← Chapters

ခင်ဗျားက ဘာလိုချင်တာလဲ

Vol. 68 Ch. 947

ခင်ဗျားက ဘာလိုချင်တာလဲ

Vol. 68 Ch. 947

မိုဝူကျိက ရယ်မောသည့်အထိ ဒေါသထွက်လာမိသည်။ ခွန်းဝူဓားအသိက ချက်ချင်း ထွက်ပေါ်လာသောကြောင့် သူတို့အောက်ရှိ မြေကြီးတစ်ခုလုံး အေးစက်စက် ပြောင်းလဲသွားတော့သည်။ ဓားပတ်လည် နယ်ပယ်မှာ သတ်ဖြတ်ရေးနယ်ပယ်တစ်ခု ဖြစ်လာသည်။

“ မင်းကများ ငါ့ကို တိုက်ရဲတယ်ပေါ့။ မင်းကို အရှင်လတ်လတ် ဝါးမျိုပစ်မယ် ” မိုဝူကျိ၏ အပြုအမူကြောင့် မီးစမွှေးခံလိုက်ရသည့်အလား  ဒေါသတကြီး အသံက ဟိန်းထွက်လာသည်။

သတ်ဖြတ်ငွေ့များနှင့် ပြည့်နှက်နေသည့် မိုဝူကျိက ရုတ်ချည်းဆိုသလို တည်ငြိမ်သွားသည်။ ဤနေရာ၌ ထိုလူက လူမြောက်များစွာကို သတ်ဖြတ်ပစ်ခဲ့သည်။ ဧရာမ သအသက်သွေးဆေးလုံးကြီးသည် ထိုကျင့်ကြံသူများ၏ အသက်သွေးဖြင့် ဖွဲ့စည်းထားခြင်းသာ ဖြစ်ပေလိမ့်မည်။ ထိုလူက သူ့ကို ဒေါသထွက်ပြီး အဘယ်ကြောင့် တိုက်ခိုက်ရမည်နည်း။ ဘေးပတ်လည်တွင် အရိုးများစွာ ရှိနေလေရာ တစ်ခုချင်းစီက ကျောက်အင်္ဂတေအား ဒေါသထွက်စေခဲ့လျှင် ယခုအခါ ထိုသူက ဒေါသထွက်လွန်း၍ သေနေလောက်လေပြီ။

ထို့အပြင် သူက ခွန်းဝူဓားကို မြင်မြင်ချင်း တန်း၍ မှတ်မိပေသည်။ သူ့အား ဒူးထောက်ပြီး ဂါရဝပြုဖို့ရာ မပြောခင်အချိန်အထိ ပျော်ရွှင်နေခဲ့သေး၏။ ကနဦး နတ်ဘုရားအဆင့် ဖြစ်နေလျှင်ပင် သူက ဖိအား မပေးဘဲ လုပ်မည် မဟုတ်လောက်ချေ။

အကယ်၍ ထိုလူက သူ့အား ဒေါသထွက်စေပြီး တိုက်ခိုက်ဖို့ရာ လှည့်ဖျားနေသည်ဆိုလျှင် နတ်ဘုရားလောက၏ ဟောလိဝုဒ်မှ ရောက်လာခြင်းသာ ဖြစ်ပေလိမ့်မည်။

မည်သို့ပင် ဆိုစေကာမူ မိုဝူကျိက ခွန်းဝူဓားကို ထုတ်ယမ်းလိုက်သော်လည်း ဓား၏ အင်အားကို တစ်ဝက်ခန့်မျှ လျော့ချထားသေး၏။ မိုဝူကျိက ကနဦး နတ်ဘုရားအဆင့် ၃ ကျင့်ကြံသူ ဖြစ်ပြီး  အင်အားတစ်ဝက်မျှ ခြွေတာထားသော်လည်း ခွန်းဝူဓားအသိမှာ ကမ္ဘာဖျက် ဖိအားမျိုးကို ထုတ်လွှင့်နိုင်နေသေးကာ ကျောက်အင်္ဂတေအား သေခြင်းတရား အငွေ့အသက်များကို ပေးစွမ်းနေသည်။

တစ်ချိန်တည်းဆိုသလို မိုဝူကျိက လော့ကျမ်းစာရွက် တစ်ရွက်ကို ထုတ်၍ သူ့ကိုယ်သူ ကာကွယ်ထားလိုက်၏။

“ ဂျွတ် ” ကြောက်မက်ဖွယ် သတ်ဖြတ်အငွေ့အတန်းက ကျောက်အင်္ဂတေမှ ဖိအားပြင်းပြင်းဖြင့် ထွက်ပေါ်လာသောကြောင့် မိုဝူကျိက သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ ထိုအရာက ဆယ်မီတာ ရှည်လျားသည့် သွေးဓားသွားအဖြစ် ပြောင်းလဲသွားကာ သူတို့ကြားရှိ လေထုကို ဖြိုခွင်းရင်း သူ့ဆီ ပြေးဝင်လာသည်။

ခွန်းဝူဓားအသိက အလွန်အားကောင်းလွန်းသော်လည်း သွေးဓားဖြင့် ရင်ဆိုင်ရသည့်အခါ စာရွက်လွှာကဲ့သို့ ပါးလွှာသွားဟန် ပေါ်နေ၏။ ထိုအရာကို ဖြတ်ကျော်ပြီးနောက် သွေးဓားသွားက မိုဝူကျိ၏ ဝဲကတော့ စွမ်းအားကတော့အတွင်းသို့ ဝင်ရောက်လာပြီး လော့ကျမ်းစာရွက်ပေါ် ကျရောက်သွားသည်။

“ ဖူး ” မိုဝူကျိက နောက်လွှင့်စင်သွားပြီး ခပ်မာမာ အစွန်းဆီ ရောက်ရှိသွားကာ သွေးအန်လိုက်ရသည်။

သူ့တွင် လော့ကျမ်းစာရွက် ကာကွယ်မှု ရှိထားပြီး ခန္ဓာကိုယ်မှာ နတ်ဘုရားအဆင့် ရုပ်ခန္ဓာ ဖြစ်သော်လည်း သူ့အရိုးများမှာ ကြေမွကုန်ပြီး သူ့စိတ်ဝိညာဉ်ပင် စုတ်ပြတ်သတ်သွားသည်။

မိုဝူကျိက စိတ်ထဲ၌ အတော်လေး ကြောက်ရွံ့မိသွား၏။ မိုဝူကျိက သူ့ကို သတ်နိုင်လောက်သည့် အားကောင်းသောသူ ရှိနေသည့်အကြောင်းကို နားမလည်နိုင်ခြင်း မဟုတ်ဘဲ အန္တရာယ်ကို မခံစားမိ၍ ဖြစ်သည်။ သူ့အာရုံခြောက်ပါး အားကိုးလို့ မရသည့် အချိန်အခါလည်း ရှိဟန် ပေါ်၏။

အကယ်၍ သူက ထိုလူသည် တစ်ခုခု မှားယွင်းနေကြောင်း မခံစားမိဘဲ လော့ကျမ်းစာရွက်ကို တိတ်တဆိတ် ထုတ်၍ ကိုယ့်ဘာသာ ကာကွယ်မထားမိပါက ထိုသွေးဓားသွားသည် သူ့အား အပိုင်းပိုင်း အစစ ဖြစ်သွားပေလိမ့်မည်။ အကြောင်းမှာ သူ့အနေနှင့် လော့ကျမ်းစာရွက်ပင် ထုတ်ချိန် ရလိုက်မည် မဟုတ်ချေ။

“ လော့ကျမ်းလား ” ထိုကျောက်အင်္ဂတေမှ တအံ့တဩ အသံ ထွက်ပေါ်လာပြန်သည်။ မိုဝူကျိက ဤသည်မှာ အမှန်တကယ် အံ့အားသင့်သွားကြောင်း သိလိုက်သည်။ ခွန်းဝူဓားကို တွေ့စဉ်အခါကကဲ့သို့ အတုအယောင် ခံစားချက်မျိုး မဟုတ်ပေ။

“ မင်းက ခွန်းဝူဓားကို အားအပြည့် ထုတ်သုံးရင်းနဲ့  လော့ကျမ်းစာရွက်နဲ့ ကိုယ့်အသက်ကို ကာကွယ်ခဲ့တာပဲ ” ထိုကျောက်အင်္ဂတေမှ အသံသည် တည်ငြိမ်သွားဟန်ဖြင့် ယခင်ကဲ့သို့ ဒေါသမာန်မာနလည်း မရှိတော့ပေ။

မိုဝူကျိ၏ အင်အားမှာ သာမာန် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူများကို ကျော်လွန်နေသောကြောင့် အားတစ်ဝက်သာ ထုတ်သုံးထားသော်လည်း ကျောက်အင်္ဂတေအထဲရှိ တည်ရှိမှု၏ အမြင်အရ သူက အားအကုန်ထုတ်သုံးထားဟန် ပေါ်နေခြင်း ဖြစ်၏။

မိုဝူကျိတွင် ကုသဆေးလုံးများ မရှိတော့သောကြောင့် မိုးသိမ်းနတ်မြက်ကိုသာ ဝါးစားလိုက်ရပြီး မျိုချလိုက်ရသည်။ ထို့နောက် စတင် ပြန်လည် ကောင်းမွန်လာစေရန် သူ့အသက်ဓာတ်လမ်းကြောင်းကို အသုံးပြုလိုက်တော့သည်။

ကျောက်အင်္ဂတေအတွင်းရှိ တည်ရှိမှုက မိုဝူကျိတွင် လော့ကျမ်းစာရွက်  ရှိနေ၍ ကြောက်နေသည်လား ဒါမှမဟုတ် တခြားအမည်မသိ အကြောင်းအရင်းတချို့ကြောင့်လေလား  သည်းကြီးမဲကြီး ဆက်လက် မတိုက်ခိုက်တော့ပေ။

တစ်နာရီကျော်လွန်သွားပြီးနောက် သူ့ဒဏ်ရာများမှာ အများစု ပြန်ကောင်းလာပြီ ဖြစ်၍ မိုဝူကျိက ပြန်လည် ထရပ်လိုက်သည်။ သူ့ပင်ကိုယ်အသိစိတ်အရ ဤနေရာမှ ထွက်သွားဖို့ရာ အလွန်ခက်ခဲပေမည်။ သူက ထွက်သွားနိုင်ဖို့ရာ ကျောက်အင်္ဂတေအတွင်းရှိ သဘာဝစိတ်ဝိညာဉ်သာ ရှိဟန်ပေါ်သည့် လူနှင့် ညှိနှိုင်းဖို့ လိုအပ်ပေမည်။

သူက ထရပ်လိုက်သည့်အခါ ကျောက်အင်္ဂတေအတွင်းမှ အသံက ထွက်ပေါ်လာပြန်သည်  “ မင်းက အခွင့်ကောင်းနဲ့ တွေ့ခဲ့တာပဲ။ ပြီးတော့ မင်းက ကံတရားကောင်း ရှိထားတယ်။ မင်းဆီမှာ လော့ကျမ်းစာရွက် ရှိရုံတင်မကဘူး ခွန်းဝူဓားလည်း ရှိထားသေးတယ်။ မင်းလိုမျိုး ကံကောင်းပြီး အခွင့်အရေးများတဲ့သူကို ငါ ဆက်တိုက်နေရင်တောင် မင်းကို သတ်နိုင်မှာ မဟုတ်လောက်ဘူး  ဟုတ်တယ်မလား ”

ခွန်းဝူဓားကို ကိုင်ထားရင်း မိုဝူကျိက မလှုပ်ရှားသေးပေ။ အကယ်၍ သူ အားကုန်သုံး တိုက်လျှင်ပင် ကျောက်အင်္ဂတေအတွင်းရှိ တည်ရှိမှုနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။ ကျောက်အင်္ဂတေအတွင်းမှ ပြောသည့်စကားကို တစ်လုံးမှ မယုံနိုင်ပေ။

“ တကယ်လို့ ခင်ဗျား တိုက်ချင်ရင် တိုက်လိုက် … တကယ်လို့ ခင်ဗျား မတိုက်ဘူးဆိုရင် ကျုပ် အစီအရင် စလုပ်တော့မယ်။ ကျုပ်ဆီမှာ ရှိတာက အချိန်ပဲ။ ခင်ဗျားလိုမျိုး လူနဲ့ မဖြေရှင်းနိုင်ဘူးဆိုတာ မယုံဘူး ” မိုဝူကျိ၏ လေသံက တည်ငြိမ်နေသော်လည်း သံသယ အရိပ်အယောင် ရှိနေသေး၏။ ကျောက်အင်္ဂတေအတွင်းရှိ လူသည် မိုဝူကျိက အားအပြည့် တစ်ကြိမ်တစ်ခါသာ ထုတ်သုံးနိုင်လိမ့်မည်ဟု တွေးမိယောင်ယောင် ဖြစ်သွားသည်။ ထို့ကြောင့် ပထမတစ်ခါ တိုက်စဉ်အခါက တစ်ခါတည်း အသေသတ်ဖို့ရာ ရည်ရွယ်ထားခြင်း ဖြစ်၏။

သို့သော်လည်း မိုဝူကျိက အရူး မဟုတ်သောကြောင့် လော့ကျမ်းစာရွက်ကို ထုတ်ကာ တစ်ဖက်လူ၏ တစ်ခါသုံး တိုက်ခိုက်မှုကို တားဆီးရန် သဘာဝစွမ်းအား တစ်ဝက်လောက်ကို ချန်ထားသေး၏။

တစ်ဖက်လူက တိုက်ခိုက်သည် ဖြစ်စေ၊ မတိုက်ခိုက်သည် ဖြစ်စေ သူက ဆက်တိုက်ဖို့ရာ ရည်ရွယ်ချက် မရှိတော့ပေ။ ထို့အစား သူက ထိုဖားကို ဖြည်းဖြည်းချင်း အရေနွာရန် ကြံစည်ထား၏။

“ မင်းက ဉာဏ်ကောင်းသားပဲ။ တကယ်လို့ မင်း ငါ့စကားကို နားထောင်မယ်ဆိုရင် ငါတို့တွေ ဆွေးနွေးလို့ ရပါတယ်။ မဟုတ်ရင်တော့ မင်းအတွက် အကျိုးသိပ်ရှိမှာ မဟုတ်လောက်ဘူး ” ကျောက်အင်္ဂတေအတွင်းရှိ အသံက ပို၍ နွေးထွေးလာဟန် ပေါ်၏။

မိုဝူကျိက ပုံမှန်အတိုင်း ဆက်ပြောလိုက်သည်  “ ကျုပ်လိုမျိုး အဆင့် ၆ နတ်ဘုရား အစီအရင် ဆရာတစ်ယောက် အနေနဲ့ ခင်ဗျားလိုမျိုး ဝိညာဉ်တစ်ကောင်ကို မဖြေရှင်းနိုင်ဘူးဆိုတာ မယုံဘူး ”

သူက အဆင့် ၄ အစီအရင်ဆရာတစ်ယောက်အဖြစ်သို့ ရောက်ခါစ ဖြစ်သော်လည်း တစ်ဖက်လူ၏ သွေးဓားကို လေ့လာပြီးသည့်နောက်တွင် မိုဝူကျိက ဆက်လက် မတိုက်လိုတော့ပေ။ တစ်ဖက်လူက သွေးဓား ဆက်လက်၍ မထုတ်တော့ကြောင်း မည်သူက အတည်ပြုပေးမည်နည်း။ ထို့ကြောင့် သူက ပြောနေရင်း သူ့အစီအရင်အဆင့်အား နှစ်ဆင့်တိုးလိုက်ခြင်း ဖြစ်၏။

“ ခဏ … ငါက မင်းကို တစ်ခါတည်း တိုက်နိုင်တယ်လို့ ထင်နေတာမလား။ ငါ့သဘာဝစွမ်းအားတွေ ကုန်သွားရင်တောင် နောက်ထပ် ထပ်လွှင့်နိုင်သေးတယ်။ မင်းက ပထမဓားသွား၊ ဒုတိယဓားသွားကို တားဆီးလိုက်နိုင်ရင်တောင် တတိယဓားသွားကို တားနိုင်မယ် ထင်နေလား။ မင်းဆီမှာ လော့ကျမ်းစာရွက် ရှိနေရင်တောင် မင်း  မလုပ်နိုင် ….. ”

မိုဝူကျိက တိတ်ဆိတ်သွားလေ၏။ သူက ထိုကျောက်အင်္ဂတေ ဝိညာဉ်သည် မှန်ကန်ကြောင်း သိလိုက်သည်။ သူက အားလုံးကို တားဆီးနိုင်မည် မဟုတ်ပေ။ ပထမတစ်ချက်က သူ့အား လွင့်စင်သွားစေခဲ့သည်။ အကယ်၍ တစ်ဖက်လူက ဓားသွားများ ထုတ်လွှင့်နေလျှင် သူ့အနေနှင့် လော့ကျမ်းစာရွက်နှင့်ပင် တားဆီးနိုင်မည် မဟုတ်ချေ။

လော့ကျမ်းစာရွက်က မကောင်း၍ မဟုတ်ဘဲ သူက အပြည့်အဝ မသန့်စင်ရသေး၍  သူ့အင်အားမှာ နိမ့်ပါးနေခြင်း ဖြစ်သည်။

မိုဝူကျိက တိတ်ဆိတ်နေပြီး အစီအရင်အလံများကို မထုတ်တော့သည်ကို မြင်ကာ ကျောက်အင်္ဂတေ ဝိညာဉ်က ထပ်ပြောလိုက်သည်  “ မင်းဆီမှာ ဘာမှမလိုချင်ဘူး။ ငါ မင်းကို လွှတ်ပေးမယ်။ ဒါက ငါ့ပိုင်နက်ထဲ ရောက်နေတယ်ဆိုတာ မင်းလည်း သိမှာပါ။ တကယ်လို့ ငါသာ မင်းကို သွားခွင့်မပြုရင် မင်းက ငါ့ကို ပျောက်ကွယ်သွားဖို့  ကြိုးစားရင်တောင် မင်း ထွက်သွားနိုင်မှာ မဟုတ်ဘူး ”

“ အဲဒါပဲလား ” မိုဝူကျိက မေးလိုက်သည်။

“ မင်းက ဘာလိုချင်တာလဲ ” ထိုအသံပိုင်ရှင်က နည်းနည်း ဒေါသထွက်လာဟန် ပေါ်၏။

မိုဝူကျိ စိတ်ထဲ၌ သိပ်မကျေနပ်သေးပေ။ သူက ဤသို့ ညှိနှိုင်းသည့် နည်းလမ်းကို မည်မျှ အသုံးပြုပြီး လှည့်ဖျားခဲ့လဲဟု  မည်သူက သိမည်နည်း။

“ အဲဆို ခင်ဗျား ပြောတာက ကျုပ်က ဝင်လာပြီး ခင်ဗျားက ပြန်လွှတ်တော့မှာကို ကျုပ်က ဘာပစ္စည်းမှတောင် မရလိုက်ရဘူးလား ”

မိုဝူကျိက ပြောလိုက်ရင်း မြေပြင်ပေါ်ရှိ လက်စွပ်ဆယ်ကွင်းကျော်ကို သိမ်းဆည်းလိုက်သည်။

“ တော်လောက်ပြီ။ မင်းက လက်စွပ်တွေ အများကြီး ယူပြီးသွားပြီ။ အဲဒီလက်စွပ်တွေထဲမှာ ပစ္စည်းကောင်းတွေ အများကြီးပဲ … အခု မင်းထွက်သွားတော့ ” အသံပိုင်ရှင်က နောက်ထပ် ပြောလိုက်သည်။

“ကျုပ်က ကျုပ်ဘာသာ မြေပေါ်က လက်စွပ်တွေကို ကောက်တာလေ။ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။ ခင်ဗျားက ကျုပ်ကို မျှားခေါ်ထားတာ ဆိုတော့ ကျုပ်က ခင်ဗျားကို ထောင်ချောက်ထဲ ဖြည်းဖြည်းချင်း သတ်ဖို့ လုပ်ထားတာ … …. ပြီးတော့ … ”  မိုဝူကျိက စကားတစ်ဝက်တစ်ပျက်ဖြင့် လက်စွပ်ပေါ်မှ အတားအဆီးများကို ချိုးဖျက်လိုက်သည့်အခါ သူ ကောက်ယူထားသည့် အရာအားလုံးမှာ လုံးဝ ဗလာ ဖြစ်နေကြောင်း သိလိုက်ရသည်။

“ အရမ်းကောင်းတယ် … အထဲက ပစ္စည်းတွေကို ခင်ဗျား ယူပြီးပြီပဲ။ ကျုပ် ဘာမှမရမှတော့ ဖြေရှင်းနေစရာ မလိုတော့ဘူး။ ခင်ဗျားဘာသာ ဆက်ပြီး သွေးဓားတွေကိုသာ ထုတ်နေလိုက်တော့ ” မိုဝူကျိက လော့ကျမ်းစာရွက်ကို ထုတ်ထားပြီးပြီ ဖြစ်သောကြောင့် ခွန်းဝူဓားကို သူ့ကိုယ်သူ ကာကွယ်ဖို့ရာ ဓားသွားအဖြစ် ပြောင်းလဲလိုက်သည်။

ထို့နောက် သူ့လက်ထဲမှ အစီအရင်အလံများကို ဆက်တိုက် ပစ်လွှတ်လိုက်ပြီး နတ်ဘုရား ပိတ်လှောင်ရေး အစီအရင်နှင့် သေမင်းထောင်ချောက် အစီအရင်ကို ခင်းကျင်းနေမှန်း သိသာလှသည်။

“ ရပ်စမ်း ” ကျောက်အင်္ဂတေအတွင်းရှိ ဝိညာဉ်က မိုဝူကျိ ခင်းကျင်းနေသည့် ထောင်ချောက်အစီအရင်ကို သတိပြုမိသည့်အလား အော်ပြောလိုက်သည်။

မိုဝူကျိက ထောင်ချောက် အစီအရင်ကို ဆက်လုပ်နေရုံသာမက မြောက်များစွာသော လျှပ်စီးချက်များလည်း ပစ်လွှတ်လိုက်သည်။

လျှပ်စီးချက်များက ကျောက်အင်္ဂတေပေါ် ရောက်နေသည်နှင့် ဝိညာဉ်က တုန်ခါလာသလို ခံစားမိလိုက်သည်။ သူ့စိတ်ထဲ၌ ရယ်မောမိလိုက်သည်။ ထိုလူက လျှပ်စီးချက်များကို ကြောက်ရွံ့သည်မှာ သိသာလှ၏။

ထို့နောက် သူက လျှပ်စီးချက် နှစ်ချက် ထပ်မံ ပစ်လွှတ်လိုက်သည်။ တစ်ချက်မှာ ကျောက်အင်္ဂတေဆီ ရောက်သွားပြီး နောက်တစ်ချက်မှာ အပေါ်တွင် မျှောနေသည့် ဆေးလုံးဆီ ဖြစ်၏။

လျှပ်စီးချက်က ဆေးလုံးကြီးဆီ ရောက်ရှိသွားသည့်အခါ သွေးမြူများစွာ ဖြစ်ပေါ်လာသည်။

“ ချက်ချင်း ရပ်စမ်း … မင်း ငါ့ဆေးလုံးကို ထပ်တိုက်ရင်  နောက်ထပ် နှစ်သန်းချီ ကြာမယ်ဆိုရင်တောင် မင်းကို အနိုင်ပိုင်းပစ်မယ် ” အသံပိုင်ရှင်က ဒေါသတကြီး အော်ပြောလိုက်ပြီး ဒေါသအငွေ့အသက်များ မြင့်တက်လာသည်။ မိုဝူကျိက လျှပ်စီး သဘာဝ ကျင့်ကြံသူ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဤတစ်ကြိမ်၌ မိုဝူကျိက တိုက်ခိုက်မှု ရပ်တန့်လိုက်သည်။ သူက ယခု ကျောက်အင်္ဂတေ ဝိညာဉ်သည် အမှန်တကယ် စိတ်ဆိုးဒေါသထွက်နေကြောင်း ခံစားမိ၏။ ထို့အပြင် သူ့စကားများက အမှန် ဖြစ်၏။ ဆိုလိုသည်မှာ အသက်သွေး ဆေးလုံးကြီးက ထိုဝိညာဉ်အတွက် အလွန်အရေးပါဟန် ပေါ်သည်။ ထိုဆေးလုံးသည် လိပ်ခွံကျွန်းဆီ ရောက်ရှိလာသည့် အသက်သွေးနှင့် သဘာဝစွမ်းအားများနှင့် ပြုလုပ်ထားခြင်းသာ ဖြစ်ရမည်။ ဝိညာဉ် အလိုရှိသည့်အရာမှာ ပြန်လည် ကောင်းမွန်လာနိုင်သည့်အရာမျိုး ဖြစ်လိမ့်မည်ဟု မှန်းဆမိလိုက်သည်။

မိုဝူကျိက တိုက်ခိုက်မှု ရပ်တန့်လိုက်သည်ကို မြင်ပြီး ဝိညာဉ်က သက်ပြင်းချကာ မေးလိုက်သည်  “ မင်း ဘာလိုချင်တာလဲ ”

“ ကျုပ်ဆီမှာ ကျင့်ကြံရေး အရင်းအမြစ်တွေ လိုအပ်နေတယ်။ တကယ်လို့ ကျုပ်ကို ထိပ်တန်းအဆင့် နတ်ဘုရားကျောက် သန်းတစ်ရာနဲ့ ထိပ်တန်းအဆင့်နဲ့ ထိပ်သီးအဆင့် နတ်ဝိညာဉ်သွေးကြော တစ်သောင်း ပေးမယ်ဆိုရင် လုံလောက်ပါပြီ ” မိုဝူကျိက ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။

***

All Chapters