လိုက်ပြီး လက်စွပ်တစ်ကွင်းကို ယူလိုက်သော်လည်း ထိုလက်စွပ်၏ အတားအဆီးကို မချိုးဖောက်နိုင်ခင် တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားသည်။ မမြင်နိုင်သည့် ရေခဲမျှင်များက သူ့အား ရစ်ပတ်ကာ ဆွဲယူသလို ခံစားလိုက်ရ၏။
စပ်ဖျဉ်းဖျဉ်း ခံစားချက်က ပြန့်နှံ့လာသောကြောင့် မိုဝူကျိက လော့ကျမ်းစာရွက်နှင့် ပညာရှိတာအိုအဆောင်တို့ဖြင့် အသိစိတ်ပင်လယ်အား ကာကွယ်ထားလိုက်ပြီး ခွန်းဝူဓားကို ခရမ်းရေကန်အား စောင့်ကြပ်စေလိုက်သည်။
မိုဝူကျိက သူ့နေရာသို့ ဆွဲငင်အား တစ်ခု ရောက်ရှိလာစဉ် သူ့အသိစိတ်ပင်လယ်အတွင်းရှိ ခရမ်းရေကန်သည် စုပ်ယူခံရသည့်အလား ခံစားလိုက်မိသောကြောင့် မနေနိုင်တော့ဘဲ ထိုဦးတည်ရာအတိုင်း လိုက်သွားလိုက်တော့သည်။
သူ့အသိစိတ်ပင်လယ်အတွင်း ကျရောက်လာသည့် အေးစက်စက် အငွေ့အသက်များကို ပညာရှိတာအိုအဆောင်နှင့် လော့ကျမ်းစာရွက်တို့က ကာကွယ်ပေးထားသောကြောင့် သူ့ခန္ဓာကိုယ်သူ ပြန်လည် ထိန်းချုပ်နိုင်သွားသည်။ ထိုအေးစက်စက်အမျှင်များက မဆွဲငင်နိုင်တော့မှန်း သိရှိပြီးနောက် ပျောက်ကွယ်သွားတော့သည်။
မိုဝူကျိက အသက်ပြင်းပြင်းရှုကာ အဖြစ်အပျက်ကို နားလည်သွားလေ၏။
ဤသည်မှာ ချင်းဟိုင်လမ်းကြောင်း ပေါ်မလာခင်နှင့် အခြေအနေအတူတူ ဖြစ်၏။ သူ့အပေါ် ကျရောက်လာသော ထိုအေးစက်စက် အမျှင်လိုမျိုးအရာများသည် တာအိုအငွေ့အသက် တမျိုး ဖြစ်၏။ သို့သော်လည်း သူ့တွင် ဝိညာဉ်လမ်းကြောင်းလည်း မရှိသလို ဝိညာဉ်ကြောလည်း မရှိသည့်အတွက် ထိုအငွေ့အသက်က သူ့ကို တွယ်ကပ်ဖို့ နေရာ ရှာမတွေ့ခြင်း ဖြစ်၏။
သူ့အသိစိတ်ပင်လယ်ထဲ ဝင်ရောက်လာသည့် စုပ်ယူအားက သူ့ကမ္ဘာဦး စိတ်ဝိညာဉ်ကို ဆွဲယူပြီး သူ့အသိစိတ်ပင်လယ်အား ဖျက်စီးဖို့ရာ ကြိုးစားနေသည်။ သို့သော် သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ် ရှိမနေဘဲ ခရမ်းရေကန်သာ ရှိ၏။ ထို့အပြင် သူ့အား လော့ကျမ်းစာရွက်နှင့် ပညာရှိတာအိုအဆောင်တို့က ကာကွယ်ပေးထားသေး၏။ ခွန်းဝူဓားသည် ရှိနေသေးသည် မဟုတ်ပါလော။
ထိုမှော်ရတနာများကြောင့် သူက သူ့ခန္ဓာကိုယ်သူ ပြန်လည် ထိန်းချုပ်နိုင်သွားလေ၏။
သူက ကျွန်းအစွန်းတွင် ရပ်နေရင်း ကျွန်းအလယ်ရှိ ချိုင့်ကြီးကို ကြည့်လိုက်သည်။ အထဲရှိ ပစ္စည်းကို မြင်လိုစိတ်က သူ့စိတ်ထဲ ကြီးစိုးလာသည်။
သူက ကျွန်းအလယ်ခေါင်းတွင် ပစ္စည်းကောင်း ရှိနေကြောင်း ခံစားမိနေ၏။
ဆယ်ရှိုက်စာလောက် စောင့်ဆိုင်းပြီးနောက် သွားကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။ မြင်းတစ်ကောင်က မြက်ရိုင်းမရှိဘဲ ကြီးထွားလာမည် မဟုတ်ပေ။ သူက ပစ္စည်းကောင်းလေးကို တခြားသူလက်ထဲ အဘယ်ကြောင့် အပါခံရမည်နည်း။
မိုဝူကျိ၏ မှန်းဆချက်အရ တစ်စုံတစ်ယောက်က ဤလိပ်ခွံကျွန်းပေါ်သို့ ရောက်လာပြီး လွတ်လွတ်လပ်လပ် မသွားလာနိုင်လောက်ပေ။ အကယ်၍ ထိုလူသာ လှုပ်ရှားနိုင်လျှင် ဤကဲ့သို့ ကမ္ဘာဦး စိတ်ဝိညာဉ် လုယူမည့် နည်းလမ်းမျိုး သုံးမည် မဟုတ်ချေ။ ထို့အစား မိုဝူကျိထံ သဘာဝစွမ်းအား လက်ဝါးချက်သာ ပို့လွှတ်လိုက်လိမ့်မည်။
မိုဝူကျိ သိချင်နေသည့်အရာမှာ သူက အန္တရာယ်ကို မခံစားမိသည့် အကြောင်းအရင်း ဖြစ်၏။ သူ့ကျင့်ကြံရေးက အင်မော်တယ် မော်တယ်ကျင့်စဉ်ပေါ်တွင် အခြေခံထားသောကြောင့် သူ သေဆုံးဖို့ရာ နီးကပ်လာသည့်အချိန်တိုင်း အာရုံခြောက်ပါးက စူးရှလာသည်။
မိုဝူကျိက ထိုအတွေးဖြင့် မြင်ကွင်းများက ဝေဝါးလာတော့သည်။ သူ့ဝိညာဉ်လမ်းကြောင်းများက ပိတ်ဆို့ခံလိုက်ရပြီး ကမ္ဘာဦး စိတ်ဝိညာဉ်ကိုလည်း ထိန်းချုပ်ခံလိုက်ရသလို ဖြစ်သွားသော်လည်း သူက ဆက်လက် လျှောက်လှမ်းနေဆဲ ဖြစ်သည်။
သူ့အမြန်နှုန်းမှာ အတော်လေး နှေးကွေးလွန်းလှသည်။ သူက ခြေလှမ်းတစ်လှမ်း လှမ်းသည့်အခါတိုင်း စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားဖြင့် အစီအရင် သင်္ကေတများ ရေးထွင်းနေလေ၏။ ထို့အပြင် သူက အချိန်မရွေး လေလွတ်မြောက်ရေး နည်းစနစ်ကို ထုတ်သုံးနိုင်ဖို့ အသင့်ပြင်ထားသည်။ သူ့လက်ထဲ၌ အဆင့် ၃ လွတ်မြောက်ရေးအဆောင် ရှိပြီး ထိုအဆောင်မှာ ပညာရှိတာအိုအဆောင်မှ ရရှိလာခြင်း ဖြစ်၏။
လိပ်ခွံကျွန်းမှာ မကြီးမားသော်လည်း သူ့အနေနှင့် အလယ်သို့ ရောက်ဖို့ရာ နှစ်နာရီ ကြာမြင့်ပေသည်။
မိုဝူကျိက အစွန်းမှ အလယ်သို့ သွားဖို့ရာ ကြံစည်ထားသော်လည်း သူ့ခြေထောက် ချလိုက်သည်နှင့် ကြောက်မက်ဖွယ် အားကြီးက ရောက်ရှိလာကာ ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘဲ တန်းကျရောက်သွားတော့သည်။
မိုဝူကျိ ရှေ့တွင် ဧရာမဆေးလုံးကြီး လွှင့်မျှောနေသည်။ ထိုအရာမှာ ဘတ်စကတ်ဘောလုံး အရွယ်အစားလောက် ရှိပြီး သူ့အနေနှင့် ဤမျှကြီးမားသော ဆေးလုံးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။
ဆေးလုံး၏ မျက်နှာပြင်တွင် သွေးအငွေ့အသက်ဖြင့် အနည်းငယ် နီရဲနေသည်။ မိုဝူကျိ၏ စိတ်စွမ်းအားက ထိုမျက်နှာပြင်သို့ ကျရောက်လာသည့်အခါ အသက်ဓာတ် သဘာဝရိုင်း စွမ်းအားတို့က အပြေးအလွှား ရောက်လာသည်။
မိုဝူကျိက ချက်ချင်းဆိုသလို သူ့စိတ်စွမ်းအားကို ပြန်ရုတ်သိမ်းကာ ဆေးလုံးအောက်ခြေကို ကြည့်လိုက်၏။
ဆေးလုံးအောက်တွင် ကျောက်အင်္ဂတေတစ်ခု ရှိနေပြီး ဘေးတွင် အရိုးစုများစွာလည်း ရှိနေသည်။ တချို့လက်စွပ်များက အရိုးပုံအောက် ရောက်ရှိနေကြသည်။
အရိုးတစ်ခုချင်းစီက အားကောင်းသည့် အငွေ့အသက်တို့ကို ပေးစွမ်းနေသောကြောင့် မိုဝူကျိအနေနှင့် သေလူများကို မသိသော်လည်း သူတို့အသက်ရှိစဉ်အခါက ထိပ်တန်း ပါရမီရှင်များ ဖြစ်နိုင်ကြောင်း မှန်းဆမိလိုက်သည်။
သူက လော့ကျမ်းစာရွက်နှင့် ပညာရှိတာအိုအဆောင်တို့ဖြင့် အကာအကွယ်ယူထားပြီး သူ့ချီသွေးကြော ၁၀၈ ခုလုံးမှာ အင်မော်တယ် မော်တယ်ကျင့်စဉ်ကို လှည့်ပတ်နေနိုင်ခြင်းကို ကျေးဇူးတင်ရပေမည်။ ဤကျောက်အင်္ဂတေက စိတ်စွမ်းအားများကို စုပ်ယူနိုင်စွမ်း ရှိဟန် ပေါ်ပေ၏။ သို့သော်လည်း သူ့အပေါ်တွင် သက်ရောက်မှု နည်းပါးပေသည်။ အနည်းဆုံးတော့ သူ မတောင့်ခံနိုင်သည့်အရာ မဟုတ်ချေ။
နောက်ထပ်တစ်ကြော့ပြန် စစ်ဆေးပြီးသွားနောက် မိုဝူကျိက အစီအရင်အလံများကို ပစ်လွှတ်ကာ မည်သည့်အရာမှ မရှိကြောင်း အတည်ပြုလိုက်သည်။
အသက်ဓာတ် ပြည့်ဝနေသည့် ထိုဆေးလုံးကြီးက သေချာပေါက် အဖိုးတန် ရတနာသာ ဖြစ်ရမည်။ ထို့ကြောင့် သူက ယူသွားရမည်။ တွယ်ဆက်ထားသော ကျောက်အင်္ဂတေနှင့် စိတ်စွမ်းအား စုပ်ယူနိုင်ခြင်းမှာ ရိုးရှင်းခြင်းတော့ မဟုတ်ပေ။
“ မင်းက မရိုးရှင်းဘူးပဲ။ မင်းဆီမှာ ကမ္ဘာဦး စိတ်ဝိညာဉ်လည်း မရှိသလို ဝိညာဉ်ကြောလည်း မရှိဘူး။ မင်းက ဒီအထိတောင် ရောက်လာသေးတယ်” အရိုးတွင်းဖောက်လုမတတ် အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာ၏။ သို့သော် မိုဝူကျိကို အံ့အားသင့်သွားစေသည်က ထိုအသံသည် ကျောက်အင်္ဂတေမှ ထွက်လာခြင်း ဖြစ်နေသည်။
“ ခင်ဗျားက ဘယ်သူလဲ ” သူက ထိုအန္တရာယ်ကို ထည့်မတွက်နိုင်တော့ဘဲ လက်တစ်ချက်အဝှေ့ဖြင့် ခွန်းဝူဓားက သူ့လက်အတွင်းသို့ ရောက်ရှိလာသည်။
“ခွန်းဝူဓားလား ” အသံပိုင်ရှင်က ပို၍ စိတ်လှုပ်ရှားလာသော်လည်း ထိုစိတ်လှုပ်ရှားမှုမှာ သိပ်၍ မကြာမြင့်လိုက်ပေ။ သူက ထပ်ပြောလိုက်ပြန်၏ “ ကောင်လေး … ခွန်းဝူဓားကို ချပြီး ဒီနေရာကို ၄၉ ကြိမ် ဂါရဝပြုလိုက် … အဲဆို မင်းအသက်ကို ချမ်းသာပေးမယ် ”
***