← Chapters

နှင်းစက်စိမ်းဆန်

Vol. 69 Ch. 952

နှင်းစက်စိမ်းဆန်

Vol. 69 Ch. 952

အရွက်ငါးလွှာမြက်၏ ဓာတ်ကြီးငါးပါး စည်းမျဉ်းများကို အသုံးပြုခြင်းထက် အရွက်ငါးလွှာမြက်ပေါ်တွင် နှင်းစက်စိမ်း စပါးပင် ကိုင်းကူးစိုက်ပျိုးရခြင်းအတွက် မိုဝူကျိတွင် ဒုတိယအကြောင်းအရင်း ရှိ၏။

မိုဝူကျိသည် ကမ္ဘာမြေပေါ်တွင် ပထမတန်းစား ဇီဝဗေဒပညာရှင် ဖြစ်သောကြောင့် သူ့တွင် တောရိုင်း ဒေသရင်း အပင်များနှင့် ဒေသရင်း တိရစ္ဆာန်များအပေါ် ကျွမ်းကျင်ထူးကဲသော နားလည်မှု ရှိထားသည်။ တောရိုင်းသစ်ပင်အများစုသည် အခြားနေရာသစ်သို့ အကြိမ်အနည်းငယ် ပြောင်းရွေ့ စိုက်ပျိုးခံရပြီးနောက် အရသာ ပိုရှိလာရုံသာမက သူတို့သည် ပို၍လည်း ကြီးထွား ဖွံ့ဖြိုးလာကြလေသည်။ ဤ ကြားခံနှင့်ကိုင်းကူးစိုက်သော ပုံစံမျိုးကို အခြားနေရာသစ်သို့ ပြောင်းရွေ့စိုက်ပျိုးခံရခြင်းအဖြစ် ရှုထောင့်တစ်ခုမှ သတ်မှတ်နိုင်ပေသည်။

ထို့အပြင် သာမန်ဆန်သည်လည်း မစိုက်ပျိုးမီ အပင်ပေါက်ရုံလေးအထိ ပထမဆုံး ပျိုးပင်ကို ပြုစုစောင့်ရှောက်ရန် လိုအပ်ပေသည်။ နှင်းစက်စိမ်းဆန်က အခြားဆန်နှင့် မတူညီသော စိုက်ပျိုးခြင်း နည်းလမ်းကို လိုအပ်သော်လည်း ဆန်ဖြစ်နေခြင်းတော့ တူနေသေး၏။ ထိုသို့ဆိုလျှင် စပါးပင်ပေါက်လာသည်အထိ ဆန်ကို ပြုစုပျိုးထောင်ပြီး ကြားခံပေါ်တွင် ဆန်ကို ကိုင်းကူးစိုက်ပျိုးခြင်းက အလုပ်မဖြစ်ဘူးဟု မည်သူကများပြောနိုင်သနည်း။

ထုံးစံအတိုင်းပင် အရွက်ငါးလွှာမြက်သည် အဆင့်နိမ့် အမျိုးအစားဖြစ်ပြီး နတ်ဆေးလုံးများ ဖော်စပ်ရန် အသုံးမပြုနိုင်သောကြောင့် ၎င်းကို မည်သူကမျှ ပုံမှန်အားဖြင့် မစုဆောင်းကြပေ။ နတ်ဘုရားနယ်မြေ၏ နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာပြီးသည့်နောက် မိုဝူကျိသည် ထိုမြက်အများအပြားကို စုဆောင်းနိုင်ခဲ့လေသည်။

ထို့အပြင် အရွက်ငါးလွှာမြက်ကို စုဆောင်းရသည့် အဓိက ရည်ရွယ်ချက်မှာ ဆေးလုံးသန့်စင်ခြင်းကို လေ့ကျင့်ရန် ဖြစ်သည်။ အင်မော်တယ်လောက၌ သူသည် ဆေးလုံးဧကရာဇ် ဖြစ်သည်။ သို့သော် နတ်ဘုရားနယ်မြေ၌ သူသည် အဆင့် ၁ နတ်ဆေးလုံးကိုပင် မဖော်စပ်နိုင်ပေ။ နတ်ဘုရားနယ်မြေရှိ နတ်ဝိညာဉ်ဆေးဖက်ဝင် အပင်များသည် အလွန်ဈေးကြီးလှ၏။ ထို့ကြောင့် လေ့ကျင့်ရန်အတွက် ထိုအပင်တွေ အများကြီးရရှိရန် သူ့တွင် နတ်ဘုရားကျောက်များ လုံလုံလောက်လောက် မရှိပေ။

ယခုမူ ဆေးလုံးသန့်စင်ခြင်း လေ့ကျင့်ရန်အတွက် မသုံးရသေးခင် အရွက်ငါးလွှာမြက်များကို နှင်းစက်စိမ်း စပါးပင် ကိုင်းကူးစိုက်ရာတွင် အရင်ဆုံး အသုံးပြုရပေတော့မည်။

နှင်းစက်စိမ်းဆန်မျိုးစေ့၏ စပါးစေ့ တစ်စေ့သည် လက်မဝက်လောက် ကြီးလေ၏။ ထို့အပြင် လက်ထဲ၌ ဆုပ်ကိုင်ထားပါက ငှက်မွေးကိုင်ထားသည်ဟု ထင်ရသလောက်ကို အလွန်ပေါ့ပါးလေသည်။ စိတ်စွမ်းအားက စပါးစေ့ပေါ်သို့ ကျရောက်သွားချိန်တွင် ဗလာခံစားချက်မျိုး ခံစားရစေသည်။

နှင်းစက်စိမ်း ဆန်မျိုးစေ့နှင့် နှင်းစက်စိမ်း ဆန်တို့၏ ကွာခြားချက်မှာ အပြင်ပန်း အခွံမဟုတ်ဘဲ ပါးလွှာသည့် ပြင်ပအလွှာတစ်ခု ဖြစ်သည်။

ဤအချိန်တွင်ကား အဆင့်နိမ့် နှင်းစက်စိမ်းဆန်မျိုးစေ့၏ ပြင်ပအလွှာသည် မီးခိုရောင် ဖျော့ဖျော့လေးဖြစ်ပြီး ထိုမီးခိုးရောင် ဖျော့ဖျော့အလွှာကို ဖယ်ရှားလိုက်ပါက အဖြူထည် သန့်သန့် နှင်းစက်စိမ်းဆန်လေး ပေါ်လာလိမ့်မည်ဖြစ်ကြောင်း မိုဝူကျိ သိလေသည်။ အလယ်အလတ်အဆင့် နှင်းစက်စိမ်း ဆန်မျိုးစေ့တွင်လည်း ငွေရောင်ပြင်ပ အလွှာရှိပြီး ထိုငွေရောင်အလွှာကို ဖယ်ရှားလိုက်ပါက နှင်းစက်စိမ်းဆန်၏ အဖြူထည်သန့်သန့် စပါးစေ့ကို မြင်နိုင်ပေမည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ထိုအဖြူရောင်စပါးစေ့ပေါ်တွင် သေးငယ်သော ငွေရောင်အစင်းများစွာ ရှိနေခြင်း ဖြစ်သည်။

အဆင့်မြင့် နှင်းစက်စိမ်းဆန်မျိုးစေ့တွင် ရွှေရောင်ဖျော့ဖျော့ ပြင်ပအလွှာရှိပြီး ထိုရွှေရောင်ဖျော့ဖျော့အလွှာကို ဖယ်ရှားလိုက်ပါက ရွှေရောင်အစင်းများနှင့် အဖြူထည်သန့်သန့် နှင်းစက်စိမ်းဆန် ပေါ်လာပေလိမ့်မည်။ ရွှေရောင်းအစင်း များလေလေ ဆန်၏ အရည်အသွေးမှာ မြင့်မားလေလေ ဖြစ်၏။

ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်မျိုးစေ့၏ မျက်နှာပြင်သည် ရွှေရောင်သန့်သန့် ဖြစ်ပြီး အပြင်ဘက် ရွှေရောင်အလွှာကို ဖယ်ရှားလိုက်ပါက နှင်းစက်စိမ်းဆန်သည်လည်း ရွှေရောင် ဖြစ်လေသည်။

မိုဝူကျိ ရရှိခဲ့သည့် နှင်းစက်စိမ်း ဆန်မျိုးစေ့သည် မီးခိုးရောင် ဖျော့ဖျော့လေးဖြစ်ကာ မီးခိုးရောင်မှာလည်း မချောမွတ်ချေ။ ဆိုလိုသည်မှာ ၎င်းသည် အဆင့်နိမ့် နှင်းစက်စိမ်းဆန်မျိုးစေ့များ၏ အနိမ့်ဆုံး ဖြစ်လေသည်။

သို့သည့်တိုင် မိုဝူကျိသည် ဤမျိုးစေ့များ အားလုံးကို ဂရုတစိုက် စိုက်ပျိုးလိုက်သည်။ သူ့တွင် နတ်ဝိညာဉ်စမ်းရေ ကောင်းကောင်း မရှိပေ။ သို့သော် ဤသည်က သူ့ပထမဆုံးအကြိမ် နှင်းစက်စိမ်း ဆန်စိုက်ပျိုးခြင်းဖြစ်ပြီး နတ်ဘုရားဘုရင် ဝတ်ရုံစိမ်း ချန်ထားခဲ့သည့် အချက်အလက်အရ သူက သူတို့ကို ရေလောင်းရန် နှစ်သန်းတစ်ထောင် အင်မော်တယ် သစ်သားအဆီအနှစ်အချို့ အသုံးပြုလိုက်သည်။

ဖြစ်နိုင်သည်မှာ နှစ်သန်းတစ်ထောင် သစ်သားအဆီအနှစ်၏ အကျိုးသက်ရောက်မှုကြောင့် လဝက်ခန့် အချိန်ကြာပြီးနောက် နှင်းစက်စိမ်းဆန် စပါးပင် ပေါက်များသည် လက်မဝက် ကြီးထွားလာလေသည်။ ထို့နောက် မိုဝူကျိသည် အရွက်ငါးလွှာမြက်ကို သူ့ထာဝရကမ္ဘာငယ်လေးမှ မြေကြီးပေါ်သို့ ပြောင်းရွေ့လိုက်ပြီး မြက်၏ အရွက်ငါးလွှာလုံးအား ဖယ်ရှားပစ်လိုက်သည်။ ထို့နောက် နှင်းစက်စိမ်းဆန် စပါးပင်ပေါက်များကို တစ်ပင်ပြီးတစ်ပင် စတင် ကိုင်းကူး စိုက်ပျိုးလိုက်လေသည်။

ဤအရာအားလုံးကို မိုဝူကျိသည် အစွမ်းကုန်ဂရုစိုက်မှုနှင့် အာရုံစူးစိုက်မှုများဖြင့် ပြုလုပ်လိုက်၏။

အပင်ပေါက်များ ၆၀ ပင်လုံး တစ်ပင်မျှ မသေဘဲ တစ်ပင်ချင်းစီတိုင်းကို အောင်မြင်စွာ ကိုင်းကူး စိုက်ပျိုးနိုင်ခဲ့လေသည်။

ထို့နောက် သူက သူ့မြေကွက်၏ အပြင်ဘက်တွင် ဖုံးကွယ်အစီအရင်ကို ခင်းကျင်းလိုက်ပြီး အပင်ပေါက် တစ်ပင်ချင်းစီအောက်တွင် ပြီးပြည့်စုံသော စွမ်းအားစုစည်းရေး အစီအရင်ကို ခင်းကျင်းလိုက်လေသည်။

အစီအရင်ဆရာ၏ အသုံးဝင်မှုသည်ကား ယခု၌ ပေါ်လာလေပြီ။

ကုဟိုင်၏ အပြောအရ မိုဝူကျိ၏ မြေကွက်အတွက် နှင်းစက်စိမ်းဆန်ပျိုးပင် ၁၀၀၀ စိုက်ပျိုးလျှင်ပင် ပြည့်ကျပ်လွန်းသည်ဟု ယူဆ၍ မရပေ။ သို့သော် အစေ့အရေအတွက်ပေါ်တွင် ကန့်သတ်ချက် ရှိသောကြောင့် မိုဝူကျိသည် ၆၀ ကိုသာ စိုက်ပျိုးနိုင်လေသည်။

နောက်ထပ် လတစ်ဝက် ကုန်လွန်သွားပြီးနောက် သူသည် ပြဿနာတစ်ခုကို ရှာတွေ့လိုက်သည်။ သူက နှစ်သန်းတစ်ထောင် အင်မော်တယ်သစ်သား အဆီအနှစ်ကို ရေလောင်းရန် အသုံးပြုခဲ့သဖြင့် သူ့ပျိုးပင်ပေါက်များသည် အခြားပင်များထက် ပို၍ကောင်းကောင်း ကြီးထွားလာသည်မှာ မှန်၏။ သို့သော် နှစ်သန်းတစ်ထောင် အင်မော်တယ်သစ်သားအဆီအနှစ်သည် အဆင့် ၉ အင်မော်တယ် ဝိညာဉ်ဆေးဖက်ဝင်အပင် ဖြစ်သော်လည်း တကယ့်လက်တွေ့တွင် ၎င်းသည် အဆင့် ၉ အင်မော်တယ် ဝိညာဉ်ဆေးဖက်ဝင်အပင်များထက် များစွာ ပို၍အဖိုးတန်လေသည်။ အကယ်၍ နတ်ဘုရားနယ်မြေ၌သာ ဆိုပါက ၎င်းမှာ အဆင့်မြင့် နတ်ဘုရားဝိညာဉ်သစ်စေးအဖြစ် ယူဆခံရနိုင်ချေ ရှိ၏။

လက်ရှိအခြေအနေအရ ရိတ်သိမ်းချိန်ရောက်လျှင် ပျိုးပင်အများစုသည် အဆင့်နိမ့် နှင်းစက်စိမ်းဆန် ဖြစ်လာလိမ့်မည်။

ဤသည်ကား မိုဝူကျိ လိုချင်သောရလဒ် မဟုတ်ပေ။ နတ်ဆေးလုံးဘုရင် ဝတ်ရုံစိမ်းသခင်တွင် ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်မျိုးစေ့တို့ကို ပြုစုပျိုးထောင်ရန် နည်းလမ်း ရှိသော်လည်း သူသည် ဤနည်းစနစ်ကို အသုံးပြုရန် မတတ်နိုင်ချေ။

ထို့ထက် နတ်ဆေးလုံးဘုရင် ဝတ်ရုံစိမ်းသခင်သည် နတ်ဘုရားကုန်းမြေအတွက် ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်သည် မသင့်တော်ကြောင်းလည်း ထောက်ပြခဲ့သည်။ ဤအမျိုးအစားမျိုးသည် အရင်းအနှီးများစွာကို အသုံးပြုရလွန်းပြီး နတ်ဆေးလုံးဘုရင်လည်းဖြစ်၊ နတ်ဘုရားဘုရင်လည်း ဖြစ်နေသော လူတစ်ယောက်သည်ပင် ထိပ်တန်းအဆင့်ဆန်ကို ပြုစုပျိုးထောင်နိုင်စွမ်း မရှိပေ။

ထို့ကြောင့် သူအဓိက သင်ယူထားသောအရာမှာ အခြေခံအားဖြင့် အလယ်အလတ်အဆင့် နှင်းစက်စိမ်းဆန် ထွက်ရှိနိုင်ရန် နည်းစနစ်များနှင့် အဆင့်နိမ့် နှင်းစက်စိမ်းဆန်၏ထွက်နှုန်း တိုးတက်အောင် မည်သို့ လုပ်ရမည်နည်းတို့သာ ဖြစ်သည်။

သို့သော် မိုဝူကျိသည် နှင်းစက်စိမ်း ဆန်ကောင်း တစ်သုတ်ကို ထုတ်လုပ်ယူရန် ဆုံးဖြတ်ထားသည်။ သို့ဖြစ်ရာ သူ့ကြိုးစားအားထုတ်မှု အရာမတွင်သည့်နောက် သူသည် နှင်းစက်စိမ်း စပါးပင်များကို စတင်စစ်ဆေးလိုက်တော့သည်။

နှင်းစက်စိမ်းစပါးပင်၏ ရိုးတံကို ကိုင်ထားစဉ်တွင် သန့်စင်သော ဓာတ်ကြီးငါးပါး စည်းမျဉ်းများက သူ့ထံ ကူးပြောင်းလာလေသည်။ ထိုအချက်က သူ့အား အလွန်စိတ်လှုပ်ရှားစေ၏။ ဤသည်က သူ့အား မည်သည်က မှားယွင်းနေသည်ကို နားလည်စေရုံသာမက မိုးမြေဓာတ်ကြီးငါးပါး စည်းမျဉ်းများအကြောင်းကိုလည်း ပို၍ အသိကြွယ်သွားစေလေသည်။

သူက နှင်းစက်စိမ်း စပါးပင်၏ ရိုးတံတိုင်းမှ ဓာတ်ကြီးငါးပါးစည်းမျဉ်းများ၏ စွမ်းအားကို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်လေသည်။ ထို့အပြင် ရိုးတံများတွင် စည်းမျဉ်းတစ်ခု၏ အပိုအလိုများ ရှိနေသည်ကိုလည်း ကို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်သည်။

သူ့ပထမဆုံး ခန့်မှန်းချက်မှာ သူ့တွင် သဘာဝဝိညာဉ်ကြော မပိုင်ဆိုင်သည့် အချက်က နှင်းစက်စိမ်း စပါးပင်များ၏ ဓာတ်ကြီးငါးပါးတွင် မည်သည့် ဓာတ်ချို့တဲ့နေသည်ကို သူ့အား ရှင်းရှင်းလင်းလင်း ခံစားစေနိုင်သည်ဟူ၍ ဖြစ်သည်။ အကယ်၍ သူ့အစား ဝိညာဉ်ကြောများရှိသည့် အခြားကျင့်ကြံသူ တစ်ဦးသာဖြစ်ခဲ့ပါက မိုဝူကျိအတိုင်း လုပ်ရန်ကြိုးစားမည်ဆိုလျှင်ပင် သူသည် မိုဝူကျိကဲ့သို့ ရှင်းရှင်းလင်းလင်း အာရုံခံနိုင်လောက်မည် မဟုတ်ပေ။

ဤသည်က မိုဝူကျိအား လမ်းကြောင်း အသစ်တစ်ခု တွေ့စေခဲ့သည်။ သူက နောက်တစ်ကြိမ် ထပ်မံ၍ နှင်းစက်စိမ်းစပါးပင်များကို ပြောင်းရွေ့စိုက်ပျိုးလိုက်လေသည်။

တစ်နာရီမျှကြာပြီးနောက် သူသည် အပင် ၆၀ လုံး၏ နေရာ အစီအစဉ်ကို ဗြောင်းဆန်အောင်ဖွပြီးသွားကာ အပင်များကို ပြန်စိုက်ပြီးသွားလေသည်။

ဤတစ်ကြိမ်စိုက်ပျိုးရာတွင်မူ မိုဝူကျိသည် တူညီသော သဘာဝစည်းမျဉ်း ချို့တဲ့နေသည့် နှင်းစက်စိမ်းစပါးပင်များကို မြေနေရာတစ်ခု၌ ထားလိုက်ပြီး ထိုနေရာတွင် သင့်တော်ကိုက်ညီသော သဘာဝအစီအရင်ကို ခင်းကျင်းလိုက်သည်။

ဥပမာအားဖြင့် သတ္တုသဘာဝ စည်းမျဉ်းများ၌ ချို့တဲ့နေသည့် နှင်းစက်စိမ်းစပါးပင်များကို တူညီသော မြေနေရာသို့ ပြောင်းရွေ့စိုက်ပျိုးလိုက်ပြီး ထိုနေရာတွင် သတ္တုဓာတ် စုစည်းရေးအစီအရင်ကို ခင်းကျင်းလိုက်၏။ သစ်သားသဘာဝ စည်းမျဉ်းများ ချို့တဲ့နေသည့် နှင်းစက်စိမ်း စပါးပင်များအတွက် သစ်သားဓာတ် စုစည်းရေးအစီအရင်ကို ခင်းကျင်းလိုက်သည်။

ဤသို့ဖြင့် လတစ်လ၏ ကောင်းမွန်သောကဏ္ဍ ကုန်လွန်ပြီးနောက် မိုဝူကျိ၏ နှင်းစက်စိမ်းစပါးပင်များက အခြားသူများဟာထက် အဆအနည်းငယ်ပို၍ ကောင်းကောင်း ရှင်သန်ကြီးထွားနေသည်ကို မြင်နိုင်လေပြီ။ နေ့စဉ်နှင့်အမျှ ကွာဟချက်သည်လည်း ပိုတိုးလာလေသည်။ သို့သော် ဤသည်မှာ သူ့အပင်များနှင့် အဆင့် (က) မြေကွက်များရှိ အပင်များကို နှိုင်းယှဉ်ခြင်း ဖြစ်သည်။ အကယ်၍ သူတို့ကို (ခ) သို့မဟုတ် (ဂ) မြေကွက်များနှင့် နှိုင်းယှဉ်ပါက ကွာခြားချက်သည် မိုးနှင့်မြေကဲ့သို့ပင် ဖြစ်လိမ့်ပေမည်။

၂ လ အချိန်အတွင်း မိုဝူကျိသည် သူ့ကိုယ်သူ လုံးဝ ယုံကြည်စိတ်ချမှု ရှိလေသည်။ ဤအချိန်ကာလအတွင်း နှင်းစက်စိမ်း စပါးပင်များကို ပြုစုပျိုးထောင်ခြင်းအပြင် သူသည် တစ်ခါတစ်ရံ ခဏတဖြုတ် ကျင့်ကြံလေသည်။

၄ လကြာပြီးနောက် နှင်းစက်စိမ်း စပါးပင်များက အစေ့များ စတင်သီးလာချိန်၌ သူ့ကျင့်ကြံဆင့်သည် နောက်ဆုံးတော့ ကနဦးနတ်ဘုရားအဆင့် ၃ မှ အဆင့် ၄ သို့ ရောက်ရှိခဲ့လေပြီ။

ထိုသို့ဖြစ်ပြီးနောက် သူသည် ယခင်ကထက် သာမန်ပိုဆန်လာလေသည်။

ရွိုက်ကောသည်လည်း နတ်သားရဲ အဆင့် ၃ သို့ ရောက်ရှိခဲ့ပြီး တာ့ဟွမ်သည် ကနဦးနတ်ဘုရားအဆင့် ၄ သို့ တက်လှမ်းပြီးနှင့်လေပြီ။

၆ လကြာပြီးနောက် မိုဝူကျိ၏မြေကွက် (ဃ) ၇၉ သည် ရွှေရောင်ဖျော့ဖျော့လေးများနှင့် နေရာအနှံ့ ပြည့်နှက်နေလေသည်။ သူ့ကို အံ့သြစေသည်မှာ နှင်းစက်စိမ်း စပါးပင်၏ ရိုးတံတိုင်းတွင် စပါးနှံ ၅ ခုရှိပြီး စပါးနှံတိုင်းသည် ရွှေရောင်ဖျော့ဖျော့ နှင်းစက်စိမ်း ဆန်မျိုးစေ့များနှင့် ပြည့်နေလေသည်။ ဤနေရာတွင် နှင်းစက်စိမ်း စပါးပင်များ၏ ရိုးတံ ၆၀ သာရှိသော်လည်း မြေကွက်တစ်ကွက်လုံးကို ရွှေရောင်ဖျော့ဖျော့လေးများက ဖုံးလွှမ်းထားလေသည်။

စပါးပင်ရနံ့က လေနှင့်အတူ ပါလာသည်။ ဝေ့ကနဲရလိုက်သော အနံ့လေးဖြင့်ပင် မိုဝူကျိသည် သူ့စိတ်မှာ ပို၍ရှင်းလင်းလာသည်ဟု ခံစားလိုက်ရပြီး ပို၍လည်း စိတ်တည်ငြိမ်လာသည်ဟု ခံစားလိုက်ရသည်။

နှင်းစက်စိမ်း စပါးပင်၏ ရိုးတံ ၆၀ ဟု မယူဆဘဲ ရိုးတံ ၃၀၀ ဟုသာ ယူဆသင့်လေသည်။

ရိတ်သိမ်းချိန် မရောက်ခင် ရက်အနည်းငယ်လိုသေးသည်။ သို့သော် မိုဝူကျိသည် ထပ်မစောင့်နိုင်တော့ပေ။ သူက နှင်းစက်စိမ်းစပါးပင်များ၏ ရိုးတံ၂ ချောင်းကို ဂရုတစိုက် ဖယ်ရှားလိုက်၏။

ရိုးတံ၂ ချောင်းပေါ်ရှိ စပါးနှံ ၁၀ ခုမှာ နှင်းစက်စိမ်း ဆန်မျိုးစေ့များနှင့် ပြည့်နှက်နေလေသည်။ ထို့အပြင် စပါးစေ့သည် ငှက်မွေးကဲ့သို့ ပေါ့ပါးသော်လည်း သူက သူ့လက်ထဲမှ သူတို့၏ အလေးချိန်ကို ခံစား၍ ရနိုင်ပေသည်။

ရိုးတံ၂ ချောင်းလုံးမှ စပါးစေ့များကို ရိတ်သိမ်းပြီးနောက် မိုဝူကျိသည် ရွှေရောင်အစင်းများနှင့်ဆန် ပေါ်လာစေရန် ရွှေရောင်ဖျော့ဖျော့အပြင်အလွှာကို ဖယ်ရှားလိုက်သည်။ ဤအရာမှာ သိသာလှစွာ အဆင့်မြင့်နှင်းစက်စိမ်းဆန်ပင် ဖြစ်လေသည်။

ဤရှာဖွေတွေ့ရှိမှုက မိုဝူကျိအား အလွန်စိတ်လှုပ်ရှားစေလေသည်။ သူသည် သူအစပျိုး စိုက်လိုက်သည့် မျိုးစေ့များ၏ အရည်အသွေးနိမ့်မှုကြောင့် သူက ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်ကို ထုတ်နိုင်လိမ့်မည် မဟုတ်ကြောင်း မှန်းဆထားပြီးဖြစ်သည်။

နှင်းစက်စိမ်းဆန်၏ စပါးစေ့တိုင်းသည် တစ်လက်မ နီးနီးရှည်ကာ ငြင်းဆန်ရန် ခက်ခဲလောက်အောင် မက်မောစရာ ကောင်းသောရနံ့ ထုတ်ဖော်နေလေ၏။

မိုဝူကျိသည် အခြေခံ  ခန့်မှန်းချက်အချို့ ပြုလုပ်ထားသည်။ နှင်းစက်စိမ်း စပါးပင်များ၏ ဤရိုးတံ၂ ချောင်းပေါ်တွင် နှင်းစက်စိမ်းဆန် ၅ ကာတီ ရှိလေသည်။ ဆိုလိုသည်မှာ ရိုးတံတစ်ချောင်းသည် သူ့ကို ၂ ကာတီခွဲ ပေးနိုင်လေသည်။ ရိုးတံ တစ်ချောင်းတွင် စပါးနှံငါးခု ရှိသည်ဟု ယူဆကြည့်ပါက စပါးနှံတစ်ခုစီ၏ ထွက်နိုင်စွမ်းသည် ၅ တေး ရှိလေ၏။

ကုဟိုင် သူ့ကို ပေးခဲ့သောစာအုပ်မှ အလွန်ရှင်းလင်းစွာ ရှင်းပြထားသည်မှာ အဆင့် (က) မြေကွက်မှ အကောင်းဆုံး ရိတ်သိမ်းမှုမှာ အပင်၏ ရိုးတံတစ်ချောင်းတွင် ဆန် တစ်တေး ဝန်းကျင်ဖြစ်၏။ သူသည် အရွက်ငါးလွှာမြက် ကိုင်းကူးစနစ်ကို အသုံးပြုခဲ့သောကြောင့် မိုဝူကျိ၏ နှင်းစက်စိမ်း စပါးပင်မှ ရိုးတံတစ်ချောင်းတွင် တစ်နှံချင်းစီမှာ ဆန် ၅ တေး နှင့် စပါးနှံ ၅ ခုပါရှိလေသည်။ ဤသည်မှာ အဆပေါင်းများစွာ တိုးတက်လာသည် မဟုတ်ပါလော။

မိုဝူကျိသည် ချက်ချင်း အင်မော်တယ်နေအိမ်သို့ ဝင်လိုက်ပြီး နှင်းစက်စိမ်း ဆန် ၅ ကာတီလုံးကို ရေဆေးလိုက်ကာ အိုးတစ်အိုး ပြုလုပ်၍ အခုချက်ချင်း စတင် ချက်လိုက်တော့သည်။

စတင်ကျင့်ကြံသည့် အချိန်မှစ၍ တစ်နေ့တော့ စားသောက်ရန် ထမင်းချက်ရလိမ့်ဦးမည်ဟု သူ တစ်ခါမျှ မတွေးဖူးပေ။

အမွှေးနံ့သာတစ်တိုင်စာ ကုန်လွန်ပြီးနောက် နှင်းစက်စိမ်း ဆန်မှ စွဲမက်စရာကောင်းသော မွှေးရနံ့တို့ ထွက်လာလေသည်။ ကျင့်ကြံနေရင်း တန်းလန်းဖြစ်သည့် ရွိုက်ကောနှင့်တာဟွမ်တို့ပင် မနေနိုင်တော့ဘဲ ပြေးထွက်လာကာ မိုဝူကျိ ချက်နေသော ထမင်းအိုးကို စိုက်ကြည့်နေကြသည်။

သူ လုပ်လိုက်သော အိုးမှာ မသေးသော်လည်း ဆန် ၅ ကာတီနှင့်ပင် အိုးတစ်အိုးလုံး ပြည့်သွားလေသည်။

မိုဝူကျိသည် သူကိုယ်တိုင်အတွက် ပထမဆုံးတစ်ပန်းကန်ကို ကော်ထည့်လိုက်သည်။ ရွိုက်ကောနှင့် တာ့ဟွမ်တို့သည်လည်း မည်သည့် ညွှန်ကြားချက်မျှမပါဘဲ အလိုအလျောက်ပင် မိုဝူကျိအတိုင်း လိုက်ကော်လိုက်ကြသည်။

မိုဝူကျိသည် အတူစားရန် မည်သည့်ဟင်းလျာမျှ မပါဘဲ ပထမဆုံး ထမင်းတစ်ဇွန်း မောက်မောက်ကို မျိုချလိုက်ချိန်တွင် ယခင်က သူမှားယွင်းခဲ့ကြောင်း သိလိုက်ရ၏။

တာအို ကျင့်ကြံခြင်းဆိုသည်မှာ အစားမစားရဟု မည်သူကများ ပြောခဲ့သနည်း။ တာအိုကျင့်ကြံသူ တစ်ယောက်သည် အစာခံနိုင်သည်မှာ မှန်သော်လည်း သူ ကျင့်ကြံနေသည်မှာ လူသားတာအို ဖြစ်နေသည်။ ခံတွင်းပါးစပ်၏ တောင့်တမှုဆန္ဒသည်လည်း လူသားတို့၏ တောင့်တမှု ဆန္ဒများထဲမှတစ်ခု ဖြစ်လေသည်။

နှင်းစက်စိမ်း ဆန် ပထမ တစ်လုတ်စာသည် သူ့လျှာပေါ်ရှိ အရသာအာရုံခံ အဖုလေးများပေါ်သို့ ပျံ့နှံ့သွားပြီး သန့်စင်ကာ မဖော်ပြနိုင်လောက်သော အရသာမျိုး ပေးလေသည်။ မိုဝူကျိသည် ကျေနပ်မှုအပြည့်ဖြင့် သက်ပြင်းချလိုက်ရုံသာမက နံ့ဘေးတွင်ရှိနေသော ရွိုက်ကောနှင့် တာ့ဟွမ်တို့သည်လည်း သူတို့မျက်လုံးများကို မှိတ်ထားကာ ပြိုင်ဘက်ကင်း ကျေနပ်ခြင်းတွင် နစ်မျောနေလေသည်။

“ဒါက တကယ့်ကို သူ့နာမည်နဲ့ လိုက်ဖက်ပါပေတယ်”

မိုဝူကျိသည် ဟင်းခွက်မပါဘဲ ထမင်းပန်းကန် တစ်ဝက်ကို လက်စသတ်ပြီးနောက် အံ့အားသင့်စွာ ပြောလိုက်သည်။ ပါးစပ်ထဲမှ အရသာမှာ အာရုံခံစားမှု သက်သက်သာဖြစ်ကာ မိုဝူကျိ တကယ် တန်ဖိုးရှိသည်ဟု ရှာတွေ့လိုက်သည်မှာ သူ့ကိုယ်ထဲရှိ ဆေးလုံးအဆိပ်တို့ ဖြေဖျောက်ခံနေရမှန်း သေချာရှင်းလင်းစွာ ခံစားလိုက်ရသည့် အချက်ကို ဖြစ်သည်။ မိုးမြေတာအိုထဲရှိ ဓာတ်ကြီးငါးပါး စည်းမျဉ်းများအပေါ်တွင် သူ့နားလည်နိုင်မှုသည် ပို၍ ကောင်းလာကြောင်းလည်း သူခံစားနိုင်ပေသည်။

နှင်းစက်စိမ်း ဆန်သည် လူသားတာအို ကျင့်ကြံသည့်သူအတွက် ပို၍သင့်တော်သည်ဟု ဆိုနိုင်ပေ၏။

…………………

“ဘယ်သူကများ နှင်းစက်စိမ်းဆန်ကို ချက်နေတာလဲ”

မိုးကောင်းကင်ငယ်ရွာ အပြင်ဘက်ရှိ အမျိုးသားနှင့်အမျိုးသမီးတို့သည် သူတို့အသိစိတ်ပင်လယ်ကိုပင် သန့်ရှင်းသွားစေသော စိတ်သန့်ရှင်းစေသည့် ရနံ့ကို အနံ့ခံလိုက်မိသည်။

“ဒီအနံ့… ဒီအရှိန်အဝါက… မဟုတ်မှလွဲရော အလယ်အလတ်အဆင့် နှင်းစက်စိမ်းဆန်ကို ချက်နေတာလား”

လျှော်ချည်အဝတ်အစားနှင့်အမျိုးသမီးက အံ့သြတကြီး ထုတ်ပြောလိုက်သည်။

“မဟုတ်သေးဘူး… ဒါက အလယ်အလတ်အဆင့် နှင်းစက်စိမ်းဆန် မဟုတ်ဘူး…အဲ့ဒါ အဆင့်မြင့် နှင်းစက်စိမ်းဆန်…”

စကားဆုံးသည်နှင့် သူမသည် စိုက်ပျိုးမြေကွက်အများကြီးကို ခြေတစ်လှမ်းတည်းနှင့် ကျော်လွှားလိုက်ပြီး မိုဝူကျိရှိနေသည့် မြေကွက် (ဃ)၇၉ သို့ တန်းတန်းမတ်မတ် တဟုန်ထိုး ပြေးဝင်သွားလိုက်သည်။ သူမ နံ့ဘေးရှိ လူအများကြီးသည်လည်း ဇဝေဇဝါဖြစ်နေသော စီမံရေးမှူးကွမ်းကျစ်ကို နောက်တွင် ထားခဲ့ကြပြီး သူမ နောက်လိုက်သွားကြလေသည်။

[၁၆ တေး = ၁ ကာတီ]

***

All Chapters