နတ်ဘုရားဘုရင် ဝတ်ရုံစိမ်း နူဖန့်
Vol. 69 Ch. 951
အလယ်အလတ် ကနဦးနတ်ဘုရား အဆင့် ၃ သို့ ရောက်ရှိပြီးသည့်နောက် မိုဝူကျိက သူဘယ်နားလေး မှားသွားကြောင်း သိလိုက်သည်။ သူ့စိတ်နှလုံး အခြေအနေမှာ လွဲချော်နေလေသည်။
သူ ပိုစွမ်းအားကြီးသည်နှင့် သူနှင့် ထိတွေ့ဆက်ဆံသည့်သူများလည်း စွမ်းအားကြီးလာပေမည်။ ဤသည်က သူ့အား အသည်းအသန် အရှိန်ပြင်းစွာ သူ့ကျင့်ကြံဆင့်ကို တိုးတက်ချင်စေလေသည်။ သူ နတ်ဘုရားနယ်မြေကို ဝင်ရောက်သည့်အချိန်မှစ၍ သူသည် အချိန်တိုလေးအတွင်း၌ ကနဦးနတ်ဘုရားအဆင့် ၃ ကို ရောက်ရှိခဲ့လေသည်။
သူက သေမျိုးတစ်ယောက်အဖြစ် ကျင့်ကြံသည့်အတွက် ဤသည်က သူ့ကျင့်ကြံဆင့်၏ အခြေခံအုတ်မြစ်နှင့် ကွဲလွဲနေလေသည်။ သို့သော် ကျင့်ကြံဆင့် တိုးတက်လာသည်နှင့် သူသည် သူ့ကိုယ်သူ ထိုကျင့်ကြံခြင်း၌ ပါရမီထူးသူများနှင့် အဆက်မပြတ် နှိုင်းယှဉ်မိသွားသည်။ ရလဒ်အနေဖြင့် သူ့ကိုယ်သူလည်း တကယ့် ကျင့်ကြံခြင်းပါရမီရှင်အဖြစ် အမှုမဲ့ အမှတ်မဲ့ သတ်မှတ်မိလေ၏။ ဤသို့သော အခြေအနေမျိုးအောက်တွင် ကျင့်ကြံဆင့် တိုးတက်ဖို့အတွက် မဆိုနှင့် ကျင့်ကြံခြင်း၌ လမ်းမှားရောက်မသွားခဲ့သည်မှာ သူအတွက် အလွန် ကံကောင်းလွန်းနေပြီ ဖြစ်သည်။
ယနေ့မှသာ ကျင့်ကြံရေးနှင့် လုံးဝမသက်ဆိုင်သော အောက်ခြေသိမ်း အလုပ်ပေါ်တွင် အာရုံစိုက်ရန် သူသည် သူ့အတွေးများကို စုစည်းလိုက်သည်။ အချိန်နှင့်အမျှ စုဆောင်းလာသည့် တိုးတက်မှုလေးများက ဤအခိုက်အတန့်တွင် နောက်ဆုံး၌ စွမ်းအားအဖြစ် ပြောင်းလဲသွားလေသည်။ သူ့နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း တစ်နေရာတွင်လည်း တစ်စုံတစ်ရာ စတင် ပေါက်ဖွားလာဟန် ရှိလေသည်။
ဤအချက်အထိ စဉ်းစားလိုက်မိသည့်အခါ မိုဝူကျိက နောက်တစ်ကြိမ် ထပ်မံ ရပ်တန့်လိုက်ပြန်သည်။
သူ့နှလုံးအခြေအနေမှာ အမှန်တကယ် မပြည့်စုံသေးပေ။ ထို့အပြင် နှင်းစက်စိမ်း ဆန်မျိုးစေ့များအား စိုက်ပျိုးခြင်းက ကျင့်ကြံရေးနှင့် လုံးဝမသက်ဆိုင်သည်တော့လည်း မဟုတ်ပေ။ အဆုံးတွင် သူသည် သူ့ကျင့်ကြံရေး တိုးတက်ရန်အတွက် လုပ်နေဆဲ ဖြစ်သည်။ အစကတည်းက နှင်းစက်စိမ်းဆန်သည် ဆေးလုံးအဆိပ်ကို တိုက်ဖျက်ရန် သုံးနိုင်၍သာ ဆန်စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။
ကြည့်ရသည်မှာ သူသည် သူ့ကျင့်ကြံရေး လမ်းကြောင်းပေါ်တွင် လမ်းခွဲကို ရောက်ရှိနေပုံ ပေါ်လေသည်။ သူက အင်မော်တယ် မော်တယ် ကျင့်စဉ်ဖြင့် ကျင့်ကြံသည်။ ထို့ကြောင့် တာအိုကို ချဉ်းကပ်ရန် သေမျိုးတစ်ယောက်၏ စိတ်နေ သဘောထားတွေးခေါ်မှုကို အသုံးပြုရမည်ဟု ဆိုလိုသည်။ ထိုသို့ဆိုလျှင် သူသည် ကျင့်ကြံရေးအပေါ် မည်ကဲ့သို့ တွေးခေါ်မှုပုံစံမျိုးကို ခံယူထားသင့်သနည်း။
သူသည် နှင်းစက်စိမ်းဆန်က ဆေးလုံးအဆိပ်ကို မည်သို့ တန်ပြန်တိုက်ခိုက်နိုင်သည့်အကြောင်း တွေးနေသည်များကို ရပ်တန့်သင့်လေပြီ။ ထို့အပြင် မည်သည့် ရည်ရွယ်ချက်ကြောင့်မှ စိုက်ပျိုးသည်မဟုတ်ဘဲ ငြိမ်းချမ်းဖို့အတွက်သာ စိုက်ပျိုးတော့မည်။ အကယ်၍ သူသည် စိတ်ထဲတွင် မည်သည့် ရည်မှန်းချက်မျှ မထားဘဲ နှင်းစက်စိမ်းဆန်ကို စိုက်ပျိုးမည်ဆိုမှသာလျှင် သူ့နှလုံးအခြေအနေက လုံးလုံးလျားလျား တိုးတက်လာပေလိမ့်မည်။
ဤကိစ္စက မိုဝူကျိအား မျက်မှောင်ကျုံ့သွားစေသည်။ အကြောင်းမှာ ထိုသို့လုပ်ခြင်းသည် သူ့စိတ်နှစ်ထားရန် လိုအပ်မည့်ပုံ မပေါ်သောကြောင့်ဖြစ်သည်။ သူ့ရင်တွင်း၌ နှင်းစက်စိမ်းဆန်စိုက်ခြင်းမှာ အချိန်များစွာ ပေးစရာလိုသော ပြန်လည်ဖန်တီးလုပ်ယူရသည့် အလုပ်မျိုး မဟုတ်ချေ။ ရည်မှန်းချက်မရှိပါက ပိုတောင် အချိန်ပေးစရာ မလိုတော့ပေ။
သေမျိုးများသည် ဆက်လက် ရှင်သန်နိုင်ရေးအတွက် ဆန်ကို စိုက်ပျိုးကြသည်။ အသက်ရှင်သန်ခွင့်ကို ဆန်နှင့်လဲလှယ်ကြသည်။ ထို့ကြောင့် ကျင့်ကြံခြင်းအတွက် နှင်းစက်စိမ်း ဆန်မျိုးစေ့စိုက်ပျိုးခြင်းက မည်သို့များ မှားယွင်းနေပါသနည်း။ နှင်းစက်စိမ်းဆန်မျိုးစေ့ စိုက်ပျိုးသည့်အခါ အဘယ်ကြောင့်များ သူအနေနှင့် မည်သည့် ရည်ရွယ်ချက်မှ မျှော်မှန်းထားရှိခွင့် မရှိသနည်း။ သူက မူလကတည်းက သေမျိုးတစ်ယောက် ဖြစ်သည်။ သို့သော် မည်သည်ကိုမျှ ရယူလိုခြင်းမရှိဘဲ သူများတွေအတွက် နှင်းစက်စိမ်းဆန်မျိုးစေ့များ စိုက်ခြင်း … ဤကဲ့သို့ အမြင်မှန် ရရှိသော အနေအထားသို့ သူ့စိတ်နေသဘောထားသည် ဘယ်တုန်းကမှ မရောက်ရှိဖူးပေ။ အားစိုက်ထုတ်ထားပါက အကျိုးတစ်ခုခု ပြန်ရကိုရရမည်ဟု သူ ခံယူထားခဲ့သည်။
ပုံသဏ္ဍာန်မဲ့အရိပ်နှင့် အတားအဆီးများသည် ရဲရဲတောက်နေသောမီးဖြင့် အရည်ဖျော်ခံလိုက်ရသလိုမျိုး မိုဝူကျိထံမှ ပျောက်ကွယ်သွားလေသည်။ ဤသည်က သူ့ကို အများကြီးပို၍ စိတ်ပေါ့ပါးသွားစေ၏။ ထို့အပြင် သူသည် အရင်ကထက်လည်း ပို၍ အရာအားလုံးကို သဘောပေါက် လက်ခံလွယ်လာလေသည်။
အရမ်းကြီး တမင်တကာ လုပ်နေရန် မလိုအပ်ပေ။ လူတစ်ယောက်တွင် သူ့ကိုယ်ပိုင်နိယာမများ တစ်စုံသာ တည်ရှိလေ၏။ ကိုယ့်ကိုယ်ကို ကျင့်ကြံရေးပါရမီရှင်များနှင့် နှိုင်းယှဉ်နေရန် မလိုပေ။ လူတစ်ယောက်သည် သူ့ကိစ္စအရာများကို လုပ်ရမည်သာဖြစ်ပြီး သူ့ကိုယ်ပိုင် လူသားတာအိုကို ကျင့်ကြံရမည်ဖြစ်သည်။
မိုဝူကျိ၏ ဖြစ်တည်ခြင်း အလုံးစုံသည် တန့်နေသော ကျင့်ကြံဆင့်အကြောင်းကို မချင့်မရဲဖြစ်ခြင်း တစ်စုံတစ်ရာမရှိပါဘဲ ငြိမ်းချမ်းလျက် ရှိလေသည်။ သူသည် တည်ငြိမ်စွာပင် လယ်ကွင်းကို ထွန်ယက်သည်။ တည်ငြိမ်စွာပင် မျိုးစေ့များကို ကျဲပက်သည်။ တည်ငြိမ်စွာပင် စွမ်းအားစုစည်းရေး အစီအရင်ကို ခင်းကျင်းသည်။ ထို့နောက် ရိတ်သိမ်းရာသီအတွက် တည်ငြိမ်စွာ စောင့်နေလိုက်သည်။
စီမံရေးမှူးကွမ်းသည် သူနှင့်ကောင်းမွန်သော ဆက်ဆံရေး မရှိသောကြောင့် မိုဝူကျိက မြေတစ်ကွက်သည် မျိုးစေ့မည်မျှ လိုအပ်ကြောင်းမသိပေ။ သူသိသော တစ်ခုတည်းသောအရာမှာ နှင်းစက်စိမ်းဆန်မျိုးစေ့သည် ၆လအကြာတွင် ရင့်မှည့်မည်ဖြစ်ပြီး မည်သည့်အချိန်၌မဆို စိုက်ပျိုးနိုင်လေသည်။ တစ်နှစ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ရိတ်သိမ်း၍ ရရှိနိုင်ပေသည်။
နှင်းစက်စိမ်းစပါးပင်သည် နတ်ဘုရားနယ်မြေ၌ ရင့်မှည့်ချိန်တိုတိုဖြင့် အကျိုးရလဒ် အကြီးမားဆုံးရှိသည့် တစ်ခုတည်းသော ဝိညာဉ်အပင် ဖြစ်သည်ဟု ပြောလို့ရပေသည်။ ရင့်မှည့်ရန် ဆယ်နှစ် သို့မဟုတ် နှစ်ထောင်ပေါင်းရာချီကြာသော သဘာဝရတနာများနှင့် နှိုင်းယှဉ်လျှင် နှင်းစက်စိမ်းဆန်သည် အလွန်အဖိုးတန်ပေသည်။ နတ်ဘုရားကုန်းမြေ၏လူများအတွက် ဤအရာမှာ ကျင့်ကြံသူများဆီသို့ ကောင်းကင်ဘုံမှ ပေးအပ်သော လက်ဆောင် ဖြစ်လေသည်။
“ခင်ဗျား ဒါကို ဒီနည်းလမ်းနဲ့ လုပ်ရင် အလကားပဲ။ သာမန်အခြေအနေမှာ မြေတစ်ကွက်ကို နှင်းစက်စိမ်းဆန်ပျိုးပင် ၅၀၀ စိုက်ပျိုးလို့ ရတယ်။ အဆင့် (က) လယ်မြေကွက်တွေရဲ့ အကောင်းဆုံး ရိတ်သိမ်းမှုက တစ်ပင်ကို နှင်းစက်စိမ်းစပါးစေ့ တစ်စေ့ နှစ်စေ့လောက်ပေါ့။ ဆိုလိုတာက ပျိုးပင် ၅၀၀ က နှင်းစက်စိမ်းစပါးစေ့ ၅၀ ကာတီ ထွက်နိုင်တယ်ဆိုတဲ့ သဘောပဲ။ ဆန်ရဲ့အဆင့်အနေနဲ့ကတော့ အပင်တွေကို စိုက်ပျိုးတဲ့ပုံနဲ့ ဂရုစိုက်တဲ့ပုံပေါ် မူတည်တယ်။ ဒါက မြေအဆင့် (ဃ) ဆိုတော့ မြေကြီးကနေ စွမ်းအင် အလုံအလောက် မရဘူး။ ပြီးတော့ ခင်ဗျား အနည်းဆုံး ပျိုးပင် ၁၀၀၀ လောက် စိုက်မှ ရလိမ့်မယ်…”
မိုဝူကျိ၏ အလုပ်ကို အသံတစ်သံက ရုတ်တရက် နှောင့်ယှက်လိုက်လေသည်။
သူ့ခေါင်းကိုမော့လိုက်သော် မိုဝူကျိသည် သူ့မြေကွက်၌ ရပ်နေသည့် ကျောပေါ်တွင် ဝိညာဉ်ပေါက်ပြားနှင့် အသားအမည်းရောင်ရှိ လူတစ်ယောက်ကို မြင်လိုက်ရသည်။ သူသည် နှင်းစက်စိမ်းဆန်မျိုးစေ့များ စိုက်ပျိုးခြင်းအပေါ်တွင် လုံးဝအာရုံစိုက်ထားသဖြင့် တစ်စုံတစ်ယောက် သူ့ထံ ချဉ်းကပ်လာသည်ကိုပင် အမှန်တကယ် သတိမပြုမိလိုက်ချေ။
“ထောက်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
မိုဝူကျိသည် လေးလေးစားစား ဦးညွှတ်လိုက်ပြီး သိပ်စဉ်းစားမနေဘဲ ပြောလိုက်၏။
အကယ်၍ သူ ဆန်တစ်စေ့ ထွက်အောင် မလုပ်နိုင်လျှင်တောင် စီမံရေးမှူးကွမ်းသည် သူ့အား ဘာလုပ်နိုင်မည်နည်း။ ကနဦးနတ်ဘုရားအဆင့် ၇ ၌ရှိသော လူတစ်ယောက်သည် သူ့စိတ်ပူပန်မှုနှင့်ပင် မထိုက်တန်ပေ။
အသားမည်းမည်းနှင့်လူငယ်သည်လည်း ပြုံးပြလိုက်ပြီး မိုဝူကျံထံ သာမန်ကာလျှံကာ စာအုပ်တစ်အုပ် ပစ်ပေးလိုက်လေသည်။
“ခင်ဗျား တစ်ယောက်ယောက်ကို ရန်စမိထားတယ် မလား။ မဟုတ်ရင် ခင်ဗျား အဆင့် (ဃ) နေရာမှာ တာဝန်ချခံထားရမှာ မဟုတ်ဘူး။ ဒါက နှင်းစက်စိမ်းဆန်အတွက် မိတ်ဆက်စာအုပ်။ ခင်ဗျား ကြည့်ကြည့်လိုက်ပေါ့။ ကျုပ်နာမည်က ကုဟိုင်။ ကျုပ်က (ခ) ၂၉ မှာရှိတယ်။ ခင်ဗျား နားမလည်တာရှိရင် ကျုပ်ကိုလာမေးနိုင်တယ်”
သူ့စကားဆုံးသည်နှင့် သူက မိုဝူကျိ ကျေးဇူးတင်သည်ကို မစောင့်တော့ဘဲ ထွက်သွားလေသည်။
မိုဝူကျိသည် တိတ်တဆိတ် အံ့သြမိသွားသည်။ မည်သည့်နေရာပင် ဖြစ်ပါစေ ကုဟိုင်ကဲ့သို့ အခြားသူများအား ကူညီရသည်ကို နှစ်သက်သည့်သူမျိုး ရှိသင့်လေသည်။
ကုဟိုင်ပေးခဲ့သော နှင်းစက်စိမ်းဆန်စာအုပ်၏ နိဒါန်းမှာ အပင်ကို မည်သည့်အချိန်တွင် ရေလောင်းရမည်၊ မည်သည့်အချိန်တွင် နေရောင်ပြရမည်နှင့် မည်သည့်အရာများကို သတိထားရမည် စသဖြင့်ကို အဓိကပါဝင် ဖော်ပြထားလေသည်။ ထိုထဲတွင် နှင်းစက်စိမ်း ဆန်မျိုးစေ့များကို တစ်ကွက်လျှင် မည်သို့ စိုက်ပျိုးရမည့်အကြောင်း အသေးစိတ်အချက်အလက်များလည်း ပါဝင်လေသည်။
ထုံးစံအတိုင်းပင် မြေကွက်အရည်အသွေးညံ့လေ စိုက်ပျိုးရမည့် နှင်းစက်စိမ်းဆန်များလေ ဖြစ်၏။ သို့မဟုတ်ပါက ရိတ်သိမ်းနိုင်မည့် အရေအတွက်မှာ အလွန်နည်းသွားပေလိမ့်မည်။
နတ်ဘုရားကုန်းမြေပေါ်တွင် အဆင့်မြင့် နှင်းစက်စိမ်းဆန်သည် မြင်ရခဲပေ၏။ များသောအားဖြင့် လူအများစုသည် အဆင့်နိမ့်နှင်းစက်စိမ်းဆန်ကို စားသုံးကြလေသည်။ အချို့ဂိုဏ်းအကြီးအကဲများနှင့် ရာထူးကြီးကြီးနှင့်သူများသာလျှင် အလတ်အလယ်အဆင့် နှင်းစက်စိမ်းဆန်ကို စားနိုင်ကြပေ၏။ အလွန်နည်းသော အဆင့်မြင့် နှင်းစက်စိမ်းဆန်ကိုမူ စားသုံးကြမည့်အစား အခြားသူများအား ပေးဖို့ တန်ဖိုးကြီးလက်ဆောင်အဖြစ်သာ အားလုံးက အသုံးပြုကြလေသည်။
ထိပ်တန်းအဆင့် နှင်းစက်စိမ်း ဆန်အနေနှင့် ၎င်းသည် နှစ်ပေါင်းများစွာ ဈေးကွက်တွင် မထွက်ပေါ်လာခဲ့ပေ။ ထိုအရာသည် ရှာ၍မရဘဲ တစ်ဦးက မမျှော်လင့်ဘဲသာ တွေ့ရှိနိုင်သည့် ပထမတန်းစား ရတနာဖြစ်၏။ ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်၏ အာနိသင်သည် သူ့စွမ်းရည်၌ ဆေးလုံးအဆိပ်ကို ချေဖျက်ပေးနိုင်ရုံသာမက ကျင့်ကြံခြင်းကိုလည်း မြှင့်တင်ပေးနိုင်လေသည်။ ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်သည် ထိုမျှပင် တန်ဖိုးရှိနေခြင်းမှာ အကယ်၍ ၎င်းကို အစေ့အဖြစ်သာအသုံးပြုပါက လူသစ်တစ်ယောက်ပင် အဆင့် ၃ နှင်းစက်စိမ်းဆန်ကို ထုတ်လုပ်နိုင်သောကြောင့်ဖြစ်၏။
[အဆင့် ၁ သည် အဆင့်နိမ့်၊ အဆင့် ၂ သည် အလယ်အလတ်အဆင့်နှင့် အဆင့် ၃ သည် အဆင့်မြင့်ကို ဆိုလိုပေသည်။]
စာအုပ်ထဲတွင် ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်ကို ထုတ်နိုင်သည့် တစ်ဦးတည်းသောသူမှာ နတ်ဘုရားဘုရင် ဝတ်ရုံစိမ်း နူဖန့်ဟုလည်း ထည့်သွင်းမိတ်ဆက်ထားလေသည်။
နတ်ဘုရားဘုရင် ဝတ်ရုံစိမ်း နူဖန့်သည် နတ်ဘုရားဘုရင် ဖြစ်ရုံသာမက အဆင့် ၅ နတ်ဆေးလုံးဘုရင်လည်း ဖြစ်၏။ နတ်ဘုရားကုန်းမြေ၌ အဆင့် ၅ နတ်ဆေးလုံးဘုရင်သည် စနစ်၏ ထိပ်သီးတွင် တည်ရှိလေသည်။
စာအုပ်ထဲရှိ ဖော်ပြချက်အရ နတ်ဘုရားဘုရင် ဝတ်ရုံစိမ်း နူဖန့်သည် နွေးထွေးပြီး စိတ်ခံစားလွယ်သောသူ ဖြစ်သည်။ သူ့တတ်နိုင်စွမ်းအတွင်းကသာ ဖြစ်ပါလျှင် အခြားသူများကို ကူညီရန် သူသည် အကောင်းဆုံး ကြိုးစားလေ့ရှိသည်။ သူသည် နတ်ဘုရားကုန်းမြေ တစ်ခုလုံးပေါ်တွင် ဟန်ပန်တစ်စုံတစ်ရာ မရှိသည့် တစ်ဦးတည်းသော နတ်ဆေးလုံးဘုရင်သာ ဖြစ်၏။
သို့သော်လည်း လွန်ခဲ့သောနှစ်သန်းပေါင်းရာချီက နူဖန့်သည် နှင်းစက်စိမ်း ဆန်မျိုးစေ့များကို နတ်ဘုရားနယ်မြေသို့ ယူဆောင်ရန်အလို့ငှာ နိဗ္ဗာန်ပင်လယ်ကို ဖြတ်ဖို့ ကြိုးစားခဲ့လေသည်။ အဆုံး၌ သူသည် လုံး၀ ပြန်မလာတော့ပေ။ ထို့အပြင် သူ့အကြောင်း မည်သည့် သတင်းမှလည်း မကြားရတော့ပေ။
စာအုပ်ကို ပိတ်လိုက်ပြီးနောက် စိတ်ထဲသို့ ပထမဆုံးဝင်လာသည့် အတွေးမှာ ပင်လယ်လိပ်ခွံကျွန်းပေါ်တွင် သူရရှိခဲ့သည့် ဆေးလုံးသခင်၏ အမွေဖြစ်လေ၏။ ကျွန်း၏ ဗဟိုအချက်အချာရှိ ဝိညာဉ် ၏အဆိုအရ ဆေးလုံးတာအို၏ မိတ်ဆက်တိုများနှင့် ဆေးလုံးဖော်စပ်နည်း ကျောက်စိမ်းပြားများသည် ကွယ်လွန်သွားသည့် ဆေးလုံးသခင်၏ ပိုင်ဆိုင်မှုများ ဖြစ်လေသည်။
မဟုတ်မှ ဤလူသည် နတ်ဘုရားဘုရင် ဝတ်ရုံစိမ်း နူဖန့် များလား…
ထိုအကြောင်းကို စဉ်းစားမိသည်နှင့် မိုဝူကျိသည် လက်ထဲရှိ အရာအားလုံးကို ပစ်ချလိုက်ပြီး ဂူထဲသို့ ချက်ချင်း ပြန်သွားလိုက်လေ၏။ သူက လက်စွပ်ကို ထုတ်ယူလိုက်ပြီး မရေတွက်နိုင်သော ကျောက်စိမ်းပြားနှင့် စာအုပ်ထူကြီးတစ်အုပ်ကို ရယူလိုက်၏။
ယခင်က သူသည် ကျောက်စိမ်းပြားများကို ဖောက်ထွင်း၍ စစ်ဆေးခဲ့ပြီးလေပြီ။ ထို့အပြင် သူတို့ထဲမှ အများစုတွင် နတ်ဝိညာဉ်ဆေးဖက်ဝင်အပင်များ၊ ဆေးလုံး ဖော်စပ်နည်းများ၊ နတ်ဆေးလုံးများကို ဖော်စပ်သည့်အခါ မှတ်သားရမည့် အရာများ စသည်တို့၏ အတိုချုပ် ဖော်ပြချက်အချို့ ပါရှိလေသည်။
မိုဝူကျိသည် အစိမ်းရောင်အဖုံးနှင့် စာအုပ်ထူကြီးကို ဖွင့်လိုက်သည်။ ပထမ စာမျက်နှာပေါ်တွင် ဖော်ပြထားသော စကားလုံးတို့မှာ နတ်ဘုရားလောက ဝိညာဉ်ဆေးဖက်ဝင် အပင်များ အခန်း (၁) ဟူ၍ ဖြစ်သည်။ အောက်နားလေးမှ စကားလုံးများမှာ စာရေးသူ နူဖန့် ဟူ၍ ဖြစ်၏။
သို့ဖြစ်ရာ ဤသည်မှာ အမှန်တကယ်ပင် နတ်ဘုရားဘုရင်ဝတ်ရုံစိမ်း ဖြစ်နေလေသည်။ သူ့လက်ထဲမှ ပစ္စည်းသည် အလွန်ထူးခြား အဖိုးတန်သော်လည်း မိုဝူကျိက တော်တော်လေး ဝမ်းနည်းမိဆဲ ဖြစ်သည်။ သူဖတ်ပြီးခဲ့သမျှ အားလုံးအရ နတ်ဘုရားဘုရင်ဝတ်ရုံစိမ်းသည် သေချာပေါက်ပင် ကိုယ်ကျိုးမဖက်သော လူကောင်းတစ်ယောက် ဖြစ်လေ၏။ မဟုတ်လျှင် သူသည် နှင်းစက်စိမ်းစပါးပင်ကို နတ်ဘုရားနယ်မြေသို့ ဖြန့်ဝေရန် သူ့အသက်ကို စွန့်စားလိမ့်မည်မဟုတ်ပေ။
နူဖန့်သည် သူ့အိမ်မက်ကို မဖြည့်ဆည်းနိုင်ခဲ့သည်မှာ စိတ်မကောင်းစရာပင်။ သူက နတ်ဘုရားနယ်မြေသို့ ရောက်ခါနီးတွင် ဝိညာဉ်တစ်ကောင်၏ အသတ်ခံခဲ့ရလေသည်။ ဤအရာများထက် သူ၏ အသက်သွေးနှင့် ကမ္ဘာဦးဝိညာဉ်တို့မှာ ဧရာမဆေးလုံး ဖော်စပ်ရန် ဝိညာဉ်၏ အသုံးပြုခြင်းကို ခံလိုက်ရလေသည်။
မိုဝူကျိသည် ကျောက်စိမ်းပြားတချို့နှင့် စာအုပ်ထူကြီးကို စားပွဲပေါ်သို့ တင်လိုက်ပြီး သူတို့ကို တလေးတစား ဦးညွှတ်လိုက်သည်။
“အကြီးအကဲ ဝတ်ရုံစိမ်း… တကယ်လို့ ခင်ဗျားက နှင်းစက်စိမ်းဆန်ကို နတ်ဘုရားနယ်မြေမှာ ဖြန့်ဝေနိုင်ဖို့ အမှန်တကယ်ဆန္ဒရှိတယ်ဆိုရင် ကျုပ်ကို ခင်ဗျားအတွက် ဒီအိမ်မက်တွေ ဖြည့်ဆည်းခွင့်ပြုပါ။ ခင်ဗျားကို သတ်ခဲ့တဲ့ ဝိညာဉ်ကိုတော့ တကယ်လို့ ကျုပ်မှာ အခွင့်အရေးသာရှိမယ်ဆိုရင် ကျုပ် ခင်ဗျားကို ကလဲ့စား ကူချေပေးပါ့မယ်”
ထိုဝိညာဉ်က မည်သူ့ကိုသတ်ခဲ့ သတ်ခဲ့ သူက ထိုအရာကို ဖယ်ရှားသုတ်သင်ရမည် ဖြစ်ကြောင်း မိုဝူကျိသိထားလေသည်။ မဟုတ်ပါလျှင် ထိုအရာသာ လုံးဝပြန်ကောင်းသွားသောအခါ ထိုအရာ ပထမဆုံး သတ်မည့်သူမှာ သူ ဖြစ်နိုင်ပေသည်။
သူ့ထာဝရကမ္ဘာငယ်လေး၌ အရာအားလုံးကို သိမ်းထားလိုက်ပြီးနောက် မိုဝူကျိသည် နတ်ဘုရားလောက ဝိညာဉ်ပင်များစာအုပ်ထူကြီးကို အပြင်ဘက်တွင် ထားခဲ့လိုက်လေ၏။ နတ်ဘုရားဘုရင် ဝတ်ရုံစိမ်းက ဆေးလုံးဖော်စပ်နည်းများ၊ ဆေးလုံးသန့်စင်ခြင်း ပညာရပ်များ၊ နတ်ဝိညာဉ် ဆေးဖက်ဝင်အပင်များအကြောင်း အသေးစိတ်များနှင့် သူတို့အား မည်သို့ ခွဲခြားရမည်များကို သရုပ်ဖော်ချက်များဖြင့် ကျောက်စိမ်းပြားများပေါ်တွင် မှတ်သားထားခဲ့သည်။ ထို့နောက် ဤနတ်ဘုရားလောက ဝိညာဉ်ပင်များစာအုပ်သည် အမျိုးမျိုးသော ဝိညာဉ်ပင်များကို မည်သို့ ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း အသေးစိတ် သေသေချာချာ ဖော်ပြထားလေသည်။
စာအုပ်ကို လှန်လိုက်သောအခါ မိုဝူကျိက နတ်ဘုရားဘုရင် ဝတ်ရုံစိမ်းသည် မည်မျှ ဗဟုသုတကြွယ်ဝကြောင်း သိရှိလိုက်ရ၏။ အထဲရှိ သတင်းအချက်အလက်များကို မရေတွက်နိုင်သည့်လပေါင်း၊ နှစ်ပေါင်းများစွာ အချိန်ပေး၍ စုဆောင်းခဲ့ရပေမည်။
အလွန်လျှင်မြန်စွာပင် မိုဝူကျိသည် ကုဟိုင် သူ့အား ပေးခဲ့သောစာအုပ်တွင် ရေးသားထားသည်ထက် များစွာ ပို၍အဆင့်မြင့်သော နှင်းစက်စိမ်းဆန် စိုက်ပျိုးသည့် နည်းလမ်းများကို ရှာတွေ့ခဲ့လေသည်။
အရည်အသွေးကောင်းသော နှင်းစက်စိမ်းဆန်ကို ပြုစုပျိုးထောင်ခြင်းသည် အကောင်းဆုံး နတ်ဝိညာဉ်စမ်းရေနှင့် သိပ်သည်းသော နတ်ဝိညာဉ် စွမ်းအားအရင်းအမြစ်များ လိုအပ်ရုံသာမက မိုးမြေစည်းမျဉ်းများ၏ ပြီးပြည့်စုံမှုပေါ်တွင် ပို၍တောင် မူတည်လေ၏။ မြေဆီလွှာ၏ အရည်အသွေးမှာကား အရေးပါမှု အနည်းဆုံး အကြောင်းရင်း ဖြစ်လေသည်။
အကယ်၍ နတ်ဘုရားဘုရင် ဝတ်ရုံစိမ်းသာ ဤနေရာတွင် ရှိပါက နှင်းစက်စိမ်းဆန် စိုက်မည့် လယ်ကွက်များကို အဆင့် (က)၊ (ခ)၊ (ဂ)၊ (ဃ) စသည်ဖြင့် ခွဲနေမည် မဟုတ်ကြောင်း မိုဝူကျိက သေချာသိသည်။
နတ်ဘုရားဘုရင် ဝတ်ရုံစိမ်း၏ ရှင်းလင်းဖော်ပြချက်အရ စည်းမျဉ်းများ ပြီးပြည့်စုံသော ပတ်ဝန်းကျင်၌သာ ဝိညာဉ်ပင်များမှ ဝိညာဉ် သစ်စေး အမျိုးအစားအချို့အား ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်ကို ပြုစုပျိုးထောင်ရန် အသုံးပြုနိုင်လေ၏။
ဤစကားလုံးများသည် မိုဝူကျိကို ကြီးမားသော နားလည်သဘောပေါက်မှုပေးလေသည်။ သူ့တွင် ဝိညာဉ် သစ်စေး အရေအတွက်များစွာ မရှိပေ။ သို့သော် သူ့တွင် အရွက်ငါးလွှာမြက် ဟုခေါ်သည့် နတ်ဘုရားဝိညာဉ်ဆေးဖက်ဝင်အပင်တော့ ရှိလေ၏။
အရွက်ငါးလွှာမြက်တွင် အရွက် ၅ ရွက်ပါရှိသည်။ ၎င်းသည် အဆင့် ၁ နတ်ဘုရားဝိညာဉ် ဆေးဖက်ဝင်အပင်သာ ဖြစ်သည့် အဆင့်နိမ့်အမျိုးအစားဖြစ်လေသည်။ သို့သော် ဤနတ်ဝိညာဉ်ဆေးဖက်ဝင်အပင်တွင် သဘာဝပင်ကိုလက္ခဏာ ၅ ရပ်လုံးပိုင်ဆိုင်သည့် တမူထူးသော အင်္ဂါရပ်ရှိလေသည်။
မိုဝူကျိသည် နှင်းစက်စိမ်း ဆန်မျိုးစေ့များကို ပြုစုပျိုးထောင်ရန် အရွက်ငါးလွှာမြက်ကို ဝိညာဉ်သစ်စေးအဖြစ် သုံးရန် ရည်ရွယ်ချက် မရှိပေ။ သူက ထိုအရာကို ကြားခံအဖြစ် အသုံးပြုချင်ပြီး ထိုအရာပေါ်တွင် နှင်းစက်စိမ်းဆန်ကို ကိုင်းကူး စိုက်ပျိုးမည် ဖြစ်၏။ နှင်းစက်စိမ်းဆန်သည် ပြီးပြည့်စုံသော စည်းမျဉ်းများ လိုအပ်သည် မဟုတ်ပါလော။ အရွက်ငါးလွှာမြက်တွင် သဘာဝပင်ကို လက္ခဏာငါးရပ်ရှိကာ မိုးမြေစည်းမျဉ်းများအားလုံး ပါရှိသည်ဟု မယူဆနိုင်သော်လည်း ထိုမြက်ကို အများဆုံး ပြီးပြည့်စုံသည့် စည်းမျဉ်းများနှင့်နတ်ဝိညာဉ်မြက်ဟု သေချာပေါက် ယူဆနိုင်ပေ၏။ ပြိုင်ဘက်ကင်းစည်းမျဉ်းများနှင့် နတ်ဝိညာဉ် ဆေးဖက်ဝင် အပင်များအနေနှင့် သူတို့အများစုသည် အလွန်ဈေးကြီးသောကြောင့် သူက နှင်းစက်စိမ်းဆန်ကို ပြုစုပျိုးထောင်ရန် သူတို့၏ ဝိညာဉ်သစ်စေးကို အသုံးပြုမည့်အကြောင်း လုံးဝမစဉ်းစားခဲ့ပေ။
နှင်းစက်စိမ်းဆန်ကို ကိုင်းကူးစိုက်ပျိုးရာတွင် အရွက်ငါးလွှာမြက်အား ကြားခံအဖြစ် အသုံးပြုမည့် အဓိကရည်ရွယ်ချက်မှာ နှင်းစက်စိမ်းဆန်ကို မိုးမြေစည်းမျဉ်း၏ ဓာတ်ကြီးငါးပါးလုံး စုပ်ယူခွင့် ပြုနိုင်ရန် ဖြစ်သည်။
***