← Chapters

လယ်စိုက်ခြင်း

Vol. 68 Ch. 949

လယ်စိုက်ခြင်း

Vol. 68 Ch. 949

မိုဝူကျိ၏ ကျင့်ကြံဆင့်ဖြင့်ပင် အကွာအဝေး များများ သွားလာလိုက်ရသောကြောင့် မူးဝေဝေ ခံစားလိုက်ရသေး၏။ သူ နိုးထလာသည့်အချိန်တွင် သူက ကူးသန်းရေး အစီအရင်အလယ်သို့ ရောက်ရှိနေပြီ ဖြစ်၏။

အစီအရင်မှ မထွက်သေးဘဲ စိတ်စွမ်းအားဖြင့် အရင်ဆုံး စစ်ဆေးကြည့်လိုက်သည်။ ကြည့်ရသည်မှာ မြေအောက် ကျောက်တုံးအိမ်တစ်ခုလိုမျိုး ဖြစ်လိမ့်မည်။ အိမ်တွင် တံခါးတစ်ချပ် မရှိသော်လည်း စိတ်စွမ်းအားကို တားမြစ်ထားသည့် အကာအရံ ချထား၏။ ထိုအတားအဆီးနောက်တွင် မြေကြီးနှင့် ကျောက်တုံးများသာ ရှိသည်။ အတားအဆီးများကြောင့် သူ့စိတ်စွမ်းအားက ဝေးဝေး ထုတ်လွှင့်၍ မရပေ။

မိုဝူကျိက သက်ပြင်းချလိုက်မိ၏။ ဤနေရာကို လူသူအရောက်အပေါက် မရှိသည်မှာ ကြာမြင့်မှန်း သိသာလှသည်။

အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် သူက ကူးသန်းရေး အစီအရင်နှင့် စိတ်စွမ်းအား အတားအဆီးများမှ ထွက်သည်နှင့် တစ်ချိန်တည်း မြေကမ္ဘာလွှတ်မြောက်ရေး အဆောင်ကို ထုတ်ထားလိုက်တော့သည်။

သဘာဝ လွတ်မြောက်ရေး နည်းစနစ်များအနက် မိုဝူကျိက လေလွတ်မြောက်ရေး နည်းစနစ်ကိုသာ သိထား၏။ ထို့ကြောင့် သူ့အနေနှင့် မြေသားအလျှောက် သွားလာနိုင်ဖို့ရာ မြေကမ္ဘာ လွတ်မြောက်ရေး အဆောင်၏ အကူကို ယူရသည်။

တစ်နာရီကြာမြင့်ပြီးနောက် မြေပေါ်သို့ ထွက်လာလိုက်သည်။

သူ ရပ်နေသည့် မြေကြီးမှာ လူသူကင်းမဲ့သည့် အိမ်တော်ဟောင်းတစ်ခု ဖြစ်ပြီး နံရံများမှာလည်း ကျိုးပဲ့နေသည်။ နေ့ဘက် ဖြစ်သော်လည်း အနည်းငယ် အုံမှိုင်းမှိုင်း ဖြစ်နေလေ၏။

သူ့ရှေ့ရှိ မြင်ကွင်းသည် လျှပ်စီးဓားအိမ်တော်ကို သတိရသွားစေသည်။ တစ်စုံတစ်ယောက်က ဂိုဏ်းတစ်ခုလုံးကို အပြတ်ရှင်းပြီးနောက် မည်သူမှ ရောက်မလာသည့်နှယ် ပေါ်နေသည်။

သူ့စိတ်စွမ်းအားကို တဖန် ဖြန့်ကျက်လိုက်ပြန်သည်။ ဘေးပတ်လည်ကား ထင်ထားသည့်အတိုင်း လူသူကင်းမဲ့နေသည်။ မီတာ တော်တော်လှမ်းလှမ်းတွင် မြစ်တစ်စင်း တည်ရှိနေ၏။

မိုဝူကျိက ပုံမှန်သွားလာကာ အဆင့် ၂ နတ်ဆေးပင် ဖြစ်သည့်  မိုးသိမ်းနတ်မြက် တစ်ဆုပ်ကို ခူးဆွတ်လိုက်သည်။ ဤအိမ်တော်တွင် အဆင့် ၂ နတ်ဆေးပင်များ ရှိနေသည့်အတွက် ရိုးရှင်းမည်တော့ မဟုတ်ပေ။

သူက အိမ်တော်မှ ထွက်သွားတော့မည့်ဆဲဆဲတွင် ယာဉ်ပျံတစ်စင်း ဆင်းသက်လာလေ၏။

ရက်ရက်စက်စက် လှသည့် အမျိုးသမီးတစ်ဦး ထွက်လာသည်။ သူမ ထွက်လာသည်နှင့် အိမ်တော်သို့ စတင် ဦးတည်လိုက်သည်။ သူမက မိုဝူကျိကို ချက်ချင်း မြင်လိုက်၏။

“ ဒီမှာ ဘာလုပ်နေတာလဲ ” မိန်းမလှလေးက မေးခွန်း တစ်ခု မေးလိုက်ပြီး မိုဝူကျိ ဤနေရာသို့ ဘယ်အတွက် ရောက်နေကြောင်း လေ့လာလိုက်သည်။ သူမအကြည့်က  သူလက်ထဲရှိ အဆင့် ၂ နတ်ဆေးပင်တွေဆီ ရောက်သွားလေ၏။

မိုဝူကျိက လေးလေးစားစား ဦးညွှတ်လိုက်ပြီး  “ ဒီမှာ နတ်ဆေးပင်တချို့ကို မြင်မိလို့ တစ်ချက် လာကြည့်ချင်ရုံလေးပါ။ ဒါက အစ်မကြီးရဲ့ ပိုင်နက်မှန်း မသိလိုက်လို့ပါဗျ … ကျုပ်က အခုမှ ရောက်လို့ ဒီမိုးသိမ်းနတ်မြက်လေးကိုပဲ ကြည့်ရသေးတာပါဗျ ”

အစ်မကြီးတဲ့လား….

မိန်းမလှလေးက မိုဝူကျိသည် သူမအား အစ်မကြီးဟု ခေါ်သည်ကို ကြားသောအခါ သူမ မျက်ဝန်းမှာ အနည်းငယ် နီရဲသွားလေ၏။ တစ်ယောက်ယောက်က သူမကို အစ်မကြီးဟု မခေါ်သည်မှာ မည်မျှ ကြာပြီနည်း။ သူမ စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ သူက အမှန်အတိုင်း ပြောနေကြောင်း အတည်ပြုလိုက်နိုင်၏။ အကြောင်းမှာ သူ ခူးထားသည်မှာ မိုးသိမ်းနတ်မြက်သာလျှင် ရှိ၏။

“ မင်းက မိန်အိမ်တော်ကို လာပြီး ဆေးပင် လာရှာတာလား။ မင်း မကြောက်ဘူးလား ” မိန်းမလှလေးက နားမလည်စွာဖြင့် မေးလိုက်သည်။

ကြောက်ရမှာလား ….

မိုဝူကျိက မေးခွန်းဖြင့် ပြန်တုံ့ပြန်လိုက်သည်  “ အစ်မကြီး  ဒါနဲ့လေ ဒီမှာ အတားအဆီး မရှိတော့ ကျင့်ကြံသူတွေကို နတ်ဆေးပင် လာရှာဖို့ ခွင့်မပြုထားမှန်း မသိလို့ပါ။ ကျုပ် ချက်ချင်း ထွက်သွားပေးပါ့မယ် ”

မိန်းမလှလေးက အပြုံးဖြင့် “ ကိစ္စမရှိပါဘူး။ မင်းက ဒီအနီးတစ်ဝှက်က ကျင့်ကြံသူ မဟုတ်ဘူးမလား ”

မိုဝူကျိက တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြကာ  “ ဟုတ်ပါတယ်။ ကျုပ်က အဝေးက နယ်လှည့်ကျင့်ကြံသူပါ။ ကျုပ် ကျင့်ကြံရေး ပါရမီက အရမ်းနိမ့်ကျတော့ တခြားသူတွေက အမြဲနှိမ်ကျတယ်လေ။ အဲဒါနဲ့ ကျုပ်အတွက် ဆန်းပြားတဲ့ ဖြစ်ရပ်နဲ့များ ကြုံရမလား ဆိုပြီး ဇာတိမြို့ကနေ ထွက်လာတာပါ ”

“ ဆန်းကြယ်တဲ့ ဖြစ်ရပ်မျိုးနဲ့ ကြုံရဖို့လား ” မိုဝူကျိ၏ စကားကို ကြားပြီးနောက် မိန်းမလှလေးက ထပ်ကာ ထပ်ကာ ရေရွတ်လိုက်သည်။ ထို့နောက် သူမက အတွေးထဲ နှစ်မြှောသွားပြီး ရုတ်တရက် တစ်ခုခု တွေးမိသွားဟန် ပေါ်သည်။

သူ့အာရုံခံစွမ်းအရ ထိုမိန်းမလှလေး၏ ကျင့်ကြံဆင့်မှာ နတ်ဘုရားအုပ်စိုးသူအဆင့် ဖြစ်သောကြောင့် သူ့အနေနှင့် သတိလက်လွှတ် ထွက်မသွားရဲပေ။ ထို့အပြင် သူမနောက် လိုက်ပါလာသည့် အစေခံမိန်းကလေးတချို့လည်း ပါပေသည်။ သူတို့က အိမ်တော်အပြင်ဘက် ယာဉ်ပျံဘေးတွင် ရပ်စောင့်နေကြ၏။

သူမက မြန်မြန်ဆန်ဆန် အသိပြန်ဝင်လာကာ မိုဝူကျိအား နူးနူးညံ့ညံ့ ကြည့်လိုက်ပြီး  “ ပါရမီ မပါတာက ဘာမှမမှားပါဘူး။ မင်းအနေနဲ့ ကိုယ့်ဘာသာ ဆန်းကြယ်မှာကို ရှာမယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ချက်ကို လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ တကယ်လို့ မင်း စိတ်မရှိရင် မင်း ငါတို့ရဲ့ မိုးကောင်းကင်ငယ်ဂိုဏ်းကို ဝင်လို့ ရပါတယ် ”

မိုးကောင်းကင်ငယ်ဂိုဏ်းကို ဝင်ဖို့လား….

မိုဝူကျိက ထိုကမ်းလှမ်းမှုကြောင့် ကြောင်အမ်းသွားမိသည်။

ဤသည်က နတ်ဘုရားကုန်းမြေရော ဟုတ်ရဲ့လား ….

နတ်ဘုရားကုန်းမြေရှိ ဂိုဏ်းများက အလွယ်လေး ဝင်လို့ ရတာလား …..

မိုးကောင်းကင်ဂိုဏ်းအစား ဘာလို့ မိုးကောင်းကင်ငယ်ဂိုဏ်း ဖြစ်နေရတာလဲ ….

မိန်းမလှလေးက မိုဝူကျိသည် သူမ စကားများကို အထင်မှားသွားမှန်း သိ၍ ပြုံးကာ ရှင်းပြလိုက်သည်  “ မင်းရဲ့ ဝိညာဉ်အရှိန်အဝါက မသိသာဘူးလေ။ အဲဆိုတော့ မင်းရဲ့ ဝိညာဉ်ကြောတွေက အရမ်းကို ဆိုးဝါးတာပဲ ဖြစ်လိမ့်မယ်။ ငါ ပြောတဲ့ ဂိုဏ်းထဲ ဝင်ဖို့ဆိုတာက မိုးကောင်းကင်ငယ်ဂိုဏ်းသားအနေနဲ့ ပြောတာ မဟုတ်ဘူး။ ဂိုဏ်းကို စိတ်ဝိညာဉ် ဆန်နဲ့ တချို့ ဆေးပင်တွေ စိုက်ပျိုးရေးမှာ  ကူညီပေးဖို့အတွက်  ပြောတာ  ”

အဆုံး၌ ဂိုဏ်းကို ဝင်လိုက်ခြင်းသည် တောက်တိုမယ်ရ သဘောမျိုးသာ ဖြစ်သွားတော့သည်။ “တကယ်လို့ စိတ်မရှိရင်” ဆိုသည့် စကားကို ထည့်ပြောထားခြင်းကို မိုဝူကျိက လျစ်လျူရှုထားလိုက်၏။ ထိုသည်မှာ သူ့မာနကို ထည့်စဉ်းစား၍ ပြောပေးခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ မိုးကောင်းကင်ငယ်ဂိုဏ်းအတွက် ဆန်နှင့် ဆေးပင် စိုက်ပျိုးခြင်းသည် အပြိုင်အဆိုင်များသော တည်နေရာမျိုး ဖြစ်လိမ့်မည်။

သူက ရောက်လာခါစ ဖြစ်သည့်အပြင် သူ့ကျင့်ကြံဆင့်မှာလည်း ရပ်တန့်နေသေးသောကြောင့် မိုဝူကျိက ခဏတာ တုံ့ဆိုင်းနေပြီးနောက် သဘောတူလိုက်သည်  “ အစ်မကြီးက ကျုပ်ကို ဒီလိုအခွင့်အရေးမျိုး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ် မိုးကောင်းကင်ငယ်ဂိုဏ်းကို ဝင်ချင်ပါတယ် ”

အခွင့်အရေးဟု ယူဆ၍ ရသည်များလား ….

မိန်းမလှလေးက မိုဝူကျိအား တစ်ဖန် ပြန်ကြည့်လိုက်သည်။ သူမက သူနှင့် စကားအနည်းငယ်မျှသာ ပြောရသေးသော်လည်း မိုဝူကျိက နောက်ခံရှိသည့် လူဟု ခံစားမိနေသည်။ ထို့အပြင် သူက သူမ၏ သေဆုံးသွားပြီးသော မောင်လေးကို သတိရသွားစေ၏။

ထိုအတွေးက သူမ စိတ်ထဲ ဖြတ်ခနဲ ဝင်ရောက်လာပြီးနောက် သူမက အပြင်ဘက်ရှိ အစေခံမိန်းကလေးတို့ကို လှမ်းပြောလိုက်သည်  “ မြန့်ဟယ် …. ”

“ ဒါနဲ့ မင်း နာမည်ကရော ” မိန်းမလှလေးက မိုဝူကျိ နာမည်ကို မသိရသေးကြောင်း သတိရသွားပြီး မေးလိုက်သည်။

“ ကျုပ်နာမည်က မိုဝူကျိပါ ” မိုဝူကျိက နတ်ဘုရားနယ်မြေ မဟုတ်သောကြောင့် သူ့နာမည်အရင်းအား ဖုံးကွယ်နေစရာ မလိုကြောင်း ခံစားမိ၍ အမှန်အတိုင်း ပြောလိုက်သည်။

မိန်းမလှလေးက ခေါင်းညိတ်ကာ  “ အပင်စိုက်ပျိုးရတာက ခက်ခဲတယ်ဆိုပေမဲ့ မင်းအနေနဲ့ နှစ်စဉ်နှစ်တိုင်း ဂိုဏ်းကနေ ပို့ချပေးမဲ့ တာအိုကို နားထောင်ဖို့ အခွင့်အရေးတွေ ရှိတယ်။ မင်း ရှာနေတဲ့ ဆန်းကြယ်မှုက ဘယ်လိုမှန်း မသိပေမဲ့ ဒါက အနည်းဆုံးတော့ အခွင့်အရေး တစ်ခုပဲ  ”

“ အစ်မကြီးကို ကျေးဇူးတင်ပါတယ် ” မိုဝူကျိက ကျေးဇူးစကားဆိုလိုက်သည်။ သူမက သူ့အား တွေ့တွေ့ချင်း အလုပ်တစ်ခု ရှာပေးခဲ့သည်။

ဘယ်လောက်တောင် ကံကောင်းလိုက်လေလဲ ….

သူက အလုပ်ကို စိတ်ထဲ မထားသော်ငြား အဓိကအချက်မှာ မြန်မြန် အခြေကျသွားဖို့ ဖြစ်ပြီး သူ့အနေနှင့် နတ်ဘုရားကုန်းမြေအကြောင်းကို သတင်းစုဆောင်းရင်း ကျင့်ကြံဆင့် မတက်နိုင် ဖြစ်နေသည့် အကြောင်းအရင်းကိုလည်း စုံစမ်းကြည့်ရမည်။

“ မြန့်ဟယ်  ….. မိုဝူကျိကို မိုးကောင်းကင်ငယ် ရွာကို ခေါ်သွားပြီးတော့ မြေ စီစဉ်ပေးလိုက်ပါဦး။ စီမံရေးမှူး ကွမ်းကိုလည်း မိုဝူကျိကို စောင့်ရှောက်ပေးဖို့ မှာလိုက်ဦးနော် ” သူမ စကားအဆုံးတွင် မိုဝူကျိအား ဘာမှမပြောတော့ပေ။ ထို့အစား သူမက ယိုယွင်းပျက်စီးနေသည့် အိမ်တော်ကိုသာ စိုက်ကြည့်လိုက်ပြီး အရင်အမှတ်တရထဲ နှစ်မျှောသွားဟန် ပေါ်နေ၏။

မိုဝူကျိက လေးလေးစားစား ဦးညွှတ်ကာ အိမ်တော်မှ ထွက်သွားလိုက်သည်။

အစိမ်းရောင်ဝတ်စုံနှင့် မိန်းမငယ်လေးက ရောက်လာကာ မိုဝူကျိအား ပြောလိုက်၏  “ ကျွန်မနောက်ကို လိုက်ခဲ့ပေးပါ ”

ထို့နောက် သူမက ပျံသန်းရေးယာဉ်ကို ထုတ်ယူလိုက်သည်။

“ ကျေးဇူးပါ အစ်မကြီး မြန့်ဟယ် ” မိုဝူကျိက သင်္ဘောပျံ မထွက်ခွာခင် ကျေးဇူးတင်လိုက်သည်။

သင်္ဘောပျံ ထွက်ခွာသည်နှင့် မိုဝူကျိက မေးလိုက်သည်  “ အစ်မကြီး မြန့်ဟယ် …. အစ်မကြီးက ကျုပ်ကို မိန်အိမ်တော်ဆီ နတ်ဆေးပင် လာရှာရဲလို့ သတ္တိရှိတယ်ဆိုပြီး ဘာလို့ ထင်သွားတာလဲ ”

သူမက မိုဝူကျိသည် အာသွက်လျှာသွက်မှန်း  ခံစားမိပြီး ထိုမိန်းမငယ်လေးက ယခင်လို အမူအယာကင်းမဲ့သည့် မျက်နှာမျိုး မဟုတ်တော့ဘဲ ပြန်ဖြေလိုက်သည်  “ မိန်မျိုးနွယ် အိမ်တော်က မမလေး မွေးဖွားတဲ့ နေရာလေ။ မိန်မျိုးနွယ်ထဲက တခြားသူတွေရော၊ တခြားမျိုးနွယ်က သူတွေရော သူတို့ဝိညာဉ်လမ်းကြောင်းနဲ့ ဝိညာဉ်ကြောတွေက ကြာကြာနေမိတာနဲ့ ပျက်စီးသွားကြတယ်။ ပိုဆိုးတာက ကမ္ဘာဦး စိတ်ဝိညာဉ်တောင် ပျက်စီးလာရတယ် … ”

သူက ထိုအဖြေကို ကြားသောအခါ ဆက်၍ မမေးရဲတော့ပေ။ မိန်မျိုးနွယ် အိမ်တော်သည် တခြားသူများ၏ လက်ချက်ဖြင့် ပျက်စီးသွားပြီး ထိုမိန်းမလှလေးသည် သေလွန်ပြီးသွားသော သူမ၏ ချစ်ခင်ရသူများကို အမှတ်ရနေခြင်း ဖြစ်၏။ မိန်မျိုးနွယ် အိမ်တော်သည် နိဗာနတိတ်ဆိတ်မှု ပင်လယ်နှင့် ဆက်နွယ်နေသောကြောင့် ကမ္ဘာဦး စိတ်ဝိညာဉ်များ၊ ဝိညာဉ်လမ်းကြောင်းနှင့် ဝိညာဉ်ကြောများ ပျက်စီးသွားရခြင်း ဖြစ်မည်မှန်း မှန်းဆမိလိုက်သည်။

“ ဟုတ်သား ဒါနဲ့ အစ်မကြီး ကျုပ်တို့ဂိုဏ်းကို ဘာလို့ မိုးကောင်းကင်ငယ်ဂိုဏ်းလို့ ခေါ်တာလဲ။ ပြီးတော့ စိုက်ပျိုးရေးက အဲလောက်တောင် အရေးကြီးတယ်လား ” မိုဝူကျိက မေးစရာများစွာ ရှိနေသည်။ ထို့အပြင် မြန့်ဟယ်သည် အနည်းငယ် စည်းကမ်းကြီးသည့်ဟန်‌ ပေါ်နေသော်လည်း  မေးခွန်းအနည်းငယ်ဖြင့် လျို့ဝှက်ချက်တချို့ သိလိုက်ရပြီ ဖြစ်၏။

ဤသည်က အမှန်ပင် နတ်ဘုရားကုန်းမြေ ဖြစ်၏။ နတ်ဘုရားကုန်းမြေကို နယ်ပယ်များ ပြန်လည် ပိုင်းခြားထားပြီး အဆင့်မြင့်  နတ်ဘုရားမြေ၊ အလယ်အလတ် နတ်ဘုရားမြေနှင့် အဆင့်နိမ့် နတ်ဘုရားမြေတို့ ဖြစ်ကြသည်။

ဤတည်နေရာမှာ  အဆင့်နိမ့် နတ်ဘုရားမြေနှင့် အလယ်အလတ် နတ်ဘုရားမြေကြားတွင် ရှိသော သာမာန်နေရာတစ်ခုမျှသာ ဖြစ်ပြီး ထိုမြေနှစ်ခုကြားရှိ နယ်နမိတ်အဖြစ် ယူဆနိုင်ပေသည်။ ထို့အပြင် နတ်ဘုရားကုန်းမြေ၌  မိုးကောင်းကင်ဂိုဏ်းလည်း ရှိပေသည်။ ထိုဂိုဏ်းသည် ထိပ်သီးဂိုဏ်း တစ်ခု ဖြစ်ပြီး အဆင့်မြင့် နတ်ဘုရားမြေတွင် တည်ရှိ၏။ သာမာန်အခြေအနေအောက်၌ မိုးကောင်းကင်ဂိုဏ်းသည် ဤသို့မျိုး နယ်ပယ်၌ ဂိုဏ်းခွဲ တည်ထောင်မည် မဟုတ်ချေ။

သို့သော်လည်း လွန်ခဲ့သည့်နှစ်များစွာက မိုးကောင်းကင်ဂိုဏ်းရှိ အပြင်စည်း တပည့်တစ်ဦးသည် သူ့ကိုယ်သူ အမည်ပေး၍ ဂိုဏ်းအား တည်ထောင်ခဲ့သည်။ ပင်မဂိုဏ်း၏ ဂုဏ်ကျက်သရေကို မညိုးနွမ်းစေရန် အပြင်စည်းက သူ့ဂိုဏ်းအား မိုးကောင်းကင်ငယ်ဂိုဏ်းဟု ခေါ်ဆိုခဲ့သည်။

ထို့ကြောင့် မိုးကောင်းကင်ငယ်ဂိုဏ်းသည် မိုးကောင်းကင်ဂိုဏ်း၏ လက်အောက်ခံ ဂိုဏ်းငယ်တစ်ခုဟု ယူဆနိုင်သော်လည်း မိုးကောင်းကင်ဂိုဏ်းအတွက် မိုးကောင်းကင်ငယ်ဂိုဏ်း၏ တည်ရှိမှုမှာ လျစ်လျူရှုထား ခံထားရသည်။

မြန့်ဟယ် ညွှန်းဆိုလိုက်သည့် မမလေး၏ နာမည်မှာ မိန်ချင်းချင်း ဖြစ်ပြီး သူမက ကိစ္စတော်တော်များများကို ဂရုစိုက်လေ့ မရှိပေ။ သို့သော် ဤတစ်ကြိမ်၌ သူမက မိုဝူကျိအား မိုးကောင်းကင်ငယ်ဂိုဏ်းထဲ သွင်းပေးခဲ့ရုံသာမက သူမ အစေခံကိုလည်း အသေအချာ ခေါ်သွားစေခဲ့သည်။ မြန့်ဟယ် ပြောပုံအရ ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။

……………..…

မိုးကောင်းကင်ငယ်ဂိုဏ်းသည် မိန်မျိုးနွယ်အိမ်တော်နှင့် သိပ်မကွာဝေးပေ။ လမ်းတွင် မြန့်ဟယ်က မိုဝူကျိအား တော်တော်များများကို ရှင်းပြပေးခဲ့သည်။ နေ့တစ်ဝက်ကြာပြီးနောက် သင်္ဘောပျံက စိုက်ပျိုးရေးနယ်မြေ ဘေးသို့ ရောက်ရှိလာသည်။

ဟုတ်ပါတယ် …  စိုက်ပျိုးရေး နယ်မြေ ဖြစ်၏။

ဤနေရာတွင် စိတ်ဝိညာဉ် ဆန်စပါးအမျိုးမျိုးကို စိုက်ပျိုးထားပြီး မိုဝူကျိက လယ်ကွင်း၌ အလုပ်လုပ်နေသော လူတချို့ကိုပါ မြင်လိုက်ရသည်။

အကယ်၍ ဤနေရာတွင် နတ်ဝိညာဉ်စွမ်းအား သိပ်သည်းနေခြင်း မရှိပါက မိုဝူကျိက သူလည်း လယ်စိုက်ရတော့မည် ဖြစ်ကြောင်း တွေးမိသွားလိမ့်မည်။

“ ဒီနေရာမှာ နတ်ဝိညာဉ်စွမ်းအားက တော်တော် သိပ်သည်းတာပဲ ” မိုဝူကျိက ရေရွတ်လိုက်၏။

မြန့်ဟယ်က ရှင်းပြလိုက်လေ၏  “ ဒီနေရာအောက်မှာ နတ်ဝိညာဉ်သွေးကြောတွေ မြှပ်နှံ့ထားတယ်လေ။ အဲဒါကြောင့် မမလေးက ရှင့်ကို ဒီကို လွှတ်ပေးခဲ့တာ။ ရှင်သာ ကြိုးကြိုးစားစား လုပ်မယ်ဆိုရင် ဒီနေရာမှာ ကျင့်ကြံရတာက အပြင်စည်းတပည့်ထက်တောင် သာနေနိုင်တယ် ”

“ ဒီနတ်ဝိညာဉ်သွေးကြောတွေကို ဘယ်သူကမှ မခိုးကြဘူးလား ” မိုဝူကျိက နားမလည်စွာ မေးလိုက်သည်။

မြန့်ဟယ်က ရယ်မောလိုက်ပြီး  “ နတ်ဝိညာဉ် လယ်ကွင်းထဲက နတ်ဝိညာဉ်သွေးကြောက ဘယ်သူကများ ခိုးရဲမှာလဲ။ ကျင့်ကြံသူတွေတောင် ဒီနေရာမှာ မကျင့်ကြံရဲကြဘူး။ ခိုးဖို့ဆိုတာ မပြောနေနဲ့တော့  …. နတ်ဝိညာဉ်သွေးကြောတွေက ဆေးပင်နဲ့ ဆန်စပါးကို အာဟာရပေးဖို့အတွက်ပဲလေ။ အဲဒါကြောင့် ဆန်စပါး စိုက်ပျိုးသူတွေကလွဲရင် ဘယ်သူကမှ ဒီနေရာမှာ မကျင့်ကြံရဲဘူး။ နတ်ဝိညာဉ် ဆန်စပါးကို စိုက်ပျိုးကြသူတွေက ဝိညာဉ်ကြော အရည်အသွေး ဆိုးကြတဲ့ မျှော်လင့်ချက်မဲ့နေတဲ့ ကျင့်ကြံသူတွေ ဒါမှမဟုတ် သေမျိုးတွေပေါ့။ သူတို့က မကျင့်ကြံနိုင်ကြဘူးလေ …. ”

ထိုအရာက မိုဝူကျိအား တိတ်ဆိတ်သွားစေသည်။ ဤနေရာတွင် အများဆုံး စိုက်ပျိုးကြသည်မှာ စိမ်းစိုနှင်းစက် ဆန်စပါး ဖြစ်ကြောင်း သိထား၏။ မြန့်ဟယ် စကားအရ နတ်ဘုရားကုန်းမြေတစ်ခုလုံးသည် စိမ်းစိုနှင်းစက် ဆန်စပါးကို စားသုံးကြသည်။ ဤဆန်စပါးတွင် သိပ်သည်းသော သဘာဝစွမ်းအားများ ပါဝင်နေသောကြောင့် အချိန်ကြာမြင့်စွာ စားသုံးခြင်းက ကျင့်ကြံသူများအား အသိအမြင် တိုးတက်လာစေပြီး  နောက်တဆင့် တက်လှမ်းဖို့ရာ အခက်အခဲများကို ကျော်လွားစေနိုင်သည်။

သို့သော်လည်း အဓိက လုပ်ဆောင်ချက်မှာ  ဆေး အဆိပ်သင့်ခြင်းကို ပြန်လည် တိုက်ဖျက်နိုင်ခြင်း ဖြစ်၏။ သူ့ဘာသာ အလွန်အံ့ဩဖို့ ကောင်းနေပြီ ဖြစ်ရာ  ကျင့်ကြံသူများ၌ မည်သူက ဆေးလုံး မသုံးသည့်သူ ရှိမည်နည်း။ ဆေးလုံးများစွာ သောက်သုံးပြီးနောက် ဆေးအဆိပ်သင့်မည်ကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် ဤဆန်စပါးကို ဆေးအဆိပ်သင့်မှုကို ဖြေဖျောက်ဖို့ရာ အကောင်းဆုံး ဆေးဝါးအဖြစ် သုံးကြသည်။

ထိုအကြောင်းပြချက်များအတွက် ဂိုဏ်းတိုင်းနီးပါးက စိမ်းစိုနှင်းစက် ဆန်စပါးကို စိုက်ပျိုးကြသော်လည်း ထုတ်လှုပ်နိုင်စွမ်းမှာ အရမ်းနည်းနေခြင်း ဖြစ်သည်။ နတ်ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းကား အရမ်းများပြားပေ၏။ ထို့အပြင် မတူညီသော သူများ၏ မတူညီသော နေရာ၌ စိုက်ပျိုးခံရသော ဆန်စပါးကို အဆင့်အမျိုးမျိုးကို ပြန်လည်၍ ခွဲခြားနိုင်သေး၏။

***

All Chapters