ခင်ဗျားက အကြံကြီးတယ်
Vol. 68 Ch. 948
ဤတစ်ကြိမ်၌ ရယ်မောသည့်အထိ ဒေါသထွက်မိသွားသူမှာ ဝိညာဉ် အလှည့် ဖြစ်၏ “ အဲဒီ နတ်ဘုရားကျောက် သန်းတစ်ရာနဲ့ နတ်ဝိညာဉ်သွေးကြော တစ်သောင်းလောက်က မြေပြင်ပေါ် တွေ့နေရတဲ့ ကျောက်ခဲတွေလို ထင်နေလား။ ငါ မင်းကို မညာဘူး။ ရှိသမျှ နတ်ဝိညာဉ်သွေးကြောနဲ့ နတ်ဘုရားကျောက်တွေအားလုံးကို ငါ သုံးပစ်လိုက်ပြီ။ တစ်ခုတောင် မကျန်တော့ဘူး ”
“အဲဆိုလည်း ကိုယ့်လမ်းကို သွားကြတာပေါ့ ” မိုဝူကျိက လက်ဝါးဖြန့်လိုက်သည့်အခါ လျှပ်စီးတချို့ ဖြစ်တည်လာသည်။
“ခဏ … မင်းဆီမှာ ဆေးလုံး မရှိလို့ ဆေးပင်တွေ ဒီအတိုင်း ဝါးစားနေရတာမလား။ မင်းအတွက် ဆေးလုံးတချို့ ရှိတယ် ” ထိုသို့ပြောပြီးနောက် မိုဝူကျိထံ ကျောက်စိမ်းတစ်ပုလင်း ပစ်ပေးလိုက်လေ၏။
သို့သော်လည်း သူက ကျောက်စိမ်းပုလင်းကို ယူဖို့ရာ စိတ်ထဲ မရှိသောကြောင့် မြေပြင်နှင့် ထိကာ ဒေါက်ခနဲ အသံထွက်လာတော့သည်။
“ ဒါက ဘာအဓိပ္ပါယ်လဲ ” ထိုကျောက်အင်္ဂတေ ဝိညာဉ်က စိတ်မသာမယာ ဖြစ်မိသွားသည်။
မိုဝူကျိက အေးစက်စက် ရယ်မောလိုက်ပြီး “ အခု ကျုပ်က ခင်ဗျားကို ဆေးလုံး ပေးရင် ခင်ဗျားဆိုရင်ရော စားရဲမှာလား ”
“ မင်းက အခုအထိ အသက်ရှင်နေတာ မထူးဆန်းတော့ပါဘူး။ မင်းက အရမ်းကို သတိကြီးတယ်။ မင်းလိုမျိုး ပါမွှားကို ဖြေရှင်းဖို့ အဆိပ်ကို သုံးဖို့ရော လိုလို့လား ” ဝိညာဉ်က ပြန်လည် ချေပလိုက်သည်။
ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက်ကို အဆိပ်ခတ်ရမှာလား ….
ထိုသို့ဆိုလျှင်ပင် မိုဝူကျိက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည် “ တခြားသူကို ဒုက္ခပေးဖို့ ရည်ရွယ်ချက် မရှိသင့်ဘူးဆိုပေမဲ့ အမြဲတမ်းတော့ သတိထားရမယ်လေ။ တကယ်လို့ ကျုပ်သာ အဲလောက် မလုပ်နိုင်ရင် တခြားသူရဲ့ ဓားသွားအောက် သေနေပြီးတာ ကြာလောက်ရောပေါ့ ”
သူက ပြောလိုက်ရင်း သူ့လက်ထဲရှိ လျှပ်စီး အငွေ့အသက်များက ပို၍ သိပ်သည်းလာသည်။
“ ကောင်းပြီလေ။ ဒီကို ဖြတ်သွားတဲ့ ဆေးလုံးပညာရှင်တစ်ဦး ရှိတယ်။ သူက ဆေးမီးဖိုနဲ့ ဆေးလုံးသန့်စင်တဲ့ ကျောက်စိမ်းပြားတစ်ချို့ကို ချန်သွားခဲ့တယ်။ မင်းကို ပေးလိုက်မယ်။ မင်းက အဲဒါတွေကို တတ်ကျွမ်းသွားတာနဲ့ မင်းအနေနဲ့ ဆေးပင်တွေ အစိမ်းလိုက် စားနေစရာ မလိုတော့ဘူး ” ဝိညာဉ်က စကားအဆုံးတွင် ငေါ့တော့တော့ ပြောလိုက်သည်။
ထို့နောက် မိုဝူကျိထံ လက်စွပ်တစ်ကွင်း ပစ်ပေးလိုက်သည်။
မိုဝူကျိက ဘာမှဂရုစိုက်တော့ဘဲ လက်စွပ်ကို ဖမ်းလိုက်ပြီး စိတ်စွမ်းအား ပို့လွှတ်လိုက်သည်။ သူက ဆေးဖော်စပ်နည်း ကျောက်စိမ်းပြားများစွာ၊ ဆေးပညာ ဗဟုသုတများ၊ နတ်ဆေးပင် အမျိုးမျိုးနှင့် ရှားပါးသော ဆေးပင်တချို့ကို မြင်လိုက်ရသောကြောင့် သူ့နှလုံးခုန်နှုန်းပင် မြန်မိသွားလေ၏။ ဤသည်မှာ သူ လိုအပ်နေသည့်အရာနှင့် ကွက်တိ ဖြစ်၏။
နတ်ဘုရားလောကသို့ ရောက်ရှိလာပြီးနောက် သူက ဆေးလုံးတစ်လုံးမှ မဖော်စပ်ဖြစ်ခဲ့ပေ။ နတ်ဆေးပင်အများစုကို မသိသည့်အပြင် သူက ဆေးလုံးဖော်စပ်နည်း သို့မဟုတ် နတ်ဆေးလုံးအတွက် ဆေးဖော်စပ်နည်းကိုလည်း မသိထားချေ။
သို့သော် ယခု အရာအားလုံးက သူ့ရှေ့မှောက် ရောက်ရှိနေပြီ ဖြစ်သောကြောင့် သူ့အား အလွန်လေး စိတ်လှုပ်ရှားမိစေသည်။ စုတ်ပြတ်နေသည့် ဆေးမီးဖိုကိုတော့ လျစ်လျူရှုထားလိုက်တော့သည်။
ထိုသို့ဆိုလျှင်ပင် မိုဝူကျိက လက်စွပ်အား စိတ်ခံစားချက် ကင်းမဲ့စွာဖြင့် သိမ်းဆည်းလိုက်ပြီး “ ဆေးလုံး ဖော်စပ်ဖို့လား … ကျုပ်က အဲလောက် ရည်မှန်းချက် မကြီးဘူး။ ဆေးလုံးဖော်စပ်ချင်တယ်ဆိုတာနဲ့ပဲ လူတိုင်းက ဆေးလုံး ဖော်စပ်တတ်ရောလား။ ဒါပေမဲ့ အဲပစ္စည်းတွေကို နတ်ဘုရားကျောက်တွေနဲ့ လဲလှယ်လို့ ရတယ်ဆိုတော့ သိမ်းထားလိုက်ပါ့မယ်။ ဒါပေမဲ့ ပစ္စည်းက မလုံလောက်သေးဘူး ”
ဤအရာက လျှောက်ပြောနေခြင်းတော့ မဟုတ်ပေ။ အကယ်၍ သူသာ အင်မော်တယ် မော်တယ်ကျင့်စဉ်ကို မကျင့်ကြံဖြစ်ပါက သူ့အနေနှင့် ဆေးလုံးဖော်စပ်ခြင်းအား သင်ယူမိမည် မဟုတ်ပေ။ ဆေးလုံးဖော်စပ်ခြင်းမှာ ပါရမီ လိုအပ်ရုံသာမက အရင်းအမြစ်များစွာနှင့် အချိန်များစွာလည်း လိုအပ်နေသေး၏။
ဆေးလုံးဆရာတစ်ယောက် ဖြစ်လာဖို့ရာ အရင်ဦးစွာ ချမ်းသာဖို့ လိုအပ်ပေသည်။ မဟုတ်လျှင် သင်ယူဖို့ရာ တွေးပင် မတွေးသင့်ပေ။ ဒုတိယအနေနှင့် ကျင့်ကြံရေး ပါရမီအထုံ ပါရမည် ဖြစ်ပေသည်။ မဟုတ်လျှင် ဆေးလုံးတာအို မဖြစ်တည်လာခင် သက်တမ်း ကုန်သွားနိုင်၏။ တတိယအနေနှင့် ဆေးလုံးဖော်စပ်ဖို့ရာ ပါရမီ ရှိရမည် ဖြစ်၏။ ထိုအချက်များ တစ်ချက်မှ လိုအပ်နေ၍ မဖြစ်ပေ။
မိုဝူကျိ၏ စကားကို ကြားပြီး ဝိညာဉ်က အံ့အားသွားသော်လည်း ပြန်လည် ချေပမပြောဆိုပေ။ ထို့အစား သူက နောက်ထပ် လက်စွပ်တစ်ကွင်း ထုတ်ကာ မိုဝူကျိထံ ပစ်ပေးလိုက်ပြီး “ ဒီအထဲမှာ မှော်ရတနာတွေ ပါတယ်။ မင်းအတွက် ကြိုက်တာ တစ်ခု ရွေးချယ်နိုင်တယ် ”
မိုဝူကျိက ဒေါသချောင်းခနဲ ထကာ “ ခင်ဗျားက ဉာဏ်များနေတာပဲ ”
ဝိညာဉ်က အေးစက်စက် ပြောလိုက်သည် “ ငါက ဘယ်လိုလုပ် ဉာဏ်များရမှာလဲ။ ငါ မင်းကို ပေးတဲ့ အညံ့ဆုံး မှော်ရတနာကတောင် နတ်ဘုရား အလယ်အလတ်အဆင့် ရှိတယ်။ မင်းက ခွန်းဝူဓားကို လျှောက်ဝှေ့ယမ်းနေပြီးတော့ သဝေထိုးလျှောက်သွားနေမယ်လို့တော့ မထင်ဘူး ”
မိုဝူကျိက ပြန်ဖြေလိုက်သည် “ အဲဒီမှော်ရတနာက တခြားသူတွေကို သတ်ပြီး ရထားတာမလား။ ခင်ဗျား သတ်ထားတဲ့ လူရဲ့ အပေါင်းအပါတွေ ကျုပ်ကို မြင်ရင် လိုက်သတ်အောင်လို့ အကွက်ဆင်နေတာမလား။ ခင်ဗျားကို ဉာဏ်များတယ်လို့ ပြောတာ ကျုပ် အမှားလား ”
“ မင်း …” ဝိညာဉ်က ထိုမျှအထိ မတွေးထားခဲ့ပေ။ သူက မိုဝူကျိ စကားများကို ကြားသောအခါ အသက်ပင် မရှုနိုင်တော့သလို ခံစားလိုက်ရ၏။
“ ကောင်းတယ်။ အဲဆို အဲလက်စွပ် ပြန်ပေး … မင်းကို တခြားတစ်ခု ပေးမယ် ” ဝိညာဉ်က မိုဝူကျိ လက်ထဲမှ လျှပ်စိးချက်ကို ကြောက်ရွံ့သည့်အလား ဒေါသကိုသာ အတင်းမျိုသိပ်လိုက်ရတော့သည်။
မိုဝူကျိက လက်စွပ်ကို မြှောက်ကာ ပြောလိုက်သည် “ ခင်ဗျားဆီ ဒီပစ္စည်းတွေကို သေချာပေါက် ပြန်မပေးနိုင်ဘူးပေါ့။ တကယ်လို့ ခင်ဗျားက ကျုပ်လက်စွပ်ထဲ ကျုပ် မသိဘဲ မှော်ရတနာတချို့ဝှက်ထားလိုက်လို့ အဲဒါတွေကို တခြားရင်းနှီးပြီးသားသူတွေက သိသွားခဲ့ရင် ကျုပ် သေမှာပေါ့။ ကျုပ်က တခြားနေရာဆီ အကုန်လွှင့်ပစ်ဖို့ ရည်ရွယ်ထားပြီးသား … ခင်ဗျား ကျုပ်ကို လိုက်ဖျက်စီးဖို့ ခွင့်မပြုနိုင်ပါဘူး ”
“ ကောင်းပြီ ကောင်းပြီ ” ဝိညာဉ်က ထိုစကားကိုသာ ရေရွတ်လိုက်လေ၏။ အကယ်၍ သူ့တွင် ခန္ဓာကိုယ် ရှိနေပါက သွေးအန်သည့်အထိ ဒေါသထွက်နေမိလောက်မည်။
“ ခင်ဗျားက တကယ်ကြီး အလေးအနက်ပြောနေမှတော့ ကျုပ်ကို ပန်းပဲပစ္စည်းလေးပဲ ပေးလိုက်ပါ့လား။ ကျုပ်ဘာသာ သင်ယူလိုက်မယ်။ တစ်ရက်ကျရင် ကိုယ့်ဘာသာ ထိပ်တန်းအဆင့် နတ်အဆင့် ပစ္စည်း ထုဆစ်နိုင်ရင် ထုဆစ်နိုင်လာမှာ ” မိုဝူကျိက ဝိညာဉ်၏ ဒေါသူပုန်ထမှုအား ဝင်ဖြတ်ပြောလိုက်သည်။
ဝိညာဉ်က ဒေါသထွက်လာကာ “ ပန်းပဲကို လေ့လာတာက ဆေးလုံးဖော်စပ်တာထက် အချိန်ယူရတယ်ဆိုတာ မသိဘူးလား။ တကယ်လို့ မင်းက ဆေးလုံးဖော်စပ်ချင်စိတ် မရှိရင် ဘယ်လိုလုပ် ပန်းပဲ ထုလုပ်ချင်စိတ် နိုင်ပါ့မလဲ ”
မိုဝူကျိက ကိစ္စမရှိသည့်အလား ပုံမှန် ပြန်ဖြေလိုက်သည် “ ကိစ္စမရှိပါဘူး။ ခင်ဗျားက ဝါသနာဆိုတာ မသိဘူးလား။ ကျုပ်က ပစ္စည်းကောင်း ထုလုပ်ဖို့ ရည်ရွယ်ထားတာမှ မဟုတ်တာ အားလပ်တုန်းလေး ပန်းပဲ လုပ်ကြည့်ချင်ရုံလေးပဲ ”
စောစောလေးက သူက ထိပ်တန်းအဆင့် ပန်းပဲ ထုလုပ်မည်ဟု ပြောခဲ့သော်လည်း ယခုအခါ ပစ္စည်းကောင်း လုပ်ဖို့ ရည်ရွယ်ချက် မရှိကြောင်း ပြောနေပြန်သည်။ ဝိညာဉ်အား ရူးသွပ်သွားသည့်အထိ လှည့်စားနေခြင်းသာ ဖြစ်ရမည်။
သို့သော် သူက မိုဝူကျိ၏ ကြောက်မက်ဖွယ် လျှပ်စီးချက်များအား တွေးမိသွားသောအခါ လက်စွပ်တစ်ကွင်းကို ထုတ်ပေးလိုက်ရတော့သည်။ ထို့နောက် ဘာမှဆက်မပြောတော့ပေ။
အကယ်၍ မိုဝူကျိက အတိုင်းအတာထက် ကျော်လွန်၍ လောဘကြီးလာပါက သူတို့ တိုက်ခိုက်ရုံသာ ကျန်ရှိတော့၏။ လောဘကြီးသည့် ပါမွှားလေးကို တိုက်ထုတ်ဖို့ရာ အများဆုံး နှစ်သန်းချီ ကြာရုံလောက်သာ ဖြစ်လိမ့်မည်။
သူ့စိတ်စွမ်းအား လက်စွပ်ပေါ် ကျရောက်သွားစဉ် အဆင့်မြင့် ပန်းပဲသတ္တုများစွာကို မြင်လိုက်ရသောကြောင့် ထခုန်လုမတတ် ပျော်ရွှင်မိသွားသည်။ ဤသည်မှာ သူ လိုအပ်နေသည်နှင့် ကွက်တိ ဖြစ်နေပြန်သည်။ ထိုသတ္တုများက နတ်ဘုရားနယ်မြေ၌ပင် အလွန်အဖိုးတန်ပေ၏။ သူက တစ်ကြိမ်တည်း အများကြီး လက်ခံလိုက်ရခြင်းကို အဘယ်ကြောင့် မပျော်ရွှင်ဘဲ နေမည်နည်း။
မိုဝူကျိက ပျော်ရွှင်နေသော်လည်း အမူအယာ ပြောင်းလဲခြင်းမရှိ လျှပ်စီးချက်များနှင့်အတူ လက်စွပ်ကို သိမ်းဆည်းလိုက်တော့သည်။
“ ကျုပ်ကို ပို့ပေးတော့ …. လိပ်ခွံကျွန်းက မဆိုးပါဘူး။ ကျုပ် ကျွန်းပေါ် နေရာလေး တစ်နေရာလောက် ရှာပြီး ပန်းပဲပညာ လေ့လာမှ ထင်တယ် ” မိုဝူကျိက အစီအရင်အလံများကို သိမ်းဆည်းရင်း ပြောလိုက်ပြန်သည်။
“ မင်းက ဘာထပ်လိုချင်သေးတာလဲ ” ဝိညာဉ်က စိတ်ခံစားချက်ကို ထပ်၍ ဖုံးကွယ်မနေတော့ပေ။
မိုဝူကျိက စိတ်မရှည်စွာဖြင့် “ ဒီနိဗာနတိတ်ဆိတ်မှု ပင်လယ်က အတော်လေး ကြောက်ဖို့ ကောင်းတယ်။ ကျုပ် ဒီအထိ ရောက်လာတာ ကံကောင်းလို့…. အမှန်အတိုင်း ပြောရရင် ကျုပ် ဖြတ်လာရတာကို နောင်တရမိတယ်။ အခု ကျုပ်က ဒီကျွန်းမှာ သောင်တင်နေပြီဆိုတော့ အနည်းဆုံးတော့ နတ်ဘုရားအုပ်စိုးသူအဆင့်အထိ ကျင့်ကြံရမယ်လေ။ ပြီးတော့ ကျုပ်က အရမ်းကြမ်းတမ်းတော့ ဒီနေရာ တစ်ခုက ကျုပ် ကျင့်ကြံဖို့ အသင့်တော်ဆုံးပဲ ”
မိုဝူကျိက လျှောက်ပြောနေမှန်း သိသော်လည်း ဝိညာဉ်က ဘာမှမလုပ်နိုင်ပေ။
ဝိညာဉ်က ဒေါသကို ထိန်းကာ တည်နေရာအပြားတစ်ခုကို ထုတ်ပေးလိုက်ရင်း “ ဒီအထဲမှာ အနီစက်နဲ့ မှတ်ထားတဲ့ ကူးသန်းရေး အစီအရင် ပါတယ်။ အစီအရင်က မင်းကို နိဗာနတိတ်ဆိတ်မှု ပင်လယ်ကနေ တိုက်ရိုက် ခေါ်ဆောင်ပေးသွားလိမ်မ့ယ် ”
“ ကျုပ်ကို ပြန်ပို့မှာတော့ မဟုတ်ဘူးမလား။ ကျုပ်က နတ်ဘုရားနယ်မြေကနေ ဒီရောက်လာဖို့ အများကြီး အားထုတ်ထားရတာ ” မိုဝူကျိက တည်နေရာအပြားကို ယူလိုက်ရင်း သူ့ဘာသာ တွေးတောလိုက်မိ၏။
ဝိညာဉ်က နှာခေါင်းရှုံ့ကာ ထပ်ပြောလိုက်သည် “ မင်း နိဗာနတိတ်ဆိတ်မှု ပင်လယ်ကို ဖြတ်ချင်ရင် အနည်းဆုံး ဆယ်စုနှစ်တော့ ကြာလိမ့်မယ်။ ဒီကူးသန်းရေး အစီအရင်က မင်းကို တခြားတစ်ဖက်ကို ခေါ်သွားပေးလိမ့်မယ် ”
သူ့အင်အား ပြန်ရလာသည့်အခါ သူ ပထမဆုံး သတ်မည့်သူမှာ ဤကနဦး နတ်ဘုရားအဆင့် ပါမွှားကောင်သာ ဖြစ်ပေလိမ့်မည်။ ယခင် သူ့ရုပ်ခန္ဓာကိုယ်ကို ဖျက်စီးခဲ့သော ရန်သူများကား ဤကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူနှင့် ယှဉ်လိုက်လျှင် သူတို့က ချစ်ဖို့ ပိုကောင်းမည် ဖြစ်၏။
“ ဒီလိုဆိုမှတော့လည်း နှုတ်ဆက်ရတော့မှာပေါ့။ တကယ်လို့ ကူးသန်းရေး အစီအရင် မဟုတ်ဘူးဆိုရင် ခင်ဗျားဆီ ပြန်လာပြီး အဖော်ပြုပေးမယ် ” မိုဝူကျိ၏ ခန္ဓာကိုယ်က ဖြတ်ခနဲအတွင်း ပျောက်ကွယ်သွားလေ၏။ မကြာခင် သူက လိပ်ခွံကျွန်း အလယ်မှ အလွယ်လေး ထွက်လာနိုင်လိုက်သည်။
မိုဝူကျိက ထွက်လာပြီးနောက် အဆင့်နိမ့် နတ်မှော်ရတနာဖြင့် အနီစက် မှတ်ထားသည့်နရာသို့ ပျံသန်းလာလိုက်သည်။
သူက ထိုဝိညာဉ်လက်ထဲ၌ သေလုနီးပါး ဖြစ်ခဲ့ရသော်လည်း အကျိူးမြတ်များလည်း ကြီးမားပေသည်။
ဆေးလုံးဖော်စပ်နည်းများက သူ့အား စိတ်ကျေနပ်စေပြီ ဖြစ်ရာ အဆင့်မြင့် ပန်းပဲပစ္စည်းများ တောင်ပုံရာပုံကိုပါ ထပ်ပေါင်းထည့်လိုက်လျှင် မည်သို့ ဖြစ်သွားမည်နည်း။
ဝိညာဉ်က လိမ်ညာပြောနေခြင်း မဟုတ်ပေ။ သုံးရက်ကြာမြင့်ပြီးနောက် မိုဝူကျိ၏ သင်္ဘောပျံက ပန်းတိုင်သို့ ဆိုက်ရောက်သွားသည်။
သင်္ဘောပျံကို သိမ်းဆည်းပြီးနောက် ပင်လယ်ထဲ တန်းခုန်ဆင်းလိုက်တော့သည်။
ကူးသန်းရေး အစီအရင်က ချင်းဟိုင်လမ်းကြောင်း အောက်ခြေတွင် ရှိနေသောကြောင့် မိုဝူကျိက နေ့တစ်ဝက်လောက် ရှာဖွေလိုက်ရသည်။
သူ အောက်ခြေသို့ ရောက်သွားသောအခါ ကူးသန်းရေး အစီအရင်ကို မြင်လိုက်ရသည်။ ဤသည်မှာ အမည်မသိ အမျိုးအစားဖြင့် ပြုလုပ်ထားပြီး ဤနေရာတွင် မည်မျှ ကြာမြင့်နေကြောင်း မည်သူမှ မသိကြသော်လည်း ပျက်စီးယိုယွင်းနေသည့် အရိပ်အယောင် မရှိချေ။
ထို့အပြင် အသုံးပြုထားသော ပစ္စည်းအမျိုးအစားမှာလည်း မိုဝူကျိနှင့် စိမ်းသက်နေသည်။
သူက ကူးသန်းရေး အစီအရင်ပေါ် ရပ်လိုက်ပြီးနောက် တစ်ခုကို မေ့လျော့မိသွားသည်။ ကူးသန်းရေး အစီအရင် အသက်ဝင်လာဖို့ရာ ထိပ်တန်းအဆင့် နတ်ဘုရားကျောက်များ လိုအပ်ပေသည်။ သူ့တွင် ဘာရှိသနည်း။ ထိုဝိညာဉ်က သူ့ကို တစ်ခုတစ်လေမျှ မပေးလိုက်ပေ။
မိုဝူကျိက ရွေးချယ်စရာ မကျန်တော့ဘဲ ချူယို့ ပေးထားသော အဆင့်မြင့် နတ်ဝိညာဉ်သွေးကြောကိုသာ ထုတ်လိုက်ရတော့သည်။
အစီအရင်အလံများကို တစ်ခုပြီး တစ်ခု ခင်းကျင်းပြီးနောက် အဆင့်မြင့် နတ်ဝိညာဉ်သွေးကြောမှ နတ်ဝိညာဉ်စွမ်းအားများသည် ကူးသန်းရေး အစီအရင်ထဲ စီးဝင်သွားကြသည်။
မိုဝူကျိအား အံ့အားသင့်သွားစေသည်က ကူးသန်းရေး အစီအရင် အသက်ဝင်လာသည့်အခါ အဆင့်မြင့် နတ်ဝိညာဉ်သွေးကြောမှ နတ်ဝိညာဉ်စွမ်းအားများသည် ဝဲကတော့တစ်ခု ဖြစ်တည်လာပြီး ကူးသန်းရေး အစီအရင်မှ စုပ်ယူခြင်းကို ခံလိုက်ရသည်။ ထိုဝိညာဉ်သွေးကြောက မျက်စိနှင့် မြင်နိုင်သည့် နှုန်းနှင့် ကုန်ဆုံးသွားလေ၏။
ကူးသန်းရေး အစီအရင်ပတ်လည်ရှိ အလင်းတန်းများ တောက်ပလာသောကြောင့် မိုဝူကျိကို ထိုအလင်းတန်းများက လွှမ်းခြုံသွားကာ နိဗာနတိတ်ဆိတ်မှု ပင်လယ်အောက်ခြေမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။
***