← Chapters

မြေနက်ကြယ် သန့်စင်ခြင်းပညာရပ်

Vol. 60 Ch. 834

မြေနက်ကြယ် သန့်စင်ခြင်းပညာရပ်

Vol. 60 Ch. 834

" ပထမဆုံး အနေနဲ့ အလိုအလျောက် ပေါက်ကွဲနိုင်တဲ့ စစ်သင်္ဘောတွေကို ပြင်ဆင်ရမယ်.... " ဝမ်ပေါင်လဲ့မှာ သူ၏ ဓမ္မစစ်သင်္ဘောကြီးထဲ၌ ထိုင်နေရင်း ရေရွတ်လိုက်၏။ သူသည် ဓမ္မစစ်သင်္ဘောကြီး၏ လမ်းကြောင်းအား သတ်မှတ်ပေးလိုက်ပြီးနောက် နဖူးကို ပွတ်လိုက်သည်။ သူ၏ ခေါင်းထဲ၌ အကြံအစည်မျိုးစုံ ပေါ်ပေါက်လာပြီဖြစ်သည်။

သူတို့မှာ နတ်မျက်လုံး ကြယ်အဖွဲ့အစည်းဆီသို့ ပြန်ရောက်ရန် အချိန်ပေးရဦးမည်ဖြစ်သည်။ သူတို့သုံးယောက်မှာ အဝေးကြီး ခရီးနှင်လာခဲ့သည်ဖြစ်ရာ အပြန်ခရီးစဉ်မှာ အနည်းဆုံး သုံးလခန့် ကြာမြင့်နိုင်ပေသည်။ ထိုအတောအတွင်းတွင် သူ၏ စစ်တပ်အား အားအင်ပြန်လည်ဖြည့်တင်းခြင်းမှာ အကောင်းဆုံးလုပ်ရပ်ဖြစ်ပေသည်။

" အလိုအလျောက် ပေါက်ကွဲနိုင်တဲ့ စစ်သင်္ဘောတွေကို ဖန်တီးတည်ဆောက်ရတာက မခက်ပါဘူး။ ပြီးရင် ငါ့ဆီမှာ အမိန့်ပေးလို့ရတဲ့ ရုပ်သေးရုပ်တွေလည်း အများကြီး ရှိနေသေးတယ်လေ။ အရေးအကြီးဆုံးက ပေါက်ကွဲမှုတစ်ခုချင်းစီတိုင်းကနေ ထွက်လာမဲ့ စွမ်းအားတွေကို အမြင့်ဆုံးအထိရောက်အောင် မြှင့်တင်နိုင်ဖို့ပဲ။ ဒါပေမဲ့ အဲလို မြှင့်တင်နိုင်ဖို့ကလည်း အခက်ကြီး မဟုတ်ပါဘူး။ အဲဒီ စစ်သင်္ဘောကြီးတွေကို အရည်အသွေးပိုကောင်းတဲ့ ကုန်ကြမ်းပစ္စည်းတွေနဲ့ တည်ဆောက်လိုက်မယ်ဆိုရင် ရသွားမှာ "

" ပြီးရင် ငါ့ဆီမှာ နတ်ဧကရာဇ် တရားမျှတမှုဒိုင်းကာလည်း ရှိနေသေးတယ်... " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများ မှေးသွား၏။ ထို့နောက် သူသည် ဆုံးဖြတ်ချက် ချလိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲမှ ရုပ်သေးရုပ်များကို ထုတ်ယူကာ တံခါးပိတ်၍ စတင်အလုပ်လုပ်နေလိုက်တော့သည်။

ထိုသို့ဖြင့် အချိန်များတရွေ့ရွေ့ကုန်ဆုံးသွား၏။ ဓမ္မစစ်သင်္ဘောကြီး၏ နောက်တွင် အသစ်စက်စက် စစ်သင်္ဘော အစင်းရေ ရာပေါင်းများစွာ ပေါ်ပေါက်လာကြပြီဖြစ်သည်။ ၎င်းတို့မှာ အနက်ရောင်ဖြစ်နေပြီး အတော်အသင့် အားကောင်းသော ဝိညာဉ်စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေကြ၏။ ထို စစ်သင်္ဘော တစ်စင်းချင်းစီတိုင်းမှာ ယွမ်ယင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်နီးပါး အစွမ်းထက်နေပြီဖြစ်သည်။

တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်နှင့်အမျှ ၎င်းတို့၏အတွက်မှာ ပို၍ များများလာ၏။ ၎င်းတို့မှာ အစပိုင်းတွင် တစ်ရက်လျှင် အစင်းရေ ရာဂဏန်းအနည်းငယ်ခန့်သာ တိုးလာပါသော်လည်း နောက်ပိုင်းတွင်မူ တစ်ရက်လျှင် အစင်းရေ ထောင်ဂဏန်းအနည်းငယ်အထိ တိုးပွားလာနေပြီဖြစ်သည်။

နှစ်ပတ်တိတိ ကုန်ဆုံးသွားပြီးနောက် အစင်းရေ တစ်သောင်းကျော်ပါသည့် စစ်သင်္ဘောတပ်ကြီးတစ်ခုမှာ ဓမ္မစစ်သင်္ဘောကြီး၏ နောက်၌ ရွက်လွှင့်ကာလိုက်ပါလာ၏။ ထို စစ်သင်္ဘော တစ်စင်းချင်းစီတိုင်းပေါ်တွင် နတ်ဘုရား တရားမျှတမှုဒိုင်းကာတစ်ခုစီ တပ်ဆင်ထားသေးသည်။ သို့ဖြစ်ရာ ထို မြင်ကွင်းကြီးမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းနေတော့သည်။ အခြား လူမှုအဖွဲ့အစည်းများမှ ခရီးသွားဧည့်သည်များမှာဆိုလျှင် ထို စစ်သင်္ဘောတပ်ကြီးအား မြင်လိုက်ရသည့်အခါ ကြောက်ရွံ့တုန်လှုပ်သွားကြပြီး ၎င်းနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ရမည်ကို စိုးရိမ်သောကြောင့် အလျင်အမြန် ပုန်းကွယ်သွားကြသည်သာဖြစ်သည်။

သူတို့၏ အပြုအမူများမှာ အပြစ်မဆိုသာပေ... အစင်းရေ တစ်သောင်းကျော်ပါသည့် ယွမ်ယင်အဆင့် စစ်သင်္ဘောတပ်ကြီး၏ ဘေးတွင် ဝမ်ပေါင်လဲ့မှာ သလင်းကျောက်နီ အတုံးတစ်ထောင်တိတိကို အသုံးပြုကာ ပေါက်ကွဲသွားသည့်အချိန်တွင် ဝိညာဉ်ကြားခံနယ်အဆင့် စွမ်းအားများကို ထုတ်လွှတ်ပေးနိုင်သည့် အထူးစစ်သင်္ဘော အစင်းရေ တစ်ထောင်တိတိကို ဖန်တီးတည်ဆောက်ထားသေးသည် မဟုတ်ပါလော။

ထို စစ်သင်္ဘောကြီးများမှာ ဝမ်ပေါင်လဲ့၏ စစ်သင်္ဘောတပ်ကြီးထဲရှိ အခြား စစ်သင်္ဘောများနှင့် တထေရာတည်း တူနေ၏။ သို့ဖြစ်ရာ သေသေချာချာ အကဲခတ်ကြည့်ရှုခွင့် မရပါက ၎င်းတို့၏ ကြားမှ ကွဲပြားခြားနားချက်အား သိရှိနိုင်မည် မဟုတ်ပေ။ ထို စစ်သင်္ဘောကြီးများမှာ အတူတကွ စုဝေးနေကြသောကြောင့် ထိုနေရာတစ်ဝိုက်ရှိ လူတိုင်းအတွက် အမှန်တကယ်ပင် တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းနေတော့သည်။

ဝမ်ပေါင်လဲ့၏ စစ်သင်္ဘောတပ်ကြီးမှာ ခမ်းနားထည်ဝါပြီး အင်အားတောင့်တင်းသည့်ပုံ ပေါက်နေ၏။ ၎င်းမှာ သူ စတင်ဖန်တီးတည်ထောင်ခဲ့သည့် စစ်သင်္ဘောတပ်ကြီးထက် အစပေါင်းများစွာပို၍ အင်အားတောင့်တင်းနေပြီဖြစ်သည်။ ထို့အပြင် ယခုတွင် သူသည် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ရည်ခိုက်ရည် စွမ်းအားများကို ပေးစွမ်းနိုင်သော မင်းဧကရာဇ်ချပ်ဝတ်တန်ဆာကြီးကိုပါ ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သာမန် အစောပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများမှာ သူ့အား ယှဉ်နိုင်ကြမည်မဟုတ်ပေ။ သူ၏ ပြိုင်ဘက်မှာ ဓမ္မစစ်သင်္ဘောတစ်စင်း ပိုင်ဆိုင်ထားလျှင်တောင် သူ့အား အလွယ်တကူ အနိုင်ယူနိုင်မည်မဟုတ်ပေ။

အကယ်၍ သူ၏ပြိုင်ဘက်မှာ ဓမ္မစစ်သင်္ဘောတစ်စင်းကိုပင် ပိုင်ဆိုင်ထားခြင်းမရှိပါက ထိုပြိုင်ဘက်မှာ အလယ်အလတ် ထာဝရဝိညာဉ်အဆင့်အထိ ရောက်နေလျှင်တောင် ဝမ်ပေါင်လဲ့က ဂရုစိုက်နေမည်မဟုတ်ပေ။ သူသည် မီးတောက်ခေါင်းဆောင်ကြီး ပေးထားသည့် ကျောက်စိမ်းပေလွှာလေးကို ပိုင်ဆိုင်ထားဆဲပင်မဟုတ်ပါလော။ ထို ကျောက်စိမ်းပေလွှာထဲတွင် ထို မီးတောက်ခေါင်းဆောင်ကြီး ထည့်သွင်းပေးခဲ့သည့် ကျိန်စာတစ်ခု ရှိနေ၏။

ထို အခြင်းအရာများ အားလုံးကြောင့် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိနေတော့သည်။ သူသည် စကြဝဠာကြီးအား လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း ရှိလောက်အောင် အစွမ်းထက်နေပြီဟု ဆိုမရသေးပါသော်လည်း သူ့အား နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲ၌ ထင်ပေါ်ကျော်ကြားလာမည့် လူတစ်ယောက်အဖြစ် သတ်မှတ်၍ရနေပြီ ဖြစ်သည်။

ထို့အပြင် သူသည် သူ၏ နတ်ဘုရား တရားမျှတမှုဒိုင်းကာကိုလည်း ပြန်လည်ပြုပြင်ခဲ့သေးသည်။ သူသည် ယခင်တုန်းက အဖြစ်မျိုးနှင့် ထပ်မကြုံရစေရန် ကုန်ကြမ်းပစ္စည်းအမြောက်အမြား သုံးစွဲကာ နတ်ဘုရား တရားမျှတမှုဒိုင်းကာအား သူ့ကိုယ်သူ ကာကွယ်နိုင်ရန်အတွက်သာရည်ရွယ်၍ ဖန်တီးသန့်စင်ခဲ့၏။ ထိုသို့ဖြင့် သူသည် တစ်ကြိမ်တည်းနှင့် ဒိုင်းကာအခုတစ်ရာကျော် ဖန်တီးနိုင်ခဲ့သည်။

" ငါ့မှာ အပေါဆုံးက ငွေပဲကွ " ဝမ်ပေါင်လဲ့မှာ သူသည် လက်နက်ပစ္စည်းများနှင့် အဆောင်ပစ္စည်းများ အစုံအလင် ပိုင်ဆိုင်သွားပြီဖြစ်ရာ အလွန်အင်မတန်မှ အစွမ်းထက်လာပြီဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် အော်ဟစ်ရယ်မောလိုက်၏။ မြည်းလေးမှာမူ အော်ဟစ်မြည်တမ်းကာ မုန့်များ ထပ်တောင်းနေဆဲပင်။ ၎င်း၏ အော်ဟစ်သံများမှာ တဖြည်းဖြည်းနှင့် ကျယ်လောင်လာသောကြောင့် နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးအချို့အား ထုတ်ပေးလိုက်ရ၏။

ဝူလေးမှာမူ ရီဝေဝေဖြစ်နေဆဲပင်။ သူ၏ မျက်ဝန်းများမှာ အသက်မရှိသည့်ပုံ ပေါက်နေ၏။ သူသည် သူ၏ဘဝကြီးအကြောင်း စဉ်းစားတွေးတောရင်း အတွေးများထဲတွင် နစ်မျောကာ သူ့ကိုယ်သူ မေးခွန်းမျိုးစုံ ပြန်မေးနေမိတော့သည်။

" ဒီကောင်လေးက... တော်တော်သနားစရာကောင်းတာပဲ " ဝမ်ပေါင်လဲ့မှာ ဝူလေးအား လှမ်း၍အကဲခတ်ကာ သက်ပြင်းချလိုက်၏။ သူသည် ဝူလေးအပေါ် ရက်စက်လွန်းရာ ကျနေသည် ဖြစ်ကြောင်း သူ့ကိုယ်သူ သိပေသည်။ သို့သော် အစွမ်းထက်လိုပါက အခက်အခဲမျိုးစုံကို ကျော်ဖြတ်ရမည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ ထိုသို့နှလုံးသွင်းလိုက်ပြီးနောက် စိတ်ကျေနပ်သွား၏။

" ကောင်လေးရာ။ မင်း ကောင်းစားဖို့အတွက် ငါ အခုလို လုပ်နေရတာပါ။ မင်း ထပ်ပြီးတော့လေ့ကျင့်ဖို့ လိုသေးတယ်။ ဘာမှစိတ်မပူပါနဲ့။‌ ဖေဖေကြီး မင်းကို ကူညီပေးပါ့မယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ ချောင်းဟန့်လိုက်ပြီးနောက် အခြားတစ်ဖက်သို့ ပြန်လှည့်သွား၏ သူသည် ဤ ခရီးစဉ်ကြီး ပြီးဆုံးရန် ကျန်ရှိနေသေးသည့်အချိန်အား တွက်ချက်လိုက်ပြီးနောက် အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကြယ်ကြံသူကြီး၏ တစ်ဝက်တစ်ပျက် ပြတ်တောက်နေသည့် လက်ဖဝါးကြီးအား ထုတ်ယူလိုက်သည်။

ထို လက်ဖဝါးကြီးပေါ်တွင် လက်ချောင်းသုံးချောင်းသာ ကျန်တော့သည်ဖြစ်ပြီး ၎င်းတို့အားလုံးမှာလည်း အနက်ရောင် ပြောင်းသွားကြပြီဖြစ်သည်။ သို့သော် ၎င်းတို့မှ ပုပ်ပွသွားမည့် အရိပ်အယောင် လုံးဝမရှိသလို ဂြိုဟ်အဆင့် အငွေ့အသက်တစ်မျိုးမှာလည်း ထို လက်ဖဝါးကြီးထဲ၌ ကိန်းအောင်နေဆဲပင်။ ဝမ်ပေါင်လဲ့မှာ ထို လက်ဖဝါးအား မြင်လိုက်ရသည်နှင့် တစ်ကိုယ်လုံး တောင့်တင်းသွားရ၏။ ထိုခံစားချက်ကြီးမှာ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်အား ထိပ်တိုက်ရင်ဆိုင်တွေ့ရခြင်းလောက် မဆိုးပါသော်လည်း အတော်အသင့် ဆိုးရွားနေဆဲပင်။

" ဂြိုဟ်အဆင့် ကျင့်ကြံသူတိုင်းရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကုန်လုံးက ဒီလိုမျိုး အစွမ်းထက်နေတာပဲလား " ဝမ်ပေါင်လဲ့မှာ ထို လက်ဖဝါးကြီးအား တည်ကြည်မှုအပြည့်ဖြင့် အကဲခတ်လေ့လာနေ၏။ သူသည် ဂြိုဟ်အဆင့် စွမ်းအားအနည်းငယ်ခန့်အား ထိန်းချုပ်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၎င်းအား သူ၏ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် ပေါင်းစည်းရန်ပင် တွေးမိခဲ့သေးသည်။

သို့သော် ထိုကဲ့သို့သော နည်းလမ်းများမှာ ရိုးစင်းလွန်းနေ၏။ ထို့အပြင် ဤ လက်ဖဝါးအား ထိုကဲ့သို့အသုံးပြုခြင်းမှာ ဖြုန်းတီးရာ ကျနေမည်ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဝေခွဲမရဖြစ်နေရ၏။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ထို လက်ဖဝါးကြီးအား ဘေးသို့ချကာ သိုလှောင်လက်စွပ်အား ထုတ်ယူလိုက်ပြန်သည်။

" ငါ ဒီလက်စွပ်ကို ဖွင့်ချင်ရင် ဂြိုဟ်အဆင့်အထိ ရောက်နေမှရမှလား။ ဒီထဲမှာရော အဖိုးတန်ပစ္စည်းတစ်ခုခုများ ရှိနေနိုင်မလား... တကယ်လို့ ဘာမှမတတ်နိုင်တော့ဘူးဆိုရင် ရှဲ့ဟေးရန်ကို အကူအညီ တောင်းလိုက်ရင်ရော " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်ကာ မျက်မှောင်ကြုတ်သွား၏။ ထို့နောက် သူသည် စိတ်ကို တည်ငြိမ်အောင်ထားကာ ထို သိုလှောင်လက်စွပ်အား အသေးစိတ်ကြည့်ရှုလေ့လာရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို လေးလံသည့် အသက်ရှူသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရတော့သည်။ ထို့ကြောင့် သူသည် တအံ့တဩနှင့် ခေါင်းမော့ကြည့်လိုက်သောအခါ သူနှင့် မလှမ်းမကမ်းတွင် ရပ်နေသည့် မြည်းလေးအား မြင်လိုက်ရ၏။ ၎င်းမှာ သူ၏လက်ထဲရှိ သိုလှောင်လက်စွပ်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။

ထို့အပြင် ၎င်း၏ပါးစပ်ထဲမှ ယိုကျနေသည့် သွားရည်များမှာ ကြမ်းပြင်ပေါ်တွင် အိုင်နေပြီ ဖြစ်သည်...

နောက်ဆုံးတွင် မြည်းလေးမှာ မျက်လုံးများနီမြန်းလာပြီးနောက် ရုတ်ခြည်းဆိုသလို ဝမ်ပေါင်လဲ့ဆီသို့ တဟုန်ထိုးပြေးလာပြီး ပါးစပ်ဟကာ ထို သိုလှောင်လက်စွပ်အား လှမ်းကိုက်လိုက်တော့သည်။

သို့သော် မြည်းလေးမှာ မည်သည့်အရာကိုမှ မကိုက်မိလိုက်ပေ။

အကယ်၍ ဝမ်ပေါင်လဲ့သာ နှေးကွေးနေခဲ့မည်ဆိုပါက မြည်းလေးမှာ သူ၏လက်ကိုပါ ပြုတ်ထွက်သွားအောင် ကိုက်ပြီးနေလောက်ပြီဖြစ်သည်။ ထို့ကြောင့် သူသည် အမျက်ချောင်းချောင်း ထွက်သွားရ၏။ သူ မတ်တတ်ထလာရန် ပြင်လိုက်စဉ်မှာပင် မြည်းလေးမှာ သူ့ဆီသို့ နောက်ထပ်တစ်ကြိမ် ထပ်ပြေးလာပြန်သည်။ ၎င်း၏ မျက်လုံးများထဲတွင် ထို သိုလှောင်လက်စွပ်ကိုသာ မြင်တော့သည့်ပုံပင်။

" မင်း ပုန်ကန်ဖို့ ကြိုးစားနေတာလားကွ " ဝမ်ပေါင်လဲ့မှာ သူ၏ခြေထောက်ဖြင့် မြည်းလေး၏ ဝမ်းဗိုက်အား လှန်းကန်လိုက်၏။ ထိုအခါ မြည်းလေးမှာ အော်ဟစ်မြည်တမ်းကာ အဝေးသို့ လွင့်ထွက်သွားရတော့သည်။

အပေါ်ယံတွင် သူ၏ကန်ချက်မှာ အားပြင်းသည့်ပုံ ပေါ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ထိုကန်ချက်၏ ပြင်းအားကို ထိန်းချုပ်ထားခဲ့၏။ သူသည် မြည်းလေးအား ထိခိုက်ဒဏ်ရာရသွားအောင် ရည်ရွယ်၍ ကန်ကျောက်ခဲ့ခြင်းမဟုတ်ဘဲ ၎င်းအား သူနှင့်ဝေးရာသို့ ကန်ထုတ်လိုက်ခြင်းသာ ဖြစ်သည်။ ထိုကန်ချက်ကြောင့် မြည်းလေးမှာ အနည်းငယ်ခန့် သတိပြန်ကပ်သွားသည့်ပုံပင်။ ၎င်းမှာ ကြမ်းပြင်ပေါ်၌ ‌ခြေပစ်လက်ပစ် လှဲချလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား သနားကမား မျက်ဝန်းလေးများဖြင့် စိုက်ကြည့်နေလိုက်တော့သည်။ ၎င်းမှာ အမှား လုပ်မိခဲ့ကြောင်း နားလည်သဘောပေါက်သွားသည့်ပုံပင်။ သို့သော်လည်း... ၎င်းမှာ သွားရည်များ အဆက်မပြတ် ယိုကျနေဆဲပင်။

ဝမ်ပေါင်လဲ့မှာ ထိုမြည်းလေးအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် သူ၏လက်ထဲရှိ သိုလှောင်လက်စွပ်အား ငုံ့ကြည့်လိုက်၏။ ထို့နောက် သူ၏မျက်ဝန်းများမှာ ထူးဆန်းစွာတောက်ပသွားတော့သည်။ သူသည် မြည်းလေး၏ အကျင့်စရိုက်ကို ကောင်းကောင်းကြီးသိထားသည် မဟုတ်ပါလော။ ၎င်းမှာ ငယ်ရွယ်စဉ်ကတည်းက ပစ္စည်းမျိုးစုံ စားခဲ့ဖူးသည်ဖြစ်ပြီး ယခုတွင် အလွန်အင်မတန်မှ ကြေးများတတ်နေပြီဖြစ်သည်။ ထို့အပြင် ၎င်းမှာ အရည်အသွေးမြင့် ပစ္စည်းများကို အနံ့ခံရာတွင်လည်း အလွန်အင်မတန်မှ ကျွမ်းကျင်ပေသည်။ ယခုတွင် ၎င်းမှာ အသိစိတ် ပျောက်သွားသလို ပြုမူခဲ့သည်ဖြစ်ရာ ထို သိုလှောင်လက်စွပ်ထဲ၌ တမူထူးခြားသည့် ပစ္စည်းတစ်ခုခု သေချာပေါက်ရှိနေရပေမည်။

" ငါ အချီကြီး ပွပြီလားဟ " ဝမ်ပေါင်လဲ့မှာ အသက်ပင် ကောင်းကောင်းမရှုနိုင်တော့ပေ။ ထို့နောက် သူသည် ခေါင်းမော့လာပြီး မြည်းလေးအား စိုက်ကြည့်လိုက်၏။ ယခုအကြိမ်တွင်မူ သူသည် သူ၏ နတ်ဘုရားအာရုံကို ထုတ်လွှတ်ကာ မြည်းလေးနှင့် အပြန်အလှန် ဆက်သွယ်လိုက်တော့သည်။

မြည်းလေးမှာ ထို သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းအား အသေးစိတ်ဖော်ပြနိုင်စွမ်း မရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာ ၎င်း၏ စိတ်ခံစားချက်များကို ရှင်းလင်းပြတ်သားစွာ အာရုံခံမိနေ၏။ သိုလှောင်လက်စွပ်ထဲရှိ အငွေ့အသက်တစ်ခုကြောင့် မြည်းလေးမှာ အသိစိတ်ပျောက်လုမတတ် ဖြစ်နေရခြင်းဖြစ်သည်။

" ဘာမှ ရှင်းပြဖို့ကြိုးစားမနေနဲ့။ မင်း ငါ့ကို ဖားယားဖို့ ကြိုးစားနေတုန်းပဲလား။ လောဘကြီးလိုက်တဲ့ကောင် " ဝမ်ပေါင်လဲ့မှာ နှာမှုတ်ကာ ဆိုလိုက်ပြီး ထိုလက်စွပ်အား ရှဲ့ဟေးရန်၏ လက်ထဲသို့ အပ်၍မဖြစ်ကြောင်း ဆုံးဖြတ်လိုက်တော့သည်။ သူ အစွမ်းထက်လာသည့်အချိန်မှ သူကိုယ်တိုင် ထိုလက်စွပ်အား ဖွင့်ခြင်းသာလျှင် ဘေးအကင်းဆုံးနည်းလမ်း ဖြစ်ပေသည်။ ထိုသို့ဖြင့် သူ ထိုလက်စွပ်နှင့် လက်ဖဝါးကြီးအား သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းရန် ပြင်လိုက်စဉ်မှာပင် တစ်ချိန်လုံး မိန်းမောတွေဝေကာ နှုတ်ဆိတ်နေ‌ခဲ့သည့် ဝူလေးမှာ ရုတ်တရက် ဆိုလိုက်၏။

" ဖေဖေကြီး။ ကျွန်တော် ဒီ လက်ဖဝါးကြီးကို အစွမ်းထက်အဆောင်ပစ္စည်းတစ်ခု ဖြစ်လာအောင် သန့်စင်နိုင်တဲ့ နည်းလမ်းတစ်ခုကို သိထားတယ်။ အဲဒီ အဆောင်ပစ္စည်းက ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ကွက် တစ်ကွက်နီးပါး အစွမ်းထက်တဲ့ စွမ်းအားတစ်မျိုးကို ထုတ်လွှတ်နိုင်စွမ်းရှိမှာ။ ကျွန်တော် ဖေဖေကြီးကို အဲဒီနည်းလမ်း ပြောပြပေးလို့ရတယ်။ ဒါပေမဲ့ ဖေဖေကြီး ကျွန်တော့်အတွက် တစ်ခုခု လုပ်ပေးနိုင်မလား... "

" ဟင် " ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသည်နှင့် ဝူလေးအား ချက်ချင်းလှည့်ကြည့်လိုက်ပြီး မျက်လုံးများ မှေးသွား၏။ သူသည် ဝူလေး၏ လျှို့ဝှက်ဆန်းကြယ် နောက်ကြောင်းရာဇဝင်နှင့် ပတ်သတ်၍ အမျိုးမျိုး ခန့်မှန်းထားခဲ့ပြီးသား ဖြစ်သည်။ သူသည် ထိုကောင်လေး၏ ဝိညာဉ်အား ရှာဖွေခဲ့သည့်တိုင်အောင် မည်သည့် မှတ်ဉာဏ်ကိုမှ ရှာမတွေ့ခဲ့ပေ။ သို့သော် ဝူလေး သူအားပြောပြခဲ့သည့် သန့်စင်ခြင်းပညာရပ်မှာ အလွန်အင်မတန်မှအစွမ်းထက်သော ပညာရပ်တစ်ခုဖြစ်ကြောင်း သူက သိထား၏။

" သူက တကယ်ပဲ တစ်နေရာရာက မင်းသားတစ်ပါး ဖြစ်နေတာများလား " ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွား၏။ သို့သော် မဖြစ်နိုင်ပေ။ မင်းသားတစ်ပါးမှာ ဝမ်ပေါင်လဲ့လို လူမျိုးနှင့်သာ တူနေသင့်သည် မဟုတ်ပါလော။

" ဝူလေး လိမ်လိမ်မာမာနဲ့ ဖေဖေကြီးကို ပြောပြစမ်းပါကွ။ ငါ မင်းကို နောက်တစ်ခါ ထပ်ပြီးတော့ လှောင်ပိတ်မထားတော့ဘူးလို့ ကတိပေးပါတယ် " ဝမ်ပေါင်လဲ့မှာ ဝူလေးအား ပြုံးပြကာ ပြန်ပြောလိုက်၏။

ထိုအခါ ဝူလေးမှာ ဝမ်ပေါင်လဲ့၏ အပြုံးအား အကဲခတ်ရင်း ချီတုံချတုံ ဖြစ်သွားရ၏။ တစ်အောင့်ခန့် ကြာပြီးနောက် သူသည် အံကြိတ်ကာ ပြန်ပြောလိုက်တော့သည် " ဖေဖေကြီး၊ အဲဒီ အဆောင်ပစ္စည်း သန့်စင်ခြင်းပညာရပ်ကို မြေနက်ကြယ် သန့်စင်ခြင်းပညာရပ်လို့ ခေါ်တယ်ဗျ "

" သဘောတရားအရ ပြောရမယ်ဆိုရင် အဲဒီပညာရပ်ကို သုံးပြီး ဂြိုဟ်တွေနဲ့ ကြယ်တွေကို သန့်စင်လို့ရတယ်... " ဝူလေးမှာ သူ၏ညာဘက်လက်ကို ဆန့်ထုတ်ကာ ကျောက်စိမ်းပေလွှာတစ်ခုအား ထုတ်ယူလိုက်၏။ ထို့နောက် သူသည် ၎င်းပေါ်၌ တံဆိပ်တစ်ခု ရိုက်နှိပ်လိုက်ပြီးနောက် ၎င်းအား ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပစ်ပေးလိုက်သည်။ ဝမ်ပေါင်လဲ့မှာလည်း ထို ကျောက်စိမ်းပေလွှာအား လှမ်းဖမ်းလိုက်ပြီးနောက် သူ၏ နတ်ဘုရားအာရုံဖြင့် ၎င်းအား ဖတ်ရှုကြည့်လိုက်တော့သည်။ ထိုအခါ သူသည် ချက်ချင်းဆိုသလိုပင် မျက်လုံးပြူးသွားရပြီး အတွေးများ ယောက်ယက်ခတ်သွားရ၏။ ထို့နောက် သူသည် ခေါင်းပြန်မော့လာပြီး ဝူလေးအား စိုက်ကြည့်ကာ မေးလိုက်တော့သည်။

" ငါက မင်းအတွက် ဘာလုပ်ပေးရမှာလဲ "

" အနာဂတ်မှာ ကျွန်တော် အိမ်ပြန်ဖို့ တောင်းဆိုတဲ့အချိန်ကျရင် ကျွန်တော့်ကို အိမ်ပြန်ပို့ပေးပါ "

All Chapters