ငါက သေမျိုးတစ်ယောက်ပဲ
Vol. 69 Ch. 950
မြန့်ဟယ်က မိုဝူကျိကို ကျယ်ဝန်းလှသော စိုက်ပျိုးရေးမြေ၏ အစွန်းနယ်နိမိတ်ရှိ အဆောက်အဦးထဲသို့ ခေါ်ဆောင်သွားသည်။ ကျောက်တုံး အဆောက်အဦးတွင် အထပ် ၆ ထပ်ရှိသော်လည်း အထဲ၌ လူအချို့သာ နေထိုင်ကြလေသည်။
မိုဝူကျိက ထိုမိန်းမလှလေးသည် သူ့ကို ခေါ်ဆောင်သွားရန် မြန့်ဟယ်အား တောင်းဆိုထားခြင်း ဖြစ်မည်ဟု တွေးမိသွားသည်။ ထို့အပြင် စီမံရေးမှူးကွမ်းကိုလည်း သူ့အား ဂရုစိုက်ရန် ညွှန်ကြားစေခြင်း ဖြစ်လိမ့်မည်။ နည်းလမ်းကျကျပြောရလျှင် ထိုအမျိုးသမီးတွင် အခွင့်အာဏာ အတော်အသင့် ရှိပေလိမ့်မည်။ သို့သော်လည်း သူဝင်သွားလိုက်သည်နှင့် သူ မှားယွင်းစွာ ခန့်မှန်းခဲ့မိသည်များလားဟု သံသယဝင်မိသည်။
သူမကို မြင်ပြီးနောက် မည်သူမျှ မြန့်ဟယ်ကို နှုတ်မဆက်ကြပေ။
သူမက သူ့ကို ထိပ်ဆုံးအထပ်ရှိ အခန်းကြီးတစ်ခန်းဆီသို့ ခေါ်ဆောင်သွားသည့်အချိန်၌ အခန်းထဲရှိ မည်သူကမျှ မတ်တပ်မရပ်ကြပေ။ ဤသည်က သူ့အား ဤနှုတ်ဆက်ကြိုဆိုသည့် အခြေအနေကြီးက မည်မျှ ထူးဆန်းနေကြောင်း သတိပြုမိစေသည်။
“စီမံရေးမှူးကွမ်း… သခင်မမိန်က မိုဝူကျိကို ဒီနေရာမှာ အလုပ်လုပ်ဖို့ ကျွန်မကို ပို့ခိုင်းလိုက်တာပါ။ သူ့ကို နယ်မြေအချို့ ပေးလိုက်ပါဦး။ ပြီးတော့ ပိုကောင်းတဲ့ တစ်နေရာရာမှာနေဖို့ သူ့အတွက် စီစဉ်ပေးလိုက်ပါဦး”
မြန့်ဟယ်က ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။
ဤအချိန်ကျမှသာ အခန်းအလယ်တွင် ထိုင်နေသောအမျိုးသားက မော့ကြည့်လိုက်ပြီး မြန့်ဟယ်ကို လှမ်း၍ စူးစိုက်ကြည့်လိုက်ရင်း တုံ့ပြန်လိုက်သည်။
“မိုးကောင်းကင်ငယ်ရွာမှာ အလုပ်လုပ်စရာ နေရာ ဘယ်နေရာများ ရှိသေးလို့လဲ။ ဒီမှာ ဘယ်နတ်ဝိညာဉ်စိုက်ခင်းမှ မရှိတော့ဘူး။ ပြန်သွားပြီးတော့ လူတိုင်းကို ဒီပို့မနေဖို့ မိန်ချင်းချင်းကို ပြောလိုက်”
မိုဝူကျိ၏ ရင်ထဲ အခြေအနေ သိပ်မကောင်းဘူးဟု ခံစားမိလိုက်သည်။ သခင်မမိန်သည် ဤနေရာရှိ သူမ နေရာအကြောင်းကို သေချာမသိသည်များလားဟု သူက သံသယဝင်မိသည်။ သို့မဟုတ်ပါက အဘယ်ကြောင့် ဤကဲ့သို့ အဖြစ်မျိုး ဖြစ်လာပါ့မည်နည်း။
မြန့်ဟယ်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး သူမသည် တံဆိပ်ပြားကို ချက်ချင်း ထုတ်ယူလိုက်သည်။
“ကွမ်းကျစ်… အခု ကျွန်မ ရှင့်ကို မိုးကောင်းကင် ရေကန်ငယ်တောင်ရဲ့အာဏာနဲ့ အမိန့်ပေးမယ်။ ဒီမှာ မိုဝူကျိအတွက် နှင်းစက်စိမ်းဆန် စိုက်ပျိုးဖို့ အခုချက်ချင်း စီစဉ်ပေးစမ်း”
( အရင်အပိုင်းမှ စိမ်းစိုနှင်းစက်ဆန် ကို နှင်းစက်စိမ်းဟု ပြောင်းလဲသုံးပါ့မည် )
ကွမ်းကျစ်သည် သူ့ထိုင်ခုံမှ ဖြည်းဖြည်းလေး ထလာပြီး မြန့်ဟယ်ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီးနောက် နံဘေးမှ စာအုပ်ကို ထုတ် မ ယူလိုက်သည်။ အကြိမ်အနည်းငယ် ဟိုလှန်သည်လှန် လုပ်ပြီးသည့်နောက် သူက အနက်ရောင် တံဆိပ်ပြားကို ထုတ်ယူကာ မိုဝူကျိထံ ပစ်ပေးလိုက်သည်။
“ဒါက မင်းရဲ့ သက်သေခံ တံဆိပ်ပြား။ အခုကစပြီး မင်းက မိုးကောင်းကင်ငယ်ရွာရဲ့ အပင်စိုက်ပျိုးသူ တစ်ယောက်ပဲ။ မင်းမှာ လယ်မြေတစ်ကွက် ရှိတယ်… မြေကွက် (ဃ) ၇၉ ။ မင်း တစ်နှစ်ကို နှင်းစက်စိမ်းဆန် ၂၀ ကာတီပေးဖို့ လိုအပ်တယ်။ မင်းက လူသစ်ဖြစ်နေလို့ ငါ ဆန်အရည်အသွေးအတွက် လိုအပ်ချက်တွေ မထားနေတော့ဘူး”
မိုဝူကျိသည် နှင်းစက်စိမ်းဆန်၏ ထွက်နိုင်စွမ်းကို မသိသော်လည်း လယ်မြေတစ်ကွက်သည် သေချာပေါက် များလိမ့်မည်မဟုတ်ပေ။ ဤနေရာရှိ လယ်မြေတစ်ကွက်သည် ၆၀၀ စတုရန်း ကီလိုမီတာခန့်သာ ကျယ်ဝန်းသည်။ လူကောင်းတစ်ယောက်ဟု ထင်ရပုံ မပေါ်သော ကွမ်းကျစ်အား ကြိုတင်သတိထားသည့်အနေဖြင့် မိုဝူကျိသည် စကားအသွားအလာ တစ်ခုလုံးကို တိတ်တိတ်ကလေး မှတ်တမ်း တင်ထားလိုက်သည်။
“စီမံရေးမှူးကွမ်း… ရှင်က အရင်က နှင်းစက်စိမ်းဆန် မစိုက်ပျိုးဖူးတဲ့သူကို အနိုင်ကျင့်ဖို့ လုပ်နေတာလား။ လယ်မြေတစ်ကွက်က နှင်းစက်စိမ်းဆန် ၂၀ ကာတီ ထွက်နိုင်လို့လား။ ပြီးတော့ ကျွန်မ ကြားဖူးတာတော့ ဒီက နှင်းစက်စိမ်းဆန်ကို စိုက်ပျိုးတဲ့သူတွေဆီမှာ အနည်းဆုံး လယ်မြေ ၁၀ ကွက်ရှိတယ်ဆို။ အဲ့ဒါကို ရှင်က ဘာဖြစ်လို့ မိုဝူကျိကို လယ်မြေတစ်ကွက်ပဲ ပေးရတာလဲ”
မြန့်ဟယ်က ဒေါသတကြီး မေးခွန်းထုတ်လိုက်သည်။
အေးစက်စက် ရယ်သံဖြင့် ကွမ်းကျစ်က တုံ့ပြန်လိုက်သည်။
“ငါက မိုးကောင်းကင် ရေကန်ငယ်တောင်အနေနဲ့ တောင်းဆိုထားတဲ့အတိုင်း လုပ်ပေးပြီးပြီ။ ပြီးတော့ သူ့ကိုလဲ လယ်မြေတစ်ကွက် ပေးပြီးသွားပြီ။ မင်းက တခြား ဘာတွေလိုချင်နေသေးတာလဲ။ ငါက ဂိုဏ်းစည်းကမ်းတွေအတိုင်း လိုက်နာထားတာ။ အဲ့ဒီတော့ မင်း မကျေနပ်ရင် ဂိုဏ်းစီမံရေးဆီကိုသွားပြီး ငါ့ကို တိုင်ပြောချေ။ တခြားသူတွေ လယ်မြေတစ်ကွက်နဲ့ နှင်းစက်စိမ်းဆန် ၃၀ ကနေ ၅၀ ကာတီအထိ ထုတ်လုပ်နိုင်တယ်။ အဲ့ဒါကို သူဆီကနေ ၂၀ ကာတီ တောင်းတာ ငါကသိပ်လွန်တယ်တဲ့လား”
ဤစကားများကြားပြီးနောက် မြန့်ဟယ်မှာ ဆွံ့အသွားသည်။ လယ်မြေတစ်ကွက်မှ နှင်းစက်စိမ်းဆန် ၂၀ ကာတီသည် များသလား မများသလား မည်သို့ ယူဆရမည်ကို သူမက မသိပေ။
ကွမ်းကျစ်က စိတ်ထဲ၌ သူ့ဘာသာသူ ရယ်မောလိုက်သည်။ နှင်းစက်စိမ်းဆန် ၃၀ မှ ၅၀ ကာတီအတွင်း ထွက်နိုင်သည့် လယ်မြေကွက်သည် အဆင့် (က) လယ်မြေကွက် ဖြစ်သည်။ အဆင့် (ဃ) လယ်မြေကွက်မှ နှင်းစက်စိမ်းဆန် ၂၀ ကာတီ ထွက်ချင်သည်လား။ ထိုသို့ဆိုလျှင် နှင်းစက်စိမ်းဆန် ရရှိရန်မှာ အရမ်းကို လွယ်လွန်းနေပေလိမ့်မည်။
မိုဝူကျိက ထပ်၍ အစ်အောက်ကြည့်လိုက်သည်။
“တကယ်လို့ ကျုပ်သာ ကျုပ်ရဲ့မြေကွက်ကနေ ဆန် ၂၀ ကာတီထက် ပိုပြီး ရိတ်သိမ်းနိုင်ခဲ့မယ်ဆိုရင်ကော… ပိုတဲ့ဟာက ကျုပ် ယူရမှာလား”
ကွမ်းကျစ်သည် ရယ်မောလိုက်ပြီး တုံ့ပြန်လိုက်သည်။
“သေချာတာပေါ့ အဲ့တာတွေ မင်းရမှာလေ။ မဟုတ်ရင် ဒီမှာ နှင်းစက်စိမ်းဆန် စိုက်ပျိုးတဲ့သူတွေ ရှိနေသေးမယ်လို့ မင်းထင်လား။ တကယ်လို့ မင်းက ၂၀၀ ကာတီ ပိုနေရင်တောင် အဲ့ဒါနဲ့ မင်းကြိုက်တာ လုပ်နိုင်တယ်”
မြန့်ဟယ်သည် များများစားစား နားမလည်သော်လည်း သူမက မိုဝူကျိထက် နှင်းစက်စိမ်းဆန်အကြောင်း အနည်းငယ်မျှ ပိုသိလေသည်။ ကွမ်းကျစ်၏ စကားလုံးများကို ကြားပြီးသည့်နောက် သူမသည် မိုဝူကျိကို အမြန်ပြောလိုက်သည်။
“မိုဝူကျိ… ရှင် နှင်းစက်စိမ်းဆန် အပိုတွေကို ရောင်းလို့မဖြစ်ဘူး။ အဲ့ဒီဆန်တွေကို ရှင့်ဘာသာရှင် စားရမယ်။ နှင်းစက်စိမ်းဆန်စိုက်ပျိုးတဲ့သူက နှင်းစက်စိမ်းဆန်ကို စားဖို့ လိုအပ်တယ်။ မဟုတ်ရင် ရှင့်ရဲ့အသက်ဓာတ်တွေ အားနည်းလာပြီးတော့ ရှင်ရဲ့ဝိညာဉ်လမ်းကြောင်းတွေဆီ အပိုဝန်ထုပ်ဝန်ပိုးတွေ တိုးလာလိမ့်မယ်။ အဲ့ဒါက ရှင့်ရဲ့ ဘဝသက်တမ်းကို ထိခိုက်စေရုံတင်မကဘူး။ ရှင့်ရဲ့ကျင့်ကြံရေးကိုလည်း ထိခိုက်စေလိမ့်မယ်”
ယခုမူ မိုဝူကျိသည် အရာအားလုံးကို နားလည်သွားလေပြီ။ အဘယ်ကြောင့် ဤနေရာတွင် ဤကဲ့သို့ သိပ်သည်းသော ဝိညာဉ်စွမ်းအားရှိနေပြီး အဘယ်ကြောင့် နှင်းစက်စိမ်းဆန်ကို စိုက်ပျိုးသောလူများသည် အားနည်းသော ဝိညာဉ်ကြောများရှိသည့်သူများနှင့် သေမျိုးများ ဖြစ်နေရခြင်းကို နားလည်သွားလေပြီ။
ကွမ်းကျစ်သည် သူ့ရင်ထဲတွင် မိုဝူကျိအား သရော်လိုက်သည်။ သို့သော် သူက အဖြေ လုံးဝမပေးမည် မဟုတ်ပေ။ အဆင့် (ဃ) မြေကွက်သည် နှင်းစက်စိမ်းဆန် ၂၀ ကာတီ၏ လိုအပ်ချက်နှင့် သေချာပေါက် မကိုက်ညီနိုင်ပေ။
ဆန်အချို့ကို စားရအောင် ချန်ဖို့ဆိုသည်မှာကား… ဟီးဟီး… အိမ်မက်သာမက်နေလိုက်ပါလေ။
မိုဝူကျိသည် ကျောက်စိမ်းတံဆိပ်ပြားကို သိမ်းလိုက်ပြီး ပြောလိုက်သည်။
“စီမံရေးမှူးကွမ်း ကျုပ်ကို ဆန်မျိုးစေ့တွေ ပေးလို့ ရပြီလား”
မိုဝူကျိကို သူ့မျက်စိထောင့်မှ စိုက်ကြည့်လိုက်ပြီး ကွမ်းကျစ်က ငေါ့တော့တော့ဖြင့် ပြောလိုက်သည်။
“ဒါက မင်းရဲ့ပထမဆုံးအကြိမ်ပဲ… အဲ့ဒီတော့ ငါမင်းကို စည်းကမ်းတစ်ခု ပြောပြရဦးမယ်။ ဒီကို ဆန်လာတောင်းတဲ့သူတိုင်းက နတ်ဘုရားကျောက်တွေနဲ့ ဆန်တွေကို ဝယ်ရတယ်။ ငါမင်းကို ဆန်မျိုးစေ့ အစေ့ ၁၀၀ ပေးနိုင်တယ်။ ဒါပေမဲ့ ဒါက မင်းကို အဆင့်မြင့်နတ်ဘုရားကျောက် အတုံး ၁၀၀ ကုန်ကျလိမ့်မယ်”
“ဆန်မျိုးစေ့ အစေ့ ၁၀၀ ကို အဆင့်မြင့်နတ်ဘုရားကျောက် အတုံး ၁၀၀ ကျတာလား”
မိုဝူကျိသည် မနေနိုင်ဘဲ မေးလိုက်မိသည်။
ဤသည်မှာ အရမ်းကို ရိုက်စားလုပ်နေတာကြီး မဟုတ်ပေဘူးလား။ သူက နှင်းစက်စိမ်းဆန်မျိုးစေ့ကို တစ်ခါမျှ မမြင်ဖူးသော်လည်း ကွမ်းကျစ်က သေချာပေါက် သူ့ကို ကောင်းသောသည့်အရာ မဟုတ်ဘဲ အရည်အသွေးအညံ့ဆုံးကို ပေးလိမ့်မည်ဟု သူ သိသည်။ ထို့အပြင် ဤဈေးနှုန်းသည် သေချာပေါက်ပင် အလွန်အမင်း ဈေးကြီးလေ၏။
“ဆန်မျိုးစေ့တွေအတွက် အမျိုးအစားတူဆိုရင် အဆင်ပြေတယ်မလား”
ကွမ်းကျစ်က မေးလိုက်သော်လည်း မိုဝူကျိက ဘာမှမပြောလိုက်ပေ။
မြန့်ဟယ်က သူ့အားကြည့်နေသည်ကို မြင်သောကြောင့် မိုဝူကျိက သူ့ခေါင်းကို ခါပြရုံသာ တတ်နိုင်သည်။
“ကျုပ်ဆီမှာ နတ်ဘုရားကျောက် တစ်တုံးတောင် မရှိဘူး”
သူ့ရင်ထဲ၌ သည်းမခံနိုင်ပေ။ သူ့အတွက် အခြေချရန် နေရာတစ်နေရာ ရှာရသည်မှာခက်ခဲလွန်းလှ၏။ သို့သော် အဆုံး၌ သူတွင် မျိုးစေ့ဝယ်ရန် နတ်ဘုရားကျောက်များ ရှိမနေပေ။
မြန့်ဟယ်သည် အဆင့်မြင့်နတ်ဘုရားကျောက် အတုံး ၆၀ ထုတ်ယူလိုက်ပြီး မိုဝူကျိအား ပေးလိုက်သည်။
“ကျွန်မဆီမှာ အတုံး ၆၀ ရှိတယ်။ အခုလောလောဆယ်အတွက် ကျွန်မ ရှင့်ကို ချေးပေးမယ်”
“ကျေးဇူးတင်ပါတယ်… အစ်မ မြန့်ဟယ်”
မိုဝူကျိသည် နတ်ဘုရားကျောက်များကို လက်ခံလိုက်ရင်း သူမကို အမြန်ကျေးဇူးတင်လိုက်သည်။
“အဆင့်မြင့်နတ်ဘုရားကျောက် အတုံး ၆၀ ဆိုတော့ ငါမင်းကို နှင်းစက်စိမ်းဆန်မျိုးစေ့ အစေ့ ၆၀ ပေးမယ်”
ကွမ်းကျစ်က စားပွဲပေါ်သို့ အိတ်ငယ်တစ်လုံး ပစ်တင်ပေးလိုက်သည်။
အိတ်ကို ချက်ချင်းမယူဘဲ မိုဝူကျိက တည်ငြိမ်စွာ မေးလိုက်သည်။
“စီမံရေးမှူးကွမ်း တကယ်လို့ ကျုပ်က အလယ်အလတ်အဆင့် ဒါမှမဟုတ် အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို ရိတ်သိမ်းနိုင်ခဲ့ရင်ကော… ကျုပ် ၂၀ ကာတီပဲ တင်သွင်းရမှာလား”
ဤစကားကိုကြားရသည့်အခါ ကွမ်းကျစ်သည် မိုဝူကျိထံ စိတ်မရှည်စွာ ကြည့်လိုက်ပြီး
“မင်းမှာ ထုတ်နိုင်တဲ့ အရည်အချင်းရှိသရွေ့ မင်းက အလယ်အလတ်အဆင့်ကို ရိတ်သိမ်းနိုင်ရင် ၈ ကာတီ… အဆင့်မြင့်ဆိုရင် ၄ ကာတီ… ပြီးတော့ ပြိုင်ဘက်ကင်းအဆင့်ဆိုရင် ကာတီတစ်ဝက်… အဲ့လို တင်သွင်းနိုင်တယ်”
မိုဝူကျိသည် ကွမ်းကျစ်၏ သရော်မှုကို စိတ်ထဲထားမနေဘဲ ထပ်မေးလိုက်သည်။
“တကယ်လို့ ကျွန်တော်က အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို ရိတ်သိမ်းနိုင်ခဲ့မယ်ဆိုရင် အဲ့ဒါကို အဆင့်နိမ့် နှင်းစက်စိမ်းဆန်မျိုးစေ့အချို့နဲ့ လဲလှယ်လို့ ရလား”
“ဟားဟား…”
ကွမ်းကျစ်သည် ရယ်ချလိုက်သည်။ ထိုသို့ ရယ်ပြီးနောက် သူက မိုဝူကျိကို စိုက်ကြည့်လိုက်သည်။
“မင်းလိုချင်တဲ့ ဘယ်ဟာမဆို မင်း တင်ပြနိုင်တယ်။ ဒါပေမဲ့ တကယ်လို့ မင်းက အနည်းဆုံးပမာဏကိုတောင် မပေးနိုင်ဘူးဆိုရင်တော့ ငါမင်းကို မျက်နှာသာမပေးတဲ့အတွက် အပြစ်မတင်နဲ့။ ထွက်သွားလိုက်ပါတော့… ငါဒီမှာ ဖြေရှင်းစရာ အလုပ်တွေ ရှိသေးတယ်”
မြန့်ဟယ်သည် မိုဝူကျိကို ကွမ်းကျစ်၏ အခန်းထဲမှ မကြည်မသာ မျက်နှာအမူအရာနှင့် ဆွဲထုတ်လာလေသည်။ သူတို့အခန်းထဲမှ ထွက်ခွာနေစဉ်အတွင်း ကွမ်းကျစ်၏ ရယ်သံကို သူကြားနိုင်သေးသည်။
“မိုဝူကျိ… ကျွန်မ ရှင့်ကို လယ်မြေဆီ လိုက်မပို့တော့ဘူး။ ကျွန်မပြန်သွားပြီးတော့ သခင်မဆီ စကားသွားပြောလိုက်ဦးမယ်။ ပြီးတော့ သူမက ရှင့်အတွက် တစ်ခုခု လုပ်ပေးနိုင်မလား ကြည့်ရတာပေါ့”
မြန့်ဟယ်သည် ဤနေ့တစ်ဝက် မိုဝူကျိနှင့် ပြောဆိုဆက်ဆံကြည့်ပြီးနောက် သူ့အပေါ်တွင် အကောင်းမြင်နေနှင့်ပြီ ဖြစ်သည်။
တုံ့ပြန်သည့်အနေနှင့် မိုဝူကျိသည် သူမကို ပြင်ပေးလိုက်သည်။
“အစ်မမြန့်ဟယ်… ဒီမှာဖြစ်ခဲ့တဲ့ဟာတွေကို ခင်ဗျားသခင်မဆီကို တင်ပြမနေပါနဲ့တော့။ သူမကို ကျုပ်အတွက် အားလုံးကို သေချာစီစဉ်ပေးပြီးသွားပြီလို့သာ ပြောလိုက်ပါဗျာ”
မိုဝူကျိ၏ ဆိုလိုရင်းကို သူမနားလည်သွားသည်နှင့် မြန့်ဟယ်သည် ငြိမ်ကျသွားလေသည်။ ခဏကြာပြီးမှ သူမက ခေါင်းညိမ့်လိုက်သည်။
“ရှင်က တကယ့်လူကောင်းပဲ။ ကျွန်မသခင်မ ရှင့်ကို ကူညီတာ မမှားဘူး။ ကျွန်မ သွားတော့မယ်။ နောင်ကျ ကျွန်မမှာ အချိန်ရှိရင် ကျွန်မရှင့်ဆီ ခဏတဖြုတ် လာလည်ပါဦးမယ်”
သူမပြောချင်သည်များ ပြောပြီးသွားသည့်နောက် မြန့်ဟယ်သည် ယာဉ်ပျံကို ထုတ်ယူလိုက်ပြီး လုံးဝပျောက်ကွယ်သွားလေသည်။
……………………
တစ်နာရီကြာပြီးနောက် မိုဝူကျိသည် ကျောက်စရစ်ခဲများနှင့် ပေါင်းပင်မြက်ပင်များ ပြန့်ကျဲနေသောတောင်ခြေ၌ ကြည့်ရဆိုးသောမျက်နှာအမူအရာဖြင့် ရပ်နေလေသည်။ ဤသည်ကား (ဃ) ၇၉ ဖြစ်လေသည်။
အကယ်၍ ဤမြေကွက်သည် ညံ့ဖျင်းသော အရည်အသွေးမျိုး မဟုတ်လျှင်တောင် ၎င်းသည် မိုးကောင်းကင်ငယ်ရွာ၏ နတ်ဘုရားဝိညာဉ်အစီအရင်၏ အစွန်အဖျား နယ်နမိတ်တွင် တည်ရှိနေဆဲ ဖြစ်သည်။
သူ စုဆောင်းထားသည့် အချက်အလက်အရ နှင်းစက်စိမ်း ဆန်ကောင်းကောင်းကို စိုက်ပျိုးလိုပါက စမ်းရေကောင်း လိုအပ်ပေသည်။ နှင်းစက်စိမ်းဆန် စိုက်ပျိုးကြသည့်သူများသည် နတ်ဘုရားအစီအရင်ဆရာများကို ဝိညာဉ်အစီအရင်များ ခင်းကျင်းပေးရန်နှင့် ရေတွင်းတူးပေးရန်လည်း ဖိတ်ခေါ်ကြလေသည်။
ကံကောင်းထောက်မစွာ မိုဝူကျိသည် သူကိုယ်တိုင်က အဆင့် ၄ နတ်ဘုရား အစီအရင်ဆရာ ဖြစ်နေသည်။ ဤနေရာသို့ လာရသည့် သူ၏အဓိကရည်ရွယ်ချက်မှာ နှင်းစက်စိမ်းဆန် စိုက်ပျိုးရန် မဟုတ်ဘဲ အဘယ်ကြောင့် သူ့ကျင့်ကြံဆင့် တိုးတက်မလာနိုင်သည်ကို စုံစမ်းစစ်ဆေးရန် ဖြစ်သည်။ ဤနယ်မြေတွင် နတ်ဝိညာဉ်သွေးကြောများနှင့် စွမ်းအားစုစည်းရေး အစီအရင်တစ်ခု ရှိသောကြောင့် ဤနေရာရှိ နတ်ဝိညာဉ်စွမ်းအားသည် အလွန်အမင်း သိပ်သည်းလေသည်။ ဤသည်က ကျင့်ကြံခြင်းအတွက် အလွန်သင့်တော်ပေ၏။
ဤသို့တွေးလိုက်ကာ မိုဝူကျိသည် အဆင့်မြင့် အင်မော်တယ် ဂူကို ချက်ချင်းထုတ်လိုက်ပြီး တာ့ဟွမ်နှင့် ရွိုက်ကောတို့ကို မြေကွက်အား ရှင်းလင်းရန် ထွက်လာဖို့ ပြောလိုက်သည်။ သူ့ကျင့်ကြံဆင့် မတိုးတက်နိုင်သည့် အကြောင်းရင်းကို ရှာဖွေနေရင်း ဂူထဲ၌ နတ်ဝိညာဉ်စွမ်းအားကို ဆက်လက်စုပ်ယူနိုင်ပေမည်။
ဤနေရာ၌ နှင်းစက်စိမ်း ဆန်စိုက်ပျိုးသူအားလုံးမှာ အလုပ်များသော အမျိုးသားများ ဖြစ်ကြသည်။ သူတို့သည် သူတို့အလုပ်ကို ကောင်းကောင်းလုပ်ပါက ပိုလျံလာမည့်ဆန်ကို သူတို့ကိုယ်တိုင် စားသုံးနိုင်လိမ့်မည် ဖြစ်ပြီး ရောင်း၍ပင် ရပေသည်။ သို့သော် မိုဝူကျိက ကျင့်ကြံခြင်းပေါ်တွင် အာရုံစူးစိုက်ထားပြီး ကျင့်ကြံခြင်း၌ သူ မတိုးတက်ရသည့် အကြောင်းရင်းကို ရှာဖွေဖော်ထုတ်နေလေသည်။
“ရွိုက်ကော… မင်းနဲ့တာ့ဟွမ်က ဂူထဲဝင်ပြီး ကျင့်ကြံချည်။ ငါ အဲ့ဒီနှင်းစက်စိမ်း ဆန်မျိုးစေ့တွေကို စိုက်လိုက်ဦးမယ်”
နောက်ဆုံးတွင် မိုဝူကျိက နှိမ့်နှိမ့်ချချဖြင့် နှင်းစက်စိမ်း ဆန်စိုက်ပျိုးရန် ဆုံးဖြတ်လိုက်သည်။
ကနဦး၌ နဝမဆင့်ကဲခြင်းဂိုဏ်းနှင့် ဇာမဏီနတ်ဝိညာဉ်ပရဝဏ်မှ ကျင့်ကြံသူဆယ်ယောက်ကို သူ ရင်ဆိုင်ရသည့်အချိန်တွင် မိုဝူကျိက ဆေးလုံးအမြောက်အများကို သုံးလိုက်မိသည်။ ထိုအချိန်၌ သူဆေးလုံးအဆိပ်မိကာ ဒုက္ခရောက်ရမည်ဟု မည်သူသိမည်နည်း။
သဘောတရားအရပြောရလျှင် သူတွင် အဆိပ်ဖြေ လမ်းကြောင်းရှိသောကြောင့် အဆိပ်မိသွားသည်က ပြဿနာမရှိချေ။ သို့သော် ဆေးလုံးအဆိပ်သည် သာမန်အဆိပ်များနှင့် မတူပေ။ ဆေးလုံးအဆိပ်သည် ကျင့်ကြံဆင့်မှလွဲ၍ မည်သည့်တစ်စုံတစ်ရာမှ ထိခိုက်လိမ့်မည် မဟုတ်ပေ။ နှင်းစက်စိမ်း ဆန်သည် အဆိပ်ဖြေဆေးအဖြစ် အသုံးပြု၍ ရလေသည်။ ထို့ကြောင့် နောက်နောင်တွင် သူသည် သူရိတ်သိမ်းပြီးသော ဆန်အချို့ကို အစမ်းစားကြည့်နိုင်ပေသည်။
သူတို့သည် နိဗာနတိတ်ဆိတ်မှု ပင်လယ်ကို ဖြတ်ကျော်သည့်အခါတွင် တာ့ဟွမ်နှင့် ရွိုက်ကောတို့က လူတစ်ယောက်၏ စွမ်းရည်သည် မည်မျှအရေးပါကြောင်း သိလေသည်။ ထို့ကြောင့် ယခု မိုဝူကျိက သူတို့ကို လုံလောက်သည်ထက်ပိုသော နတ်ဝိညာဉ်စွမ်းအားရှိသည့် နေရာ၌ ကျင့်ကြံခိုင်းသောအခါ နှစ်ယောက်စလုံးသည် သွားကျင့်ကြံလိုက်ကြ၏။
မိုဝူကျိသည် သူ့အတွေးများကို စတင်ပေါင်းစည်းလိုက်ပြီး သူ့မြေကွက်တွင် အလုပ်လုပ်ရန် စတင်လိုက်လေသည်။
ကမ္ဘာမြေပေါ်တွင် သူက စိုက်ပျိုးဖူးပေသည်။ သာမန်ဆန်ဖြစ်စေ နှင်းစက်စိမ်းဆန်ဖြစ်စေ သူတို့သည် စပါးလယ်ကွက်တို့မှ ရိတ်သိမ်းရခြင်း ဖြစ်လေသည်။ ထို့ထက် သူက ဇီဝဗေဒပညာရှင်ဖြစ်ကာ ဆေးလုံးဧကရာဇ်လည်း ဖြစ်နေသောကြောင့် သူသည် အနည်းငယ်လောက် ပိုကောင်းသောအရည်အသွေးနှင့်ဆန်ကို ထုတ်လုပ်ရန် မတတ်နိုင်ကြောင်း မယုံကြည်ပေ။
လယ်မြေကွက်ကို ရှင်းပြီးသည့်နောက် သူသည် ရိုးရှင်းသော မိုးအစီအရင်တစ်ခုကို ခင်းကျင်းလိုက်သည်။ ထို့နောက် အစေ့တစ်စေ့ချင်းစီကို မြေကြီးထဲသို့ ပုံမှန်လေးခြားပြီး အကွာအဝေးညီညီဖြင့် စိုက်ပျိုးလိုက်လေသည်။
ပထမတွင် မိုဝူကျိသည် အလုပ်တာဝန်ကို ဖြစ်နိုင်သမျှ မြန်မြန် ပြီးဆုံးချင်ခဲ့သေးသည်။ သို့သော် သူက နှင်းစက်စိမ်းဆန်ကို မြေကြီးထဲသို့ စတင်စိုက်ပျိုးလိုက်သောအခါတွင် သူသည် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်ကို လုံးဝမေ့သွားလေ၏။ ထိုအချိန်၌ သူသည် သာမန် လယ်သမားတစ်ယောက်သာ ဖြစ်သည်။ အစာစားဖို့ ကြိုးကြိုးစားစား အလုပ်လုပ်ရသည့် သေမျိုးများထဲမှ အလွန်သာမန်ဖြစ်သူ တစ်ယောက်သာ ဖြစ်နေသည်။
သူ ကျင့်ကြံသူတစ်ယောက် ဖြစ်သည်ကို မေ့သွားသည့်အခိုက်၊ သူ နောက်ထပ် မကျင့်ကြံတော့သည့်အခိုက်၊ သူ မြေကြီးထဲသို့ တစ်စေ့ပြီးတစ်စေ့ သေသေချာချာ ကုန်း၍ စိုက်ပျိုးလိုက်သည့် အခိုက်၊ ထိုအခိုက်၌ သူ့ကျင့်ကြံဆင့်တွင်ရှိနေသော အတားအဆီးသည် ထိုအခိုက်အတန့် တစ်ခဏတွင် အစိတ်စိတ်အမြွာမြွာ ပြိုကွဲသွားလေသည်။ နှစ်များစွာ တန့်နေခဲ့သော ကျင့်ကြံဆင့်သည် အရှိန်ပြင်းစွာ စတင်တိုးတက်လာပြီး အချိန်တိုလေးအတွင်း၌ သူသည် အစောပိုင်း ကနဦး နတ်ဘုရား အဆင့် ၃ မှ အလတ်အလတ် ကနဦးနတ်ဘုရား အဆင့် ၃သို့ ရောက်ရှိသွားလေသည်။
“ငါအခု နားလည်သွားပြီ။ ငါက သေမျိုးတစ်ယောက်ပဲ”
မိုဝူကျိသည် သူ့ကျောကို ဖြည်းညှင်းစွာ ဆန့်လိုက်သည်။ သူ့မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပနေသည်။ သို့သော် ထိုစိတ်လှုပ်ရှားမှုသည် ရောက်လာပြီးနောက် မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားကာ သူသည် နောက်တစ်ကြိမ်ထပ်မံ၍ စပါးစိုက်နေသော သာမန် သေမျိုးတစ်ယောက်အဖြစ် ပြောင်းလဲသွားလေ၏။
***