ရှဲ့မိသားစု
Vol. 60 Ch. 833
" ဓမ္မစစ်သင်္ဘောတစ်စင်း ဟုတ်လား " ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ မယုံသင်္ကာဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းသွားလိုက်ပြီး ထိုရုပ်သေးရုပ်အား သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်သည်။ ထိုအခါ သူ၏ စိတ်ထဲ၌ မေးခွန်းပေါင်းမြောက်မြားစွာ ထပ်၍ ပေါ်ပေါက်လာရတော့သည်။ ၎င်းမှာ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်နေပါသော်လည်း ၎င်း၏ ခန္ဓာကိုယ်ထဲ၌ အသက်စွမ်းအား အကြွင်းအကျန်များ ကျန်ရှိနေဆဲပင်။
၎င်း၏ ကျင့်ကြံခြင်းအဆင့်မှာလည်း သာမန် ဓမ္မစစ်သင်္ဘောကြီးများ ရှိနေသင့်သည့် ထာဝရဝိညာဉ်အဆင့်တွင် မရှိသေးဘဲ သိသိသာသာ ပို၍ နိမ့်ကျနေ၏။
" ကြည့်ရတာ တာအိုရောင်းရင်းက အခြေတည်လူဝံတွေအကြောင်းကို မသိသေးဘူးထင်တယ် " ပင်ပန်းနွမ်းလျနေသည့်ပုံ ပေါက်နေသည့် ဆိုင်ရှင်အဘိုးကြီးမှာ ဝမ်ပေါင်လဲ့အား ဖျတ်ခနဲကြည့်ကာ မေးလိုက်ပြီး တိရစ္ဆာန်အရေခွံတစ်မျိုးဖြင့် ပြုလုပ်ထားသည့် အိတ်တစ်အိတ်ကို ထုတ်ယူလိုက်၏။ ထို့နောက် သူသည် ထိုအိတ်လေးအား ပါးစပ်နှင့်တေ့ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ ထိုအခါ သူသည် အနည်းငယ်ခန့်ပို၍ အားအင်ပြည့်ဖြိုးလာသည့်ပုံ ပေါက်သွား၏။
" ကျေးဇူးပြုပြီးတော့ ရှင်းပြပေးပါ၊ တာအိုရောင်းရင်း " ဝမ်ပေါင်လဲ့မှာ အဘိုးကြီးဘက်သို့ လှည့်ကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဂါရဝပြုလိုက်ပြီးနောက် တရိုတသေ မေးမြန်းလိုက်၏။ သူသည် ထိုဈေးဆိုင်ထဲသို့ ဝင်လာခဲ့စဉ်ကတည်းက တစ်ခုခုမှာ ထူးဆန်းနေကြောင်း သတိထားမိခဲ့သည်။ ထို အဘိုးကြီးမှာ သာမန်လူတစ်ယောက်နှင့်သာ တူပြီး ပင်ပန်းနွမ်းလျကာ အင်အားနုံးချည့်နေသည့်ပုံ ပေါက်နေပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ၏ကျင့်ကြံခြင်း အဆင့်အား အာရုံခံနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ သို့ဖြစ်ရာ သူသည် သူ့အား ကာကွယ်ပေးနေသည့် အစွမ်းထက် အဆောင်ပစ္စည်းတစ်ခုကို ပိုင်ဆိုင်ထားခြင်း သို့မဟုတ် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ဝမ်ပေါင်လဲ့ထက် အများကြီးပို၍ မြင့်မားနေရခြင်း ဖြစ်ရပေမည်။
မည်သို့ပင် ဆိုစေကာမူ ထိုအဘိုးကြီးမှာ သာမန်လူတစ်ယောက်တော့ မဖြစ်နိုင်ပေ။ ဤ ဈေးထဲ၌ ဈေးဆိုင်တစ်ဆိုင် ဖွင့်ထားနိုင်သည့် အချက်ကိုကြည့်လျှင် သူသည် အထင်ကြီးအံ့ဩဖွယ်ရာကောင်းသည့် လူတစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။
" အခြေတည်လူဝံတွေက သဘာဝအလျောက် မွေးဖွားလာတဲ့ သတ္တဝါတွေတော့ မဟုတ်ဘူး။ သူတို့ကို ရှဲ့မိသားစုက ဖန်တီးထားတာ။ ဒီ လူဝံတွေက ရှဲ့မိသားစုရဲ့ ကိုယ်ရံတော်တွေအဖြစ် တာဝန်ထမ်းဆောင်ပေးပြီတော့ တည်နေရာပြ လုပ်ငန်းတွေမှာလည်း ကူညီပေးနိုင်တယ်။ သူတို့က အခြေတည်အဆင့်မှာပဲ ရှိနေသေးတဲ့ပုံ ပေါ်ပေမယ့် သူတို့ကို ဖန်တီးတဲ့နေရာမှာ သုံးထားတဲ့ ပစ္စည်းတွေရဲ့ အရည်အသွေးတွေပေါ် လိုက်ပြီးတော့ ခန္ဓာကိုယ်ထဲမှာ အဆင့်အမျိုးမျိုးရှိတဲ့ အချုပ်အနှောင်တွေကို ပိုင်ဆိုင်ထားကြတာ "
" အဲဒီ အချုပ်အနှောင်တစ်ခုစီကို ဖွင့်လိုက်တိုင်း အခြေတည်လူဝံတစ်ကောင်ရဲ့ ကျင့်ကြံခြင်းအဆင့်က တစ်ဆင့် အပြည့်တက်သွားမှာ။ အဲဒီနည်းလမ်းကြောင့် သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေ တက်သွားရတဲ့ အကြောင်းအရင်းနဲ့ အဲဒီ အချုပ်အနှောင်တွေကို ဖွင့်နိုင်တဲ့ နည်းလမ်းကိုတော့ ရှဲ့မိသားစု တစ်ခုတည်းကပဲ သိထားတာ "
" မင်းရဲ့ရှေ့မှာရှိနေတဲ့ အခြေတည်လူဝံကြီးက ပျက်နေပြီ။ အဲတာမလို့လည်း ငါ့လက်ထဲ ရောက်နေတာ။ သူ့ရဲ့ အချုပ်အနှောင်လေးခုကို ဖွင့်ပြီးသွားပြီမလို့ ပြန်ပြင်ဖို့လိုတယ်။ ဒါပေမဲ့ အဲဒီလို ပြန်ပြင်ချင်ရင် ကုန်ကြမ်းပစ္စည်းတွေ လိုတယ်ကွ။ ပြီးရင် သူ့ရဲ့ အလုပ်လုပ်ပုံကိုလည်း နားလည်အောင်လုပ်ဖို့ လိုသေးတယ်။ အဲတာမလို့လည်း အခု သူက အမှိုက်သာသာအဆင့်မှာပဲ ရှိနေတာ။ တကယ်လို့ သူသာ အခုလို ပျက်မနေဘူးဆိုရင် ရှဲ့မိသားစုက သူ့ကို ပြန်ခေါ်ပြီးနေလောက်ပြီ " အဘိုးကြီးမှာ ထိုသို့ရှင်းပြလိုက်ပြီးနောက် အားအင်များ ပြန်၍ ကုန်ခန်းသွားတော့သည်။ ထို့ကြောင့် သူသည် သားရေအိတ်လေးအား ပါးစပ်နှင့်တေ့ကာ နောက်ထပ်တစ်ကြိမ်ထပ်၍ အသက်ပြင်းပြင်း ရှူလိုက်ပြန်သည်။
ထို့နောက် သူသည် ခေါင်းမော့လာသဖြင့် ဝမ်ပေါင်လဲ့တစ်ယောက် သူ့အား စိုက်ကြည့်နေသည်ကို သတိထားမိလိုက်၏။ ထို့ကြောင့် သူသည် ပြုံးမိသွားပြီး သူ၏လက်ထဲမှ အိတ်လေးကို မြှောက်ကာ ဆိုလိုက်ပြန်သည်။
" ဒီအိတ်လေးအကြောင်းကိုလည်း မသိဘူးလား။ မင်းက ဇနပုဒ်ဂြိုဟ်တစ်လုံးလုံးက လာတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ရမယ်။ ဒါက နတ်ဘုရားအိတ်ပဲ။ အဲဒီအိတ်ထဲက လေကို တစ်ချက်လောက် ရှူသွင်းလိုက်ရုံနဲ့ နတ်ဘုရားတစ်ပါးထက်ကို ပိုပြီးတော့ ပျော်ရွှင်သွားမှာ။ ပြီးရင် ကိုယ့်ရဲ့အတွေးထဲမှာလည်း ထူးဆန်းအံ့ဖွယ်တွေ အများကြီး ပေါ်ပေါက်လာဦးမှာ။ ဘယ်လိုကောင်မျိုးက ဒီလိုအိတ်မျိုးကို ဖန်တီးခဲ့တာလဲ ဆိုတာကိုတော့ ငါမသိဘူး။ ဒါပေမဲ့ သုံးရတာ တော်တော်လေးတော့ ကောင်းတယ်ကွ။ ငါ့အထင်တော့ အပြင်ဘက်နယ်မြေတစ်ခုခုဆီကနေ ရောက်လာတာပဲဖြစ်ရမယ်... "
အဘိုးကြီးမှာ နတ်ဘုရားအိတ်ထဲမှ လေများကို ဆက်လက်ရှူရှိုက်နေရင်း ဝမ်ပေါင်လဲ့အား ရှင်းပြနေ၏။ နောက်ဆုံးတွင် သူ၏စကားသံများမှာ နားမလည်နိုင်လောက်အောင် ဗလုံးဗထွေး ဖြစ်လာရတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏စကားများကို အာရုံစိုက်နေခြင်းမရှိဘဲ သူ၏ရှေ့တွင် ရှိနေသည့် စိန်လူဝံရုပ်သေးရုပ်ကြီးကိုသာ စိုက်ကြည့်နေလိုက်တော့သည်။ ထိုအခါ ကျင့်လေး၏ ပုံရိပ်များမှာ သူ့ရဲ့အတွေးထဲ၌ ပြန်လည်ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် အချက်တစ်ချက်အား နားလည်သွားတော့သည်။ ကောင်းကင်တာအိုကျောင်းထဲမှ စိန်လူဝံကြီးမှာ အခြေတည်လူဝံတစ်ကောင် ဖြစ်ရပေမည်။
ရှဲ့ဟေးရန်မှာလည်း ထိုကျောင်းထဲ၌ ပေါ်ပေါက်လာခဲ့ဖူးသည် မဟုတ်ပါလေ။ သို့ဖြစ်ရာ အရာအားလုံးမှာ ရှေ့နောက်ညီနေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ရုတ်တရက် မေးလိုက်၏ " ရှဲ့မိသားစုက အရမ်းကြီးကို အစွမ်းထက်လား "
" ရှဲ့မိသားစု... ဒီ ဈေးတစ်ခုလုံးက ရှဲ့မိသားစုရဲ့ အပိုင်လေ။ အဆုံးမဲ့တာအိုနယ်မြေထဲမှာ ဒီလိုဈေးမျိုး တစ်သန်းကျော်လောက် ရှိတယ်။ အဆုံးမဲ့မျိုးနွယ်စုကလည်း ရှဲ့မိသားစုအပေါ် အကြွေးအများကြီး တင်နေတာ။ အဲ့လောက်ဆို မင်း သဘောပေါက်မှာပါ " အဘိုးကြီးမှာ ဝမ်ပေါင်လဲ့၏ မေးခွန်းကို ကြားလိုက်ရသောအခါ သူ၏လက်ထဲမှ အိတ်ကို အောက်သို့ချလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့ ရှိရာဘက်သို့လှည့်လာပြီး သူ့အား အသက်မပါသည့် မျက်ဝန်းများနှင့် စိုက်ကြည့်ကာ ပြန်ဖြေလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ သူ၏အဖြေကို ကြားလိုက်ရသောအခါ ပင့်သက်ရှိုက်မိသွား၏။ သူသည် ရှဲ့ဟေးရန်မှာ သာမန်လူတစ်ယောက် မဖြစ်နိုင်ကြောင်း အမြဲတမ်း မှတ်ယူထားခဲ့ပါသော်လည်း ယခုလောက်အထိ တမူထူးခြားနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
" ရှဲ့ဟေးရန်က တော်တော်လေးကို ဟန်ဆောင်ကောင်းတာပဲကွ " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ ရေရွတ်လိုက်၏။ သူသည် ဆိုင်ရှင်အဘိုးကြီးအား မေးခွန်းများ ဆက်လက်မေးမြန်းရန် ပြင်လိုက်ပါသော်လည်း ထိုအဘိုးကြီးမှာ ပြန်လည်ဖြေကြားချင်စိတ် မရှိသည့်ပုံစံ ပေါက်နေသည်ကို ထားမိလိုက်သည်။ ထို့ကြောင့် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် အခြေတည်လူဝံကြီးအား အကဲခတ်ကြည့်ရှုကာ ဆိုင်ရှင်အဘိုးကြီးအား ဈေးမေးလိုက်၏။ ထို့နောက် သူသည် ဈေးဆစ်နေခြင်း မရှိဘဲ ထို ရုပ်သေးရုပ်အား သလင်းကျောက်နီ ဆယ်တုံးပေး၍ ဝယ်ယူလိုက်တော့သည်။
ထိုအခါ ထိုအဘိုးကြီး၏ မျက်နှာမှာ ချက်ချင်းဆိုသလိုပင် ဝင်းလက်တောက်ပသွား၏။ သူသည် ပျက်စီးနေသည့် အခြေတည်လူဝံတစ်ကောင်အား ဈေးကောင်းရအောင် ရောင်းချနိုင်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် သူ၏နတ်ဘုရားအိတ်ထဲမှ လေများကို တစ်ချက် ရှူရှိုက်လိုက်ပြီးနောက် ထို ရုပ်သေးရုပ်အား သိမ်းဆည်းနိုင်မည့် သို လှောင်အိတ်တစ်လုံးကိုပါ ဝမ်ပေါင်လဲ့အား လက်ဆောင်ပေးလိုက်သေးသည်။
ဝမ်ပေါင်လဲ့မှာလည်း သူဌေးသူကြွယ်တစ်ယောက်ကဲ့သို့ ဆက်ဆံခံနေရသဖြင့် ကျေနပ်နေ၏။ ထို့နောက် သူသည် ချောင်းဟန့်လိုက်ပြီး အခြေတည်လူဝံ ရုပ်သေးရုပ်ကြီး ထည့်ထားသော သိုလှောင်အိတ်အား လှမ်းယူကာ တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် မေးမြန်းလိုက်တော့သည် " ဦးလေး။ ကျွန်တော် ရှဲ့မိသားစု သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဘယ်လို စီမံခန့်ခွဲသလဲဆိုတာနဲ့ သူတို့လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့အကြောင်းကို သိချင်တယ်။ အဲတာ ဦးလေး သိထားတာများ ရှိလား "
ထိုအခါ အဘိုးကြီးမှာ ဝင်းလက်တောက်ပနေသည့် မျက်နှာဖြင့် သလင်းကျောက်နီများကို ရေတွက်ကာ သိမ်းဆည်းလိုက်၏။ ထို့နောက် သူသည် ရယ်မောလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား သူသိထားသမျှ အချက်အလက်အားလုံးကို ပြောပြလိုက်တော့သည်။
" ဒီဈေးတွေက ရှဲ့မိသားစု လက်အောက်က စီးပွားရေးလုပ်ငန်းတွေရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်။ သူတို့မှာ အဓိကစီးပွားရေးလုပ်ငန်း သုံးခုရှိတယ်ကွ။ ပထမတစ်ခုက ဂြိုဟ်တွေကို ခရီးသွားနေရာတွေ ဖြစ်လာအောင် ဖန်တီးတည်ဆောက်ကြတာ။ ခရီးသွားဧည့်သည်တွေက အဲဒီဂြိုဟ်တွေဆီသွားပြီး အပန်းဖြေနိုင်တာပေါ့ကွာ။ ပြီးရင် သူတို့က တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်တွေကိုလည်း ရောင်းသေးတယ်။ လူမှုအဖွဲ့အစည်း တစ်ခုကနေ အခြားတစ်ခုဆီကို ပို့ဆောင်ပေးနိုင်တဲ့ အကြီးစား တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးတွေ အကုန်လုံးကို ရှဲ့မိသားစုကပဲ ထုတ်လုပ်ရောင်းချပေးတာ။ သူတို့ရဲ့ တတိယမြောက် စီးပွားရေးလုပ်ငန်းကတော့.... တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတယ်ကွ။ အဲဒီ လုပ်ငန်းက ရှဲ့မိသားစုရဲ့ အဓိက ထောက်တိုင်ကြီးလို့ကို ပြောလို့ရတယ် "
" သူတို့က... အနာဂတ်ရောက်ရင် အစွမ်းထက်ကျင့်ကြံသူတွေ ဖြစ်လာနိုင်တဲ့ လူတွေဆီမှာ ရင်းနှီးမြှုပ်နှံကြတာပဲ " အဘိုးကြီးမှာ လျှို့ဝှက်ဆန်းကြယ်သော မျက်နှာအမူအရာ တစ်ခုဖြင့် ထိုသို့ဆိုလိုက်ခြင်းဖြစ်၏။
ထို့နောက် သူသည် လေသံတိုးတိုးဖြင့် ဆက်ပြောလိုက်ပြန်သည် " အဆုံးမဲ့မျိုးနွယ်စုက ရှဲ့မိသားစုရဲ့ အကူအညီကြောင့် သူတို့ရဲ့ အင်ပါယာကြီးကို တည်ထောင်နိုင်ခဲ့တာလို့ တခြားသူတွေပြောတာ ငါကြားဖူးတယ်.... ပြီးတော့ ရှဲ့မိသားစုက သူတို့ သားသမီးတွေရဲ့ အစွမ်းအစတွေကို သူတို့ရဲ့ ရင်နှီးမြှုပ်နှံမှုတွေ ဘယ်လောက်အထိ အောင်မြင်သလဲဆိုတဲ့ အချက်အပေါ် မူတည်ပြီးတော့ ဆုံးဖြတ်ကြတယ်လို့ တခြားသူတွေပြောတာလည်း ငါ ကြားဖူးသေးတယ် "
ထိုအခါ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ ဖျတ်ခနဲတောက်ပသွား၏။ ထို့နောက် သူသည် မေးခွန်းအနည်းငယ်ခန့် ထပ်၍မေးမြန်းလိုက်ပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဂါရဝပြုလိုက်ပြီး ဈေးဆိုင်ထဲမှ ထွက်ခွာလာတော့သည်။ ဝမ်ပေါင်လဲ့မှာ အပြန်လမ်းတစ်လျှောက်တွင် နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာ၏။
သူသည် ရှဲ့ဟေးရန်မှာ ရှဲ့မိသားစုဝင်တစ်ယောက် ဖြစ်ရမည်ဟု ယုံကြည်နေ၏။ ထို့အပြင် ကောင်းကင်တာအိုကျောင်းထဲရှိ စိန်လူဝံကြီးမှာ တည်နေရာပြ ပစ္စည်းတစ်ခုအဖြစ် ရှိနေသည့် အခြေတည်လူဝံကြီးတစ်ကောင် ဖြစ်သည်ဟုလည်း သူက ယုံကြည်နေသည်။
ရှဲ့ဟေးရန် သူ့အပေါ်ထားရှိသည့် သဘောထားများမှာဆိုလျှင် ရှင်းပြနေစရာပင် မလိုပေ။ သူသည် ရှဲ့ဟေးရန် ရင်းနှီးမြှုပ်နှံထားသည့် ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်နေလိမ့်မည်ဟု ယုံကြည်နေ၏။
" ရှဲ့ဟေးရန်က လူရွေးတော်သားပဲကွ " ဝမ်ပေါင်လဲ့မှာ သူ၏ မေးစေ့ကို ပွတ်ကာ မျက်လုံးများ မှေးသွား၏။ သလင်းကျောက်နီဆယ်တုံးဖြင့် သူ ရရှိခဲ့သည့် သတင်းအချက်အလက်များမှာ တန်ပေသည်။ ထို့အပြင် သူသည် ရှဲ့ဟေးရန် သူ့အား မျက်မှန်းတန်းမိသွားရသည့် အကြောင်းအရင်းကိုလည်း သဘောပေါက်သွား၏။ သူသည် ဝမ်ပေါင်လဲ့ဆီ၌ ရင်းနှီးမြှုပ်နှံထားသည်ဖြစ်ရာ ဝမ်ပေါင်လဲ့အား အလျင်အမြန် ရှာဖွေနိုင်မည့် လျှို့ဝှက်နည်းလမ်းတစ်ခုခုအား ပိုင်ဆိုင်ထားလောက်ပေသည်။
သူသည် ရှဲ့ဟေးရန်၏ လုပ်ရပ်များကို နားလည်ပေသည်။ မည်သူကမှ သူတို့၏ ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးသွားရမည်ကို လိုလားမည်မဟုတ်ပေ။ အကယ်၍ သူသာ ရှဲ့ဟေးရန်ဆိုပါက သူသည်လည်း ထိုကဲ့သို့ လုပ်မိခဲ့မည်သာ ဖြစ်သည်။ သို့သော် လက်ရှိတွင် အရေးအကြီးဆုံးမှာ ဝမ်ပေါင်လဲ့ ရရှိနိုင်မည့် အကျိုးအမြတ်များပင်။
" လောလောဆယ်တော့ ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကြောင့် အကျိုးယုတ်သွားရတာမျိုး မရှိသေးဘူး " ဝမ်ပေါင်လဲ့မှာ ထိုကိစ္စအား အလေးအနက် စဉ်းစားတွေးတောလိုက်ပြီးနောက် မျက်လုံးများ မှေးသွား၏။ သူတို့နှစ်ယောက်မှာ လူမျိုးမတူပါသော်လည်း စကြဝဠာကြီး တစ်ခုလုံးထဲရှိ စည်းမျဉ်းစည်းကမ်းများမှာ အတူတူပင် ဖြစ်နေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ ... သူသည် ရှဲ့ဟေးရန်တစ်ယောက် သူ့ဆီ၌ ဆက်လက်ရင်းနှီးမြှုပ်နှံလာအောင် ပြုလုပ်နိုင်ရန်သာ လိုအပ်ပေသည်။ ရှဲ့ဟေးရန် သူ့ဆီ၌ ရင်းနည်းမြှုပ်နှံထားသည့် ပမာဏ ပို၍ကြီးမားလာသည်နှင့်အမျှ သူ၏ အကျိုးစီးပွားမှာ ရှဲ့ဟေးရန်၏ အကျိုးစီးပွား ဖြစ်လာမည်သာ မဟုတ်ပါလော။
" သူ့ကို ဖြည်းဖြည်းချင်း အကျပ်ရိုက်လာရအောင် လုပ်ရတာပေါ့ကွာ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ပြုံးဖြဲဖြဲဖြစ်သွား၏။ ထို့နောက် သူသည် ရှဲ့ဟေးရန်မှာ မိန်းမတစ်ယောက် ဖြစ်နေပါက ပိုကောင်းလိမ့်မည်ဟု တွေးနေမိတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုအတွေးများဖြင့် ဈေးထဲမှ ထွက်ခွာလာ၏။ သူသည် အပြင်ဘက်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ညာဘက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ ချက်ချင်းဆိုသလိုပင် လေထဲ၌ ပေါ်ပေါက်လာပြီး သူ၏ ဓမ္မစစ်သင်္ဘောကြီးအဖြစ် ပြောင်းလဲသွား၏။
ထို ဓမ္မစစ်သင်္ဘောကြီး၏ ပုံပန်းသွင်ပြင်မှာ ယခင်တုန်းကနှင့် မတူတော့ပေ။ ၎င်းမှာ ပို၍ကြောက်မက်ဖွယ်ရာကောင်းသည့်ပုံ ပေါက်နေပြီး ထိုကျိုင်းကောင်းကြီး၏ ခန္ဓာကိုယ်ထဲမှ ဖိနှိပ်အားကောင်းသော အငွေ့အသက်တစ်မျိုးလည်း ထွက်ပေါ်နေသေးသည်။
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ အသွင်ပြောင်းလဲသွားသော ဓမ္မစစ်သင်္ဘောကြီးအား အကဲခတ် ကြည့်ရှုလိုက်ပြီးနောက် အထဲသို့ ပျော်ရွှင်ကျေနပ်စွာ ဝင်သွားလိုက်၏။ ထို့နောက် သူသည် ထိုကျိုင်းကောင်ကြီးအား ထိန်းချုပ်ကာ အဝေးသို့ ပျံသန်းထွက်ခွာသွားသဖြင့် ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။
ဝမ်ပေါင်လဲ့မှာ ဓမ္မစစ်သင်္ဘောကြီးပေါ်၌ တိတ်ဆိတ်နေသည်ဟု ခံစားနေရသောကြောင့် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုမိလိုက်၏။ ထို့နောက် သူသည် မျက်လုံးများပြူးသွားရတော့သည်။
" ငါ မြည်းလေးနဲ့ ဝူလေးတို့ နှစ်ယောက်ကို မေ့နေတာပဲဟ "
ဝမ်ပေါင်လဲ့မှာ ထိုသို့သတိရသွားသောအခါမှ ဝူလေးနှင့် မြည်းလေးတို့အား အပြင်သို့ ချက်ချင်းပြန်ထုတ်ပေးလိုက်တော့သည်။ သူတို့မှာ သူ၏ သိုလှောင်အိတ်ထဲ၌ သိမ်းဆည်းထားသော အလိုအလျောက် ပေါက်ကွဲနိုင်သည့် စစ်သင်္ဘောကြီးများထဲမှ တစ်စင်းထဲတွင် ထိုင်နေကြခြင်း ဖြစ်သည်။
ဝူလေးမှာ ရီဝေဝေဖြစ်နေသည့် မျက်နှာအမူအရာဖြင့် အပြင်ဘက်၌ ပြန်လည်ပေါ်ပေါက်လာ၏။ မြည်းလေးမှာမူ စိတ်ဆိုးမာန်ဆိုးနှင့် ခုန်ပေါက်နေပြီဖြစ်သည်။ ၎င်းမှာ စစ်သင်္ဘောကြီးထဲ၌ အချိန်အကြာကြီး ပိတ်လှောင်ခံထားရသဖြင့် ရူးသွပ်လုမတတ် ခံစားနေရပြီဖြစ်ကြောင်း ဝမ်ပေါင်လဲ့အား အသိပေးလိုသည့် အမူအရာဖြင့် မရပ်မနား အော်ဟစ်မြည်တမ်းနေ၏။
အစတွင် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် အပြစ်ရှိသလို ခံစားလိုက်ရ၏။ သူသည် မြည်လေးအား ဒုတိယအကြိမ်အဖြစ် အချိန်အကြာကြီး ပိတ်လှောင်ထားမိခဲ့သည့်အတွက် အားနာနေရခြင်း ဖြစ်သည်။ သို့သော် မြည်းလေးမှာ သူ့အား မကျေမနပ်ဖြစ်နေသည့် မျက်ဝန်းများဖြင့်ကြည့်နေသလို ၎င်း၏ အော်ဟစ်မြည်တမ်းသံများမှာလည်း ပို၍ ကျယ်လောင်လာသောကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းအား သင်ခန်းစာပေးမှ ရတော့မည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်တော့သည်။ ထို့ကြောင့် သူသည် ထိုမြည်းလေးအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။
" တိတ်စမ်း။ မင်း ကောင်းဖို့အတွက် ငါ လုပ်ပေးနေတာ။ အပြင်ဘက်မှာ ဘယ်လောက်အထိ အန္တရာယ်များသလဲဆိုတာ ထွက်ကြည့်လိုက်ဦး။ ပြီးရင် ငါက မင်းတစ်ကောင်တည်းကိုပဲ အချိန်အကြာကြီး ပိတ်လှောင်ထားတာ မဟုတ်ဘူးလေ "
" ဝူလေးဆို ဘယ်လောက်လိမ်မာသလဲ ကြည့် " ဝမ်ပေါင်လဲ့မှာ ဝူလေးအား လက်ညှိုးထိုးကာ ထိုသို့ဆိုလိုက်ပြီးနောက် သူ့အား လှမ်းကြည့်လိုက်၏။ ထိုအခါ ဝူလေးမှာ ရီဝေဝေဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ဝမ်ပေါင်လဲ့လက်သို့ လှည့်လာပြီး သူ့အား ကြောင်အန်းအန်းနှင့် စိုက်ကြည့်နေလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ဝူလေး၏ အခြေအနေကို မြင်လိုက်ရသောအခါ ရှက်ကိုးရှက်ကန်း ဖြစ်သွားရ၏။ သူ့အား အတွင်းထဲ၌ အချိန်အကြာကြီး ပိတ်လှောင်ထားခဲ့ခြင်းကြောင့် သူသည် ရူးသွားရခြင်းဖြစ်ပေမည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ့အား သနားကမား မျက်ဝန်းများဖြင့် ကြည့်နေသော မြည်းလေးအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် ချောင်းဟန့်ကာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတစ်တုံးအား မုန့်တစ်ခုကဲ့သို့ လှမ်းပစ်ပေးလိုက်တော့သည်။
ထိုအခါ မြည်းလေးမှာ နှာခေါင်းတရှုပ်ရှုပ် လုပ်လိုက်ပြီးနောက် အခြားတစ်ဖက်သို့ မျက်နှာလှည့်သွား၏။ ၎င်းမှာ ထို ဝိညာဉ်ကျောက်တုံးအား တစ်ချက်ပင်မကြည့်ပေ။
" ဪ။ မင်းက ငါ့ကို စိတ်လာကောက်ပြနေတာကိုး။ ဟုတ်ပြီလေ " ဝမ်ပေါင်လဲ့မှာ မြည်းလေးအား ဖျတ်ခနဲကြည့်လိုက်ပြီးနောက် သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းကာ ဝိညာဉ်ကျောက်တုံး ဆယ်တုံးတိတိ ထပ်၍ ထုတ်ယူလိုက်ပြန်သည်။ ထိုအခါ မြည်းလေးမှာ တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီသွားရ၏။ ၎င်းမှာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်ရန် ကြိုးစားနေရခြင်းဖြစ်ကြောင်း အထင်အရှား မြင်နိုင်ပေသည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏လက်ကို ဝှေ့ယမ်းကာ ဝိညာဉ်ကျောက်တုံး အတုံးတစ်ရာခန့် ထပ်၍ ထုတ်ယူလိုက်ပြန်သည်။ ထို့ကြောင့် ၎င်းတို့မှာ မြည်းလေး၏ရှေ့၌ တောင်လိုပုံသွား၏။
မြည်းလေးမှာ မျက်လုံးများ ကျွတ်ထွက်လာလုမတတ် ဖြစ်နေရပြီ ဖြစ်သည်။ ၎င်းမှာ ပါးစပ်ထဲမှ သွားရည်များပင် ယိုကျလာပါသော်လည်း ယခုအကြိမ်တွင်မူ ခံယူချက် ယိမ်းယိုင်သွားခြင်းမရှိပေ။ ၎င်းမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အခြားတစ်ဖက်သို့ လှည့်သွားသဖြင့် ဝမ်ပေါင်လဲ့မှာ သက်ပြင်းချလိုက်ရတော့သည်။ ထို့နောက် သူသည် ထို ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းကာ ထွက်ခွာသွားတော့မည့်ပုံ ဟန်ဆောင်လိုက်၏။ ထို့ကြောင့် မြည်းလေးမှာ ချက်ချင်းဆိုသလိုပင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားရတော့သည်။ နောက်ဆုံးတွင် ၎င်းမှာ ဝိညာဉ်ကျောက်တုံးပုံအား ခုန်အုပ်ကာ တကျွတ်ကျွတ်မြည်အောင် ဝါးစားနေလိုက်တော့သည်။ ထို့အပြင် ၎င်းမှာ ထိုသို့စားနေရင်း အမြီးတနှန့်နှန့် ဖြစ်နေ၏။
ထို မြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောမိလိုက်၏။ ထို့နောက် သူသည် မုန့်များအား မြိန်ရေရှက်ရေစားသုံးနေသည့် မြည်းလေးအား လျစ်လျူရှုလိုက်ပြီး အောက်သို့ထိုင်ချကာ နတ်မျက်လုံး ကြယ်အဖွဲ့အစည်းသို့ ပြန်သည့်လမ်းတွင် သူ၏ စစ်တပ်အား အားဖြည့်နိုင်မည့် နည်းလမ်းများကို စဉ်းစားတွေးတောနေလိုက်တော့သည်။
" ငါ နတ်မျက်လုံး လူမူအဖွဲ့စည်းဆီကို ပြန်ရောက်တဲ့ အချိန်ကျရင် ခပ်မြန်မြန် လှုပ်ရှားပြီးတော့... နတ်ဆိုးမျက်လုံးပညာရပ် တစ်ခုလုံးကို အမြန်ဆုံးနည်းနဲ့ ယူနိုင်အောင် လုပ်မှရမယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများ မှေးသွားပြီနောက် သူ၏ နတ်ဆိုးမျက်လုံးပညာရပ်ထဲရှိ ဆာလောင်မွတ်သိပ်မှု အငွေ့အသက်ကြီးအား ပြန်၍ သတိရသွား၏။ ထို့နောက် သူ၏ မျက်ဝန်းများမှာ အေးစက်စွာ တောက်ပသွားတော့သည်။